ပင်ကိုယ်ရေး နှင့် ဘာသာပြန် အက်ဆေး၊ ဝထ္ထုတို၊ ကဗျာ၊ အင်တာဗျူး၊ ဆောင်းပါးများကို ဤစာမျက်နှာများတွင် တင်ပေးသွားပါမည်
Sunday, May 27, 2012
Saturday, May 26, 2012
ပိုးစုန်းကြူး
Source;
Tuesday, June 15, 2010. from the sketchbook- fireflies in the park
signpostsinthesea.blogspot.com
တစ်ချိန်တုန်းက၊ ပြောရရင် လွန်ခဲ့တဲ့ ၁၅နှစ်ကျော်လောက်က ပေါ့၊
တိုကျိုမှာ ကောလိပ်တတ်ရင်း အပြင်ဘော်ဒါဆောင်တစ်ခုမှာ ကျွန်တော် နေခဲ့ဖူး တယ်၊အဲဒီအချိန်က
ကျွန်တော်က၁၈နှစ်သား ၊ကောလိပ်ကျောင်းသားအသစ်ကျပ်ချွတ်လေး၊မြို့အကြောင်းလည်း ဘာမှ မသိသေး၊
တစ်ယောက်တည်းလည်း မနေဖူးသေး ဆိုတော့ ကျွန်တော့်မိဘတွေက ထုံးစံအတိုင်းစိတ်မချဘူးပေါ့၊ ဒီတော့ ကျွန်တော့် ကို ဘော်ဒါဆောင်ပို့လိုက်တာသူတို့အတွက် အကောင်းဆုံး နည်းလမ်းပဲ၊ ငွေကြေးအရကြည့်ရင်လည်း
သက်သာတယ်မဟုပ်လား၊ အမှန်တော့ ကျွန်တော်က ကိုယ်ပိုင်တိုက်ခန်းနဲ့ နေဖို့ အိပ်မက်နေခဲ့တာကြာပြီ၊
ဒါပေမယ့်ဘာတတ်နိင်မှာလဲ၊ ကျွန်တော့်အိမ်က ကောလိပ် တတ်ဖို့ကျောင်းလခတွေ လစဉ်ကုန်ကျစားရိတ်တွေ
အကုန် အကျ ခံထားကြတယ်မဟုပ်လား။
အဆောင်က ဘွန်ကျို ရပ်ကွက် ကုန်းမြင့်ပေါ်မှာတည်ရှိပါတယ်၊ မြေကွက်က ကျယ်မှကျယ်၊ မြင်ကွင်းကလည်းကောင်းမှကောင်း၊
ကွန်ကရစ်တံတိုင်း မြင့်မြင့်ကြီးနဲ့ ပတ်ပတ်လည် ကာရံလို့ထားတယ်၊ ပင်မတခါးကနေ ဝင်လိုက်ရင်
ဇယ်ကိုဗာ ပင်ကြီးက မားမားကြီး ၊ အပင်ကြီးက သက်တမ်း၁၅၀ လောက်ရှိမယ်၊ ပိုချင်တောင်ပိုမလားမသိ၊
ပင်ခြေမှာရပ်ပြီးအပေါ်ကိုမေါ့ကြည့်လိုက်ရင် အရွက်တွေဖျာထွက်နေတဲ့ အကိုင်းကြီးတွေနဲ့
ကောင်းကင်ကိုတောင် ကောင်းကောင်းမမြင်ရဘူး၊ သစ်ပင်ကြီးဘေးကနေ ကွန်ကရစ် လျောက်လမ်းကလေးက
ကွေ့ပတ်ပြီး ဝင်းကြီးကို တဲ့တဲ့ဖြတ်သွားတယ်၊ ဝင်းကြီးရဲ့ တစ်ဖက်တစ်ချက်မှာတော့ သုံးထပ်ဆောင်
နှစ်ခုက ဘေးချင်းယှဉ်လို့၊ အဆောက်အဦး တွေက အကြီးကြီးတွေ၊ တယောက်ယောက်ရဲ့ ထရန်စ္စတာ ရေဒီယိုက DJ အသံတွေဟာ ဖွင့်ထားတဲ့
ပြူတင်းပေါက်ကိုဖြတ်ပြီး ပေါက်ကွဲလွင့်ပျံလာခဲ့တယ်၊ အခန်းလိုက်ကာတွေက လည်း အားလုံးတစ်ရောင်ထဲ၊
နိ့နှစ် ရောင်က နေစားထားလို့ ဖျော့မှိန်လို့နေပြီ၊
လူသွားလမ်းကလေးကို မျက်နှာမူထားတဲ့ နှစ်ထပ်ဆောင်လေးက ပင်မဆောင်၊
ပထမထပ်မှာ ထမင်းစားခန်းမ၊ ရေချိုးဆောင်၊ ဒုတိယထပ်မှာတော့ ကပွဲခန်းမ၊ အစည်းအဝေးခန်းမ၊ ဧည့်ဆောင်ဆိုပြီးရှိတယ်၊ ပင်မဆောင်ဘေးကတော့တတိယမြောက်အဆောက်အဦး၊
ဒါလည်းသုံးထပ်ဆောင်ပဲ၊ အဆောင်ဝင်းကတော့ အကျယ်ကြီး၊ မြက်ခင်းပတ်ပတ်လည်လှည့်ဖြန်းနေတဲ့
ရေပန်းက နေရောင်အောက်မှာ တဖျတ်ဖျတ် လတ်လို့၊ ပင်မဆောင် အနောက်ပတ်ပတ်လည် လျောက်လိုက်ရင်တော့
ဘောလုံးတို့ ရပ်ဘီတို့ကစားနိင်တဲ့ကစားကွင်းကြီး တစ်ခု၊ တင်းနစ်ကွင်းက ခြောက်ခု၊ ကဲဘာများ
လိုသေးလဲ၊
ဒီအဆောင်နဲ့ပက်သက်ပြီး တစ်ခုတည်းသော ပြဿနာက (ဒါကိုပြဿနာလို့တော့
လူတိုင်းလက်မခံကြပါဘူး) ဒီအဆောင်ကို ဖွင့်ထားတာ လက်ယာစွန်း သမားတွေ ရဲ့ လှိျု့ဝှက်ဖောင်ဒေးရှင်းတစ်ခုဖြစ်နေတာပဲ၊
အဆောင်ရဲ့ လက်ကမ်းစာစောင်ကိုကြည့်လိုက် တာ နဲ့ကိုသိနိင်ပါတယ်၊ ပညာရေးရဲ့ အခြေခံ ရည်မှန်းချက်တွေပြည့်မှီဖို့နဲ့
အရည်အသွေးမြင့် နိင်ငံ့ဝန်ထမ်းတွေ ပျိုးထောင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီအဆောင်ကို
တည်ထောင်ရပါတယ် လို့ ဆိုထားတယ်၊ ဒီအတွေးအခေါ်ကို လက်ခံတဲ့ငွေပေါတဲ့စီးပွားရေးသမားတွေကလည်း
အဆောင် စားရိတ်ကို ဝိုင်းပြီး အကုန်အကျခံကြတယ်၊ ဒါက တရားဝင် သိထား တဲ့ ဇတ်လမ်း၊
နောက်ကွယ်ကအကြောင်းတွေကတော့တခြားအရာတွေလိုပါပဲလူတိုင်းမှန်းကြည့်လို့ရပါတယ်၊ ကောလဟာလတွေအရတော့ ဒီအဆောင်ဖွင့်ထားတာဟာ အခွန်ရှောင်ဖို့ အတွက်တဲ့၊ မြေယာလိမ်လည်မှု တစ်ခုပဲတဲ့၊ ဒါတွေဟာ အဆောင်က နိစ္စဓူဝ ကိစ္စတွေနဲ့တော့ မဆိုင်ပါဘူး၊ လက်တွေ့မှာ ဒီအဆောင်ကို ဘယ်သူပဲပိုင်ပိုင် ဘာအရေးလဲ၊ လက်ယာ သမားဖြစ်ဖြစ်၊ လက်ဝဲသမားဖြစ်ဖြစ်၊ အပြောသမားသက်သက်တွေပဲ ဖြစ်ဖြစ်၊ စာရိတ္တပျက်နေတဲ့သူပဲဖြစ်ဖြစ် ကိစ္စမရှိပါဘူး၊ တကယ့်ဇတ်လမ်းကဘယ်လိုရှိရှိ ၆၇ နွေဦး နဲ့ ၆၈ ဆောင်းဦး အကြားမှာတော့ ကျွန်တော့်မှာ အဲဒီအဆောင်ကိုပဲ အိမ်လုပ်လို့ နေခဲ့ရပါတယ်။
နောက်ကွယ်ကအကြောင်းတွေကတော့တခြားအရာတွေလိုပါပဲလူတိုင်းမှန်းကြည့်လို့ရပါတယ်၊ ကောလဟာလတွေအရတော့ ဒီအဆောင်ဖွင့်ထားတာဟာ အခွန်ရှောင်ဖို့ အတွက်တဲ့၊ မြေယာလိမ်လည်မှု တစ်ခုပဲတဲ့၊ ဒါတွေဟာ အဆောင်က နိစ္စဓူဝ ကိစ္စတွေနဲ့တော့ မဆိုင်ပါဘူး၊ လက်တွေ့မှာ ဒီအဆောင်ကို ဘယ်သူပဲပိုင်ပိုင် ဘာအရေးလဲ၊ လက်ယာ သမားဖြစ်ဖြစ်၊ လက်ဝဲသမားဖြစ်ဖြစ်၊ အပြောသမားသက်သက်တွေပဲ ဖြစ်ဖြစ်၊ စာရိတ္တပျက်နေတဲ့သူပဲဖြစ်ဖြစ် ကိစ္စမရှိပါဘူး၊ တကယ့်ဇတ်လမ်းကဘယ်လိုရှိရှိ ၆၇ နွေဦး နဲ့ ၆၈ ဆောင်းဦး အကြားမှာတော့ ကျွန်တော့်မှာ အဲဒီအဆောင်ကိုပဲ အိမ်လုပ်လို့ နေခဲ့ရပါတယ်။
***********************
အဆောင်ရဲ့တစ်နေ့တာကို အလံတင်အခမ်းအနားနဲ့ အမြဲအစပြုလေ့ရှိပါတယ်၊
အလံတင် စင်မြင့်က ဝင်းရဲ့ အလယ်တည့်တည့်မှာ ရှိတဲ့အတွက် အဆောင် ပြူတင်းပေါက် တွေက လှမ်းကြည့်လို့
ရတယ်၊ အလံတင်အခမ်းအနားဆိုတော့ နိင်ငံတော်သီချင်းကို ဖွင့်ရတာပေါ့၊ အားကစားသတင်း နဲ့
ချီတက်ပွဲ အမြဲ တွဲနေသလိုမျိုးပဲ၊ တစ်ခုခုမပါ လို့ မရဘူးလေ၊
အလံတင်ပွဲကိုတော့ ကျွန်တော်နေတဲ့ အရှေ့ဆောင် အဆောင်မှူးက အမြဲ
ဦးဆောင်တယ်၊ သူက ငါးဆယ်ကျော်လောက်ရှိပြီ၊ ခြုံပြောရယင် ခပ်ကြမ်းကြမ်း ရုပ်မျိုး၊ ဆံပင်က
တိုတိုကပ်ကပ်၊ ဟိုနားသည်နားမှာ ဆံပင်ဖြူတစ်ချို့က ထိုးထိုးထောင်ထောင်၊
နေလောင်ထားတဲ့ လည်ပင်းပေါ်မှာတော့ အမာရွတ်အရှည်ကြီး တစ်ခု၊ ပြောကြ တာကတော့ သူဟာ Nakano စစ်သက္ကသိုလ်ဆင်းတဲ့၊
သူ့ဘေးမှာတော့ သူ့အကူ ကျောင်းသားတစ်ယောက်၊ သူ့ပုံစံက နားလည်ရခက်တယ်၊ သူက ဆံပင်ကို တိုတိုညှပ်ပြီး
ကျောင်းဝတ်စုံကို အမြဲဝတ်ဆင်ထားတယ်၊ သူ့နာမည်ဘယ်လိုခေါ်လဲ၊ ဘယ်အခန်းမှာ နေသလဲ ဆိုတာ
ဘယ်သူမှမသိဘူး၊ သူ့ကို ထမင်းစားခန်းမှာပဲ ဖြစ်စေ၊ ရေချိုးဆောင်မှာ ဖြစ်စေ တစ်ခါမှ မတွေ့ဖူးဘူး၊
သူဟာ ကျောင်းသားဟုပ်မဟုပ်တောင် မသိပါဘူး၊ ကျောင်းဝတ်စုံ ဝတ်ထားတော့လည်း ကျောင်းသားပဲ
ဖြစ်ဖို့ရှိတယ်မဟုပ်လား၊ စစ်သက္ကသိုလ်ဆင်းနဲ့ ကွာတာက သူက ပုတယ်၊ ဝဝကစ်ကစ်နဲ့
ဖြူရော်ရော် ပုံမျိုး၊ မနက်၆နာရီထိုးတာနဲ့ နှစ်ယောက်သား တက်နေဝန်း အလံကို အလံတိုင်မှာ
စတင်ကြပြီ။
ဒီမြင်ကွင်းကို ကျွန်တော် ကြည့်ခဲ့ရတာ ဘယ်နှစ်ကြိမ်မြောက်မှန်းတောင်
မမှတ်မိတော့ပါဘူး၊ မနက် ၆နာရီ ခေါင်းလောင်းထိုးပြီးတာနဲ့ အဲဒီနှစ်ယောက်က ဝင်းထဲရောက်နေပြီ၊
ကျောင်းယူနီဖောင်းနဲ့တစ်ယောက်က သစ်သားသေတ္တာလေးဆွဲလို့၊ အကယ်ဒမီဆင်းက ဆိုနီတိပ်ရီကော်ဒါ
နဲ့၊ စင်အောက်ခြေမှာ တိပ်ရီကော်ဒါကို ချလိုက်တယ်၊ ယူနီဖောင်းနဲ့တစ်ယောက်က သေတ္တာလေးကို ဖွင့်လို့၊ အထဲမှာ သေသေသပ်သပ် ခေါက်ထားတဲ့ ဂျပန်အလံ၊ သူက အလံကို သူ့ဆရာဆီကမ်းပေးလိုက်ပြီး
သူ့ဆရာက အလံကို ကြိုးမှာ ချည်လိုက်တယ်၊ ဒီတော့မှယူနီဖောင်းနဲ့ချာတိတ်က တိပ်ရီကော်ဒါ
ကို စဖွင့်တယ်၊ အေးချမ်းသာယာသော နိင်ငံတော်ကြီး အဓွန့် ရှည်ပါစေ၊ အလံက အလံတိုင်တစ်လျောက်
လျောပြီး တတ်သွားတယ်၊ ကျောက်တုံးလေးတွေထိတိုင် ဆိုတဲ့အပိုဒ်ရောက်တော့ အလံက တိုင်တစ်ဝက်ရောက်ပြီ၊
နိင်ငံတော်သီချင်းလဲဆုံး၊ အလံလည်း ထိပ်ကိုရောက်ပဲ၊ နှစ်ယောက်သား သတိတစ်ချက်ဆွဲ၊ ပြီးတော့
အလံကို ငေးစိုက်ကြည့်ကြတယ်၊ နေသာတဲ့နေ့တွေမှာ လေပြည်လေးက တဖြူးဖြူးနဲ့ တကယ့်မြင်ကွင်းကောင်းပဲ၊
ညနေအခမ်းအနား ကလည်း မနက် နဲ့ အတူတူပဲ၊ ပြောင်းပြန်ဖြစ်နေတာပဲကွာတယ်၊
အလံက အလံတိုင်တလျောက် လျှောကျလာပြီး သေတ္တာထဲ ထည့်သိမ်းလိုက်တာပါပဲ၊ ညဘက်မှာတော့ အလံမထူထားဘူး၊
ဘာကြောင့်အလံကို ညဘက်မှာ ဖြုတ်သိမ်းသွား တာလဲဆိုတာတော့ ကျွန်တော်လည်းမသိဘူး၊ တိုင်းပြည်က
ညဘက်မှာလည်း ရှိနေတာပဲ မဟုပ်လား၊ ညဘက်မှာလည်း လူအမြောက်အများအလုပ်လုပ်နေကြတာပဲလေ၊ သူတို့ပေါ်မှာ
တော့ အလံတော်တစ်ခုကို လွှင့်တင်မထားတာ မမျှတသလိုပဲ၊ ဒါဟာ ပူစရာမရှိ စိတ်ပူနေတာလည်း
များလား၊ ကျွန်တော့်လို လူကတော့ အမြဲစိုးရိမ်ပူပန်နေတာ ပါပဲ။
အဆောင်မှာ ကျောင်းသားသစ်တွေနဲ့ ဒုတိယနှစ်ကျောင်းသားတွေနဲ့က တစ်ခန်း၊
အငယ်တန်းတွေနဲ့၊ အကြီးတန်းတွေကတော့တစ်ယောက်တစ်ခန်းပဲနေကြတယ်၊ကျွန်တော် နေရတဲ့ နှစ်ယောက်ခန်းက
ဖင်မလှည့်သာအောင် ကျဉ်းလွန်းတယ်၊ တခါးနဲ့ တည့်တည့် နံရံမှာတော့အလူမီနီယံဘောင်နဲ့ ပြူတင်းပေါက်၊
ပရိဘောကတွေက အပေါစားတွေပင်မယ့် ခိုင်ခိုင်ခန့်ခန့်တော့ရှိပါတယ်၊စားပွဲနဲ့ ထိုင်ခုံနှစ်စုံစီ၊
နံရံကပ် နှစ်ထပ်အိပ်စင်၊ အဝတ်အစား ထည့်အံဆွဲနှစ်ခု နှင့် စာအုပ်စင်တွေ ပေးထားပါတယ်၊
အခန်းအများစုကိုကြည့်လိုက်ရင် စင်တွေပေါ်မှာ
ရေဒီယိုတွေ၊ အခြောက်ခံလေမှုတ်စက်တွေ၊ လျက်စစ်ကော်ဖီအိုးတွေ၊ အသင့်ဖျော်ကော်ဖီကရားတွေ၊
သကြားနဲ့ အသင့်စား ခေါက်ဆွဲပြုတ်ဖို့ အိုးတွေ၊ ကော်ဖီခွက်တွေ၊ ပန်းကန်ပြားတွေ၊ ပလာစတာကိုင်ထားတဲ့နံရံပေါ်မှာတော့
playboy မဂ္ဂဇင်းက မလုံ့တလုံပုံတွေ၊ စားပွဲပေါ်မှာတော့ ကျောင်းစာအုပ်တွေနဲ့ အများကြိုက် အပျော်ဖတ်ဝထ္ထုတွေ၊
ယောကျာ်းလေးဆောင်ဆိုတော့လည်းများသောအားဖြင့်အခန်းတွေကညစ်ပတ်နေတတ်တယ်၊
အမှိုက်ခြင်းအောက်ခြေမှာ လိမ္မော်သီးခွံတွေ၊ ဆေးလိပ်ပြာခွက်အဖြစ် သုံးနေကြတဲ့
သတ္တုဘူးခွံတွေထဲမှာ ပြာက လက်လေးသစ်၊ ကြမ်းပြင်မှာတော့ ကော်ဖီအနယ် ကပ်နေတဲ့ခွက်တွေ၊ အသင့်စားခေါက်ဆွဲဘူးခွံတွေ၊
ဘီယာဘူးခွံတွေက ပြန့်ကျဲလို့၊ လေတစ်ချက်လောက်တိုက်လိုက်တာနဲ့ ကြမ်းပြင်က ဖုန်တစ်သုတ်က
ဝေ့တက်လာတယ်၊လူတိုင်းလူတိုင်းက မလျော်ရသေးတဲ့ အဝတ်တွေကို အိပ်ယာအောက် ထိုးထည့်နေကြတော့
အခန်းတိုင်းက အနံအသက်တွေက အထက်ဘဝဋ်တိုင်အောင် သင်းပံျ့လို့၊ အိပ်ယာခင်းကို ထုပ်လှန်းဖို့တော့
မေ့သာထားလိုက်တော့၊ ဒီတော့ ချွေးဇော်ချဉ်ဇော်တွေနဲ့အမြဲဒီလိုပဲပေါ့။
ဒါပေမယ့် ကျွန်တော့်အခန်းကတော့ အစွန်းအကွက်တောင်မရှိပါဘူး၊
ကြမ်းပြင်ပေါ်မှာ အစက်အပျောက်တစ်စက် မရှိဘူး၊ ကြည့်လိုက်ရင် ဆေးလိပ်ပြာခွက်က ဝင်းလက်လို့၊
အိပ်ယာခင်းကို တစ်ပတ်တစ်ကြိမ် အမြဲထုပ်လှန်း တတ်တယ်၊ ခဲတံတွေက ခဲတံစင်ပေါ်မှာ သပ်သပ်ရပ်ရပ်၊
မလုံ့တစ်လုံပုံတွေအစား အမ်စတာဒမ် က တူးမြောင်း ပုံတစ်ပုံ ပဲကပ်ထားတယ်၊ ဘာကြောင့်လဲဆို၊
ကျွန်တော့် အခန်းဖော်က ကိုဖိုးသန့်ဖြစ်နေတာကိုး၊ ကျွန်တော့်မှာ လက်တစ်ချောင်းတောင်
လှုပ်စရာမလိုဘူး၊ သူပဲ အကုန်လုပ်သွားတာ၊ လျော်တာဖွတ်တာကအစ၊ ပြောရယင် ကျွန်တော့် အဝတ်အစား
တွေတောင် မချန်ဘူး၊ ခင်ဗျားစဉ်းစားကြည့်၊ ဆိုကြပါစို့၊ ဘီယာသောက်ပြီး ခွက်အလွတ်ကလေးကို
စားပွဲပေါ်တင်ယုံ ပဲ ရှိသေး၊ သူက အမှိုက်ပုံးထဲသွားထည့်လိုက်ပြီ၊
သူက ပထဝီဘာသာ တတ်နေတဲ့သူ“ကျွန်တော်က မြေ-မြေ- မြေပုံတွေကို လေ့လာနေတာ” ဟုဆိုသည်၊
“ဘာလဲ
ခင်ဗျားက မြေပုံတွေဆွဲမလို့လား”
ကျွန်တော်မေးလိုက်တော့
“ဟုတ်တယ်၊
ကျွန်တော်က အမျိုးသားပထဝီဌာနမှာ မြေပုံဆွဲတဲ့ အလုပ်ရချင်တာ” တဲ့လူတစ်ကိုယ်
တစ်မျိုးစီပါပဲလားလို့ တွေးမိတယ်၊ အဲဒီအချိန်ထိ ကမ္ဘာပေါ်မှာ မြေပုံဆွဲတဲ့
အလုပ်ကို ဘယ်လိုလူမျိုးတွေ လုပ်ကြတာလဲ၊ ဘာကြောင့်များ လုပ်ကြတာလဲလို့ ကျွန်တော် ယောင်လို့တောင် မတွေးဖူးဘူး၊ ဘာပဲဖြစ်ဖြစ်
မြေပုံဆိုတဲ့ စကားလုံးကို အ ထစ် အ ထစ်နဲ့ ပြောနေတဲ့သူတစ်ယောက်က ပထဝီဌာနမှာ လုပ်ချင်တယ်ဆိုတာကို
ကြားရတာ နဲနဲ ကြောင်တောင်တောင်နိင်တယ် ဆိုတာကိုတော့ ဝန်ခံပါတယ်၊ သူက စကားလုံးတိုင်းထစ်နေတာတော့မဟုပ်ဘူး၊
တစ်ခါတရံဆို လုံးဝမထစ်ဘူး၊ ဒါပင်မယ့် မြေပုံဆိုတဲ့ စကားလုံးကို ပြောတာနဲ့ ထစ်တော့တာပဲ၊“ခင်ဗျားကရော ဘယ်ဘာသာအဓိကယူသလဲ” သူကပြန်မေးတယ်။
“ပြဇတ်”
“ပြဇတ်
ဟုပ်လား၊ ပြဇတ်ဇတ်လမ်းတွေ က တာမျိုးကို ပြောတာလား”
“မဟုပ်ဘူး၊
ကျွန်တော်က ပြဇတ်ကဖို့မဟုပ်ဘူး၊ ဇတ်ညွှန်းရေးဖို့လေ့လာနေတာ၊ Racine တို့ Ionesco တို့ Shakespeare တို့ ကို ကြားဖူးတယ်မဟုပ်လား”
“Shakespeare တော့ကြားဖူးတယ်၊
တခြားသူတွေတော့မကြားဖူးဘူး”
“တကယ်တော့
ကျွန်တော်လဲ သူတို့အကြောင်း ကောင်းကောင်းမသိပါဘူး၊ သင်ရိုးထဲ ပါတာ တွေ ရွတ်ကြည့်တာပါ၊”
“ဒါပေမယ့်
ခင်ဗျားအဲဒီလိုမျိုးတွေကို ကြိုက်တယ်မဟုပ်လား”
“ထူးထူးခြားခြားကြိုက်လှတယ်လို့မဟုပ်ပါဘူး”ဒီစကားက သူ့ကို
အတော်ဘဝင်မကျ ဖြစ်စေပါတယ်
သူက စိတ်အလိုမကျဖြစ်ရင် ပိုစကားထစ်တယ်၊ သူက အဲဒီလို စကားထစ်တော့ ကျွန်တော့်မှာ လည်း အပြစ်မကင်းသလိုခံစားရပါတယ်၊“ကျွန်တော့်အတွက်တော့
အိန္ဒိယဒဿန၊ အရှေ့တိုင်းသမိုင်း စတဲ့ ဘယ်ဘာသာရပ် ဖြစ်ဖြစ်ပါ မထူးပါဘူး၊ ဒီလိုနဲ့ နောက်ဆုံး
ဒီ ပြဇတ်ဘာသာရပ်ကို ရွေးမိသွားတယ် ဆိုပါတော့” သူ့ကို ဘဝင်ကျသွားအောင် ကျွန်တော် အမြန်ရှင်းပြရပါတယ်၊
“ကျွန်တော်
နားမလည်နိင်ဘူး” သူက မကျေမနပ်ပြောနေသေးတယ်
“ကျွန်တော်ဆိုရင်
မြေပုံတွေကို သဘောကျတယ်၊ ဒါကြောင့် မြေပုံဘယ်လိုဆွဲသလဲ ဆိုတာကို တိုကျိုအထိလာပြီး
ကောလိပ်ကျောင်းတက်တာ၊ ဒီ့အတွက် ကျွန်တော့်မိဘတွေက ကျောင်းစားရိတ်ထောက်ပံ့ပေးကြတာပေါ့၊ ဒါပေမယ့် ခင်ဗျားကျတော့ ကျွန်တော် နားမလည်နိင်ဘူး”
သူ့ရှင်းလင်းချက်က ကျွန်တော့်ထက်ပို ဆီလျော်မှုရှိပါတယ်၊ ကျွန်တော်လည်း
ကျွန်တော့် ဇတ်လမ်းကို ရှင်းပြနေလို့လည်း မထူးပါဘူးလေဆိုပြီး လက်လျော့ထားလိုက်တယ်၊
အအေးသောက်တဲ့ ပိုက်တံလေးနဲ့ နှစ်ထပ်အိပ်စင်လေးကို အပေါ်ဆင့်၊ အောက်ဆင့် ကျပန်း ရွေး
တော့ ကျွန်တော်က အပေါ် ကျတယ်၊
သူ့ပုံစံက အရပ်မြင့်မြင့် ဆံပင်တိုတို မေးရိုးကားကား၊ အဖြူရောင်ရှပ်အင်္ကျီနဲ့ အနက်ရောင်ဘောင်းဘီရှည် အမြဲဝတ်တတ်တယ်၊ ကျောင်းသွားရင်တော့ ကျောင်းဝတ်စုံနဲ့အနက်ရောင်ရှူးဖိနပ်ကိုစီး၊
အနက်ရောင် လက်ဆွဲအိပ်ကို ကိုင်လို့၊ တကယ့် လက်ယာသမားကျောင်းသားပုံစံ၊ အဆောင်က ကျောင်းသားတွေ
ကတော့ သူ့ကို အဲဒီအတိုင်းတံဆိပ်ကပ် ထား ကြတယ်၊ တကယ်တမ်းတော့ ဒီပုဂ္ဂိုလ်လေးက နိင်ငံရေးကို နကန်းတစ်လုံးမှ စိတ်ဝင်စားတာမဟုပ်၊ အဝတ်အစား ရွေးရတဲ့
ဒုက္ခကို မခံချင်တာသက်သက်ပဲ၊
သူ့ရဲ့ တစ်ခုတည်းသောစိတ်ဝင်စားမှုက ကမ်းခြေတစ်လျောက် ပြောင်းလဲမှုတွေ၊
အသစ်ဖောက်ပြီးသွားတဲ့ တူးမြောင်းတွေ အဲဒီလိုမျိုးတွေပဲ၊ အဲဒီအကြောင်းများပြောမိရင်
အနည်းဆုံးတစ်နာရီ၊ တခါတရံ နှစ်နာရီလောက်ထိ မနားတမ်းပဲ ထစ်ငေါ့ထစ်ငေါ့နဲ့ ပြောနေပါလိမ့်မယ်၊
တောင်းတောင်းပန်ပန် ရပ်ခိုင်းရင်ခိုင်း မဟုပ်ရင်တော့ အိပ်ပျော်သွားတဲ့အထိပြောနေလိမ့်မယ်။
မနက် ၆နာရိတိတိဆို သူထပြီ၊ နိင်ငံတော် သီချင်းက သူ့နိုးစက်သံပဲ၊
ဒီတော့လည်း အလံတင်ပွဲဟာ လုံးလုံးအကျိုးမရှိတာတော့ မဟုပ်ဘူးလို့ တွေးမိတယ်၊ သူကိုယ်လက်သန့်စင်
အဝတ်အစား လဲတာက ကြာလိုက်တာ မပြောပါနဲ့၊ တခါတခါ ဆိုသူ့ကို သွားတစ်ချောင်းချင်းများ ချွတ်ပြီးတိုက်နေသလား
တောင် ထင်မိတယ်၊ အခန်းထဲပြန်ရောက်ရင်တော့ သူ့မျက်နှာသုတ်ပဝါကို ဖြန့်ခါပြီး ချိတ်မှာ
ချိတ်၊ သွားပွတ်တံတွေ၊ ဆပ်ပြာတွေကို စင်ပေါ်မှာပြန်ထားလို့၊ ပြီးရင် ရေဒီယိုကို ဖွင့်
မနက်လေ့ကျင့်ခန်းစပြီ၊
ကျွန်တော်က ညမအိပ်တဲ့ ဇီးကွက်၊ ပြီးတော်တော် နဲ့ မနိုးတဲ့သူ၊
ဒီတော့ သူလေ့ကျင့်ခန်း စလုပ်တဲ့အချိန်ဆို ကျွန်တော်က ကုလားသေကုလားမော အိပ်နေတုန်း၊
သူ အပေါ်အောက် ခုန်တဲ့ အပိုင်းကို ရောက်ပြီဆိုမှ အိပ်ယာပေါ်က ကမန်းကတမ်းထရပါတော့တယ်၊
သူတခါခုန်တိုင်း၊ ခုန်တာကလည်း တကယ့်ကို အမြင့်ကြီး၊ ကျွန်တော့် ခေါင်းက ခေါင်းအုံးကနေ
သုံးလက်မလောက် မြောက်တတ်သွားတတ်တယ်၊ ကျွန်တော်ဘယ်လိုလုပ်ဆက်အိပ်နိင်တော့ မလဲ။ လေးရက်
မြောက်နေ့ ကျတော့ ကျွန်တော်ပြောရပြီ “ပြောရတာတော့
စိတ်မကောင်းပါဘူး၊ ခင်ဗျားရဲ့ လေ့ကျင့်ခန်းကို ခေါင်မိုးပေါ်မှာပဲ ဖြစ်ဖြစ် တခြားတစ်နေရာရာမှာ
သွားလုပ်ပါလားဗျာ၊ ကျွန်တော် လုံးဝအိပ်မရလို့ပါ၊”
“အဲဒီမှာ
သွားလုပ်ရင် တတိယထပ်ကလူတွေက ကျွန်တော့်ကို ပြောကြမှာပေါ့၊ ဒါကတော့ပထမထပ်ဆိုတော့ အောက်မှာ
ဘယ်သူမှ မရှိဘူးမဟုပ်လား”
“ဝင်းထဲမှာ
သွားလုပ်ရင်ရောဗျာ၊”
“မဖြစ်နိင်ပါဘူးဗျာ၊
ကျွန်တော့်မှာ ထရန်စ္စတာ ရေဒီယိုမရှိပဲ ဘယ်လိုသီချင်းနားထောင်ရ မလဲ၊
နောက်ခံတီးလုံးမရှိပဲတော့ ကျွန်တော် လေ့ကျင့်ခန်း မလုပ်နိင်ဘူး”သူ့ရေဒီယိုက လိုင်းမီးနဲ့သုံးတဲ့
အမျိုးအစား၊ ကျွန်တော့်ရဲ့ ထရန်စ္စတာ ရေဒီယိုလေးကို
ငှားလို့ရပေမယ့် FM ပဲ ဖမ်းလို့ရတော
့ ခက်နေသည်။“အဲဒါဆိုလည်း
ခင်ဗျား အသံကို နဲနဲ လျော့ပြီး မခုန်ပဲနေရင်ရောဗျာ၊ ဒီလောက် တခန်းလုံးတုန်နေတာ၊ ဖြစ်နိင်ယင်
