Thursday, April 5, 2012

လက်ကိုင်ဖုန်းတွေသာ မရှိခဲ့ရင်



            ဒီအကြောင်း ခေါင်းထဲဝင်နေတာ အတော်ကြာခဲ့ပြီ။ ဘေးပတ်ဝန်းကျင်မှာ လက်ကိုင်ဖုန်းသုံးတဲ့ သူတွေများလာလေလေ ကျွန့်တော့်စိတ်ထဲမှာ ဒီမေးခွန်းက ကျယ်လောင်လာလေလေပဲ။ ဟုတ်တယ်၊ လက်ကိုင်ဖုန်းတွေက ဘတ်စ်ကားစီးလည်း ကြားနေရတယ်၊ ဈေးဝယ်လည်း ကြားနေရတယ်၊ အစားအသောက်စားလည်း ကြားနေရတယ်။ ယုတ်စွအဆုံး အိမ်သာတက်ရင်းတောင် ကြားနေရတယ်၊ အခု စာရေးနေရင်းတောင် ဖုန်းဝင်လာလို့ ရပ်ပြီး စကားပြောလိုက်ရတာ နှစ်ခါလောက်ရှိပြီ။ လက်ကိုင်ဖုန်းတွေဟာ ကျွန်တော်တို့ မြို့ပြလူနေမှုဘဝရဲ့ အစိတ်အပိုင်းတွေ ဖြစ်လာခဲ့ပြီဆိုတာ ဘယ်လိုမှ ငြင်းလို့မရ။ ဒါပေမယ့် ငြင်းလို့မရတာနဲ့ဘဲ ကျွန်တော်တို့ဟာ အရာရာကို လက်ခံရတော့မှာလား။
            ကျွန်တာ် တွေးကြည့်မိတယ်၊ လက်ကိုင်ဖုန်းတွေသာ မရှိခဲ့ရင် ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝ နေထိုင်မှုတွေမှာ ဘယ်လို သက်ရောက်မှုတွေ ရှိမလဲ။ တော်တော်စဉ်းစားစရာကောင်းတဲ့ကိစ္စ၊ သေချာတာက လမ်းလယ်ကောင်မှာ ဖုန်းတကားကားနဲ့ လမ်းသလားနေတဲ့သူတွေကို မျက်စိနောက်စရာ မလိုတော့ဘူး။ ဖုန်းကို တဖက်က နားထောင်သူထက် ပတ်ဝန်းကျင်ကြားအောင် တမင်ဟန်လုပ်ပြောနေတဲ့ အသံတွေ သက်သာသွားမယ်။ လက်ဖက်ရည်ဆိုင်ထဲမှာ လေပေးလို့ ကောင်းနေတုန်း ဖုန်းဝင်လာလို့ အရှိန်ပြတ်ရတာတွေ၊ တဖက်လူကို အားနာရတာတွေ မကြုံနိုင်တော့ဘူး။ သူငယ်ချင်းနဲ့ စကားပြောနေရာက ဖုန်းလှည့်ပြောလိုက်လို့ အူကြောင်ကြောင်ဖြစ်ရတာတွေ ကင်းဝေးမယ်။ ဖုန်းမှားဝင်လာလို့ ဖြေရှင်းရတာတွေ သက်သာသွားမယ်။ မကိုင်မိလိုက်တဲ့ ဖုန်းတွေ ပြန်ပြန်ဆက်နေရတဲ့ဒုက္ခ ကင်းဝေးမယ်။
            ဒီနေ့ခေတ် စာသင်ဆောင်တွေမှာ ကြုံနေကျ စာသင်နေရင်း ဖုန်းထမြည်လို့ အတန်းကို အားနာရတာတွေ၊ ဆရာကို အားနာရတာတွေ တစ်ယောက်ကိုတစ်ယောက် "ချို" ကြည့် ကြည့်တာတွေ၊ ဒါတွေလည်း ဖြစ်လာစရာ မရှိဘူး။ အတန်းထဲမှာ ဖုန်းနဲ့ တစ်ယောက်ကိုတစ်ယောက် သတင်းစကားပို့လွှတ်ပြီး မော်ဒန်အတင်းပြောနည်းနဲ့ မနားရအောင် အလုပ်များနေတာမျိုးတွေ၊ ဖုန်းနဲ့သီချင်း ခိုးနားထောင်ပြီး ဘာသင်သွားသလဲ ပြီးမှ ပြန်မေးရတာမျိုးတွေ မကြုံနိုင်ဘူး မဟုတ်လား။
            အလုပ်နဲ့ပတ်သက်ရင်လည်း ရရှိမယ့် အကျိုးကျေးဇူးက မသေးဘူး။ အားလုံး အနည်းနဲ့အများ ကြုံဖူးကြလိမ့်မယ်၊ အရေးကြီးတဲ့ အစည်းအဝေးကြီးမှာ ဖုန်းထမြည်လို့ အားလုံး ကသိကအောက် ဖြစ်ရတာတွေ၊ အားတုံ့အားနာ ဖြစ်ရတာတွေ၊ အပြစ်မကင်းသလို ခံစားရတာတွေ၊ ဒါတွေအားလုံး လက်ကိုင်ဖုန်းသာ မရှိခဲ့ရင် ကြုံရစရာ မရှိဘူး။ နောက်ပြီး ကိုယ့်ကို ၂၄ နာရီ ကြိုက်သလို ဖုန်းဆက်ပြီး မခိုင်းနိုင်တော့ဘူး။ ခရီးထွက်နေတယ်လို့ အကြောင်းပြပြီး သင်ကြိုက်သလို ဒိုးနိုင်တယ်၊ အားလပ်ရက် အနားယူနေချိန် အလုပ်ကိစ္စတွေကို လာပြောလေ့ရှိတဲ့ အလိုက်ကမ်းဆိုးမသိတဲ့ လူတွေရန်က လွတ်ကင်းနိုင်မယ်။ အပ်ထားတဲ့ အလုပ်တွေ မပြီးသေးရင်လည်း ဟိုသည်ပတ်ရှောင်ပြီး အချိန်ဆွဲထားလို့ရမယ်။ ကျွန်တော်တို့ရဲ့ ဘယ်ဘဝရောက်ရောက် မကင်းနိုင်တဲ့ ကြွေးရှင်တွေကို ဒီ့ထက် လွယ်လွယ်ကူကူ ပတ်ပြေးနိုင်မယ်။ ပြောရရင် မဆုံးနိုင်ဘူး။ ဒါတွေက ခေါင်းထဲ ပေါ်လာသလောက်ဘဲ ရှိသေးတယ်။
            သေသေချာချာတွေးကြည့်ရင် ဒီ့ထက်မကတဲ့ အကျိုးကျေးဇူးတွေ ရှိနိုင်သေးတယ်။ စဉ်းစားကြည့်၊ လက်ကိုင်ဖုန်းတွေသာ မရှိခဲ့ရင် ရည်းစားတစ်ယောက်နဲ့ရှိနေတုန်း နောက်ရည်းစားဆီက ဖုန်းလာတာမျိုးတွေ မကြုံရနိုင်ဘူး။ ဖုန်းအဝင်အထွက် မှတ်တမ်းကိုကြည့်ပြီး ရည်းစားက ပြဿနာရှာတာမျိုးတွေ ဖြစ်လာစရာ မရှိဘူး။ နောက်တစ်ခါ ဆက်သွယ်မှု ဧရိယာအပြင်ရောက်လို့ ဖြစ်ပါစေ၊ ဖုန်းမအားလို့ ဖြစ်ပါစေ ချစ်သူရဲ့ သင်္ကာမကင်းဖြစ်မှုကို ဖြေရှင်းရတဲ့ဒုက္ခ သက်သာသွားနိုင်တယ်။ နည်းနည်းသည်းတဲ့၊ ဂျီတိုက်တတ်တဲ့ချစ်သူကို ဘယ်ရောက်ရောက် အစီရင်ခံရတဲ့ဒုက္ခအထိုက်အလျောက် လျော့သွားမလား မသိ။ ခံစားမှုကို ငွေကြေးနဲ့ တန်ဖိုးမဖြတ်ပါနဲ့ဆိုတဲ့ ချစ်သူရဲ့ အမှာစကားကြောင့် တစ်လတစ်လ ဖုန်းဘေလ်ကို ရင်တမမ စောင့်စားရတဲ့ဝဋ်က ကွင်းလုံးကျွတ်လွတ်မြောက်နိုင်မယ် မဟုတ်လား။ ပေါ်သမျှဖုန်းတွေကို စိတ်ဝင်စားတဲ့ ရည်းစားမျိုးနဲ့တွေ့ရင်တော့ တတ်နိုင်သမျှ အကြောင်းရှာပြီး ဖြတ်ဖို့သာ ကြိုးစားပါတော့။ မဟုတ်လျှင် သင်သာ ပိုက်ဆံရှာရင်း အသက်ထွက်သွားမည်၊ ဖုန်းအမျိုးအစားတွေက အသစ်ထွက်လို့ မဆုံး။
            ပြောရင်းပြောရင်း လက်ကိုင်ဖုန်းကို လွှင့်ပစ်ချင်စိတ် ပေါက်လာပြီလားမသိ။ လက်ကိုင်ဖုန်းတွေသာ မရှိခဲ့ရင် ပုဂ္ဂိုလ်ရေးအရ ပိုပြီး လုံခြုံမှုရှိတာတော့လည်း အမှန်ပဲ မဟုတ်လား။ ကိုယ့်စကားကို ဖုန်းနဲ့အသံသွင်းသွားတာမျိုးတွေ၊ ဓာတ်ပုံ ဗီဒီယို ခိုးရိုက်သွားတာမျိုးတွေ ကြုံရဖို့က မရှိတော့ဘူးလေ။ အလကားနေရင်း အွန်လိုင်းပေါ်မှာ မင်းသမီး၊ မင်းသားတွေအဖြစ် ကျော်ကြားဖို့ အခွင့်အလမ်း နည်းသွားမယ်။ တဆက်တည်း ဖုန်းနဲ့ ခြိမ်းခြောက်ငွေညှစ်ခံရတာမျိုးတွေကနေ ရှောင်ရှားနိုင်မယ်။ ကျော်ကြားသူတွေဆိုလည်း လက်ကိုင်ဖုန်းကတဆင့် စကားမရှိ၊စကားရှာ မိတ်ဆက်လာမယ့် အရူးအမူး ပရိတ်သတ်ရန်က ထွက်ပြေးလွတ်မြောက်နိုင်မယ် မဟုတ်လား။
            တစ်ခါ အိမ်ထောင်သည်တွေအဖို့လည်း နားပူနားဆာနိုင်တဲ့ အိမ်ကမိန်းမရဲ့ဒဏ်ကို အရပ်ထဲက လက်ဖက်ရည်ဆိုင် ထွက်ထိုင်နေရုံနဲ့ လွယ်လွယ်ကူကူ ရှောင်ရှားနိုင်မယ်။ ယောင်္ကျားပီပီ ညောင်းညာတတ်သူတွေအတွက်လည်း ကာရာအိုကေ၊ အနှိပ်ခန်းတွေမှာ စိတ်အေးလက်အေး အကြောလျှော့နိုင်မယ်။ အရေးကောင်းတုန်း ဖုန်းမြည်လာခဲ့ရင် ရုတ်တရက် ဘယ်လိုဖြီးဖြန်းရမလဲဆိုတာ ကြိုပြီးစဉ်းစားထားစရာ မလိုဘူး။
            ကျွန်တော်တို့လို အားနေရင် စာလေးပေလေး လက်တည့်စမ်းရေးလေ့ရှိတဲ့ စာရေးဆရာမကျ စာဖတ်သူမကတဲ့ ခွကျကျလူစားတွေအတွက်ကတော့ ဘယ်ရောက်ရောက် ဖုန်းဆက်ပြီး လက်ဖက်ရည်ဆိုင်ထိုင် အာရိုက်ဖို့ ချိန်းလေ့ရှိတဲ့ ကိုယ်လိုလူစား အပေါင်းအသင်းများရန်ကလွတ်ဖို့ ဖုန်းကို တခါတရံ အသံတိတ်ထားရတတ်ပါတယ်။ ဒါမှသာ အခုလို ရေးလက်စတန်းလန်းနဲ့ ထားခဲ့ရပြီး ဆက်ရေးလို့ မရဘဲ ပစ်ထားလိုက်ရတဲ့ အပိုင်းအစတွေ နည်းသွားနိုင်ပါမယ်။
            စာဖတ်သူများကတော့ ထင်ကောင်းထင်လိမ့်မယ်၊ ဒီလူ့မှာ လက်ကိုင်ဖုန်းနဲ့ ပတ်သက်ပြီး ဘယ်လောက်တောင် ဒုက္ခရောက်ခဲ့ဘူးလို့ ဒီလောက်တောင် မကောင်းကြောင်းတွေ တန်းစီရေးရတာလဲလို့။ i Phone တွေ၊ BlackBerryတွေနဲ့ ဘဝကို အဓိပ္ပါယ်ရှိနေတဲ့ သူတွေကတော့ ကျွန်တော့်ကို ဘယ်ဂနိုင်ကတက်လာတဲ့ အူကြောင်ကြောင်ငနဲလဲလို့ မေးငေါ့ကောင်း မေးငေါ့ကြပါလိမ့်မယ်။ အသစ်အဆန်းမှန်သမျှကို အမြဲ ဝေဖန်မကောင်းပြောလေ့ရှိတဲ့ ရှေးရိုးစွဲ ကွန်ဆာဗေးတစ်ယောက်လို့လည်း သတ်မှတ်ကောင်း သတ်မှတ်ကြပါလိမ့်မယ်။ အဲ့ဒီတော့ မျှမျှတတဖြစ်အောင် ကောင်းတာလေးတွေလည်း ရှာကြံရေးဖို့ လိုတယ်ဆိုတာ သဘောပေါက်ထားပါတယ်။
            တကယ်တော့ လက်ကိုင်ဖုန်းတွေဟာ လွတ်လပ်ခြင်းရဲ့ သင်္ကေတပါ။ လူတစ်ကိုယ် ဖုန်းတစ်လုံး နံပါတ်တစ်ခု၊ ဘယ်သူနဲ့မှ မျှဝေဖို့မလိုတဲ့ ပုဂ္ဂလပစ္စည်းတစ်ခု၊ ဖုန်းနံပါတ်ဟာ နေ့စဉ်ဘဝမှာ မှတ်ပုံတင်နံပါတ်ထက် ပိုအရေးပါတဲ့ ကိုယ်ပိုင်နံပါတ်မဟုတ်လား။ ကိုယ်ပိုင်ဖုန်းဟာ မိမိရဲ့ ပုဂ္ဂလဖြစ်တည်မှုကို တစ်နည်းနည်းနဲ့ မြှင့်တင်ပေးတဲ့၊ မိမိနဲ့ ပြင်ပကမ္ဘာလောကကြီးအကြား ကူးလူးဆက်ဆံပေးတဲ့ တံခါးပေါက်ဆိုလည်း မမှားဘူးပေါ့။ ဒီလို ကြီးကြီးကျယ်ကျယ် အမွှမ်းတင်လိုက်မှပဲ ဖုန်းကိုင်သုံးစွဲနေသူ ပရိသတ်အပေါင်း လက်ခုတ်သံတဖြောင်းဖြောင်းနဲ့ ကျွန်တော့်ကို ထောမနာ ပြုကြလိမ့်မယ် ထင်ပါတယ်။ ဖုန်းနဲ့ စပ်ဆက်ပစ္စည်းပေါင်းစုံကို ပြင်ဆင်ရောင်းချ စားသောက်နေကြကုန်သော မြန်မာပြည်အနှံ့အပြား ဖုန်းဆိုင်ပိုင်ရှင်များလည်း ဘဝင်ကျ ရွှင်ပြနိုင်ပါလိမ့်မယ်။
            မှန်ပါတယ်၊ လက်ကိုင်ဖုန်းတွေဟာ လူသားရဲ့ ပုဂ္ဂလဘဝကို မြှင့်တင်ပေးရုံမကပါဘူး။ လူ့အဖွဲ့အစည်းအတွက် အရေးပါလှတဲ့ လူမှုဆက်သွယ်ရေးကိရိယာလည်း ဖြစ်လို့နေပါသေးတယ်။ လူတွေကြား ဆက်ဆံမှုအကြိမ်အရေအတွက် များလာတာနဲ့အမျှ အပြန်အလှန်နားလည်မှုတွေ၊ ယုံကြည်မှုတွေ တိုးပွားလာနိုင်တယ် မဟုတ်လား။ ကမ္ဘာအနှံ့အပြားက လူတွေအကြား ပထဝီအနေအထားအရ ဝေးကွာမှု ဘာသာရေးယုံကြည်ချက် ကွဲပြားမှု၊ ယဉ်ကျေးမှုဓလေ့ထုံးစံ ကွာခြားမှုဟာ လက်ကိုင်ဖုန်းနံပါတ်တွေအဖြစ် ပြောင်းလဲသွားတဲ့အခါ တစ်သားတည်းဖြစ်သွားကြတာပဲ မဟုတ်လား။ အာဖဂန်က တာလီဘန်တွေသာ လက်ကိုင်ဖုန်းတစ်ယောက်တစ်လုံး ကိုင်ထားရင် အနောက်တိုင်း မက်ဒေါနယ်ယဉ်ကျေးမှုအပေါ် အဲဒီလောက် အမြင်မစောင်းတော့ဘူးပေါ့။ အစ္စရေးနဲ့ အာရပ်တွေလည်း ဖုန်းနံပါတ်တွေ အပြန်အလှန်လဲလှယ်မိတ်ဖွဲ့ကြရင် ဘယ်လောက်ကောင်းမလဲ၊ ဗုံးတွေ၊ ဒုံးတွေ လဲလှယ်တာထက်တော့ ပိုအကျိုးရှိမှာ အမှန်။ တစ်ခါ အရေးပေါ်အခြေအနေမျိုးများကြုံခဲ့ရင် လက်ကိုင်ဖုန်းတစ်လုံးဟာ လူတစ်ယောက် သို့မဟုတ် လူတစ်စုရဲ့အသက်ကို ကယ်တင်နိုင်တဲ့အထိ အသုံးဝင်လှပါတယ်။ သည့်အပြင် စက္ကန့်နဲ့အမျှ အပြောင်းအလဲဖြစ်နေတဲ့ ဈေးကွက်စီးပွါးရေးခေတ်ကြီးမှာ လက်ကိုင်ဖုန်းတစ်လုံးမှ မဆောင်ထားရင် ကျွန်တော်တို့ဟာ အရာရာနောက်ကျ အကြွင်းအကျန် ကောက်ရတဲ့ဘဝနဲ့ပဲ အရိုးထုတ်ရပါလိမ့်မယ်။
