Thursday, January 12, 2012

မစဥ္းစားမိတဲ့ ကိစၥ

မစဉ်းစားမိတဲ့ကိစ္စ

ယခုတလော ကျွန်တော့ခေါင်းထဲတွင် ထုပ်မရနိင်ဖြစ်နေခဲ့သော ကိစ္စတစ်ခု ရှိနေခဲ့သည်၊ ထိုကိစ္စသည်

တ စေ္ဆ သရဲ တစ်ကောင်လိုပင် အကောင်အထည် အတိအကျ မရှိလှသော်လည်း ကျွန်တော့်ကိုများစွာမှ

ခြောက်ခြားထိတ်လန့်နေအောင် ပြုစွမ်းနိင်သည်၊ တစ်ဖန်၎င်းသည် နားလည်ရခက်လှသော မိန်းမချောတစ်

ယောက်လို စွဲဆောင်နိင်မှုလည်း အပြည့်အဝရှိနေခဲ့သည်၊ ပြောရမည်ဆိုလျင်တော့ ဘာသာစကား နားမလည်သော ရုပ်ရှင်တစ်ကားကို ကြည့်ရသလိုပင်၊ ထိုကိစ္စကို စဉ်းစားရသည်မှာ ဝေဝေဝါးဝါးနှင့်

မရေမရာနိင်လွန်းလှပြန်သည်၊

အမှန် တော့ မစဉ်းစားမိသော ကိစ္စ အကြောင်းကို စဉ်းစဉ်းစားစားပြောနေရသည်ကပင် အတော်လေး ဝိရောဓိ ဆန်လွန်းပြီလားမသိ၊ သို့သော်မတတ်နိင်၊ စိတ်ထဲတွင် မစဉ်းစားမိသောကိစ္စ အကြောင်းကို အလွန်အမင်း ပြောချင်နေခဲ့သည်၊ ခင်ဗျားကိုလည်း ဤကိစ္စအကြောင်း ပြောစေချင်သည်၊ ဖြစ်နိင်လျင် ခင်ဗျား

သူငယ်ချင်းကိုပါ ဤကိစ္စနှင့် ပက်သက်၍ ပါဝင်ဆွေးနွေးစေချင်သည်၊ မစဉ်းစား မိသောကိစ္စ သည် အများနှင့်

ဆိုင်သော ကိစ္စဖြစ်သည်၊ ယင်းသည် universal ကိစ္စဖြစ်သည်၊ ကျွန်တော်တို့ စဉ်းစားမိသောကိစ္စများ ရှိလျင်

မစဉ်းစားမိသောကိစ္စများလည်း မလွဲမသွေ ရှိရပေလိမ့်မည်၊ ကျွန်တော့်စိတ်ထင် မစဉ်းစားမိသောကိစ္စများ

သည် ပို၍ပင် များပြားနေမလားမသိ၊

အင်္ဂလိပ်စကားတွင် ရှိသော “Tip of the ice-berg” ဆိုသော ဥပမာလိုပင် ကျွန်တော်တို့ မြင်နိင်သော အစိတ်

အပိုင်းသည် သေးငယ်လှပြီး မမြင်နိင်သော အရာများက ထုနှင့်ထည်နှင့် ရှိနေခဲ့သည်၊ကြားနိင်သော အသံများ

က အကန့်အသတ်နှင့်ရှိနေခဲ့ပြီး မကြားနိင်သော အသံများက အကန့်အသတ်မဲ့ ရှိနေခဲ့သည်၊ သို့ဆိုလျင် စဉ်းစားမိခြင်းများထက် မစဉ်းစားမိခြင်းများက ပို၍များပြားနေခဲ့မလားမသိ၊ စဉ်းစားကြည့်မိခြင်းသာဖြစ်သည်

တနည်းအားဖြင့် စဉ်းစားမိခြင်း၏ ဘောင်ကို ချဲ့ကြည့်ခြင်းသာဖြစ်သည်၊ ခုံတန်းတစ်ခုပေါ်တွင် ယှဉ်တွဲထိုင်နေ

သူခြင်း နဲနဲလောက်တိုးပေးပါလားဗျာ ဟု ခွင့်တောင်းခြင်းသာ ဖြစ်သည်၊ ဟုပ်ကဲ့ မစဉ်းစားမိသော ကိစ္စများ

ဆီ ကျွန်တော်တို့ နဲနဲလောက် တိုးကြည့်ဖို့ လိုသည်။

အချိန်၏ ဖြတ်ပိုင်းတစ်စဖြစ်သော ဓာတ်ပုံတစ်ပုံလိုပင် ကျွန်တော်တို့သည် ပုံသေကားကျ ကိစ္စများကိုသာ စဉ်း

စားမိကြသည်၊ လှုပ်ရှားပြောင်းလဲနေသော အရှိတရားတစ်ခုကို ပုံဆောင်ခဲပြုကာ သီအိုရီတစ်ခု ဖန်တီးကြ

သည်၊ ထိုသီအိုရီများသည် ဓာတ်ပုံတစ်ပုံလို အချိန်ကာလတစ်ခု နေရာဒေသတစ်ခု အဖြစ်အပျက်တစ်ခုကို

ကိုယ်စားပြုကောင်းပြုမည် ဖြစ်သော်လည်း ကွဲလွဲနေသော အမှန်တရားများလည်း ဓာတ်ပုံ၏ အပြင်ဘက်တွင် ရှိနေပါသေးသည်၊ ထိုအရာများသည် မစဉ်းစားမိသော ကိစ္စများ ဖြစ်လို့နေခဲ့သည်၊ ထိုကိစ္စများကို ကျွန်တော်တို့ စဉ်းစားစပြုလာသောအခါ ကျွန်တော်တို့သည် သီအိုရီများကို ရွှေ့ဖို့ ကြိုးစားလာခဲ့သည်၊ ရွှေ့လို့မရသော သီအိုရီများကို သုံးမရသော ဓာတ်ပုံတစ်ပုံလို ထားခဲ့ကာ ကျွန်တော်တို့

နောက်ထပ် ဓာတ်ပုံများထပ်ရိုက်ဖို့ ကြိုးစားကြပြန်သည်၊ ဤသို့ဖြင့် မစဉ်းစားမိသော ကိစ္စများသည် စဉ်းစားထားသော အရာများ၏ အပြင်ဘက်တွင် အမြဲဝန်းရံလို့ နေခဲ့သည်။

စဉ်းစားခြင်းသည် ဓာတ်ခဲသုံးတောင့်ထိုး ဓာတ်မီးတစ်ချောင်းနှင့် တူလျင် မစဉ်းစားမိသော ကိစ္စများသည်

အမှောင်ထုအောက်တွင် ငြိမ်ငြိမ်သက်သက် စောင့်ဆိုင်းနေကြသော အရာများနှင့် တူနေခဲ့သည်၊ တဖန်

စဉ်းစားခြင်းသည် သင်းဘောတစ်စင်းသာ ဖြစ်ခဲ့လျင် မစဉ်းစားဖူးသော ကိစ္စများသည် သမုဒ္ဒရာ ကြမ်းပြင်

အောက်ရှိ ထူးထွေဆန်းပြားလှသော လောကကြီးတစ်ခု ဖြစ်နေခဲ့သည်၊ တစ်ခါတစ်ရံ တွေးမိသည်မှာ လူသူ

မရောက်သော မြေအောက်ရှိ သဘာဝ လှိုဏ်ခေါင်းကြီးများထဲက နေရောင်ချည်ကို လုံးဝမမြင်ဖူးရှာသော

သက်ရှိများလိုပင် ကျွန်တော်တို့ စဉ်းစားခြင်းနယ်ပယ်နှင့် ဝေးကွာနေသောdead spaces များ အဘယ်မျှ

များပြားနေခဲ့သလဲမသိ။

မစဉ်းစားမိသော ကိစ္စများသည် ဘာသာရေးလည်းဆန်နေခဲ့သည်၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင် သည် စဉ်းစားမရသော အရာ ဖြစ်နေခဲ့သောကြောင့်ပင်၊ နိဗ္ဗါန်ဆိုသော အရာသည် စဉ်းစားမရသော အရာ ုဖြစ်နေခဲ့ခြင်းကြောင့်ပင်၊ ထိုနည်းတူစွာ ဆာတိုရီ ရခြင်းသည် စဉ်းစားခြင်းနယ်ပယ်၏ အပြင်ဘက်တွင် ရှိနေကာ၊ ဗြဟ္မာ ဆိုသောအရာသည်လည်း စဉ်းစားခြင်းဖြင့် မရောက်ရှိနိင်သော အရပ်တွင် ရှိနေခဲ့ခြင်းကြောင့်ပင်၊ ဤသို့ဖြင့် မစဉ်းစားမိသော ကိစ္စများသည် အလိုအလျောက် မြင့်မြတ်ပြည့်စုံကာ မရောက်ရှိနိင်သော Never-never land များ ဖြစ်နေခဲ့သည်၊

တဖန်၎င်းတို့သည် အသိရခက်သော အမှန်တရားတစ်ခုလို ဂမ္ဘီရလည်း ဆန်နေခဲ့သေးသည်၊ ၎င်းတို့သည် unexplained ရှင်းမရသော ကိစ္စများအဖြစ် ကျွန်တော်တို့ကို မျက်စိသူငယ် နားသူငယ် ဖြစ်စေပြန်သည်၊ တဖန် ကျွန်တော်တို့၏ ရိုးတွင်းခြင်ဆီများထဲ အထိ စွဲမြဲနေသော Taboo များအဖြစ်လည်း မျိုးဆက်များကို ထိန်းကျောင်းနေခဲ့သေးသည်။အချိန် ကာလ၏ အထပ်ထပ် ပို့ချမှုဖြင့် ကြွယ်ဝနေခဲ့သော local wisdom ဥဏ်ပညာ အစုအဝေး ကြီးလည်း ဖြစ်နေခဲ့သည်။

Collected Unconsciousness ကို တင်ပြခဲ့သော စိတ်ပညာ ဂုရုကြီး ကားယွန်းကတော့ လက္ခဏာများ၊ သင်္ကေတများထဲတွင် ကျွန်တော်တို့ မစဉ်းစားမိသောကိစ္စများကို ရှာဖွေနေခဲ့သည်၊ ၎င်းကို သူတပါး နားလည်

ရခက်အောင် လုပ်ဆောင်ရာတွင် ဆရာတစ်ဆူ ဖြစ်သည်ဟုလည်း ဆိုကြသည်၊သူသည် ယောဂီပညာ၊ အဂ္ဂိရတ်ပညာ၊ နတ်သမီးပုံပြင်များ၊ ပွေဘလို အင်ဒီးယန်း လူမျိးစု ဘာသာရေးပွဲများ စကြာဝဋာကို ကိုယ်စား

ပြုသည့် ဟိန္ဒူတို့၏ နိမိတ်သင်္ကေတများ၊ အာရုံလွန်ကဲသည့် အတွေးအခေါ်များ၊ သမိုင်းမတင်မီ ခေတ်က လိုဏ်ဂူ ပန်းချီကားများကို လေ့လာစူးစမ်းရှာဖွေခဲ့သည်၊ ခန့်မှန်းခြေ အိပ်မက် ၁၀၀၀၀၀ ခန့်ကိုလည်း စူးစမ်းလေ့လာခဲ့သည်။*

တကယ်တော့ စဉ်းစားခြင်းသည် အမှန်တရားကို ရှာဖွေရာတွင် လူတို့ အသုံးများသော လက်နက်ကိရိယာ တစ်မျိုးသာ ဖြစ်ခဲ့သည်၊ အာရုံခံ အင်္ဂါများအပေါ် အခြေပြုထားသော ကျွန်တော်တို့ ၏ အာရုံသိ များထက်

ပိုသော ဆင်ခြင်သိ တစ်မျိုးသာ ဖြစ်ခဲ့သည်၊ ထို့ထက်ပိုသော ထိုးထွင်းသိများက တော့ မစဉ်းစားခြင်း နယ်ပယ်

ထဲတွင် လုံးလုံးကျရောက်နေခဲ့သည်၊ ဤအသိ သုံးမျိုးထက်ပိုသော သိခြင်းမျိုးကိုတော့ ဤစိတ် အခြေအနေမျိုး တွင် မရနိင်၊ သည့်ထက် သိမ်မွေ့ နူးညံ့ သန့်စင်လှသော စိတ်အဆင့်တစ်ခုကို ရောက်ရှိဖို့ လိုနေခဲ့သည်၊ ဤအပိုင်းတွင် စဉ်းစားခြင်းကိစ္စများ လိုက်မလာနိင်သော အမြင့်တစ်စုံတစ်ရာ ရှိနေခဲ့သည်။

အမှန်တော့ မစဉ်းစားမိသော ကိစ္စများအကြောင်း ဆွေးနွေးရသည်မှာ ပတ်ဝန်းကျင် လေထု၏ တည်ရှိနေမှုကို

လေ (စကားလုံး) သက်သက်ဖြင့် ပြောနေရသလို ဖြစ်နေခဲ့သည်၊ လူအများစုကြီးသည် စဉ်းစားမိသောကိစ္စများကို သူ့ထက်ငါ ဦးအောင်ပြောဖို့ ကြိုးစားကြသည်၊ မဟုတ်လျင်လည်း သင်ယူလေ့လာ

ဖို့ ကြိုးစားကြသည်၊ မဟုပ်ရင်လည်း ထပ်တလဲလဲ ပြောဖို့ ကြိုးစားကြသည်၊ မဟုပ်လျင်လည်း ထိုဘောင် ကျဉ်းကျဉ်းလေးထဲတွင် လှည့်ပတ် ငြင်းခုံဖို့ ကြိုးစားကြသည်၊ ဤမျှဖြင့် မတင်းတိမ်သေးလျှင် အကြောင်းအရာဟောင်းကို ခေါင်းစဉ်အသစ်တပ်ဖို့ ကြိးစားကြသည်။

သို့သော်လည်း မစဉ်းစားမိသောကိစ္စများကို ဘယ်သူမှ မတွေးကြ၊ ယောင်၍မျှ မပြောဆိုကြ၊ မျက်နှာမွဲသော

ဆွေမျိုး တစ်စုလို အဆက်အဆံ မလုပ်ချင်ကြ၊ ဤအတွက် မစဉ်းစားမိသောကိစ္စများသည် မတို့ထိစကောင်း

သော အရာများ ဖြစ်နေခဲ့သည်၊အပျိုရည်မပျက် အလှမပျက် ရှိမြဲအတိုင်း ရှိနေခဲ့သည်။

၎င်းတို့သည် အီဂျစ်ပြည်ရှိ မံမီများပမာ ကျွန်တော်တို့ အတွက် ထာဝရ လျှို့ဝှက်ချက်အဖြစ် ရှိနေခဲ့သည်၊ မခြောက်ခန်းနိင်သော အမှန်တရား၏ စမ်းရေတွင်းတစ်ခုလို သူ့အလိုအလျောက် စိမ့်ထွက် ကျဆင်းနေခဲ့သည်၊ များပြားလှသော ဖြစ်နိင်ချေများဖြင့် ပြည့်နှက်လို့နေသော Parallel World များထဲတွင်

အသွင် သဏ္ဍန် အမျိုးမျိးဖြင့် ခိုအောင်းနေခဲ့သော ကပ်ပါးပိုးကောင်များပမာ တည်ရှိနေခဲ့သည်၊

အတိတ်သမိုင်းကို ပြန်ကြည့်လျင်တော့ မစဉ်းစားမိသော ကိစ္စများသည် ရာဇဝင်၏ လှပ ခမ်းနားသော အစိတ် အပိုင်းများ ၊ ဒဏ္ဍာရီများ ဖြစ်လို့နေခဲ့တာ တွေ့ရှိရသည်၊ကျေးလက် ပုံပြင်များ နိမိတ် တဘောင်များသည် မစဉ်းစားမိသော ကိစ္စများဖြင့် ပြည့်နှက်လို့နေခဲ့သည်၊ ရိုးရာ အစဉ်အလာ ဓလေ့ထုံးစံများ ယုံကြည်ကိုးကွယ် မှုများသည် သူ့အဓိပ္ပါယ်နှင့် သူ ပြည့်စုံ လှပနေခဲ့သည်၊

လူသား၏ စနစ်တကျ စဉ်းစား ဆင်ခြင်ခြင်း ဓလေ့ ခေတ်စားလာခဲ့သော ဥဏ်အလင်းပွင့်ခေတ် နောက်ပိုင်းတွင်မှ မစဉ်းစား မိသောကိစ္စများသည် အနောက်ဘက် ဂိုထောင်ထဲတွင် မေ့မေ့ပျောက်ပျောက် ပစ်ထားခံခဲ့ရသော ရက်လွန်ပစ္စည်းများ ပမာ ဖုန်ထူထူ များအောက် တိတ်ဆိတ်စွာ ရှိနေခဲ့ကြပါသည်၊ ဘယ်စာရင်းတွင် မှ အလေးထား ထည့်သွင်း မခံရသော ပျောက်ဆုံးနေနှင့်သော အရာများသာ ဖြစ်လို့ နေခဲ့သည်၊ ဆင်ခြင်ခြင်း၏ လက်တံများဖြင့် မရောက်ရှိနိင်သော ဝေးကွာလှသော အရပ်ရှိ အရာများကို လူတို့သည် လိုက်လံစဉ်းစားဖို့ထက် စနစ်တကျ မေ့ဖျောက်ရန်သာ ကြိုးစားခဲ့ကြတော့သည်၊ ဤသို့ဖြင့် မစဉ်းစားမိသော ကိစ္စများသည် အချိန်ကာလ ၏ တတိတိ နှိပ်စက် မှုဒဏ်ကို ကြိတ်မှိတ် ခံစားကာ အေးစက် တိတ်ဆိတ်သော အမှောင်ခေတ် တစ်လျောက် နှုတ်ဆိတ်၍ သာ နေခဲ့ရတော့သည်၊

ယနေ့အထိ မော်ဒန် ယဉ်ကျေးမှု ၏ ကျူးကျော်သိမ်းပိုက်မှုကို အကြီးအကျယ် မခံစားရသေးသော ကံကောင်းလှသည့် ဝေးလံခေါင်ဖျား ဒေသများတွင်တော့ မစဉ်းစားမိသော ကိစ္စများကို အလေးအနက် တန်ဖိုးထား လိုက်နာ ကျင့်သုံးနေကြဆဲဖြစ်သည်၊ ခြောက်ကပ် လှသည့် စဉ်းစား ဆင်ခြင်ခြင်းအလေ့ ခေတ်မစားသေးသည့် အတွက်လည်း ထိုအရပ်ဒေသရှိ ဘာသာစကား၊ ဂီတ၊ ကိုးကွယ်မှု ဓလေ့ ထုံးစံများမှာ ထိထိရှရှ ရှိလှပြီး ကြွယ်ဝလှပ ကဗျာ ဓတ်များ ပြည့်ဝနေခဲ့သည်၊ မတန်တဆ အဓိပ္ပါယ် ဖွင့်ဆို ခြင်းများ မရှိသေးသည့် အတွက် အရာရာတိုင်းသည် အဓိပ္ပာယ် ရှိနေခဲ့သည်၊ အလွန်အကျူး နှိုင်းယှဉ်မှု မျိုး မရှိသည့်

အတွက် သူ့အလှနဲ့သူ သူ့တန်ဖိုးနှင့်သူ ကျေနပ်စရာ ကောင်းနေခဲ့သည်၊

တဖက်တွင်တော့ မစဉ်းစားမိသော ကိစ္စများသည် စဉ်းစားဆင်ခြင်ခြင်းကို အမြဲ စိမ်ခေါ်နေသော အရာများလည်း ဖြစ်နေခဲ့သည်၊ စဉ်းစား ဆင်ခြင်ခြင်း၏ အကန့်အသတ်ကို အမြဲ သတိပေးနေသော အရာများလည်း ဖြစ်နေခဲ့သည်၊ ပျောက်ဆုံးနေနှင့်သော မှော်ဆန်လှသည့် နေ့ရက်များကို ပြန်လည် အောက်မေ့ တသ ဖွယ်ဖြစ်အောင် လုပ်ပေးနေခဲ့သော အရာများလည်း ဖြစ်နေခဲ့သည်၊ ဆင်ခြင်တုံတရားအားကိုးဖြင့် တက်တက် ကြွကြွ ချီတက်ခဲ့ပြီးမှ နောက်လှည့်တကြည့်ကြည့်နှင့် ကိုယ့်ခရီးကိုယ် သံသယ ရှိနေခဲ့သော သူများပမာ ကျွန်တော်တို့မှာ မစဉ်းစား မိသော ကိစ္စများကို ရှာဖွေလာခဲ့ကြသည်၊ ဒါကိုပဲ New age ခေတ်သစ် တစ်ခုပမာ တင်စားပြီး ဘာသာတရား အသစ်များ၊ ဆေးကုသပုံ အသစ်များ၊ တခြား တခြားသော Alternative များကို ပြန်လည်တင်သွင်းလာခဲ့သည်၊ ကျွန်တော်တို့နှစ်ပေါင်းများစွာ မေ့ဖျောက်ထားခဲ့ကြသော မစဉ်းစားမိတဲ့ကိစ္စများကို တံဆိပ် အသစ်တပ်ပြီး ပြန်လည် တင်သွင်းလာခဲ့ကြသည်၊

တကယ်တော့ မစဉ်းစား မိသော ကိစ္စများသည် စဉ်းစားခြင်း အလေ့အကျင့်ကို နှစ်ရာနှင့် ချီ၍ စွဲနေခဲ့ပြီ ဖြစ်သော ကျွန်တော်တို့ မော်ဒန် လူသားများ ၏ အတွင်းစိတ်တွင် အမြဲ ခိုအောင်းနေခဲ့ကာ မကြာခဏ ထွက်ပြူဖို့ ကြိုးစားနေခဲ့သော အရာများ ဖြစ်နေခဲ့ပါသည်၊ ဆင်ခြင်တုံတရား ၏ ဖိနှိပ်မှု အောက်တွင် အမြဲ ဝပ်တွားနေရသော ဤ စဉ်းစားဖို့ ခက်လှသည့် အရာများကို ယခု အခါ နေရာ ပေးဖို့ ကြိုးစားလာခဲ့ကြသော်လည်း အများစု မှာ အမှောင်ထဲမှာ ပင် တိတ်ဆိတ်စွာ ရှိနေကြပါသေးသည်၊ တချိန်ချိန်တွင် ဤ မစဉ်းစားမိသော ကိစ္စများကို အရေးတယူလုပ် ပြောလာကြမှာလား၊ ဒါမှမဟုပ် ကျွန်တော်တို့၏ စဉ်းစားဆင်ခြင်ခြင်း အလေ့အထကိုပဲ ပြောင်းလဲလိုက်ကြမလား၊ စိတ်ဝင်စားဖို့ကောင်းလှပါ တော့သည်။

ဒီနိုဗို စပါယ်ဖြူမဂ္ဂဇင်း

Ref: *၂၀ ရာစု အကြီးကျယ်ဆုံး ပုဂ္ဂိုလ်များ

ရာပြည့်စာတည်းအဖွဲ့

Font; WinUniInnwa

http://www.myanmars.net/winmyanmar/download-myanmar-font.html

No comments: