Thursday, March 21, 2013

မှန်သားမြို့တော် အပိုင်း (15)



အခန်း(၁ဝ)
                စတေမင်ကတော့ လစ်သွားခဲ့ပြီ။ အဘိုးကြီးမှာ မြို့ရဲ့အစိတ်အပိုင်းတစ်ခုလို ဖြစ်သွားခဲ့သည်။ သူ့မှာ အစက်အပြောက်လေးတစ်ခု၊ ပုဒ်ဖြတ် ပုဒ်ရပ် သင်္ကေတလေးတစ်ခု၊ အဆုံးမဲ့နံရံကြီးတစ်ခုရဲ့ အုတ်ခဲလေးတစ်ခုလိုပင်။
                ကွင်းတစ်ယောက် တစ်သက်လုံး လမ်းတွေပေါ် လျှောက်သွားနေလည်း အဘိုးကြီးကို တွေ့ဖို့ မရှိ၊ အရာအားလုံးက ကြုံကြိုက်မှုသက်သက် အဖြစ် လျှောကျသွားခဲ့သည်။ ကိန်းဂဏန်းတွေ၊ ဖြစ်နိုင်ခြေတွေရဲ့ အိမ်မက်ဆိုးတစ်ခုအဖြစ်သာ ကျန်ခဲ့သည်။ ခြေရာခံစရာ သဲလွန်စ မရှိ၊ နောက် ယောင်ခံစရာ ဦးဆောင်သူ မရှိ။
                ကွင်းတစ်ယောက် သူ့စိတ်ကို ဟိုးအစကနေ ပြန်ပြီးတွေးနေမိသည်။ သူ့အလုပ်က ပီတာကို ကာကွယ်ပေးဖို့၊ စတေမင်ကို နောက်ယောင်ခံဖို့ မဟုတ်။
                နောက်ယောင်ခံသည်ဆိုတာက နည်းလမ်းတစ်ခုသာ၊ ဘာများဖြစ်နေမလဲ ကြိုတင်မှန်းဆနိုင်ဖို့သာ၊ စတေမင့်ကို စောင့်ကြည့်ခြင်းဖြင့် သူ ပီတာအပေါ် ဘယ်လိုကြံစည်နေသလဲဆိုတာ သိနိုင်ဖို့အတွက်သာ။ အဘိုးကြီးနောက်က သူလိုက်နေခဲ့သည်မှာ အခုဆို နှစ်ပတ်ခန့်ရှိခဲ့ပြီ။ သူ ဘာများ ကောက်ချက်ဆွဲနိုင်ခဲ့ပါသနည်း။
                သိပ်မရှိ။ စတေမင်၏ အပြုအမူက ဘယ်လိုမှ မှန်းဆမရအောင် သိုသိပ်လွန်းသည်။
                မှန်ပါသည်၊ နောက်ဆုံး မတတ်သာသည့်အဆုံး သူတို့လုပ်လို့ရတာတွေ ရှိပါသည်။ သူ့အနေနဲ့ ဗာဂျီးနီးယားစတေမင်ကို စာရင်းမဝင်သည့် ဖုန်းနံပါတ်တစ်ခု ယူထားဖို့ တိုက်တွန်းမည်။ ဒီလိုလုပ်ခြင်းဖြင့် အနှောင့်အယှက်ပေးမည့် ဖုန်းတွေကို အနည်းဆုံး ယာယီအားဖြင့်တော့ ဖယ်ထားပေး နိုင်လိမ့်မည်။
                အကယ်၍ ဒါမှ မအောင်မြင်ခဲ့လျှင် သူမနဲ့ ပီတာ တစ်နေရာရာသို့ ပြောင်းရွှေ့နိုင်သည်။ ဒီနားတစ်ဝိုက်ကနေ ထွက်သွားနိုင်သည်။ မြို့ကနေတောင် နှစ်ယောက်သား ထွက်သွားနိုင်သေးသည်။ ကုန်ကုန်ပြောရလျှင် သူတို့နှစ်ယောက် နာမည်ပြောင်းပြီး ကိုယ်ယောင်ဖျောက်နေလို့ရ သည်။
                ဒီနောက်ဆုံးအတွေးက သူ့ကို အရေးကြီးသည့်ကိစ္စတစ်ခုကို သတိရမိစေသည်။ ယခုအထိ သူ့မှာ သူ့ကိုငှားရမ်းသည့်ကိစ္စနှင့် ပတ်သက်ပြီး လေးလေးနက်နက်ကို မေးခွန်းမထုတ်ခဲ့ရသေး။ အဖြစ်အပျက်တွေကလည်း သိပ်မြန်နေသည်။ သူ့အနေနဲ့လည်း ပေါလ်အော်စတာနေရာ ဝင်နိုင်တာပဲ ဟု လွယ်လွယ်မှတ်ယူထားခဲ့သည်။
                သူ့မှာ ဒီနာမည်ကို ယူလိုက်ပြီးကတည်းက တကယ့်အော်စတာအကြောင်း မစဉ်းစားမိတော့၊ အကယ်၍ စတေမင် ထင်သလို ဒီလူက စုံထောက်ကောင်းတစ်ယောက်သာ ဖြစ်နေခဲ့လျှင် သူ့အနေနဲ့ ဒီအမှုကို အကူအညီပေးနိုင်ပေလိမ့်မည်။ ကွင်းသာ အမှန်အတိုင်း ဝန်ခံလျှင် အော်စတာ ကလည်း သူ့ကို ခွင့်လွှတ်ပါလိမ့်မည်။ သူတို့နှစ်ယောက်ပေါင်းပြီး ပီတာစတေမင်ကို ကယ်တင်နိုင်လိမ့်မည်။
                အဝါရောင်လမ်းညွှန်စာအုပ် (Yellow Pages) တွေထဲမှာ အော်စတာစုံထောက်အေဂျင်စီကို သူ ရှာကြည့်သည်။ စာရင်းထဲမှာ မတွေ့။ အဖြူရောင် စာမျက်နှာတွေမှာတော့ ဒီနာမည်ကို တွေ့သည်။ မန်ဟတ်တန်တွင် ပေါလ်အော်စတာ တစ်ယောက်ရှိသည်။ Riverside Drive မှာ နေ သည်။ ကွင်းအိမ်နှင့်ပင် သိပ်မဝေး။ စုံထောက်အေဂျင်စီလို့တော့ မရေးထား။ သို့သော်လည်း ဒီလောက်နဲ့တော့ ကောက်ချက်ဆွဲလို့မရ။ အော်စတာက အမှုတွေလိုက်ရလွန်းလို့ ကြော်ငြာစရာမလိုတာလည်း ဖြစ်ချင်ဖြစ်မည်။ ကွင်းလည်း ဖုန်းဆက်ရကောင်းမလား အတွေးနဲ့ ဖုန်းကို ကောက်ကိုင်လိုက် ကာ နံပါတ်လှည့်မည်လုပ်ပြီးမှ ရပ်လိုက်သည်။
                ဒီကိစ္စက အရေးကြီးသည်။ ဖုန်းထဲမှာ ပြောဖို့မကောင်း၊ တစ်ဖက်က နားမထောင်ဘဲ ချသွားရင်လည်း မဖြစ်။ အော်စတာမှာ ရုံးခန်း မရှိ သည့်အတွက် အိမ်မှာပဲ အလုပ်လုပ်ပုံရသည်။ ကွင်းတစ်ယောက် သူ့ဆီကိုယ်တိုင်သွားပြီး မျက်နှာချင်းဆိုင် စကားပြောချင်မိသည်။
                မိုးတိတ်သွားခဲ့ပြီ။ ကောင်းကင်က မှိုင်းမှုန်နေသေးသော်လည်း တိမ်တွေကြားက ဖြာဆင်းလာသည့် အလင်းစလေးတွေကို ကွင်း တွေ့နေရ သည်။
                Riverside Drive ကို လမ်းလျှောက်တက်လာရင်း သူ အခု စတေမင်ကို နောက်ယောင်ခံနေတာ မဟုတ်ဘူးဆိုတာ သတိရလိုက်မိသည်။ အဲဒီအတွက် သူ့ကိုယ်သူ တစ်ဝက်လောက် ပျောက်ဆုံးသွားခဲ့သလို ခံစားရသည်။ နှစ်ပတ်လုံးလုံး သူ့မှာ အဘိုးကြီးနဲ့ ချည်နှောင်ခံထားရသလိုပင်။ စတေမင် ဘာပဲလုပ်လုပ် သူ လိုက်လုပ်ရသည်။ စတေမင် ဘယ်နေရာသွားသွား သူ လိုက်သွားရသည်။
                သူ့ခန္ဓာကိုယ်က ရခါစ လွတ်လပ်မှုကို အသားမကျသေး။ ကနဦး လမ်းအနည်းငယ်လောက်ကို အဘိုးကြီး လျှောက်သည့်နှုန်းဖြင့် လျှောက် နေမိသည်။ ကျိန်စာက လွန်မြောက်သွားခဲ့သော်လည်း သူ့ခန္ဓာကိုယ်က မသိသေးပေ။
                အော်စတာနေသည့် အဆောက်အဦးက ၁၆၆ လမ်းနှင့် ၁၉၉ လမ်းကြား လမ်းမရှည်ကြီး၏ အလယ်လောက်တွင်ဖြစ်ပြီး Riverside Church နှင့် Grants Tomb တို့၏ တောင်ဘက်တွင် ရှိသည်။ အဆောက်အဦးက ကောင်းကောင်း ပြုပြင်ထားသည်။ တံခါးလက်ကိုင်တွေက ပြောင်လက်နေ ပြီး မှန်တွေက ကြည်လင်နေသည်။ ထိုအခိုက်အတန့်တွင် အသောက်အစားကင်းသည့် လူလတ်တန်းစားအလွှာ၏ အငွေ့အသက်တွေ ကွင်း ရမိ သလိုပင်။
                အော်စတာအခန်းက ၁၁ လွှာတွင် တည်ရှိသည်။ ကွင်းလည်း လျှပ်စစ်အချက်ပေးကိရိယာကို တီးလိုက်သည်။ အိမ်တွင်းဆက်သွယ်မှုစနစ် (အင်တာကွန်း)ကနေ စကားပြောသံကြားရလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း အင်တာကွန်းကနေ အသံမထွက်လာဘဲ တံခါးသာ ပွင့်သွားခဲ့သည်။ ကွင်းလည်း တံခါးကို တွန်းပြီး ဧည့်ခန်းမထဲ ဝင်လိုက်သည်။ ပြီးနောက် ဆယ့်တစ်လွှာကို ဓါတ်လှေကားနဲ့ တက်လိုက်သည်။
                တံခါးလာဖွင့်ပေးသည်က ယောင်္ကျားတစ်ယောက်။ အရပ်ရှည်ရှည် အသားညိုညိုနှင့် သုံးဆယ့်ငါး ပတ်ဝန်းကျင်လောက်ရှိမည်။ တွန့်ကြေ နေသည့် အဝတ်အစားတွေနဲ့ မုတ်ဆိတ်က နှစ်ရက်လောက် မရိတ်သင်ထားသည့်ပုံ။ ညာလက်တွင် ဖောင်တိန်တန်းလန်းနှင့်။ ကိုယ်နေဟန်ထားက ရေးလက်စပုံစံမျိုး။ ထိုလူက သူ့ရှေ့မှာ လူစိမ်းတစ်ယောက် ရပ်နေတာကို တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားပုံရသည်။
                ဟုတ်ကဲ့ ဘာများလဲမသိ
                သူက မဝံ့မရဲ မေးလိုက်သည်။
                ကွင်းက သူတတ်နိုင်သမျှ အယဉ်ကျေးဆုံးလေသံနဲ့ ပြောလိုက်သည်။
                ခင်ဗျား တစ်ယောက်ယောက်ကိုများ စောင့်နေတာလား
                အမှန်က ကျွန်တော့်မိန်းမလို့ထင်နေတာ၊ ဒါကြောင့်မို့ ဘဲလ်မြည်တော့ ဘယ်သူဘယ်ဝါ မေးမနေဘဲ ဖွင့်ပေးလိုက်တာ
                ခင်ဗျားကို နှောင့်ယှက်သလို ဖြစ်သွားတာ ခွင့်လွှတ်ပါ။ ကျွန်တော် ပေါလ်အော်စတာနဲ့ တွေ့ချင်လို့ပါ
                ကွင်းက တောင်းပန်ရင်း ပြောလိုက်သည်။
                ကျွန်တော် ပေါလ်အော်စတာပါပဲ
                ထိုလူက ပြောသည်။
                ကျွန်တော်နဲ့ စကားနည်းနည်းပြောနိုင်မလားဗျာ၊ သိပ်အရေးကြီးလို့ပါ
                ဘာအကြောင်းလဲဆိုတာ အရင်ဆုံး ပြောကြည့်ဦးလေ
                ကျွန်တော်ကိုယ်တိုင်လည်း အသေအချာမသိဘူး၊ ကိစ္စက ရှုပ်ထွေးတယ်၊ အရမ်းကို ရှုပ်ထွေးတယ်
                ကွင်းက အော်စတာကို လေးလေးနက်နက်ကြည့်ပြီး ပြောလိုက်သည်။
                ခင်ဗျားမှာ နာမည်ရှိလား
                အို…………တောင်းပန်ပါတယ်၊ ကျွန်တော့်မှာ နာမည်ရှိတာပေါ့၊ ကွင်းပါ
                ကွင်း………ဘာလဲ
                ဒယ်နီယယ် ကွင်းပါ
                ဤနာမည်က အော်စတာအတွက် တစ်ခုခု စဉ်းစားမိစေပုံရသည်။ သူက စိတ်ပျံ့လွင့်နေသလို ခဏရပ်ပြီး မှတ်ဥာဏ်ထဲကနေ ရှာဖွေနေခဲ့ သည်။
                ကွင်း
                သူက သူ့ဘာသာသူ ရေရွတ်ပြီးတော့ ပြောသည်။
                ကျွန်တော် ဒီနာမည်ကို တစ်နေရာရာမှာ ကြားဖူးသလိုပဲ
                သူက အသံတိတ်သွားပြန်သည်။ အဖြေကို ဖော်ထုတ်ဖို့ အပြင်းအထန် အားထုတ်ပြီးမှ-
                ခင်ဗျား ကဗျာဆရာတစ်ယောက် မဟုတ်လား
                ကျွန်တော် ကဗျာဆရာ ဖြစ်ခဲ့ဖူးပါတယ်၊ ဒါပေမဲ့ အခု ကဗျာမရေးဖြစ်တာ ကြာလှပါပြီ
                ကွင်းက ပြောလိုက်သည်။
                ခင်ဗျား နှစ်အတော်ကြာကြာက စာအုပ်တစ်အုပ်ရေးခဲ့ဖူးတယ် မဟုတ်လား၊ ခေါင်းစဉ်ကမပြီးသေးတဲ့လက်ရာထင်ပါရဲ့၊ အပြာရောင် အဖုံးနဲ့လေ
                ဟုတ်ပါတယ်၊ အဲဒါ ရေးခဲ့တာ ကျွန်တော်ပါ
                ကျွန်တော် အရမ်းကြိုက်တယ်၊ ခင်ဗျားကဗျာတွေ ထပ်ပြီး ထွက်လာမလား မျှော်လင့်နေမိတာ၊ တကယ်တော့ ခင်ဗျား ဘာများဖြစ်သွား သလဲလို့တောင် တွေးနေမိပါသေးတယ်
                ကျွန်တော် ဒီမှာပဲ ရှိနေတယ် ဆိုပါတော့
                အော်စတာလည်း တံခါးကို ကျယ်ကျယ်ဖွင့်ပြီး ကွင်းကို အခန်းထဲဝင်ဖို့ အမူအရာပြလိုက်သည်။ အထဲက နေချင်စရာလေးပင်။ ပုံစံလေးက တစ်မူထူးသည်။ စင်္ကြံလမ်းရှည်ရှည်ကြီးတွေနှင့်၊ စာအုပ်တွေက နေရာတိုင်းမှာ ရှုပ်ပွနေသည်။ နံရံတွေမှာ ပန်းချီကားတွေ၊ ပန်းချီဆရာတွေက ကွင်း မသိတဲ့ ပန်းချီဆရာတွေ။ ကြမ်းပြင်ထက်မှာ ကစားစရာ အရုပ်လေးတွေ ပြန့်ကျဲလို့နေသည်။ အနီရောင် ကုန်တင်ကား၊ အညိုရောင် ဝက်ဝံ၊ အစိမ်း ရောင် ဂြိုဟ်သား။
                အော်စတာက သူ့ကို ဧည့်ခန်းထဲခေါ်ပြီး အဝတ်ကူရှင်ခင်းထားသည့် ကုလားထိုင်မှာ ထိုင်စေသည်။ ပြီးနောက် နောက်ဖေးဝင်ပြီး ဘီယာ သွားယူသည်။ ပြန်ထွက်လာတော့ ပုလင်းနှစ်လုံးနဲ့၊ ကော်ဖီစားပွဲလုပ်ထားသော သစ်သားသေတ္တာတစ်လုံးပေါ် တင်လိုက်သည်။
                ထို့နောက် ကွင်းနဲ့တည့်တည့် ဆိုဖာပေါ် ထိုင်ချလိုက်သည်။
                စာပေကိစ္စတစ်ခုခုများ ပြောချင်တာ ရှိလို့လား
                မဟုတ်ပါဘူး၊ ကျွန်တော် စာပေနဲ့ပတ်သက်ပြီး တကယ့်ကို ဆွေးနွေးချင်ပါတယ်၊ ဒါပေမဲ့ အခုကိစ္စကတော့ စာပေနဲ့ မပတ်သက်ပါဘူး
                ဒါဖြင့် ဘာနဲ့ဆိုင်သလဲ
                ကွင်းက ခဏရပ်ပြီး ဘာရယ်လို့ မဟုတ်၊ အခန်းတစ်ဝိုက် ကြည့်လိုက်ပြီး စပြောသည်။
                ကျွန်တော့်စိတ်ထဲမှာ အမှားကြီးမှားပြီလို့ ခံစားမိတယ်၊ ကျွန်တော်က အလွတ်စုံထောက် ပေါလ်အော်စတာကို လာရှာတာပါ
                ဘာ
                အော်စတာက ရယ်သည်။ ထိုရယ်သံအောက်တွင် အားလုံး တစ်စစီ ဖြစ်သွားခဲ့သည်။ ကွင်းတစ်ယောက် သူ အဓိပ္ပါယ်မရှိတာတွေ ပြောနေ မိပါလားဆိုပြီး သဘောပေါက်လိုက်သည်။ သူ့မှာ ကျွဲပါးစောင်းတီးနေမိသလိုမျိုး၊ အဖြစ်က သိပ်မကွာ။
                အလွတ်စုံထောက်ပါ
                သူက ညင်ညင်သာသာ ထပ်ပြောသည်။
                ခင်ဗျား တခြား ပေါလ်အော်စတာနဲ့ မှားပြီထင်တယ်
                လမ်းညွှန်စာအုပ်ထဲမှာ တွေ့တာတော့ ခင်ဗျား တစ်ယောက်တည်းပဲ
                ဟုတ်ပါလိမ့်မယ်၊ ဒါပေမဲ့ စုံထောက် မဟုတ်ဘူး
                ဒါဖြင့် ခင်ဗျားက ဘယ်သူလဲ၊ ခင်ဗျားက ဘာလုပ်လဲ
                ကျွန်တော်က စာရေးဆရာပါ
                စာရေးဆရာ ဟုတ်လား
                ကွင်းက ထိုစကားလုံးကို ငိုချင်းတစ်ခုလို ရွတ်နေခဲ့သည်။
                ကျွန်တော် ဝမ်းနည်းပါတယ်၊ ဒါပေမဲ့ ကျွန်တော့်မှာ ဒီလိုပဲ ဖြစ်ဖို့ဖန်လာလို့ပါ
                အဲဒီအတိုင်းသာဆို မျှော်လင့်ချက် မရှိတော့ဘူး၊ ဒီဇါတ်လမ်းတစ်ခုလုံးက အိပ်မက်ဆိုးတစ်ခုပဲ
                ခင်ဗျား ပြောနေတာ ကျွန်တော် နားမလည်ဘူး
                ကွင်း တစ်ယောက် သူ့ကို ပြောပြရတော့သည်။ သူက အစကနေ စပြောသည်။ ဇါတ်လမ်းတစ်ခုလုံးကို တစ်ဆင့်ပြီး တစ်ဆင့်သွားသည်။
                ဒီမနက် စတေမင် ပျောက်သွားပြီးကတည်းက သူ့မှာ စိတ်ဖိစီးမှုတွေနှင့်။ အခုတော့ အဲဒါတွေက စကားလုံးတွေအဖြစ် ဒလဟော ထွက်ကျ လာသည်။
                သူက ပေါလ်အော်စတာဆီ ဆက်တဲ့ဖုန်းတွေအကြောင်း၊ သူ့မှာ အဲဒီအမှုကို ထူးထူးဆန်းဆန်း လက်ခံလိုက်မိတဲ့အကြောင်း ပြောပြသည်။
                ထိုနောက် ပီတာစတေမင်နဲ့ တွေ့ခဲ့ပုံ၊ ဗာဂျီးနီးယားနဲ့ သူစကားပြောခဲ့ပုံ၊ စတေမင်ရဲ့စာအုပ်တွေ ရှာဖတ်ခဲ့ပုံ၊ ဘူတာကြီးကနေစပြီး သူ  စတေမင်နောက် လိုက်ခဲ့ပုံ၊ စတေမင်တစ်ယောက် နေ့စဉ်နေ့တိုင်း လျှောက်သွားနေပုံတွေ၊ ကတ္တီပါအိတ်နဲ့ ပစ္စည်းအပျက်တွေ၊ မြေပုံတွေက စိုးရိမ် စရာ အက္ခရာဖြစ်နေပုံ၊ စတေမင်နဲ့ သူ စကားပြောခဲ့ပုံ၊ ဟိုတယ်က စတေမင် ပျောက်သွားပုံ။
                အဆုံးမှာတော့ သူက မေးလိုက်သည်။
                ခင်ဗျား ကျွန်တော့်ကို ရူးနေပြီလို့များ ထင်မလားမသိ
                မထင်ပါဘူး
                အော်စတာက ကွင်းရဲ့ တစ်ကိုယ်တော် ပြောစကားတွေကို အာရုံစူးစိုက် နားထောင်နေခဲ့သည်။
                ကျွန်တော်သာ ခင်ဗျားနေရာမှာဆိုရင်လည်း ဒီလိုပဲ လုပ်မိမှာပါပဲ
                ဒီစကားက ကွင်းကို အတော့်ကို သက်သာရာ ရစေခဲ့သည်။ နောက်ဆုံးတော့ ဒီဝန်ထုတ်ဝန်ပိုးကို သူတစ်ယောက်တည်း ထမ်းထားစရာ မလိုတော့။ သူ့မှာ အော်စတာကို ရင်ဘတ်ထဲပွေ့ပြီး တစ်သက်တာ သူငယ်ချင်းအဖြစ် ကြေညာလိုက်ချင်မိသည်။
                ကျွန်တော် လုပ်ကြံပြောနေတာ မဟုတ်ဘူးနော်၊ ကျွန်တော့်မှာ သက်သေရှိတယ်ကွင်းက ပြောပြီး သူ့ပိုက်ဆံအိတ်ကို ထုတ်ကာ လွန်ခဲ့သည့် နှစ်ပတ်က ဗာဂျီးနီးယားစတေမင် ရေးပေးခဲ့သော ဒေါ်လာ ၅ဝဝ တန် ချက်လက်မှတ်ကို အော်စတာ့ကို ကမ်းပေးလိုက်သည်။
                ကြည့်၊ ဒီမှာ ခင်ဗျား နာမည်နဲ့ ရေးထားတာ
                အော်စတာလည်း ချက်လက်မှတ်ကို အသေအချာ စစ်ဆေးပြီး ခေါင်းညိတ်လိုက်သည်။
                တကယ့်ပုံမှန်ချက်လက်မှတ်နဲ့ တူပါတယ်
                ဟုတ်တယ်၊ အဲဒါ ခင်ဗျားဟာပဲ၊ ကျွန်တော် ခင်ဗျားကို ရစေချင်တယ်
                ကွင်းက ပြောလိုက်သည်။
                ကျွန်တော် လက်ခံဖို့ မဖြစ်နိုင်ဘူး ထင်ပါတယ်
                ကျွန်တော်မှ သုံးစရာ မလိုတာ
                ကွင်းက ယောင်တိယောင်ဝါးနဲ့ အခန်းပတ်လည်ကို ကြည့်ပြီးပြောလိုက်သည်။
                ခင်ဗျားအတွက် စာအုပ်တွေဝယ်ပေါ့၊ ဒါမှမဟုတ် ခင်ဗျားကလေးအတွက် အရုပ်တချို့ ဝယ်လို့ရတာပဲ၊ ဒီပိုက်ဆံက ခင်ဗျားရတဲ့ ပိုက်ဆံပဲ။ ခင်ဗျားနဲ့ပဲ ထိုက်တန်ပါတယ်
                အော်စတာက ခဏရပ်လိုက်ပြီးမှ -
                ဒါပေမဲ့ ကျွန်တော် လုပ်ပေးနိုင်တာတော့ ရှိတယ်၊ ချက်လက်မှတ်က ကျွန်တော့်နာမည်နဲ့ဆိုတော့ ခင်ဗျားအတွက် ကျွန်တော် ပိုက်ဆံထုတ် ပေးမယ်၊ မနက်ဖြန်မနက် ဘဏ်သွားပြီး ကျွန်တော့်ဘဏ်စာရင်းထဲ ထည့်ထားမယ်၊ ပြီးမှ ထုတ်ပြီး ခင်ဗျားကို ပိုက်ဆံအဖြစ် ပေးလိုက်မယ်
                ကွင်းက ဘာမှ မပြော။
                ဟုတ်ပြီလား၊ သဘောတူတယ် မဟုတ်လား
                အော်စတာက မေးလိုက်သည်။
                ကောင်းပြီလေ ကြည့်သေးတာပေါ့
                ကွင်းက နောက်ဆုံးမှာ ပြောလိုက်သည်။
                အော်စတာက ဒီကိစ္စ ဖြေရှင်းပြီးသွားပြီ ဆိုသည့်သဘောနှင့် ချက်လက်မှတ်ကို ကော်ဖီစားပွဲပေါ် တင်လိုက်သည်။ ပြီးနောက် ဆိုဖာပေါ်ပြန် မှီထိုင်လိုက်ပြီး ကွင်းကို တည့်တည့်စိုက်ကြည့်လိုက်သည်။
                ချက်လက်မှတ်ထက် ပိုအရေးကြီးတဲ့ကိစ္စကို မေးပါရစေဦး၊ ဒီကိစ္စမှာ ကျွန်တော့်နာမည်က ဘယ်လိုဖြစ်လို့ ရောပါနေရတာလဲ၊ ကျွန်တော် လုံးဝ နားမလည်နိုင်ဘူး
                ခုတစ်လောမှာ ခင်ဗျားဖုန်း ကြောင်နေတာမျိုးများ ရှိလား၊ ဖုန်းလိုင်းပူးနေတာမျိုး တစ်ယောက်ယောက်က နံပါတ်အမှန်နှိပ်ပေမယ့် မှားပြီး ဝင်လာတာမျိုး
                ဟုတ်တယ်၊ ကြုံဖူးတယ်၊ ဒါပေမဲ့ ဖုန်းလိုင်းပူးတယ် ဆိုတာကလည်း ဒီပြဿနာရဲ့အဖြေ မဟုတ်သေးပါဘူး၊ ဖုန်းလိုင်းပူးလို့ ခင်ဗျားဆီ မှားဝင်သွားတယ်ဆိုတာ မှန်တယ်၊ ဒါပေမဲ့ ဘာကြောင့်မို့ သူတို့က ကျွန်တော့်ဆီ ပထမဆုံး ဆက်သွယ်ဖို့ ကြိုးစားတာလဲ
                ဒီလူတွေနဲ့များ ခင်ဗျား သိနေလို့လား
                ကျွန်တော် စတေမင်တွေအကြောင်း ကြားတောင် မကြားဖူးဘူး
                တစ်ယောက်ယောက်က နောက်လိုက်တာထင်တယ်
                ကျွန်တော်က ဒီလိုလူတွေနဲ့ အချိန်ဖြုန်းလေ့ မရှိဘူး
                ခင်ဗျား ဘယ်သိနိုင်မလဲ
                ဒါပေမဲ့ ပြဿနာက ဒါပြက်လုံး မဟုတ်ဘူး၊ တကယ့်လူတွေပါနေတဲ့ တကယ့်အမှုကိစ္စ
                ဟုတ်ပါတယ်
                ကွင်းက အကြာကြီး ငြိမ်နေပြီးမှ ပြောလိုက်သည်။
                ကျွန်တော်လည်း ဒါကို သတိထားမိပါတယ်
                သူတို့မှာ ဒီထက်ပိုပြီး မပြောနိုင်တော့။ ဘာမှ မသိသော လူနှစ်ယောက်၏ ပရမ်းပတာ အတွေးတွေကလွဲပြီး ဘာမှ ပြောစရာ မရှိ။ ကွင်း တစ်ယောက် ပြန်သင့်ပြီဟု ထင်လိုက်သည်။ သူရောက်တာ တစ်နာရီလောက်ရှိသွားပြီ။ ဗာဂျီးနီးယားစတေမင်ကို ဖုန်းဆက်ဖို့ အချိန်တောင်နီးနေပြီ။ ဘယ်လိုပဲဖြစ်စေ သူက မထချင်သေး။ ကုလားထိုင်ကလည်း သက်သောင့်သက်သာ ရှိလှသလို ဘီယာကလည်း ခေါင်းထဲ နည်းနည်းဝင်သွားပြီ။ သူ့ မှာ အော်စတာလို ဥာဏ်ရည်မြင့်တဲ့သူမျိုးနဲ့ စကားမပြောရတာတောင် အတော်ကြာခဲ့ပြီ။ သူက ကွင်းရဲ့ လက်ရာဟောင်းတွေကိုလည်း ဖတ်ဖူးတယ်။ သူ့ကိုလည်း အထင်တကြီးရှိလှသည်။ သူ့လက်ရာတွေကိုတောင်မှ ထပ်ပြီး မျှော်လင့်နေသေးသည်။ တခြားအရာတွေကို ထားဦး၊ ဒါကိုတော့ သူ့မှာ ပီတိမဖြစ်ဘဲ မနေနိုင်။
                သူတို့မှာ နှစ်ယောက်သား စကားတစ်ခွန်းမှ မပြောကြပဲ ဒီတိုင်းဆက်ထိုင်နေကြသည်။ နောက်ဆုံးတော့ အော်စတာလည်း ချောင်ပိတ်မိ နေသည့် အခြေအနေကို အသိအမှတ်ပြုလိုက်ဟန်နဲ့ ပခုံးနည်းနည်း တွန့်လိုက်သည်။
                သူက မတ်တတ်ထလိုက်ပြီး -
                ကျွန်တော့်အတွက် နေ့လယ်စာတစ်ခုခု ပြင်လိုက်ဦးမယ်၊ တစ်လက်စတည်း နှစ်ယောက်စာ ပြင်လိုက်မယ်လေ
                ဟု ပြောလိုက်သည်။
                ကွင်းတစ်ယောက် တွန့်ဆုတ်လို့နေသည်။
                အော်စတာက သူ့အတွေးကို သိနေသလိုပင်။ သူ ဒီမှာ ဆက်နေချင်သေးရင်တော့ စားဖို့လိုသည် မဟုတ်လား။
                တကယ်တော့ ကျွန်တော် ပြန်သင့်နေပြီ၊ ဒါပေမဲ့ စားလိုက်ပါမယ်၊ အစာပြေလေး စားရုံလောက်တော့ ဘာမှ မဖြစ်လောက်ပါဘူး၊ ကျေးဇူးပါပဲ
                ဝက်သားကြက်ဥခေါက်ကြော်ဆိုရင် ဘယ်လိုလဲ
                ကောင်းသားပဲ
                အော်စတာလည်း အစားအသောက်ပြင်ဆင်ဖို့ မီးဖိုချောင်ထဲ ဝင်သွားသည်။ ကွင်းမှာ ဝိုင်းကူချင်သော်လည်း သူ့မှာ မထချင်၊ သူ့ ခန္ဓာကိုယ် က ကျောက်တုံးလို ဖြစ်နေသည်။ တခြား စိတ်ကူးလေးများရမလား မျက်စိမှိတ်ပြီးနေလိုက်သည်။ အရင်ကတော့ အပြင်လောကကို အဆက်ဖြတ်ပြီး နေလိုက်ရင် သက်သောင့်သက်သာ ဖြစ်သေးသည်။ ဒါပေမဲ့ ဒီတစ်ခါတော့ ကွင်းတစ်ယောက် ခေါင်းထဲမှာ စိတ်ဝင်စားစရာ ဘာမှမရှိ။ ကြည့်ရတာ ခေါင်းထဲမှာ အတွေးတွေအကုန်လုံး နှေးကွေးရပ်တန့်သွားပြီ ထင်ပါရဲ့။ အမှောင်ထဲမှာ သူ အသံတစ်သံ စပြီး ကြားလာရသည်။ ရူးနှမ်းနေတဲ့ အသံ တစ်သံက ဝါကျတစ်ကြောင်းတည်းကိုပဲ ထပ်ကာထပ်ကာ ဆိုလို့။
                ကြက်ဥကို မခွဲဘဲ ကြက်ဥခေါက်ကြော် ကြော်လို့ မရဘူး
                သူလည်း စကားလုံးတွေ ရပ်သွားအောင် မျက်လုံးကို ဖွင့်လိုက်သည်။
                ပေါင်မုန့်ထောပတ်သုတ်နဲ့ ဘီယာတွေ၊ ဓားနဲ့ ခက်ရင်းတွေ၊ ဆားနဲ့ ငရုတ်ကောင်းမှုန့်တွေ၊ လက်သုတ်ပဝါတွေ၊ ကြက်ဥခေါက်ကြော်တွေ၊ နှစ်ယောက်သား ပန်းကန်ပြားဖြူဖြူပေါ်တင်လို့။ ကွင်းက အားပါးတရစားသည်။ အသားကို စက္ကန့်ပိုင်းအတွင်း အပြီးသတ်လိုက်သည်။ အဲဒီနောက်  သူ့မှာ တည်ငြိမ်အောင် မနည်းကြိုးစားနေနေရသည်။ သူ့မျက်လုံးမှာ မျက်ရည်တွေ စို့လာခဲ့သည်။ စကားပြောတဲ့အခါ အသံတွေ တုန်လာသလိုပင်။ သို့သော် နောက်ဆုံး သူ့ဘာသာသူ ထိန်းနိုင်သွားသည်။ အော်စတာစိတ်ထဲ သူ့ကို ကိုယ့်ကိစ္စပဲ အမြဲ စိတ်စွဲနေတဲ့သူဟု မထင်အောင် ဘာတွေ ရေး နေသလဲလို့ စပြီး မေးလိုက်သည်။
                အော်စတာက ပြောဖို့ တွန့်ဆုတ်နေသေးသည်။ သို့သော် နောက်ဆုံး သူ အက်ဆေးစာအုပ်တစ်အုပ်ရေးနေတဲ့အကြောင်း ပြောသည်။ လတ်တလောရေးနေတာက ဒွန်ကွီဇိုတီ (Don Quixote) ရဲ့ အကြောင်း။
                ကျွန်တော် သိပ်ကြိုက်တဲ့ စာအုပ်ပေါ့
                ကွင်းက ပြောလိုက်သည်။
                ဟုတ်တယ်၊ ကျွန်တော်ရောပဲ၊ ဘာနဲ့မှ မတူတဲ့စာအုပ်
                ကွင်းက သူရေးနေတဲ့ အက်ဆေးအကြောင်း မေးလိုက်သည်။
                ပြောရရင်တော့ မှန်းဆပြီးရေးထားတာလို့ပဲ ပြောနိုင်မယ်၊ ဘာကြောင့်ဆို ကျွန်တော့်မှာ ဘာမှ သက်သေပြစရာမရှိလို့ပဲ၊ တကယ်တော့ အားလုံးက ထေ့လုံး ငေါ့လုံးတွေပါပဲ၊ စိတ်ကူးထားတဲ့ အရေးအသားလို့ ခင်ဗျား ပြောနိုင်လိမ့်မယ်ထင်တယ်
                အဓိက လိုရင်းအချက်က ဘာလဲ
                စာအုပ်ကို ဘယ်သူရေးသလဲဆိုတာ အဓိက ဆွေးနွေးထားတယ်
                စာအုပ်ရဲ့ ဖန်တီးရှင်က ဘယ်သူလဲ၊ ဘယ်လိုရေးခဲ့သလဲ မေးစရာ ရှိလို့လား
                ရှိတော့ မရှိပါဘူး၊ ဒါပေမဲ့ ကျွန်တော်ဆိုလိုတာက ဆာဗန်တီး (Cervantes) ရေးထားတဲ့ စာအုပ်ထဲက စာအုပ်ကို ကျွန်တော် ဆိုလိုတာပါ
                အာ………ဟုတ်ပြီ
                ရှင်းရှင်းလေးပါ၊ ခင်ဗျား မှတ်မိမလား မသိဘူး၊ ဆာဗန်တီးက စာဖတ်သူကို သူဟာ စာရေးဆရာ မဟုတ်ပါဘူးဆိုတာ အတော်ရှည်ရှည် ဝေးဝေး ရှင်းပြထားတယ်၊ သူ့အပြောအရ စာအုပ်ကို အာရေဗျဘာသာနဲ့ Cid Hamete Benengeli က ရေးခဲ့တယ်
                တစ်ရက် တိုလီဒို (Toledo) ဈေးထဲမှာ စာမူကို သူ ကံအားလျော်စွာ ရခဲ့တယ်၊ သူက သူ့အတွက် စပိန်ဘာသာ ပြန်ဆိုပေးဖို့ လူ တစ်ယောက်ကို ဌားတယ်၊ သူ့အနေနဲ့ အဲဒီစပိန်ဘာသာပြန်လက်ရာကို တည်းဖြတ်ရုံထက်မပိုဘူးလို့ ဆိုတယ်၊ တကယ်တော့ ဘာသာပြန် ဘယ် လောက်တိကျသလဲဆိုတာတောင် သူက အာမမခံနိုင်ဘူး
                ပြီးတော့ သူက Cid Hamete Benengeli ရဲ့ မူသာလျှင် ဒွန်ကွီဇိုတီ ဇာတ်လမ်းရဲ့ မူလကနဦး အစစ်အမှန် ဖြစ်ပါတယ်လို့လည်း ဆက်ပြီး ပြောသေးတယ်၊ တခြားမူတွေ အကုန်လုံးက ရောင်တော်ပြန်တွေရဲ့ လုပ်ဇါတ်တွေချည်းပဲလို့ ဆိုတယ်။ သူက စာအုပ်ထဲမှာ ပါတဲ့အရာတွေ အကုန်လုံး ဟာ အပြင်လောကမှာ အမှန်တကယ်ကို ဖြစ်ပျက်ခဲ့ပါတယ်လို့ အခိုင်အမာ ဆိုထားပြန်သေးတယ်
                ကွက်တိပဲ၊ ဘာကြောင့်ဆို ဒီစာအုပ်က စိတ်ကူးယဉ်ဇါတ်လမ်းတွေကို တိုက်ခိုက်ဖို့ မဟုတ်လား၊ ဒီအတွက် စိတ်ကူးယဉ်ဇါတ်လမ်းမျိုးကို သူက လက်ခံမှာ မဟုတ်ဘူး၊ သူ့အနေနဲ့ ဒါဟာ အစစ်အမှန်ပါဆိုတာကို ဖော်ပြရမယ်
                ပြီးတော့ ဆာဗန်တီးကိုယ်တိုင်များ ဒီရှေးခေတ် သူရဲကောင်းဇါတ်လမ်းတွေကို အရူးအမူး ဖတ်ခဲ့သလားလို့ ကျွန်တော် သံသယရှိတယ်။ စဉ်းစားကြည့်၊ ခင်ဗျား တစ်စုံတစ်ရာကို မချစ်မြတ်နိုးဘဲနဲ့ ပြင်းပြင်းထန်ထန် မမုန်းတီးနိုင်ဘူး၊ တစ်နည်းတစ်ဖုံအားဖြင့် ဒွန်ကွီဇိုတီဟာ သူ့ရဲ့ ကိုယ်ပွား ပဲ
                ကျွန်တော် ခင်ဗျားနဲ့ သဘောတူပါတယ်၊ စာရေးဆရာဆိုတာ စာအုပ်ရဲ့ ညှို့ယူဖမ်းစားမှုကို ခံနေရတဲ့ လူတစ်ယောက်ပဲ မဟုတ်လား
                ကျွန်တော် ဆိုလိုတာလည်း ဒါပါပဲ
                ဒီစာအုပ်က ဖြစ်ရပ်မှန်လို့ ဆိုကတည်းက ဒီအဖြစ်အပျက်ကို ကိုယ်တိုင်ကြုံခဲ့တဲ့ မျက်မြင်သက်သေ တစ်ယောက်ယောက်က ရေးခဲ့တာဖြစ် ရမယ်၊ ဒါပေမဲ့ စာရေးဆရာအဖြစ် အသိအမှတ်ပြုခံထားရတဲ့ Cid Hamete ကို ဇါတ်လမ်းထဲမှာ လုံးဝမတွေ့ရဘူး၊ အဖြစ်အပျက်တွေ ဖြစ်ပွားခဲ့တဲ့ နေရာမှာ သူရှိနေခဲ့တယ်လို့ တစ်ခါမှ မဖော်ပြထားဘူး၊ ဒါကြောင့်မို့ ကျွန်တော်က မေးခွန်းထုတ်ချင်တာက အဲဒီ Cid Hamete Benengeli က ဘယ်သူလဲ
                ဟုတ်ပြီ ခင်ဗျားဆိုလိုတာကို ကျွန်တော် သဘောပေါက်တယ်
                ကျွန်တော် အက်ဆေးမှာ တင်ပြထားတဲ့ သီဝရီကတော့ သူဟာ အမှန်တကယ်တော့ လူလေးယောက်ကို ပေါင်းထားတာပဲ၊ ဆန်ချိုပန်ဇာ (Sancho Panza) ကတော့ တစ်ဦးတည်းသော မျက်မြင်သက်သေပဲ၊ တခြား ဘယ်သူမှ မရှိဘူး၊ ဘာကြောင့်ဆို သူဟာ ဒွန်ကွီဇိုတီရဲ့ စွန့်စားခန်းတွေ ကို တောက်လျှောက်လိုက်ပါနေခဲ့တဲ့ တစ်ဦးတည်းသောသူဖြစ်လို့ပဲ၊ ဒါပေမဲ့ ဆန်ချိုက မရေးတတ်၊ မဖတ်တတ်ဘူး၊ ဒါကြောင့်မို့ သူကတော့ စာရေး ဆရာ မဖြစ်နိုင်ဘူး၊ ဒါပေမဲ့ တစ်ဖက်က ကြည့်ရင်တော့ ဆန်ချိုမှာ ဘာသာစကားနဲ့ပတ်သက်ပြီး ပါရမီပါတယ်လို့ ကျွန်တော်တို့ သိထားတယ်၊ သူက အူကြောင်ကြောင် သံတူကြောင်းကွဲ စကားလုံးတွေ ပြောတတ်ပေမယ့် စာအုပ်တစ်အုပ်လုံးမှာ သူက တခြားလူတွေ အကုန်လုံးနဲ့ စကားပြောနိုင် တယ်။ ကျွန်တော့်အမြင်အရ သူဟာ ဒီဇါတ်လမ်းကို တခြားတစ်ယောက်ယောက်ကို နှုတ်တိုက်ချပေးမယ်ဆိုရင် ကောင်းကောင်းကြီး ဖြစ်နိုင်တယ်လို့ ထင်မိတယ်၊ တခြား တစ်ယောက်ယောက်ဆိုတဲ့နေရာမှာ ဆံသဆရာနဲ့ ဘုန်းကြီးတို့လို ဒွန်ကွီဇိုတီရဲ့မိတ်ဆွေကောင်းတွေပေါ့၊ သူတို့တွေက ဇါတ် လမ်းကို စပိန်စကားနဲ့ သင့်တော်တဲ့ စာပေပုံစံတစ်ခုအဖြစ် ဖန်တီးခဲ့ပါလိမ့်မယ်၊ အဲဒီစာမူက ဆာလာမန်ကာ (Salamanca) က ဘွဲ့ရပညာတတ် ဆမ်ဆန် ကာရက်စကို (Samson Carrasco) လက်ထဲရောက်သွားပြီး အာရေဗျဘာသာကို ပြန်ခဲ့တာ ဖြစ်မယ်။ ဆာဗန်တီးက ဘာသာပြန်ကိုတွေ့ပြီး စပိန်ဘာသာကို တစ်ဖန်ပြန်ဆိုကာ ဒွန်ကွီဇိုတီရဲ့စွန့်စားခန်းများ (The Adventures of Don Quixote) ဆိုပြီး စာအုပ်အဖြစ် ထုတ်ဝေခဲ့တာ ဖြစ်မယ်
                ဒါပေမဲ့ ဆန်ချိုနဲ့ တခြား အပေါင်းအပါတွေက ဘာကြောင့်မို့ ဒီပြဿနာထဲ ဝင်ပါရတာလဲ
                ဒွန်ကွီဇိုတီရဲ့ ရူးသွပ်မှုကို ကုစားဖို့ပေါ့၊ သူတို့က သူငယ်ချင်းကို ကယ်တင်ချင်ကြတယ်၊ ဇါတ်လမ်းအစမှာတည်းက သူတို့က သူ့ရဲ့ အလယ် ခေတ် သူရဲကောင်း ကျင့်ဝတ်စာအုပ်ကို မီးရှို့ဖို့ကြိုးစားတာ မှတ်မိမှာပေါ့၊ ဒါပေမဲ့ မထိရောက်ခဲ့ဘူး၊ ဝမ်းနည်းဖွယ်မျက်နှာထားနဲ့ သူရဲကောင်းကြီးက သူ့ရဲ့ စွဲလမ်းရူးသွပ်မှုကို မစွန့်လွှတ်ခဲ့ဘူး၊ သူတို့မှာ ဒွန်ကွီဇိုတီကို အိမ်ပြန်သွားအောင် အမျိုးမျိုးရုပ်ဖျက်ပြီး လှည့်စားကြတယ်။ စိတ်ဖိစီးနေတဲ့ အမျိုးသမီးတစ်ယောက်လို အယောင်ဆောင်လိုက်၊ ကြေးမုံသူရဲကောင်း အသွင်ဆောင်လိုက်၊ လဝန်းသူရဲကောင်းအဖြစ် သရုပ်ဆောင်လိုက်နဲ့၊ အဆုံး မှာတော့ သူတို့ အမှန်တကယ် အောင်မြင်မှုရခဲ့တယ်။ ဒီစာအုပ်ကလည်း သူတို့ရဲ့ ပရိယာယ်တစ်ခုပဲ၊ သူ့အကြံက ဒွန်ကွီဇိုတီရဲ့ ရူးသွပ်မှုကို ကြေးမုံ ပြင်မှာလို ပြန်မြင်စေဖို့ပဲ၊ ဒီအတွက် သူ့ရဲ့ အဓိပ္ပါယ်မဲ့ပြီး ရယ်စရာကောင်းလှတဲ့ အာရုံမှောက်မှားမှုမှန်သမျှ တစ်ခုချင်း မှတ်သားတယ်၊ ဒါကြောင့်မို့ နောက်ဆုံး ဒီစာအုပ်ကို သူကိုယ်တိုင်ဖတ်မိရင် သူ့အမှားတွေကို ကိုယ်တိုင် သိမြင်စေလိမ့်မယ်ပေါ့
                ဟုတ်ကဲ့၊ ဒါပေမဲ့ နောက်ဆုံးလှည့်ကွက်တစ်ခု ရှိသေးတယ်။ ကျွန်တော့်အမြင်မှာ ဒွန်ကွီဇိုတီက တကယ်တော့ မရူးဘူးလို့ထင်တယ်၊ သူက ရူးချင်ယောင်ဆောင်တာပဲ၊ တကယ်တော့ ဒီဇါတ်လမ်းကြီး တစ်ခုလုံးကို သူကိုယ်တိုင်စီမံခဲ့တာပဲ၊ မှတ်မိမှာပေါ့၊ စာအုပ်တစ်အုပ်လုံးမှာ ဒွန်ကွီဇိုတီက နောင်လာနောက်သားတွေအတွက်ပဲ တစ်ချိန်လုံး ခေါင်းထဲထည့်ထားတယ်၊ သူ့ရဲ့စွန့်စားခန်းတွေကို မှတ်တမ်းတင်သူက တိတိကျကျ မှတ်သားထား ရဲ့လားဆိုတာကို ထပ်ဖန်တလဲလဲ ဆန်းစစ်တယ်။ ဒါကိုက သူ့ခေါင်းထဲမှာ ဒီမှတ်တမ်းက ကျန်ရစ်မယ်ဆိုတာ ကြိုပြီးသိနေတယ်ဆိုတာကို ပြနေ တယ်။
                ပြီးတော့ ဒီရည်ရွယ်ချက်နဲ့သူ့အပေါ် သစ္စာရှိမယ့် ဆန်ချိုပန်ဇာလို တပည့်ကောင်းတစ်ယောက်ကို ဒွန်ကွီဇိုတီ ရွေးချယ်ခဲ့တာ မဟုတ်လား။ ဒီလိုပဲ တခြားသုံးယောက်ကိုလည်း သူ့ကဏ္ဍနဲ့သူ အသုံးချဖို့ ရည်ရွယ်ပြီး ရွေးခဲ့တာမဟုတ်လား။ ဘီနမ်ဂါလီ လေးဦးဂီတ (Benengeli quartet) ကို လည်း ရေးစပ်ခဲ့တာ ဒွန်ကွီဇိုတီပဲ။ သူက စာရေးဆရာကို ရွေးချယ်ခဲ့ရုံမကသေးဘူး၊ အာရေဗျကနေ စပိန်ဘာသာကို ပြန်ဆိုတာတောင် သူပဲဖြစ်ဖို့ များတယ်။ သူက အဲဒီလိုမလုပ်ဘဲနေမယ့်သူ မဟုတ်ဘူးဆိုတာ သိထားသင့်တယ်၊ သူလို ရုပ်ဖျက်ကောင်းတဲ့သူတစ်ယောက်အဖို့ အရေပြားကို မည်း အောင်လုပ်ပြီး မွတ်ဆလင်တစ်ယောက်ရဲ့ ဝတ်ရုံကို ခြုံဖို့ဆိုတာ ဘာမှ မခက်ပါဘူး။ ကျွန်တော် တွေးကြည့်တယ်။ တိုလီဒို ဈေးထဲမှာ ဒွန်ကွီဇိုတီရဲ့ ဇါတ်လမ်းကို အဓိပ္ပါယ်ဖော်ဖို့ ဒွန်ကွီဇိုတီ ကိုယ်တိုင်ကို ဌားတဲ့မြင်ကွင်းက ဘယ်လောက်များ လှလိုက်မလဲလို့
                ဒါပေမဲ့ ဒွန်ကွီဇိုတီက ဘာကြောင့်မို့ သူရဲ့အေးချမ်းငြိမ်ဆိတ်လှတဲ့ ဘဝလေးကို ဖျက်ဆီးပြီး ဒီလို အသေးစိတ် လက်ဝင်လှတဲ့လုပ်ဇါတ် တစ်ခုကို ခင်းရတာလဲဆိုတာတော့ ခင်ဗျား မရှင်းပြသေးဘူးနော်
                ဒါကတော့ သိပ်စိတ်ဝင်စားဖို့ကောင်းတဲ့အပိုင်း မဟုတ်ပါဘူး။ ကျွန်တော့်အမြင် ဒွန်ကွီဇိုတီက စမ်းသပ်မှုတစ်ခု လုပ်လိုက်တာပဲ၊ သူက သူ့နောက်လိုက်နောက်ပါတွေရဲ့ ယုံလွယ်မှုကို စမ်းသပ်ချင်တယ်၊ တစ်လောကလုံးရဲ့ရှေ့မှာ မှင်သေသေနဲ့ မုသားတွေ၊ အဓိပ္ပါယ်မရှိတာတွေကို လှိုင်လှိုင်ပြောကြည့်ရင် ဘယ်လိုများနေမလဲ စမ်းကြည့်တာပဲ၊ လေရဟတ်တွေကို မြင်းစီးသူရဲကောင်းတွေဖြစ်အောင် ပြောလိုပြော၊ ဆံသဆရာရဲ့ ဇလုံကို စစ်ခမောက် လုပ်လိုလုပ်၊ ရုပ်သေးရုပ်ကို တကယ့်လူလို့ ထင်လိုထင် မဟုတ်လား၊ သူ့ကိုမယုံတဲ့သူတွေကို နားဝင်အောင် သူပြောနိုင်မလား စမ်းကြည့်တာပဲ၊ တစ်နည်းပြောရရင် လူတွေဟာ စိတ်ရွှင်မြူးစေမယ်ဆိုရင် ဘုရားကို စော်ကားတဲ့စကားတောင် အတိုင်းအတာတစ်ခုအထိ လက်ခံနိုင် ကြတယ်ဆိုတာကို ပြချင်လို့ပဲ၊ အဖြေက ရှင်းနေတာပဲလေ၊ မဟုတ်ဘူးလား၊ ကျွန်တော်တို့ ဒီစာအုပ်ကို ဖတ်နေကြသေးတာက သက်သေပဲလေ၊ ကျွန်တော်တို့ကို စိတ်ရွှင်မြူးစေတုန်းပဲကိုး၊ တကယ်တော့လည်း စာအုပ်တစ်အုပ်ဆီက ကျွန်တော်တို့ အလိုရှိတာလည်း အဲဒီ စိတ်ရွှင်မြူးမှုပဲ မဟုတ် လား
                အော်စတာလည်း သရော်လိုက်ရတာကို ပီတိဖြစ်စွာနဲ့ ပြုံးပြီးဆိုဖာပေါ် ပြန်မှီထိုင်လိုက်သည်။ စီးကရက်ကို မီးညှိလိုက်သည်။ ပုဂ္ဂိုလ်က တော့ သူ့ဘာသာသူ သဘောကျနေတာ ထင်ရှားပါသည်။ သို့သော် ကွင်း အဖို့ အဲဒီသာယာမှုရဲ့ တကယ့်သဘောကို ဆုပ်ဖမ်းဖို့ ခက်နေခဲ့သည်။ အသံတိတ် ရယ်နေသလိုပင်။ ပြက်လုံးက အပြီးမသတ်ခင် ရပ်သွားသလိုမျိုး။ ဘာရည်ရွယ်ချက်မှမရှိသည့် ယေဘုယျ ဟာသတစ်ပုဒ်လိုပင်။ အော်စတာဇါတ်လမ်းနဲ့ ပတ်သက်ပြီး ကွင်း တစ်ခုခုပြောမယ်ကြံသော်လည်း အခွင့်အရေး မရတော့။ သူ ပါးစပ်ဟရုံရှိသေး၊ အိမ်ရှေ့ခန်းက သော့သံ တချွင်ချွင်နှင့် တံခါးဖွင့်သံ၊ ထို့နောက် တံခါးကို ပြန်ဆောင့်ပိတ်လိုက်သံ၊ ပွင့်အန်ထွက်လာသည့် လူသံ စသဖြင့် ကြားလိုက်ရသည်။
                အသံတွေကြားတော့ အော်စတာမျက်နှာက ဝင်းလက်သွားသည်။ ကွင်းကို ခွင့်တောင်းပြီး တံခါးရှိရာ လှစ်ခနဲ လျှောက်သွားလိုက်သည်။ စင်္ကြံတစ်လျှောက် ရယ်သံတွေ ကွင်း ကြားနေရသည်။ ပထမ အမျိုးသမီးအသံ၊ နောက်တော့ ကလေးသံ၊ တစ်သံထက် တစ်သံ ပိုမြင့်လို့၊ ဗုံးဆန် အမြောက်ဆန် အစအနတွေကို တီးလိုက်သလို စူးစူးရှရှနဲ့ ပြတ်တောက်ပြတ်တောက် သံစဉ်တွေ၊ ထို့နောက် အော်စတာ၏ အသံနိမ့်နှင့် ဟားတိုက် ရယ်သံ၊ ကလေးက ပြောသည်။
                အဖေ ကြည့်ပါဦး၊ ဒီမှာ သား ကောက်ရတာ
                ဒီနောက်အမျိုးသမီးက အဲဒါကို လမ်းပေါ်ကျနေတာ တွေ့ခဲ့ကြောင်း၊ အကောင်းကြီးရှိသေးတဲ့အတွက် ယူလာခဲ့ကြောင်း ရှင်းပြနေသည်။ ခဏကြာတော့ စင်္ကြံတစ်လျှောက် ကလေးတစ်ယောက် ပြေးလာနေတာ ကြားရသည်။ ကလေးက ဧည့်ခန်းထဲပြေးအဝင် ကွင်းကို မြင်ပြီး ကြက်သေ သေသွားသည်။ သူက ရွှေရောင်ဆံပင်နဲ့ ငါးနှစ် ခြောက်နှစ်အရွယ် ကောင်လေးတစ်ယောက်။
                ကောင်းသော ညနေခင်းပါ
                ကွင်းက နှုတ်ဆက်လိုက်သည်။
                ကောင်လေးက ချက်ချင်းပဲ ရှက်ရွံ့ရွံ့ဖြစ်သွားပြီးဟယ်လိုလို့ တိုးတိုးလေးပြောလိုက်သည်။ သူ့ဘယ်ဘက်လက်မှာတော့ ကွင်းမသိသည့် ပစ္စည်းတစ်ခု ကိုင်ထားသည်။ ကွင်းကဘာလဲဟု လှမ်းမေးလိုက်ရာ -
                အဲဒါ ယိုယိုပဲ
                သူက လက်ထဲကအရာကို ပြပြီး ဖြေလိုက်သည်။
                ကျွန်တော် လမ်းမှာတွေ့လာတာ
                ကောင်းသေးလား
                ကောင်လေးက ခရစ်စမတ် ဟာသပြဇါတ်တွေထဲကလို အလွန်အကျွံ ပခုံးကိုတွန့်ပြီး -
                မသိဘူး၊ သီရိတော့ လုပ်လို့မရဘူး၊ ကျွန်တော်လည်း ဘယ်လိုကစားရမလဲ မသိဘူး
                ကွင်းကသူ စမ်းကြည့်လို့ရမလားဆိုပြီး တောင်းလိုက်သည်။
                ကောင်လေးလည်း သူ့နားလျှောက်လာပြီး လှမ်းပေးလိုက်သည်။ ယိုယိုကို သူစမ်းကြည့်နေတုန်း သူလုပ်သမျှကို စိတ်ဝင်တစား စောင့်ကြည့် နေသည့် သူ့ဘေးက ကောင်လေးရဲ့ အသက်ရှူသံကို ကြားနေရသည်။ ပလတ်စတစ်နဲ့လုပ်ထားသည့် ယိုယိုက အရင် သူကစားဖူးသည့် အရာလိုမျိုး ပင်။
                သို့သော်လည်း အာကာသ နည်းပညာခေတ်၏ အသုံးအဆောင်ပစ္စည်းအနေနဲ့ ပိုပြီး အသေးစိတ်စီမံထားသည်။ သူလည်း ကြိုးရဲ့အဆုံး တစ်ဖက်ကို လက်ခလယ်တွင် ချည်လိုက်ပြီး မတ်တတ်ရပ်ကာ စမ်းကြည့်လိုက်သည်။ ယိုယိုက မျှော့ကြောင်းပါတဲ့အတွက် အောက်ကိုဆင်းသွားတဲ့ အခါ လေချွန်သံလေးထွက်လာသည်။ အထဲမှာ မီးပွင့်သွားသည်။ ကောင်လေးမှာ ရင်သပ်ရှုမော၊ ပြီးနောက် ယိုယိုက ရပ်သွားသည်။ ကြိုးတန်းအဆုံး မှာ တန်းလန်းလေး။
                အတွေးအခေါ်ရှင်ကြီးတစ်ယောက်က တစ်ခါက ပြောဖူးတယ်၊ တက်တဲ့ခရီးနဲ့ ဆင်းတဲ့ခရီးက အတူတူပဲတဲ့
                ကွင်းက တိုးတိုးသက်သာ ပြောလိုက်သည်။
                ဒါပေမဲ့ ဦးက တက်အောင်လည်း မလုပ်ဘူး၊ အဆင်းချည်းပဲ
                ကောင်လေးက ပြောသည်။
                ဆက်ပြီး စမ်းကြည့်ပါဦးမယ်
                ကွင်းတစ်ယောက် ရစ်ကြိုးကို လက်မှာပတ်နေတုန်း အော်စတာနဲ့ သူ့မိန်းမက အခန်းထဲဝင်လာကြသည်။ သူမော့ကြည့်လိုက်တော့ အမျိုး သမီးကို စတွေ့သည်။
                အဲဒီ ခဏမှာတင် သူတော့ ဒုက္ခရောက်ပြီဆိုတာ သိလိုက်သည်။ သူမက ရှည်ရှည်သွယ်သွယ် ရွှေရောင်ဆံပင်နဲ့ ဝင်းပနေတဲ့အလှက ရွှင် လန်းတက်ကြွမှုနဲ့ ပေါင်းလိုက်တဲ့အခါ ဘေးပတ်ပတ်လည်က အရာတွေအားလုံးကို ဖုံးလွှမ်းသွားတော့သည်။
                ကွင်းအတွက်တော့ မဆံ့ရင်ကန်ပင်။ သူ့စိတ်ထဲမှာ အော်စတာက သူ့ကို ဆုံးရှုံးသွားတဲ့အရာတွေနဲ့ မခံချိမခံသာ လုပ်နေသလိုပင်။ သူ့မှာ မနာလိုဝန်တိုမှုတွေ၊ ဒေါသဖြစ်မှုတွေနဲ့ စုတ်ပြတ်ပေါက်ပြဲနေတဲ့ သူ့ကိုယ်သူ သနားစိတ်တွေ ဝင်လာစေခဲ့သည်။
                ဟုတ်တယ်၊ သူ့မှာ ဒီလို သားနဲ့၊ မယားနဲ့ တစ်နေကုန်ထိုင်ပြီး ယိုယိုတွေ၊ ဝက်သားကြက်ဥခေါက်ကြော်တွေ၊ ဖောင်တိန်တွေ ဘေးမှာထား လို့ စာအုပ်ဟောင်းတွေအကြောင်း တောင်စဉ်ရေမရ ပြောချင်မိသည်။ ဒီဝဋ်ကနေ ကျွတ်ပါစေလို့ သူ့ဘာသာသူ ဆုတောင်းမိသည်။
                အော်စတာက သူ့လက်ထဲက ယိုယိုကို ကြည့်ပြီး -
                ခင်ဗျား ဒယ်နီယယ်နဲ့ တွေ့ပြီးပြီထင်တယ်
                သူက ကောင်လေးကို ပြောလိုက်သည်။
                ဒါ ဒယ်နီယယ်တဲ့
                ပြီးနောက် ကွင်းဘက်ကိုလှည့်ပြီး စောစောက သရော်တော်တော် အပြုံးနဲ့ပဲ -
                ဒယ်နီယယ်၊ ဒါက ဒယ်နီယယ်ပဲ
                ကောင်လေးက တဟားဟားနဲ့ ရယ်သည်။
                လူတိုင်း ဒယ်နီယယ် ဖြစ်နေပါလား
                မှန်တယ်၊ ငါက မင်းပဲ၊ မင်းက ငါပဲ
                ကွင်းက ပြောလိုက်သည်။
                အဲဒီလိုပဲ ပတ်ချာလည်နေမှာပဲ
                ကောင်လေးက အော်ပြီး သူ့လက်နှစ်ဖက်ကို ရုတ်တရက်မြှောက်ကာ တဝီဝီလည်နေသည့် ဘီးလို အခန်းထဲမှာ လှည့်ပတ် ပြေးလွှားနေခဲ့ သည်။
                ဒါက ကျွန်တော့်ဇနီး သီရိပါ
                အော်စတာက အမျိုးသမီးဘက်လှည့်ပြီး ပြောလိုက်သည်။
                အမျိုးသမီးက သူမကိုယ်ပိုင် တစ်မူထူးခြားသည့်အပြုံးနှင့် ပြုံးလိုက်ပြီး ကွင်းကို -
                တွေ့ရတာ ဝမ်းသာပါတယ်
                ဟု ဆိုတာ လက်ကို ကမ်းပေးလိုက်သည်။
                သူလည်း လက်ဆွဲနှုတ်ဆက်လိုက်သည်။ သူမရဲ့ အရိုးအဆစ်တွေက မယုံနိုင်စရာ သွယ်လျလွန်းသည်။
                သူက သူမ နာမည်ကို နော်ဝေ နာမည်လား ဟု မေးလိုက်သည်။
                လူ တော်တော်များများက မသိကြဘူး
                ဟု သူမက ပြောသည်။
                ခင်ဗျားက နော်ဝေက လာတာလား
                နော်ဝေက တိုက်ရိုက်လာတာတော့ မဟုတ်ဘူး။ မင်နီစိုးတားနယ်နော့ဖီးက လာတာ
                ထို့နောက် သူမ စတိုင်နှင့် သူမ ရယ်လိုက်ပြန်သည်။ ကွင်းမှာ သူ့ကိုယ်သူ လဲပြိုကျသွားမလားတောင် ခံစားမိသည်။
                ကပ်ပြီးမှ ပြောသလိုတော့ ဖြစ်နေတယ်၊ ဒါပေမဲ့ ခင်ဗျား အချိန်ရရင် ကျွန်တော်တို့နဲ့ ညစာ အတူစားပါလား
                အော်စတာက ပြောလိုက်သည်။
                အာ.......
                ကွင်းက သူ့ဘာသာ ချိန်ဆလိုက်ပြီး -
                ခင်ဗျားတို့က အရမ်းသဘောကောင်းကြတာပဲ၊ ဒါပေမဲ့ ကျွန်တော့်မှာ သွားစရာလေး ရှိနေလို့ပါ။ အခုကို နောက်ကျနေပြီ
                သူက နောက်ဆုံး အားထုတ်မှုအနေနဲ့ အော်စတာ့မိန်းမကို ပြုံးပြလိုက်ပြီး ကောင်လေးကို လက်ဝှေ့ယမ်းပြလိုက်သည်။
                ဦးရောက်တာ ကြာသွားပြီ ဒယ်နီယယ်
                သူက တံခါးရှိရာ လျှောက်လာပြီး ပြောလိုက်သည်။ ကောင်လေးက အခန်းတစ်ဖက်ကနေ သူ့ကို ကြည့်နေသည်။ ပြီးတော့ တစ်ခါ ရယ်ပြီး ပြောလိုက်သည်။
                ကိုယ်ကိုယ့်ကိုယ်ပဲ ဂွတ်ဘိုင်လို့ ပြောလိုက်တော့မယ်
                အော်စတာလည်း သူ့ကို တံခါးဝအထိ လိုက်ပို့သည်။
                ချက်ကို ငွေထုတ်ပြီးတာနဲ့ ခင်ဗျားဆီ ဖုန်းဆက်လိုက်မယ်၊ ဖုန်းစာအုပ်ထဲမှာ နံပါတ်ရှိတယ် မဟုတ်လား
                ရှိပါတယ်၊ နာမည်တူ မရှိပါဘူး
                ကွင်းက ပြောလိုက်သည်။
                ခင်ဗျား အကူအညီလိုလည်း ဖုန်းဆက်လိုက်ပါ။ ကျွန်တော် ဝမ်းမြောက်စွာနဲ့ ကူညီပါရစေ
                အော်စတာက ပြောလိုက်သည်။
                အော်စတာက သူနဲ့ လက်ဆွဲနှုတ်ဆက်ဖို့ ရှေ့တိုးလိုက်သည်။
                ဒီတော့မှ ကွင်းလည်း လက်ထဲမှာ ယိုယိုကို ကိုင်ထားဆဲဆိုတာ သတိရမိသည်။ သူက ယိုယိုကို အော်စတာရဲ့ ညာလက်ထဲ ထည့်ပေးလိုက် ပြီး သူ့ပခုံးကို ညင်ညင်သာသာ ပုတ်ကာထွက်လာခဲ့သည်။