            Globalization ခေတ်ကြီးထဲမှာ လူတစ်ယောက်နဲ့တစ်ယောက်အကြား တိုက်ရိုက်ဆက်သွယ်၊ အချိန်မရွေး ဆက်သွယ်လို့ရတဲ့အတွက် ခင်မင်ရင်းနှီးဖို့ရာ အင်မတန်လွယ်ကူမြန်ဆန်လှသလို Parallel relation တွေ ဖြစ်ဖို့ရာလည်း အခြေအနေပေးနေပါတယ်။ အရင်ခေတ်ကလို ကောင်မလေးတစ်ယောက်ကို လမ်းမှာ စာလိုက်ပေးရတဲ့ ဆက်သွယ်ရေးအခက်အခဲကို အခုခေတ် လက်ကိုင်ဖုန်းတွေက စာရင်းထဲက ထုတ်လိုက်ပါပြီ။ လိုလိုလားလားပေးလိုက်တဲ့ ဖုန်းနံပါတ်တစ်ခုဟာ အပြုသဘောဆောင်တဲ့ လက္ခဏာပဲ မဟုတ်လား။ ဒါပေမယ့် ဆက်သွယ်မှုဧရိယာအပြင် ရောက်နေခဲ့ရင်တော့လည်း ခင်ဗျားရဲ့ကံပေါ့ဗျာ။
            မိတ်ဆွေအပေါင်းအသင်းတွေနဲ့ စာရေးဆက်သွယ်ရင်ဖွင့်ရတာ ဝါသနာပါတဲ့ စိတ်ခွဲပညာဖခင်ကြီး ဆစ်ဂမန်ဖရိုက်သာ လက်ကိုင်ဖုန်းရှိခဲ့ရင် သူ့အတွက် ဘယ်လောက်များ လွယ်ကူမြန်ဆန်အဆင်ပြေမလဲ တွေးမိပါတယ်။ ဒီလိုပဲ နပိုလီယန်လည်း လက်ကိုင် ဖုန်းသာရှိရင် ရည်းစားစာတွေ ရေးပါတော့မလား၊ ဖုန်းထဲမှာပဲ ကြူနေတော့မှာပဲ မဟုတ်လား၊ အဲဒီလိုဆိုရင်တော့ အခုလိုမျိုး အတ္ထုပ္ပတ္ထိရေးလို့ရမယ့် ပေးစာအထောက်အထားတွေတော့ ကျန်ရစ်ဖို့မရှိပါဘူး၊ လေထဲမှာပဲ ပျောက်ကွယ်သွားကြမှာပါ။ လွယ်လွယ်ကူကူ သုံးစွဲလို့ရတဲ့အတွက် လွယ်လွယ်ကူကူပဲ ဆုံးရှုံးသွားဖို့ရာ ရှိပါတယ်။ နောက်တစ်ခု စဉ်းစားစရာရှိတာက အခုခေတ်လို လက်ကိုင်ဖုန်းတကားကားနဲ့ လန်းလန်းလန်းလန်း လုပ်နေခဲ့ရင် အဲဒီလူတွေ အခုလောက် ကြီးကျယ်တဲ့ အလုပ်တွေ လုပ်နိုင်ပါ့မလား။
            တဆက်တည်းတွေးမိတာက လက်ကိုင်ဖုန်းတွေသာ စောစောပေါ်ခဲ့ရင် ကျွန်တော်တို့ရဲ့ ပညာရပ်ဆိုင်ရာနယ်ပယ်မှာ ဘယ်လောက်ရယ်စရာ ကောင်းတာတွေ ရှိလာနိုင်သလဲ၊ ဆိုကြပါစို့၊ ကိုယ့်ကိုယ်ကိုယ် ရှိ၊ မရှိသံသယဖြစ်နေတဲ့ တွေးခေါ်ရှင်ဒေးကား အတွက် သူ့ဖုန်းမြည်လာတာနဲ့ သူ့အရှိတရားအပေါ် သံသယတွေ ပျောက်သွားပါလိမ့်မယ်။ စဉ်းစားကြည့်မိတယ်၊ လက်ကိုင်ဖုန်းသာဆောင်ထားရင် အိုင်းစတိုင်းကြီးကော Relativity အကြောင်း ဖြောင့်ဖြောင့်တွေးနိုင်ပါ့မလား၊ အရည်မရ အဖတ်မရ မိတ်ဆက်စကား တွေကိုပဲ ဒိုင်ခံဖြေကြားနေရမလား မသိပါဘူး။
