အဖြူရောင်ကားသည်
အဖြူရောင်ဆေးများ သုတ်လိမ်းထားသော ကားတစ်စင်းဖြစ်ပါသည်။
အရောင်အဆင်း ကင်းမဲ့သော
ကားတစ်စင်း မဟုတ်ပါ။ သို့သော် အဖြူရောင်ကားသည် ရောင်စဉ်ခုနစ်သွယ်ကို
ငြင်းပယ်ထားသော ကား ဖြစ်ပါသည်။ သဘာဝထဲရှိ မူလဘူတအရောင်များ ဖြစ်သော နီ၊ ပြာ၊ ဝါ ကိုငြင်းပယ်ထားသော ကားဖြစ်ပါသည်။ ဆီးနှင်းများဖုံးလွှမ်းနေသော
တောင်တန်းကြီးများနှင့်
ကမ္ဘာ့ဝင်ရိုးစွန်း ရေခဲပြင်များတွင်သာ တွေ့နိုင်သည့် သဘာဝ၏ရှားပါးသော အရောင်အသွေးကို ရယူထားသောကားလည်း ဖြစ်သည်။
ထိုအဖြူရောင်ကားသည်
အဖြူရောင်ကင်းသော သဘာဝဆက်တင်ထဲတွင် ဖွေးခနဲ၊ ဖွေးခနဲ ပြေးလွှားနေခဲ့သည်။ တစ်နည်းအားဖြင့် သဘာဝအရောင်များကြားတွင်
သဘာဝမကျသော ဝတ္ထုပစ္စည်းတစ်ခုပမာ ရှိနေခဲ့သည်။ ကြည့်ပါ။ သူမောင်းလာသောလမ်းက မြေနီလမ်း၊ ဘေးတစ်ဖက် တစ်ချက် အိမ်တန်းတစ်လျှောက် အညိုရောင်၊ အစိမ်းရောင်၊ အပြာရောင်များက စီတန်းနေသည်။ အပေါ်စီးငှက်မြင်ကွင်းမှ
ကြည့်လျှင် စိမ်းစိမ်းမှိုင်းမှိုင်း
သစ်ပင်တန်းများက ဝန်းကျင် တစ်ခုလုံးကို
နောက်ခံအရောင် သုတ်လိမ်းပေးထားသည်။ အဝေးတွင် ထိုးထိုးထောင်ထောင် ရှိနေသော စေတီ ငယ်လေး က ရွှေရောင်၊ စေတီလေးနားရှိ ဘုန်းကြီးကျောင်းက အနီရောင်၊ အဝါရောင်၊ အညိုရောင်များဖြင့် ခန့်ထည်လို့နေသည်။ မြေနီလမ်းလေး၏ ညာဘက်ကို ချိုးကွေ့လိုက်လျှင် အစိမ်းရောင် အထက်တန်းကျောင်းတစ်ကျောင်း၊
ဘယ်ဘက်ကို ချိုးကွေ့လိုက်လျှင် အုတ်နီခဲရောင် ဆေးရုံတစ်ရုံ၊ ထိုလမ်းတစ်လျှောက် တည့်တည့်ဆက်သွားလျှင်
အပြာရောင်မှိုင်းမှိုင်း
ရဲစခန်း၊ ဆက်မသွားဘဲ နောက်ပြန်ကွေ့လျှင်တော့
နီ၊ ဝါ၊ ပြာ၊ စိမ်း ထီးမျိုးစုံဖြင့် ခင်းကျင်းရောင်းချနေသော ဈေးတန်းကြီးတစ်ခုကို
တွေ့ရပေမည်။ ဤသို့ဖြင့် အဖြူရောင်ကားသည် မြေနီလမ်းလေးပေါ်တွင် အဖော်ကင်းမဲ့စွာ မောင်းနှင်နေခဲ့သည်။
အဖြူရောင်ကားသည်
