Thursday, March 29, 2012

ဝမ်းသာ ဝမ်းနည်း



တစ်နေ့က မိတ်ဆွေ ဆရာတစ်ယောက် သတင်းပေးတာနဲ့ တလောက ပို့ထားတဲ့ မဂ္ဂဇင်း ဝထ္ထုရှည် ချင်းတွင်း မှာ ပါလာတယ်လို့ သိလိုက်ရတယ်။ ဒါနဲ့ ဒီနေ့ ပဲ သွားအထုပ်၊ အယ်ဒီတာ့ အမှာ ဖတ်လိုက်ရပြီး စိတ်မကောင်း ဖြစ်မိပါတယ်။ မဂ္ဂဇင်းကို ရပ်တော့မယ် ဆိုတဲ့ အကြောင်းလေး သတင်း ပေးထားတာပါ။ စာပေ သက်သက် ဇောင်းပေးတဲ့ မဂ္ဂဇင်းတွေရဲ့ ကျန်းမာရေး အခြေအနေ ကို ကောင်းကောင်း ညွှန်ပြနေတဲ့ ပြယုဒ်တစ်ခုလို့ပဲ မှတ်ယူမိပါတယ်။ ဒါတောင်မှ ထုပ်ဝေသူ အယ်ဒီတာ စာရေးဆရာ ကိုတာဟာ ချမ်းသာ ကြွယ်ဝသူတစ်ယောက်ပါ။ ဝါသနာ နဲ့ ကြားကန်ပြီး လုပ်နေတဲ့ တခြား မဂ္ဂဇင်းတွေရဲ့ အခြေအနေကိုတော့ တွေးတောင် မတွေးဝံ့တော့ပါဘူး။ မြန်မာစာပေ အနေအထားဟာ အရေးတကြီး ပြောင်းလဲမှုတွေလုပ်ဖို့ အချိန်တန်ပြီလို့ ယူဆမိပါတယ်။ ပြည်သူအများရဲ့ စာပေ ခံစားနိင်စွမ်းဟာ အတော့်ကို ချွှတ်ချုံကျနေပြီး ဂျာနယ်လောက်ဖတ်နိင်တော့တဲ့အဆင့်သာ ရှိပါတော့တယ်။ 
လက်ရှိအနေအထား ကတော့ ကမ္ဘာ့စာပေ နဲ့ကင်းကွာပြီး ရေးတတ်သလိုရေးနေကြတဲ့ ဖတ်ချင်တာကို ဖတ်ချင်သလို ဖတ်ပြီး ကြိုက်သလို အမွှမ်းတင်နေကြတဲ့ ရေးသူ ဖတ်သူ အသံတူ (အသံကြောင်တာချင်းတူ)
နေကြတဲ့ ရပ်ကွက်ထဲမှာ ဘာလုပ်ရမှန်း မသိလောက်အောင် စိတ်ဓါတ်ကျမိတာတော့ အမှန်ပါပဲ။

Thursday, March 22, 2012

အသံနဲ့ရေးတဲ့အက်ဆေး

စာဖတ်ပိရိသတ်များခင်ဗျား
စာရှုသူများအတွက် မကြာမှီ ထွက်ရှုလာတော့မည့် စာရေးသူ၏ အက်ဆေးပေါင်းချုပ် မစဉ်းစားမိတဲ့ကိစ္စ ကို ကြိုတင်ခံစားနိင်ရန် အမြည်းအနေဖြင့် ယခု အသံနဲ့ ရေးတဲ့ အက်ဆေး ကို တင်ဆက်လိုက်ပါသည်။ ယခု အက်ဆေးမှာ စိတ်ကူးချိုချိုတိုက်ထုပ် မြန်မာအက်ဆေး ၁၀၀ တွင် ဖော်ပြပြီး ဖြစ်သော အက်ဆေးတစ်ပုဒ်လည်း ဖြစ်ပါသည်။ မဖတ်ရှုရသေးသူများ အတွက် ဘလော့ပေါ် တင်လိုက်ပါသည်။


အသံနဲ့ ရေးတဲ့ အက်ဆေး
သင်ကာရာအိုကေဆိုဖူးပါသလား မိတ်ဆွေ၊ မဆိုဖူးသေးဘူးဆိုလျှင်ဖြင့် နီးစပ်ရာဆိုင်တစ်ဆိုင် သို့အမြန်ဆုံးပြေးကာ ပိုက်ဆံတစ်ရာဖိုးလောက်တော့ မြည်းစမ်းသည့်အနေနှင့် ဝင်ရောက်အော်ဟစ် သင့်ပါသည်။ ဒါမှမဟုတ်လည်း သင်တုန်းဓားတစ်ချောင်းဖြင့် ရှိစုမဲ့စု ဆံပင်လေးကို ရိတ်ဖြတ်ကာ သာသနာ့ဘောင်သို့ ၀င်သင့်ပါသည်။ အဘယ့်ကြောင့်ဆိုသော် လောကီလူသားတစ်ယောက်အနေနှင့် ကာရာအိုကေ မဆိုတတ်ဘဲ ၂၁ ရာစုထဲဝင်ရန် မသင့်သောကြောင့်ပင်။
ညွှန်းလှချေလားဟုဆိုလျှင်လည်း မတတ်နိုင်ပါ။ ကာရာအိုကေယဉ်ကျေးမှုသည် ဂလိုဘယ် လိုင်ဇေးရှင်းထက်ပင် မြန်မြန်ဆန်ဆန် ပျံ့နှံ့သောသဘောရှိသည်။ ဂလိုဘယ်လိုင်ဇေးရှင်းကို ဆန့်ကျင် ကန့်ကွက်သူများရှိသော်လည်း ကာရာအိုကေယဉ်ကျေးမှုကို ကန့်ကွက်ဆန္ဒပြသည်ဟု တစ်ခါမျှ မကြားမိ။ ဂလိုဘယ်လိုင်ဇေးရှင်းသည် ဆင်းရဲချမ်းသာကွာဟမှုကို ပိုမိုကြီးမားစေနိုင်သည့် အန္တရာယ် ရှိသော်လည်း ကာရာအိုကေယဉ်ကျေးမှုကတော့ ဆင်းရဲချမ်းသာမရွေး မည်သူမဆို မိုက်တစ်လုံး လက်ထဲရောက်သည်နှင့် သူ့စိတ်ထဲရှိရာ အော်ဟစ်ဖို့ရာ တန်းတူအခွင့်အရေးရှိနေခဲ့ပေသည်။ ဤသည်မှာ ကာရာအိုကေယဉ်ကျေးမှု၏ ထူးခြားသော ဝိသေသဟုပင် ဆိုရလေမလားမသိ။
တကယ်တမ်း စဉ်းစားကြည့်လျှင် ဤသို့စိတ်ထဲရှိရာ လွတ်လွတ်လပ်လပ် ဖွင့်အန်နိုင်ခြင်းမျိုးကို အခြားသောနယ်ပယ်များတွင် ရရှိနိုင်ဖို့မလွယ်ကူပါ။ သင်သည် နိုင်ငံရေးသမားတစ်ဦး၊ လွှတ်တော် အမတ်လောင်းတစ်ဦး ဆိုပါစို့၊ သင့်စိတ်ထဲရှိရာသာ ပြောလိုက်လျှင် သင့်အနာဂါတ်သည် မပွင့်လိုက်ရ ဘဲ ကြွေသွားပေလိမ့်မည်။ အသည်းကြားမှ မဲတစ်ပြားရဖို့ ဤမျှမလွယ်ကူပါ။ သင်သည် လူအများ၏ ဆာလောင်မွတ်သိပ်နေမှုများကို အစဉ်အမြဲ အနံ့ခံနေရပေမည်။ လူအများ၏ ချင်ခြင်းတပ်နေမှုများကို (စကားလုံးများဖြင့်ဖြစ်စေ) အာသာဖြေပေးနိုင်ရပေမည်။
တစ်ဖန် သင်သည် ကုမ္ပဏီကြီးတစ်ခု၏ CEOတစ်ယောက်ဖြစ်သည်ဟု သဘောထားကြည့် လိုက်ပါ။ သင်၏ ပထမဦးဆုံးနှင့် အရေးကြီးဆုံးတာဝန်မှာ စတော့ရှယ်ယာဝင်များကို ခမ်းနားထည်ဝါ သော အိပ်မက်တစ်ခုဖြင့် အိပ်မွေ့ချထားပေးနိုင်ဖို့ပင်ဖြစ်သည်။ ဤအတွက် ကုမ္ပဏီ၏ အတွင်းရေး များကို နျူးကလီးယားဖော်မြူလာတစ်ခုလို ထိန်းသိမ်းထားနိုင်ဖို့ လိုပေသည်။ ဤသို့ မဟုတ်ဘဲ နှုတ်ဖွာ မိလျှင်တော့ အိပ်မက်ကောင်းတုန်း အနှိုးခံလိုက်ရသလို ဒေါသတကြီး တုံ့ပြန်မှုများသာ စိတ်မကောင်း စွာ လက်ခံရရှိပေလိမ့်မည်။
ဤသို့ နိုင်ငံရေးနှင့် စီးပွါးရေးနယ်ပယ်တွင်ပင် ချုပ်ထိန်းမှုများနှင့် ယဉ်ကျေးနေရလျှင် တရားစီ ရင်ရေး နယ်ပယ်တွင်တော့ ပြောစရာမရှိတော့၊ ဥပဒေ၏အထက်တွင် မည်သူမျှမရှိဟု ဆိုထားသည် မဟုတ်ပါလား၊ မှန်ပါသည်၊ ဥပဒေ၏အထက်တွင် ဘုရားသခင်တောင် နေလို့မရပါ။ လူအများနည်းတူ ဥပဒေ၏အောက်တွင် ကျုံ့ကျုံ့လေးဝပ်နေရပါသည်။ စကားကျယ်ကျယ်လောင်လောင် ပြောဖို့ဆိုတာ ဝေလာဝေး။
ဒါဆို ပညာရေးနယ်ပယ်တွင်ကောဟု မေးစရာ ရှိလာပါသည်။ မှန်ပါသည်၊ ပညာရေး၏ သဘောသဘာဝမှာ လေ့လာခြင်း၊ သုံးသပ်ခြင်း၊ ဝေဖန်ခြင်းနှင့် တန်ဖိုးဖြတ်ခြင်းတို့ပင် ဖြစ်ပါသည်။ ထို့ကြောင့် အခြားသော နယ်ပယ်မှာထက်စာလျှင် ပို၍ ပွင့်လင်းသော၊ အသေမဆုပ်ကိုင်သော၊ အရည် ဆန်သော (Fluidity)် သဘောရှိပေသည်။
သို့သော် ယနေ့ခေတ်သည် ပညာရပ်များ ကပ်ရောဂါတစ်ခုလို အလျှင်အမြန် ပေါက်ဖွားပျံ့နှံ့ နေသော ခေတ်ကာလကြီးဖြစ်သည်။ ကပြားဘာသာရပ်များ အများအပြား ပေါ်ပေါက်လာသလို (ဥပမာ- ဇီဝသင်္ချာ)၊ ဖအေမပေါ်သောဘာသာရပ်များ (ဆိုလိုသည်မှာ ပင်ရင်းဘာသာရပ်တစ်ခုမှ ဆင်းသက်လာခြင်းမဟုတ်) ဥပမာ - အနာဂါတ်ဆိုင်ရာဘာသာရပ်၊ ကိုယ်ပိုင်အုပ်ချုပ်ရေးနယ်မြေ တောင်းဆိုကာ ခပ်တည်တည် ခွဲထွက်လာခဲ့သော ဘာသာရပ်များ (ဥပမာ - ဇီဝနည်းပညာ) စသည် တို့ကလည်း အုံနှင့်ကျင်းနှင့်။
ယနေ့ ပညာရပ်နယ်ပယ်၏ ပြဿနာမှာ လွတ်လပ်စွာ မပြောဆိုနိုင်ခြင်းမဟုတ်၊ သင်သည် လွတ်လပ်စွာ ပြောဆိုနိုင်ပါသည်။ သို့သော် နားထောင်မည့်သူ မရှိပါ။ နယူတန်၏ ပြောဆိုမှုများကို ကျွန်တော်တို့ ရာစုခေတ်သုံးခုကြာ၊ တအံ့တသြ တရိုတသေ နားထောင်ခဲ့ကြသည်။ ယနေ့ ဤသို့ နားထောင်မည့်သူ မရှိတော့။ အားလုံးမှာ ပညာရပ်ပင်လယ်ကြီးထဲတွင် ကိုယ်စီကိုယ်စီ အသက်လု ကူးခတ်နေခဲ့ကြသည်။ ကိုယ်စီကိုယ်စီ အော်ဟစ်ဆူပွက် နေခဲ့သည်။ မိမိနယ်ပယ်မှလွဲ၍ အခြားပညာ ရပ်များကို စိတ်လည်းမဝင်စားနိုင်၊ အချိန်လည်း မပေးနိုင်တော့။
သင်သည် ကွန်ပျူတာပရိုဂရမ်ရေးဆွဲသူ တစ်ယောက်ပဲဆိုကြပါစို့။ သင်တတ်ထားပြီးသော Programming Language သည် နောက်ခြောက်လ တစ်နှစ်ကြာသည်နှင့် model အောက်သွားလိမ့် မည်ဆိုတာ သင်လက်ခံထားရပေမည်။ နောက်ပေါ်လာသော Language ကို အလျှင်အမြန် သင်ယူနိုင် ဖို့ သင်ကြိုးစားရပေမည်။
သို့သော် ပညာရပ်တစ်ခုကို လေ့လာသင်ယူရသည်မှာ နောက်ဆုံးပေါ် ကားတစ်စီးကို လဲလှယ် စီးနင်းရသလောက်တော့ မလွယ်ကူပါ။ ပညာခေတ်၏ လိုက်တမ်းပြေးတမ်း ကစားပွဲတွင် အများစုမှာ အမောဖောက်နေခဲ့သည်။ သီချင်းကို ကီးဝင်အောင် မဆိုနိုင်ကြတော့။
ဒါကတော့ လိုရာဆွဲလွန်းအားကြီးသည်ဟု ဆိုချင်ကဆိုနိုင်ပါသည်။ ယနေ့ခေတ်တွင် အားလုံး လည်း ကိုယ်လိုရာကိုယ်ဆွဲပြောနေကြသည်မဟုတ်လော၊ ဖရန်စစ်ဖူကူယားမားက သမိုင်းနိဂုံးချုပ်ပြီဟု ပြောသည်။ ဆရာဒဂုန်တာရာက သမိုင်းသည် ဘယ်တော့မှ မဆုံးဟု အခိုင်အမာဆိုသည်။ သူတို့ နားလည်ထားသော သမိုင်းချင်းကလည်း မတူကြ။ ဆင်မြူရယ်ဟန်တင်တမ်က ယဉ်ကျေးမှုချင်း တိုးတက်မှုတွေ ကြုံရဖွယ်ရှိသည်ဟု ဟောကိန်းထုတ်သည်။ တော့ဖလာကလည်း လှိုင်းစီးရင်း သီချင်း ဆိုနေသည်။ ဆရာဇော်ဇော်အောင်ကတော့ ခမ်းနားကြီးကျယ်သော အရေးအသားများ (Grand Narrative)ကို တစ်ကိုယ်တော် ဖြိုချလို့၊ အရေးထဲ Deconstruction ကို ဘာသာလုပြန်နေသူများက ရှိ သေးသည်။
ဤသည်တို့မှာ ပို့စ်မော်ဒန်ရှုခင်းကို မြင်လွယ်အောင် ကာလာတင်ပေးလိုက်ခြင်းသာ၊ အဘယ် ကြောင့်ဆိုသော် သင်သည် ၂၁ရာစုထဲဝင်မည်ဆိုလျှင် ကာရာအိုကေ ဆိုတတ်ရုံသာမက ပို့စ်မောဒန် ကိုလည်း လေ့လာလိုက်စားဖို့ လိုအပ်သောကြောင့်ပင်။
စကားစဉ်ကို ပြန်ကောက်ရလျှင် နိုင်ငံရေး၊ စီးပွါးရေး၊ ပညာရေး၊ တရားစီရင်ရေးနယ်ပယ် အသီးသီး၏ စောင့်စည်းရမှု၊ ချုပ်တည်းရမှု၊ ခက်ခက်ခဲခဲ ပြေးလွှားရုန်းကန်နေရမှုများကို တင်ပြခဲ့ပါ သည်။ သို့ဆိုလျှင် လွတ်လပ်မှုကို နတ်ဘုရားလို ကိုးကွယ်ကြသော အနုပညာနယ်ပယ်တွင်ရော၊ မှန်ပါ သည်၊ အနုပညာသည် (Self Expression) အတ္တဖော်ပြချက်ပင် ဖြစ်သည်။ မိမိ၏ တသီးတသန့်နိုင်မှု (Uniqueness)ကို ထင်ထင်ရှားရှား ဖော်ပြခြင်းပင်ဖြစ်သည်။ မိမိ၏ စိတ်ယားယံမှုကို လူမြင်သူမြင် ဖြေဖျောက်ခြင်းပင် ဖြစ်သည်။
သို့သော် အနုပညာသမားတစ်ယောက်ဖြစ်ဖို့ ရူးသွပ်မှု(Craziness) လိုသည်။ တပ်မက်မှု (Passion) လိုသည်။ အခံပါရမီ လိုသည်။ လူတိုင်း အနုပညာသမား မဖြစ်နိုင်။
သို့သော် ထူးဆန်းသည်မှာ လူတိုင်းနီးပါး အနုပညာရှင် ဖြစ်ချင်ခဲ့ကြသည်။ ဟစ်တလာက ပန်းချီဆွဲသည်။ ဥက္ကဋ္ဌကြီးမော်က ကဗျာစပ်သည်။ အိုင်းစတိုင်းက တယောထိုးသည်။
ဆိုလိုသည်မှာ လူတိုင်း၏ ရင်ထဲတွင် မိုက်ခရိုဖုန်းတစ်လုံး ရှိနေသည်။ သို့သော် ဘာကိုဆိုရ မှန်းမသိ။ မဖန်တီးတတ်၊ ထိုအခါ သူများဖန်တီးပြီးသား အနုပညာကိုပင် ပျော်ပျော်ပါးပါး သီဆိုဖို့ရာ ရှိသည် မဟုတ်လား။
ထိုအခါ ကာရာအိုကေဆိုင်များသို့ သူ့ထက်ငါဦးအောင် ရောက်လာကြတော့သည်။ ထိုအထဲ တွင် တနေကုန် ကွန်ပြူတာတစ်လုံးရှေ့ အကျဉ်းကျနေရရှာသော ပရိုဂရမ်မာတစ်ယောက် ပါနိုင်သလို ဖုန်းနှစ်လုံး တစ်ပြိုင်တည်းဆက်ကာ ဦးနှောက်မှလည်း ဂဏန်းတွက်စက်တစ်လုံးလို အဆက်မပြတ် တွက်နေရရှာသော စတော့ပွဲစားတစ်ယောက်လည်း ပါနိုင်သည်။ လူတွေကို တနေကုန် ပြုံးရလွန်း သဖြင့် ပါးကြောများညောင်းညာနေရှာသော ဟိုတယ်(Receptionist) ချောချောလေးလည်း ပါသလို၊ ရှုပ်ထွေးဆူပွက်နေသော ယာဉ်ကြောများကြား တစ်နေကုန်မောင်းနေရရှာသော တက္ကစီ ဒရိုင်ဘာ လည်း ပါသည်။ ရုံးတော်တွင် ဝတ်လုံကြီးတကားကားဖြင့် တစ်နေကုန် စိတ်အိုက်နေသော ရှေ့နေကြီး ပါသလို၊ တစ်နေကုန် အိမ်ဗာဟီရကိစ္စများနှင့် စိတ်ညောင်းညာနေရှာသော အိမ်ရှင်မများလည်း ပါပါ သည်။ ကျောင်းသားအရွယ်လူငယ်များကတော့ ဆိုဖွယ်မရှိ။ ဒါသူတို့ခေတ်၏ အဆောင်အယောင် တစ်ခု မဟုတ်လား။
သင်သည် တွံတေးသိန်းတန်၏ ကျေးလက်တေးများကို စိတ်ထဲရှိသလို ဆိုနိုင်ပါသည်။ ကျွန်တော်ကတော့ ဟယ်ရီလင်း၏ ဂြိုလ်သားတစ်ယောက်အကြောင်း ကို အပြတ်ဟဲဖို့ ပါးစပ်ပြင်ထား ပြီးပါပြီ။ ဤအတွက် ဘာပြဿနာမှ မရှိပါ။ (အလှည့်မကျော်သွားဖို့ဘဲ လိုပါသည်) ဒါ ဆရာဒဂုန်တာရာ ပြောသော ဗဟုဝါဒပင် ဖြစ်သည်။ အချို့ဆိုလျှင် တပ်မတော် စစ်ချီတေးကိုပင် စိတ်အားတက်ကြွစွာ ဆိုနေသေးသည်။ ကောင်းပါသည်။ ရဲစိတ်ရဲမာန်များ တဖွားဖွားပေါ်လာနိုင်သည် မဟုတ်လား။
အဓိကမှာ ကိုယ့်အသံကိုယ် သာယာနေဖို့ပင်။ (အသံနာဆပ်စစ်ရောဂါဟု ဆိုချင်လည်း ဆိုပ စေ) ဘေးမှ လူတွေ ဘယ်သို့ထင်ထင် အရေးမဟုတ်ပါ။ ရင်ထဲတွင် ဘယ်တုန်းကမှန်းမသိ ဝင်ရောက် နေခဲ့သော ခံစားမှုများကို ဖော်ပြနိုင်ဖို့သာ အရေးကြီးပါသည်။ အကျိတ်အခဲတစ်ခုလို ဖြစ်နေသော စိတ်တင်းကျပ်မှုများကို အမှုန့်ဖြစ်သွားစေဖို့သာ အဓိကကျပါသည်။ တစ်ချိန်လုံး ကံကြမ္မာဆိုးတစ်ခုလို ကိန်းအောင်းနေသော အငုံ့စိတ်များကို အပြင်းစားသီချင်းတစ်ပုဒ်ဖြင့် ရှင်းထုတ်လိုက်ဖို့သာ လိုအပ်ပါသည်။ ဟိုသည် ပြန့်ကျဲ နေသော အတ္တစိတ်များကို သီချင်းတစ်ပုဒ်အဖြစ် လှလှပပဟစ်ကြွေးလိုက်ခြင်းဖြင့် ပို၍ နေသာထိုင်သာ ရှိလာပေလိမ့်မည်။ လည်ချောင်းတစ်လျှောက် ရွစိရွစိဖြင့် ဆန်တက်လာသော စကားလုံးများကို ဤနည်းဖြင့်သာ ဆန္ဒဖြေဖျောက်နိုင်ပေမည်။
ကာရာအိုကေအကြောင်း ကြော်ငြာနေသည်ဟုတော့ မထင်စေချင်ပါ၊ ဤကာရာအိုကေစက် များကို မည်သူမည်ဝါ စတင်တည်ထွင်ခဲ့သည်ဟုပင် ကျွန်တော် ဂဃနဏ မသိပါ။ ယခု ကာရာအိုကေ ဆိုနေကြသော လူအများစုလည်း အသေအချာ သိကြမည် မထင်ပါ။ သိလျှင်လည်း စိတ်ဝင်စား ကြမည် မဟုတ်ပါ။ ဤသည်မှာလည်း မေ့လွယ်ပျောက်လွယ်နိုင်သော ယနေ့ခေတ်၏ ကျေးဇူးမဲ့မှု လက္ခဏာတစ်ရပ်ပင် မဟုတ်လား။
မည်သို့ပင်ဖြစ်စေ ကာရာအိုကေယဉ်ကျေးမှုသည် မက်ဒေါနယ်ကမ္ဘာ၏ နယ်ပယ်ကိုပင် ကျော်လွန်၍ ကျေးလက်ဇနပုဒ်အထိ ခရီးဆန့်လျက်ရှိပေသည်။ ရောက်လေရာ အရပ်တွင်လည်း ဝမ်းပန်းတသာ ကြိုဆိုမှုများကို ခံနေခဲ့ရသည်။ နယ်ပယ်အသီးသီး၏ တင်းကျပ်ဖိစီးနေမှုများကို ပေါ့ပေါ့ ပါးပါး ဖယ်ရှားပေးနေသော ဤအရာသည် တကယ်တော့ ခေတ်နှင့်အညီ ပေါ်ထွန်းလာသော အာလာဒင်မီးခွက်တစ်လုံးပင်။
ကျွန်တော် စဉ်းစားကြည့်သည်၊ အကယ်၍သာ ဘုရားသခင်သည် ကာရာအိုကေစက်တစ်လုံး ကိုသာ စောစောစီးစီး ဖန်ဆင်းနိုင်ခဲ့လျှင် ကိန်းနှင့်အေဘယ်တို့ ယခုလို ရန်သူများ ဖြစ်လာကြပါ့မလား မသိ။ ကျွန်တော့်စိတ်ထဲတွင်တော့ ကာရာအိုကေစက်တစ်လုံးရှေ့တွင် အတူတကွ ဟစ်ကြွေးနေကြ သော ညီအစ်ကိုနှစ်ဦးအဖြစ်သာ မြင်ယောင်နေမိပါသည်။
ဖေဖော်ဝါရီ ၊ ၂၀၀၄၊ စတိုင်သစ်မဂဇင်း

Wednesday, March 21, 2012

မနေနိင် မထိုင် နိင်

အငြင်းဝါကျ လုပ်ထားတာတဲ့
သဘောက
နေနိုင်ထိုင်နိင်တဲ့ သူတွေ ရှိတယ်ပေါ့
အဲဒီ
နေနိင်တဲ့ သူတွေက
နေရဲတာလား
နေနိင်တဲ့ သူတွေက
နေစိမ့်တာလား
နေနေနားနား၊ နားနားနေနေ
နေနေကြတာလား
ဘယ်မှ မသွားရဲလို့ နေနေကြတာလား
ဘယ်မှ မသွားချင်လို့ နေနေကြတာလား
သဘောက
နေနိင်ရင် ထိုင်နိင်ရမယ်ပေါ့
မထိုင်နိင်ရင် မနေနဲ့
မထိုင်နိင်ရင် ထနေ
မထိုင်နိင်ရင် လျှောက်နေ
မထိုင်နိင်ရင် ပြေးနေ
မထိုင်နိင်ရင် ခုန်နေ
မထိုင်နိင်ရင် ကနေ
ထိုင်နိင်ရင် ထိုင်နေ
ထိုင်နိင်ရင် နေ
နေ နိင်ယင် ထိုင်
နေထိုင်
မသေဆုံးသရွေ့
နေထိုင်
မပြီးဆုံးသရွေ့
နေထိုင်
မလွတ်မြောက်သရွေ့
နေထိုင်
မနေနိင်တော့တဲ့ အထိ
နေထိုင်
မနေနိင် မထိုင်နိင် ဖြစ်တဲ့အထိ
နေထိုင်
နေခြင်းနဲ့ ထိုင်ခြင်း မကွဲပြားတော့တဲ့အထိ
နေထိုင်
နေထိုင်ခြင်းဟာ ထိုင်နေခြင်းဖြစ်သွားတဲ့အထိ
နေထိုင်
အဲဒီမှာ
အငြင်းဝါကျတွေ
မေးခွန်းဝါကျတွေ
မရှိတော့တဲ့အထိ
နေထိုင်
သဘောက
။ ။
ဒီနိုဗို
၉ မေ ၂၀၁၁

Tuesday, March 20, 2012

ပစ်ချခံရခြင်း

အနော်ရထာ လမ်းမကြီးဟာ ညနေစောင်းပြီ ဆိုတာနဲ့ ‘ဘဝရင်ကွဲ’ တွေနဲ့ ပြည့်နှက်နေတော့တာပါပဲ။ လမ်းဘေး ဈေးသည်တွေနဲ့ပလက်ဖောင်း အခင်းအကျင်း အလုပ် အသီးသီးကနေ အိမ်ပြန်ကြမယ့် လူတွေနဲ့ ပြည့်နှက်နေတဲ့ ကားမှတ်တိုင်၊ မြစ်တစ်စင်းလို
တသွင်သွင် စီးဆင်းနေတဲ့ ကားရေစီးကြောင်းကြီး စသဖြင့် လူသံ၊ ကားသံ၊ ဈေးခေါ်သံတွေနဲ့ ဆူညံပွက်နေခဲ့တော့တယ်။
လမ်းဘေးဈေးတန်းကြီးဟာ ပစ္စည်းမျိုးစုံ၊ ဒီဇိုင်းမျိုးစုံနဲ့ အတော့်ကို ရှည်လျားလို့ နေပါပြီ။ အဲဒီထဲမှာတော့ နိင်ငံခြားက တင်သွင်းလာတဲ့ ‘လေဘေးထည်’ တွေကတော့ ရောင်းအကောင်းဆုံးပါပဲ။
ဈေးမေးတဲ့ သူကမေး၊ အဆင်ရွေးတဲ့ သူကရွေးနဲ့ လူအုပ်ကြီးဟာ အထည်တွေပေါ် ပြိုလဲကျလုမတတ် ယိမ်းထိုးနေပါတယ်။ အဲဒီလူအုပ်ထဲမှာ ထမင်းချိုင့်ကိုယ်စီနဲ့ လူနှစ်ယောက်လည်း အပါအဝင်ပေါ့။ တစ်ယောက်က ကျကျနန ထိုင်ပြီး အဆင်တွေ၊ အရောင်
တွေကို စိတ်တိုင်းကျ ရွေးချယ်နေပါတယ်။ နောက်တစ်ယောက်ကတော့ နာရီ တကြည့်ကြည့်နဲ့ အိမ်ပြန်ဖို့ စိတ်စောနေပုံပါပဲ။
‘နေပါဦး ငါ့ညီရာ၊ အကိုကြီး ရွေးပါရစေဦး’
‘အချိန်မရှိတော့ဘူး အကိုကြီးရ၊ လိုင်းကားမမှီဘဲ နေလိမ့်မယ်’
ဒီလိုနဲ့ သူတို့နှစ်ဦးဟာ သုံးလေးကြိမ်လောက် ငြင်းခုံကြပြီးတဲ့နောက်မှာတော့ အကိုကြီးလုပ်သူဟာ အင်္ကျီတစ်ထည်ကို ရွေးချယ်လို့ပြီးသွားပါတယ်။
‘ဘယ်လိုလဲ ငါ့ညီရ၊ အကို ရွေးထားတာ လှတယ် မဟုပ်လား’
‘လုပ်မနေနဲ့ အကိုကြီးရာ၊ ကျွန်တော်တို့ ရွေးချယ်နိင်တာက အဆင်နဲ့ အရောင်ပါပဲ။ ကျွန်တော်တို့ ရွေးချယ်ခွင့် မရဘဲ ရွေးချယ်ခဲ့ရတာကတော့ အားလုံး လေဘေးထည်တွေချည်း ပါပဲဗျာ’
သေချာတာက အဲဒီနေ့က သူတို့ နှစ်ယောက် အိမ်ပြန်နောက်ကျ ခဲ့ကြပါသည်။
---------------------------------------------------------------------။-------------------------------------------------------------------
ဒီနိုဗို
အမှတ် ၅၀ ၊ ၁၉၉၉ ချယ်ရီ မဂ္ဂဇင်း
မှတ်ချက်။ ။ ထိုအချိန်က ‘ပန်းပျိုးလက်’ ကလောင်နာမည်ဖြင့် ရေးသားခဲ့ပါသည်။

Thursday, March 15, 2012

ကြိုးဖြစ်သွားတဲ့ မြွေ


တကယ်တော့ ဒီ ဇတ်လမ်းလေးဟာ ဝထ္ထုတစ်ပုဒ်လို့တောင် ပြောလို့မရတဲ့ အဖြစ်အပျက်လေး တစ်ခုပါ၊ ဒါပေမယ့် အဲဒီ အဖြစ်အပျက်လေးဟာ ကျွန်တော့်စိတ်ကို အချိန်အတော်ကြာကြာ လွှမ်းမိုးနေခဲ့တာတော့ အမှန်ပါပဲ၊ ကျွန်တော့်ဇတ်လမ်းလေးကို
မပြောခင်မှာ ကြိုတင်သိထားစေချင်တာကတော့ ကျွန်တော်ဟာ အချိန်ရှိသ၍ မိန်းခလေးတွေကို မျက်စိစားပွဲထိုင်တတ်တဲ့ သူတစ်ယောက်မဟုပ်ဘူးဆိုတာပါပဲ။
ဘာကြောင့်ဒီလို ကြိုတင်ရှင်းလင်းထားရသလဲဆိုယင် ကျွန်တော့် ဇတ်လမ်းထဲမှာ ကျွန်တော်ဟာ မိန်းခလေးတစ်ယောက်ကို အနောက်ကနေပဲ တစ်ချိန်လုံးလိုလို ကြည့်ရှုနေခဲ့ရ လို့ပါပဲ၊ အဖြစ်က ဒီလိုပါ။
ကျွန်တော်ဟာ မြို့လယ်ခေါင်က ဟောင်းနွမ်းဆွေးမြေ့နေတဲ့ တိုက်တစ်တိုက်ရဲ့ အပေါ်ဆုံးထပ်မှာ တစ်ယောက်တည်း နေထိုင်သူပါ၊ တစ်ယောက်တည်း နေသူတွေ ထုံးစံအတိုင်း ကျွန်တော်ဟာ သာမန် အိမ်မှုကိစ္စလေးတွေကို စိတ်မပါ့တပါ လုပ်ကိုင်ရင်း ကိုယ့်ရဲ့
ခြောက်ကပ်ကပ် အချိန်ကာလတွေကို ကုန်ဆုံးစေခဲ့သူပါ၊ ကျွန်တော်ဟာ အလုပ်က ပြန်လာတိုင်း နောက်ဖေးမီးဖိုချောင်မှာ တကိုယ်စာ ချက်ပြုတ် ကျော်လှော်နေတတ်ပါတယ်၊ (ဒါမှ မဟုပ် ရေမိုးချိုးယင်း အဝတ်အစားများ ကို လျှော်ဖွပ်နေတတ်ပါတယ်)
တစ်နေ့ ကျွန်တော် ဟင်းချက်ရင်း ပြူတင်းပေါက်က တဆင့် နောက်ဖေးဘက်ကို အမှတ်တမဲ့ ကြည့်လိုက်မိပါတယ်၊ ဒီမှာတင် မှားယွင်းမှုတွေ စတင်ခဲ့တော့တာပါပဲ၊ ကျွန်တော် အခန်းထဲကနေ ကြည့်လိုက်ရင် မျက်စောင်းထိုးလောက်မှာ ရှိတဲ့ ကျောချင်းကပ်
လမ်းက အခန်းတစ်ခန်းထဲမှာ မိန်းခလေးတစ်ယောက်ဟာ ကျွန်တော့်ဘက်ကို ကျောပေးလို့ ထိုင်နေခဲ့ပါတယ်၊ တကယ်တော့ ဒါဟာ သိပ်ထူးခြားတဲ့ မြင်ကွင်းတစ်ရပ်လည်း မဟုပ်ပါဘူး၊ ဒါပေမယ့် ထူးခြားနေတာက သူမရဲ့ ဝင်းအိချောမွတ်နေတဲ့ ပုခုံးသားလေးတွေနဲ့
အဲဒီပေါ်မှာ သိုင်းခြုံထားတဲ့ ဖြောင့်စင်းလှပ ပျောင်းနွဲ့ပြေပြစ်တဲ့ ကိုယ်ခန္ဒာ နဲ့၊ ယဉ်ကျေးဖွယ်ရာ ကိုယ်ဟန်အနေအထားဟာ ပန်းချီဆရာ မဟုပ်တဲ့ ကျွန်တော့်ကို ပန်းချီဆွဲချင်စိတ် ပေါက်လာစေခဲ့ပါတယ်၊ ကျွန်တော်ဟာ မေ့မေ့မျောမျော ကို ငေးမောမိသွားခဲ့တယ်၊
ပြန်ပြီး သတိဝင်လာတဲ့အခါမှာတော့ ကျွန်တော်ဟာ ကိုယ့်အဖြစ်ကို အတော်လေး အံ့သြနေမိပါတယ်၊ မိန်းခလေးတစ်ယောက်ကို အနောက်ကနေ အဲဒီလောက် ကြာကြာငေးမောနေမိတာ ကိုယ့်ဘာသာကိုယ် လိပ်ပြာမလုံသလိုပါပဲ။
သူမဟာ အဲဒီ အနေအထားနဲ့ပဲ အတော်ကြာကြာ ထိုင်နေခဲ့ပါတယ်၊ကျွန်တော့် စိတ်ထဲမှာ သူမဟာ အင်္ကျီစက်ချုပ်နေတာလား၊ ဇာထိုးပန်းထိုးလုပ်နေတာလား၊ ဒါမှမဟုပ် စန္ဒယား နှိပ်နေတာလား စသဖြင့် အတွေးပွားနေခဲ့မိပါတယ်၊ ကျွန်တော့် မြင်ကွင်းထဲက သူမ
ပျောက်ကွယ်သွားမှပဲ ကျွန်တော်လည်း ချက်လက်စ ဟင်းကို လက်စသတ်နိင်ပါတော့တယ်၊ ဒါပေမယ့် တွေးလက်စ အတွေးတွေကတော့ အဆုံးမသတ်နိင်သေးပါဘူး။
ဒီလိုနဲ့ နောက်ရက်တွေမှာလည်း ကျွန်တော်ဟာ ပြူတင်းပေါက်နားရောက်တိုင်း အဲဒီအခန်းလေးကို ဂရုတစိုက် ကြည့်ကြည့်နေမိပါတယ်၊ ကျွန်တော်တွေ့တဲ့အခါတိုင်း သူမဟာ စတွေ့စ အနေအထားအတိုင်း ကျွန်တော့်ဘက်ကို ကျောပေး ထိုင်နေမြဲပါပဲ၊ ကျွန်တော်
ကလည်း အမြဲလို ငေးမော မှင်သက်နေတတ်မြဲပါပဲ၊ ဒီလိုနဲ့ ကျွန်တော့်ရဲ့ ပျင်းခြောက်ခြောက် ညနေခင်းတွေဟာ သူမနဲ့ စိုပြည်လာခဲ့ပါတယ်၊ ဘာတစ်ခုမှ စိတ်ဝင်စားစရာ မကောင်းတဲ့ ကျွန်တော့်ဘဝဟာလည်း သူမကြောင့် အနည်းငယ် စိတ်ဝင်စားဖွယ်ကောင်းလာခဲ့ပါတယ်၊ ယခင် အလုပ်မှ အိမ်ပြန်လာတိုင်း ကျွန်တော့် ခြေလှမ်းတွေဟာ အမြဲလေးလံ ယိုင်နဲ့နေခဲ့ပေမယ့် ယခုအခါမှာတော့ ကျွန်တော့်မှာ အလုပ်က စောစော ပြန်ဖို့ကိုတောင် စိတ်လောနေမိပါတယ်။ အလုပ်မှ ပြန်ရောက်တိုင်းလည်း ကျွန်တော့်မှာ ပြူတင်းပေါက်ကို အရင်ဆုံး သွားဖွင့်ပြီးမှ အဝတ်အစား လဲဖြစ်ပါတယ်၊ သူမကို မတွေ့ရတဲ့ နေ့တွေမှာဆို ကျွန်တော့်စိတ်မှာ တခုခု လပ်ဟာနေသလိုပါပဲ၊ ယခင်ကဆို ကျွန်တော်ဟာ တစ်ယောက်တည်း ပျင်းယင် တီဗွီလေးကြည့်ပြီး အချိန်ကုန်ဆုံးစေတတ်ပါတယ်၊ ယခုတော့ ကျွန်တော့် တီဗွီလေးမှာ ဖုတ်တောင် တက်နေခဲ့ပါပြီ။
ကွန်တော်ဟာ အဲဒီလောက် သူမကို စောင့်ကြည့်နေခဲ့ပေမယ့် သူမရဲ့ မျက်နှာကို တစ်ခါမျှ မြင်ခွင့်မရခဲ့သေးပါဘူး၊ သူမရဲ့ မျက်နှာလေးဟာ ဘယ်လိုများ နေမှာလဲ၊ တကိုယ်လုံး ပြောစရာ မလိုလောက်အောင် ပြေပြစ်လှပတဲ့ သူမ အဖို့ မျက်နှာလေးကလည်း
လိုက်ဖက်ညီ လှပနေမှာ သေချာပါတယ်၊ ကျွန်တော်ဟာ စွဲလန်းခဲ့ဖူးတဲ့ မင်းသမီးမှန်သမျှရဲ့ မျက်နှာတွေကို သူမရဲ့ မမြင်နိင်တဲ့မျက်နှာလေးနဲ့ အမြဲပဲ စိတ်ကူးထဲမှာ ချိန်ထိုးနှိုင်းယှဉ်နေမိတတ်ပါတယ်၊ ကြာလာတော့ ကျွန်တော့်စိတ်မှာ သူမမျက်နှာလေးကို မြင်ဖူး ချင်တဲ့ စိတ်ဟာ ပြောမပြနိင်လောက်အောင် ပြင်းပြလာခဲ့ပါတော့တယ်။
ဒီလိုနဲ့ ကျွန်တော်ဟာ သူမရဲ့ မျက်နှာလေးကို မြင်ခွင့်ရဖို့ စတင်ကြံစည် မိပါတယ်၊ အားလပ်ရက်တစ်ရက်မှာ ကျွန်တော်ဟာ မနက်စောစော ထပြီး ပြူတင်းပေါက်ကနေ ခုံတစ်လုံးနဲ့ သူမအခန်းရှိရာ ကို မျက်ခြေမပြတ် ကြည့်ရှုနေခဲ့ပါတယ်၊ ကျွန်တော်ဟာ အပေါ့အပါးသွားတဲ့ အချိန်ကလွဲပြီး တချိန်လုံး အဲဒီ ပြူတင်းပေါက်ကလေးမှာ ထိုင်နေခဲ့ပါတယ်၊ မနက်စာ ညစာကိုတော့ ကြိုတင်ဝယ်ယူထားတဲ့ပေါင်မုန့်တွေကိုပဲ စားသုံးပြီး ကိစ္စ ပြီးစေခဲ့ပါတယ်၊ ကျွန်တော့်မှာ တနေကုန် ထိုင်ရလွန်းလို့ ခါးတွေတောင် ချည့်မတတ်ပါပဲ၊
ဒါပေမယ့် အချီးနှီးပါပဲ၊ သူမဟာ အခန်းထဲ စဝင်ကတည်းက ကျွန်တော့်ကို ကျောပေးလျက်အနေအထားနဲ့ ဝင်လာခဲ့ပါတယ်၊ သူမ ထိုင်နေကျ နေရာလေးမှာ ထိုင်ပြီးတာနဲ့ ဘေးဘီကို ယောင်လို့တောင်လှည့်မကြည့်ပဲ အဲဒီ အနေအထားအတိုင်း ထိုင်နေခဲ့ပါတယ်၊ ကျွန်တော့်မှာ သူမရဲ့ ဘေးတိုက် အနေအထားလေးကို တောင် မြင်ခွင့်မရတဲ့ အတွက် အတော့်ကို မချိတင်ကဲ ဖြစ်မိပါတယ်။
ဒီလိုနဲ့ ကျွန်တော်ဟာ စနေ တနင်္ဂနွေ အားလပ်ရက်တိုင်း သူမကို တနေကုန်ထိုင်စောင့်ကြည့်နေခဲ့ပါတယ်၊ သုံးပတ်မြောက်မှာတော့ကျွန်တော်ဟာ ကျွန်တော့် အကြံအစည်ကို တမျိုးတမည် ပြောင်းလဲသင့်ပြီလို့ ယူဆလာမိပါတယ်၊ ဒါနဲ့ပဲ ကျွန်တော် နောက်တစ်မျိုးကြံစည်မိပြန်တယ်။
ကျွန်တော်ဟာ အားလပ်ရက်တစ်ရက်မှာ သူမရှိတဲ့ လမ်းဘက် ထွက်လာခဲ့ပါတယ်၊ ဒါပေမယ့် သူမအိမ်ဟာ ဘယ်အိမ်မှန်း ကျွန်တော် မသိ၊ တကယ်တော့ ကျွန်တော် မြင်ရတဲ့မြင်ကွင်းဟာ သူမအိမ်ရဲ့ အနောက်ဖက် မြင်ကွင်းပါပဲ၊ ဒါကြောင့် အရှေ့ဘက်က သွားကြည့်
တဲ့အခါ ကျွန်တော့်မှာ ဇဝေဇဝါဖြစ်လို့နေခဲ့တယ်၊ ဒါကြောင့် ကျွန်တော့်မှာ ကျွန်တော့်အိမ်နဲ့ တည့်တည့် ကျောချင်းကပ်အိမ်ကို မှန်းဆ အဲဒီကမှ သူမ ရှိတဲ့ အိမ်ကို ရှာရပါတယ်။အိမ်ကို သိပြန်တော့လည်း ဘယ်အခန်းမှန်း မသိပြန်ပါဘူး။ ဒါနဲ့ပဲ သူမအိမ်ရဲ့ ခပ်လှမ်းလှမ်း
လောက်ကနေ ကျွန်တော်တနေကုန် စောင့်ကြည့်နေခဲ့ပါတယ်၊ လမ်းသွားလမ်းလာတွေဟာ ကျွန်တော့်ကို အကဲခတ်သလို ကြည့်ကြည့် သွားကြတယ်၊ ကြာလာတော့ ကျွန်တော့်မှာ အနေရခက်လာပါတယ်၊ မျက်နှာ ပူလာမိပါတယ်။
ကိုယ့်ကိုယ်ကို လည်း ပြန်ဆန်းစစ်နေမိပါတယ်၊ ကျွန်တော်ဟာ သူမအတွက် ဘာကြောင့်များ ဒီလောက် ဒုက္ခခံနေရပါသလဲ၊ကျွန်တော်ဟာ သူမကို ချစ်နေခဲ့ပြီလား၊ ကျွန်တော်ဟာ သူမကို ပိုင်ဆိုင်နိင်ဖို့ ကြိုးစားနေတာလား၊ မိန်းခလေးတစ်ယောက်ရဲ့ နောက်ကျောကိုခပ်လှမ်းလှမ်းလောက်က မြင်ရရုံနဲ့ ချစ်တယ်လို့ ပြောဖို့ရာ အတော်ခက်ပါတယ်၊ ကျွန်တော်ဟာ သူမကို ပိုင်ဆိုင်ချင်တဲ့ စိတ်မျိုးလည်း မရှိပါဘူး၊ အဓိက ကတော့ ကျွန်တော်ဟာ သူမ မျက်နှာလေးကို မြင်ဖူးချင်မိတာပါ၊ မြင်ဖူးတယ် ဆိုရုံလေးပါပဲ၊ ကျွန်တော့်မှာ ဒီ့ထက် ကြီးမားတဲ့ ရည်ရွယ်ချက်လည်း မရှိပါဘူး၊ ဒီလိုနဲ့ ကျွန်တော်ဟာ အားလပ်ရက် တိုင်း သူမရဲ့အိမ် မလှမ်းမကမ်းကနေ စောင့်ကြည့်နေခဲ့ပါတယ်၊ သူမရဲ့ တိုက်ကနေ ထွက်လာသမျှ အမျိုးသမီးမှန်သမျှကို သတိထားပြီး စောင့်ကြည့်ပါတယ်၊ ဒါပေမယ့် ကျွန်တော့် ကံကိုက ဆိုးသလား မသိ၊ သူမနဲ့ ဆင်ဆင်တူတဲ့ မိန်းခလေးတောင် မတွေ့မိပါဘူး။
ကျွန်တော်လည်း ဇွဲနပဲနဲ့ ရက်အတော်ကြာအောင် စောင့်နေမိပါတယ်၊ ကျွန်တော်ဟာ သူမအိမ်နားမှာ ရပ်တာကြာယင် လမ်းထိပ်လဘက်ရည်ဆိုင်လေးမှာ ထိုင်ပြီး စောင့်ပါတယ်။ ဈေးသွားချိန်ဆိုယင်လည်း ဈေးလမ်းကနေ ကျွန်တော်အမြဲ စောင့်နေခဲ့ပါတယ်၊
ဒါပေမယ့် သူမရဲ့ အရိပ်အယောင်ကို လုံးဝမတွေ့ခဲ့ရပါဘူး၊ ဒါနဲ့ပဲ နောက်ဆုံးမှာ ကျွန်တော် စိတ်လျှော့လိုက်ပါတော့တယ်၊ သူမ မျက်နှာကို မြင်တွေ့ဖို့ဆိုတဲ့ စိတ်ကူးကိုလည်း စွန့်လွှတ်လိုက်ပါတယ်၊ ဒါပေမယ့် ကျွန်တော့်စိတ်ထဲမှာ သူမမျက်နှာကို တွေ့ဖူးချင်တဲ့ဆန္ဒတွေကတော့ ရှိနေတုန်းပါပဲ။
ဒီလိုနဲ့ ကျွန်တော်ဟာ ကိုယ့်အခန်းကိုယ် ပြန်ရောက်လာခဲ့ပါတယ်၊ သူမကတော့ ကျွန်တော့်ကို အမြဲကျောပေး ထိုင်လျက်ပါပဲ၊ ပြူတင်းပေါက်ဖက်ကို တချက်ကလေးတောင် လှည့်မကြည့်တာကတော့ အံ့သြစရာပါပဲ၊ အတော်လေး ထူးဆန်းတယ်လို့လဲကျွန်တော့် စိတ်ထဲ ထင်နေမိပါတယ်။ ကျွန်တော်လည်း အကြံကုန် ဂဋန်ဆားချက်တဲ့အနေနဲ့ သူမလှည့်ကြည့်လာအောင် ကျွန်တော့်ပြူတင်းပေါက်ကနေ အသံမျိုးစုံ ပေးပါတယ်၊ ကတ်ဆတ်ကို အကျယ်ကြီး ဖွင့်ပါတယ်၊ ဒါပေမယ့် သူမဟာ လုံးဝ မတုန့်ပြန်ခဲ့ပါဘူး၊ တုံဏှီဘာဝေ ရှိနေခဲ့ပါတယ်၊
ရက်ပေါင်းများစွာ ကြာလာခဲ့ပါတယ်၊ ကျွန်တော်ဟာ ပြူတင်းပေါက်ကနေ သူမကို အမြဲငေးမောလို့၊ သူမဟာလည်း ပြူတင်းပေါက်ကို အမြဲ ကျောပေးလို့၊ အခြေအနေဟာ အပြောင်းအလဲ တစုံတရာမရှိ၊ ဒီအတိုင်းပဲ တည်ရှိနေခဲ့ပါတယ်၊ ဒါပေမယ့် ကံကောင်းတယ်
ပဲ ပြောရမလား၊ကံဆိုးတယ်လို့ပဲ ပြောရမလား၊ တစ်နေ့ ကျွန်တော် သူမကို ငေးမောနေယင်းနဲ့ မိုးတွေ ရွာချလာပါတယ်၊ မိုးဟာ သည်းထန်လွန်းတာမို့ ပြူတင်းပေါက်နားမှာ ထိုင်နေတဲ့ ကျွန်တော့်တကိုယ်လုံးကို စိုရွှဲသွားစေခဲ့ပါတယ်၊ဒါပေမယ့် ကျွန်တော် ထမသွားပဲ သူမရဲ့ လှုပ်ရှားမှုကိုပဲ မျက်ခြေမပြတ် စောင့်ကြည့်နေခဲ့ပါတယ်။
ဒီတစ်ခါတော့ ကျွန်တော့် တွက်ကိန်း မှန်ကန်ခဲ့ပါတယ်၊ သူမဟာ ပြူတင်းပေါက် ကို ပိတ်ဖို့ထလာပါတယ်၊ ကျွန်တော့် ရင်တွေဟာ ဘာကြောင့်မှန်းမသိ အရမ်းခုန်နေခဲ့ပါပြီ၊ သူမဟာ တရွေ့ရွေ့နဲ့ ပြူတင်းပေါက်ရှိရာ လျှောက်လာနေခဲ့ပါတယ်၊ သူမ လျှောက်လာတဲ့ပုံ
က ကျွန်တော့် စိတ်ထင် အရမ်းနှေးနေသလိုပဲ၊ ကျွန်တော့်စိတ်တွေဟာ အားမလို အားမရနဲ့ အရမ်းကို လှုပ်ရှားနေခဲ့ပါတယ်၊ သူမကတော့ စမ်းတဝါးဝါးနဲ့ လှမ်းလို့လာနေဆဲ။
ဒီလိုနဲ့ သူမဟာ ပြူတင်းပေါက်နား ရောက်လာခဲ့ပါပြီ၊ သူမရဲ့လက်တွေဟာ စမ်းတဝါးဝါးနဲ့ တံခါးရွက်တွေကို ရှာဖွေနေပုံ ရပါတယ်။ သည်းထန်လွန်းတဲ့မိုးကြောင့် သူမရဲ့ ဆံစတွေဟာ ရေနဲ့ ရွှဲနစ်နေခဲ့တယ်၊ ကျွန်တော်ဟာ ရေစိုနေတဲ့ ဆံပင်တွေကြားက သူမမျက်နှာလေးကို အငမ်းမရ ကြည့်လိုက်မိပါတယ်။
မြတ်စွာဘုရား ၊ သူမရဲ့ မျက်လုံးနှစ်လုံးဟာ ချိုင့်ဝင်လပ်ဟာလို့ ပါလား။ ပြီးပြည့်စုံတဲ့ အလှတရားဟာ ချိုင့်ဟာနေတဲ့ ကွပ်လပ်နှစ်ခုထဲမှာ စုန်းစုန်းမြုပ်သွားခဲ့သလိုပါပဲ၊ ကျွန်တော်ဟာ ဘယ်လိုမှ မမြှော်လင့်ထားတဲ့ အချင်းအရာ တစ်ခုကို ရုတ်တရက် လက်ခံလို့မရနိင်အောင် ဖြစ်နေခဲ့ပါတယ်။ သေချာပါတယ်၊ သူမဟာ မျက်မမြင်မလေး တစ်ယောက်ပါပဲ။ သူမရဲ့ လက်တွေဟာ တံခါးရွက်တွေကို စမ်းမိဖို့ အတော်အားထုပ်နေရပါတယ်။
ကျွန်တော်ဟာ သူမကို ကြည့်ရင်း ဘယ်လိုမှန်း မသိတဲ့ ဝေဒနာ တစ်ခုကို ခံစားလိုက်ရပါတယ်၊ ရင်ထဲမှာ ဟာတာတာ ကြီးနဲ့ ၊နှမြောနေသလိုလို၊ ဝမ်းနည်းနေ သလိုလို၊ လွပ်လပ်ပေါ့ပါးသွားသလိုလို။
ဒါဟာ ရက်ပေါင်းများစွာ စောင့်ခဲ့ရတဲ့ အဖြေတစ်ခုကို မမျှော်လင့်ပဲ ရရှိခဲ့လို့လား၊ ဒါမှမဟုပ် စိတ်ထဲက ကြိုတင်ခန့်မှန်း ပုံဖော်မှုတွေနဲ့ လုံးဝ ကွဲလွဲသွားလို့ပဲလား၊ ဒါမှမဟုပ် သူမရဲ့ ဒုက္ခိတ ဘဝကို စာနာသနားသွားလို့ပဲလား၊ အမျိုးမျိုး ဖြစ်နိင်ပါတယ်၊ ဘာမဟုပ်တဲ့ ကိစ္စလေးကို အားသွန်ခွန်စိုက် ရူးသွပ်ခဲ့တဲ့ အတွက် ရှက်ရွံ့မှု၊ နှမြောတဿမှုတို့လည်း ပါဝင်ကောင်း ပါဝင်နိင်ပါတယ်၊မနေနိင် မထိုင်နိင် သိချင်မှု တစ်ခုကြောင့် နဂိုလ်လှပတဲ့ စိတ်ကူးပုံရိပ်လေး ဖျော့မှိန်သွားခဲ့တာ၊ မသိခြင်းတရားရဲ့ ချိုမြိန်မှုတွေဓာတ်ပြယ်သွားခဲ့တာ၊ စတာတွေကြောင့်လည်း ဖြစ်နိင်ပါတယ်၊ ဘာပဲ ဖြစ်ဖြစ် ကျွန်တော့အတွက် စိတ်ဝင်စားဖွယ် အကြောင်းအရာတစ်ခု ဆုံးရှုံးသွားခဲ့တာတော့ အသေအချာပါပဲ။
နောက်ရက်တွေမှာ ကျွန်တော်ဟာ အလုပ်ကနေ အိမ်ပြန်ဖို့ ဝန်လေးနေခဲ့တယ်၊ အိမ်ရောက်ရင်လည်း ပြူတင်းပေါက်လေးနား သွားဖို့ တွန့်ဆုတ်နေခဲ့တယ်၊ ဒီ အဖြစ်အပျက်ဟာ ကျွန်တော့်ကို သင်ခန်းစာတွေ ပေးသွားသလိုပါပဲ၊ တကယ်ပါ၊ ကျွန်တော်ဟာ တစုံတရာကို အသေအချာသိရှိရမှာ ကြောက်သွားခဲ့ပါပြီ၊ မသိမှုထဲမှာ နစ်မွန်းနေတယ်ပဲ ပြောပြော၊ ဝေဝါးမှုမှာ ကိန်းဝပ်နေတဲ့ အလှတရားကိုပဲ ကျွန်တော် တမ်းမက်နေမိတော့တယ်၊ ဘယ်လိုပဲ ဖြစ်ဖြစ် လူတစ်ယောက်ဟာ ဘဝမှာ တစ်စုံတစ်ရာကို အသေအချာ ရူးသွပ်ဖူးဖို့ အရေးကြီးတယ်လို့ ကျွန်တော် ခံယူပါတယ်။
ဒါနဲ့ စကားမစပ် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကပဲ ကျွန်တော့်ကို တဖက်သတ် ချစ်နေရှာတဲ့ ကောင်မလေးနဲ့ ကျွန်တော် လက်ထပ်လိုက်ကြတယ်၊ တိုက်တိုက်ဆိုင်ဆိုင် အဲဒီနေ့ကလည်း မိုးတွေ ရွာခဲ့တယ်ဗျ။
---------------------------------------------------------။------------------------------------------------------------------
ဒီနိုဗို
ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း
ဒီဇင်ဘာ ၂၀၀၁

Thursday, March 8, 2012

မိုး


မိုးက ပျင်းရိပျင်းတွဲ လူတစ်ယောက် ဘယ်ကို သွားရမှန်း မသိလောက်အောင် မှုန်မှုန်မှိုင်းမှိုင်း စိတ်မပါ့တပါ ပြောသံဆိုသံတွေကထပ်တလဲလဲ တစ်စိမ့်စိမ့်ရွာ ငြိမ်ဆိတ်ခြင်းမှာပဲ ငြီးငွေ့ဖွယ်အာရုံ ဝင်စားလို့ စိုထိုင်းထိုင်း လောကီအငွေ့အသက်တွေ အတွေးထဲ
ပျံ့ပျူးသိုင်းခြုံ တစ်စစ်စစ် နာကျင်ကိုက်ခဲ စွဲမက်ဖွယ် ဝေဒနာ အခင်းအကျင်းထဲမှာ ဟိုသည် လူးလွန့်လှုပ်ရှား ကိုယ်ဘာဖြစ်နေသလဲမိုးက ကိုယ်တိုင်မသိဘဲ အရင်နေ့တွေလို ရွာသွန်းမြဲရွာသွန်း အတိတ်ဘဝကလို စွဲလန်းမှု အနှောင်အဖွဲ့တွေ သံသယရှင်းရှင်းနဲ့
ရွာသွန်းမြဲ ရွာသွန်းစီးကျလို့ လွမ်းဆွတ်မှုတွေအတွင်းထဲမှာ လပ်ဟာကျယ်ပြန့် ကွက်လပ်ကြီးတစ်ခုထဲ ဘယ်ရောက်မယ်မှန်းမသိ တစ်ခုခုအမည်တပ်ဖို့ရာ တော်တော်မဖြစ်နိင်တဲ့ လှိုက်ဟာမှုထဲ ဒလိမ့်ခေါက်ကွေးကျ သက်ဆင်းရောက်ရှိ ဖြစ်တည်ချမ်းစိမ့် ဘာမှ
မပြောင်းတဲ့ ပန်းချီကားတစ်ချပ်လို မိုးရဲ့ အသွင်အပြင်က ငိုင်တိုင်တိုင် ပြင်ညီပြားတစ်ချပ် ဘယ်ကိုရွဲ့စောင်းစောင်း အသက်မဝင်တဲ့ ဘာရယ်မဟုပ်တဲ့ ပုံမှန်တွေနဲ့ပဲ အချိန်ကုန်နေတဲ့ နိစ္စဓူဝတွေ ထပ်ခါထပ်ခါ ရွာချ နိမ့်မြင့်မညီ အမိုးတွေ တဖျောက်ဖျောက်မြည်သံစွဲ
အလင်္ကာတွေ ထပ်ခါထပ်ခါ နုရင့်မတူ အစိမ်းတွေ ထပ်ခါထပ်ခါ ဟိုတစ်ကွက် သည်တစ်ကွက် အစွန်းအထင်းတွေ အိပ်မက်ဆန်ဆန် ညစ်ထေး တစ်ခုနဲ့တစ်ခု တွဲစပ်လို့မရ အလဟဿ အချည်းနှီးအားထုပ်မှုလို ပရမ်းပတာ လှုပ်ရမ်း မပြေပြစ်တဲ့အသံတွေ စုစည်းထား
တဲ့ ရပ်ဝန်းတစ်ခုမှာ ဂယောင်ခြောက်ခြား ငြီးတွား သဏ္ဍန်မဲ့အတွေးတွေ အေးစက်ခဲမာ ပဲ့တင်သံမပြန်လာတဲ့ အချိန်ကာလရဲ့ လျှို့ဝှက် လှုပ်ရှားနေမှုထဲ မသိလိုက်မသိဘာသာ မသိသားဆိုးရွားစွာ မသိတသိစိတ်အနေအထား တစ်ခုဖြင့် မသိမှုမိုးစက်များထဲ တစ်ခါတစ်ရံပဲ ဖြစ်ဖြစ် တစ်ခါတစ်ရံ တစ်သက်လုံးဖြစ်ဖြစ် ဘာမဆို ဖြစ်နိင်ချေများဖြင့် ပြည့်နှက်နေသော အဲဒီ မိုးစက်များထဲ အရောင်တွေက အရည် ပျော်စီးကျ လှိုင်းထ ရင့်ရာကနေ အသွေးတွေ တစ်ခုကိုတစ်ခုယှက် တစ်ခုကို တစ်ခုထပ် အလင်းတွေက ဘာအာမခံချက်မှ မပေးနိင် ဘဲ ဟိုဝင်သည်တိုး မပြောမဆို ကြမ္မာဆိုးတစ်ခုလို အမှောင်တွေနဲ့ ကစား ထူးခြားတဲ့ ကကြိုး ကကွက်တွေက လျပ်စီးပျက်သလို မရေ ရာမှုတွေထဲ တစ်ချက်တစ်ချက် ဘာရယ်မဟုပ် အလိုအလျောက် သဘောဆောင်ပြီး သူ့ဘာသာသူ ကိုယ်တိုင်မလုပ်လိုက်ရဘဲ သူ ကိုယ်တိုင် မမှန်းဆနိင်ဘဲ သူဖြစ်နေတာတောင် သူမသိလိုက်ဘဲ သူဖြစ်ချင်နေသည်များနှင့် လားလားမျှ မဆိုင်ဘဲ မဆီလျော် မလိုက် ဖက်သည့် ခပ်ထောင့်ထောင့် ငိုချင်းသည်တစ်ယောက်ကို အခကြေးငွေများပြားစွာ ပေးထားသဖြင့် စိတ်ပါလက်ပါ ငိုကြွေးနေပုံနှင့် သရုပ်သဏ္ဍန်ချင်းတူလျင်တောင်မှ သဘောချင်း ဘယ်လိုမှ မတူနိင်ဘဲ အကောင်အထည် မဖော်နိင်သည့် စီမံကိန်းကြီး တစ်ခုထဲတွင် ပြိုးပြိုးပြက်ပြက် အလင်းစက်များ အတန်းလိုက်ကျဆင်းနေပုံမှာ ကြည့်၍ ကောင်းလှပြီး အငွေ့အသက်များကိုသာ ခံစားကျေနပ်ရမလို ကြိုက်သလို ပုံဖော်ပြီး လိုသလို ကောက်ချက်ဆွဲကာ မသက်မသာ လက်ခံလိုက်ရသည့် အမှန်တရား တစ်ခုပမာ ရေစီးကြောင်းထဲတွင် အရိပ်အယောင်များ အားလုံး အရည်ဆန်နေကြကာ တဖျတ်ဖျတ် တလူးလူး တမြောမြော တလွင့်လွင့် တည်ရှိနေခဲ့ကြကာ တနည်း အားဖြင့်လည်း မတည်ရှိနေခဲ့ကြကာ နောက်တစ်နည်းအားဖြင့်လည်း တည်ရှိသလိုလို ရှိနေခဲ့ကြကာ တစ်ဖန် တစ်နည်းအားဖြင့်လည်း မတည်ရှိသယောင် ရှိနေခဲ့ကြကာ တချွင်ချွင်တသက်သက် အသံအပြောက်ကလေးများထဲတွင် စိတ်ညှို့ခံရသူပမာ ဘာကိုမှလည်း မငြင်းပယ် ဘာကိုမှလည်း လက်မခံလိုဘဲ ထုပ်ချင်းပေါက် ဖြတ်သန်းသွားကာ အရာရာတိုင်းကို ခြေရာလက်ရာမပျက် မတို့မထိ ချန်ရစ်ခဲ့ပြီး ထိုမိုးစက်များကို မိုးစက်များအတိုင်း ထို အရိပ်အယောင်များကို အရိပ်အယောင်များအတိုင်း စီးကြောင်းထဲမှာ စီးကြောင်း အတိုင်း အလိုအလျောက် အလိုက်သင့် ရည်ရွယ်ချက်မဲ့ ဦးတည်ရာမဲ့ အဆုံးနိဂုံးကင်းမဲ့လို့။ ။
ဒီနိုဗို
Beauty Max Magazine, 2006
(Not remember Issue No.)

Friday, March 2, 2012

နို့နှစ်ရောင် အပိုင်းအစများ



တစ်ချို့က ပြောကြတယ်။ အိပ်မက်ဆိုတာ ဘဝရဲ့ အစိတ်အပိုင်းတဲ့။ တချို့ကလည်း ဘဝဆိုတာ အိပ်မက်ရဲ့အခန်းတစ်ခန်းပဲတဲ့။ သေချာတာကတော့ လူတိုင်းလူတိုင်းဟာ အိပ်မက်တွေထဲမှာ ဝင်ထွက်သွားလာနေခဲ့ကြ
တာပါပဲ။ အဲဒီ အိပ်မက်တွေထဲမှာ လူတိုင်းလူတိုင်းဟာ ကောင်းကင်တော်ကို ဖူးတွေ့ခဲ့ကြမှာပါ။ အလင်းသစ်ကို ရှာခဲ့ဖူးမှာပါ။ လှပတဲ့ လွင်ပြင်ကျယ်ကို ဖြတ်သန်းခဲ့ဖူးမှာပါ။ ဘယ်လောက်ပဲ မှောင်မိုက်နေတဲ့သူ ဖြစ်ပါစေ
အိပ်မက်ထဲမှာတော့ လင်းပခဲ့ဖူးမှာပါ။
ကျွန်တော့်ဘဝမှာလည်း ရှားရှားပါးပါး အိပ်မက်လေးတစ်ခုကို ပိုင်ဆိုင်ခဲ့ဖူးပါတယ်။ အဲဒီ အိပ်မက်လေးထဲမှာ ကျွန်တော့်ဘဝရဲ့ အရာရာကို ထည့်သွင်းဖြည့်ဆည်းလို့ပေါ့။ ဆောက်တည်ခဲ့တယ်။ မွမ်းမံခဲ့တယ်။ ခြယ်သ
ခဲ့တယ်။ ဒီလိုနဲ့ အိပ်မက်လေးဟာ ကျွန်တော့်ဘဝ ဖြစ်လာခဲ့တယ်။ ကျွန်တော် ပိုင်ဆိုင်တဲ့ အိပ်မက်လေးဟာ ကျွန်တော့်ကို ပြန်ပြီး ပိုင်ဆိုင်လာခဲ့တယ်။ ကဗျာဆန်ဆန် ပြောရယင်တော့ ကျွန်တော်ဟာ အိပ်မက်တွေကို
မက်နေရင်းနဲ့ အိပ်မက်တွေဟာ ကျွန်တော့်ကို ပြန်မက်နေခဲ့ပါတော့တယ်။
xxxxxxxxx
မနှစ်ကပွင့်တဲ့ စိန်ပန်းပွင့်နဲ့ ဒီနှစ်ပွင့်တဲ့ စိန်ပန်းပွင့် အတူတူပဲလားမသိ။ နှစ်အဆက်ဆက် ကျောင်းတော်ကြီး မှာ စိန်ပန်းပွင့်တွေ ဖူးသစ်ခဲ့ကြတယ်။ နွမ်းကြေခဲ့ရတယ်။ ဒါပေမယ့် ကျွန်တော့်ရင်ထဲက စိန်ပန်းပွင့် တွေကတော့ဘယ်တော့မှ မပြောင်းလဲခဲ့ပါဘူး။
မှတ်မိသေးတယ်။ တိမ်ဖြူ၊ တိမ်ဝါ၊ တိမ်ပြာ၊ တိမ်လိပ်တွေ ကောင်းကင်တော်အပြည့် ခင်းကျင်းထားတဲ့တစ်နေ့၊ရဲနီ လင်းဖြာနေတဲ့ စိန်ပန်းပင်ကြီးအောက်မှာပေါ့။ နို့နှစ်ရောင် ဒေဝီလေးတစ်ပါး ကြွေကျသက်ဆင်းလာခဲ့ဖူး
တယ်။ လွင့်လွင့်လူးနေတဲ့ လေချည်တွေအောက်မှာ နက်စိုနေတဲ့ ဆံချည်မျှင်လေးတွေက အလျားလိုက် မျောလွင့် လှိုင်းထလို့။ နို့နှစ်ရောင် ပခုံးသားလေးဟာ ဝင်းပနေခဲ့တယ်။ နုသွယ်ညွှတ်ပျောင်းနေတဲ့ လည်တိုင်
လေးဟာ လင်းရှင်းဖွေးဖြူလို့။ လက်ရာမြောက်ပန်းချီကားတစ်ချပ်လို သူမရဲ့ မျက်နှာဟာ ညီညွတ်ပြည့်စုံနေခဲ့တယ်။ မဟာဆန်လွန်းနေခဲ့တယ်။ လှိုက်ဖိုမောလျစေခဲ့တယ်။ ဒီတုန်းကတော့ လေပြည်ကလည်း သင်းလို့။ မြေပြင်တစ်ခုလုံးလည်း ဖြူးလို့။ ရပ်ရှစ်ခွင်လုံး ပန်းဖူး ပန်းငုံတွေ တစ်ပြိုင်တည်း ပွင့်အာခဲ့ကြတယ်။
ကျွန်တော်နဲ့ သူမတို့ တွေ့ဆုံခြင်းဟာ အိပ်မက်ဆန်ခဲ့တယ် ဆိုပေမယ့် အိပ်မက်မဟုပ်ခဲ့ပါဘူး။ သေချာပါတယ်၊ အဲဒီနေ့က ခန္ဒာဗေဒ ခွဲစိတ်ခန်းတွေကနေ စာသင်ဆောင်တွေဘက်ကို အသွား စိန်ပန်းပင်ကြီးရဲ့ အောက်၊ ကောက်ကောက် ကွေ့ကွေ့ မြေနီလမ်းလေးပေါ်မှာ သူမနဲ့ ကျွန်တော် မျက်နှာချင်း အပ်မိကြတယ်။ သွယ်ကျဉ်း လွန်းတဲ့ မြေနီလမ်းလေးပေါ်မှာ သူမနဲ့ ကျွန်တော်ဟာ သူ့ကို ကိုယ်ရှောင်၊ ကိုယ့်ကို သူရှောင်နဲ့ပေါ့။ ခြေထောက်တွေ အချင်းချင်း ရှောင်နိင်ခဲ့ပေမယ့် မျက်လုံးတွေကတော့ ပြင်းပြင်းထန်ထန်ကို တိုက်မိခဲ့ကြတယ်။ အသည်းနှလုံးတွေတောင် တုန်ခါသွားတဲ့အထိ။ သူမရဲ့ ရဲဖြာသွားတဲ့ ပါးပြင်ပေါ်မှာ ကျွန်တော့်ရဲ့ မျက်လုံးတွေ စိုက်ဝင်သွားခဲ့ဟန် တူရဲ့။ ကျွန်တော် အကြည့်တွေကို အလျင်အမြန် ရုတ်သိမ်းပေးမိတယ်။ကျွန်တော့်ရဲ့ လှုပ်ရှားမှု အားလုံးပါ ယာယီ ရပ်တန့်သွားခဲ့တယ်။ သူမရဲ့ ကျောပြင်လေး ဝေးဖြော့ ပျောက်ကွယ်သွားသည် အထိပါပဲ။
အဲဒီ အချိန်က စပြီး ကျွန်တော့်ရဲ့ အတွေးတွေထဲမှာ သူမနဲ့ ယှက်နွယ်ပူးလိမ်နေခဲ့တယ်။ အဲဒီညနေက ကျွန်တော့် ခန္ဒာကိုယ်ဟာ အိမ်ကို ပြန်လည်ရောက်ရှိသွားခဲ့ပေမယ့် စိတ်ဝိညာဉ်ဟာ စိန်ပန်းပင်ကြီး အောက်မှာ
ထိုင်စောင့်နေခဲ့တယ်။လှပတဲ့ ကျိန်စာတစ်ခုကို စတင်ခံစားနေရပြီဖြစ်တဲ့ ကျွန်တော်ဟာ ညဘက် ညဘက်မှာ သူမကို စကားတွေ ပြောမိတယ်။အိပ်မက်တွေထဲမှာ သူမကို သွားသွားတွေ့တယ်။နှလုံးသားထဲမှာ သူမကို
နာမည်တစ်ခု ဖန်ဆင်းပေးခဲ့တယ်။
နို့နှစ်ရောင်လေး လို့။
ကျွန်တော်ဟာ မမြင်ရတဲ့ အနာဂတ်ကို ခမ်းခမ်းနားနား စိတ်ကူးယဉ်ရင်း မကြာခဏ အသက်ကို အားပါးတရ ရှူသွင်းမိတတ်တယ်။ ကျွန်တော့်ရဲ့ အဆုတ်တွေဟာ နို့နှစ်ရောင်တွေနဲ့ ပြည့်လျှံဖုံးလွှမ်းလို့။ ကျွန်တော့်ရဲ့
စာမျက်နှာတွေဟာ နို့နှစ်ရောင် စကားလုံးတွေနဲ့။ ကျွန်တော့်ရဲ့ အားလုံး အားလုံးသော အရာတွေဟာ နို့နှစ်ရောင်တွေနဲ့။
ဒီလိုနဲ့ ကျွန်တော်ရဲ့ ပထမနှစ် ကျောင်းတက်ရက်တွေဟာ စိတ်ကူးတွေနဲ့ ဝေစည်နေခဲ့တာပေါ့။
xxxxxxxxxxxx
ဒါပေမယ့် ကျွန်တော့်ရဲ့ ပွင့်ငုံစ စိတ်ကူးတွေဟာ လန်းစွင့် ကြီးထွားခွင့် မရခဲ့ပါဘူး။ ကျွန်တော်တို့ အတန်းရဲ့ အလှဘုရင်မ ရွေးချယ်ပွဲနေ့၊ အားလုံးရဲ့ လက်ခုပ်သံတွေကြားမှာ သူမဟာ အလှဘုရင်မဘွဲ့ကို ခံယူခဲ့ပါတယ်။ ကျွန်တော့်ရဲ့ နို့နှစ်ရောင်လေးဟာ အလှဘုရင်မ ဖြစ်သွားခဲ့ပါပြီ။ ကျွန်တော့်ရဲ့ လက်ခုပ်သံတွေဟာ နာကျင်မှုတွေနဲ့ ဖူးရောင်သွားခဲ့တယ်။ ကျွန်တော့်ရဲ့ စိတ်ကူးထဲက နို့နှစ်ရောင်လေးဟာ အားလုံးရဲ့ အလှဘုရင်မ ဖြစ်သွားခဲ့ပြီ။ အများဆိုင်နာမ်တစ်ခု ဖြစ်သွားခဲ့ပြီလေ။ နွမ်းလျလေးဖင့်စွာနဲ့ပဲ ကျွန်တော့်အိပ်မက်တွေကို ခေါက်ချိုးဖြုတ်သိမ်းခဲ့ရတယ်။ လွန့်လူးစ စိတ်ကူးတွေကို အရှိန်သတ် ချုပ်တည်းရင်းပေါ့။
သိမ်ငယ်ဖျော့တော့နေတဲ့ ကျွန်တော်ဟာ ကျွန်တော့်ရဲ့ မူပိုင်အိပ်မက်တွေကို တံတိုင်းအထပ်ထပ်ကာရံလို့၊ အိပ်မက်ထဲမှာ လောကသစ်တစ်ခု ဖန်တီးခဲ့တယ်။အဲဒီ လောကကြီးမှာ သူမဟာ အသစ်တစ်ဖန် ပြန်လည်
မွေးဖွားလာခဲ့တယ်။အိပ်မက်ထဲမှာ နို့နှစ်ရောင်လေးကို ကျွန်တော် ပြန်ဖန်ဆင်းခဲ့တယ်။ အဲဒီ နို့နှစ်ရောင်လေးဟာ အပြင်လောကနဲ့ ကင်းကွာပြတ်စဲလို့ ကျွန်တော်တစ်ဦးတည်းနဲ့ဆိုင်တဲ့ နို့နှစ်ရောင်လေး။ ဘယ်သူမှ မသိနိင်တဲ့ ကျွန်တော်ရဲ့ နို့နှစ်ရောင်လေး။ ကျွန်တော့်ရဲ့ ရူးသွပ်မှုတွေကို အတွင်းကျကျ သိနေတဲ့ နို့နှစ်ရောင် လေးပေါ့။ ကျွန်တော် ကျိန်စာတွေကိုသာ အထပ်ထပ် ရေရွတ်နေမိတော့တယ်။
ဒီလိုနဲ့ မေးခွန်းစာရွက်တွေ တစ်ရွက်ပြီး တစ်ရွက်၊ အဖြေစာရွက်တွေ တစ်ထပ်ပြီး တစ်ထပ်နဲ့ပေါ့။ စာသင်နှစ်တစ်နှစ် ကုန်ဆုံးခဲ့တယ်။ ဒုတိယနှစ်ရောက်တော့လည်း ကျွန်တော်ဟာ ကျွန်တော့်ရဲ့ အိပ်မက်လေးထဲမှာပဲ ဝပ်ခွေနေခဲ့တယ်။ ဒါပေမယ့် သူမဟာ ကျွန်တော့်ရဲ့ အိပ်မက်လေးကို စတင်နှိုးလှန့်ခဲ့တယ်။ ကျွန်တော့်ရဲ့ စိတ်ကူး ပုံရိပ်တွေကို ပုံရိပ်စစ်တွေနဲ့ ဝါးဝေယောင်မှားစေခဲ့တယ်။ ဒါပေမယ့် ဒီအချိန်တုန်းကတော့ မိုက်မှောင်
နေတဲ့ အိပ်မက်တွေဟာ လင်းပွင့်သွားခဲ့တာ အမှန်ပါ။ သူမရဲ့ အပြုံးတွေဟာ မိုနာလီဇာထက်ကို လှနေခဲ့တယ်။ ကျွန်တော့်ရဲ့ အချစ်စိတ်ဟာ အပြင်လောကမှာ ရှင်ပြန်ထမြောက်လာခဲ့တယ်။ ကျွန်တော်ဟာ အိပ်မက်နံရံတွေကို ဖြိုချပြီး အပြင်ဘက်ကို ထွက်ဖို့ စတင်ကြိုးစားခဲ့တယ်။
မိုးရက်တွေနဲ့ ပြည့်နှက်နေတဲ့စာသင်နှစ်စမှာ သူမရဲ့ အပြုံးတွေဟာ ကျွန်တော့်အပေါ် သဲသဲမဲမဲ ရွာသွန်းခဲ့ တယ်။ သူမရဲ့ ညင်သာတဲ့ အကြည့်တွေဟာ ကျွန်တော့်ကို လှိုက်ခါတုန်ယင်စေခဲ့တယ်။ တစ်ချိန်တည်းမှာ ကျွန်တော့်ရဲ့ အိပ်မက်တွေအတွက် စိုးပူမိတယ်။ သူမဟာ ကျွန်တော့်ရဲ့ နို့နှစ်ရောင် အိပ်မက်လေးကို ခြေရာ ခံမိခဲ့ပြီလား။ သူမရဲ့ အပြစ်ကင်းကင်း မျက်နှာလေးမှာ ခိုးကြောင်ခိုးဝှက်ရှာဖွေနေမိတယ်။ ဒါပေမယ့် သူမရဲ့
မျက်နှာလေးဟာ ရှင်းသန့်ဆွတ်ဖြူနေခဲ့တယ်။ကျွန်တော့်ရဲ့ မရိုးသားမှုအတွက်သာ မျက်နှာကို စာအုပ်နဲ့ ကွယ်ထားခဲ့ရတယ်။
မိုးစက်တွေဟာ ကျဲပါးလာခဲ့ပြီး ဆောင်းနှင်းတွေသာ သိပ်သည်းလာခဲ့တယ်။ကျွန်တော်ဟာ မေးခွန်းတွေ အထပ်ထပ် လွှမ်းခြုံရင်း နှင်းလက်တံတွေအောက် တရွေ့ရွေ့ ဖြတ်သန်းခဲ့တယ်။ ကျွန်တော့်ရဲ့ စိတ်တွေဟာ ထိန်းချုပ်ထားတဲ့ ကြားက တစ်ချီတစ်ချီ သူမဆီ လစ်ထွက်သွားတတ်တယ်။ ထိန်းချုပ်ခြင်းနဲ့ လွင့်မျောခြင်း၊ မျိုသိပ်ခြင်းနဲ့ ဖွင့်အန်ခြင်း နှစ်ခုကြားမှာ ကျွန်တော်ဟာ အနေရ ခက်နေခဲ့တယ်။ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေခဲ့တယ်။ ကျွန်တော့်ရဲ့ မလုံမလဲ စိတ်ဓတ်တွေဟာ သူမကို ရင်မဆိုင်ရဲလောက်အောင် ဖြစ်စေခဲ့တယ်။ ကျွန်တော်ဟာ ကျွန်တော့်ရဲ့ နို့နှစ်ရောင် အတွင်းသားကိုပဲ အထပ်ထပ် ဖုံးကွယ်သိမ်းဆည်းရင်း သူမကို အတတ်နိင်ဆုံး ရှောင်နေမိခဲ့တယ်။
ဒီလိုနဲ့ ဒုတိယ စာသင်နှစ်ဟာ နှင်းခိုးတွေအောက်မှာ ကုန်ဆုံးသွားခဲ့တယ်။တစ်နှစ်တာလုံး ထိန်းချုပ်ခဲ့တဲ့ စိတ်တွေဟာ ခန္ဒာကိုယ်အနှံ့ ပျံ့စီးနေခဲ့ပြီ။ ကျွန်တော့်ရဲ့ အသိစိတ်တွေကို ပွန်းရိလှိုက်စားနေခဲ့ပြီ။ဟန်ဆောင်ဖုံး
ကွယ်မှုတွေ အောက်မှာ ကျွန်တော့်ရဲ့ စိတ်တွေ ဘိုင်းဘိုင်းလဲခဲ့ရပြီ။ ပူလောင်မွတ်သိပ်နေတဲ့ ခံစားမှုတွေဟာ ထွက်ပေါက်ကို အပြင်းအထန် ရှာဖွေနေခဲ့တယ်။ နောက်ဆုံးတော့ အားလုံး အားလုံးကို ဗလာစာရွက်ပေါ်ပဲ သွန်ချ မိခဲ့တော့တယ်။
ညတွေလေ
မျှော်လင့်ခြင်းတွေနဲ့ စွတ်စိုနေလိုက်တာ
လင်းကြက်တွေ အိပ်မောကျသွားတဲ့အထိ၊
ငါ့ရဲ့
မနိုးရက်တဲ့ အာရုဏ်ဦးဟာ
နင်ဖြစ်ခဲ့တယ်။
ကျွန်တော်ဟာ အဲဒီ ကဗျာလေးကို သူမဆီ လတ်မှတ်မထိုးဘဲ ပေးပို့ခဲ့တယ်။ကျွန်တော့်ရဲ့ နို့နှစ်ရောင် ကဗျာလေးပေါ့။ ကျွန်တော့်ရဲ့ အိပ်မက်လေးကို သူမ သိစေချင်ခဲ့တယ်။ ဒါပေမယ့် အိပ်မက်ရှင်ဟာ ကျွန်တော်ဆိုတာတော့ မသိစေချင်ဘူး။ သူမရဲ့ အိပ်မက်တွေမှာ နို့နှစ်ရောင်တွေ ဖုံးလွှမ်းစေချင်ခဲ့တယ်။ သူမရဲ့ နှလုံးသားထဲမှာဒီ ကဗျာလေးဟာ ပဟေဠိတစ်ခုအနေနဲ့ နှစ်ပေါင်းများစွာ ချိတ်တွယ်နေစေချင်ခဲ့တယ်။ (တကယ်တော့ ဒီကဗျာဟာ ကျွန်တော့်ရဲ့ ရူးသွပ်မှုနဲ့ သတ္တိကြောင်မှုကို အချိုးကျ ပေါင်းစပ်ထားမှန်း နောက်ပိုင်းမှ ကျွန်တော် သိလာခဲ့ရတယ်)။
ဒီလိုနဲ့ ကျွန်တော်ဟာ တတိယနှစ်ကို လန်းဆတ်တဲ့ စိတ်ကူးတွေနဲ့ ခြယ်မှုန်းဖို့ ကျောင်းတော်ကြီးဆီ သွက်လက်ပေါ့ပါးစွာ လှမ်းလာခဲ့တယ်။ ကျောင်းတော်ကြီးရဲ့ မျက်နှာစာက ဆေးတက္ကသိုလ် (၁) ဆိုင်းဘုတ်ကြီး
ဟာ ရေချိုးထားသလို သစ်လွင်ခန့်ထည်လို့။ကျောင်းရှေ့ မြေနီလမ်းလေးဟာ သက်ဝင်လှုပ်ရှားလို့။ ဖြူနီပြာဝါရောင်စုံ အလှတွေဟာ ကျောင်းတော်အနှံ့မှာ ဟိုသည် လွန့်လူးလို့။ နံနက်ခင်းဟာ လိမ္မော်သီးတစ်လုံးလို ရွှဲစိုရွှန်းလက်နေခဲ့တယ်။ကျွန်တော်ဟာ နံနက်ခင်းကို စားသုံးယင်း ကျောင်းရှေ့ဝင်းတံခါးကို ဖြတ်ကျော်လာခဲ့တယ်။ ဒီအချိန်မှာ နောက်က ကားတစ်စင်းရဲ့ ဟွန်းသံကြောင့် ကျွန်တော့်ရဲ့ အသိစိတ်တွေ ပြန်လည် သက်ဝင်လာခဲ့တယ်။ ကျွန်တော် သတိထားမိချိန်မှာတော့ မာ(ခ်) တူး (Mark II) ကားရဲ့ ဘေး နေကာမှန်တွေဟာ တရွေ့ရွေ့အပေါ်ကို တက်သွားနေကြပြီ။ ကားထဲက ပုံရိပ်တွေဟာ မျက်စိထဲက ပျောက်ကွယ် သွားခဲ့ပေမယ့် အာရုံထဲမှာတော့ စွဲထင်နေခဲ့တယ်။ ကျွန်တော့် အာရုံတွေဟာ သူမတို့နှစ်ဦးရဲ့ ချိုရွှင်နေတဲ့ ရယ်သံတွေအောက်မှာ ဖျတ်ဖျတ်လူးနေခဲ့တယ်။ ကျွန်တော့်ရဲ့ ခြေလှမ်းတွေဟာ ရှက်ရွံ့မှုတွေနဲ့ လေးလံနေခဲ့တယ်။တစ်ကျောင်းလုံးဟာ ကျွန်တော့်အတွက် သူစိမ်း ပြင်ပြင် ဖြစ်နေခဲ့ပြီ။
အသွင်ပြောင်းသွားတဲ့ ကောင်းကင်ကို နာကြည်းစွာနဲ့ ကျွန်တော် မော့ကြည့်ခဲ့တယ်။ စူးရှတဲ့ အလင်းပူတွေဟာ ကျွန်တော့်မျက်လုံးကို ကျိန်းစက်စေခဲ့တယ်။ ကျွန်တော်ဟာ ခြေထောက်တွေကို အားတင်းပြီး လှည့်ထွက်ခဲ့ တယ်။ အိမ်အပြန် ခရီးတစ်လျှောက်မှာတော့မြေနီလမ်းလေးဟာ သက်မဲ့ ငြိမ်ဆိတ်လို့။ကျွန်တော့်ရဲ့ အနှစ်နှစ်အလလ စိတ်ကူးတွေ၊ အိပ်မက်တွေဟာ အဲဒီ မြေနီလမ်းလေးပေါ် တစ်စစီ ကြဲပြန့်လို့။ လမ်းတစ်လျှောက်မှာ
စကားလုံးတွေကို အကြိမ်ကြိမ် ပျို့အန်သွန်ချနေမိတယ်။
ပူပြင်းစူးရှတဲ့ နေရောင်အောက်မှာ မိုးပေါက်တွေက အဆုပ်လိုက် အဆုပ်လိုက် ရွာချလို့။ ကျွန်တော့် တစ်ကိုယ်လုံး ရွှဲစိုသွားခဲ့တယ်။ ကျွန်တော့်ရဲ့ စကားလုံး အကျိုးအပဲ့တွေဟာ အဲဒီ မိုးရေထဲမှာ မျောပါနေခဲ့တယ်။ ကျွန်တော် ပျိုးခဲ့တဲ့ ပန်းငုံတွေ၊ ကျွန်တော် စိုက်ခဲ့တဲ့ သစ်ပင်တွေ၊ ကျွန်တော် တမ်းတခဲ့တဲ့ သစ်သီးတွေ၊ ကျွန်တော် ရူးသွပ်ခဲ့တဲ့ ဒိုင်ယာရီတွေ ... အားလုံး...အားလုံး အဲဒီ မိုးရေထဲမှာ စီးမျောလို့။ ကျွန်တော်ဟာ တွေဝေ ငေးမောစွာ မိုးရေထဲမှာ ရပ်တန့်နေခဲ့တယ်။ လမ်းမတစ်ခုလုံး ဖုံးလွှမ်းနေတဲ့ မိုးရေတွေဟာ နို့နှစ်ရောင် ထလို့ပေါ့။ ။
ဒီနိုဗို
မှတ်ချက်။ ။ ပန်းပျိုးလက်(ဆေး­-၁) အမည်ဖြင့် ၁၉၉၈ မေလ မြှားနတ်မောင် မဂ္ဂဇင်းတွင် ဖော်ပြခဲ့ဖူးသော ဝထ္ထုတိုတစ်ပုဒ်ကို ပြန်လည် တင်ဆက်ပါသည်။