            တစ်ဖက်ကလည်း လက်ကိုင်ဖုန်းတွေဟာ လူတွေကို ဘယ်သွားသွား ဘယ်လာလာ ဆောက်တည်ထားတဲ့ လူမှုဘဝကိုသယ်ဆောင်ရဖို့ ဖြစ်လာစေတယ်။ ယခုအချိန်မှာ လက်ကိုင်ဖုန်းတစ်လုံးသာ ပါသွားခဲ့ရင် ပန်းချီဆရာဂေါ်ဂင်လို တဟီတီသွားလည်း မြို့ပြအရှုပ်အထွေးတွေက မလွတ်မြောက်နိုင်တော့ပါဘူး။ ဘာသာရေးရှုထောင့်ကကြည့်ရင် ဗုဒ္ဓဘာသာဝင်တွေပြောကြတဲ့ ခန္ဓာဝန်အပြင် အပိုဝန်ထုပ်ဝန်ပိုးတွေကို ကျွန်တော်တို့ လက်ကိုင်ဖုန်းထဲထည့်ပြီး ထမ်းနေကြတာများလား။ လူမှုရေး၊ စီးပွါးရေး အရှုပ်အထွေးတွေကနေ ခဏလောက်ဖြစ်ဖြစ်တောင် မလွတ်ကင်းနိုင်လောက်အောင် ကျွန်တော်တို့ရဲ့ လက်ကိုင်ဖုန်းတွေဟာ နေရာယူလွှမ်းမိုးလို့နေခဲ့ပြီလား။ ငွေဆောင်မှာ အနားယူနေရင်း ရန်ကုန်က အလုပ်ကိစ္စတွေ ဖြေရှင်းရတာမျိုးကတော့ မဖြစ်သင့်တဲ့ကိစ္စ။ ကျွန်တော်တို့ဟာ လက်ကိုင်ဖုန်းကတဆင့် အချိန်မရွေး ဝင်ရောက်လာသမျှ ပြဿနာတွေကို မဆိုင်းမတွ ချက်ချင်းတုံ့ပြန် ဖြေရှင်းပေးနေရတယ်။ ဒီဟာလုပ်နေရင်း ဟိုကိစ္စပေါ်လာ၊ ဒီကိစ္စပေါ်လာနဲ့ ဘယ်အရာကိုမှ တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေး အာရုံစိုက် ဖြေရှင်းလို့ မရနိုင်အောင်ပါဘဲ။ ဒါကိုကပဲ ခေတ်သစ်လူ့အဖွဲ့အစည်းရဲ့ လူနေမှုဟန်ဆိုတော့လည်း ကျွန်တော်တို့အနေနဲ့ လက်ကိုင်ဖုန်းတွေရဲ့ ခေါ်ဆောင်ရာ မငြင်းမဆန်လိုက်ပါနေကြရတာ မထူးဆန်းပါဘူး။