မပြောချင်ပါဘူးဗျာ
ဒါပေမယ်--“
“ခုန်တယ်
ဟုပ်လား၊ ခုန်-ခုန်တယ်ဆိုတာ ခင်ဗျား ဘာကို ဆိုလိုတာလဲ”
“ခင်ဗျားကလည်း
ခုန်တက်လိုက် ပြန်ကျလာလိုက် လုပ်နေတဲ့ အပိုင်းလေ”
“ခင်ဗျားဘာတွေ
ပြောနေတာလဲ”
ကျွန်တော့်မှာ ခေါင်းတောင် ကိုက်ချင်လာမိတယ်၊ လုပ်ပါတော့ ကြိုက်သလို
သာလုပ်ပါတော့လို့ စိတ်ထဲက ပြောနေမိတယ်၊ ဒါပေမယ့် စမိပြီဆိုတော့လည်း ကျွန်တော် ဒီအတိုင်းမထားခဲ့နိင်ဘူး၊
ဒီတော့ NHK ရေဒီယိုက
လေ့ကျင့်ခန်းအစီအစဉ် တေးသွားကိုဆိုပြပြီး အဲဒီ အတိုင်း အထက်အောက် ခုန်ပြလိုက်တယ် “တွေ့လား၊ အဲဒီအပိုင်းကိုပြောတာ၊
ဒါ ခင်ဗျား လုပ်နေကျမဟုပ်လား”
“အဲ- ဟုပ်ပါလိမ့်မယ်
ကျွန်တော်သတိမထားမိဘူး၊”
“ဒီတော့
အဲဒီအပိုင်းကို ခင်ဗျား ကျော်သွားလို့မရဘူးလားဗျာ၊ ကျန်တာကိုတော့ ကျွန်တော်သီးခံနိင်ပါတယ်”
“ဆောရီးပဲဗျာ၊
ကျွန်တော် ဒီလေ့ကျင့်ခန်းကိုလုပ်လာတာ ၁၀ နှစ်ကျော်ပြီ၊ စလုပ်တာနဲ့ ဘာမှကို စဉ်းစားစရာမလိုပဲကို
လုပ်နေမိပြီ၊ တစ်ပိုင်းလောက်ချန်ခဲ့ရင် ကျွန်တော် လုံးဝ လုပ်လို့ရမှာ မဟုပ်ဘူး။”
“ဒါဆိုရင်လည်း
လုံးလုံးမလုပ်ပဲဆိုရင်ရောဗျာ”
“ခင်ဗျားက
ကိုယ့်ကိုယ်ကို ဘာကောင်ထင်လို့ ဒီလိုပြောရတာလဲ”
“ဒီမှာ၊
ခင်ဗျားကို ကျွန်တော် ဆရာလုပ်နေတာမဟုပ်ဘူး၊ ကျွန်တော် ရှစ်နာရီလောက်အထိ အိပ်ချင်တာ
တစ်ခုပဲ၊ တကယ်လို့ ၈ နာရီမဟုပ်တာတောင် တခြားလူတွေလောက်တော့ကျွန်တော် အိပ်ချင်သေးတယ်၊
ခင်ဗျားလုပ်နေပုံက ကျွန်တော့်ကို ပိုင်မုန့်စားပြိုင်ပွဲတစ်ဝက်လောက်ရောက်မှ လန့်နိုးလာသလိုပဲ
ခံစားရတယ်၊ ကျွန်တော်ပြောတာ နားထောင်နေတယ် မဟုပ်လား”
“ပြော
နားထောင်နေတယ်”
“ဒီတော့
ကျွန်တော်တို့ ဘာလုပ်သင့်တယ်လို့ထင်သလဲ”
“ဟေး၊
ကျွန်တော်သိပြီ၊ ခင်ဗျား ကျွန်တော်နဲ့ အတူထပြီး လေ့ကျင့်ခန်းလုပ်ရင်ရော”
ကျွန်တော်လည်း လက်လျော့ပြီး ပြန်အိပ်နေလိုက်တော့တယ်၊ သူကလည်း
သူ့ရဲ့ မနက်လေ့ကျင့်ခန်းကို ဆက်လုပ်လို့၊
တစ်ရက်မှ ကို မပြတ်။
******************
ကျွန်တော့် အခန်းဖော်ရဲ့ မနက်အိပ်ရာထ လေ့ကျင့်ခန်းနဲ့ပက်သက်ပြီး
ပြောပြတော့ သူမက ရယ်တယ်၊ ကျွန်တော် ရယ်စရာလုပ်ပြောတာတော့မဟုပ်ဘူး၊ ဒါပေမယ့် ပြောပြီးတော့
ကျွန်တော်ကိုယ်တိုင်လည်း ရယ်မိတယ်၊ သူမရဲ့ ရယ်သံက ခဏပဲ၊ ဒါပေမယ့် သူမရဲ့ အပြုံးကို
မတွေ့ရတာ အတော်ကြာသွားပြီပဲလို့ သတိရသွားမိတယ်။မေလရဲ့ တနင်္ဂနွေ နေ့လည်ခင်းတစ်ခု၊ နှစ်ယောက်သား ယော့ဆူရာ
ဘူတာကနေ ဆင်းပြီး ရထားလမ်းဘေး ကမ်းခြေတစ်လျေက် အစ်ချီဂါဝါ အထိ လျောက်လာခဲ့ကြတယ်၊
မိုးက နေ့လည် ကျတော့ရပ်သွားပြီ၊ တောင်ပြန်လေညှင်းက အိကျလာတဲ့
တိမ်အုပ်တွေ ကို လွင့်ပါးသွားစေခဲ့တယ်၊ ချယ်ရီပင်က အရွက်တွေက နောက်ခံကောင်းကင် မှာ
ပြတ်ပြတ် ထင်ထင် နဲ့ လေတိုက်လိုက်တိုင်း တလက်လက် လှုပ်ခါသွားခဲ့ကြတယ်၊ နေရောင်ချည်က
နွေဦးရနံ့ တစ်မျိုးနဲ့၊ လူအများစုက ကုတ်အင်္ကျီတွေ၊ ဆွယ်တာတွေကို ချွတ်ပြီး ပုခုံးပေါ်ချိတ်လာကြတယ်၊
ဘောင်းဘီတိုလေးဝတ်ထားတဲ့ တင်းနစ်ကွင်းထဲက လူငယ်ကတော့ သူ့ရဲ့ရိုက်တံကို ရှေ့နောက်လွှဲလို့၊ သတ္တုဘောင်က နေ့လည်နေရောင်အောက်မှာ
တဖျတ်ဖျတ် လက်နေတယ်၊မယ်သီလရှင်နှစ်ပါးပဲ သူတို့ရဲ့ ဆောင်းတွင်းဝတ်စုံကို ဆက်ပြီး စည်းထား
တယ်၊
သူတို့ကိုကြည့်ပြီး နွေရာသီဟာ ပတ်ဝန်းကျင်မှာ မရောက်သေးသလိုတောင်
ထင်မိတယ်၊၁၅ မိနစ်လောက် လျောက်လိုက်ရင်ပဲ ကျောမှာ ချွေးတွေစပြီး ရွဲလာခဲ့တယ်၊ ကျွန်တော်
လည်း ထူထဲလှတဲ့ ချည်သားရှပ်အင်္ကျီကြီးကို ဆွဲချွတ်လိုက်ပြီး တီရှပ်နဲ့ပဲနေလိုက်တယ်၊
သူမကလည်း မီးခိုးဖျော့ ဆွယ်တာလက်ကို တံတောင်ကွေးကျော်တဲ့ အထိ
ဆွဲတင်လိုက်တယ်၊ ဆွယ်တာက အကြိမ်ကြိမ်လျော်ထားလို့ အရောင်တောင်ဖျော့နေပြီ၊ ကျွန်တော့်စိတ်ထဲမှာ
ဟိုးအတိတ်က တစ်နေရာရာမှာ မြင်ဖူးခဲ့သလို ရင်းရင်းနှီးနှီးကို ခံစားရတယ်၊
“တစ်ခြားတစ်ယောက်နဲ့
အတူနေရတာ ပျော်သလား” သူမက
မေးတယ်
“ပြောရခက်တယ်၊
ငါအဲဒီလို နေလာတာ သိပ်မကြာသေးဘူး”
သူမက ရေပန်းရှေ့ရောက်တော့ရပ်ကာ ရေတငုံငုံပြီး ပါးစပ်ကို အိပ်ထဲက
လက်ကိုင်ပုဝါလေးထုပ်ပြီး သုတ်သည်၊ ပြီးတော့ သူမ၏ လျော့သွားသော တင်းနစ်ဖိနပ်ကို ပြန်ချည်နေခဲ့သည်။
“ကျွန်မတော့ အဲဒီလို နေနိင်ပါ့မလား မသိဘူး” သူမက ကောက်ချက်ချသည်
“ကျွန်မတော့ အဲဒီလို နေနိင်ပါ့မလား မသိဘူး” သူမက ကောက်ချက်ချသည်
“အဆောင်မှာနေတာကိုလား”
“ဟုပ်တယ်”
“မသိဘူး၊
မင်းထင်တာထက်ပိုပြီး ခက်ခဲတယ်၊ ရေဒီယို လေ့ကျင့်ခန်းကို ထည့်မပြောပါနဲ့ဦး၊ လိုက်နာရမယ့်
စည်းမျဉ်းတွေကကို အများကြီး၊”။
“ကျွန်မလည်းထင်ပါတယ်” သူမသည် အချိန်အတော်ကြာကြာတွေးတောငေးငိုင်
နေပြီးမှ ကျွန်တော့်မျက်လုံးကို တည့်တည့်စိုက်ကြည့်လိုက်သည်၊ သူမ မျက်လုံးက ထူးထူးခြားခြားကြည်လင်နေခဲ့သည်၊
ကျွန်တော်အရင်က လုံးလုံးသတိမထားမိခဲ့၊ သူမ၏ မျက်လုံးများကကောင်းကင်ကို ငေးမောကြည့်ရသလို
ထူးဆန်းသော ဟင်းလင်းပွင့်နေသည့် ခံစားမှုမျိုးကို ပေးနေခဲ့သည်၊
“တခါတရံတော့လည်း
အဲဒီလိုနေသင့်တယ်လို့ ခံစားမိတယ်၊ ဆိုလိုတာက” သူမက ကျွန်တော့်မျက်လုံးများထဲ စိုက်ကြည့်ပြီး ပြောသည်၊ ပြီးတော့
နှုတ်ခမ်းကိုကိုက်၊ အောက်ကိုစိုက်ကြည့်လို့
“မသိပါဘူး၊
ထားလိုက်ပါတော့”
စကားပြောလို့ အပြီးမှာတော့ သူမက ပြန်ပြီး လမ်းလျောက်နေခဲ့ပြီ
ကျွန်တော် သူမကို မတွေ့ဖြစ်တာ နှစ်ဝက်လောက် ရှိခဲ့ပြီ၊ ဒီအတွင်း
သူမ ပိန်သွားလိုက်တာ ကျွန်တော် ကောင်းကောင်းတောင် မမှတ်မိချင်၊ သူမရဲ့ ပါးဖောင်ဖောင်းလေးတွေက
သူမရဲ့ လည်တိုင်လို မျိုး ပါးလှပ်လို့၊ အရိုးအပြိုင်းပြိုင်းဖြစ်နေပြီလို့
တော့ မထင်မိပါဘူး၊
အရင်ကထက်တောင် ပိုလှလာပါတယ်၊ သူမကို ဒီအကြောင်းပြောချင်ပေမယ့်
ဘယ်လို ပြောရမှန်းမသိ၊ ဒီလိုနဲ့ ပဲ လက်လျော့လိုက်ပါတယ်။
ကျွန်တော်တို့ ယော့ဆူယာကိုလာတာ ဘာအကြောင်းမှ မရှိပါဘူး၊ ကျွန်တော်တို့နှစ်ယောက်သား
ချူအော် သွားတဲ့ ရထားတစ်စီးပေါ်မှာ ဆုံကြတာပါ၊ ကျွန်တော်တို့ နှစ်ယောက်လုံး က ဘာအစီအစဉ်မှ
မရှိကြ၊ သူမက ဆင်းကြရအောင် လို့ ပြောတာနဲ့ နှစ်ယောက်လုံး ဆင်းလာခဲ့တာပါ၊ ကျွန်တော်တို့မှာ
ပြောစရာလည်း သိပ်မရှိကြပါဘူး၊ ဘာကြောင့်မို့ ဆင်းရအောင်လို့ သူမခေါ်လိုက်မှန်းလည်း မသိပါဘူး၊
ဟိုးအရင်တည်းကလည်း ကျွန်တော်တို့မှာ ပြောစရာအကြောင်းအရာ များများ ရှိမနေခဲ့ပါဘူး။
ရထားပေါ်က ဆင်းပြီး စကားတစ်လုံးမှ မပြောပဲ သူမကဦးဆောင်ခေါ်သွားခဲ့တယ်၊
သူမ နောက်က ကျွန်တော့်မှာ တတ်နိင်သလောက်မှီအောင် လိုက်နေခဲ့ရတယ်၊ သူမနဲ့ကျွန်တော် အကြား
အမြဲ တစ်ကိုက်လောက် ခြားလို့၊ သူမနောက်ကျောကိုပဲ ငေးမောရင်း လမ်း ဆက်လျောက်နေမိတယ်၊
တခါတရံ သူမကလှည့်ပြီး တစ်ခုခုပြောတယ်၊ ကျွန်တော်လည်း တစ်ခုခု ပြန်ပြော မိတယ်၊ ဒါပေမယ့်
များသောအားဖြင့် ဘာပြန်ပြောရမှန်းမသိဘူး
သူမပြောသမျှကို ကျွန်တော်အကုန်မကြားဘူး၊ ဒါပေမယ့်လည်း သူမကိုလည်း
ဒီအတွက် ကသိကအောက် မဖြစ်စေချင်ဘူး၊ သူမ က ပြောစရာရှိပြောပြီး ပြန်လှည့်သွားတတ်တယ်၊
ပြီးတော့ အသံတိတ်လျောက်နေပြန်ရော၊
ကျွန်တော်တို့ နှစ်ယောက်သား အစ်ဒါဘာရှီ ရောက်တော့ ညာဖက်ကိုချိုး၊
နန်းတော်ရဲ့ကျုံး ကိုကျော်ပြီး ပြန်ထွက်လာတယ်၊ ဂျင်ဘိုချို လမ်းဆုံကိုဖြတ်၊ အိုချမ်နိုမီဇူ
တောင်ကုန်းကို တတ်လို့၊ ဟွန်ဂို ကို ဖြတ်ကြတယ်၊
ပြီးပြန်တော့ ကိုမာဂုန်း ကရထားလမ်းရှိရာ လျောက်လာကြတယ်၊ အတော့်ကို လျောက်ခဲ့ကြတာပဲ၊
ကိုမာဂုန်း ကို ရောက်တဲ့ အချိန်မှာ မှောင်တောင် နေခဲ့ပြီ။
“ကျွန်မတို့ဘယ်ရောက်နေပြီလဲ” သူမကမေးသည်
“ကိုမာဂုန်း
ရောက်ပြီ၊ ငါတို့ အတော်ကြီး ပတ်ခဲ့တာပဲနော်”
“ဒီမှာဘယ်လိုဖြစ်လို့
လာဆုံးတာလဲ”
“မင်းခေါ်လာတာပဲလေ၊
ငါက မင်းဦးဆောင်တဲ့နောက်လိုက်လာတာ။”ဘူတာအနီးက
ခေါက်ဆွဲဆိုင်တစ်ခုမှာပဲ ကျွန်တော်တို့ ထိုင်ချလိုက်ပြီး မောမောနဲ့ စားလိုက်ကြတာ တစ်ယောက်မှ
စကားမပြောနိင်ကြဘူး၊ ကျွန်တော့်မှာ တောင်တက်ရတာ မောလိုက်ပုံက ပစ်လဲ ကျသွားမတတ်ပဲ၊ သူမကတော့
အဲဒီမှာ ထိုင်ပြီး တမေ့တမောတွေးနေတယ်။
ခေါက်ဆွဲစားပြီးတော့မှ သူမဘက်ကိုလှည့်ပြီး“မင်းကတော့ တကယ့်ကို
အိနြေ္ဒမပျက်ဘူးနော်”
“အံ့သြနေလား၊
အထက်တန်းတုန်းက ကျွန်မ တနိင်ငံလုံးလှည့်သွားဖူးတယ်၊ ဖေဖေကလည်း တောင်တက်ရတာ အရမ်းဝါသနာပါတော့
ငယ်ငယ်တည်းက တနင်္ဂနွေ နေ့တိုင်း တောင်တက် ဖြစ်တယ်၊ အခုအချိန်ထိကို
ခြေထောက်တွေက တောင့်တုန်းပဲ”
“ငါလုံးဝမထင်ထားမိဘူး”သူမက ရယ်နေခဲ့တယ်
“ငါမင်းကို
အိမ်လိုက်ပို့ပေးမယ်”
“ကိစ္စမရှိဘူး၊ ကျွန်မဘာသာ ပြန်နိင်တယ်၊ ဒုက္ခမရှာနဲ့”
“ငါ့အတွက်
အပန်းမကြီးပါဘူး”
“တကယ်ပါ၊
အဆင်ပြေပါတယ်၊ ကျွန်မက တစ်ယောက်တည်း အိမ်ပြန်နေကြပါ”အမှန်အတိုင်းပြောရယင် သူမအဲဒီလိုပြောလိုက်မှပဲ စိတ်ထဲမှာ နဲနဲ
ပေါ့သွားပါတယ်၊ သူမအခန်းကို လိုက်ပို့မယ်ဆိုရင် တစ်နာရီကျော်လောက် ကြာဦးမယ်လေ၊ တစ်ယောက်ကိုတစ်ယောက်
စကားမပြောပဲ အကြာကြီးဘေးချင်းကပ်ထိုင်လိုက်ရမှာ မဟုပ်လား။
ဒီလိုနဲ့ သူမဘာသာ တစ်ယောက်တည်းပြန်သွားတယ်၊ ကျွန်တော် လည်း စိတ်ထဲမကောင်းတာနဲ့
ကျွန်တော်ပဲ ကျသင့်သမျှကို ရှင်းပေးလိုက်တယ်၊ သွားတော့မယ် လို့ နှုတ်ဆက်မလိုမျိုး သူမက
ကျွန်တော့်ဘက်လှည့်ရင်း “ကျွန်မတို့
ပြန်ဆုံကြဦးမလား လို့ မေးရင် သိပ်များ တောင်းဆိုရာကျနေမလား၊ ထွေထွေထူးထူး ဘာအကြောင်းမှ
တော့မရှိပါဘူး”
“အကြောင်းပြချက်ရှိစရာမလိုပါဘူး” ကျွန်တော် နဲနဲအံ့အားသင့်ပြီး
ပြောလိုက်တယ်၊
သူမနဲနဲ ရှက်သွေးဖြန်းသွားတယ်၊ ကျွန်တော် အံ့အားသင့်သွားတယ်ဆိုတာကို
သူမလည်း သိကောင်းသိမှာပါပဲ။
“ကျွန်မ
သေသေချာချာတော့ မရှင်းပြတတ်ဘူး”
သူမက ဆွယ်တာအင်္ကျီလက်ကို တံတောင်ဆစ်အထိလိပ်တင်ပြီး ပြောလိုက်တယ်၊
ပြီးတော့ပြန်ချလိုက်ပြန်တယ်၊ လျပ်စစ်မီးရောင်က သူမလက်မောင်းကို လှပတဲ့ရွှေရောင်တွေကြား
နှစ်မြုတ်ထားတယ်၊
“အကြောင်းပြချက်ဆိုတဲ့စကားလုံးက
သင့်တော်တဲ့ စကားလုံးတော့ မဟုပ်ဘူး၊ ကျွန်မ တခြားစကားလုံး သုံးခဲ့သင့်တယ်”
သူမက စားပွဲပေါ်လက်နှစ်ဘက်ထောက်၊ မျက်စိကိုမှိတ်ပြီး စကားလုံးရှာနေတဲ့ပုံပဲ၊
ဒါပေမယ့် စကားလုံးက ထွက်ပေါ်မလာခဲ့ဘူး
“ငါ့အတွက်တော့အဆင်ပြေပါတယ်”
“ဘာကြောင့်မှန်းကိုမသိဘူး
ဒီရက်ပိုင်းမှာ ကျွန်မရည်ရွယ်တဲ့အတိုင်းပြောလို့ကိုမရဘူး၊ တစ်ခုခု ပြောမယ်ကြိုးစားတိုင်း
အဓိကအချက်က ကျန်နေတယ်၊ ဒီ့အပြင် ရည်ရွယ်တာနဲ့ဆန့်ကျင်ဘက်တောင် ပြောမိတယ်၊ ပိုပြီးကြိုးစားလေ၊
ပိုပြီးရောထွေးသွားလေပဲ၊ တခါတရံ ကျွန်မ မူလပြောချင်တာဘာလဲဆိုတာတောင် စဉ်းစားလို့မရဘူး၊
ဘာနဲ့တူသလဲ ဆိုတော့ ကျွန်မကိုယ်ခန္ဒာ နှစ်ခြမ်းကွဲသွားသလိုပဲ၊ တကိုယ်က နောက်တစ်ကိုယ်ကို
လိုက်ပြီး တိုင်ပတ် နေခဲ့တယ်၊ ဝိုင်းကြီးပတ်ပတ် ဒူဝေဝေ ဖြစ်နေတယ်၊ နောက်တစ်ကိုယ်က
ပြောချင်တဲ့စကားလုံးရှိတယ်၊ ဒါပေမယ့် ဘယ်တုန်းကမှ ဖမ်းလို့မမိနိင်ဘူး”
သူမက လက်တွေကိုစားပွဲပေါ်ချလိုက်ပြီး ကျွန်တော့်မျက်စိထဲကို
ငေးစိုက်ကြည့်နေခဲ့တယ်၊
“ကျွန်မပြောချင်တာနားလည်ရဲ့
လားမသိဘူး”“လူတိုင်းလူတိုင်းမှာ
အဲဒီလိုခံစားချက်မျိုး ရံဖန်ရံခါ ပေါ်တတ်ပါတယ်၊ ကိုယ်ဆိုလိုချင်သလိုမပြောပြနိင်တဲ့အတွက် စိတ်အနှောက်အယှက် ဖြစ်မိတာမျိုး”
တကယ်တော့ ဒီလိုစကားမျိုးကို သူမကနားထောင်ချင်လှတာမဟုပ်
“မဟုပ်ဘူး၊
ဒါမျိုးကို ဆိုလိုတာမဟုပ်ဘူး”
သူမက ဆက်မပြောတော့ပဲ ရပ်နေတယ်
“မင်းနဲ့ထပ်တွေ့ဖို့
ပြဿနာမရှိပါဘူး၊ ငါ့မှာ အချိန်အားတွေ အများကြီးပါ၊ ပြီးတော့ အခုလို လမ်းလျှောက်ရတာ
တစ်နေကုန် အိပ်နေတာ ထက်တော့ ကျန်းမာရေးနဲ့ညီညွတ်တယ် မဟုပ်လား”ကျွန်တော်တို့
ဘူတာရုံမှာ ပဲ လမ်းခွဲကြတယ်၊ ကျွန်တော်က good
bye လို့နှုပ်ဆက်လိုက်တယ်၊ သူမက လည်း good
bye တဲ့။
********************************
သူမနဲ့ ပထမဆုံးစတွေ့တာက အထက်တန်းကျောင်းရဲ့ ဒုတိယနှစ် နွေဦးရာသီမှာပဲ၊
ကျွန်တော်တို့ နှစ်ယောက်က ရွယ်တူတွေ၊ သူမက နာမည်ကြီး ခရစ်ယာန်ကျောင်းမှာ တက်နေ ခဲ့တယ်၊
သူမရဲ့ ရည်းစားဖြစ်ခဲ့ဖူးတဲ့ကောင်လေးက သူနဲ့ ကျွန်တော့်ကိုမိတ်ဆက်ပေးခဲ့တာပါ၊ သူတို့က
တစ်ယောက်ကို တစ်ယောက် မူလတန်းကျောင်းကတည်းက သိခဲ့ကြတာ၊ နေတာကလည်း တလမ်းတည်းမှာ၊ ငယ်ငယ်တုန်း
ကတည်းက သိခဲ့ကြတဲ့ တခြားစုံတွဲတွေလိုပဲ သူတို့မှာ တစ်ယောက်တည်း ခွဲပြီး မနေတတ်ကြဘူး၊
တစ်ယောက်အိမ်တစ်ယောက် အမြဲဝင်ထွက် နေကြပြီး၊ ညစာတောင် ကြုံရင်ဝင်စားသွားတက်ကြတာမျိုး၊
ဒီလိုနဲ့ ကျွန်တော်တို့ မကြာခဏ ချိန်းဖြစ်ကြတယ်၊ ဒါပေမယ့်ကျွန်တော်က မိန်းခလေးတွေနဲ့
လျောက်မလည်တတ်တော့ ကျွန်တော်တို့ဟာ အမြဲ သုံးယောက်တွဲပဲ၊ ကျွန်တော်ကတော့ အဆင်ပြေပါတယ်၊
ကိုယ့်ကဏ္ဍကိုယ် ကောင်းကောင်းသရုပ်ဆောင်ကြရုံပဲလေ၊ ကျွန်တော်က ဧည့်သည်နေရာ၊
သူကအိမ်ရှင်၊ သူမက သူရဲ့ လက်ထောက်၊ ပြီးတော့ အိမ်ရှင်မကြီးပေါ့။
ကျွန်တော့်သူငယ်ချင်းက အိပ်ရှင်ကောင်းတစ်ယောက်ပါ၊ သူ့ကို ကြည့်ရတာ
အေးတိ အေးစက် မထုံတက်သေးပင်မယ့် သူဟာ လူတိုင်းကို မျှမျှတတ ဆက်ဆံတတ်တဲ့ အကြင်နာတရားရှိတဲ့သူ
တစ်ယောက်ပါ၊ သူက ကျွန်တော်နဲ့ သူမ ကို ပြတ်ပြီးသား ပြတ်လုံးဟောင်းတွေနဲ့ အမြဲနောက်နေတတ်တယ်၊
ကျွန်တော်တို့နှစ်ယောက်ထဲက တစ်ယောက်ယောက်များ အသံတိတ်သွားရင် သူက စကားကို ပြန်စပြီး
ကျွန်တော်တို့ကို ဆွဲခေါ်တတ်တယ်၊ သူ့ရဲ့အင်တနာက ကျွန်တော်တို့ရဲ့ စိတ်အခြေအနေကို ချက်ခြင်းသိပြီး စကားလုံး တွေက အမြဲ အလိုက်သင့် ထွက်လာတတ်တယ်၊
သူ့ရဲ့နောက်ထပ်အရည်အချင်းတစ်ခုကကမ္ဘာပေါ်ကပျင်းစရာအကောင်းဆုံး လူတစ်ယောက် ကိုတောင် စိတ်ဝင်စား လာစေတာပဲ၊ သူနဲ့ စကားပြောတိုင်း
ကျွန်တော်ဒါကို သတိထားမိတယ်၊ ကျွန်တော့ရဲ့ ပျင်းစရာ သာမန်ဘဝဟာ သူနဲ့တွေ့မှ အကြီးအကျယ်စွန့်စားခမ်းကြီးလို
ထင်လာမိတယ်၊
သူအခန်းထဲက ထွက်သွားတာနဲ့ မိနစ်ပိုင်းအတွင်း သူမနဲ့ ကျွန်တော်ဟာ
ချက်ချင်းပဲ တိတ်ဆိတ်သွားကြတယ်၊ သူမနဲ့ ကျွန်တော်ကြားမှာ စိတ်ဝင်စားမှုတူတာဘာမှ မရှိဘူး၊
ဘာကိုပြောရမှန်းကိုမသိဘူး၊ ကျွန်တော်တို့ဟာ ဆေးလိပ်ပြာခွက်ကို ဆော့လိုက်၊ ရေတစ်ကျိုက်လောက်
မော့လိုက်နဲ့ သူပြန်အလာကို စိတ်မရှည်စွာ ထိုင်စောင့် နေကြရတယ်၊ သူပြန်လာတာနဲ့ မူလပြောလက်စ
နေရာကနေပဲ စကားဝိုင်းကို ပြန်စကြတယ်၊
သူ့ရဲ့ အသုဘ ပြီးတော့ သုံးလလောက်အကြာ သူမနဲ့ တစ်ခါတွေ့သေးတယ်၊
ကျွန်တော်တို့ ဆွေးနွေးစရာ တစ်ခုရှိတဲ့အတွက် ကော်ဖီဆိုင်တစ်ဆိုင်မှာ တွေ့ကြတယ်၊ ဒါပေမယ့်
အဲဒီကိစ္စပြောပြီးတာနဲ့
ကျွန်တော်တို့ ပြောစရာ မရှိတော့ဘူး၊ ကျွန်တော် တစ်ခုခုကို ပြောဖို့ အကြိမ်ကြိမ် ကြိုးစားပါတယ်၊
ဒါပေမယ့်လည်း စကားဝိုင်းဖြစ်မလာပဲ အဆုံးသတ်သွား တတ်တယ်၊ သူမအသံက ဝမ်းနည်းနေသလို၊ ကျွန်တော့်ကို
ဒေါသထွက်နေတာမျိုး၊
ဒါပေမယ့် ဘာကြောင့်လဲတော့ ကျွန်တော် မသိဘူး၊ ကျွန်တော်တို့ နှုတ်ဆက်ခွဲခွာခဲ့ကြ
တယ်။
****************
သူမ ကျွန်တော့်ကို ဒေါသထွက်နေတာလည်း ဖြစ်နိင်ပါတယ်၊ ဘာကြောင့်
ဆို သူ့ကိုမသေခင် နောက်ဆုံးတွေ့လိုက်တာ သူမ မဟုပ်ပဲ၊ ကျွန်တော်ဖြစ်နေလို့ပဲ၊ ဒါကို
ကျွန်တော်မပြောပြသင့်မှန်းသိပေမယ့် ကျွန်တော် ကိုယ့်ကိုယ်ကို မထိန်းချုပ်နိင်ခဲ့ဘူး။
သူမရဲ့စာ ထဲမှာ
“တစ်ခုခုဟာ
ဖြစ်ပြီးတာနဲ့ နဂိုလ်အနေအထားကို ဘယ်တော့မှ ပြန်မရောက်နိင်တော့ဘူး”တဲ့
အဲဒီမေလရဲ့ နေ့လယ်ခင်းတစ်ခုမှာ၊ ကျောင်းအဆင်း (တကယ်တော့ ကျောင်းက
မဆင်းသေး၊ ကျွန်တော်တို့ ဘာသာ လစ်လာခဲ့တာ) သူနဲ့ကျွန်တော်ဟာ ဘိလိယက် ခန်းမထဲ ဝင်ပြီး
လေးပွဲလောက်ကစားခဲ့ကြတယ်၊ ကျွန်တော်က ပထမဆုံးပွဲနိင်ပြီး ကျန်သုံးပွဲကို သူကပဲနိင်တယ်၊
သဘောတူထားတဲ့အတိုင်း ရှုံးတဲ့သူက ကစားပွဲအတွက် အကုန်အကျ ခံရတယ်၊
အဲဒီညပဲ သူ့ကားဂိုထောင်ထဲမှာ သေဆုံးသွားခဲ့တယ်၊ သူ့ကား N360 ရဲ့ အိပ်ဇောပိုက်နဲ့
ဆက်ထားတဲ့ ရာဘာပိုက်ကို ညှပ်ထားပြီး ကားထဲကိုဝင်တယ်၊ ပြူတင်းပေါက်တွေကို တိပ်နဲ့ ပတ်ထားတယ်၊
ပြီးတော့မှ အင်ဂျင်ကို ဖွင့်လိုက်တယ်၊ သူဘယ်လောက်ကြာမှ သေသွားလဲတော့ ကျွန်တော်မသိဘူး၊
သူ့မိဘတွေက နေမကောင်းတဲ့မိတ်ဆွေတစ်ယောက်ဆီ သတင်းသွားမေးပြီး ပြန်လာတော့ သူတို့သားက
သေနေပြီ၊ ကားရေဒီယိုကတော့ ဖွင့်ထားဆဲတန်းလန်း၊ ဓာတ်ငွေ့ဝယ်ထားတဲ့ လက်ခံဖြတ်ပိုင်းလေးက
ဝိုင်ဘာရဲ့ အောက်မှာ ညှပ်လို့။
သူ ဘာကြောင့်သတ်သေရသလဲ ဆိုတာ စာတိုလေးဖြစ်ဖြစ် သဲလွန်စလေး ဖြစ်ဖြစ်တောင်
မချန်ထားရစ်ခဲ့ဘူး၊ ကျွန်တော်က သူ့ကို မသေခင်နောက်ဆုံး တွေ့ခဲ့တဲ့သူဆိုတော့ ရဲတွေက
ခေါ်မေးတော့တာပေါ့၊ ကျွန်တော်က လည်းပြောလိုက် တယ်၊ သူ ထူးထူးခြားခြားဘာမှ မလုပ်ခဲ့ဘူး၊
အရင်အတိုင်းပဲလို့ထင်ပါတယ်၊ ကိုယ့်ကိုယ်ကို သတ်သေတဲ့သူတွေဟာ ဘီလိယက် သုံးပွဲဆက် နိင်လေ့မရှိဘူးလား၊
ရဲက တော့ ကျွန်တော်တို့ နှစ်ယောက်လုံးကို နဲနဲ သံသယဝင်နေပုံရတယ်၊ ကျောင်းပြေးပြီး ဘိလိယက်ကွင်း
ရောက်နေတဲ့ ကျောင်းသား တစ်ယောက်ဟာ သတ်သေဖို့ဖြစ်နိင်ပါ့မလား သူတို့အတွက် ယုံဖို့ခဲယဉ်းနေခဲ့တယ်၊
သူ့ရဲ့ သေဆုံးမှုနဲ့ပက်သက်ပြီး သတင်းစာမှာ ဆောင်းပါးတိုလေးပါတယ်၊ ဒီလောက်ပဲ၊ သူ့မိဘတွေက
သူ့ကားကို ရောင်းထုပ်လိုက်တယ်၊ သူဆုံးပြီး ရက်အနည်းငယ်လောက် ကျောင်းကသူ့စားပွဲမှာ အဖြူရောင်ပန်းတွေ
ရှိနေခဲ့တယ်။
အထက်တန်းကျောင်းပြီးလို့ တိုကျိုကိုသွားတော့ အဓိက ကြိုးစားရတာ
တစ်ခုက ကျွန်တော့စိတ်ထဲမှာ လျှောက်မတွေးမိဖို့ ပဲ၊အစိမ်းရောင်ဘိလိယက်ခုံ၊ သူ့ရဲ့အနီရောင်ကား၊
စားပွဲခုံပေါ်ကအဖြူရောင်ပန်းတွေ၊ မီးသဂြိုလ်စက် ခေါင်းတိုင်ရှည်ကြီးပေါ်က ထွက်နေတဲ့ မီးခိုးတွေ၊
ရဲစစ်ကျောရေးအခန်းထဲက စက္ကူဖိတုံးထူထူကြီး
စတာတွေအားလုံးကို မေ့ပစ်လိုက်ဖို့ကိုယ့်စိတ်ကိုယ် လေ့ကျင့်ယူရတယ်။ပထမတော့ ကျွန်တော်
အားလုံးကို မေ့ပစ်လိုက်နိင် လိုက်ပြီထင်မိတယ်၊ ဒါပေမယ့် တခိျု့အရာတွေ ကျန်နေတုန်းပဲ၊
လေလိုပဲ ဆုပ်ဖမ်းလို့မရ ဘူး၊ ဒါပေမယ့် ကြာလာတဲ့ အခါ အဲဒီ လေကိုယ်၌က ပုံသဏ္ဍန် ပီပီသသ ရှင်းရှင်းလင်းလင်းပေါ်လာတယ်၊ စကားလုံးတွေဖြစ်လာတယ်၊ စကားလုံးတွေက ဒီလို
“သေခြင်းဟာ
ရှင်သန်ခြင်းရဲ့ ဆန့်ကျင်ဘက်မဟုပ်ဘူး၊ ရှင်သန်ခြင်းရဲ့အစိတ်အပိုင်းတစ်ခုပဲ” အဲဒါကို ကျယ်ကျယ်ရွတ်ကြည့်၊
ခပ်ပေါ့ပေါ့ပဲ၊ သာမာန်လူပြိန်း အသိထက် မပိုဘူး၊ ဒါပေမယ့် အဲဒီလို စကားလုံးတွေအနေနဲ့
မလာတဲ့အခါ၊ ကျွန်တော့်ကိုယ်ခန္ဒာကိုယ် ထဲဝင်လာတဲ့ လေတွေလိုပဲ၊ သေခြင်းတရားက
ကျွန်တော့ပတ်ပတ်လည်မှာ၊ စက္ကူဖိတုံးထဲမှာ၊
ဘိလိယက်ခုံပေါ်က ဘောလုံး လေးလုံးထဲမှာ၊ ကျွန်တော်တို့ဟာ ရှင်သန်နေဆဲမှာ သေခြင်းတရားကိုဖုန်မှုန့်လေးတွေလို
အဆုတ်ထဲရှူသွင်းနေကြတယ်။
အဲဒီမတိုင်ခင်အထိ၊ ကျွန်တော်ဟာ သေခြင်းတရားကို တသီးတခြား ရှိနေတဲ့အရာ
အဖြစ်နဲ့ပဲ အမြဲမှတ်ယူခဲ့တယ်၊ သေခြင်းတရားဆိုတာ မလွှဲမရှောင်သာ ကြုံရမှာပဲဆိုတာတော့သိတာပေါ့၊
ဒါပေမယ့် အဲဒီနေ့ရောက်မလာမချင်း သေချင်းတရားကို ကျောပေးပြီး ငါတို့နဲ့ မဆိုင်သေးဘူးလို့
ပြောနိင်တာပေါ့။ ရှင်သန်ခြင်းက ဒီဘက်အခြမ်းမှာ သေခြင်းတရားက ဟိုဘက် မှာ၊ ဘယ်လောက်
ကြောင်းကြိုးဆီလျော်လဲ
ဒါပေမယ့်ကျွန်တော့်သူငယ်ချင်းသေပြီးတဲ့နောက်တော့ သေခြင်းတရားအပေါ်
အဲဒီလို ခပ်တုံးတုံးအမြင်မျိုးကို လက်မခံနိင်တော့ဘူး၊ သေခြင်းတရားဟာ ရှင်သန်ခြင်းရဲ့
ဆန့်ကျင်ဖက်မဟုပ်ဘူး၊ သေခြင်းတရားက ကျွန်တော့ကိုယ်ထဲမှာ ကို ရှိနေတယ်၊
ကျွန်တော်အဲဒီအတွေးကို ဘယ်လိုမှ မောင်းထုပ်ပစ်လို့မရဘူး၊ အဲဒီမေလရဲ့တစ်ညမှာ
ကျွန်တော့်ရဲ့၁၇နှစ်သား သူငယ်ချင်းကို ခေါ်ဆောင်သွားခဲ့တဲ့ သေခြင်းတရားဟာ ကျွန်တော့်
ကိုပါ သူ့ရဲ့ လက်ခုပ်ထဲမှာ ဖမ်းဆုပ်ထားခဲ့တယ်။
ဒါက ကျွန်တော်နားလည်ထားခဲ့တာ၊ ဒါပေမယ့် ကျွန်တော်အဲဒီအကြောင်းကို
သိပ်မတွေး ချင်ဘူး၊ တကယ်မလွယ်တဲ့အလုပ်၊ ၁၈နှစ်သာ ရှိသေးတဲ့ ကျွန်တော်ဟာ လုံခြုံတဲ့၊
အစွန်းမရောက်တဲ့ ရပ်တည်ရာတစ်ခုကို ရှာတွေ့ဖို့ ငယ်ရွယ်လွန်းနေခဲ့တယ်၊
************************
အဲဒီနောက် ကျွန်တော်သူမကို တစ်လ တစ်ကြိမ် သို့မဟုပ် နှစ်ကြိမ်
ချိန်းလေ့ရှိတယ်၊ သူများတွေက တော့ ချိန်းတွေ့တယ်လို့ ထင်ကြမှာပဲ၊ ကျွန်တော် တခြားစကားလုံးလည်း
ရှာမရဘူး၊ သူမက တိုကျိုမြို့ပြင်က အမျိုးသမီးကောလိပ်တစ်ခုကို သွားတတ်တော့မယ်၊ အဲဒီ
ကောလိပ်က သေးပေမယ့် နာမည်ကြီးတယ်၊ သူမရဲ့ အဆောင်က ကောလိပ်ကနေဆို၁၀ မိနစ်နဲ့လျောက်လို့ရတယ်၊
ကျောင်းသွားတဲ့ လမ်းတစ်လျောက်က လှပတဲ့ ရေလှောင်ကန် တစ်ဝိုက် ကျွန်တော်တို့ ပတ်လျောက်ကြတယ်၊
သူမကြည့်ရတာ သူငယ်ချင်းလည်း တစ်ယောက်မှ ရှိပုံမရဘူး၊ အရင်ကလို ချောမောလှပဆဲပဲ၊ စကားလည်း
သိပ်များများပြောစရာမရှိတော့ ကျွန်တော်လည်း သိပ်မပြောပဲနေလိုက်တယ်၊ ကျွန်တော်တို့ တစ်ယောက်ကို
တစ်ယောက်ကြည့်ရင်းပဲ လမ်းကို ဆက်လျောက်နေကြတယ်၊
ဘယ်မှမရောက်တာတော့လည်း မဟုပ်ဘူး၊ နွေရာသီကျောင်းပိတ်ရက် ဆုံးခါနီးတော့
သူ့အလိုအလျောက်ပဲ သူမဟာ ကျွန်တော်နဲ့ ဘေးချင်း ယှဉ်လျောက် နေတော့တယ်၊ ရှေ့က မသွားတော့ဘူး၊
တောင်ကုန်းတွေ တက်တက်ဆင်းဆင်း၊ တံတားတွေ လမ်းတွေပဲ ဖြတ်ဖြတ် ကျွန်တော်တို့ကတော့ ဘေးချင်းယှဉ်လျက်
ပဲ လျောက်နေခဲ့ကြတယ်၊ ကျွန်တော်တို့မှာ ဘယ်ကိုမှလည်း ဦးတည်ပြီး လျောက်နေတာ မဟုပ်ဘူး၊
ဘာအစီအစဉ်မှလည်း ထူးထူးခြားခြားမရှိဘူး၊ ကျွန်တော်တို့ လမ်းတစ်အောင့်လောက် လျောက်ပြီးယင်
ကော်ဖီဆိုင်မှာ တစ်ခွက်လောက် ဝင်သောက်မယ်၊ ပြီးဆက်လျောက်ပဲ၊ ပရိုဂျက်တာမှာ ဆလိုက်တွေ
တစ်ချက် ပြီးတစ်ချက်ပြောင်းသွားသလိုပဲ၊ ရာသီတွေသာ တစ်ခုပြီးတစ်ခုပြောင်းသွားတယ်၊
ဆောင်းဦးရာသီဝင်လာတယ်၊ ကျွန်တော့်အဆောင်ဝင်းထဲမှာ ဇယ်ကိုဗာ ရွက်တွေ
နဲ့ဖုံးနေတယ်၊ ဆွယ်တာတွေဝတ်ထားတာနဲ့ ရာသီပြောင်းပြီဆိုတာ ကျွန်တော် နားလည်လိုက်တယ်၊
ကျွန်တော် သားရေဖိနပ်ကြမ်းတစ်ရံထွက်ဝယ်ရတယ်၊ဆောင်းဦး ရာသီကုန်ပြန်တော့ လေက ရေခဲမတတ်အေးလှတယ်၊
သူမလည်း ကျွန်တော့် အနားကို ကပ်ပြီးလျောက်လာလိုက်တာ လက်မောင်းချင်းတောင် တိုက်မိကြတယ်၊
သိုးမွေး ကုတ်အင်္ကျီအထူကြီးဝတ်ထားပေမယ့် သူမရဲ့ နှာသီးဖျားက လေကို
ကျွန်တော် ခံစားလို့ရတယ်၊ ဒါပေမယ့် ဒီလောက်ပါပဲ၊ ကျွန်တော့် လက်တွေကို ကုတ်အင်္ကျီအိပ်ထဲမှာပဲ ထည့် ထားပြီး လမ်းပဲ ဆက်ဆက်ပြီးလျောက်နေလိုက်တယ်၊ ကျွန်တော်တို့ရဲ့
ဖိနပ်တွေကလည်း ရာဘာခုံတွေဆိုတော့ ခြေသံတောင်မကြားရဘူး၊ သစ်ရွက်တွေပေါ်က တချွတ်ချွတ်နင်းတဲ့အခါမှသာ
အသံတွေကြားရတယ်၊ သူမ နားမှီချင်တာ ကျွန်တော့်လက်ပေါ်မှာ မဟုပ်ပါဘူး၊ တခြားတစ်ယောက်ဆီမှာပါ၊
သူမလိုချင်တဲ့ နွေးထွေးမှုဟာ ကျွန်တော့်ဆီကမဟုပ်ပါဘူး၊ တခြားတစ်ယောက်ဆီကပါ၊ အဲဒီအချိန်ကတော့
အဲဒီလိုပဲ ခံစားခဲ့ရပါတယ်။
*********************
အဆောင်က ကောင်တွေကတော့ သူမ ဆီက ဖုန်းလာတဲ့အခါပဲ ဖြစ်ဖြစ်၊ တနင်္ဂနွေ မနက်တိုင်း သူမကို သွားတွေ့တဲ့ အခါပဲ ဖြစ်ဖြစ် ကျွန်တော့်ကို အမြဲစ ကြပါတယ်၊
သူတို့က ကျွန်တော် ကောင်မလေးနောက် လိုက်နေတာလို့ပဲ ထင်ကြတယ်၊ ကျွန်တော် တကယ့် အဖြစ်မှန်ကို
သူတို့ကို ရှင်းမပြတတ်ဘူး၊ ရှင်းပြဖို့လိုလည်းမလိုဘူးလေ၊ ဒီတော့ ဒီတိုင်းပဲ လွှတ်ထားလိုက်တော့တယ်၊
သူမနဲ့ ချိန်းပြီးပြန်လာတိုင်း ကျွန်တော့်ကို တစ်ယောက်မဟုပ်တစ်ယောက်က အမြဲမေးကြတယ်၊
တိုးတက်မှုရှိလားတဲ့၊ ကျွန်တော်က တော့ ဒီလိုပါပဲ၊ စိတ်ရှည်ရမှာပေါ့ ဆိုပြီးပဲ အမြဲပြန်ဖြေတတ်တယ်၊
ဒီလိုနဲ့ ကျွန်တော်လည်းအသက်၁၈နှစ်ကျော်လာခဲ့တယ်၊ နေက ထွက်လိုက်ဝင်လိုက်၊
အလံက တင်လိုက်ချလိုက်၊ တနင်္ဂနွေနေ့တိုင်းကျွန်တော်က လည်း သွားလေသူ သူငယ်ချင်းရဲ့
ရည်းစားနဲ့ အမြဲ ချိန်းလိုက်ပဲ၊ မင်းဘာတွေလုပ်နေတာလဲ လို့ ကိုယ့်ကိုယ်ကို ပြန်မေးမိတယ်၊
ဒါပြီးဘာလဲ ဆိုတာ ကျွန်တော့်ခေါင်းထဲမှာ နဲနဲလေးတောင်မှ စဉ်းစားထားတာမရှိဘူး၊ ကျောင်းမှာကျွန်တော်က
Claude တို့
Racine တို့
Eisenstein တို့ရဲ့
ပြဇတ်တွေဖတ် တယ်၊ သူတို့ရဲ့ ရေးဟန်ကို ကျွန်တော် ကြိုက်တယ်၊ ဒါလောက်ပဲ၊ ကျွန်တော်
ကျောင်းမှာရော အဆောင်မှာရော သူငယ်ချင်းမရှိဘူး၊ ကျွန်တော်က အမြဲစာပဲ ဖတ်နေတယ်၊ ဒီတော့
လူတွေက ထင်ကြတယ်၊ ကျွန်တော်က စာရေးဆရာ လုပ်မှာ ဘာညာပေါ့၊ ဒါပေမယ့် ကျွန်တော်ကဘာမှ လည်း
ဖြစ်ချင်လှတာ မဟုပ်ဘူး၊
ဒီခံစားမှုတွေကို သူမကို ပြောပြဖို့ ကျွန်တော် အကြိမ်ကြိမ် ကြိုးစားဖူးတယ်၊
တခြားလူတွေလိုမျိုးမဟုပ်ပဲ သူမကတော့ ကျွန်တော့်ကို နားလည်နိင်လိမ့်မယ်ပေါ့၊ ဒါပေမယ့်
ကျွန်တော့် ခံစားမှုကို ဘယ်လိုမှ ရှင်းပြလို့မရခဲ့ဘူး၊ သူမပြောသလိုပဲ၊ သင့်တော်တဲ့ စကားလုံးကို
ရှာတိုင်း အဲဒီစကားလုံးတွေက လျှောထွက်သွားကြပြီး နက်ရှိုင်းတဲ့ အမှောင်ထုထဲ နစ်မြုတ်သွားကြတယ်၊
စနေနေ့ ညနေတွေမှာ ကျွန်တော်ဟာ အဆောင်ရဲ့ ဧည့်ခန်းမမှာ သူမဖုန်းအခေါ်ကို
အမြဲ စောင့်နေမိတယ်၊ တခါတရံ သူမက သုံးပတ်လောက်ကြာတဲ့အထိ မခေါ်ပဲ နေတတ်တယ်၊တခါတရံ တော့လည်း
နှစ်ပတ်ဆက်တိုက်မခေါ်ဘူး၊ ဒီတော့ ကျွန်တော့်မှာ ဧည့်ခန်းက ထိုင်ခုံမှာ ထိုင်ပြီး စောင့်ရတယ်၊
စနေနေ့ ညတွေမှာ ဆို ကျောင်းသားအများစု က အပြင် ထွက်လေ့ ရှိကြတော့ အဆောင် မှာ တိတ်ပြီး
ကျန်နေတတ်တယ်၊ ငြိမ်သက်နေတဲ့ ဟင်းလင်းပြင်ထဲက အလင်းမှုန်လေးတွေကို ငေးရင်း ကျွန်တော့
စိတ်ခံစားမှုတွေကို ပြန်လည် ဆုပ်ဖမ်းဖို့ ကြိုးစားရတယ်၊ လူတိုင်းဟာ တစ်ယောက်ယောက်ဆီက
တစ်စုံတစ်ရာ ကို စောင့်မျှော်နေကြတယ်၊ ဒါတော့ ကျွန်တော်သေချာတယ်၊ ဒါပေမယ့် ဒါပြီးဘာလဲ၊
ကျွန်တော် မသိဘူး၊ ကျွန်တော့်ရှေ့ လက်လှမ်းမမှီတဲ့ နေရာမှာ မြူ တံတိုင်း တွေ ကာဆီးလို့။
*************
ဆောင်းတွင်းမှာတော့ ကျွန်တော် အချိန်ပိုင်းအလုပ်တစ်ခုရတယ်၊ ရှင်ကူကူ
က ဓတ်ပြားရောင်းတဲ့ဆိုင် ကလေးမှာ၊ အဲဒီဆိုင်ကနေ ခရစ်စမတ် လက်ဆောင် အဖြစ် သူမကို Henry Mancini ရဲ့ ဓတ်ပြားတစ်ချပ် ဝယ်ပေးလိုက်တယ်၊
အဲဒီထဲမှာ သူမကြိုက်တဲ့ Dear
Heart ဆိုတဲ့ တေးသွားပါတယ်လေ၊ အဲဒီဓာတ်ပြားကို ခရစ်စမတ်သစ်ပင်ဒီဇိုင်းပါတဲ့စက0x081ကူနဲ့ ထုပ်ပိုးပြီး
ပန်းရောင်ဖဲကြိုးလေးစည်းပေးလိုက်တယ်၊ ကျွန်တော့်ကိုတော့ သူမထိုးထားတဲ့ သိုးမွေးလက်အိပ်လေး တစ်စုံလက်ဆောင်ပေးတယ်၊
လက်မအပိုင်းက နဲနဲ တိုနေပေမယ့် နွေးပါတယ်၊
သူမက နှစ်သစ်ကူးမှာ အိမ်မပြန်ဖြစ်တော့ နှစ်ကူးညစာစားပွဲကို သူမအခန်းမှာပဲ
နှစ်ယောက်သား ကျင်းပကြတယ်၊
အဲဒီဆောင်းတွင်းမှာအဖြစ်အပျက်တွေအတော်များများဖြစ်ပျက်သွားခဲ့တယ်
ဇန်နဝါရီလကုန်မှာ ကျွန်တော့ အခန်းဖော်က အပူချိန် ၁၀၄နဲ့ အိပ်ယာထဲနှစ်ရက်လောက်
လဲတယ်၊ဒီတော့ သူမနဲ့ ချိန်းထားတာကို ဖျက်လိုက်ရတယ် ၊ကျွန်တော် ဒီလူမမာကြီးကို တစ်ယောက်ထဲမထားခဲ့နိင်ဘူးလေ၊သူက
တချိန်လုံး သေတော့မယ်ချည်းငြီးနေတယ်၊ သူ့ကို ကြည့်မယ့်သူလဲမရှိ၊ ကျွန်တော်ပဲ ရေခဲပြေးဝယ်၊
ပလပ်စတတ်အိပ်နဲ့ ရေခဲအိပ်လုပ်ပြီး ကပ်ပေးရတယ်၊ သဘက်အစိုတစ်ထည်နဲ့ သူ့ချွေးတွေကို သုတ်ပေးပြီး
သူ့အပူချိန်ကို တစ်နာရီခြားတိုင်းပေးနေရတယ်၊ တစ်နေ့လုံးလိုလို အဖျားက ကျတယ်မရှိဘူး၊
ဒါပေမယ့် သကောင့်သားက ဒုတိယနေ့ရောက်တော့ ဘာမှ မဖြစ်ခဲ့သလို ခုတင်ပေါ်က ခုန်ထ လာတယ်၊
အဖျားလည်း တစ်စက်မှ မရှိတော့ဘူး၊ ပြီးတော့ သူက ပြောသေးတယ်၊“ထူးဆန်းလိုက်တာဗျာ၊
ကျွန်တော် တစ်သက်နဲ့ တစ်ကိုယ် တစ်ခါမှ မဖျားဖူးဘူး” တဲ့
“ဒီတစ်ကြိမ်တော့
အသေအချာဖျားဖူးသွားပြီပေါ့”
ကျွန်တော် သူ့ကို ရွဲ့လည်းပြော သုံးမရတော့တဲ့ အခမဲ့ ဂီတပွဲလတ်မှတ်နှစ်စောင်ကိုလည်း
သူမြင်အောင် ထိုးပြ လိုက်ပါတယ်၊ဒါတောင်မှ “ဘာပဲဖြစ်ဖြစ်၊
အခမဲ့ လက်မှတ်တွေပဲဗျာ”
ဆိုပြီးသူက လေပြေထိုးသေးတယ်၊
ဖေဖော်ဝါရီမှာတော့ နှင်းတွေ အတော်ကျတယ်၊ ဖေဖော်ဝါရီလကုန်ပိုင်းမှာ
အဆောင်က ဘဲအိုကြီးတစ်ကောင်နဲ့ ဘာမဟုပ်တဲ့ ကိစ္စနဲ့ ရန်ဖြစ်ကြတယ်၊ ကျွန်တော်သူ့ကို ထိုးချလိုက်တော့ လဲပြီး ကွန်ကရစ်နံရံနဲ့
ခေါင်းနဲ့ရိုက်မိတယ်၊ ကံကောင်းလို့သူဘာမှ မဖြစ်ပင်မယ့်
ကျွန်တော့မှာတော့ အဆောင်မှူးရဲ့ ခေါ်ယူ သတိပေးမှုခံရတယ်၊ ဒီ့နောက်တော့ အဆောင်မှာနေရတာ
အရင်လိုမဟုပ်တော့ဘူး၊
ဒီလိုနဲ့ ကျွန်တော့် အသက်လည်း ၁၉ နှစ်ထဲဝင်လာခဲ့ပြီ၊ ဒုတိယနှစ်ကိုတော့တက်ခွင့်
ရတယ်၊ ဒါပေမယ့် ကျွန်တော် နှစ်ဘာသာ ကျတယ်၊အဆင့် Bက နှစ်ဘာသာ ကျန်တာ တွေက
C နဲ့ Dတွေချည်းပဲ၊ ကျွန်တော့်လိုပဲ၊
သူမလည်း ဒုတိယနှစ်ကို တတ်ခွင့်ရတယ်၊ ဒါပေမယ့် ရမှတ်က အများကြီးကောင်းတယ်၊ ဘာသာတိုင်းအောင်တယ်၊
ဒီလိုနဲ့ ရာသီလေးလီ ကုန်သွားခဲ့ပြီ။
*************************
ဂျွန်လမှာသူမ အသက် နှစ်ဆယ်တင်းတင်း ပြည့်တယ်၊ ကျွန်တော်သူမကို
အသက်၂၀ လို့ ပုံဖော် ကြည့်လို့ကို မရဘူး၊ ကျွန်တော်တို့ နှစ်ယောက်စလုံးရဲ့ အကောင်းဆုံးအရာတွေဟာ
၁၈ နဲ့ ၁၉ နှစ်ကြားကာလ မှာ ပဲ လွန်းထိုးသွားနေခဲ့တယ်လေ၊ ၁၈ နှစ်ပြီးတော့ ၁၉ နှစ်၊ ၁၉
နှစ်ပြီးတော့ ၁၈ နှစ်၊ ဒီလိုပဲ ကျွန်တော်တို့ နားလည်ထားခဲ့ကြတယ်၊ အခုတော့ သူမက အသက်၂၀
ရှိပြီတဲ့၊ နောက်တစ်ဆောင်းဆို ကျွန်တော်လည်း ၂၀ ရှိပြီ၊ ကျွန်တော်တို့ရဲ့ သေဆုံးသွားတဲ့
သူငယ်ချင်းတစ် ယောက်ပဲ ၁၇ နှစ်မှာ အမြဲကျန်နေခဲ့မှာ။
သူမရဲ့ မွေးနေ့မှာ မိုးရွာတယ်၊ ရှင်ဂျူကုက နေ ကျွန်တော် မွေးနေ့ကိတ်မုန့်
ဝယ်လာပြီး သူမရှိရာရထားစီးလာခဲ့တယ်၊ ရထားက ကျပ်ခဲပြီး ဟိုသည်ပတ်နေတာများ စိတ်ပျက်စရာ
ပါပဲ၊ သူမအခန်းကိုရောက်တော့ ကိတ်မုန့်က စာလုံးတွေ ပုံပျက်နေပြီ၊ ဒါပေမယ့် သူမကပဲသွက်သွက်လက်လက်
ဦးဆောင်လို့ ဖယောင်းတိုင်နှစ်ဆယ်ကို စိုက်ပြီး မီးထွန်း လိုက်တယ်၊ လိုက်ကာတွေချ၊ မီးချောင်းတွေပိတ်နဲ့၊
ရုတ်တရက် မွေးနေ့ပါတီလေးတစ်ခုကို ကျွန်တော်တို့ ဖန်တီးလိုက်ကြတယ်၊ သူမက ဝိုင်ကိုဖောက်လိုက်ပြီး
ကိတ်မုန့်အပိုင်းအစ လေး တွေနဲ့ မြည်းကြတယ်၊ စားစရာ တစ်ခုခုလေးရှိတယ်ဆိုရုံပေါ့။
“အသက်နှစ်ဆယ်ပြည့်တာ
နဲနဲ ကြောင်တောင်တောင်နိင်သလိုပဲ၊ ဘာမှန်းမသိပါဘူး” ဟု သူမက ဆိုသည်၊
ညစာစားအပြီးမှာတော့ ပန်းကန်ပြားတွေရှင်းလင်းလိုက်တယ်၊ ပြီးတော့မှ
ကြမ်းပြင် ပေါ် ဒီအတိုင်းထိုင်ပြီး နှစ်ယောက်သား လက်ကျန်ဝိုင်ကို သောက်နေခဲ့ကြတယ်၊ ကျွန်တော်က
တစ်ခွက်ပဲ သောက်ပြီး သေးတယ် သူမက ဒုတိယခွက်ကို
ဖြည့်နေခဲ့ပြီ၊
တကယ်ပါပဲ၊ အဲဒီညကလိုမျိုး ဘယ်တုန်းကမှ သူမ ဒီလောက်စကားများများ
မပြောခဲ့ ဖူးဘူး၊ သူမရဲ့ ကလေးဘဝ၊ သူမရဲ့ ကျောင်း၊ သူမရဲ့ မိသားစု အကြောင်းတွေကို ရှည်ရှည်လျားလျား
ပြောနေလိုက်တာများ၊ ပြောပုံကလည်းကြည့်ဦး A
အကြောင်းပြောရင်း B
အကြောင်းဝင်လာခဲ့တယ်၊ အဲဒီကနေ C
အကြောင်းရောက် သွားတယ်၊ ဒီလိုနဲ့ မနားတမ်းပြောနေခဲ့တယ်၊
အဆုံးကို မသတ်နိင် တော့၊ ကနဦးမှာတော့ ကျွန်တော်လည်း နားထောင်နေမှန်းသိအောင် အလိုက်သင့်
သံယောင်လိုက်ပေးနေခဲ့သေးတယ်၊ ဒါပေမယ့် မကြာပါဘူး ကျွန်တော် လက်လျှော့လိုက်တော့တယ်၊
ဒီတော့ ကျွန်တော် ဓတ်ပြားတစ်ချပ်ဖွင့်လိုက်တယ်၊ တစ်ချပ်ကုန်သွားရင်
နောက်တစ်ချပ်၊ တစ်ချပ်ပြီးတစ်ချပ်၊ အားလုံးကုန်သွားပြီး ဖွင့်စရာမကျန်တော့ ပထမဆုံးအချပ်ကို
ပြန်ဖွင့် တယ်၊ အပြင်မှာ တော့ ဖွင့်အန်လို့ မဆုံးနိင်သေးဘူး၊ သူမရဲ့ တစ်ကိုယ်တည်းစကား
တွေမဆုံးတမ်း ပြောနေခိုက်မှာ အချိန်က နှေးကွေးစွာ သွားနေခဲ့တယ်။
ဒီလိုနဲ့ အချိန် တော်တော်လေးကြာလာခဲ့ပြီ ဆိုတာ သိတော့သိပေမယ့်
စိတ်ထဲစိုးရိမ် ပူပန်မိတာမျိုး တော့ မရှိပါဘူး၊
ဒါပေမယ့် ၁၁ နာရီထိုးပြီဆိုတာ ရုတ်တရက် သိလိုက်တော့မှ ကျွန်တော် လန့်သွားတယ်၊
သူမ မနားတမ်း ပြောနေတာ လေးနာရီ လောက်ရှိပြီပဲ၊ အခုချိန်မှ မထရင်တော့ နောက်ဆုံးရထားလွတ်သွားတော့မယ်၊
ကျွန်တော် ဘာလုပ်ရမှန်းမသိဘူး၊ သူမကို ဆုံးတဲ့ အထိ ပြောခိုင်းမလား၊ ကြားဖြတ်ပြီး စကားစသတ်ရမလား၊
အတန်ကြာ ချီတုံချီချ ဖြစ်နေပြီးမှ ကျွန်တော် ကြားဖြတ်မယ်လို့ ဆုံးဖြတ်လိုက်တယ်၊ လေးနာရီဆိုတာ
အတော်လုံလောက်ပြီလို့ ကျွန်တော် ထင်တယ်လေ၊“ငါပြန်ဖို့ကောင်းပြီထင်တယ်၊
ညဉ့်နက် တဲ့ အထိနေမိတာ တောင်းပန်ပါတယ်ဟာ၊ တို့တွေ တွေ့ဦးမယ်လေ၊ ဟုပ်ပြီလား”
ကျွန်တော့စကားတွေကို သူမ စိတ်ထဲရောက်မရောက် ကျွန်တော်မသိဘူး၊
ခဏတော့ သူမ တိတ်သွားတယ်၊ မကြာပါဘူး၊ တကိုယ်တည်းပြောနေတော့တာပါပဲ၊ ကျွန်တော်လည်း လက်လျော့လိုက်ပြီး
စီးကရက်မီးညှိလိုက်တယ်၊ ဒီပုံစံနဲ့တော့ ကျွန်တော်လည်း ပထမအစီအစဉ်နဲ့ မဖြစ်နိင်တော့ဘူးထင်တယ်၊
ဖြစ်ချင်တာ ဖြစ်ပစေတော့၊
ဒါပေမယ့် သိပ်မကြာပါဘူး၊ သူမရပ်သွားတယ်၊ ကျွန်တော်လည်း ရုတ်တရက်အံအားသင့်
သွား ပြီး သူမပြောပြီးသွားပြီဆိုတာ သိလိုက်တယ်၊ တကယ်တော့ သူမ ပြောချင်စိတ်ကုန် သွားတာ
မဟုပ်ဘူး၊ ပြောစရာ စကားလုံးကို မကျန်တော့တာ၊ စကားလုံးအစအန တွေက လေထဲမှာ တို့လို့တန်းလန်း၊
သူမ ဆက်ပြောဖို့ ကြိုးစားပါသေးတယ်၊ ဒါပေမယ့် တစ်လုံးမှကို ထွက်မလာတော့ဘူး၊ တစ်စုံတစ်ရာ ဆုံးရှုံးသွားသလိုပဲ၊
သူမရဲ့ နှုပ်ခမ်းတွေက မဟ တဟနဲ့၊ သူမက ကျွန်တော့်မျက်လုံးတွေကို မရေမရာနဲ့ ကြည့်နေခဲ့တယ်၊
သူမကြည့်ရတာ ကျပ်ပိတ်ပိတ် ဥခွံထဲက တစ်စုံတစ်ရာကို ထွက်ပေါ်လာအောင် လုပ်နေသလိုပဲ၊ ဘာပဲဖြစ်ဖြစ်
ကျွန်တော့်စိတ်ထဲမှာ အပြစ်မကင်းသလို ခံစားလိုက်မိတယ်၊
“ငါ မင်းကိုစကားဖြတ်ဖို့
မရည်ရွယ်ခဲ့ပါဘူး၊ ဒါပေမယ့် သိပ်နောက်ကျနေပြီဆိုတော့ ငါလည်း ပြန်ရင်ကောင်းမှာပဲ ဆိုပြီး…..”
