Tuesday, January 31, 2012

ပျင်း ပျင်း နဲ့ ရေးလိုက်တဲ့ ဝထ္ထု

ပျင်း ပျင်း နဲ့ ရေးလိုက်တဲ့ ဝထ္ထု

အိမ်ထဲမှာ နေရတာ ပျင်းလို့ အပြင်ထွက်လာတာဗျာ၊ အပြင်မှာ ရွာတဲ့ မိုးက ပိုပြင်းဖို့ ကောင်းနေခဲ့တယ်၊ အဲဒါ ပျင်းပျင်းနဲ့ ကျွန်တော်

လဲ ခင်ဗျားတို့ဆီ ဝင်လာခဲ့တာပဲ

ကိုမြင့်ဆွေ၏ ပျင်းရိဖွယ်စကားကြားပြီး ကျွန်တော်ကော ကိုသက်တင်ပါ တစ်ယောက်ကို တစ်ယောက် ပျင်းပျင်းရိရိ လှမ်းကြည့်လိုက်မိ

သည်။

တကယ်တော့ ကိုမြင့်ဆွေသည် ဘဝကို အကြီးအကျယ် ငြီးငွေ့နေသူ တစ်ဦးဖြစ်သည်၊ သူ့ပါးစပ်က အမြဲလို ပြောလေ့ရှိသည်မှာ

ပျင်းဖို့ကောင်းလိုက်တာဗျာ ဟူ၍ ဖြစ်သည်၊ ကျွန်တော်တို့ ပြောသော စကားဝိုင်းတွင်လည်း သူသည် ဘာတစ်ခွန်းမှ ဝင်ပြောလေ့

မရှိပဲ တဝါးဝါးသန်းကာ ဘေးမှ ထိုင်နားထောင်နေလေ့ရှိသည်၊ တစ်ခါတစ်ရံတွင် စကားဝိုင်းသိမ်းသည် အထိပင် မစောင့်တော့ပဲ

ပျင်းတယ်ဗျာ ဟူ၍ ထပြန်သွားတတ်သေးသည်။

အကြောင်းသိနေသော ကျွန်တော်တို့မှာ သူ့ သဘောကျ လွှတ်ထားလိုက်သည်၊ တားဆီးရန် မကြိုးစားပေ၊ လောက တွင်သူ့ကို

တားဆီး ထိန်းချုပ်နိင်သော အရာလည်း ရှိပုံမရ၊ တားဆီး ထိန်းချုပ်ရန် ကြိုးစားခဲ့ဖူးသော သူ၏ ဇနီးဟောင်းသည်လည်း ယခုအခါ

မည်သည့်အရပ်သို့ လက်လျှော့ထွက်ခွာသွားရပြီ မသိ၊ သူသည် သူ့ဇနီးကို လက်ထပ်ပြီး နှစ်ရက်အကြာတွင် ကွာရှင်းခဲ့သည်၊

(အိမ်ပြန် နောက်မကျရန် တိုက်တွန်းသည့် အတွက်ကြောင့်ဟု ဆိုသည်)

ထို့နောက်တွင် သူသည် မည်သည့် မိန်းမကိုမျှ စိတ်မဝင်စားတော့၊ စာအုပ်များကိုသာ သဲကြီး မဲကြီး ဖတ်နေခဲ့သည်၊ သို့သော်

နောက်ပိုင်းတွင် စာအုပ်များကိုလည်း စိတ်မဝင်စားတော့၊ ဘာကိုမျှလည်း စိတ်ဝင်တစား အလေးထားဟန် မရှိတော့။

တစ်နေ့ ရှစ်ထပ်တိုက် ခေါင်မိုးပေါ်တွင် အောက်မဆင်းရဲပဲ ကြောက်ရွံ့နေရှာသော ကြောင်လေးတစ်ကောင်ကို တက်ရောက်ကယ်

တင်ရာမှ သတင်းသမား ကိုသက်တင်နှင့် တွေ့ဆုံခင်မင်ခဲ့ကြသည်၊ တစ်ဖန် ကိုသက်တင်မှ တဆင့် ကျွန်တော်နှင့်ပါ ရင်းနှီးလာခဲ့

သည်။

ကိုမြင့်ဆွေနှင့် ပက်သက်၍ ကိုသက်တင်နှင့် ကျွန်တော် မကြာခဏ ဆွေးနွေးကြသည်၊

ဒီလူ့ဘဝက ပျင်းလဲ ပျင်းလောက်စရာဗျာ၊ မွေးကတည်းက ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင်နဲ့ သူဌေးသား ဘဝ ရခဲ့တယ်၊

အရွယ်ရောက်လာတော့လည်း ဘာအလုပ်မှ မည်မည်ရရ လုပ်စရာ မလိုလောက်အောင် မကြောင့်မကြ နေခဲ့ရတယ်၊သူ့မိဘတွေ ဆုံး

တော့လည်း သူ့မှာ တစ်သက်စားမကုန်အောင်ကို အမွေတွေ ချန်ထားခဲ့တယ်၊ သူ့မှာ မိန်းမလဲ မရှိ၊ တခြား သူဌေးသားတွေလိုလည်း

အသောက်အစား၊ အပျော်အပါး၊ လောင်းကစား ကင်းတော့ ဘဝမှာ တွယ်ငြိစရာ သိပ်မရှိပဲ သိပ်ပျင်းဖို့ ကောင်းနေတာပေါ့ဗျာ

ကိုသက်တင် ပြန်ပြောပြတော့ ကျွန်တော့်မှာ ကိုမြင့်ဆွေကို မနာလိုပဲ ဖြစ်ရမလို၊ သနားပဲ သနားရမလို ဖြစ်ရသည်၊

ကံဆိုတာ ကောင်းလွန်းအားကြီးရင်လည်း ကြောက်စရာပဲ နော်

ကျွန်တော့် စကားကို ကိုသက်တင် သဘောကျစွာ ရယ်နေခဲ့သည်၊ ကိုသက်တင်သည် သတင်းဌာန တစ်ခုမှ ဝန်ထမ်းတစ်ဦးဖြစ်သည်၊

သတင်းသမားတို့ ထုံးစံအတိုင်း နေရာတကာ ဟိုစပ်စပ် သည်စပ်စပ် သိသည်၊ သူသည် အမှတ်အသားလည်း ကောင်းသူတစ်ဦးဖြစ်

သည်၊ သူ နှင့် စကားပြောရသည်မှာ စွယ်စုံကျမ်းတစ်စောင် ဖွင့်ဖတ်ရသလိုမျိုး ခံစား ရတတ်သည်၊ တခါတရံ သူ၏ ဗဟုသုတ ကြွယ်ဝ

ပုံမှာ မနာလိုစရာပင် ကောင်းသေးတော့သည်၊ ထိုအကြောင်း ကျွန်တော် ကိုမြင့်ဆွေကို ပြောပြတော့ သူက မတုန်မလှုပ် မှတ်ချက်ပေး

သည်။

ကောင်းတာပေါ့ဗျာ၊ လောက ကြီးထဲမှာ နေထိုင်တဲ့ သူ တစ်ယောက် အနေနဲ့ လောကကြီး အကြောင်း စိတ်ဝင်စားတာ ကောင်းတာ

ပေါ့၊ ဖြစ်နိင်ရင် များများ သိထားလေ ကောင်းလေပေါ့၊ အဲ ဒါပေမယ့် ကျွန်တော့်လိုတော့ မဖြစ်စေချင်ဘူးဗျာ၊ ကျွန်တော်ဟာ အသိ

တရားနောက်ကို တမ်းတမ်းစွဲလိုက်ရင်းနဲ့ အနောက်တိုင်း ဒဿနတွေ၊ အရှေ့တိုင်း ဒဿနတွေ၊ နောက်ဆုံး ဘာသာရေး ကျမ်းတွေ

ပါ မကျန် မွှေနှောက်ခဲ့တယ်၊လေ့လာခဲ့တယ်၊ ဒါပေမယ့် နောက်ဆုံး ကျွန်တော် ရရှိခဲ့တာကတော့ ဘာကိုမှ သိပ်ပြင်းပြင်းပျပျ သိချင်စိတ် မရှိတော့တာပါပဲဗျ။

မှတ်မှတ်ရရ ထိုစကားများကို ပြောဆိုပြီး နောက်ပိုင်း ကိုမြင့်ဆွေနှင့် ကျွန်တော် ထပ်မံ မဆုံတွေ့ဖြစ်ကြတော့၊ သူ၏ သတင်းများကို

တော့ ကိုသက်တင်မှတဆင့် ကျွန်တော် ပြန်လည် ကြားရတတ်သည်၊ သူ အမွေရရှိခဲ့သော ခြံနှစ်ခြံအနက် တစ်ခြံကို တိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေး အဖွဲ့သို့ လှူဒါန်းခဲ့ကြောင်း၊ သူ့အိမ်မှ ကတ်ဆတ်နှင့် တီဗွီကို သူ့ခြံလာရှင်းပေးသော မာလီ မိသားစုကို

ပေးပစ်လိုက်ကြောင်း၊ ဘုရားပွဲအတွက် အလှူလာခံသော ရပ်ကွက်လူကြီး တစ်ချို့ကို လေသေနတ်နှင့် လိုက်ပစ်သည့် အကြောင်း

စသည် စသည် ဖြင့် ကြားနေခဲ့ရသည်။

ဒီလူ့ ကြည့်ရတာ လောကကြီးထဲမှာ မနေပဲ အပြင်ရောက်နေသလိုပဲဗျာ၊ လောကမှာ ဖြစ်ပျက်သမျှဟာ သူနဲ့ မဆိုင် သလိုပဲ၊ နေလည်းနေနိင်တဲ့ သူဗျာ၊ သူ့ကို ကြည့်ရင် တရားဓမ္မ တစ်ခုခုကို ကိုယ်ပိုင် ရှာဖွေတွေ့ရှိထားသလိုပဲ၊ ဘယ်အရာကိုမှ အထူးတလည်

အံ့သြနေတာမျိုးလည်း မရှိဘူး၊ ဝမ်းနည်းဝမ်းသာ ဖြစ်တာမျိုးလည်း မရှိဘူး၊ သူ့ဘဝမှာ စိတ်လှုပ်ရှားလောက်စရာ ကိစ္စ ရှိရဲ့လားလို့

တောင် မေးစရာပဲဗျ။

တစ်ခါက သူ ကျွန်တော့်ကို စကားတစ်ခွန်း ပြောဖူးတယ်၊ လူတစ်ယောက်ဟာ ဘဝမှာ တစ်ခုခုကို မက်မောဖို့တော့ လိုတယ်တဲ့

သူ့ကြည့်ရတာ ဘာကိုမှလည်း သိပ်မက်မောပုံ မပေါ်ဘူး၊ သူ့ ဘဝမှာ လိုလေသေး မရှိအောင် ပြည့်စုံနေတာလည်း ပါမှာပေါ့ဗျာ၊

သူ့ ဘဝကို စောစောစီးစီး စိတ်ကုန်နေတာလည်း ဒါ့ကြောင့်ပဲ ထင်ပါရဲ့၊

ကို သက်တင်က သူ့ထင်မြင်ချက်ကို ကျွန်တော့်အား ပြောပြသည်၊ ကျွန်တော်က

အေးပေါ့ဗျာ၊ ခင်ဗျားကတော့ တစ်လောကလုံးရဲ့ အဖြစ်အပျက်တွေကို နိစ္စဓူဝ ကြားနေရတော့ ဘဝဟာ စိတ်ဝင်စားစရာ ကောင်းနေ

မှာပေါ့

မထင်နဲ့ဗျ၊ ခင်ဗျားက ဘေးက ကြည့်ပြီး ကျွန်တော့ ဘဝကို စိတ်ဝင်စားနေတာ၊ ကျွန်တော်ကတော့ ကိုယ့်ဘဝကိုယ် နေ့စဉ်သတင်း

စာတွေနဲ့ ရှုပ်ပွနေတဲ့ အခန်းတစ်ခန်းလို့ပဲ မြင်တော့တယ်၊ အဲဒီ အခန်းထဲ အခြား တန်ဖိုးရှိတဲ့ ပစ္စည်း ဘာတစ်ခုမှ ယူဆောင်လာလို့

မရလောက်အောင် ရှုပ်ပွပြည့်နှက်နေတဲ့ အခန်းမျိုးပေါ့ဗျာ။

ခင်ဗျား စဉ်းစားကြည့်လေ၊ လောကကြီးမှာ ဖြစ်ပျက်နေသမျှဟာ အချိန်နဲ့ နေရာပဲ ကွဲသွားတယ်၊ အားလုံး ခပ်ဆင်ဆင် အဖြစ်တွေပါပဲ၊

သဘာဝ ဘေး အန္တရယ်တွေ၊ ဆင်းရဲငတ်မွတ်မှုတွေ၊ စစ်ပွဲတွေ၊ နိင်ငံရေး ကစားပွဲတွေနဲ့ ရာဇဝတ်မှုတွေ၊ စာရင်းချုပ်ကြ ည့်ရင် ဒါတွေ

ပါပဲ ဗျာ။ ကျွန်တော်တို့ ကြီးကြီးကျယ်ကျယ် ပြောနေကြတဲ့ သမိုင်းခေတ်တို့ ဘာတို့ဆိုတာလည်း ဒါပါပဲဗျာ။

ကြာလာတော့ သတင်းတွေဟာ ကျွန်တော့်အတွက် အချက်အလက်တစ်ခုထက်မပိုတော့ဘူး၊ တကယ်ဖြစ်နေတဲ့ အရာတွေလို့ကို

မထင်တော့ဘူး၊ ကျွန်တော်ဟာ သတင်းအချက်အလက် ကမ္ဘာထဲမှာ ပဲ ရှင်သန်နေခဲ့တယ်၊ ကျွန်တော့် မျက်စိရှေ့က တကယ့် ကမ္ဘာ

ကို မသိတော့ပါဘူး၊ ဒါပေမယ့် ဒါဟာလည်း ကျွန်တော် ရွေးချယ်ခဲ့တဲ့ ဘဝတစ်ခုပဲလေဗျာ။

ကိုသက်တင်က ဤသို့ ငြီးငြီးညူညူ ပြောတော့ ကျွန်တော့် အလုပ်နှင့် ပက်သက်၍ ကိုမြင့်ဆွေပြောဖူးသော စကားတစ်ခွန်းကို သတိရ

မိသည်၊ ကျွန်တော့်အလုပ်မှာ ရှေးဟောင်းသုတေသန လုပ်ငန်းဖြစ်သည်၊ ကိုမြင့်ဆွေက ကျွန်တော့်ကို ခင်ဗျားဟာ ပျင်းဖို့ကောင်းတဲ့

ကမ္ဘာကြီးထဲမှာ ပျင်းဖို့အကောင်းဆုံးအလုပ်ကို လုပ်နေတဲ့ သူပဲဗျာ၊ ကျွန်တော် အရမ်းအံ့သြတယ် ဟု ဆိုသည်။

ကျွန်တော် ပြုံး၍ သာနေခဲ့သည်၊ တကယ်တော့ သူမသိသည့် အချက်မှာ ကျွန်တော်သည် ဤရှေးဟောင်းသုတေသန လုပ်ငန်းကို မည်

မျှ စိတ်ဝင်စားပြီး မည်မျှ အလေးအနက်ထားသည်ဆိုတာပင်၊ တကယ်တော့ လွန်ခဲ့သော နှစ်ရာထောင်ချီက ရှိခဲ့သော ယဉ်ကျေးမှု

အငွေ့အသက်မျိုး၊ ခံစားမှုမျိုးကို ရှေးဟောင်းပစ္စည်းတစ်ခုကို ထိတွေ့ကိုင်တွယ်ခြင်းအားဖြင့်သာ ရရှိနိင်သည်၊ ခံစားနိင်သည် ဆိုတာ

ရှေးဟောင်းသုတေသန သမားက လွဲလို့ သာမာန်လူများ နားလည်နိင်မည်မဟုပ်ပေ။

သို့သော် ကိုမြင့်ဆွေက ကျွန်တာ့်ကို တစ်ခုတော့ ပြောခဲ့သည်။

ဒါပေမယ့် ခင်ဗျားကို ကြည့်ရတာ ဘဝကို ကျေနပ်နေပုံပဲဗျ

ကျွန်တော် ငြင်းဆိုဖို့ မကြိုးစားခဲ့ပါ

xxxxxxxxxx

ဤသို့ဖြင့် နှစ်အတန်ငယ် ကြာသွားခဲ့သည်၊ ကျွန်တော်လည်း သုတေသနမှူး တာဝန်ဖြင့် ရှေးမြို့ဟောင်း တစ်မြို့ကို တူးဖော်ရန် နယ်

ရောက်သွားခဲ့သည်၊ သူတို့ နှစ်ယောက်စလုံးနှင့် မဆုံဖြစ်ကြတော့၊ တစ်ရက်တွင် ကိုမြင့်ဆွေ မိမိကိုယ်ကို သတ်သေသွားကြောင်း ကို

သတင်းအတိုလေး တစ်ပုဒ်အဖြစ် ဖတ်ရှုလိုက်ရသည်၊ ရေးသားပေးပို့သူက ကို သက်တင်၊ သတင်းထဲတွင်တော့ ကိုမြင့်ဆွေ သတ်

သေသည့် နေ့က ဒိုင်ယာရီထဲတွင် နောက်ဆုံးရေးသား သွားခဲ့သော စာကြောင်းတစ်ကြောင်းကို ကူးယူဖော်ပြထားပါသည်။

ခင်ဗျားဟာ ဘဝရဲ့ အမှန်တရားနဲ့ ပက်သက်လို့ တစ်စုံတစ်ရာကို သိမြင်ပြီး၊ အဲဒီ တစ်စုံတစ်ရာကို ဘယ်သူ့ကိုမှ နားလည်အောင်

ရှင်းမပြနိင်တဲ့အခါ ခင်ဗျားဟာ အမှန်တရားရဲ့ ကျိန်စာ သင့်ခံရတဲ့သူတစ်ယောက်ဘဝကို အလိုလို ရောက်ရှိသွားပါလိမ့်မယ် တဲ့

ထိုစာကြောင်းသည် ကိုမြင့်ဆွေ မိမိကိုယ်ကို သတ်သေပြပြီး ဖွင့်ဟ ဖော်ထုပ်ခဲ့သော သူ၏ ကိုယ်ပိုင် ဒဿန ကြေငြာစာတမ်းတစ်ခု

ပေလား၊ ဒါမှ မဟုပ်၊ ဘဝကို ကျိန်စာတစ်ခုလို သဘောထားသော ကိုမြင့်ဆွေ၏ နောက်ဆုံးသတိပေးမှာကြားချက်တစ်ခုပေလား၊

သူကိုယ်တိုင်မှ လွဲ၍ မည်သူမျှ မသိနိင်တော့ပေ။

ဒီနိုဗို ရေးသားသည်

မှတ်ချက်။ ။တေးကဗျာဟု ထင်ရသော မဂ္ဂဇင်းတစ်စောင်တွင် ဖော်ပြခဲ့ဖူးပါသည်။

Friday, January 27, 2012

ရပ်နားခြင်း ရောက်ရှိခြင်းနှင့်....

ရည်ညွှန်းချက်။ ။ ခံစားတတ်သူများ နှင့် မခံစားတတ်သူများ အတွက်.................

ရပ်နားခြင်း ရောက်ရှိခြင်းနှင့်....

(၁)

ယနေ့ စနေ နေ့ ဖြစ်သည်၊ ထို့ကြောင့် မနက်ဖြန်သည် တနင်္ဂနွေ ဖြစ်ရပေမည်၊

ကျွန်တော်သည် တနင်္ဂနွေနေ့ဆီ သွားနေခဲ့သည်

ကျွန်တော်သည် သူမဆီ သွားနေခဲ့သည်၊

ကျွန်တော်သည် မြေနီလမ်းလေးဆီ သွားနေခဲ့သည်။

သူမသည် ကျွန်တော်ချစ်သော သူ ဖြစ်သည်၊ ထို့ကြောင့် သူမသည် ကျွန်တော့် ချစ်သူ ဖြစ်ရပေမည်။

ကျွန်တော်သည် သူမကို မြတ်မြတ်နိုးနိုး ချစ်နေခဲ့သည်

ကျွန်တော်သည် တနင်္ဂနွေကို မြတ်မြတ်နိုးနိုး ချစ်နေခဲ့သည်

ကျွန်တော်သည် မြေနီလမ်းလေးကို မြတ်မြတ်နိုးနိုး ချစ်နေခဲ့သည်

မြေနီလမ်းလေးသည် တစ်စုံတစ်ရာ လပ်ဟာနေသော လမ်းကလေး ဖြစ်သည်၊ ထို့ကြောင့် လမ်းကလေးသည် ငြိမ်ဆိတ်ဆွံ့အ၍

နေခဲ့သည်။

ကျွန်တော်သည် လမ်းကလေးကို တစ်စုံတစ်ရာ ဖြည့်ဆည်းပေးချင်မိသည်

ကျွန်တော်သည် တနင်္ဂနွေကို တစ်စုံတစ်ရာ ဖြည့်ဆည်းပေးချင်မိသည်

ကျွန်တော်သည် သူမကို တစ်စုံတစ်ရာ ဖြည့်ဆည်းပေးချင်မိသည်။

xxxxxxxxxxxxxxxxxxxxxxx

(၂)

ဤသို့ဖြင့်...

အမြဲလိုပင်

တနင်္ဂနွေသည် သူမ ဖြစ်သွားခါ မြေနီလမ်းကလေးတစ်လျှောက် အချိန်မှန် လျှောက်လှမ်း၍ လာနေခဲ့ပါသည်။

အမြဲလိုပင်

မြေနီလမ်းကလေးသည် ကျွန်တော်ဖြစ်သွားကာ အစဉ်အမြဲ ငြိမ်ဆိတ်ဆွံ့အလျက် တစ်စုံတစ်ရာကို လပ်ဟာ၍ ကျန်ရစ်ပါသည်။

အမြဲလိုပင်

သူမသည် ကျွန်တော့်ကို အကြိမ်ကြိမ် ဖြတ်ကျော်ကာ တနင်္ဂနွေများစွာကို စုပုံချန်ထားရစ်ခဲ့ပါသည်

xxxxxxxxxxxxxxxxxxxxx

(၃)

ကျွန်တော်သည် တနင်္ဂနွေနေ့များသာ ပါဝင်သော ပြက္ခဒိန် တစ်စောင်လည်း ဖြစ်ပါသေးသည်။

ဒီနိုဗို ရေးသားသည်

မှတ်ချက်။ ။ နှစ်ဆယ်ရာစု နှောင်းပိုင်းတွင် ရေးဖြစ်ခဲ့ပါသည်။

Thursday, January 26, 2012

မီး

မီး

ရှင်းလင်းချက် (၁)

အထက်တွင် ဖေါ်ပြထားသော ခေါင်းစဉ်သည် ကျွန်တော့် ကောင်မလေး၏ အမည်မဟုပ်ခဲ့ပါ၊ ကျွန်တော့်ကောင်မလေးဆိုသည်မှာ

ကျွန်တော် ချစ်သော ကောင်မလေးကို ဆိုလိုပါသည်။ ကျွန်တော့်ကို ချစ်သော ကောင်မလေးဟု အဓိပါယ်ကောက် မမှားစေချင်ပါ၊

မှားချင်းမှားလျင် ကျွန်တော် တစ်ယောက်ထဲသာ မှားချင်ပါသည်၊ အဘယ့်ကြောင့်ဆိုသော် ကျွန်တော်သည် ထိုကောင်မလေးကို

ချစ်ခဲ့မိသောကြောင့် ဖြစ်ပါသည်။

ချစ်ခြင်း...၊ ချစ်ခြင်းဆိုသည်မှာ မြင်နိင်သော အရာမဟုပ်သောကြောင့် ကျွန်တော် အထူးမဆိုချင်ပါ၊ မြင်နိင်သောအရာဖြစ်သည့်

ကျွန်တော်၏ ကောင်မလေး အကြောင်းကိုသာ ပြောရန်ရှိပါသည်။

ကျွန်တော်၏ ကောင်မလေးသည် အမွှေးထူထပ်သော ကြောင်လေးတစ်ကောင်လို နူးညံ့နွေးထွေးသည့် အငွေ့အသက် ရှိပါသည်။

သူမ ရောက်လေရာ အရပ်တိုင်းတွင် အရောင်များသည် ပူနွေးစိုစွတ်လာတတ်ပါသည်၊ ထို့အတွက် ရာသီများကို ပြောင်းစေနိင်သူဟု

ဆိုရမည်လား မပြောတတ်ပါ၊ ဖြစ်ကောင်း ဖြစ်နိင်ခဲ့သည်ကတော့ ရာသီများကို မှားယွင်းစေခဲ့ခြင်းပင်၊ တစ်ချိန်ချိန်၏ တစ်ချိန်ချိန်

ကျွန်တော်၏ ခြောက်ကပ်နေသော ဆောင်းရာသီ ပန်းချီကားချပ်များကို ပြပွဲတင်လျင် သူမကို အကူအညီတောင်းမည်ဟုပင်

စိတ်ထဲမှာ တေးမှတ်ထားမိပါသေးသည်။ သို့သော် တစ်ခုရှိသည်မှာ သူမ၏ ရယ်မောသံများသည် စမ်းချောင်းလေးတစ်ခုလို

လှိုက်လှဲချိုလွင်နေတတ်သဖြင့် ကျွန်တော်၏ ဆောင်းရာသီ ရေခဲပြင်ကြီး အစိတ်စိတ်အမွှာမွှာ အက်ကွဲကြေမွပြီး ရုန်းရင်းဆန်ခတ်

မျောပါသွားမှာ ကိုလည်း စိုးမိပါသေးသည်။

မည်သို့ပင် ဖြစ်စေ ပန်းသီးဆန်လွန်းလှသည့် သူမ၏ အကြည့်များကိုတော့ ကျွန်တော် အတည့်အလင်း စားသုံးရန် မဝင့်ရဲခဲ့ပါ၊

ဤအတွက် ကြိမ်ဖန်များစွာ အော်ဟစ်မြည်ကြွေးမိသော်လည်း ဘယ်သောအခါမှ သီချင်းတစ်ပုဒ် မဖြစ်ခဲ့ပါ၊ မြင်းခွာသံများသာ

နှလုံးသား ထဲတွင် ပဲ့တင်ထပ်နေခဲ့ပါသည်။

တကယ်တော့ ကျွန်တော်၏ ကောင်မလေးသည် အခြားသော ရွယ်တူ ကောင်မလေးများထက် ဘာတစ်ခုမှ ပို၍ ထူးခြားနေခဲ့သည်

မဟုပ်ပါ၊ သို့သော် အမှန်တကယ်ပင် ထူးခြားနေခဲ့ပါသည်၊ အဘယ်ကြောင့်ဆိုသော် ကျွန်တော်၏ ကောင်မလေး ဖြစ်နေသောကြောင့်

ဖြစ်ပါသည်၊ ကျွန်တော်၏ ကောင်မလေးသည် အများနည်းတူပင် နက်မှောင် ဖြောင့်စင်းသည့် ဆံနွယ်စများကို ပိုင်ဆိုင်ထားပါသည်။

အများနည်းတူပင် ကြည့်ပျော်ရှုပျော်ရုပ်ရည်တစ်ခုကို လှပတင့်တယ်အောင် ချယ်သထားပါသည်။ အများနည်းတူပင် သာမန်

ခန္ဒာကိုယ် အချိုးအစားကို လိုက်ဖက်ပြေပြစ်အောင် ဝတ်စားဆင်ယင် ထားတတ်ပါသည်။ သို့သော် (ထို သို့သော် သည် ဝါကျတစ်

ကြောင်းကို ဂ ကွေ့ ကွေ့စေခဲ့ပါသည်၊ မြဲမြံ ခိုင်မာမှု မရှိသော ဘဝတစ်ခုအတွက် အတော့ကို အန္တရယ်ကြီးမားသည့် အချိုးအကွေ့

တစ်ခုပင်) သူမ၏ ဘာမှ မထူးခြားသော ဆံစများသည် ကျွန်တော့်ကို ရစ်နှောင်ထားခဲ့ပါသည်၊ ယျေဘူယျအားဖြင့် ဘာမှ မထူးခြား

ဟု ဆိုနိင်သော သူမ၏ ရုပ်ရည်သည် ကျွန်တော့်ကို အံ့သြ ယူရလောက်အောင် ရူးသွပ်စေခဲ့ပါသည်၊ ထို့ပြင် ဘာဆိုဘာမှ မထူးခြား

သော သူမ၏ ကိုယ်ဟန်အနေအထားသည်လည်း ကျွန်တော့်ကို ခြောက်ခြောက်ခြားခြား စွဲလန်းစေခဲ့ပါသည်။

ဤအတွက် သူမကို နာမည်တစ်ခုခု ပေးရန် ကြိုးစားမိသေးသော်လည်း အောင်မြင်မှုမရခဲ့ပါ။ ကျွန်တော် ပေးခဲ့သော အမည်နာမ

အတော်များများသည် သူမအရံသင့် ဝတ်ဆင်နိင်လောက်အောင် မထည်ဝါခဲ့ကြပါ၊ ထို့ကြောင့် ကျွန်တော်သည် သူမနှင့် လိုက်ဖက်

သင့်တော်မည့် စကားလုံးများကို ရှာဖွေနေခဲ့မိပါသည်။ အကြိမ်ကြိမ်အထပ်ထပ် အဖယ်ရှားခံခဲ့ရသော စကားလုံးများသည် ကျွန်တော့်

ကျောက်သင်ပုန်း၏ ရှေ့တွင် မွစာကျဲနေခဲ့ပါသည်၊ သို့သော်ယခုထက်ထိ သူမနှင့် သင့်တော်မည့် စကားလုံးကို မတွေ့မိခဲ့ပါ၊ ဤသို့

ဖြင့် ကျွန်တော်သည် စကားလုံးများကို ရှာဖွေရင်း စကားလုံးများနှင့် ရင်းနှီးလာခဲ့ပါသည်၊ စကားလုံးများနှင့် ခင်မင်လာခဲ့ပါသည်၊ အချိန်

ကြာလာသည်နှင့်အမျှ သံယောဇဉ်များပင် ရစ်တွယ်လာခဲ့ပါသည်၊ ထိုသို့ ထိုသို့ဖြင့် စကားလုံးများသည် နှလုံးသားပေါ်တွင် မြက်ခင်း

တစ်ခင်းကိုသာ ဖြစ်ထွန်းစေခဲ့တော့သည်။ အခြားဘာအပင်မှတော့ မပေါက်ရောက် နိင်စေခဲ့ပါ၊ အထူးသဖြင့် ကျွန်တော် မွတ်သိပ်ခဲ့ သော ပန်းသီးလေးအတွက် လုံလောက် ကောင်းမွန်သည့် ရေမြေ အနေအထားကို ကျွန်တော် မပေးစွမ်းနိင်ခဲ့ပါ၊ စိုက်တဲ့အတိုင်း သိမ်း

ရိတ်နိင်ဖို့ရာ ရေခံမြေခံ ကောင်းဖို့လိုကြောင်း ဘုရားသခင် သိနိင်အောင် ကျွန်တော်ပြောချင်လှသော်လည်း မြက်ရိုင်းများသာ ထူထပ်

လာခဲ့သည်ကို ကြည့်ပြီး ကျွန်တော် စိတ်ကုန်ခမ်း နေမိပါသည်။

ရှင်းလင်းချက် (၂)

အထက်တွင် ဖော်ပြခဲ့သော အရာများ အားလုံးသည် စကားလုံးများသာ ဖြစ်ခဲ့ပါသည်၊ ကျွန်တော် ၏ ကောင်မလေး မဟုပ်ခဲ့ပါ၊ ပူပြင်း

လှသည့် နွေဥတု နေ့လည်ခင်းတစ်ခုတွင် ကျွန်တော့်ကောင်မလေး၏ နဖူးပြင်၌ ချွေးစို့နေမည်ဖြစ်သော်လည်း အထက်ပါ စကားလုံး

များသည် အနည်းငယ်မျှပင် ကိနြေ္ဒပျက် လိမ့်မည်မဟုပ်ပါ။ ဤအတွက် ကျွန်တော့် ခံစားချက်ကို ထုပ်ဖော်ပြောပြချင်သော်လည်း

စကားလုံးများသာ ထွက်ကျလာမည်ကို သိနေသည့်အတွက် ကျွန်တော် ပြောမပြချင်တော့ပါ။

မပြောမဖြစ် ပြောပြရမည် ဆိုလျှင်တော့ ဘဝ၏ တစ်ထောင့် တစ်နေရာ စကားလုံးများ၏ အကြောင်းကို စတင်သတိပြုမိချိန်တွင် ကျွန်တော်ကိုယ်တိုင်သည် စကားလုံးတစ်လုံး ဖြစ်နေကြောင်း အထိတ်တလန့် တွေ့ရှိခဲ့ရပါသည်၊ ကျွန်တော်သည် တစ်ခါတစ်ရံ

နာမ်အဖြစ်လည်းကောင်း၊ တစ်ခါတစ်ရံ နာမ်စားအဖြစ်လည်းကောင်း၊ တစ်ခါတစ်ရံ ကံ အဖြစ်လည်းကောင်း၊ တစ်ခါတစ်ရံ ကတ္တား

အဖြစ်လည်းကောင်း နေရာချထားခြင်း ခံရတတ်ပါသည်၊ ဤအတွက် ရွေးခြယ်နိင်ခွင့်ကို မရဲတရဲ တောင်းဆိုမိပါသော်လည်း ကျွန်တော့် ဝါကျများတွင် ကြိယာများး မပါလာခဲ့ကြပါ၊ ထို့ကြောင့် ကျွန်တော့် ဝါကျများသည် အတော့်ကို အဓိပါယ် မဲ့နေခဲ့ကြပါ

သည်။

အနည်းဆုံး ဘဝ ဟူသော စကားလုံးတွင်ပင် အက္ခရာ နှစ်လုံး ပါဝင်ခဲ့သော်လည်း ကျွန်တော့်တွင် တွဲစပ်စရာ အက္ခရာ တစ်လုံးမျှ

မရှိခဲ့ပါ၊ ထို့ကြောင့် တစ်ခါတစ်ရံတွင် ကိုယ့်ကိုယ်ကို မှင်ဖျက်ဆေးဖြင့် သုတ်သင် ရှင်းလင်းပစ်ဖို့ပင် စိတ်ကူးမိပါသည်၊ သို့သော်

ယန်းပေါဆတ်၏ စကားလုံးအချို့ကြောင့် ကျွန်တော်၏ အကြံအစည် အထမမြောက်ခဲ့ရပါ။

တကယ်တော့ မှင်ဖျက်ဆေးဆိုသည်မှာလည်း ဘဝ၏ အမှားအယွင်းများကို ချေဖျက်ရန် မဟုတ်ခဲ့ပါ။ ဤသို့သာ ဆိုလျင် ကျွန်တော့်

ဘဝတစ်ခုလုံးတွင် ဖျက်ရာများဖြင့်သာ ပြည့်နှက်နေပေလိမ့်မည်။ တကယ်တော့ ဘဝကို ချေဖျက်ပစ်လို့ မရသလို ဘဝ ၏ အမှား

အယွင်းများကို ချေဖျက်ပစ်လို့ မရနိင်ခဲ့ပါ၊ မှင်ဖျက်ဆေးများသည် အမှားအယွင်းများကို ယာယီ မှေးမှိန်သွားရုံသာ ဖုံးကွယ်ထားနိင်

ခဲ့ပါသည်၊ လုံးလုံး ပျောက်ကွယ်သွားအောင် မစွမ်းဆောင်နိင်ခဲ့ကြပါ၊ ထို့ကြောင့် ကျွန်တော့်ထံတွင် အမှားအယွင်းများ စုပုံနေခဲ့ပါ

သည်၊စကားလုံးများလည်း စုပုံနေခဲ့ပါသည်၊ ကောင်မလေး၏ ပန်းသီး လှလှလေးများလည်း စုပုံနေခဲ့ပါသည်၊ ထို အစုအပုံများကို

ခင်းကျင်းရန် ကျွန်တော့်ထံတွင် နေရာအလုံအလောက် ရှိမနေခဲ့ပါ၊ ထို့ကြောင့် ယင်းတို့ကို စာရွက် အလွတ်တစ်ခုပေါ်တွင် သာ

သင့်တော်သလို နေရာချထားရပါသည်။ ဤအတွက် စိတ်မကောင်း ဖြစ်မိသော်လည်း ဘဝနှင့် မဆန့်သည့် အမှားအယွင်းများ

အတွက် စာရွက်များသည်သာ စိတ်တိုင်းကျ ကျုး ကျော်နိင်သည့် ရပ်ကွက်တစ်ခု ဖြစ်နေခဲ့ပါသည်။

ရှင်းလင်းချက် (၃)

အထက်တွင် ဖော်ပြခဲ့သော အရာများအားလုံးသည် စာရွက်တစ်ရွက်ပေါ်တွင် ပြဆိုထားသော အညွှန်း သင်္ကေတများသာ ဖြစ်ခဲ့ပါ

သည်။ စကားလုံးများ၊ ဝါကျများ မဟုပ်ခဲ့ပါ၊ စကားလုံးများ ဝါကျများသည် ဈေးကွက်ဝင်သည့် လူသုံးကုန် ပစ္စည်းတစ်ခုလို ဆင်တူ

ယိုးမှား အဓိပါယ် များဖြင့် ဝေဝါးလွန်းနေခဲ့ပါသည်။

ထို့ကြောင့် ကိုယ်ပိုင် သင်္ကေတများဖြင့် ကိုယ်တိုင် ညွှန်းဆိုနိင်ဖို့ ကျွန်တော် ကြိုးစားမိပါသည်၊ ကျွန်တော် လွှင့်ထုပ်ခဲ့သည့် သင်္ကေတ

များသည် မိုးကုတ်စက်ဝိုင်းကို ရိုက်ခတ်ကာ ကမ္ဘာ့ တစ်ဘက်ခြမ်းသို့ပင် ရောက်ရှိနိင်လိမ့်မည်ဟု ကျွန်တော် စူးစူးနစ်နစ် ယုံကြည်ထား

ပါသည်၊

ကမ္ဘာပေါ်ရှိ လူတိုင်းလူတိုင်းသည်လည်း ကိုယ်ပိုင် သင်္ကေတများကို ထုပ်လွှင့်ခြင်းဖြင့် ကမ္ဘာ့ ဆက်သွယ်ရေး စနစ်တစ်ရပ်ကိုထူထောင် နိင်ကြရန် ကျွန်တော် လှိုက်လှိုက်လှဲလှဲ ဆန္ဒပြုမိပါသည်၊

ထိုရောအခါတွင် အေးသက်သော လေညှင်းကလေးများသည် လူတိုင်း၏ ရင်ကို ဖြတ်သန်းတိုက်ခတ်သွားကြပါလိမ့်မည်၊ ငြိမ့်ငြိမ့်

ငြောင်းငြောင်း စမ်းချောင်းလေးများသည်လည်း လူတိုင်း၏ ရင်ကို ထုတ်ချင်းခတ် စီးဆင်းသွားကြပါလိမ့်မည်၊ ထို့အတူ ပျော့ပျော့

ပြောင်းပြောင်းတီးလုံးလေးများသည် စန္ဒယား အိမ်ကြီးထဲမှ တစက်စက် ယိုစိမ့်ကျဆင်းနေပေလိမ့်မည်။ တအီအီ တချွဲချွဲ တယောသံ

လေးများသည်လည်း အားလုံး၏ တောင့်တင်းနေသော အကြောစိုင်များကို ပြေလျော့ဖျော့ခွေနိင်ပေလိမ့်မည်။

ကျွန်တော့်အတွက်တော့ မည်သူ၏ ဖျားယောင်းမှုမျှ မပါပဲ ပန်းသီးလေးကို နှစ်ယောက်အတူ မျှဝေ စားသုံးချင်မိသည်၊ စကားလုံးများ

ကို ဖယ်ချကာ ကိုယ်ပိုင် သင်္ကေတများဖြင့် ဘာသာစကား အသစ်တစ်ခုကို နှစ်ယောက်တည်း ကျိတ်ပြီး ဖန်တီးချင်မိသည်၊ နှစ်ဦး

စလုံး၏ ဘဝကို စာရွက်ပေါ်မှ ဆွဲထုပ်ကာ သီးသန့်နယ်မြေတစ်ခု ၊ ရပ်ဝန်းတစ်ခု တည်ထောင်ချင်မိသည်၊ ထိုရပ်ဝန်းကိုလည်း

အာရုံများ၏ ကမ္ဘာ ဟု ဆိုင်းဘုတ်တပ်ချင်မိပါသည်။ သို့သော် လောလောဆယ်တွင် စာရွက်ပေါ်တွင်သာ ရှိနေသေးသဖြင့် ကျွန်တော်

၏ ဆိုင်းဘုတ်ကလေးကို အိပ်မက်ထဲတွင်သာ လုံလုံခြုံခြုံ သိမ်းဆည်းထားရပါသေးသည်၊ ဟာလာဟင်းလင်း ဖြစ်နေသည့် စာရွက်ပေါ်

တွင် ပစ်လက်စခတ် မတင်ထားရဲပါ၊ စာရွက်များသည် စိတ်၏ အညစ်အကြေးများဖြင့် ကျူးကျော်ရပ်ကွက် ဆန်လွန်းနေခဲ့ပါသည်။

ရှင်းလင်းချက်များကို ရှင်းလင်းခြင်း

မီးသည် အားလုံးကို လောင်မြိုက်စေခဲ့ပါသည်၊ အဖြူရောင် စာရွက်လေးသည် မီးထဲတွင် တွန့်လိမ်ကောက်ကွေးစွာဖြင့်၊ ကျူးကျော်

နေထိုင်ခဲ့ကြသော စကားလုံးလေးများသည် မွဲခြောက်ခြောက် ပြာမှုန်များအဖြစ်၊ ကွေ့ကွေ့ကောက်ကောက် သင်္ကေတလေးများသည်

တလိမ်လိမ် တရစ်ရစ် မီးခိုးငွေ့များအဖြစ် လောင်ကျွမ်းသွားခဲ့ကြသည်၊ ကျွမ်းလောင်နေခဲ့ကြသည်၊ စာရွက်များ၊ စကားလုံးများ၊ သင်္ကေတများ၊ အားလုံး၊ အားလုံး၊ ထိုအထဲတွင် ကျွန်တော်လည်း ပါနေခဲ့သည်၊ကျွန်တော်၏ ကောင်မလေးလည်း ပါနေခဲ့သည်၊ ဆောင်းရာသီ၏ ခြောက်ကပ်ကပ် ပန်းချီကားတစ်ချပ်လည်း ပါနေခဲ့သည်၊ စိုမှဲ့နေသည့် ပန်းသီးလေး တစ်လုံးလည်း ပါနေခဲ့သည်၊

အရိုင်းဆန်လှသည့် စတက်မြက်ခင်း တစ်ခင်းလည်း ပါနေခဲ့သည်၊ ဖြူဖျော့ဖျော့ မှင်ဖျက်ဆေးတစ်တောင့်လည်း ပါနေခဲ့သည်၊ ကိုယ်

ပိုင် သင်္ကေတများကို ကမ္ဘာ့အပြင်ဘက် လွှတ်တင်ပေးမည့် ဆက်သွယ်ရေး ဂြိုလ်တုတစ်လုံး လည်း ပါနေခဲ့သည်။....................................................................................................................................................................................................................................................................................................................................................................................................။

နောက်ဆက်တွဲ ရှင်းလင်းချက်

မီးသည် ဒေါသတကြီး ကိုယ့်ကိုယ်ကို လောင်မြိုက်ရင်း ပတ်ဝန်းကျင်ကိုပါ ကျွမ်းလောင် စေခဲ့သည်၊ ဤအတွက် မချင့်မရဲ ဖြစ်မိသော်

လည်း မီးလောင်ပြင်ရှိ အပျက်အစီး အစအန များအကြားတွင် မငြိမ်းနိင်သော မီးခဲတစ်ခဲကို တော့ တွေ့လိမ့်နိုးနိုးဖြင့် ကျွန်တော်

ဆက်လက် ရှာဖွေနေမိပါသေးသည်။

ဒီနိုဗို

မှတ်ချက်။ ။ ၂၀ ရာစု ကုန်ခါနီးဆဲဆဲ နှစ်ကာလများ အတွင်း ရေးဖြစ်ခဲ့သော ဝထ္ထုတစ်ပုဒ်ဖြစ်ပါသည်။