ကိုယ်(တိုင်) ရေး ရာဇဝင်




မွေးဖွား- မြန်မာပြည်တွင် ဆိုရှယ်လစ် အခြေခံဥပဒေ ပြဌာန်းသောနှစ် ကမ္ဘာတွင် အမေရီကန် လွပ်လပ်ရေးရသောနေ့ ၌ သာမန်မိဘ နှစ်ပါးမှ သမားရိုးကျ မွေးဖွားခဲ့။

ကြီးပြင်း- အပေါင်းအသင်းနည်းနည်း၊ လူသိနည်းနည်း၊ ကစားခုန်စား နည်းနည်း၊ ပြောစရာဆိုစရာ မရှိသလောက် နည်းလှသော ကလေးဘဝကို မထင်မရှား ဖြတ်သန်းခဲ့။

ပညာရေး- ဆေးကုခြင်းမှ လွဲ၍ ဘာမဆို စိတ်ဝင်စားသော ဆရာဝန်တစ်ယောက် ဖြစ်လာခဲ့

စာပေဖြတ်သန်းမှု- အက်ဆေးဆန်ဆန်၊ ဝထ္ထုတိုဆန်ဆန်၊ ကဗျာဆန်ဆန် အရေးအသားများကို ကျောင်းများ ပိတ်ထားသော ၉၆ ခုနှစ်ကာလများမှ စ၍ စမ်းသပ်ရေးသားလာခဲ့၊ ချယ်ရီ၊ မြှားနတ်မောင်၊ ရုပ်ရှင်တေးကဗျာ၊ မဟေသီ၊ မိုး၊ Idea ၊ Beauty Max ၊ စပါယ်ဖြူ၊ နွယ်နီ၊ စတိုင်သစ်၊ ချင်းတွင်း၊ Light စသည့် မဂ္ဂဇင်း အချို့၊ Voice ၊ TrueNew ၊ စသည့် ဂျာနယ်အချို့တွင် ဒီနိုဗို အပြင် ပန်းပျိုးလက်၊ နီမို၊ သူသူငါငါ စသည့် လူမျက်စိ နောက်စရာ ကလောင်ခွဲများဖြင့် ကိုယ့်နာမည် ကိုယ် မမေ့ သွားအောင် ကြိုးစားရေးသားနေခဲ့။

မှတ်တိုင်များ- ထုပ်ဝေပြီး စာအုပ်မရှိ၊ ထုပ်ဝေရန် ကမ်းလှမ်းခံရဖူးခြင်းမရှိ၊ စိတ်ကူးချိုချို တိုက်မှ စုစည်းထုပ်ဝေသော မြန်မာအက်ဆေး ၁၀၀ ၊ မြန်မာ ဝထ္ထုတို ၂၀၀၆ တို့တွင် ရှားရှားပါးပါး ကြုံတောင့်ကြုံခဲ ကျားသားမိုးကြိုးဖော်ပြခံရဖူး။

လက်ကိုင် သုံးစကား- ဘဝမှာ သင်ယူလို့ကို မဆုံးပါလား
(မှတ်ချက်။ ဤစကားကို လွဲချော်မှုများနှင့် အမြဲယဉ်ပါးနေခဲ့သော ဘဝ၏ အချိန်ကာလ အတော်များများတွင် မိမိကိုယ်ကို အားပေး နှစ်သိမ့်သည့်အနေနှင့် အဆီတက်နေသော လက်သုတ်ပုဝါ တစ်ထည်လို အမြဲ ဆောင်ထားမိပါသည်)

email ; denovo74@gmail.com