            အဲဒီတော့ လက်ကိုင်ဖုန်းတွေရဲ့ ပြဿနာဟာ အခြေခံကျကျ စဉ်းစားကြည့်ရင် လူနဲ့လူ့ပတ်ဝန်းကျင်တို့ရဲ့ ဆက်ဆံရေးပြဿနာတစ်ခုသာ ဖြစ်လို့နေခဲ့တာ တွေ့ရပါတယ်။ ဆက်သွယ်ရေးစနစ်တွေရဲ့ ကောင်းမွန်မှုကြောင့် လူသားဟာ သူ့ရဲ့ပတ်ဝန်းကျင်လောကနဲ့ အချိန်မရွေး၊ နေရာမရွေး ဆက်သွယ်နိုင်လာခဲ့တယ်။ သူ့ပတ်ဝန်းကျင်ဟာ ကမ္ဘာကြီးတစ်ခုလုံးဖြစ်နေခဲ့ပြီ။ တစ်ချိန်တည်းမှာပဲ ပုဂ္ဂလလူသားဟာ ကမ္ဘာလောကကြီးရဲ့ ချောင်တစ်ချောင်မှာ နားအေးပါးအေးနေချင်လို့ မရတော့ဘူး။ ပုဂ္ဂလလူသားဟာ သူ့ရဲ့ လူမှုပတ်ဝန်းကျင်နောက်ခံကားချပ်နဲ့ အမြဲရောနှောလို့တွေ့နေရပြီ။ တစ်ဖက်မှာတော့ သူ့ရဲ့ပုဂ္ဂလဘဝဟာ တဖြည်းဖြည်း ဖျော့တော့မှေးမှိန်လာခဲ့ပြီ။ တစ်ကိုယ်တည်း သီးသီးသန့်သန့် နေဖို့အခွင့်အရေးကို လက်ကိုင်ဖုန်းတွေက မသိမသာ ရုပ်သိမ်းသွားခဲ့ပြီ။ လက်ကိုင်ဖုန်းတွေဟာ သူနဲ့ ကမ္ဘာလောကကြီးကို တိုက်ရိုက်ဆက်သွယ်ပေးနေတဲ့ တံခါးပေါက်တစ်ခုပမာ၊ အဲဒီတံခါးပေါက်ရဲ့ နောက်ကွယ်မှာတော့ လူသားဟာ သူ့ရဲ့ ခိုလှုံရာကို အလန့်တကြားရှာဖွေလို့။
            တကယ်တော့ လက်ကိုင်ဖုန်းတွေဟာ ခေတ်မီနည်းပညာတွေရဲ့ ဒဿနပိုင်းဆိုင်ရာ နုံချာမှုကို ဖော်ပြနိုင်တဲ့ထင်ရှားလှတဲ့ ဥပမာတစ်ခုပါပဲ။ သိပ္ပံနဲ့ နည်းပညာရဲ့ အကန့်အသတ်မိုးကုတ်စက်ဝိုင်းကို သတိထားမိစေတဲ့ တီထွင်ဖန်တီးမှုပါပဲ။ ယနေ့ခေတ်အထိ လူတွေ တီထွင်ဖန်တီးထားသမျှအပေါ် အမြဲလှောင်ပြောင်နေတဲ့ လူသားပြဿနာတွေရဲ့ Paradox သဘောကို ထင်သာမြင်သာမိစေတဲ့အရာပါပဲ။ အဲဒီလိုမျိုး လူတစ်ယောက်ရဲ့ဘဝမှာ မလွဲမသွေ ဖြေရှင်းရမယ့် ဒဿနအကျပ်အတည်းတွေအတွက် နည်းပညာဟာ ကလေးကစားစရာသာသာလောက်သာ အသုံးဝင်တာကို မျက်ဝါးထင်ထင် သိမြင်နိုင်စေတဲ့ ပြယုဂ်တစ်ခုပါပဲ။
            လူသားရဲ့ ပုဂ္ဂလဘဝနဲ့ လူမှုဘဝကြား မမြင်ရတဲ့ အလွှာပါးလေးတစ်ခုဟာ လက်ကိုင်ဖုန်းတွေကြောင့် ကွာကျလို့ သွားခဲ့ပါပြီ။ ဒါပေမယ့် လူနဲ့လူ့ပတ်ဝန်းကျင်ကြားက ပြဿနာတွေကတော့ ဘယ်တော့များမှ ကွာကျနိုင်ပါ့မလဲ၊ စဉ်းစားဖို့ကောင်းလှပါသည်။



           
           

No comments: