Friday, June 22, 2012

သူ့စာကိုယ့်စာ



            တကယ်တော့ စာနှစ်မျိုးပဲ ရှိ။ ကိုယ်ရေးထားတဲ့စာ၊ သူများရေးတဲ့စာ၊ တခြား မရှိ။
            ပြန်ကြည့်တော့ သူများစာကို ဖတ်တဲ့အခါ ဘယ်လိုရေးထားသလဲ ဆိုတာထက် ဘာရေးထားသလဲကို ပိုအာရုံစိုက်မိ၊ သဘောက လူစိမ်းတစ်ယောက်ကို တွေ့တဲ့အခါ သူ့ရဲ့အပေါ်ယံအသွင်အပြင်ထက် သူဘယ်သူလဲဆိုတာ အာရုံစိုက်မိသလိုမျိုး။ ကိုယ့်စာ ကိုယ်ဖတ်တဲ့အခါမှာတော့ ဘာရေးထားသလဲထက် ဘယ်လိုရေးထားသလဲကို ပိုအာရုံစိုက်မိ၊ ပြောရရင် ကိုယ့်ကိုယ်ကိုယ် မှန်ထဲပြန်ကြည့်သလိုပေါ့၊ ကိုယ်ဘယ်သူလဲဆိုတာထက် ကိုယ့်ပုံပန်းသဏ္ဍာန်ကို ပိုအာရုံရောက်နေတာမျိုးနဲ့ တူနေမလား။
            သူများစာဖတ်ရတာ အိပ်မက်မက်နေသလိုပဲ၊ ဘယ်ရောက်မယ်မှန်းမသိဘူး၊ ခေါ်ရာလိုက်နေရတာ သိသလိုလိုနဲ့ ဘာမှလည်း ရေရေရာရာမရှိ၊ နေရာအနှံ့ရောက်တဲ့ ခရီးသွားလို ပြန်ရောက်တော့ ဓါတ်ပုံအပိုင်းအစတွေပဲရှိ၊ သေသေချာချာပြောနိုင်တာ ခရီးစဉ်မှတ်တမ်းပဲရှိ၊ ဘယ်သူဘယ်ဝါ ဘယ်မှာဘာဖြစ်ဆိုတာမျိုး၊ သူများကို ပြန်ပြောပြ၊ ပြောမရတာ အိပ်မက်ရဲ့အတွေ့အကြုံ၊ ပြောမပြနိုင်တာ အနုပညာ၊ အဲဒါကလွဲလို့ ကျန်တာပြောကြ။ သိထားတဲ့ အတွေးအခေါ်တွေ၊ ဒဿနတွေ ဆင်ခြင်တုံတရားတွေ၊ လောကနီတိတွေ၊ ကြားဖူးနားဝတွေ အားလုံးဆက်စပ်ပြီး ဇာတ်လမ်းတစ်ပုဒ် ရအောင် ဖန်တီးကြ။ ရှေ့နောက်ညီတဲ့ ကြောင်းကျိုးသင့်တဲ့အရာဖြစ်အောင် ပြန်လည်ထုပ်ပိုးလို့။
            ဒီလိုနဲ့ ဝတ္ထုဟာ ဝတ္ထုထဲမှာပဲ ကျန်ခဲ့၊ အိပ်မက်ဟာ နိုးတဲ့အခါ ပျောက်သွားသလိုမျိုး။ တကယ်တော့ အိပ်မက်ဟာ ဦးတည်ရာမဲ့၊ ဒါပေမယ့် အိပ်မက်က နိုးတဲ့အခါ ပိုပြီးဦးတည်ရာမဲ့သွားတယ်။ ဝတ္ထုအဆောက်အအုံထဲမှာ ကိုယ်ကိုယ်တိုင်မရှိ၊ ဒါပေမယ့် ဝတ္ထုဆုံးသွားမှ ကိုယ့်ရဲ့ ပျောက်ဆုံးမှုဟာ ထင်ရှားလာခဲ့။ ဒီလိုနဲ့ နောက်ထပ်ဝတ္ထုတစ်ပုဒ်ထပ်ရှာ၊ ဖတ်ရှု၊ ဆေးသမား ဆေးအရှိန်လျော့သွားတဲ့အခါ မနေတတ် မထိုင်တတ်ဖြစ်သလို စာသမား စာအုပ်ထဲမှာ မနေရရင် မအီမသာနဲ့။ ဘယ်မှ သွားချင်လို့ မဟုတ်ဘူး။ ဒါကြောင့် ဘယ်မှ မရောက်တဲ့စာဘဲ ဖတ်နေတော့တာ။ ဦးတည်ရာမဲ့တာကိုက အိပ်မက်နဲ့ အနုပညာရဲ့ လူမသိ သူမသိ ခမ်းနားမှုပဲ မဟုတ်လား။ ဒါကြောင့် ဘယ်မှ မသွားချင်တဲ့သူတွေ စာဖတ်ကြတယ်။ စာဖတ်တဲ့သူတွေ ဘယ်မှ မရောက်ကြဘူး၊ ဘာမှ မဖြစ်ကြဘူး။ ဒါပေမယ့် သူတို့ဟာ နေရာတိုင်း ရောက်ခဲ့ပြီးပြီ၊ အကုန်လုံး ဖြစ်ခဲ့ပြီးပြီ၊ ဒါပေမယ့် အိပ်မက်ထဲမှာ၊ လူတစ်ယောက်ရဲ့ အိပ်မက်ထဲမှာ။
            တစ်ဖက်မှာလည်း လူဟာ ကိုယ့်ကိုယ်ကိုယ် မှန်ထဲကြည့်ပြီးချင်ကြတယ်။ ကိုယ့်အသံကိုယ် ပြန်နားထောင်ပြီး ပိုကောင်းအောင်ဟစ်လာကြတယ်။ ကိုယ့်စာကိုယ်ဖတ်ပြီး ပိုကောင်းအောင် ရေးလာကြတယ်။ ဒီလိုနဲ့ စာရေးဖြစ်တယ်။
            စာရေးတဲ့အခါတိုင်း စကားလုံးတွေက ရွေ့မျောနေကြတယ်။ တစ်လုံးရေးပြီး နောက်တစ်လုံးနဲ့ အစားထိုး၊ မကြိုက်လို့ မူလစာလုံး ပြန်သုံး၊ ပြင်လို့ ဖျက်လို့ ပြောင်းလဲလို့မဆုံး၊ စကားလုံးတွေက ဘယ်တော့မှ ငြိမ်သွားတယ်မရှိ၊ ခဲသွားတယ်မရှိ။ ခဲတံကို လွှတ်ချလိုက်၊ စာအုပ်ကို ပိတ်လိုက် မှပဲ ကိစ္စပြတ်တယ်။
            အဲဒီတော့ စာအုပ်ကို ဖွင့်လိုက်တိုင်း၊ ခဲတံကို ကောက်ကိုင်လိုက်တိုင်း စကားလုံးတွေဟာ hot plate ပေါ် ပြန်ရောက်လာတဲ့ ဟင်းတစ်ခွက်လို ပြန်လည်ဆူပွက်လာစမြဲ။ လူဟာ စကားလုံးတွေနဲ့ ပြန်လည် ပျော်မွေ့လို့။ ဒါကိုပဲ စာရေးတာလို့ ခေါ်မလား။
            စောစောက ပြောသလို ကိုယ်စာကိုယ်ဖတ်တဲ့အခါ အရေးအသားကိုပဲ ဂရုစိုက်နေမိတယ်။ အိပ်မက်မက်နေတာမျိုး မဟုတ်တော့ဘူး။ ပုံဆွဲနေတာမျိုး၊ အိမ်အလှဆင်နေတာမျိုး၊ အိပ်မက်နဲ့ပြောင်းပြန် အလွန်အမင်း နိုးကြားလွန်းနေခဲ့၊ နှုတ်မရအောင် ဟိုးအောက်ခြေအထိ နက်နက်ရှိုင်းရှိုင်း စူးစိုက်လို့။
            ကိုယ့်စာကိုယ်ဖတ်ရတာ ကိုယ့်ကိုယ်ကိုယ် မမှတ်မိအောင် ပြင်ဆင်ပြီး မှန်ထဲ ပြန်ကြည့်မိသလိုမျိုး၊ ဒါမှမဟုတ် ကိုယ်တစ်မနက်လုံး ထိုင်မျှားထားတဲ့ ငါးတွေကို ပြန်ထုတ်ကြည့်ပြီး အံ့အားသင့်နေမိသလိုမျိုး။ ဒီခေတ်စကားနဲ့ပြောရရင် အသေခံဗုံးခွဲပြီးစ အပျက်အစီး အစအနတွေနဲ့ မြင်ကွင်းကို ကြည့်ရှုနေတဲ့ နောက်ကွယ်က စီစဉ်သူရဲ့ ကျေနပ်ပီတိဖြစ်မှုမျိုးနဲ့ပေါ့။
            တကယ်တော့ ကိုယ်ရေးထားတဲ့စာ ကိုယ်ပြန်ဖတ်ရတာ ကိုယ့်ဓါတ်ပုံတွေ ကိုယ်ပြန်ထုတ်ကြည့်သလိုမျိုး အဓိပ္ပါယ်သိပ်ရှိလှတယ်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ် ဘယ်မှာ မေ့ထားခဲ့မိမှန်း မသိတဲ့သူတွေအတွက်တော့ ဒါဟာ လုံးလုံးအဓိပ္ပါယ်ကင်းမဲ့တဲ့ အလုပ်လို့ မဆို နိုင်ပေဘူးပေါ့၊ တကယ်တော့ ကိုယ့်ကိုယ်ကိုယ် မျှားယူဖို့ အကောင်းဆုံးအလုပ်က စာရေးခြင်းပဲ မဟုတ်လား။
            ဘယ်မှမသွားတဲ့သူတွေ စာဖတ်ကြသလို၊ ဘယ်မှမသွားတဲ့သူတွေ စာရေးကြတယ်။ အဲဒီ စာထဲမှာ အချိန်နဲ့နေရာဟာ ခဲလို့ ပုံဆောင်ခဲဖြစ်နေတယ်။ တကယ်တော့ အဲဒီအချိန်နဲ့ နေရာဟာ ဘယ်မှာမှ မရှိဘူး၊ ဘယ်တုန်းကမှ မရှိခဲ့ဘူး။ ဘယ်တော့မှလဲ ရှိမှာ မဟုတ်ဘူး။
            ဒါပေမယ့် အမှန်တကယ် ရှိနေတာ သေချာတယ်။ မနက်က တွေ့လိုက်ရတဲ့ နေမင်းကြီးဟာ အဲဒီမှာလည်း ထွက်ပြူနေလိမ့်မယ်။ အခု နားထဲမှာ ကြားနေရတဲ့ ဆူညံသံတွေဟာ အဲဒီမှာလည်း ရှိနေလိမ့်မယ်။ အဲဒီမှာ အချိန်နဲ့နေရာဟာ သူ့စည်းချက်နဲ့သူ ရှိနေတယ်။
            ဒါပေမယ့် ကျွန်တော်တို့ မသိနိုင်ဘူး။ အဲဒီ လောကထဲဝင်ကြည့်မှပဲ အဲဒီလောကရှိမှန်း သိတယ်။ မဟုတ်ရင် မသိဘူး။ မသိတော့ မရှိသလို ဖြစ်နေတယ်။ ထားပါတော့၊ မသိပေမယ့် ရှိနိုင်တယ်လို့၊ တဖက်ကလည်း မရှိတာကို အသေအချာ သိနေတယ်။
            မရှိဘူး၊ ရှိတယ်၊ မသိဘူး၊ သိတယ်၊ အားလုံး စာထဲမှာရှိတယ်။ ကျွန်တော်တို့ အသေအချာမပြောနိုင်တာတွေ အားလုံးစာထဲမှာရှိတယ်။ ခွဲခြားဆုံးဖြတ် မသတ်မှတ်နိုင်တာတွေ အားလုံး စာထဲမှာရှိတယ်။ သီဝရီတေ အခြေခံဥပဒေသတွေနဲ့ ကန့်သတ်လို့မရတာတွေ အားလုံးစာထဲမှာရှိ တယ်။ နိစ္စဓူဝ ကိစ္စတွေမှာ အရေးမပါလို့ မေ့ပျောက်ထားတဲ့အရာတွေအားလုံး စာထဲမှာရှိတယ်။ သူ၊ ငါ၊ ခင်ဗျား၊ ကျွန်တော် ကန့်ထားတဲ့ ခြားထားတဲ့ အရာတွေအားလုံး စာထဲမှာ ပျောက်ကုန်ကြတယ်။
            အထူးဆန်းဆုံးက စာဆိုတာ စကားလုံးတွေနဲ့ ရေးထားပေမယ့် သူ့အကြောင်းအရာတွေက စကားလုံးနဲ့ ပြောပြလို့ မရတာတွေဘဲ။ တကယ်တမ်းတော့လည်း စကားလုံးတွေဟာ ဒီဘက်လောက၊ ဟိုဘက်လောက ဆက်သွယ်ထားတဲ့ မန္တန်တွေပဲ မဟုတ်လား။
ဒီနိုဗို

No comments: