Sunday, June 12, 2016

အတွေး

“ခင်ဗျား ဘာတွေ တွေးနေလဲ” လို့ ဆရာဝန်က မေးတော့ ကျွန်တော့်မှာ လန့်သွားတယ်
အဲဒီလိုမျိုး တယောက်ယောက်က ဘာတွေ တွေးနေလဲလို့ မေးလိုက်ရင် ကျွန်တော့်မှာ ဘာတွေတွေးနေမိလဲ မသိတော့။ မမေးရင်တော့ ကိုယ့်အတွေးနဲ့ ကိုယ် သိနေသလိုပဲ။ ဘာတွေတွေးနေလဲလို့ ဆန်းစစ်လိုက်တာနဲ့ တွေးနေတဲ့အတွေးတွေက လူမိမှာစိုးတဲ့ အလစ်သုတ်သမားလို လှစ်ခနဲ ရှောင်ထွက်သွားလေ့ရှိတယ်။ ဘယ်လိုမှ အစဖော်မရ။
“ခင်ဗျား တခုခုတော့ တွေးနေတယ် မဟုပ်လား”
ကြည့်၊ ဆရာဝန်ကတော့ ပုလိပ်စစ် စစ်နေခဲ့ပြီ။ သူ့မှာလည်း ဒီလို စစ်ဆေးပိုင်ခွင့် ရှိတယ် မဟုပ်လား။ သူက ဆရာဝန် လေ။ ကိုယ်က လူနာ မဟုပ်လား။ ဆရာဝန်က ရောဂါရှာဖွေဖို့ လူနာကို ဒီလို ပဲ မေးခွန်းတွေ မေးရ တာ ထုံးစံပဲလေ။ ဒါပေမယ့် သူက ရောဂါကို မမေးပဲ ကျွန်တော့် အတွေးတွေကိုပဲ မေးနေခဲ့တယ်။ ရောဂါ မရှာ ပဲ ကျွန်တော့် အတွေးတွေကို လိုက်ရှာနေသလိုပဲ။
“ခင်ဗျား ဘာတွေ တွေးနေလဲ သိမှ ခင်ဗျား စိတ်ကို ကျွန်တော်ခန့်မှန်းလို့ရမှာပေါ့”
ဟော၊ ဒီ ဆရာဝန် ကျွန်တော် ဘာတွေ တွေးနေလဲ သိနေပုံပဲ။ ခက်ပြီ။ ကျွန်တော်ကလည်း အတွေးထဲမှာဆို စည်းမရှိ ကမ်းမရှိ တွေးတတ်တာ၊ စကားနဲ့ ဖွင့်ပြောလို့မကောင်းတဲ့အရာတွေ၊ အပြင်လောကမှာ မဖွယ်မရာလို့ သတ်မှတ်ထားတဲ့အရာတွေ၊ ညစ်တီးညစ်ပတ်တွေ၊ မကြံကောင်း မစည်ရာတွေ အကုန်လုံး ကျွန်တော့်အတွေးထဲမှာ ပါတယ်။ သူတပါးကို မနာလိုဝန်တိုတာမျိုးဆို မကောင်းမှန်း သိပေမယ့် အတွေးထဲက ဘယ်လိုမှ ထုပ်လို့မရ။
“အတွေးဆိုတာတော့ အကောင်းရော အဆိုးရော ပါမှာပေါ့ဗျာ၊ ဘာမှ ရှက်စရာ မလိုပါဘူး၊ ပွင့်ပွင့်လင်းလင်း ထုပ်ပြောလိုက်စမ်းပါ”
ကြည့်၊ ဒီ ဆရာဝန် ကျွန်တော့် အတွေးတွေကို ရိပ်မိနေသလိုပဲ။ ကျွန်တော့် မျက်လုံးကို အသေအချာ စိုက်ကြည့် နေလိုက်တာ။ မျက်တောင် တောင် မခတ်။ ကျွန်တော် သူ့မျက်လုံးကို မကြည့်ရဲလို့ အောက်စိုက်ထားလိုက် တယ်။ မျက်လုံးဆိုတာ စိတ်ရဲ့ ပြတင်းပေါက်လို့ ကြားဖူးတယ်လေ။ သူက ကျွန်တော့် ပြတင်းပေါက်ကနေ ကျွန်တော့် စိတ်ကို ချောင်းမြောင်းနေပုံပဲ။ ဒီလိုတော့ ဘယ်ရမလဲ၊ ကျွန်တော့်မှာ ကိုယ်ပိုင်ဆိုလို့ ဒီ စိတ်နဲ့ ဒီ အတွေးတွေပဲရှိတာ။ ဒါကို တခြားသူ အမြင်ခံလို့ ဖြစ်မလား။
“ခင်ဗျား အခုလို စကားတခွန်းမှ မပြောရင် ပတ်ဝန်းကျင်နဲ့ ကင်းကွာနေမှာပေါ့”
ပြဿနာပဲ၊ ပတ်ဝန်းကျင်နဲ့ ခပ်ကင်းကင်း နေချင်လို့ပဲ စကားမပြောတာလေ။ စကားပြောလိုက်ရင် ကျွန်တော့်
အတွေးတွေ လူသိကုန်မှာပေါ့။ စကားဆိုတာ ပြောခါစသာ စဉ်းစဉ်းစားစား ပြောလို့ရတာ။ ပြောရင်း ပြောရင်း အရှိန်ရလာရင် အလိုအလျောက်ထွက်သွားတတ်တာမျိုး။ ဘယ်လိုပဲ ထိန်းထိန်း လျှာချော်ပြီးထွက်သွားရင် ဘယ်လိုလုပ်မလဲ။ စကား စကား ပြောပါများ၊ စကားထဲက ဇာတိပြ ဆိုတာ အလကား ပေါ်လာတာမှ မဟုပ်တာ။
နောက်တခုက စကားပြောလိုက်ရင် ကျွန်တော့်အတွေးတွေက ရပ်သွားတယ်။ စကားပြောပြီးသွားရင် စိတ်ထဲမှာ တခုခု ဆုံးရှုံးသွားသလိုမျိုး ဟာတာတာနဲ့။ ဦးတည်ရာ မဲ့သွားတတ်တယ်။ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ၊ အဲဒီ အတွက် အတတ်နိုင်ဆုံး စကားမပြောပဲ နေတယ်။ ခက်တာက လူတွေက စကားမပြောပဲ မနေနိင်ဘူး။  လာလာပြောကြတယ်။ ပြန်မပြောပြန်တော့ အထင်လွဲတယ်။ မကောင်းပြောကြတယ်။ ဒီလူ တခုခုတော့မှားနေ ပြီ ဆိုပြီး သတ်မှတ်လာကြတယ်။ နောက်ဆုံး အခုလို ဆရာဝန်ဆီ အပို့ခံရသည်အထိပဲ။
“ခင်ဗျားကို ခေါ်လာတဲ့ လူတွေက ခင်ဗျား လုံးလုံး စကားမပြောတာ တစ်လလောက်ရှိပြီဆို ဟုပ်လား”
တစ်လလား၊ နှစ်လလား ကျွန်တော်လည်း မပြောတတ်၊ ဒါမျိုးကလည်း ပြက္ခဒိန်တွေ ဘာတွေမှာ မှတ်ထားမှသာ သိနိင်တာမျိုး မဟုပ်လား၊ ကျွန်တော့်စိတ်ထဲမှာတော့ အချိန်ကာလဖြတ်သန်းနေတယ်ဆိုတာပဲ ခံစားရတယ်။ ဘယ်လောက်အချိန်ကြာသွားပြီလဲဆိုတာ အမှတ်အသားမရှိ။ အတွေးတွေက ဟိုရောက်သည်ရောက်ဆိုတော့ အချိန်ကာလက ဖဲကြိုးဝါတချောင်းလို တွန့်လိမ်ကောက်ကွေးနေတတ်တယ်။ အတိတ်အဖြစ်အပျက်တွေကို  ပြန်စဉ်းစားကြည့်တဲ့အခါ ဘယ်ဟာက အရင်၊ ဘယ်ဟာက နောက်လဲဆိုတာ မခွဲခြားနိင်။ ပိုဆိုးတာက တချို့ဟာတွေက တကယ်ဖြစ်ခဲ့တာလား၊ ဖြစ်စေချင်ခဲ့တာလား၊ ဖြစ်တယ်လို့ ထင်ခဲ့တာလား၊ မကွဲပြား။
“ထားပါတော့ဗျာ၊ ခင်ဗျား မပြောချင်လဲနေပါ၊ အခု ကျွန်တော် ခင်ဗျားကို ဘောပင်ပေးမယ်။ အဲဒီ ဘောပင်နဲ့ စိတ်ထဲရှိတာ တခုခု ချရေးကြည့်ပါလား”
ဒါမျိုးတော့ လာလုပ်လို့ဘယ်ရမလဲ။ ဒီလောက်တော့ သိပါသေးတယ်။ အတွေးတွေ လေထဲပျံ့ကုန်မှာစိုးလို့ စကားမပြောတာလေ။ စာရွက်ပေါ်ချရေးမှတော့ အထုပ်အထည်နဲ့ မိတော့မှာပေါ့။ ငယ်ငယ်က ရေးဖြစ်ခဲ့တဲ့ ရည်းစားစာတွေဆို တွေ့တာနဲ့ အလျင်အမြန် မီးရှို့ပစ်ရတယ်။ ကိုယ့် ခံစားမှုကို လူမြင်သူမြင်ချပြရတာ အတော် ကသိကအောက် နိင်တဲ့အလုပ်။ အရင်က ဝါသနာပါလို့ ရေးဖြစ်ခဲ့တဲ့ တကိုယ်ရေ အက်ဆေးလေး တွေတောင် သော့အထပ်ထပ် ခတ်ပြီး သိမ်းထားရတယ်။ အဲဒီထဲမှာ ကျွန်တော့် အတွေးတွေ တစွန်းတစ ပါ နေတယ်မဟုပ်လား။ အဲဒီကနေ ခြေရာခံပြီး ကျွန်တော့်အတွေးနယ်ထဲ လိုက်လာရင် ဘယ်လိုလုပ်မလဲ။ ကျွန်တော့်အတွေးတွေကို တွေ့သွားခဲ့ရင် လူတွေကျွန်တော့်ကို အတော်လေး ရွံရှာ စက်ဆုတ်ကြမှာ အမှန်ပဲ။ သူတို့လုံးဝ မထင်မှတ်ထားတဲ့ သူတယောက် ဖြစ်နေတာ သိရပြီး ကျွန်တော့်ကို ရှောင်ခွာသွားကြလိမ့်မယ် ဆိုတာ ကျွန်တော် အတတ်ပြောရဲတယ်။
ကုန်ကုန် ပြောရရင် ကျွန်တော် ပေါင်းနေတဲ့ မိန်းမ တောင် ကျွန်တော့်ကို နားလည်တော့မှာ မဟုပ်ဘူး။ ကျွန်တော်ဟာ သူသိထားတဲ့ သူ့ယောက်ျားမဟုပ်ပါဘူးလို့ အကြောက်အကန်ငြင်းပြီး ကွာရှင်းခွင့်တောင်း
မှာ သေချာတယ်။ ကျွန်တော့် သားလေးနှစ်ယောက်တောင်မှ သူတို့အဖေဟာ လေးစားစရာ ဖခင်တယောက် မဟုပ်မှန်းသိသွားကြပြီး ဒီ အဖြစ်ကို လက်ခံနိင်ကြပါ့မလား မသိ။
ဒီ့အတွက် ကျွန်တော့်မှာ ကိုယ့်အတွေးတွေကို ဘယ်သူမှ မရိပ်မိအောင် သိုသိုသိပ်သိပ်နေရတယ်။ ကိုယ်ဘာ တွေ တွေးနေလဲဆိုတာ မျက်နှာမှာမပေါ်အောင် ကြိုးစား လေ့ကျင့်ရတယ်။ စကားနဲ့ မပြော စာနဲ့ ချမရေး ပေမယ့်လည်း မျက်နှာအမူအယာကလည်း စကားအများကြီး ပြောတယ် မဟုပ်လား။ ဖြစ်နိင်ရင် ကျွန်တော့် မျက်နှာမှာ ခံစားမှု မပေါ်အောင် မျက်နှာသေကြီးနဲ့ နေရတယ်။ မရယ်မပြုံးနဲ့၊ ဝမ်းသာတဲ့ပုံလည်း မပြ၊  ဝမ်းနည်းတဲ့ ပုံလည်း မပြ၊ စိတ်လှုပ်ရှားမှုကင်းတဲ့ မျက်နှာမျိုး ဖြစ်အောင်နေရတယ်။ ကျွန်တော့်ရဲ့ မျက်နှာ သေကြီးကို ကြည့်ပြီး ဆရာဝန်လည်း စိတ်လျှော့လိုက်ပုံရပါတယ်။ ဆေးလိပ်ကိုမီးညှိပြီး ကုလားထိုင်နောက် ကျောကို မှီကာ ဖွာနေခဲ့တယ်။ ပြီးမှ သတိရသွားပုံနဲ့ ကျွန်တော့ကို ဆေးလိပ်ကမ်းတယ်။
“ဆေးလိပ်သောက်တတ်လား၊ သောက်ပါဦး”
ကျွန်တော်လည်း တလိပ်ယူပြီး ဖွာလိုက်တယ်။ ဖြစ်ပုံက ဆရာဝန်နဲ့ လူနာ စားပွဲရဲ့ တဖက်တချက်မှာ ထိုင်ပြီး  ဆေးလိပ်ကိုယ်စီ ထိုင်ဖွာလို့။ သူက ကျွန်တော့်ကို ဘာမှလည်း မမေးတော့၊ ဘာမှလည်း မရေးခိုင်းတော့၊ ဒီတိုင်း ထိုင်ပြီး ကျွန်တော့် အမူအယာကို အကဲခတ်နေခဲ့တယ်။ ကျွန်တော်လည်း သူ့ကို ဘာမှ မမေး၊ သူမေးတာလည်း မဖြေ၊ ဒီတိုင်း ထိုင်ပြီး ဆေးလိပ်ထိုင်ဖွာနေလိုက်တယ်။ မှန်ထဲမှာ ကိုယ့် ပုံရိပ်ကိုယ် ကြည့် ငေးနေကြသလိုမျိုး။
အဲဒီလိုနဲ့ အတော်ကြာသွားတယ်။ ကျွန်တော်လည်း ကိုယ့်အတွေးနဲ့ကိုယ် မျောလို့။ သူလည်း ကျွန်တော့်လိုပဲ ထင်ပါရဲ့။ သတိရလိုက်တဲ့အချိန်ကျတော့ အတော်နောက်ကျနေခဲ့ပြီ။ ကျွန်တော့်အတွေးတော်တော်များများက ကျွန်တော် ဖွာထုပ်လိုက်တဲ့ ဆေးလိပ်မီးခိုးငွေ့တွေကြားမှာ ပျံ့လွင့်လို့။ စကားလုံးလေးတွေက မီးခိုးငွေ့တွေ လို အထက်ကို တရွေ့ရွေ့တက်နေကြတယ်။ လတ်တလော ကျွန်တော် တွေးနေတဲ့အရာတွေအားလုံး ကို စကားလုံးတွေအဖြစ် ကျွန်တော့်မှာ မြင်နေရတယ်။ ဆရာဝန်ကို ကြည့်လိုက်တော့ သူက မီးခိုးငွေ့တွေကို လိုက် ကြည့်ပြီး အဲဒီ စကားလုံးတွေကို ဖတ်ရှုနေပုံပဲ။ ကျွန်တော် အရမ်း တုန်လှုပ်သွားတယ်။ ကျွန်တော် လူမမြင်အောင် အထပ်ထပ် သိမ်းဆည်းထားတဲ့အတွေးတွေဟာ အခုတော့ လေထဲမှာ ပေါ့ပါးပျံ့လွင့်လို့နေခဲ့  ပြီ မဟုပ်လား။ အရပ်ရှစ်မျက်နှာက လူအပေါင်းဟာ မကြာမှီမှာ ကျွန်တော့်အတွေးတွေကို ထုတ်ခြင်းခတ် ဖတ်ရှု နိင်တော့မယ် မဟုပ်လား။ ကျွန်တော် အလန့်တကြား ဆေးလိပ်ကို ထိုးချေလိုက်တယ်။ ဒါဟာ ဆရာဝန်ရဲ့ ဥာဏ်နီဥာဏ်နက်ပဲ။ ကျွန်တော့်အတွေးတွေကို ဒီနည်းနဲ့ မလိမ့်တပတ် သူ ဖတ်ရှုလိုက်တာပဲ။ သတိ လက်လွတ် ဖြစ်သွားမိတဲ့ ကိုယ့်ကိုယ်ကိုပဲ အပြစ်တင် နောင်တ ရလို့မဆုံး။  တော်ပြီ နောက်ဆို ကျွန်တော် ဆေးလိပ်လုံးဝ မသောက်တော့။ သံန္ဒိဌာန် ချလိုက်မိတယ်။
မရတော့။ သိပ်နောက်ကျသွားခဲ့ပြီ။ ကျွန်တော့်အတွေးတွေက ကျွန်တော် ရှူထုပ်လိုက်တဲ့ လေနဲ့အတူ ပတ်ဝန်းကျင် အနှံ့ပျံ့နှံ့လို့နေတယ်။ ဘယ်လိုမှ တားဆီးလို့မရ။ ကျွန်တော် ဘာမှ မတွေးပဲ နေကြည့်တယ်
ခဏပဲ ခံတယ်။ မရ။ အသက်မရှုပဲ အောင့်ထားမိတယ်။ ခဏပဲ ခံတယ် မရ။ ကျွန်တော် သေလောက်အောင် စိတ်ညစ်မိတယ်။ ဆရာဝန်ကို ကြည့်လိုက်တော့ သူက ကျွန်တော့်ကို ပြုံးစစ နဲ့ ကြည့်နေတယ်။ အခုတော့  ကျွန်တော့်အတွေးတွေ အားလုံး သူ မြင်ခွင့်ရခဲ့ပြီ မဟုပ်လား။ ကျွန်တော်လည်း ဒေါသဖြစ်ဖြစ်နဲ့ သူ့ကို ခုန်အုပ် ဖို့ ကြိုးစားလိုက်တယ်။ အချည်းနှီးပါပဲ။ သူက ကျွန်တော့်အတွေးတွေကို သိနေတဲ့သူ မဟုပ်လား၊ အသာ အယာပဲ ရှောင်ပြီး ခလုတ်တချက်နှိပ်လိုက်တယ်။ လုံခြုံရေးနှစ်ယောက် ရောက်လာပြီး ကျွန်တော့်လက်တွေကို  ဝတ်စုံတခုထဲ အတင်းထိုးထည့်ကာ ချုပ်လိုက်ကြတော့တယ်။

ဒီနိုဗို

5 June 2016

Tuesday, May 10, 2016

စာအုပ် နာစစ်ဆပ်* ရောဂါ


ကျွန်တော် အက်ဆေး မရေးဖြစ်ခဲ့တာ ကြာပြီ။ မှတ်မှတ် ရရ အက်ဆေးစုစည်းမှု စာအုပ်ထုပ်ပြီးကတည်းက အက်ဆေး မရေးဖြစ်တော့။ အက်ဆေး စာအုပ် ထုပ်ပြီးကတည်းက အက်ဆေးရေးချင်စိတ်က အာသာပြေသွားသလား မပြောတတ်။ စိတ်က စာရေးချင်စိတ်ထက် စာအုပ်ထုပ်ချင်စိတ် ပေါက်နေသည်။ ကိုယ့်စာအုပ်ကိုယ်စွဲလန်းပြီး စာအုပ် နာစစ်ဆပ် ရောဂါ ဝင်နေမိသည်။ လူတွေ့သည်နှင့် စာအုပ် လက်ဆောင်ပေးချင်မိသည်။ တစ်ချို့သူငယ်ချင်းတွေဆို တမင်ချိန်းဆို လဖက်ရည်တိုက်ပြီး စာအုပ် လက်ဆောင်ပေးရသည်။ ဆိုးရွားလှသည့်စာရေးဆရာ ဘဝ။
ပြောလျင် တစ်ချို့ ယုံချင်မှ ယုံလိမ့်မည်။ စာပေနှင့် မနီးစပ်သူများအဖို့ အတော့်ကို ကြောင်တောင်တောင် နိင်သည်ဟု ထင်ကြလိမ့်မည်။ သို့သော် စာအုပ်ရောဂါက တစ်ခြား ရောဂါများနှင့် မတူ။ ကိုယ်ရေးထားသည့်စာကိုယ်ပြန်ဖတ်ရတာ ရေတွင်းထဲ ခေါင်းငုံ့ပြီး ကုန်းအော်နေသည့် ပမာပင်။ ကိုယ့်အသံ ကိုယ်ပြန်နားထောင်ပြီးသာယာနေသည့် အဆိုတော် ပေါက်စနလို ကျွန်တော့်မှာလည်း ကိုယ့်စာကိုယ် အကြိမ်ကြိမ် ပြန်ဖတ်ပြီး သဘောကျ၊ ကိုယ့်ကိုယ်ကိုယ် ဒါမျိုး ရေးတက်ပါလား ဆိုပြီး သဘောကျ ချီးမွမ်း၊ တစ်ယောက်တည်း ပီတိတွေဖြာနဲ့။ မကြည့်ရက်သူတစ်ချို့က မကောင်းတတ် ချီးမွမ်းသွားတဲ့အခါများ ကိုယ့်မှာ မြှောက်နေမှန်းသိရက် နားထောင်လို့ မဝခဲ့။
ဘယ်လိုများ ဖြစ်တယ် မသိ၊ ကိုယ့်စာအုပ် ကိုယ်ကြည့်ရတာ ကိုယ့်ရုပ်ကိုယ် မှန်မှာကြည့်ရတာထက် စိတ်ချမ်းသာသည်။ ဘယ်လိုကြည့်ကြည့် ကြည့်လို့မဝ။ ကိုယ့်စာအုပ်ကိုယ်ဖတ်ပြီး ကိုယ့်ကိုယ်ကိုယ် ကြည်ညိုနေရတာအတော် အရသာ ရှိလှသည်။ ကိုယ့်အတွေးအခေါ်ကိုယ် အပြတ်အသတ် ထောက်ခံမိသည်။ ဘယ်သူ သဘောတူတူ မတူတူ ကိုယ့်အနေနဲ့တော့ ရာနှုန်းပြည့်သဘောတူသည်။
တစ်ချို့ကတော့ ဒီစာရေးဆရာ ကလေးကလားနဲ့ ဘယ်လိုများ စာရေးနေပါလိမ့်ဟု တွေးကြပေလိမ့်မည်။ သို့သော် စာရေးဖို့ရာ ကလေးဆန်ဆန် ဇွတ်တရွတ် လုပ်ချင်ရာ လုပ်ကြည့်ချင်သည့်၊ စမ်းသပ်ချင်သည့် စိတ်ကလေး လည်း ရှိဖို့ လိုသည်ဟု တွေးမိသည်။ ပြီးတော့ စာကို ဘာအကျိုးစီးပွားမှ မပါပဲ ရိုးရိုးသားသား နှစ်ခြိုက်ခံစား တတ်ဖို့လည်း လိုသည်ဟု ထင်မိသည်။
အရာရာကို အကျိုးစီးပွား နှင့် ချိန်ဆ တွက်ချက်ပြီး လုပ်ကိုင်တတ်သူအဖို့တော့ စာရေးခြင်းအလုပ်ကို ယောင်လို့တောင် စိတ်ကူးမိမည်မဟုပ်။ အရွယ်ရောက်သည့် လူကြီး တစ်ယောက်အနေနှင့် မလုပ်သင့်တာ မလုပ်ပဲ၊ လုပ်သင့်တာချည်းပဲ လုပ်မည်ဆိုလျင်တော့ စာမရေးပဲ ပိုက်ဆံရှာခြင်းက ပိုသဘာဝ ကျလှသည်။ ပို အဓိပ္ပါယ်လည်း ရှိသည်။ စာရေးခြင်းကပတ်ဝန်းကျင်ကို တိုက်ရိုက် ဘယ်လိုမှ အကျိုးမပြုနိင်။ မိဘ ဆွေမျိုးများ ကလည်း အားမပေး၊ မိန်းမ ယောက္ခမတို့ကလည်း မလွှဲသာလို့ ကြည့်နေရတဲ့ အနေအထားမှာ၊ နတ်လူ သာဓုမခေါ်တဲ့ ဒီ စာရေးခြင်းအလုပ်ကို ဘယ်လို သာယာမှုမျိုးနဲ့များ စွဲစွဲလန်းလန်း ရေးသားနေမိပါလိမ့် ဟု တစ်ခါတစ်ခါများကိုယ့်ဖာသာ မေးမိသည်။မေးသာ မေးသည် ဘယ်တော့မှ မဖြေနိင်မှန်းလည်း သိသည်။ သို့သော် ပညာတတ်တို့ ထုံးစံအတိုင်း သိသိနှင့်မသိချင်ယောင်ဆောင် မေးသည်။ ဝေ့လည်ကြောင်ပတ် ဖြေသည်။ ပြီးတော့ နောက်ဆက်တွဲ မေးခွန်းတွေ ချန်ထားခဲ့သည်။ အစတွေ ဖော်ထားခဲ့သည်။ တကယ်တော့ စာရေးတယ် ဆိုတာ အစ တွေနောက်လိုက်လိုက်၊ နောက်ထပ် အစ တွေ ချန်ထားခဲ့လိုက်နဲ့ မဆုံးတဲ့ဂိမ်းတစ်ခု ကို ကစားနေရသလိုပဲ မဟုပ်လား၊ ဂိမ်းဆိုတာ ကလေးစိတ်မကုန်သေးတဲ့ သူတွေပဲ ကစားလို့ ရသည်။ စာရေးဆရာဆိုတာ ကလေးစိတ်မကုန်သေးတဲ့သူ။ ကလေးစိတ်မကုန်သေးတဲ့ အတွက် သူများ စိတ်ဝင်စား အောင် တစ်ခုခု ထူးထူးခြားခြား လုပ်ပြချင်သည်။ ကိုယ်လုပ်ထားတာလေးကို ကိုယ့်အတွေးနဲ့ကိုယ်၊ ကိုယ့်အဓိပါယ်နဲ့ ကိုယ် ခံစားပြီး ပီတိ ဖြစ်သည်။ ကြည်နူးတတ်သည်။ သူများကို ပြတတ်သည်။ သူများချီးကျူးတာကို ခံချင်တတ်ကြသည်။
ဒါကိုပဲ လူတွေက စာရေးဆရာကို အထင်ကြီးကြသည်။ ကိုယ့်ထက် ပိုပြီး အသိအလိမ္မာရှိတဲ့သူ၊ အတွေးအခေါ် ကောင်းတဲ့သူ၊ ပြည့်ဝ ရင့်ကျတ်တဲ့သူ ဖြစ်မှာပဲ ဟု အထင်နှင့် သတ်မှတ်ထားကြသည်။ အဝေးက နေ ကြိတ်ပြီး ကြည်ညိုလေးစားကြသည်။ အနီးကပ် ဆက်ဆံကြည့်မှပဲ ကလေးဆိုးကြီးပါလား ဆိုတာ သိကာ မသိမသာ ရှောင်ထွက်သွားကြသည်။ အလိမ္မာနှင့် ထားရစ်ခဲ့ကြသည်။
ဆိုတော့ကာ စာရေးဆရာ လုပ်ရတာ အတော်လေး အထီးကျန် ဆန်လှသည်။ ကိုယ်နှင့် စကားပြောလို့ရတဲ့သူ က  အတော်ရှားသည်။ သာမာန်လူတွေကြားထဲမှာ ကိုယ့်ကိုယ်ကို စာရေးဆရာမှန်းမသိအောင် လျှို့လျှို့ ဝှက်ဝှက် နေထိုင်ရသည်။ ဖုံးဖုံးဖိဖိ ပိပိပြားပြား ဟန်ဆောင်ရသည်။ စာဆိုလို့ သတင်းစာတောင် မဖတ်တဲ့သူ လိုမျိုး သရုပ်ဆောင်ရသည်။ စာရေးဆရာဆိုတာ ဘာမှ အထင်ကြီးစရာ မရှိပါဘူးကွာဟု ကြိုပြီး လေသံပစ်ထား ရသည်။ အလကားနေ စိတ်ကူးယဉ်နေတဲ့သူတွေပါကွာ ဟု ကြိုကာထားရသည်။ ကိုယ်လိုလူချင်းတွေ့မှသာ အားရပါးရ စာအကြောင်းပေအကြောင်း၊ ဟိုစာရေးဆရာ ဒီစာရေးဆရာအကြောင်း ပြောကြဆိုကြသည်။ ရင်ဖွင့်ကြရသည်။ လွပ်လွပ်လပ်လပ် ကလေးတစ်ယောက်လို စိတ်ထဲရှိရာ အားမနာပါးမနာ ဖွင့်ဟကြသည်။ အသစ် အဆန်း လုပ်ချင်ကြသူတွှေ အချင်းချင်း ရူးသွပ်မှုတွေကို အပြန်အလှန်နားလည်ပေးတတ်ကြသည်။