နေ့ခင်းနေ့လယ်တွင် ဟိုဟိုသည်သည် သွားတတ်သော်လည်း ညဘက်တွင်တော့ များသောအားဖြင့် ကောင်းကောင်းမွန်မွန်
အိပ်လေ့ရှိပါသည်။ သူများတကာ ကားတွေလို ညဉ့်နက်သန်းခေါင် မော်တာသံတဝီးဝီးနှင့်
စက်နှိုးနေလေ့မရှိပါ။
ဟွမ်းသံတပွမ်ပွမ်ဖြင့်
အိပ်မက်များကို လှန့်နှိုးလေ့မရှိပါ။
ည၏ မှောင်မိုက်မှုထဲတွင်
အနည်းငယ်မျှသော အလင်းရောင်လေးကို ပြန်လည်ထုတ်ပြန်ပေးလေ့
ရှိပါသေးသည်။
မနက်မိုးလင်းလာလျှင်တော့
အဖြူရောင်ကားသည် ရေတစ်ခွက်ကို မပျက်မကွက် သောက်သုံးလေ့ရှိပါသည်။
သို့မဟုတ်လျှင် ရေငတ်သည့်ဒဏ်ဖြင့် မပြေးနိုင်၊ မလွှားနိုင် ခြေကုန်လက်ပန်းကျနေတတ်ပါသည်။
အငွေ့တထောင်းထောင်းဖြင့်
ဒေါသထွက်နေသော သတ္တဝါတစ်ကောင်ပမာ ဖြစ်နေတတ်သည်။ လုံလောက်သော လောင်စာမီးကို ဖြည့်တင်းပြီးပြီဆိုလျှင်တော့
အဖြူရောင်ကားသည် လူတန်းစားမရွေး လိုရာအရပ်သို့ ပို့ဆောင်ပေးဖို့အသင့်ပင်။
အဖြူရောင်ကားသည်
ပုံမှန်အားဖြင့် လမ်းမပေါ်တွင် အေးအေးဆေးဆေး မောင်းနှင်တတ်ပါသည်။ သို့သော် တစ်ခါတစ်ရံ နောက်ကားမှ မခံချင်အောင် ပြောဆိုကာကျော်တက်သွားလျှင်တော့ အားကျမခံ ပြန်လည်ကျော်တက်လေ့ ရှိပါသည်။ နောက်ကားမှ အေးအေးဆေးဆေး လမ်းတောင်းလျှင်တော့ ဘေးသို့ကပ်ပေးဖို့ ဝန်မလေးပါ။ အဖြူရောင်ကား၏ မဟုတ်မခံ စရိုက်လက္ခဏာကို လူအများ နားမလည်နိုင်ကြပါ။ ဤအတွက် အဖြူရောင်ကားက ဖြေရှင်းပြဖို့ ဘယ်တုံးကမှ မကြိုးစားဖူးပါ။
အဖြူရောင်ကားသည်
ကိုယ်ပိုင်နံပါတ်ရှိသော်လည်း
ကိန်းဂဏာန်းများကို သိပ်စိတ်ဝင်စားပုံမရ။ ဘောလုံးသမားတစ်ယောက်လို
ကျောနံပါတ်ကို မြတ်မြတ်နိုးနိုး ဝတ်ဆင်ထားခြင်းမျိုးမဟုတ်။
တစ်ခါတစ်ရံ သူနှင့်ပတ်သက်ပြီး ဖြစ်ပေါ်လာနိုင်သည့် အမှုအခင်းများကို ဖြေရှင်းနိုင်ရန် အတွက်သာ နံပါတ်တစ်ခုကို တပ်ဆင်ထားရပုံမျိုး။
အဖြူရောင်ကားသည်
နိုင်လွန်ကတ္တရာလမ်းများပေါ်
မောင်းနှင်ခဲ့ဖူးသည်။
မြေနီလမ်း၊အုတ်ခင်းလမ်း၊ ကျောက်ခင်းလမ်းများကိုလည်း နင်းဖြတ်ခဲ့ဖူးပါသည်။
ဗွက်ထနေသော လမ်းများတွင်လည်း ရုန်းခဲ့ရဖူးသည်။ ချောင်းတိမ်တိမ်၊ မြောင်းတိမ်တိမ် တို့ကိုလည်း ကူးဖြတ်ခဲ့ဖူးသည်။ မတ်စောက်လှသည့် တောင်တန်းကြီးများ၏ ပတ်ပတ်လည်တွင် ကုတ်ကုတ်ကတ်ကတ် တက်ခဲ့ဖူးပါသည်။ တစ်ခါတစ်ရံ လမ်းမရှိသောအရပ်တွင် အဖြူရောင်ကားသည် ကိုယ့်လမ်းကိုယ်ထွင်ခဲ့ရဖူးသည်။
အဖြူရောင်ကားသည် အမြဲလို တစ်နေရာကို ထွက်ခွာဖို့ အသင့်ဖြစ်နေခဲ့သည်။ တစ်ခါ တစ်ရံ အဖြူရောင်ကားသည် တစ်စုံတစ်ရာကိုများ ကြိုးစားရှာဖွေနေခဲ့ သလား သံသယဝင်စရာ ရှိလာခဲ့သည်။
အဖြူရောင်ကားသည်
သူ့အရောင်နှင့် ပတ်သက်၍ အမြဲပင်မရေရာမှုကို ခံစားနေရသည်။ “အဖြူရောင်ဆိုတာ ရှိကိုမရှိပါဘူး” ဟု သူ့ကားပေါ်တွင် လိုက်ပါလာသော ပန်းချီဆရာတစ်ချို့၏ စကားကို ကြားပြီးကတည်းက သူ့မှာ သိမ်ငယ်စိတ်တစ်မျိုး ဝင်နေခဲ့ရသည်။ “အဖြူရောင်ဆိုတာ မရှိတဲ့အရောင်” “အဖြူရောင်ဆိုတာ မရှိတဲ့အရောင်” သူ့စိတ်ထဲမှာ ပဲ့တင်ထပ်နေတဲ့ အဲဒီအသံတွေကို ဖုံးလွှမ်းသွားအောင် သူလီဗာကို တစ်ဆုံးနင်းပြီး ပြေးလွှားနေမိတတ်သည်။ လမ်းတလျှောက်တွေ့ရသော
အရောင်အသွေးစုံလင်လှသည့်
ကားများကိုကြည့်ပြီး သူဟာ တစ်စုံတစ်ရာ လွဲချော် နေတဲ့ ကားတစ်စင်းပဲဟု ကိုယ့်ကိုယ်ကိုယ် ယူဆနေမိသည်။
အဖြူရောင်ကားသည်
ရံဖန်ရံခါ ခပ်ကြောင်ကြောင်အတွေးများဖြင့်လည်း
လုံးချာလည်နေတတ်သည်။ သူဟာ ကားတစ်စင်းမှ ဟုတ်ရဲ့လား။ သူဟာ ရွေ့လျားနေတဲ့ အဖြူရောင်အရိပ်တစ်ရိပ်လား။
ဒါမှမဟုတ် သူဟာ ခဲမာနေတဲ့အရွေ့ရဲ့ အသွင်သဏ္ဍာန်တစ်ခုပေပဲလား။
တစ်နည်း အားဖြင့် ဘရိတ်တပ်ထားတဲ့ အင်နားရှားပေပဲလား။ ဒါဆိုရင်တော့ သူဟာ သဘာဝမကျတဲ့ အရောင်တစ်ခုကို သုတ်လိမ်းထားတဲ့ ‘သဘာဝနိယာမကြီး’ တစ်ခု ဖြစ်မနေပေဘူးလား။ အမေရိကန်က မော်တော်ကားသူဌေးကြီး
ဟင်နရီဖို့(ဒ်)ဟာ
‘သဘာဝနိယာမ’
ကို အဆင်းဘီးတပ်ပေးရုံနဲ့
ဘာ ကြောင့် ဒီလောက် ချမ်းသာကြွယ်ဝတဲ့ဘဝကို
ရောက်သွားရတာလဲ စသည်ဖြင့် စသည်ဖြင့် သူဟာ သူနဲ့မတန်မရာတွေကို တွေးတွေးပြီး မေးခွန်းထုတ်နေတတ်ပြန်ပါသေးတယ်။
တကယ်တော့
အဖြူရောင်ကားဟာ အများနည်းတူ ကားတစ်ကားပါပဲ။ သူ့ကိုယ်သူ အများနဲ့မတူဘူးလို့ ထင်နေတာကိုက အများနည်းတူပါပဲ။ သူဟာ သူ့ကိုယ်သူ အများနဲ့ခွဲခြားပြီး မြင်နေတာကိုက အများနည်းတူပါပဲ။ သူဟာ “အများနည်းတူ ကားတစ်စီး” သာ ဖြစ်တယ်ဆိုတာ မသိ တာကိုက အများနည်းတူပါပဲ။ သူဟာ သူ့ထူးခြားဆန်းကြယ်မှုကို
ခက်ခက်ခဲခဲ ကြိုးစားပမ်းစား ရှာဖွေနေပုံကိုက အများနည်းတူပါပဲ။ သူဟာ “အများနည်းတူ ပင်လယ်”ထဲမှာ ထိန်းချုပ်ရာမဲ့ မျောနေရတယ်ဆိုတာကို လက်ခံဖို့ ခက်ခဲနေပုံကလည်း အများနည်းတူပါပဲ။
ယခုအချိန်မှာတော့
အဖြူရောင်ကားဟာ အမည်နာမသက်သက် အဖြူရောင်ကား ဖြစ်နေခဲ့ပါပြီ။ သူရဲ့ အဖြူရောင် ဆိုတာဟာလည်း
အများသဘောတူ မှည့်ခေါ်ထားကြလို့သာ ရှိတယ်လို့ထင်ရတယ်။ နဂိုမူလကတည်းက ‘မစစ်’ ခဲ့တဲ့ အဖြူဟာ နှစ်ကာလကြာတဲ့အခါ အစက်အပြောက်၊ အစွန်းအထင်းတွေနဲ့ “စိတ်ပျက်လက်ပျက်အဖြူ” ဖြစ်နေခဲ့ပါပြီ။
သူဟာ
သူဖြတ်သန်းခဲ့တဲ့ ခရီးမိုင်တွေကို ဒိုင်ခွက်ထဲမှာတော့ အစဉ်အမြဲ ဂုဏ်ယူတတ်ခဲ့ပေမယ့် ဒါဟာလည်း သိပ်အဓိပ္ပါယ်ရှိလှတယ်
မဟုတ်ဘူးဆိုတာ သူ့ဘာသာသူလည်း သဘောပေါက်နေခဲ့ပါပြီ။
သူဟာ
လူတွေလို ‘မနေ့က’ နဲ့ ‘မနက်ဖြန်’ ကို
ရေးကြီးခွင်ကျယ် မပြောတတ်ပေမယ့်လည်း အချိန်ဟာ သူနဲ့ ပြိုင်ဘက်ဆိုတာ နားလည်နေပါတယ်။ အချိန်နဲ့ တန်းတူလိုက်မပြေးနိုင်ဘဲ
အမောဖောက်လာတဲ့ တစ်နေ့ဟာ သူ့ဘဝနိဂုံးပဲလို့ သူကြိုတင်သိမြင်နေခဲ့ပါပြီ။
ဒါကြောင့်လည်း သူဟာ “ခရီးကို ချွေတာတဲ့လမ်း” ကိုပဲ အမြဲမိတ်ဆွေဖွဲ့ဖို့ ကြိုးစားနေခဲ့တာပေါ့။
အဖြူရောင်ကားဟာ
ကားတစ်စင်းသာ မဟုတ်ခဲ့ရင် ဘာများဖြစ်နိုင်မလဲ။ လောလောဆယ်တော့ အဖြူရောင်ကားဟာ အဖြူရောင်မရှိတဲ့ လောကကြီးထဲကနေ မောင်းနှင်ထွက်ပြေးဖို့ပဲ
ပြင်းပြင်းပြပြ တောင့်တနေမိတော့တယ်။
ဇူလိုင်၊
၂၀၀၃၊ စံပယ်ဖြူမဂ္ဂဇင်း
Issue
37, Beauty Max