Thursday, March 22, 2012

အသံနဲ့ရေးတဲ့အက်ဆေး

စာဖတ်ပိရိသတ်များခင်ဗျား
စာရှုသူများအတွက် မကြာမှီ ထွက်ရှုလာတော့မည့် စာရေးသူ၏ အက်ဆေးပေါင်းချုပ် မစဉ်းစားမိတဲ့ကိစ္စ ကို ကြိုတင်ခံစားနိင်ရန် အမြည်းအနေဖြင့် ယခု အသံနဲ့ ရေးတဲ့ အက်ဆေး ကို တင်ဆက်လိုက်ပါသည်။ ယခု အက်ဆေးမှာ စိတ်ကူးချိုချိုတိုက်ထုပ် မြန်မာအက်ဆေး ၁၀၀ တွင် ဖော်ပြပြီး ဖြစ်သော အက်ဆေးတစ်ပုဒ်လည်း ဖြစ်ပါသည်။ မဖတ်ရှုရသေးသူများ အတွက် ဘလော့ပေါ် တင်လိုက်ပါသည်။


အသံနဲ့ ရေးတဲ့ အက်ဆေး
သင်ကာရာအိုကေဆိုဖူးပါသလား မိတ်ဆွေ၊ မဆိုဖူးသေးဘူးဆိုလျှင်ဖြင့် နီးစပ်ရာဆိုင်တစ်ဆိုင် သို့အမြန်ဆုံးပြေးကာ ပိုက်ဆံတစ်ရာဖိုးလောက်တော့ မြည်းစမ်းသည့်အနေနှင့် ဝင်ရောက်အော်ဟစ် သင့်ပါသည်။ ဒါမှမဟုတ်လည်း သင်တုန်းဓားတစ်ချောင်းဖြင့် ရှိစုမဲ့စု ဆံပင်လေးကို ရိတ်ဖြတ်ကာ သာသနာ့ဘောင်သို့ ၀င်သင့်ပါသည်။ အဘယ့်ကြောင့်ဆိုသော် လောကီလူသားတစ်ယောက်အနေနှင့် ကာရာအိုကေ မဆိုတတ်ဘဲ ၂၁ ရာစုထဲဝင်ရန် မသင့်သောကြောင့်ပင်။
ညွှန်းလှချေလားဟုဆိုလျှင်လည်း မတတ်နိုင်ပါ။ ကာရာအိုကေယဉ်ကျေးမှုသည် ဂလိုဘယ် လိုင်ဇေးရှင်းထက်ပင် မြန်မြန်ဆန်ဆန် ပျံ့နှံ့သောသဘောရှိသည်။ ဂလိုဘယ်လိုင်ဇေးရှင်းကို ဆန့်ကျင် ကန့်ကွက်သူများရှိသော်လည်း ကာရာအိုကေယဉ်ကျေးမှုကို ကန့်ကွက်ဆန္ဒပြသည်ဟု တစ်ခါမျှ မကြားမိ။ ဂလိုဘယ်လိုင်ဇေးရှင်းသည် ဆင်းရဲချမ်းသာကွာဟမှုကို ပိုမိုကြီးမားစေနိုင်သည့် အန္တရာယ် ရှိသော်လည်း ကာရာအိုကေယဉ်ကျေးမှုကတော့ ဆင်းရဲချမ်းသာမရွေး မည်သူမဆို မိုက်တစ်လုံး လက်ထဲရောက်သည်နှင့် သူ့စိတ်ထဲရှိရာ အော်ဟစ်ဖို့ရာ တန်းတူအခွင့်အရေးရှိနေခဲ့ပေသည်။ ဤသည်မှာ ကာရာအိုကေယဉ်ကျေးမှု၏ ထူးခြားသော ဝိသေသဟုပင် ဆိုရလေမလားမသိ။
တကယ်တမ်း စဉ်းစားကြည့်လျှင် ဤသို့စိတ်ထဲရှိရာ လွတ်လွတ်လပ်လပ် ဖွင့်အန်နိုင်ခြင်းမျိုးကို အခြားသောနယ်ပယ်များတွင် ရရှိနိုင်ဖို့မလွယ်ကူပါ။ သင်သည် နိုင်ငံရေးသမားတစ်ဦး၊ လွှတ်တော် အမတ်လောင်းတစ်ဦး ဆိုပါစို့၊ သင့်စိတ်ထဲရှိရာသာ ပြောလိုက်လျှင် သင့်အနာဂါတ်သည် မပွင့်လိုက်ရ ဘဲ ကြွေသွားပေလိမ့်မည်။ အသည်းကြားမှ မဲတစ်ပြားရဖို့ ဤမျှမလွယ်ကူပါ။ သင်သည် လူအများ၏ ဆာလောင်မွတ်သိပ်နေမှုများကို အစဉ်အမြဲ အနံ့ခံနေရပေမည်။ လူအများ၏ ချင်ခြင်းတပ်နေမှုများကို (စကားလုံးများဖြင့်ဖြစ်စေ) အာသာဖြေပေးနိုင်ရပေမည်။
တစ်ဖန် သင်သည် ကုမ္ပဏီကြီးတစ်ခု၏ CEOတစ်ယောက်ဖြစ်သည်ဟု သဘောထားကြည့် လိုက်ပါ။ သင်၏ ပထမဦးဆုံးနှင့် အရေးကြီးဆုံးတာဝန်မှာ စတော့ရှယ်ယာဝင်များကို ခမ်းနားထည်ဝါ သော အိပ်မက်တစ်ခုဖြင့် အိပ်မွေ့ချထားပေးနိုင်ဖို့ပင်ဖြစ်သည်။ ဤအတွက် ကုမ္ပဏီ၏ အတွင်းရေး များကို နျူးကလီးယားဖော်မြူလာတစ်ခုလို ထိန်းသိမ်းထားနိုင်ဖို့ လိုပေသည်။ ဤသို့ မဟုတ်ဘဲ နှုတ်ဖွာ မိလျှင်တော့ အိပ်မက်ကောင်းတုန်း အနှိုးခံလိုက်ရသလို ဒေါသတကြီး တုံ့ပြန်မှုများသာ စိတ်မကောင်း စွာ လက်ခံရရှိပေလိမ့်မည်။
ဤသို့ နိုင်ငံရေးနှင့် စီးပွါးရေးနယ်ပယ်တွင်ပင် ချုပ်ထိန်းမှုများနှင့် ယဉ်ကျေးနေရလျှင် တရားစီ ရင်ရေး နယ်ပယ်တွင်တော့ ပြောစရာမရှိတော့၊ ဥပဒေ၏အထက်တွင် မည်သူမျှမရှိဟု ဆိုထားသည် မဟုတ်ပါလား၊ မှန်ပါသည်၊ ဥပဒေ၏အထက်တွင် ဘုရားသခင်တောင် နေလို့မရပါ။ လူအများနည်းတူ ဥပဒေ၏အောက်တွင် ကျုံ့ကျုံ့လေးဝပ်နေရပါသည်။ စကားကျယ်ကျယ်လောင်လောင် ပြောဖို့ဆိုတာ ဝေလာဝေး။
ဒါဆို ပညာရေးနယ်ပယ်တွင်ကောဟု မေးစရာ ရှိလာပါသည်။ မှန်ပါသည်၊ ပညာရေး၏ သဘောသဘာဝမှာ လေ့လာခြင်း၊ သုံးသပ်ခြင်း၊ ဝေဖန်ခြင်းနှင့် တန်ဖိုးဖြတ်ခြင်းတို့ပင် ဖြစ်ပါသည်။ ထို့ကြောင့် အခြားသော နယ်ပယ်မှာထက်စာလျှင် ပို၍ ပွင့်လင်းသော၊ အသေမဆုပ်ကိုင်သော၊ အရည် ဆန်သော (Fluidity)် သဘောရှိပေသည်။
သို့သော် ယနေ့ခေတ်သည် ပညာရပ်များ ကပ်ရောဂါတစ်ခုလို အလျှင်အမြန် ပေါက်ဖွားပျံ့နှံ့ နေသော ခေတ်ကာလကြီးဖြစ်သည်။ ကပြားဘာသာရပ်များ အများအပြား ပေါ်ပေါက်လာသလို (ဥပမာ- ဇီဝသင်္ချာ)၊ ဖအေမပေါ်သောဘာသာရပ်များ (ဆိုလိုသည်မှာ ပင်ရင်းဘာသာရပ်တစ်ခုမှ ဆင်းသက်လာခြင်းမဟုတ်) ဥပမာ - အနာဂါတ်ဆိုင်ရာဘာသာရပ်၊ ကိုယ်ပိုင်အုပ်ချုပ်ရေးနယ်မြေ တောင်းဆိုကာ ခပ်တည်တည် ခွဲထွက်လာခဲ့သော ဘာသာရပ်များ (ဥပမာ - ဇီဝနည်းပညာ) စသည် တို့ကလည်း အုံနှင့်ကျင်းနှင့်။
ယနေ့ ပညာရပ်နယ်ပယ်၏ ပြဿနာမှာ လွတ်လပ်စွာ မပြောဆိုနိုင်ခြင်းမဟုတ်၊ သင်သည် လွတ်လပ်စွာ ပြောဆိုနိုင်ပါသည်။ သို့သော် နားထောင်မည့်သူ မရှိပါ။ နယူတန်၏ ပြောဆိုမှုများကို ကျွန်တော်တို့ ရာစုခေတ်သုံးခုကြာ၊ တအံ့တသြ တရိုတသေ နားထောင်ခဲ့ကြသည်။ ယနေ့ ဤသို့ နားထောင်မည့်သူ မရှိတော့။ အားလုံးမှာ ပညာရပ်ပင်လယ်ကြီးထဲတွင် ကိုယ်စီကိုယ်စီ အသက်လု ကူးခတ်နေခဲ့ကြသည်။ ကိုယ်စီကိုယ်စီ အော်ဟစ်ဆူပွက် နေခဲ့သည်။ မိမိနယ်ပယ်မှလွဲ၍ အခြားပညာ ရပ်များကို စိတ်လည်းမဝင်စားနိုင်၊ အချိန်လည်း မပေးနိုင်တော့။
သင်သည် ကွန်ပျူတာပရိုဂရမ်ရေးဆွဲသူ တစ်ယောက်ပဲဆိုကြပါစို့။ သင်တတ်ထားပြီးသော Programming Language သည် နောက်ခြောက်လ တစ်နှစ်ကြာသည်နှင့် model အောက်သွားလိမ့် မည်ဆိုတာ သင်လက်ခံထားရပေမည်။ နောက်ပေါ်လာသော Language ကို အလျှင်အမြန် သင်ယူနိုင် ဖို့ သင်ကြိုးစားရပေမည်။
သို့သော် ပညာရပ်တစ်ခုကို လေ့လာသင်ယူရသည်မှာ နောက်ဆုံးပေါ် ကားတစ်စီးကို လဲလှယ် စီးနင်းရသလောက်တော့ မလွယ်ကူပါ။ ပညာခေတ်၏ လိုက်တမ်းပြေးတမ်း ကစားပွဲတွင် အများစုမှာ အမောဖောက်နေခဲ့သည်။ သီချင်းကို ကီးဝင်အောင် မဆိုနိုင်ကြတော့။
ဒါကတော့ လိုရာဆွဲလွန်းအားကြီးသည်ဟု ဆိုချင်ကဆိုနိုင်ပါသည်။ ယနေ့ခေတ်တွင် အားလုံး လည်း ကိုယ်လိုရာကိုယ်ဆွဲပြောနေကြသည်မဟုတ်လော၊ ဖရန်စစ်ဖူကူယားမားက သမိုင်းနိဂုံးချုပ်ပြီဟု ပြောသည်။ ဆရာဒဂုန်တာရာက သမိုင်းသည် ဘယ်တော့မှ မဆုံးဟု အခိုင်အမာဆိုသည်။ သူတို့ နားလည်ထားသော သမိုင်းချင်းကလည်း မတူကြ။ ဆင်မြူရယ်ဟန်တင်တမ်က ယဉ်ကျေးမှုချင်း တိုးတက်မှုတွေ ကြုံရဖွယ်ရှိသည်ဟု ဟောကိန်းထုတ်သည်။ တော့ဖလာကလည်း လှိုင်းစီးရင်း သီချင်း ဆိုနေသည်။ ဆရာဇော်ဇော်အောင်ကတော့ ခမ်းနားကြီးကျယ်သော အရေးအသားများ (Grand Narrative)ကို တစ်ကိုယ်တော် ဖြိုချလို့၊ အရေးထဲ Deconstruction ကို ဘာသာလုပြန်နေသူများက ရှိ သေးသည်။
ဤသည်တို့မှာ ပို့စ်မော်ဒန်ရှုခင်းကို မြင်လွယ်အောင် ကာလာတင်ပေးလိုက်ခြင်းသာ၊ အဘယ် ကြောင့်ဆိုသော် သင်သည် ၂၁ရာစုထဲဝင်မည်ဆိုလျှင် ကာရာအိုကေ ဆိုတတ်ရုံသာမက ပို့စ်မောဒန် ကိုလည်း လေ့လာလိုက်စားဖို့ လိုအပ်သောကြောင့်ပင်။
စကားစဉ်ကို ပြန်ကောက်ရလျှင် နိုင်ငံရေး၊ စီးပွါးရေး၊ ပညာရေး၊ တရားစီရင်ရေးနယ်ပယ် အသီးသီး၏ စောင့်စည်းရမှု၊ ချုပ်တည်းရမှု၊ ခက်ခက်ခဲခဲ ပြေးလွှားရုန်းကန်နေရမှုများကို တင်ပြခဲ့ပါ သည်။ သို့ဆိုလျှင် လွတ်လပ်မှုကို နတ်ဘုရားလို ကိုးကွယ်ကြသော အနုပညာနယ်ပယ်တွင်ရော၊ မှန်ပါ သည်၊ အနုပညာသည် (Self Expression) အတ္တဖော်ပြချက်ပင် ဖြစ်သည်။ မိမိ၏ တသီးတသန့်နိုင်မှု (Uniqueness)ကို ထင်ထင်ရှားရှား ဖော်ပြခြင်းပင်ဖြစ်သည်။ မိမိ၏ စိတ်ယားယံမှုကို လူမြင်သူမြင် ဖြေဖျောက်ခြင်းပင် ဖြစ်သည်။
သို့သော် အနုပညာသမားတစ်ယောက်ဖြစ်ဖို့ ရူးသွပ်မှု(Craziness) လိုသည်။ တပ်မက်မှု (Passion) လိုသည်။ အခံပါရမီ လိုသည်။ လူတိုင်း အနုပညာသမား မဖြစ်နိုင်။
သို့သော် ထူးဆန်းသည်မှာ လူတိုင်းနီးပါး အနုပညာရှင် ဖြစ်ချင်ခဲ့ကြသည်။ ဟစ်တလာက ပန်းချီဆွဲသည်။ ဥက္ကဋ္ဌကြီးမော်က ကဗျာစပ်သည်။ အိုင်းစတိုင်းက တယောထိုးသည်။
ဆိုလိုသည်မှာ လူတိုင်း၏ ရင်ထဲတွင် မိုက်ခရိုဖုန်းတစ်လုံး ရှိနေသည်။ သို့သော် ဘာကိုဆိုရ မှန်းမသိ။ မဖန်တီးတတ်၊ ထိုအခါ သူများဖန်တီးပြီးသား အနုပညာကိုပင် ပျော်ပျော်ပါးပါး သီဆိုဖို့ရာ ရှိသည် မဟုတ်လား။
ထိုအခါ ကာရာအိုကေဆိုင်များသို့ သူ့ထက်ငါဦးအောင် ရောက်လာကြတော့သည်။ ထိုအထဲ တွင် တနေကုန် ကွန်ပြူတာတစ်လုံးရှေ့ အကျဉ်းကျနေရရှာသော ပရိုဂရမ်မာတစ်ယောက် ပါနိုင်သလို ဖုန်းနှစ်လုံး တစ်ပြိုင်တည်းဆက်ကာ ဦးနှောက်မှလည်း ဂဏန်းတွက်စက်တစ်လုံးလို အဆက်မပြတ် တွက်နေရရှာသော စတော့ပွဲစားတစ်ယောက်လည်း ပါနိုင်သည်။ လူတွေကို တနေကုန် ပြုံးရလွန်း သဖြင့် ပါးကြောများညောင်းညာနေရှာသော ဟိုတယ်(Receptionist) ချောချောလေးလည်း ပါသလို၊ ရှုပ်ထွေးဆူပွက်နေသော ယာဉ်ကြောများကြား တစ်နေကုန်မောင်းနေရရှာသော တက္ကစီ ဒရိုင်ဘာ လည်း ပါသည်။ ရုံးတော်တွင် ဝတ်လုံကြီးတကားကားဖြင့် တစ်နေကုန် စိတ်အိုက်နေသော ရှေ့နေကြီး ပါသလို၊ တစ်နေကုန် အိမ်ဗာဟီရကိစ္စများနှင့် စိတ်ညောင်းညာနေရှာသော အိမ်ရှင်မများလည်း ပါပါ သည်။ ကျောင်းသားအရွယ်လူငယ်များကတော့ ဆိုဖွယ်မရှိ။ ဒါသူတို့ခေတ်၏ အဆောင်အယောင် တစ်ခု မဟုတ်လား။
သင်သည် တွံတေးသိန်းတန်၏ ကျေးလက်တေးများကို စိတ်ထဲရှိသလို ဆိုနိုင်ပါသည်။ ကျွန်တော်ကတော့ ဟယ်ရီလင်း၏ ဂြိုလ်သားတစ်ယောက်အကြောင်း ကို အပြတ်ဟဲဖို့ ပါးစပ်ပြင်ထား ပြီးပါပြီ။ ဤအတွက် ဘာပြဿနာမှ မရှိပါ။ (အလှည့်မကျော်သွားဖို့ဘဲ လိုပါသည်) ဒါ ဆရာဒဂုန်တာရာ ပြောသော ဗဟုဝါဒပင် ဖြစ်သည်။ အချို့ဆိုလျှင် တပ်မတော် စစ်ချီတေးကိုပင် စိတ်အားတက်ကြွစွာ ဆိုနေသေးသည်။ ကောင်းပါသည်။ ရဲစိတ်ရဲမာန်များ တဖွားဖွားပေါ်လာနိုင်သည် မဟုတ်လား။
အဓိကမှာ ကိုယ့်အသံကိုယ် သာယာနေဖို့ပင်။ (အသံနာဆပ်စစ်ရောဂါဟု ဆိုချင်လည်း ဆိုပ စေ) ဘေးမှ လူတွေ ဘယ်သို့ထင်ထင် အရေးမဟုတ်ပါ။ ရင်ထဲတွင် ဘယ်တုန်းကမှန်းမသိ ဝင်ရောက် နေခဲ့သော ခံစားမှုများကို ဖော်ပြနိုင်ဖို့သာ အရေးကြီးပါသည်။ အကျိတ်အခဲတစ်ခုလို ဖြစ်နေသော စိတ်တင်းကျပ်မှုများကို အမှုန့်ဖြစ်သွားစေဖို့သာ အဓိကကျပါသည်။ တစ်ချိန်လုံး ကံကြမ္မာဆိုးတစ်ခုလို ကိန်းအောင်းနေသော အငုံ့စိတ်များကို အပြင်းစားသီချင်းတစ်ပုဒ်ဖြင့် ရှင်းထုတ်လိုက်ဖို့သာ လိုအပ်ပါသည်။ ဟိုသည် ပြန့်ကျဲ နေသော အတ္တစိတ်များကို သီချင်းတစ်ပုဒ်အဖြစ် လှလှပပဟစ်ကြွေးလိုက်ခြင်းဖြင့် ပို၍ နေသာထိုင်သာ ရှိလာပေလိမ့်မည်။ လည်ချောင်းတစ်လျှောက် ရွစိရွစိဖြင့် ဆန်တက်လာသော စကားလုံးများကို ဤနည်းဖြင့်သာ ဆန္ဒဖြေဖျောက်နိုင်ပေမည်။
ကာရာအိုကေအကြောင်း ကြော်ငြာနေသည်ဟုတော့ မထင်စေချင်ပါ၊ ဤကာရာအိုကေစက် များကို မည်သူမည်ဝါ စတင်တည်ထွင်ခဲ့သည်ဟုပင် ကျွန်တော် ဂဃနဏ မသိပါ။ ယခု ကာရာအိုကေ ဆိုနေကြသော လူအများစုလည်း အသေအချာ သိကြမည် မထင်ပါ။ သိလျှင်လည်း စိတ်ဝင်စား ကြမည် မဟုတ်ပါ။ ဤသည်မှာလည်း မေ့လွယ်ပျောက်လွယ်နိုင်သော ယနေ့ခေတ်၏ ကျေးဇူးမဲ့မှု လက္ခဏာတစ်ရပ်ပင် မဟုတ်လား။
မည်သို့ပင်ဖြစ်စေ ကာရာအိုကေယဉ်ကျေးမှုသည် မက်ဒေါနယ်ကမ္ဘာ၏ နယ်ပယ်ကိုပင် ကျော်လွန်၍ ကျေးလက်ဇနပုဒ်အထိ ခရီးဆန့်လျက်ရှိပေသည်။ ရောက်လေရာ အရပ်တွင်လည်း ဝမ်းပန်းတသာ ကြိုဆိုမှုများကို ခံနေခဲ့ရသည်။ နယ်ပယ်အသီးသီး၏ တင်းကျပ်ဖိစီးနေမှုများကို ပေါ့ပေါ့ ပါးပါး ဖယ်ရှားပေးနေသော ဤအရာသည် တကယ်တော့ ခေတ်နှင့်အညီ ပေါ်ထွန်းလာသော အာလာဒင်မီးခွက်တစ်လုံးပင်။
ကျွန်တော် စဉ်းစားကြည့်သည်၊ အကယ်၍သာ ဘုရားသခင်သည် ကာရာအိုကေစက်တစ်လုံး ကိုသာ စောစောစီးစီး ဖန်ဆင်းနိုင်ခဲ့လျှင် ကိန်းနှင့်အေဘယ်တို့ ယခုလို ရန်သူများ ဖြစ်လာကြပါ့မလား မသိ။ ကျွန်တော့်စိတ်ထဲတွင်တော့ ကာရာအိုကေစက်တစ်လုံးရှေ့တွင် အတူတကွ ဟစ်ကြွေးနေကြ သော ညီအစ်ကိုနှစ်ဦးအဖြစ်သာ မြင်ယောင်နေမိပါသည်။
ဖေဖော်ဝါရီ ၊ ၂၀၀၄၊ စတိုင်သစ်မဂဇင်း

2 comments:

Thintlu said...

ကိုစိန်
အသံနဲ့ရေးတဲ့အက်ဆေးက မြန်မာအက်ဆေး (၁ဝဝ) ထဲ ပါဖူးတယ် မှတ်တယ်။

ဒီနိုဗို said...

မှန်ပါ့ ဆရာရေ့ မှတ်မှတ်သားသား ရှိလှချည့်လား မနာလိုဆရာကောင်းတဲ့ သင့်လူနော်