ဒီတော့ အထက်က ဆိုခဲ့သလို ကိုယ့်စာအုပ်လေးကိုယ် စွဲလန်း၊ သူ့စာအုပ် ကိုယ့်စာအုပ် အပြန်အလှန် ချီးကျူးအမွှမ်းတင်၊ အပြန်အလှန်လဲလှယ် နဲ့ ဒီ စာပေလောက ဆိုတာ ဘာများ အထင်ကြီးစရာ ရှိသလဲလို့ မေးလာခဲ့ယင်တော့ ဟုပ်ပဗျာ၊ ဘာမှကို အထင်ကြီးစရာ မရှိပါဘူးလို့ပဲ ဖြေရမှာပါပဲ။ ဒါပေမယ့်လည်း လူဆိုတာကလည်းစာရေးဆရာပဲဖြစ်ဖြစ် သာမန်လူပဲဖြစ်ဖြစ် သူများအထင်မကြီးယင်တောင် အထင်သေးတော့ မခံချင်တာကလည်း လူ့သဘာဝ မဟုပ်လား၊ ဒီတော့ ဟန်လေးလုပ်ပြီး စာပေရဲ့တန်ဖိုးကို စာသမားချင်းသာ သိနိင်ပါတယ်ဘာညာနဲ့ ၊ ကိုယ့်ကို အထင်မကြီးတော့ဘူးဆိုတာနဲ့ မင်း အဆင့်အတန်းနဲ့ ငါ့စာတွေကို ဘယ်နားလည်ခံစားနိင်ပါ့မလဲ ဆိုတဲ့ အချိုးမျိုး ချိုးတတ်ကြသည်။ ဒါလည်း ကလေးတစ်ယောက်ရဲ့ အပြုအမူတစ်မျိုးပဲ မဟုပ်လား။
ဒီလိုမျိုး စာရေးဆရာကို ကလေးတစ်ယောက်နဲ့ မကြာခဏ ခိုင်းနှိုင်းနေတော့ သူရေးတဲ့ စာအုပ်ကို ဖတ်ချင်စိတ်ကော ရှိပါ့တော့မလားဆိုပြီးစာရေးဆရာတွေကတော့ ကျွန်တော့်ကို ဝိုင်းတွယ်ချင်စိတ်ပေါက်ကြ လိမ့်မည်။ တကယ်တော့ ကျွန်တော် ပြောချင်တဲ့ ကလေးဆိုတာ အရာရာကို အဆန်းတကြယ်ဖြစ်နေတဲ့၊ အမြဲတမ်း အဓိပါယ်ရှာဖွေနေတဲ့၊ အမည် အသစ်အဆန်းတွေ ပေးနေတဲ့၊ လိုသလို အနက်ပြန်ဆိုနေတတ်တဲ့၊ တစ်ခုခုကို ဖန်တီးနေတတ်တဲ့၊ ယဉ်ကျေးမှုတွေ၊ ဓလေ့ထုံးတမ်းတွေရဲ့ လွှမ်းမိုးထိန်းချုပ်မှုကို မခံရသေးတဲ့၊ လူကို လူလိုပဲ မြင်တတ်တဲ့၊ အကျိုးစီးပွားတွေကို နားမလည်သေးတဲ့၊ အလုပ်လုပ်ခြင်းရဲ့ သဘောကို မစောကြောမိသေးတဲ့၊ ကမ္ဘာကြီးဘယ်လောက်ကျယ်သလဲ မသိနိင်သေးတဲ့၊ သူ့သေးကွေးမှု သူ ပြန်မမြင်နိင်သေးတဲ့ သူကို ဆိုလိုတာပါ။ စာရေးဆရာ တွေဟာ ဘယ်အရွယ်ပဲ ရောက်ရောက် အဲဒီ ကလေးစိတ်ကလေးနဲ့ ရှင်သန်နေကြတယ်လို့ ကျွန်တော်ထင်မိသည်။ မှန်ချင်မှလည်း မှန်မည်။ ဒါက ကျွန်တော့်အထင်၊ ကိုယ့်ကိုယ်ကို ပြန်ရှုပြီး ရလာသည့် သုံးသပ်ချက်။ ဒီတော့ စာရေးဆရာ အားလုံးခြုံပြီး ပြောဖို့တော့ ခက်သည်။ အနည်းဆုံး ကိုယ့်ကိုယ်ကို တော့ ကလေးစိတ်မကုန်သေးသူဟုပဲ သုံးသပ်မိသည်။
ဒီစာရေးဆရာတော့ ကိုယ့်ကိုယ်ကို အမွှမ်းတင်လှချည်လားဟု ရွဲ့လျင်လည်း ကျေကျေနပ်နပ်ပင် လက်ခံပါသည်။ ကလေးဆန်ခြင်းသည် ရှက်စရာ မဟုပ်ဟု ကျွန်တော်ထင်သည်။ ဒီနေရာမှာ အများ လက်ခံထားကြသည့် အဓိပါယ်ဖွင့်ဆိုမှုနှင့်တော့ ကွဲလွဲနေနိင်ပါသည်။ လူအများအဖို့တော့ ကလေးဆန်ခြင်း ဆိုသည်မှာ အရိပ်သုံးပါး နားမလည် လိုချင်တာ ဖြစ်ချင်တာပဲ သိသည့် သူ့ဘက်ကိုယ့်ဘက် မကြည့် လူမှုရေးခေါင်းပါး၊ တစ်ကိုယ်ကောင်းဆန် အမြင်ကျဉ်းလှသည့် သဘောမျိုးကို  ဆိုလိုကြဟန်တူပါ သည်။ ဒီသဘောကိုပဲ ကျွန်တော်ကတော့ အကောင်းဘက်ကနေ ကြည့်ပြီး ယခုလို အနက်ကောက်ယူချင်ပါသည်။ ကျွန်တော့်အဖို့ ကလေးဆန်ခြင်းဆိုသည်မှာ မိမိရင်ထဲက စစ်မှန်သည့် အသံကို ဈေးကွက်အလိုအရမဟုပ်ပဲ ဘာအတွက်မှ အလျော့အတင်းမလုပ်ပဲ ဘယ်အကျိုးမှ မမြှော်ကိုးပဲ ရိုးရိုးသားသား ဖော်ထုပ်ခြင်းသာ ဖြစ်ပါသည်။ကလေးဆန်သူ တစ်ယောက်မှာ လူကြီးတစ်ယောက်၏ လိမ္မာပါးနပ်မှုမျိုး ရှိချင်မှ ရှိပေလိမ့်မည်။ အဆင်တန်ဆာနှင့် တမင်တကာလှပအောင် ရေးတတ်ချင်မှ ရေးတတ်ပေလိမ့်မည်။ သို့သော် ကလေးတစ်ယောက်၏ ပြောတတ်သလို ပြောလိုက်သည့် စကားများကို လူကြီးများ မကြာခဏ ကြားချင်ကြသလိုပင် စစ်မှန်သည့် အသံနှင့် ရေးတတ်သလို ရေးလိုက်သည့် အရေးအသားများကို အပေါ်ယံဟန်လုပ်ရေးထားသည့် စာများထက် နှစ်လိုကြလိမ့်မည်ဟု ထင်မြင်မိပါသည်။ ဒါကိုကပင် ကလေးဆန်ဆန် လိုရာဆွဲတွေးသည့် အတွေးလည်း ဖြစ်နိင်ပါသေးသည်။
တကယ်တော့ ကျွန်တော့်အနေနှင့် ကိုယ့်ကိုယ်ကို မရင့်ကျတ်မပြည့်ဝခြင်းကို ထန်းလပ်နှင့် ကာနေခြင်းလည်း ဖြစ်နိင်သည်။ လူဆိုသည်က ကိုယ့်ကိုယ်ကိုယ်ပင် မချန်လိမ်ညာတတ်သည့် အမျိုးမဟုပ်လား။ ဒီတော့ ကိုယ့်ကိုယ်ကိုယ် ဖြေသိမ့်နေခြင်းလည်း ဖြစ်နိင်သည်။ မပြောတတ်။ ဒီတော့ ကျွန်တော်အပါအဝင် စာရေးဆရာတွေရဲ့ စကားကို ချင့်ယုံဖို့ တော့ အကြံပေးချင်သည်။ စာရေးဆရာ ဆိုသည်က စကားလုံးတွေနဲ့ ဆော့ကစားယင်း ပျော်နေတတ်သူမဟုပ်လား။ စကားလုံးတွေနဲ့ စိတ်ကူးအိမ်တည်ဆောက်နေကြသူများ မဟုပ်လား။ သူ ဆောက်ထားသည့် အိမ် သူနေချင်မှတော့ နေလိမ့်မည်။ ကလေး တစ်ယောက် ကမ်းစပ်မှာ ရွှံ့အိမ်ကလေး တည်ဆောက်ခြင်းမှာ သူနေဖို့မဟုပ်။
သည်တော့ ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်ပြီး ရေးကောင်းကောင်းနှင့် ရေးလိုက်တာ ချုပ်လိုက်တော့ စာရေးဆရာဆိုတာ ကလေးဆန်ပြီး မယုံကြည်ရသည့် လူတစ်ယောက်ဖြစ် နေခဲ့သည်။ လူ့လောကကို တိုက်ရိုက်အကျိုးပြုဖို့ဆိုတာထက် သူရေးချင်ရာကို ရေးဖို့သာ စိတ်သန်နေသည့် လူဂွစာ တစ်မျိုးဖြစ်နေခဲ့သည်။ (ဒီ နိဂုံးကို ချုပ်နေယင်း ကိုယ့်ကိုယ်ကိုယ် အတော်ကြည်ညိုဖို့ ကောင်းမှန်း သိလာခဲ့သည်။)  ဒီ့အတွက် စာရေးဆရာကို အဝေးက ကျိတ်အထင်ကြီးပြီး ကြည်ညိုလေးစားသမှုဖြင့် သူ့စာကို ဖတ်ကြသူများ အဖို့ အသေအချာ ပြန်စဉ်းစားကြဖို့လိုပါသည်။ ထိုနည်းတူစွာ အသိအလိမ္မာ တိုးဖို့ စာဖတ်ရပါသည်ဟု ကျယ်ကျယ်လောင်လောင် ပြောဆိုနေကြသူများလည်း ဒီလောက်ဆို ချင့်ချိန်နိင်လိမ့်မည်ဟု ယုံမှတ်မိပါသည်။ ဒီကြားထဲကမှ ဘာရယ်မဟုပ် သူ့စာကို ကြိုက်လို့ဖတ်တာပါဗျာ ဟု ဆိုလာလျင်တော့ ကျွန်တော့်လို ကလေးစိတ်မကုန်သေးတဲ့ စာရေးဆရာတစ်ယောက်အဖို့မှာ တဖြောင်းဖြောင်းနဲ့ လက်ခမောင်းသာ ထခတ်ဖို့ ရှိပါကြောင်း။              ။
* Narcissus
ဂရိဒဏ္ဍာရီလာ ရေအိုင်တွင်ပေါ်သည့် မိမိပုံရိပ်ကို တစ်ခြားတစ်ယောက်အထင်ဖြင့်  စွဲလန်းနေသူ
ဒီနိုဗို ရေးသားသည်







Monday, May 9, 2016

မီလန် ကွန်ဒရာ ၏ မခံနိုင်အောင်ပေါ့ပါး ဘဝနေ့ညများ

ဘာသာပြန်သူ အမှာ
လက်ခံရမယ့် လေးလံမှု
ကြီးကျယ်ခမ်းနားတဲ့ စာရေးဆရာ တစ်ယောက်ဟာ တကယ်တော့ ကမ္ဘာလောကကြီးတစ်ခုပါပဲ။ သူ့ရဲ့ အရေးအသားတွေထဲ ဝင်ရောက်ရတာဟာ တသီးတသန့်တည်ရှိနေတဲ့ လောကတစ်ခုထဲ အလည်သွားရ သလိုပါပဲ (ဒါပေမယ့် ပြန်ထွက်လာပြီးယင်တော့ ဘယ်နည်းနဲ့မှ အရင်အတိုင်း မဖြစ်နိင်တော့)။ သူ့ရဲ့ ကိုယ်ပိုင်လောကအမြင်၊ သူ့ကိုယ်ပိုင် ဖွင့်ဆိုချက်တွေနဲ့ သူ့ဖာသာ ဖန်တီးထားတဲ့ စကားလုံးတွေ၊ ဝေါဟာရတွေဟာ အပြင်ကမ္ဘာက အဘိဓါန်လာ ဝေါဟာရတွေနဲ့ သီးခြားစီ ဖြစ်နေလိမ့်မှာ အသေအချာပါပဲ။ ဒီလိုပဲ သူ့ ဝထ္ထုထဲမှာ ရည်ရွယ်ချက်တစ်ခုနဲ့ ဖန်တီးထားတဲ့ ဇတ်ကောင်တွေကလည်း အပြင်လောကမှာ တွေ့နေရတဲ့ စရိုက်လက္ခဏာမျိုးတွေနဲ့ ကိုက်ညီချင်မှလည်း ကိုက်ညီပါလိမ့်မယ်။ နောက်ဆုံး သူ့ဇတ်လမ်းကို သူ့ဖာသာ စိတ်ကြိုက်ဖွဲ့စည်းထားပုံကိုက ဂီတဆန်ဆန် စည်းချက်ညီလှပ အချိုးကျနေပြီး သံစုံတီးဝိုင်းတစ်ခုရဲ့ မြိုင်ဆိုင်မှုနဲ့ အတွဲအဖက်ညီပံ့ပိုးပေးနိင်မှုကို ခံစားရစေပါတယ်။
မီလန်ကွန်ဒရာဟာ အဲဒီလို စာရေးဆရာမျိုးပါ။ သူ့ကို ဝေဖန်ရေးဆရာတွေက ဘယ်လို ism မျိုးတွေပဲ တံဆိပ် ကပ်ကပ်၊ သူ့ကိုယ်ပိုင်အမှတ်သရုပ် အထင်အရှားရှိနေတဲ့ စာရေးဆရာမျိုးပါ။ ကျွန်တော့်အနေနဲ့ သူ့ရဲ့ အကောင်းဆုံး လက်ရာတစ်ခုကို ပြန်ဆိုရတာ တားမြစ်ထားတဲ့ မူးယစ်ဆေးဝါးတစ်မျိုးကို ခိုးဝှက်သယ်လာရ  တဲ့ လူတစ်ယောက်လို စိတ်လှုပ်ရှားမိပါတယ်။ အကြောင်းကတော့ သူဟာ သူ့လက်ရာတွေကို တလွဲဘာသာ ပြန်ဆိုကြမှာကို တအား အစိုးရိမ်ကြီးတဲ့ လူတစ်ယောက်ဖြစ်နေလို့ပါပဲ။ သူဟာ နောက်ပိုင်းမှာ ပြင်သစ်ဘာသာ နဲ့ အရေးများပြီး အရင် ချက်ဘာသာနဲ့ ရေးခဲ့တဲ့လက်ရာတွေကိုလည်း ကိုယ်တိုင်ပဲ ပြင်သစ်ဘာသာပြန်ဆိုခဲ့ ပါတယ်။ သူ့စာတွေကို ဘာသာပြန်ရင်လည်း အဲဒီ ဘာသာပြန်လက်ရာကို သူကိုယ်တိုင် စိတ်တိုင်းကျမှ ထုပ်ဝေခွင့်ပေးတဲ့သူပါ။ ဒီ့အတွက် ပရိုဖက်ရှင်နယ်မဆန်ဘူးပဲပြောပြော၊ ဘယ်သူ့မှ မပြောပဲ ကိုယ့်ရူးသွပ်မှုနဲ့ ကိုယ် ပြန်ဆိုမိတဲ့ ကျွန်တော့်အဖို့မှာ သူ့ရဲ့ စကားလုံးတိုင်း ဝေါဟာရတိုင်းကို ပေါက်ကွဲအားပြင်းထန်လှတဲ့ ဗုံးတစ်လုံးကို စနက်တံ ဖြုတ်နေရတဲ့ လူတစ်ယောက်ပမာ ဂရုတစိုက် အဓိပ္ပါယ်ဖော်ဆောင်ရပါတယ်။  ကိုယ့်နားလည်ထားမှု အပေါ် စာပေပညာရှင်တွေရဲ့ ဝေဖန်သုံးသပ်ချက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးရပါတယ် ။   ဝထ္ထုတစ်ပုဒ်လုံးကို ခေါင်းစဉ်ကအစ အတတ်နိုင်ဆုံး မပြောင်းမလဲ ပြန်ဆိုထားတဲ့အတွက် ဖတ်ရှုရာမှာ အနည်းငယ် လေးလံ ကောင်း လေးလံနိုင်ပါတယ်။ သို့ပေမယ့် မီလန်ကွန်ဒရာ ရဲ့ ဝထ္ထု အစစ်အမှန်ကို မြည်းစမ်းချင်သူများအတွက် တော့ ဒါဟာ ထည့်ပြောလောက်တဲ့ ကိစ္စမဟုပ်ဘူးလို့ပဲ ခံယူလျက်။     ။

                                                                                                ဒီနိုဗို  

Monday, April 4, 2016

တရားသဖြင့် လုပ်ကြံကြသူများ





တရားသဖြင့် လုပ်ကြံကြသူများ



စာရေးသူ ၏ အမှာ



၁၉၀၅ ခုနှစ် ဖေဖော်ဝါရီ၊ မော်စကိုရှိ တော်လှန်သောဆိုရှယ်လစ်ပါတီ ၏ အကြမ်းဖက်အုပ်စုတစ်စုက
ဇာဘုရင် ၏ ဦးလေးတော်သူနယ်စားကြီး ဆာ့ဂ်ျ ကို လုပ်ကြံဖို့ ကြိုးစားခဲ့သည်။ ဤ ပြဇတ်က ထို လုပ်ကြံဖို့ ကြိုးစားခြင်း နှင့်တကွ ထူးခြားသော နောက်ခံအခြေအနေတို့ကို အခြေခံထားခဲ့သည်။ ပြဇတ်၏ တစ်ချို့နေရာများမှာ ဘယ်လိုပဲ ထူးခြားသည်ဟု ထင်ရသော်ငြား အမှန်တကယ် ဖြစ်ပျက်ခဲ့သော အရာများဖြစ်ပါသည်။ သည့်အတွက် The Just Assassins ကို သမိုင်းနောက်ခံပြဇတ် ဖြစ်သည်ဟု မဆိုလိုပါ။ သို့သော်လည်း
ဇတ်ကောင်များ အားလုံးမှာ အမှန်တကယ် ရှိခဲ့သော ဇတ်ကောင်များဖြစ်ပြီး ကျွန်တော် ရေးထားသည့်
အတိုင်း လည်း အမှန်တကယ် ပြုမူခဲ့ကြပါသည်။ ကျွန်တော့်အနေနှင့် အမှန်တကယ် ဖြစ်ခဲ့သော အရာများကို သဘာဝ ကျအောင်သာ ရေးသားတင်ဆက်ထားပါသည်။

ဇတ်လိုက် ဟီးရိုး၏ အမည်ကိုလည်း အမည်ရင်း ကာလီယာယဗ် ကို ပင်သုံးထားပါသည်။ တခြားနာမည် ရှာမရ သောကြောင့် မဟုပ်ပါ၊ သူတို့၏ ကိုယ်ပိုင် နှလုံးသားခံစားမှုများကို မျိုသိပ်ကာ ဤ စက်ဆုပ်ဖွယ်
အကောင်းဆုံး သော အမှုကို အားထုပ်ခဲ့ကြသည့် ထို ယောက်ျား မိန်းမ အသီးသီးကို ဂုဏ်ယူလေးစား မြတ်နိုးအားကျသည့် အနေဖြင့် အမည်ရင်းများအတိုင်း ပြန်လည်သုံးထားခြင်း ဖြစ်ပါသည်။ သူတို့ခေတ်နောက်ပိုင်းမှာတော့ တိုးတက်မှု တွေ ရှိလာခဲ့တာ အမှန်ပင်။ ယင်းခေတ်က ဤ သူမတူပြိုင်စံရှား သည့် စိတ်ဝိညာဉ်များ ကို မခံမရပ်နိုင် အမုန်းတရားတွေကဲစေခဲ့သည် စနစ်ကြီးမှာ ယခုတော့ သက်တောင့်သက်သာ ရှိလို့လာခဲ့ပါပြီ ။ သို့သော်လည်း သည့်အတွက်ကိုပဲ ဤ ကြီးမြတ်သော တစ္ဆေကြီးများ နှင့် သူတို့၏ တရားသော တော်လှန်ရေး၊ သူတို့၏ ခက်ခဲလှသော ညီရင်းအကို စိတ်ဓါတ်၊ တိုင်းတာ၍ မရနိင် သော 
အားထုပ်ကြိုးပမ်းမှုတို့ကို ပြန်လည်ဖော်ထုပ်ဖို့ ထိုက်တန်နေခဲ့သည်။ သူတို့ကိုယ်သူတို့ လူသတ်သမား အဖြစ် ရောက်ရှိစေခဲ့သော လုပ်ရပ်၏ နောက်ကွယ်တွင် ကိန်းအောင်းနေသော သူတို့ရင်ထဲက တကယ့် ယုံကြည်မှုကို  ထုပ်ဖော် ပြသဖို့ လိုအပ်နေခဲ့သည်။


အဲလဘတ် ကမူး၁၉၄၉

Tuesday, January 26, 2016

အနီရောင် မှတ်စုစာအုပ် (၄)


အယ်လ်နဲ့ ကျွန်တော်လည်း ၁၉၇၄ မှာ လက်ထပ်လိုက်ကြတယ်။ သားကို ၁၉၇၇ မှာ မွေးတယ်။ 
နောက်တစ်နှစ်ပဲ ကျွန်တော်တို့အိမ်ထောင်ရေးလည်း အဆုံးသတ်ခဲ့တယ်။ အခုအချိန်မှာဒါတွေ 
ပြောနေရတာ ဘယ်လိုမှ မအပ်စပ်လှပါဘူး။ ၁၉၈၀ နွေဦးတုံးက ကြုံခဲ့ရတဲ့ အဖြစ်ကို ပြောပြချင်လို့ 
နောက်ခံကားချပ်အနေနဲ့ ခင်းကျင်းပြနေရတာပါ။

ဒီတုန်းက ကျွန်တော်တို့နှစ်ယောက်လုံးက ဘရွက်ကလင်းမှာ၊ တစ်ယောက်နဲ့ တစ်ယောက် သုံးလေး
လမ်းလောက်ပဲ ခြားတယ်။ ကျွန်တော်တို့ရဲ့ သားခမျာ ဟိုဘက်အိမ်သွားနေလိုက် ဒီဘက်အိမ် လာနေ
လိုက်နဲ့ အချိန်ဇယား ခွဲထားရတယ်။ တစ်မနက် သူ့ကို မူကြိုသွားပို့မလို့ အယ်ရဲ့ အိမ်ရှေ့မှာ 
ရပ်စောင့်နေခဲ့တယ်။ ဒီတုန်းက ကျွန်တော်ပဲ အိမ်ထဲ ဝင်ခေါ်မိသလား၊ ဒယ်နီယယ်ပဲ သူ့ဖာသာ 
လှေကားကနေ ဆင်းလာသလားတော့ မမှတ်မိတော့ဘူး။ ဒါပေမယ့် ကျွန်တော့်စိတ်ထဲ ကွက်ကွက်
ကွင်းကွင်း မြင်နေသေးတာက ကျွန်တော်တို့ သားအဖနှစ်ယောက် အတူလမ်းလျှောက်ထွက်ခါနီး
ဆဲဆဲပဲ။ အယ်လ်က သူမရဲ့ တတိယထပ်ကနေ ကျွန်တော့်ဆီကို ပိုက်ဆံပစ်ချပေးဖို့ ပြူတင်းပေါက်
ဖွင့်လိုက်တယ်။ ဘာအတွက် သူပိုက်ဆံပေးတာလဲ ဆိုတာတော့ မမှတ်မိတော့ဘူး။ သူမရဲ့ 
ကားပါကင်ခတွေ ပြန်ဖြည့်ဖို့ဖြစ်ချင်ဖြစ်မယ်။ ဒါမှမဟုပ် ကျွန်တော့်ကို လက်တိုလက်တောင်း 
တစ်ခုခု ခိုင်းလိုက်တာလည်း ဖြစ်ချင်ဖြစ်မယ်။ မမှတ်မိတော့ဘူး။

ကျွန်တော်မှတ်မိတာကတော့ ပြူတင်းပေါက်ပွင့်လာပြီး လေထဲကနေ အကြွေစေ့လေး လွင့်ပျံ
လာတာပဲ။ ဒီမြင်ကွင်းကို ကျွန်တော့်မျက်စိထဲ ရှင်းရှင်းလင်းလင်း ကို မြင်ယောင်နေခဲ့တာများ
ဓါတ်ပုံရိုက်ယူထားခဲ့တဲ့ အတိုင်း၊ အဲဒီအချိန်တည်းက ထပ်တလဲလဲ မက်နေမိတဲ့ အိမ်မက်
တစ်စိတ်တပိုင်း လို ဖြစ်နေခဲ့တယ်။
ဒါပေမယ့် အဲဒီ အကြွေစေ့လေးက လမ်းမှာ သစ်ကိုင်းနဲ့ တိုက်မိပြီး ကျွန်တော့်လက်ပေါ်ကျလာမယ့် 
လမ်းကြောင်းကနေ သွေဖီသွားခဲ့တယ်။ အဲဒီကနေ သစ်ပင်ကို ပြန်ကန်၊ပြီးတော့ အနီးအနားကို 
တိတ်တိတ်လေး ကျသွားတယ်။ အဲဒီမှာတင် ပျောက်သွားပါလေရော။ ကျွန်တော်လည်း ငုံ့ပြီးတော့ 
ပလက်ဖောင်းတစ်လျှောက်တွေလျှောက်ရှာ၊ သစ်ရွက်တွေအောက်ကို တူးရှာ၊ သစ်ပင်ခြေရင်းမှာ 
ထိုးရှာနဲ့ မှတ်မိပါသေးတယ်။ ဒါပေမယ့် အကြွေစေ့လေးကို ဘယ်မှာမှ ရှာမရခဲ့ဘူး။

အဲဒီအချိန်က နွေဦးရောက်ခါစဆိုတာတော့ ကျွန်တော်ပြောနိင်တယ်။ ဘာကြောင့်ဆို အဲဒီနေ့ပဲ
ရှီးယားကွင်းက ဘေ့စ်ဘောပွဲကို သွားကြည့်ခဲ့သေးတာကိုး။ အဲဒီပွဲက ရာသီအစ ဖွင့်ပွဲလေ။ 
ကျွန်တော့်သူငယ်ချင်းတစ်ယောက် လတ်မှတ်ရလာတာ။ သူက ကျွန်တော့်ကို သူနဲ့လိုက်ခဲ့ဖို့ 
ရက်ရက်ရောရော ဖိတ်ခေါ်ရှာတယ်။ အရင်က ဒီလို ဖွင့်ပွဲနေ့မျိုးတစ်ခါမျှ မကြည့်ခဲ့ဖူး။ ဒီတော့ 
အဲဒီ အခိုက်အတန့်ကို ကောင်းကောင်းအမှတ်ရနေသေးတာပေါ့။

ကျွန်တော်တို့ အဲဒီကို အစောကြီး ရောက်သွားတယ် ( အပေါက်ဝကနေ လတ်မှတ်ဖြတ်နေတာ
မျိုးတွေကြုံရ တာမျိုးပေါ့) ကျွန်တော့်သူငယ်ချင်းက လတ်မှတ်ဖြတ်နေတုန်း ကျွန်တော်လည်း 
အပြင်ဂိတ်ဝကနေ စီးကရက်သောက်ရင်း စောင့်နေမိတယ်။ အနားမှာ ခွေးတစ်ကောင်
ကြောင်တစ်မြှီးမှ မရှိဘူး။ ကျွန်တော်လည်း စီးကရက်မီးညှိချင်တာနဲ့ နံရံဘေး အခန်းငယ်လေးထဲ 
ဝင်လိုက်တယ် (အဲဒီနေ့က လေထန်နေခဲ့တယ်) အဲဒီမှာ ကျွန်တော့် ခြေထောက်နဲ့ နှစ်ပေတောင် 
မဝေးလှတဲ့ မြေကြီးပေါ်မှာ အကြွေစေ့တစ်စေ့။ ကျွန်တော်လည်း ငုံ့ပြီး ကောက်ကာ အိပ်ထဲ
ထည့်လိုက်တယ်။ အဆီအငေါ်မတည့်လှပေမယ့်လည်း ကျွန်တော့်စိတ်ထဲမှာ ဒီအကြွေစေ့ဟာ 
မနက်က ဘရွက်ကလင်းမှာ ပျောက်ဆုံးသွားတဲ့ အကြွေစေ့ဆိုတာ သိနေခဲ့တယ်။

Monday, January 18, 2016

အနီရောင် မှတ်စုစာအုပ် (၃)


၁၉၇၄ ခုနှစ် နယူးယော့ခ်ကို ပြန်ရောက်ပြီး သိပ်မကြာ သူငယ်ချင်းတစ်ယောက်က ဒီဇတ်လမ်းကို ပြောပြလာတယ်။ အဖြစ်က ယူဂိုဆလားဗီးယားမှာ ဖြစ်ခဲ့တာ။ အချိန်က ဒုတိယကမ္ဘာစစ်ပြီးခါနီး လပိုင်းလောက်အလိုမှာ။
အက်စ်ရဲ့ ဦးလေးဖြစ်သူက နာဇီ သိမ်းပိုက်မှူုကို ဆန့်ကျင်တဲ့ ဆာဗီးယား ပြောက်ကျားအဖွဲက။ တစ်မနက် သူနဲ့ သူ့ရဲဘော်တွေ အိပ်ယာက နိုးတော့ သူတို့ကို ဂျာမန်တပ်တွေက ဝိုင်းထားပြီးသားဖြစ်နေတာ ကြုံရတယ်။ သူတို့တွေက ကျေးလက်က လယ်တဲလေးထဲမှာ ပုန်းခိုနေခဲ့တာ။ မြေပေါ်မှာ နှင်းတွေက တစ်ပေထုလောက် ရှိနေခဲ့ပြီ။ သူတို့ အဖို့ လွတ်လမ်းမရှိ။ ကြံရာမရတာနဲ့ သူတို့တွေလည်း ဗိုလ်ကျားသေနတ် ဆွဲကြတယ်။ သူတို့အစီအစဉ်က လယ်တဲလေးထဲကနေ တစ်ယောက်ပြီး တစ်ယောက် ခုန်ထွက်ပြီူး နှင်းထဲမှာ လစ်ပြေးကြ ဖို့ပဲ။ ဗိုလ်ကျားသေနတ်ဆွဲတော့ အက်စ်ရဲ့ ဦးလေးက တတိယ မြောက် မှာ ထွက်ရမယ်။
ပထမဆုံးတစ်ယောက် နှင်းတောထဲ ဖြတ်ပြေးတာကို သူက ပြူတင်းပေါက်က ကြည့်နေခဲ့တယ်။ တစ်တောလုံးစက်သေနတ်သံတွေ ညံသွားပြီး အဲဒီလူလည်း လဲကျသွားတယ်။ ခဏကြာတော့ ဒုတိယလူလည်း ဖြတ်ပြေးပြန်တယ်။ စောစောကလိုပါပဲ။ စက်သေနတ်သံတွေ ညံသွားပြီး သူလည်း နှင်းတောထဲ လဲကျသွားခဲ့ပြန်တယ်။
ဒီ့နောက်တော့ ကျွန်တော့်သူငယ်ချင်းရဲ့ ဦးလေး အလှည့်ကို ရောက်လာခဲ့တယ်။ သူဟာ တံခါးဝမှာ ချီတုံချီချနဲ့ ဖြစ်နေမလား တော့ ကျွန်တော်မသိဘူး။ အဲဒီ အချိန် သူ့ခေါင်းထဲမှာ ဘယ်လိုအတွေးတွေနဲ့ ခေါင်းထဲမှာ တဒိန်းဒိန်း ဖြစ်နေမလဲ ကျွန်တော် မပြောနိင်ဘူး။ ကျွန်တော့်ကို ပြောပြတာတော့ သူဟာ နှင်းတောထဲကို အစွမ်းကုန် ခြေကုန်သုတ်ပြေးတယ်။ သူ့စိတ်ထဲမှာ မဆုံးတမ်း ပြေးနေရသလိုပဲ။ ဒီ့နောက်မှာ ရုတ်တရက် ခြေထောက်မှာ စူးခနဲ ဖြစ်သွားခဲ့တယ်။ ဒီ့နောက်မှာ ခန္ဒာကိုယ်တစ်ခုလုံး ပူထူသွားတယ်။ နောက် စက္ကန့်ပိုင်းလောက်အကြာမှာတော့ သူသတိလစ်သွားတော့တယ်။
သူပြန်နိးလာတော့ သူဟာ လယ်သမားတစ်ယောက်ရဲ့ လှည်းထဲမှာ ပက်လက်ကလေး ပါလာတာကို တွေ့ရတယ်။ သူ့မှာ အချိန်တွေ ဘယ်လောက်ကြာသွားသလဲ မသိ၊ သူ့ကို ဘယ်လိုကယ်တင်လိုက်သလဲ သူမသိ။ မြင်းလား နွားလား မသိဆွဲနေတဲ့ လှည်းပေါ်မှာလှဲပြီး မျက်လုံးအပြူးသားနဲ့ လယ်သမားရဲ့ဦးခေါင်းကို အနောက်ကနေ ငေးကာ လိုက်ပါလာခဲ့တယ်။ အဲဒီဦးခေါင်းကြီးကို လေ့လာနေတုန်း စက္ကန့်ပိုင်းပဲ ရှိသေးတယ်။ တောထဲက ကျယ်လောင်လှတဲ့ ပေါက်ကွဲသံကြီး တစ်ခု ကြားလိုက်ရတယ်။ သူ့မှာ အားအင်ကုန်ခန်းနေတဲ့ အတွက် လှုပ်တောင် မလှုပ်နိင်ဘူး။ ရုတ်တရက် ပြုတ်ထွက်သွားတဲ့ အဲဒီ ဦးခေါင်းကြီးကို ဒီအတိုင်း ဆက်ကြည့်နေမိတယ်။ စောစောကတင် ကိုယ်လက်အင်္ဂါ အပြည့်အစုံနဲ့ လယ်သမားဟာ အခုတော့ ခေါင်းမပါတဲ့ လူတစ်ယောက်ဖြစ်သွားခဲ့တယ်။
အသံတွေ ပိုဆူလာခဲ့ပြီး အခြေအနေက ပိုယောက်ယက်ခတ်လာတယ်။ မြင်းက လှည်းကို ဆက်ဆွဲနေသေးလား ဆိုတာတော့ ကျွန်တော်လည်း မပြောတတ်ဘူး။ ဒါပေမယ့် မိနစ်ပိုင်းအတွင်း ဒါမှမဟုပ် စက္ကန့်ပိုင်းတောင် ဖြစ်နိင်တယ်၊ လမ်းတစ်လျှောက် ရုရှားတပ်ကြီးတစ်တပ်   ဆင်းချလာခဲ့တယ်။ ဂျစ်ကားတွေ တင့်ကားတွေ နဲ့ အောင်ပွဲခံလာတဲ့ စစ်သားတွေ။ အရာရှိက အက်စ်ဦးလေးရဲ့ ခြေထောက်ကို တစ်ချက်ကြည့်ပြီး အနီးအနားမှာဖွင့်ထားတဲ့ ယာယီဆေးခန်းရှိရာ ချက်ခြင်းစေလွတ်တယ်။ ဆေးခန်းဖွင့်ထားတဲ့နေရာက ခနော်နီ ခနော်နဲ့ သစ်သားတင်းကုပ်လေးပါပဲ။ ကြက်တဲဘဲတဲ ဖြစ်နိင်သလို လယ်စောင့်တဲလဲ ဖြစ်နိင်တယ်။ အဲဒီက ရုရှားဆရာဝန်က ခြေထောက်ကို ကြည့်ပြီး ပြန်မရနိင်တော့ဘူးလို့ ပြောတယ်။ ဒဏ်ရာက ပြင်းလွန်းလို့ ဖြတ်ပစ်လိုက်မှ ဖြစ်မယ်လို့ ဆိုတယ်။
ကျွန်တော့်သူငယ်ချင်းရဲ့ ဦးလေးလည်း ငယ်သံပါအောင် အော်တော့တယ်။ကျွန်တော့်ခြေထောက်ကိုတော့ မဖြတ်လိုက်ပါနဲ့ တောင်းပန်ပါတယ်။ ခြေထောက်ကို မဖြတ်ပါနဲ့နော် လို့ သူ ငိုပြတယ်။ ဒါပေမယ့် ဘယ်သူမှ သူပြောတာကို နားမထောင်ကြဘူး။ ဆေးအကူတွေက သူ့ကို ခွဲစိတ်ခုံပေါ်တင်လိုက်ကြတယ်။ ဆရာဝန်က လွှကို ကောက်ကိုင်နေပြီ။ သူက ခြေထောက်အရေပြားကို ထိုးခွဲဖို့ လုပ်ရုံရှိသေး နောက်ထပ် ပေါက်ကွဲမှုတစ်ခုဖြစ်သွားတယ်။ ဆေးခန်းလေးရဲ့ အမိုးတွေ အကုန်ပြိုကျ၊ နံရံတွေ ပြိုလဲ၊ နေရာတစ်ခုလုံးအကုန်ု ပြိုပျက်လို့။ တစ်ဖန် အက်စ်ရဲ့ ဦးလေးဖြစ်သူမှာ သတိလစ်သွားပြန်ပါတယ်။
ဒီတစ်ခါ သူပြန်နိုးလာတော့ အိပ်ယာပေါ်မှာ လှဲနေတာကို သတိပြုမိလိုက်တယ်။ အိပ်ယာခင်းတွေက သန့်ရှင်းပြီး နူးညံ့တယ်။ အခန်းရဲ့ အနံ့အသက်က လည်း ကောင်းမွန်တယ်။ သူ့ခြေထောက်က ခန္ဒာကိုယ်မှာ တွဲလျက်ရှိနေဆဲ။  ခဏကြာတော့ လှပတဲ့ မိန်းခလေးတစ်ယောက်ရဲ့ မျက်နှာကို တွေ့လိုက်ရတယ်။ သူမက သူ့ကို ပြုံးပြပြီး အရွက်ပြုတ်ဟင်းချိုကို ဇွန်းနဲ့ ခပ်တိုက်ပေးနေခဲ့တယ်။ ဘာတွေ ဘယ်လိုဖြစ်ပျက်သွားသလဲတော့ သူလဲ မသိ။ ဒါပေမယ့် သူဟာ နောက်တစ်ကြိမ် ကယ်တင်ခြင်းခံရပြီး ဆေးခန်းနောက်တစ်ခုကို အပို့ခံရပြန်ပါပြီ။ အက်စ်ရဲ့ ဦးလေးခမျာ မိနစ်အတန်ကြာတဲ့ အထိ သူဟာ သေသွားတာလား ရှင်လျက်ပဲလားဆိုတာ မရေရာခဲ့။ သူ့မှာ ကောင်းကင်ဘုံမှာ နိုးလာရသလိုထင်မိတယ်။

သူလည်း နာလန်ထလာတဲ့အထိ အဲဒီ အိမ်မှာပဲ ဆက်နေခဲ့တယ်။ ပြီးတော့ အဲဒီ မိန်းမချောလေးနဲ့ ကြိုက်သွားကြတယ်။ ဒါပေမယ့် ရိုမန်တစ် ဇတ်လမ်းလေးတော့ ဖြစ်မလာခဲ့ဘူး။ ကျွန်တော့်အနေနဲ့ ဘာကြောင့် လည်းဆိုတာ ပြောပြချင်ပါတယ်။ ဒါပေမယ့် အက်စ်ရဲ့ ဦးလေးက ဘယ်တော့မှ အသေးစိတ်မပြောပြခဲ့ပါဘူး။ ကျွန်တော် အသေအချာ သိတာကတော့ အက်စ်ရဲ့ ဦးလေးဟာ သူ့ခြေထောက်ကို ပြန်ရခဲ့တယ်ဆိုတာပဲ။ စစ်ကြီး ပြီးသွားတာနဲ့ သူလည်း အမေရိကားကို သွားပြီး ဘဝသစ်တစ်ခု စတင်ခဲ့တယ်။ ဘယ်လိုဖြစ်တယ်တော့ မသိပါဘူး (အခြေအနေတွေက မထင်မရှားနိင်လွန်းပါတယ်) သူဟာ ချီကာဂိုမှာ အာမခံအရောင်းသမား အနေနဲ့ ပဲ နေထိုင်သွားတော့တယ်။