ကျွန်တော်စကားကို တလုံးချင်းဖြေးဖြေးလေး လေးနဲ့ ပြောနေခဲ့တယ်၊
မျက်ရည်တစ်စက်က သူမပါးပြင်ပေါ်ကနေစီးကျပြီး ဓတ်ပြားအဖုံးပေါ်စင်သွားလိုက်တာ
တစ်စက္ကန့်တောင် မကြာလိုက်ဘူး၊ ပထမတစ်စက် စီးကျပြီးတဲ့နောက် တော့ ရေကာတာ
ကျိုးသွားသလိုပါပဲ၊ကြမ်းပြင်ပေါ်လက်ထောက် ရှေ့ကိုငုံ့ကိုင်းပြီး ငိုနေပုံက မသိရင် အန်နေတဲ့
အတိုင်းပဲ၊ ကျွန်တော်လည်း သူမရဲ့ တဆတ်ဆတ်လှိုက်ခါနေတဲ့ ပုခုံး ပေါ် လက်ကို အသာအယာတင်လိုက်တယ်၊ပြီးတော့
ဘာကိုမှ မစဉ်းတော့ပဲ သူမကို ရင်ခွင်ထဲဆွဲသွင်းလိုက်တယ်၊ ကျွန်တော့ရင်အုံပေါ်မှာ သူမရဲ့
ခေါင်းကို မြှုပ်ထားပြီးအသံတိတ် ကျိတ်ပြီးရှိုက်နေခဲ့တယ်၊ သူမရဲ့ ပူနွေးတဲ့ ထွက်သက်နဲ့
မျက်ရည်စတွေကြောင့် ကျွန်တော့်ရှပ်အင်္ကျီတောင် စိုထိုင်းလာခဲ့တယ်၊
သူမရဲ့ လက်ချောင်းတွေကတော့ ကျွန်တော့ကျောပေါ်မှာ တစ်စုံတစ်ရာကို ရှာဖွေနေသလို ဟိုသည်
လျောက်စမ်းနေခဲ့တယ်၊ ကျွန်တော့်ဘယ်ဘက်လက်မောင်းနဲ့ သူမကို ခေါင်းအုံးထားပြီး ညာဘက်လက်
နဲ့ သူမရဲ့ ဆံချည်မျှင်လေးတွေကို ပွတ်သပ်နေမိတယ်၊ သူမ အငိုများတိတ်မလား အတော်ကြာကြာ
အဲဒီပုံစံအတိုင်းကျွန်တော် စောင့်ပေးနေခဲ့တယ်၊ ဒါပေမယ့် သူမက မတိတ်ပါဘူး၊
*******************
အဲဒီညက သူမနဲ့ကျွန်တော် ခရီးအတော်လွန်ခဲ့ကြတယ်၊ အခြေအနေအရ ဒါအကောင်းဆုံးဖြစ်ချင်ဖြစ်မယ်၊
ဖြစ်ချင်မှလည်း ဖြစ်မယ်၊မဟုပ်ရင်ရော တခြား ဘာလုပ်သင့်သလဲ ၊ ကျွန်တော် မသိဘူး၊ ကျွန်တော်
မိန်းခလေးတစ်ယောက်နဲ့ အတူမနေခဲ့တာ အတော်ကြာခဲ့ပြီ၊ သူမအတွက်တော့ ဒါပထမဆုံး အတွေ့အကြုံပဲ၊
ကျွန်တော်ကလည်း ကျွန်တော်၊ သူ့ရည်းစားနဲ့ ဘာကြောင့် နယ်မကျွံခဲ့ကြတာလဲ လို့ မိုက်မိုက်မဲမဲ သွားမေးမိတယ်၊ သူမက ပြန်မဖြေပဲ တဖက်လှည့်သွားပြီး
အပြင်မှာရွာနေတဲ့ မိုးစက်တွေကိုပဲ ငေးနေတော့တယ်၊
ကျွန်တော်လည်း မျက်နှာကျက်ကို မော့ကြည့်ပြီး ဆေးလိပ်ဖွာနေလိုက်တယ်။
******************
မနက်ရောက်တော့ မိုးတိတ်သွားခဲ့ပြီ၊ သူမ ကတော့ ကျွန်တော့ကို
ကျောပေးလျက်ပဲ အိပ်နေခဲ့တယ်၊ ဒါမှမဟုပ် သူမဟာ တစ်ချိန်လုံးနိုးနေခဲ့သလား မပြောတတ်ဘူး၊
သူမဟာ ပြီးခဲ့တဲ့ နှစ်ကလို တခါပြန်ပြီး တိတ်ဆိတ်ခြင်းရဲ့ အိပ်ခွံထဲ ပြန်လည် ကျရောက်လို့
သွားခဲ့ပြန်တော့တယ်၊ ကျွန်တော် သူမရဲ့ ဖျော့တော့တော့ ကျောပြင်ကို ခဏလောက် ကြည့်နေခဲ့သေးတယ်၊
ပြီးတော့ ကျွန်တော်လည်း လက်လျော့ပြီး ကုတင်ပေါ်က ဆင်းလာခဲ့တော့တယ်၊
ဓာတ်ပြားအခွံတွေကတော့ ကြမ်းပြင်ပေါ်မှာ ပြန့်ကျဲလို့၊ ကိတ်မုန့်
အပိုင်းအစတစ်ပိုင်းက စားပွဲကို တန်ဆာဆင်ထားတယ်၊ ကျွန်တော့စိတ်ထဲမှာ အချိန်က လမ်းချော်ပြီးရပ်နေသလိုပဲ၊
သူမ ရဲ့ စားပွဲပေါ်မှာတော့ အဘိဓာန်တစ်အုပ်နဲ့ ပြင်သစ်စာရဲ့ ကြိယာအမျိုးမျိုးကို ပြထားတဲ့
ဇယားတစ်ခု၊ စားပွဲရှေ့ နံရံမှာ တော့ ပြက္ခဒိန်တစ်ခု
ကို ကတ်ထားတယ်၊ ဘာဆိုဘာမှ မမှတ်ထားရသေးတဲ့ အဖြူဆွတ်ဆွတ် ပြက္ခဒိန်။
ကုတင်ဘေးမှာအပုံလိုက်ကျနေတဲ့ အဝတ်တွေကို ကျွန်တော်ကောက်ယူ လိုက်တယ်၊
ကျွန်တော့်ရဲ့ ရှပ်အင်္ကျီဟာ ယခုအချိန်ထိ သူမရဲ့ မျက်ရည်တွေနဲ့ အေးစက်စိုထိုင်းနေဆဲပါ၊
ကျွန်တော်လည်းငုံ့ပြီး သူမရဲ့ ဆံနံ့သင်းသင်းလေးကို ရှူသွင်းလိုက်ပါတယ်၊ဒီ့နောက် စားပွဲပေါ်မှာတွေ့တဲ့
စာရွက်ပိုင်းလေးကို ဖြဲပြီး ကျွန်တော့်ကိုဖုန်းဆက်ဖို့ ရေးမှာ ထားခဲ့ တယ်။ ပြီးမှ တံခါးကိုစေ့ပြီးထွက်လာခဲ့ပါတယ်၊
************************
တစ်ပတ်တိတိ သူမဆီက ဖုန်းမလာဘူး၊ ကျွန်တော်ဆက်တော့လည်း မကိုင်ဘူး၊
ဒီတော့ ကျွန်တော်သူမအတွက် စာအရှည်ကြီးတစ်စောင်ရေးတယ်၊ ကျွန်တော့်ခံစားချက်တွေကို ကျွန်တော်သိသလောက်
ရိုးရိုးသားသား ပြောပြဖို့ပါပဲ ။ငါနားမလည်နိင်တဲ့ကိစ္စတွေအများကြီး
ဖြစ်ပျက်သွားခဲ့တယ်၊ ငါအစွမ်းကုန်ကြိုးစားပြီး အဖြေ ရှာမှာပါပဲ၊ ဒါပေမယ့် ဒီ့အတွက်
အချိန်ယူရမယ်ဆိုတာတော့ မင်းသိစေချင်တယ်၊ ငါဟာဘယ်ကို ခြေဦးလှည့်ရမယ်မှန်းကို မသိဘူး၊
ငါသိတာကတော့ ငါဟာ အဲဒီအကြောင်း တွေအရမ်းတွေးပြီး စိုးရိမ်ပူပန်မနေချင်ဘူး၊ ကမ္ဘာကြီးဟာ ဒီလောက်
တွေးနေရလောက် အောင် ရေရာလှတာမှမဟုပ်တာ၊ ငါ စပြီး လေးလေးနက်နက်စဉ်းစားမိယင် အဆုံးမှာ
လူတွေကို သူတို့ မလုပ်ချင်တာတွေ အတင်းလုပ်ခိုင်းမိလိမ့်မယ်၊ ငါဒါကို မခံနိင်ဘူး၊ ငါမင်းကို
အရမ်းတွေ့ချင်မိတာအမှန်ပဲ၊ ဒါပေမယ့် တွေ့သင့်လားမတွေ့သင့်လား ငါလည်းမသိဘူးဒါကတော့ သူမဆီ
ကျွန်တော် ရေးလိုက်တဲ့စာပေါ့။
******************************
ဇူလိုင်လဆန်းမှာ ကျွန်တော်ပြန်စာရတယ်၊ စာတိုလေးပါ။
********************************
လောလောဆယ်တော့ ကောလိပ် တစ်နှစ်နားဖို့ ကျွန်မ ဆုံးဖြတ်လိုက်တယ်၊
လောလော ဆယ်လို့ ဆိုပေမယ့် ပြန်လာဖြစ်ချင်မှလည်း လာဖြစ်မယ်၊ ခွင့်ကတော့ တရားဝင်ဖြစ်အောင်
ယူလိုက်တာပါ၊ မနက်ဖြန် ကျွန်မ အဆောင်ကနေထွက်မယ်၊ ဆိုင်းမဆင့်ဗုံမဆင့်လို့တော့ ရှင်
ထင်လိမ့်မယ်၊ ဒါပေမယ့်ကျွန်မ ကတော့ အချိန်အတော်ယူပြီး စဉ်းစားခဲ့တာပါ၊ ကျွန်မ ရှင်နဲ့တိုင်ပင်ဖို့
အကြိမ်ကြိမ်စဉ်းစားသေးတယ်၊ ဒါပေမယ့် အကြောင်းကြောင်းကြောင့် ရှင့်ကို မတိုင်ပင်ဖြစ်ခဲ့ဘူး၊
ရှင်နဲ့အဲဒီ အကြောင်းကို မပြောချင် တာလည်း ပါမယ်၊
ဖြစ်ပျက်ခဲ့တာတွေ အားလုံးအတွက် စိတ်မပူပါနဲ့၊ ဖြစ်ခဲ့တာတွေရော
မဖြစ်ခဲ့တာတွေရော ကျွန်မတို့ ကြားမှာ ပြီးဆုံးသွားခဲ့ပါပြီ၊ ရှင်စိတ်ထိခိုက်သွားမယ်ဆိုရင်လည်း
ခွင့်လွှတ်ပါ၊ ရှင့်ကို ပြောချင်တာက ရှင့်ကိုရှင်ရော ကျွန်မကိုရော တခြားတစ်ယောက်ယောက်ကိုရောအပြစ်တင်မနေဖို့ပါ၊
ဒါဟာ ကျွန်မဘာသာ ကျွန်မ ဖြေရှင်းရမယ့်ကိစ္စပါ၊ ပြီးခဲ့တဲ့ တစ်နှစ်လုံး ရှင့်ကို အနှောင့်အယှက်အတော်ပေးခဲ့မိတယ်၊
ရှင်လည်း ကျွန်မ့အတွက် အတော်ဒုက္ခ ခံခဲ့
ရလိမ့်မယ်၊ဒါတွေအားလုံး ကျွန်မတို့ရဲ့ အတိတ်မှာကျန်ခဲ့ပြီလို့ ထင်ပါတယ်၊ကျိုတိုနားက တောင်ပေါ်မှာ နာလံထဆေးရုံတစ်ခုရှိတယ်၊ ကျွန်မ အဲဒီမှာ ခဏလောက်နေဖို့
စဉ်းစားထားတယ်၊ အဲဒီနေရာက ဆေးရုံဆိုတာထက် ကိုယ့်ဘာသာ လွတ်လွတ်လပ်လပ် လုပ်ချင်တာလုပ်လို့ရတဲ့
နေရာလေးပဲ၊ နောက်ရှင့်ဆီစာရေးဖြစ်ရင်တော့ ဒီ့ထက် ပိုပြော နိင် ပါလိမ့်မယ်၊ အခုလောလောဆယ်တော့
စကားလုံးတွေကို ရေးချလို့မရဘူး ဖြစ်နေ တယ်၊ ဒါနဲ့ဆို ဆယ်ကြိမ်မြောက်ပဲ ပြန်ရေးရတာ၊
မနှစ်က ရှင်နဲ့ အတူရှိနေခဲ့တဲ့အချိန်တွေအတွက် ဘယ်လောက်အထိကျေးဇူးတင်ကြောင်းကို ပြောဖို့
သင့်တော်တဲ့ စကားလုံး ကို ရှာမရဘူး၊ ကျွန်မဒီလိုပြောတာ ကျေးဇူးပြုပြီးယုံပေးပါ၊ ကျွန်မ
ဒီ့ထက်လည်း ပိုမပြောတတ်ဘူး၊
ရှင်ပေးခဲ့တဲ့ ဓတ်ပြားကို ကျွန်မ အမြဲ တန်ဖိုးထားသိမ်းထားမှာပါ၊
ဘာမှ မရေရာတဲ့ ဒီလောကကြီးထဲမှာ တစ်ချိန်ချိန် တစ်နေရာရာ ကျွန်မတို့ ပြန်ဆုံကြတယ့်အခါတော့
အခုထက်ပို ပြောနိင်လိမ့်မယ် မျှော်လင့်ပါတယ်၊
နှုတ်ဆက်လိုက်ပါတယ်
************************
ကျွန်တော်သူမရဲ့ စာကို အနည်းဆုံး အကြိမ်ရာနဲ့ချီ ပြီး ဖတ်နေမိတယ်၊
ဖတ်တိုင်းလည်း ဆိုးဆိုးရွားရွား ဝမ်းနည်းမှုက လူကို ဖျစ်ညစ်ဆုပ်နယ်ထားတယ်၊ ကျွန်တော့်မျက်လုံး
တွေကို သူမ စိုက်ကြည့်တဲ့အခါတိုင်းမှာ ခံစားရတဲ့ အနေရခက်မှုမျိုးနဲ့ တူတယ်၊ အဲဒီခံစားမှုကို ကျွန်တော် ခွာချလို့ကို မရဘူး၊ လေလိုပဲ၊ ပုံသဏ္ဍန်မဲ့ အလေးချိန်မဲ့ ကျွန်တော့်ကိုယ်မှာ သိုင်းပတ်ထားလို့လဲမရ၊ ပတ်ဝန်းကျင်ရှုခင်းတွေက
ကျွန်တော့်ရှေ့က ညင်ညင်သာသာ ဖြတ်သွားကြတယ်၊ လူတွေပြောတဲ့ စကားတွေက ကျွန်တော့် နားထဲမရောက်ဘူး၊
စနေနေ့ညတွေမှာဆို ကျွန်တော်ဟာ ဧည့်ခန်းထဲက ထိုင်နေကျ ခုံမှာပဲ
ထိုင်နေတတ်တယ်၊ ဖုန်းလာဖို့ မရှိဘူးဆိုတာ ကျွန်တော်သိပါတယ်၊ ဒါပေမယ့် တခြားဘာလုပ်ရမှန်းလည်း
မသိ၊ တီဗီဖွင့်ပြီး ဘေ့စ်ဘောပွဲ ကြည့်ချင်ယောင်ဆောင်မိတယ်၊ တီဗွီနဲ့ ကျွန်တော်နဲ့
ကြားက မတိုင်းတာနိင်တဲ့ ကွက်လပ်ကလေးကိုပဲငေးနေမိတယ်၊ အဲဒီကွက်လပ်ကို ထပ်ကာ ထပ်ကာ စိတ်ထဲမှာ
ထပ်ခြမ်းခြမ်းနေမိတာ ကျွန်တော့်လက်ဖဝါးထဲ ထည့်လို့ရလောက်အောင် သေးငယ်သွားတဲ့ အထိပဲ။
ဆယ်နာရီထိုးတာနဲ့ တီဗွီကို ပိတ်ပြီး ကျွန်တော့်အခန်းကို ပြန်အိပ်တယ်၊
************************
လကုန်တော့ ကျွန်တော့်အခန်းဖော်က အသင့်ဖျော်ကော်ဖီခယားထဲ ထည့်ထားတဲ့
ပိုးစုန်းကြူးတစ်ကောင် ပေးတယ်၊ အထဲမှာ ဖန်ဒလက်တွေနဲ့ ၊ ရေနည်းနည်း ရှိတယ်၊ အဖုံးမှာ
လေပေါက်လေးဖောက်ပေးထားတယ်၊ ပိုးစုန်းကြူးက အလင်းရောင် မထွက်တော့ ကမ်းခြေမှာတွေ့ရတက်တဲ့
အနက်ရောင်ကြမ်းပိုးလေး နဲ့တောင် တူသေး၊ ကရားထဲကို အသေအချာ ကြည့်လိုက်တော့မှ ပိုးစုန်းကြူးဆိုတာသေချာသွားတယ်၊
ပိုးစုန်းကြူးလေးဟာ ဖန်ခရားရဲ့ ချောနေတဲ့အခြမ်းကနေ တရွေ့ရွေ့တက်လိုက်၊ ပြန်ပြုတ်ကျလိုက်နဲ့၊
ကျွန်တော်အနီးကပ် ကြည့်နေတာပဲ အတော်ကြာသွားခဲ့ပြီ။
“ကျွန်တော်
ဝင်းထဲကတွေ့လာတာ၊ လမ်းအဆင်းက ဟိုတယ်မှာ လူစိတ်ဝင်စားအောင် ပိုးစုန်းကြူး တစ်သိုက်ကြီးပြထားတယ်လေ၊
ဒီကောင်က အဲဒီကနေသူ့ဘာသာသူရောက် လာပုံပဲ”
ကျွန်တော့် အခန်းဖော်က ပြောလည်းပြော၊ အဝတ်အစားတွေ ၊ မှတ်စုစာအုပ်တွေကို
လက်ဆွဲအိပ်လေးထဲ ထိုးထည့်နေခဲ့တယ်၊ နွေရာသီကျောင်းပိတ်တာ တောင် ဘယ်နှစ်ပတ်ရှိပြီလဲ
မသိတော့ ပါဘူး ၊ ကျွန်တော်ကတော့ အိမ်ကို မပြန်ချင်လို့၊ သူကတော့ကွင်းဆင်းစရာရှိလို့၊
ဒီလိုနဲ့ ကျွန်တော်တို့နှစ်ယောက်ပဲ အဆောင်မှာ ကျန်ခဲ့တယ်၊ သူက အခု ကွင်းဆင်းပြီးလို့ အိမ်ပြန်ဖို့လုပ်နေပြီလေ၊
“ မိန်းခလေးတစ်ယောက်ယောက်ကို
ပေးလိုက်ပေါ့၊ ဒါမျိုးကို မိန်းခလေးတွေ ကြိုက်ကြတယ်မဟုပ်လား” သူက အကြံပေးသည်၊
“ဒီအကြံကောင်းတယ်၊
ကျေးဇူးပဲ” ကျွန်တော်သူ့ကို
ပြန်ပြောလိုက်တယ်
**************************
နေဝင်သွားတော့ အဆောင်တစ်ခုလုံး တိတ်ဆိတ်လို့၊ အလံကိုလည်း ဖြုတ်သွားခဲ့ကြပြီ၊
ကဖေးဆိုင်ပြူတင်းပေါက်က အလင်းရောင်ဝင်လာတယ်၊ အဲဒီမှာ ကျောင်းသား နည်းနည်းပဲရှိတော့
မီးကို တစ်ဝက်လောက်ပဲ ထွန်းထားတယ်၊ ညာဘက်အခြမ်းကို အမှောင်ချပြီး ဘယ်ဘက်တစ်ခြမ်းပဲ
ထွန်းထားတယ်၊ ခပ်မှိန်မှိန် ညစာစားပွဲရဲ့ အငွေ့အသက်ကို ရနိင်တယ်၊နှာခေါင်းထဲမှာ ပြုတ်ကျော်နံ့ရနေတယ်၊
ပိုးစုန်းကြူးထည့်ထားတဲ့ကော်ဖီကရားကိုယူပြီးကျွန်တော်အဆောင်ခေါင်မိုးလေသာ
ဆောင်ပေါ်တတ်သွားတယ်၊ အဲဒီမှာ ခြောက်ကပ်တတ်ဆိတ် နေလိုက် တာများ၊ အဝတ်တန်းမှာ ဘယ်သူ
မေ့ကျန်ခဲ့မှန်းမသိတဲ့ အဖြူရောင်ရှပ်အင်္ကျီတစ်ထည်က ညနေခင်း လေညှင်းမှာတလွင့်လွင့်လူးနေလိုက်တာ
အရေခွံခွာပြီးလှန်းထားသလိုပဲ၊ အမိုးထောင့်က သံချေး တတ်နေတဲ့ လှေကားကနေ ရေတိုင်ကီစင်ကို
ကျွန်တော် တက်လိုက်တယ်၊ တိုင်ကီ ဝိုင်းကြီးက နေ့လည်ကအပူရှိန်နဲ့ နွေးနေဆဲပဲ၊ အဲဒီ
နေရာလွတ်လေးမှာပဲ ကျဉ်းကျဉ်း ကျပ်ကျပ်ထိုင်လိုက်တယ်၊ လက်ရမ်းကိုမှီပြီး ကျွန်တော့်
ရှေ့က တရက်နှစ်ရက်သာ လိုတော့တဲ့ မပြည့်တပြည့် လကို ကြည့်လိုက်တယ်၊ညာဘက်မှာ ရှင်ဂျုကုက
လမ်းတွေ၊ ဘယ်ဘက်မှာတော့ အကီဘူကူယိုကို မြင်နေရတယ်၊ ကားတွေရဲ့ ရှေ့မီးက တောက်ပ တဲ့အလင်းတန်းတွေဟာ
စမ်းချောင်းလေးလို မြို့ရဲ့တစ်နေရာက တစ်နေရာကို စီးနေကြတယ်၊ မြို့ကို တိမ်တိုက် တစ်ခုလို
ဖုန်းနေတာက တိုးတိုးတမျိုး ကျယ်ကျယ်တစ်ဖုံ အသံမျိုးစုံ။
ပိုးစုန်းကြူးလေးက ကရားအောက်ခြေမှာ မှိန်မှိန်လေးလင်းနေတယ်၊
ဒါပေမယ့် အလင်းရောင်က သိပ်အားနည်းတဲ့ အတွက် အရောင်က သိပ်မွဲတယ်၊ ကျွန်တော်မှတ်မိ သလောက်က
ပိုးစုန်းကြူးတွေဟာ နွေညရဲ့ အမှောင်ကိုထိုးခွဲပြီး ပြတ်ပြတ်သားသားမြင်နိင်လောက်အောင်
တောက်ပကြတယ်၊ ဒီ ပိုးစုန်းကြူးကတော့ အတော့်ကို အားနည်း နေပုံပဲ ၊ မှန်းကြည့်ရတာ သေတော့မယ်ထင်တယ်၊
ကျွန်တော်ခရားနှုတ်သီးက ကိုင်ပြီး တစ်ကြိမ်နှစ်ကြိမ် လှုပ်ကြည့်တယ်၊ ဒီပိုးကောင်လေးက
တစ်စက္ကန့်လောက်ပျံပြီး ဖန် နံရံ နဲ့ ဝင်တိုက်တယ်၊ ဒါပေမယ့် အလင်းရောင်က
မှိန်ဆဲပဲ။
ပြဿနာက အလင်းရောင်မဟုပ်ပဲ ကျွန်တော်အမှတ်မှားတာလည်း ဖြစ်နိင်တယ်၊
ပိုးစုန်းကြူးတွေဟာ အဲဒီလောက် အရောင်တောက်ချင်မှလည်း တောက်မယ်၊
ကျွန်တော့်ဘာသာ စိတ်ကူးထားတာလည်း ဖြစ်နိင်တယ်၊ ဒါမှမဟုပ် ကျွန်တော်
ငယ်ငယ်က ကြုံရတဲ့ အမှောင်ထုက ပိုပြီး နက်ရှိုင်းလို့လည်း ဖြစ်ချင်ဖြစ်မယ်၊ ကျွန်တော်
မမှတ်မိတော့ဘူး၊ ဘယ်တုန်းက ပိုးစုန်းကြူးကို နောက်ဆုံးမြင်ခဲ့ဖူးသလဲ ဆိုတာတောင် ပြန်စဉ်းစားလို့
မရတော့ဘူး၊
ကျွန်တော်မှတ်မိနေတာက ညဘက် ကြားရတဲ့ ရေသံ၊ အုတ်ရေလွှဲပေါက်
ဟောင်းလေးတစ်ခု၊ လှည့်ပြီး အဖွင့်အပိတ်လုပ်ရတဲ့ မောင်းတံလေးနဲ့၊ အပင်တွေ အုပ်ဆိုင်းနေတဲ့ချောင်းငယ်
လေး၊ ပတ်ပတ်လည်မှာ ပိန်းပိတ်နေတဲ့ အမှောင်ထု၊ ငြိမ်သက်နေတဲ့ ရေပြင်အထက်မှာ ပိုးစုန်းကြူးတွေ
ရာနဲ့ချီလို့၊ အလင်းစက်လေးတွေ တစ်အုပ်လုံးက မီးကြီးထွန်း ထားသလို စမ်းချောင်းလေးရဲ့
ရေပြင်မှာ တောက်ပနေကြတယ်၊ ဘယ်တုန်းကလည်း ဘယ်နေရာမှာလဲ ဆိုရင်တော့ ကျွန်တော် မသိတော့ဘူး
အားလုံးက ရောနှော ရှုပ်ထွေးနေခဲ့တယ်၊
ကိုယ့်ကိုယ်ကို အေးငြိမ်းသွားအောင် မျက်လုံးမှိတ်ပြီး အသက်ပြင်းပြင်း
ရှူသွင်းလိုက်တယ်၊မျက်လုံးကို ဒီအတိုင်းတင်းတင်းမှိတ်ထားခဲ့ယင် အချိန်မရွေး ခန္ဒာကိုယ်ဟာ နွေဦးညနက်နက်ထဲ နစ်မြုပ်သွားမှာ အသေအချာပဲ၊ အခုလို ညဘက်မှောင်မှောင်မဲမဲမှာ
ရေတိုင်ကီစင်ပေါ်တတ်တာ ဒါပထမဆုံးပဲ၊ လေတိုးသံက ခါတိုင်းထက် ပိုပြီး ကြည်လင် နေတယ်၊
လေက သိပ်မပြင်းလှပေမယ့် ကျွန်တော့ကိုတိုးတိုက်သွားတဲ့အခါ ထူးထူးဆန်းဆန်း သူ့ရဲ့ အထိအတွေ့ကို
ထင်ထင်ရှားရှား ချန်ရစ်ခဲ့ တယ်၊ အချိန် ကြာလာတာနဲ့ အမျှ ညဟာ ကမ္ဘာမြေပြင်ပေါ် တစတစ
လွှမ်းခြုံလာခဲ့တယ်၊ မြို့ရဲ့ အလင်းရောင်က ထိန်ငြီးဆဲပါ၊ ဒါပေမယ့် ညဟာ တဖြေးဖြေး တစစ
နဲ့ အနိင်ရလာခဲ့တယ်၊
ကရားအဖုံးလေးကို ဖွင့်ပြီး ကျွန်တော် ပိုးစုန်းကြူးလေးကို ထုပ်လိုက်တယ်၊
ရေတိုင်ကီစင်ရဲ့ တစ်လက်မ နှစ်လက်မလောက် ရှိတဲ့ အစွန်းလေး ပေါ်တင်လိုက်တယ်၊ ကြည့်ရတာ
ပိုးစုန်းကြူးလေးဟာ သူဘယ်ရောက်နေသလဲ မသဲကွဲဘူးဖြစ်နေတယ်၊ လက်ကိုင်ဖုကို ယောင်တိယောင်ကမ်း
တစ်ပတ်ပတ်ပြီး အိမ်သုတ်ဆေးတစ်ထပ်ပေါ်ကနေ ခြေထောက်တစ်ဖက်ဆန့်လိုက်တယ်၊ ညာဖက်ဆက်သွားကြည့်တော့
လမ်းကဆုံးနေပြီ၊ ဒီတော့ဘယ်ဘက်ပြန်လှည့်လာတယ်၊လက်ကိုင်ဘုရဲ့ ထိပ်မှာ ကုပ်ကပ်တွယ်ဖက်လို့၊
အဲဒီမှာ အတော်ကြာကြာဝပ်နေခဲ့တယ်၊လုံးဝမလှုပ်ဘူး၊ အသက်မရှိတော့တဲ့အတိုင်း၊ လက်ရမ်းကိုမှီပြီး ပိုးစုန်းကြူးကို ကျွန်တော် ငေးနေခဲ့တယ်၊
ကျွန်တော် တို့နှစ်ယောက်ဟာ အချိန်အတော်ကြာကြာဒီအတိုင်း မလှုပ်မယှက် ထိုင်နေခဲ့ကြတယ်၊
အဲဒီမှာ စမ်းချောင်း တစ်ခုလို တသွင်သွင်စီးဆင်းနေတဲ့ လေကပဲ ကျွန်တော်တို့ကို ပွတ်သပ်သွားကြတယ်၊
အမှောင်ထဲမှာ မရေတွက်နိင်တဲ့ ဇယ်ကိုဗာ ရွက်တွေက အချင်းချင်းပွတ်တိုက်ပြီး တရှဲရှဲ
မြည်လို့။
**********************
ကျွန်တော် ထာဝရ စောင့်လို့နေခဲ့တယ်
**************************
အတော်ကြာပြီးတဲ့နောက် ပိုးစုန်းကြူးလေးလဲ ပျံသွားတယ်၊သူ့ပုံစံက
တစ်ခုခုကို သတိရလိုက်သလို အတောင်တွေကို ရုတ်တရက်ဖြန့်လိုက်ပြီး ချက်ခြင်းပဲ လက်ရမ်းပေါ်က
ခုန်ချကာ အမှောင်ထုထဲပျံသန်းနေခဲ့တယ်၊ ကုန်လွန်သွားတဲ့ အချိန်တွေကို ပြန်ရဖို့ကြိုးစားတယ်ထင်ပါရဲ့၊ရေတိုင်ကီ
နံဘေးမှာ ခပ်သွက်သွက် စက်ဝိုင်းပုံတစ်ပတ်ပတ်၊ ပြီး သူ့အလင်းတန်းလေး မှိန်ဝါးလာရုံလောက်ပဲ
ခဏရပ်၊ ရပ်ပြီး အရှေ့ဘက်ကိုဆက် ပျံသန်း သွားခဲ့တယ်၊
ပိုးစုန်းကြူးလေး ပျောက်ကွယ်သွားပြီး အတော်ကြာတဲ့အထိ သူ့အလင်း
အစအန လေးတွေက ကျွန်တော့်ထံမှာ ကျန်ရစ်နေခဲ့တယ်၊ ကျွန်တော့်ရဲ့ ပိတ်ထားတဲ့ မျက်လုံးတွေရဲ့
နောက်က ထူထဲလှတဲ့အမှောင်ထဲမှာ အဲဒီ ဖျော့တော့တော့ အလင်းလေးဟာ ပျောက်ဆုံးသွားတဲ့ဝိညဉ်လို
ခြေဦးတည့်ရာ လှည့်လည်လို့၊
ကြိမ်ဖန်များစွာ ကျွန်တော့်ရဲ့ လက်တွေကို အမှောင်ထုထဲကို မြှောက်စမ်း
ကြည့်ပင်မယ့် ကျွန်တော့်လက်ချောင်းတွေက ဘာကိုမှ စမ်းလို့မမိ၊ အဲဒီ အလင်းစက်ကလေးဟာ ကျွန်တော်လက်လှမ်းမမှီတဲ့နေရာမှာပဲ
အမြဲ ရှိနေခဲ့တော့တယ်။
++++++++++++++++++++++++++++++
ဒီနိုဗို ပြန်ဆိုသည်မူရင်း Firefly by Haruki Murakami
Philip
Gabriel ၏ English
Translation မှ တိုက်ရိုက်ပြန်ဆိုသည်။
Subscribe to:
Posts (Atom)