Wednesday, March 6, 2013

ပေါလ်အော်စတာနှင့် စကားပြောခြင်း အပိုင်း(၃)


မေးသူ။    ခင်ဗျား Moon Palace အကြောင်း မပြောသွားသေးဘူးနော်၊ အဲဒီစာအုပ်ကိုဖတ်ရတာ တခြားဝတ္ထုတွေထက် ခင်ဗျားဘဝ အကြောင်းပိုပါသလိုပဲ၊ Fogg က ခင်ဗျားအရွယ်ပဲ၊ ခင်ဗျား Columbia သွားတတ်သလို သူလည်း သွားခဲ့တယ်။
Paul     ဟုတ်ပါတယ်၊ အဲဒီစာအုပ်က အရမ်းပုဂ္ဂိုလ်ရေးဆန်သလိုပဲ၊ ဒါပေမယ့် ကျွန်တော့်ဘဝအကြောင်း မပါသလောက်ပဲ၊ အရေးကြီး တဲ့ ကိစ္စလေးနှစ်ခုလောက်ပဲ ခေါင်းထဲပေါ်လာတယ်၊ ပထမက ကျွန်တော့်အဖေနဲ့ ပတ်သက်ပြီး သေလွန်ပြီးနောက်မှ လက်စား ပြန်ခြေပေးတဲ့သဘောပါ၊ ဝတ္ထုထဲမှာ Tesla က အရေးမပါတဲ့ ဇါတ်ကောင်ပါ၊ ဒါပေမယ့် ၁၈၉၀ တုန်းက Edison နဲ့ Tesla ကြား မှာ ဖြစ်ခဲ့တဲ့ AC-DC အငြင်းပွားမှုကို စာမျက်နှာအတော်ယူပြီး ရေးထားတယ်၊ Fogg ကို ဇါတ်ကြောင်းပြန်ပြောနေတဲ့ အဘိုးအို Effing က Edisson ကို အပြစ်ပုံချထားတယ်၊ ဖြစ်ပုံက ဒီလို၊ ကျွန်တော့်အဖေက ၁၉၂၉မှာ အထက်တန်းကျောင်းပြီးတော့ Edison ရဲ့ Menlo Park က ဓါတ်ခွဲခန်းမှာ လက်ထောက်အနေနဲ့ ဝင်လုပ်တယ်၊ ကျွန်တော့်အဖေက electronic နဲ့ ပတ်သက်ပြီး ပါရမီပါတယ်၊ အလုပ်ဝင်ပြီး နှစ်ပတ်ပဲကြာတယ်၊ Edison က သူ့ကို ဂျူးမို့လို့ အလုပ်ထုတ်ပစ်လိုက်တယ်၊ Edisson ဟာ လျှပ်စစ် ခုံကို ထွင်ခဲ့တဲ့သူတင် မကဘူး၊ နာမည်ကြီး ဂျူးမုန်းတီးရေးသမားလည်း ဖြစ်တယ်၊ ကျွန်တော့်အဖေအတွက် တရားမျှတမှုကို ပြန်ယူတဲ့သဘောပါ။
မေးသူ။    နောက်ထပ်တစ်ခုကရော
Paul     Effing က လမ်းပေါ်က လူစိမ်းကို ပိုက်ဆံလှမ်းပေးတဲ့ ည၊ အဲဒီမြင်ကွင်းက ၁၉၆၉ ခုနှစ်က ကျွန်တော်နဲ့ H.L.Humes နဲ့ ဆုံခဲ့ တဲ့ အဖြစ်အပျက်ပဲ၊ သူဟာ The Paris Review ကို ထူထောင်ခဲ့တဲ့ သူတစ်ယောက်ပဲ၊ Doc Humes လို့ လူသိများတယ်။ ဒီ လောက် စည်းလွတ်ဝါးလွတ်ကိစ္စမျိုးကို ကျွန်တော်စိတ်ကူးနဲ့ ဖန်တီးနိုင်လိမ့်မယ်လို့ မထင်ဘူး။
မေးသူ။    ခင်ဗျား Doc Humes အကြောင်းကို ခင်ဗျားရဲ့ နောက်ထပ်ကိုယ်ရေးအတ္ထုပ္ပတ္တိလက်ရာတစ်ခုဖြစ်တဲ့ Hand to Mouth မှာ လည်း ရေးဖူးတယ်နော်၊ စာအုပ်က ခင်ဗျားလူငယ်ဘဝ ရုန်းကန်ရမှုတွေကို A Chronicle of Early Failure ခေါင်းစဉ်ယူပြီး ရေးခဲ့ တယ်၊ ဒီအကြောင်းအရာကို ကိုင်တွယ်ဖို့ ဘာကတွန်းအားပေးနေခဲ့တာလဲ။
Paul     ကျွန်တော်ဟာ ပိုက်ဆံနဲ့ပတ်သက်ပြီး အမြဲတစ်ခုခုရေးချင်မိတယ်၊ ငွေကြေးကိစ္စတွေ၊ စီးပွါးရေးတွေ မဟုတ်ပါဘူး၊ ပိုက်ဆံမရှိပဲ နေရတဲ့ အတွေ့အကြုံ၊ ဆင်းရဲခြင်းအတွေ့အကြုံပေါ့၊ ဒီအကြောင်းရေးဖို့ နှစ်ပေါင်းများစွာ ကြံစည်နေခဲ့တယ်၊ ယာယီပေးထားတဲ့ ခေါင်းစဉ်ကအလိုဆန္ဒအကြောင်းစာတမ်း Lock ဆန်လွန်း (Philosopher John Lock), ၁၈ ရာစုဆန်လွန်း၊ ခြောက်သွေ့လွန်း တယ်၊ ကျွန်တော် လေးနက်တဲ့ဒဿနအကြောင်းတွေ ရေးဖို့ကြံရွယ်ဖူးတယ်၊ ဒါပေမယ့် ရေးဖို့ထိုင်လိုက်တာနဲ့ အားလုံးပြောင်း သွားတယ်၊ ကျွန်တော့်ရဲ့ ပိုက်ဆံပြတ်တဲ့ ကိစ္စတွေအကြောင်းပဲ ရောက်သွားတယ်၊ ဘာသာရပ်မဆန်ပဲ ဟာသ ဆန်ဆန်သွား တယ်။
            စာအုပ်က ကျွန်တော့်အကြောင်းသက်သက် မဟုတ်ပါဘူး၊ ကျွန်တော် ငယ်စဉ်ကကြုံခဲ့ရတဲ့ အရောင်အသွေးစုံလူတွေအကြောင်း သူတို့ရဲ့ကောင်းကွက်လေးတွေကို ဖော်ပြချင်လို့ပါ၊ ကျွန်တော်ဟာ တည်ငြိမ်တဲ့ပညာတတ်ရုံးအလုပ်မျိုးကို ဘယ်တုန်းကမှ စိတ် မဝင်စားခဲ့ဘူး၊ အရသာလုံးဝကင်းမဲ့တဲ့ အလုပ်တွေပဲ၊ ကျွန်တော်က ပိုပြီးအောက်ခြေအလုပ်မျိုးတွေကို စိတ်ဝင်စားတယ်၊ အဲဒီမှာ ကျွန်တော်တို့နဲ့ မတူတဲ့လူမျိုးတွေနဲ့ကြုံရတယ်၊ ကောလိပ်မတက်ဖူးသူတွေ၊ စာအုပ်တွေ အများကြီးမဖတ်ဘူးသူတွေ စသဖြင့် ပေါ့၊ ဒီတိုင်းပြည်မှာ အလုပ်သမားလူတန်းစားရဲ့ ဥာဏ်ရည်ဥာဏ်သွေးကို ကျွန်တော်တို့ သိပ်လျော့တွက်ကြတယ်၊ ကျွန်တော့် အတွေ့အကြုံအရ သူတို့အများစုဟာ ကမ္ဘာကြီးကို မောင်းနှင်နေတဲ့လူတွေလိုပဲ တော်ကြပါတယ်၊ ဒါပေမယ့် သူတို့က ရည်မှန်း ချက်မကြီးကြတာပဲ ကွာတယ်၊ သူတို့နဲ့စကားပြောရတာ ပိုရယ်စရာကောင်းတယ်၊ ဘယ်သွားသွားသူတို့နဲ့ စကားပြောဖို့ ကြိုးစား တယ်၊ ကျွန်တော်က စာအုပ်တွေထဲမှာ နစ်မြုပ်နေတဲ့သူဆိုတော့ ကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကပဲ ကျွန်တော့် ပတ်ဝန်း ကျင်အကြောင်း ပိုပြောနိုင်တယ်။
မေးသူ။    The Book of Illusions ထဲက အသံတိတ် လူရွှင်တော် Hector Mann က ဘယ်က ရလာတာလဲ။
Paul     လွန်ခဲ့တဲ့ ၁၀ နှစ် ၁၅ နှစ်လောက်က တစ်ရက်မှာ သူ့အကြောင်း ကျွန်တော့်ခေါင်းထဲပေါ်လာတယ်။ စာအုပ်မရေးခင် သူနဲ့ အတော်ကြာကြာ လျှောက်သွားခဲ့တယ်၊ ဒါပေမယ့် Hector က စဖန်တီးကတည်းက အဲဒီအတိုင်းအပြည့်အစုံပဲ၊ နာမည်တင် မကဘူး၊ အာဂျင်တီးနားမှာ မွေးတာကော၊ အဖြူရောင်ဝတ်စုံနဲ့ အနက်ရောင်မုတ်ဆိတ်နဲ့ ယောင်္ကျားပီသတဲ့မျက်နှာကော အား လုံးပါတယ်၊
မေးသူ။ ခင်ဗျားရဲ့ ဖန်တီးမှုသက်သက်ဆိုပေမယ့် သူ့ရဲ့ဟာသတွေကိုဖတ်ရတာ တကယ့်အသံတိတ် လူရွှင်တော်လိုပဲ၊ သူ့ကို ကြည့်ရ တာ ရုပ်ရှင်လောကထဲဝင်ခဲ့ဖူးသလို ထင်ရတယ်၊ တစ်စုံတစ်ရာကြောင့် ဒါမှမဟုတ်  တစ်စုံတစ်ယောက်ကြောင့် ဒီလိုဇါတ်ကောင် မျိုးကို ဖန်တီးဖြစ်တာလား။
Paul     သိပ်မသေချာဘူး၊ အပြင်ပန်းအသွင်အပြင်အရတော့ ၆၀ကျော်နှစ်တွေက Divorce, Italian Style ဆိုတဲ့ ရုပ်ရှင်ကားထဲက Marcello Mastroianni နဲ့ တော်တော်ဆင်တယ်၊ မုတ်ဆိတ်နဲ့ အဖြူရောင်ဝတ်စုံက အဲဒီကားထဲက လာတယ်ထင်တယ်၊
            တချို့စရိုက်တွေကတော့ အသံတိတ်လူရွှင်တော် ခေတ်ဦးက Max Linder နဲ့တူတယ်၊ Raymond Griffith အငွေ့အသက်လည်း ပါမယ်ထင်ရဲ့၊ Griffith ရဲ့ ဇါတ်ကားတွေ တော်တော်များများက ပျောက်ကုန်ပြီ၊ အခုအချိန်မှာ သူ့အကြောင်းကတော့ မှေးမှိန် နေပြီပေါ့၊ တချိန်ကတော့ Hector လိုပဲ ကမ္ဘာသိ စမတ်သိပ်ကျတဲ့သူပဲ၊ သူလည်း မုတ်ဆိတ်မွှေးရှိတယ်၊ ဒါပေမယ့် Hector ရဲ့ လှုပ်ရှားဟန်တွေက ပိုပြီးရှင်းလင်းပြီး ပိုပြီး အနုပညာမြောက်တဲ့ ကကွက်တွေ ဖြစ်တယ်။
မေးသူ။ ရုပ်ရှင်ကိုသရုပ်ဖော်တာဟာ တကယ့်ကို စကားလုံးတွေရဲ့ အမြင်ပိုင်းဆိုင်ရာ ထူးခြားတဲ့ လုပ်ဆောင်ချက်ပဲ၊ ဒီစာပိုဒ်တွေကို ဘယ်လိုရေးဖြစ်သလဲ။
Paul     အဓိကက ဟန်ချက်ညီအောင် ရေးနိုင်ဖို့ပါပဲ၊ လှုပ်ရှားမှု အသေးစိတ်ကို၊ မျက်မြင်အခြေအနေအားလုံးကို စာဖတ်သူမျက်စိထဲ မြင်လာအောင် ရေးရပါတယ်၊ တချိန်တည်းမှာပဲ စာကြောင်းတွေဟာ ရုပ်ရှင်ကြည့်နေရသလို မြန်မြန်ရွေ့နေဖို့ လိုပါတယ်၊ သိပ် အသေးစိတ်တွေပါသွားရင် အီနေလိမ့်မယ်၊ အသေးစိတ်မပြောပြန်ရင်လည်း မြင်မှာ မဟုတ်ဘူး၊ အဲဒီအခန်းတွေကို ကျွန်တော် အကြိမ်ကြိမ်ဖတ်ပြီး စိတ်ထဲမှာ ဘဝင်ကျမှ ရှေ့ဆက်ပါတယ်။
မေးသူ။    ဟက်တာရဲ့ရုပ်ရှင်တွေဟာ ဝတ္ထုရဲ့အဓိကအစိတ်အပိုင်းတွေပါ၊ ဒါပေမယ့် အဓိက ဇါတ်ကောင်က ဒေးဗစ်ဇင်မာပါပဲ၊ ဝတ္ထုအစ မှာပဲ သူ့မိန်းမနဲ့သားဟာ လေယာဉ်ပျက်ကျမှုမှာ ပါသွားခဲ့တယ်၊ သူ့အကြောင်းကို ခင်ဗျားရဲ့ အရင်ဝတ္ထုတစ်ပုဒ်ထဲမှာ ကျွန်တော် တို့ သိထားပြီးသားပဲ၊ သူက Moon Palace ထဲမှာ Marco Fogg ရဲ့ သူငယ်ချင်း၊ အဲဒီထဲမှာ သူက Anna Blume ရဲ့ စာကို လက် ခံရရှိပြီး ခင်ဗျားရဲ့ တစ်ခြားဝတ္ထု In the country of last things ရဲ့ အကြောင်းအရာ ဖြစ်လာခဲ့တယ်၊ The Book of Illusions ထဲမှာ Fogg ရဲ့အကြောင်း တိုက်ရိုက်မဖော်ပြပေမယ့် ဇင်မာရဲ့ဒုတိယသားနာမည်ကို မာကိုလို့မှည့်ပြီး သတ်သတ်ပြန်ညွှန်းထား ပြန်ပါတယ်။
Paul     ကျွန်တော် ဇင်မာ့ကို သိတာကြာလှပါပြီ၊ ဒါပေမယ့် သူက အခုအရွယ်ရလာခဲ့ပြီ၊ ကျွန်တော်နဲ့ နောက်ဆုံးတွေ့ပြီးတဲ့နောက်မှာကို အဖြစ်အပျက်တွေအများကြီး ဖြစ်သွားခဲ့ပြီ။
မေးသူ။    The Book of Illusions ဟာ တကယ့်ကို ရှုပ်ထွေးတဲ့ ဇါတ်လမ်းပါ၊ ဒါပေမယ့် သူ့ရဲ့အဓိက အနှစ်အသား ကတော့ ပူဆွေးမှုကို စူးစမ်းတာပါပဲ၊ ကျွန်တော်တို့ဟာ ပျက်ဆီးဆုံးရှုံးမှုတစ်ခုကြုံရပြီး နောက်ဘယ်လို ဆက်နေသွားကြလဲ၊ ကိုယ်ချစ်တဲ့ တစ်စုံတစ် ယောက် သေဆုံးသွားပြီးတဲ့နောက် ကိုယ့်ဘဝကိုယ် ဘယ်လိုပြန်လည်ထူထောင်ကြသလဲ၊ မတူတဲ့ထောင့်က ပြောတာပဲကွာ တယ်၊ Timbuktu မှာ အဓိက လွှမ်းမိုးထားတဲ့အကြောင်းကလည်း အဲဒါပဲ မဟုတ်လား၊ အဲဒီတော့ နောက်တစ်မျိုးမေးရယင် လွန်ခဲ့တဲ့ဆယ်နှစ် ဆယ့်ငါးနှစ်လောက်က ဆိုရင်ရော ဒီလိုစာအုပ်မျိုး ရေးနိုင်မယ်လို့ထင်လား။
Paul     သိပ်မသေချာဘူး၊ အခု ကျွန်တော် ငါးဆယ်ကျော်ပြီ၊ ခင်ဗျားအသက်ရလာတာနဲ့အမျှ အရာရာတိုင်းဟာ ပြောင်းလဲသွားတယ်၊ အချိန်က အကုန်မြန်လွန်းတယ်၊ သင်္ချာနည်းအရပဲ တွက်ကြည့်ကုန်လွန်သွားတဲ့ အချိန်တွေက ကျန်သေးတဲ့အချိန်တွေထက် အများကြီးများနေပြီ၊ ခင်ဗျားရဲ့ ခန္ဓာကိုယ်ကစပြီး ချို့ယွင်းနေပြီ၊ အရင်က မရှိတဲ့ကိုက်ခဲနာကျင်တာတွေ ကြုံလာရမယ်၊ ခင်ဗျား သိတဲ့လူတွေ တစတစ သေဆုံးပျောက်ကွယ်သွားကြမယ်၊ အသက် ၅၀ လောက်မှာ ကျွန်တော်တို့ဟာ တစ္ဆေတွေ ခြောက်ခံလာ ရပြီ၊ အဲဒီတစ္ဆေတွေက ကျွန်တော်တို့အထဲမှာပဲ၊ ကျွန်တော်တို့ဟာ ရှင်နေတဲ့လူတွေထက် သေသွားတဲ့လူတွေနဲ့ ပိုအချိန်ပေးပြီး စကားပြောလာရပြီ၊ လူငယ်တွေအတွက်တော့ ဒါဟာနားလည်နိုင်မှာ မဟုတ်ဘူး၊ အသက်နှစ်ဆယ်အရွယ် လူတစ်ယောက်ဟာ သူသေဆုံးနိုင်တယ်ဆိုတာ မသိဘူးလို့တော့ မဆိုလိုပါဘူး၊ ဒါပေမယ့် လူအိုတစ်ယောက်အတွက်တော့ ခင်တွယ်ရတဲ့သူတွေရဲ့ ဆုံးရှုံးမှုဟာ တကယ့်ကို ကြီးမားလှပါတယ်၊ အဲဒီဆုံးရှုံးမှုတွေ စုပုံလာတဲ့ ခံစားမှုမျိုးကို ခင်ဗျားကိုယ်တိုင် မခံစားဖူးပဲ မသိနိုင်ပါ ဘူး၊ ဘဝဟာ သိပ်တိုတောင်း၊ သိပ်ကို ပျက်စီးလွယ်ပြီး၊ နားမလည်နိုင်စရာပါပဲ၊ အဆုံးမှာတော့ ကျွန်တော်တို့ရဲ့ ဘဝသက်တမ်း တစ်လျှောက် လူဘယ်နှစ်ယောက်ကို အမှန်တကယ် ချစ်ခင်ခဲ့လဲ၊ အနည်းငယ်ပါပဲ၊ အဲဒီ အနည်းငယ်ထဲမှာမှ အများစုကို ဆုံးရှုံး လိုက်ရတဲ့အခါ ကျွန်တော်တို့ အတွင်းထဲက ကမ္ဘာဟာ ပြောင်းလဲသွားပါတော့တယ်၊ ကျွန်တော့် သူငယ်ချင်း George Oppen က အိုမင်းခြင်းနဲ့ပတ်သက်ပြီး ပြောခဲ့ဖူးတယ်၊ကောင်လေးတစ်ယောက်ရဲ့ ထူးခြားဆန်းကြယ်လှတဲ့ အဖြစ်အပျက်တဲ့။
မေးသူ။    ခင်ဗျား ဒီစာကြောင်းကို The Invention of Solitude မှာ ကိုးကားထားတယ်နော်
Paul     အိုမင်းခြင်းနဲ့ပတ်သက်ပြီး ကျွန်တော်ကြားဖူးသမျှထဲမှာ အကောင်းဆုံးမှတ်ချက်ပဲ။
မေးသူ။    Leviathan ထဲမှာ ဇါတ်ကြောင်းပြောသူ Peter Aaron ရေးထားတယ်၊စာအုပ်တစ်အုပ် ဘယ်ကလာသလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူးတဲ့၊ သူ့ကိုရေးတဲ့သူတောင်မှ မသိဘူးတဲ့၊ စာအုပ်တွေဟာ မသိမှု ကနေ မွေးဖွားလာခဲ့တယ်၊ သူတို့ကိုရေးသားပြီး    ရှင်သန်နေတယ်ဆိုရင်တောင် သူတို့ကို နားမလည်နိုင်သေးတဲ့ အချိန်အထိပဲတဲ့၊ ခင်ဗျားရဲ့ ကိုယ်ပိုင်အယူအဆနဲ့ ဘယ်လောက် များနီးစပ်မလဲ။
Paul     ကျွန်တော့်ဇါတ်ကောင်တွေကနေ ကျွန်တော် တိုက်ရိုက်စကားပြောခဲလှပါတယ်၊ ကျွန်တော်နဲ့ ဆင်ကောင်းဆင်မယ်၊ ကျွန်တော့် ရဲ့ ဘဝမျက်နှာစာကို ဌားပြီး ပြောကောင်းပြောမယ်၊ ဒါပေမယ့် ကျွန်တော်ကတော့ သူတို့ကို သီးခြားလူတွေလို့ပဲ ယူဆတယ်၊ ကိုယ်ပိုင်ထင်မြင်ချက်နဲ့ ကိုယ့်ပုံစံနဲ့ ကိုယ်ပြောတဲ့သူတွေပေါ့၊ ဒါပေမယ့် Aaron ပြောတဲ့အမြင်ကတော့ ကျွန်တော့်ကိုယ်ပိုင် အမြင်နဲ့ တူပါတယ်။
မေးသူ။    ဘယ်အချိန်မှာ ခင်ဗျားဝတ္ထုတစ်ပုဒ်ကို တည်ဆောက်လဲ၊ ခင်ဗျားရေးနေတဲ့အချိန် သိစိတ်ရဲ့အပိုင်း ဘယ်လောက်ပါလဲ၊ အစီအစဉ်ချပြီးရေးသလား၊ ဇါတ်ကွက်ကို ကြိုပြင်ထားသလား။
Paul     ဘယ်စာအုပ်ပဲဖြစ်ဖြစ် ခေါင်းထဲမှာ အသံတစ်ခုကြားမှ စတင်တယ်၊ ဂီတလို၊ ကာရန်တစ်စလို၊ အသံနေအသံထားတစ်ခုလိုမျိုး၊ ဝတ္ထုတစ်ပုဒ်ရေးဖို့အားထုပ်ရာမှာ ကျွန်တော်ဟာ အဲဒီအသံကို အမြဲသစ္စာရှိတယ်၊ တကယ့်ကို ဗီဇစိတ်နဲ့ အလိုလိုသိတဲ့ကိစ္စပဲ၊ ဆင်ခြင်တုံတရားနဲ့ ရှင်းပြလို့မရဘူး၊ ဒါပေမယ့် ခင်ဗျားဟာ မှားရေးမိပြီဆိုရင်လဲ ချက်ခြင်းသိသလို ကိုယ့်ရဲ့ပစ်မှတ်ကို ထိမှန် သွားပြီဆိုရင်လဲ အသေအချာကို သိနေခဲ့တယ်။
မေးသူ။    ဝတ္ထုရေးတဲ့အခါ ဟိုခုန်သည်ခုန် လုပ်တတ်လား၊
Paul     မလုပ်ပါဘူး၊ စာအုပ်တိုင်းက ပထမဆုံးဝါကျကနေ နောက်ဆုံးဝါကျအထိ တောက်လျှောက်ရေးတာပဲ၊ အစဉ်လိုက်ပဲ၊ တစ်ကြိမ် မှာ စာတစ်ပိုဒ်၊ ကျွန်တော်ဟာ ဝတ္ထုရဲ့လမ်းကြောင်းကို အာရုံရတတ်တယ်၊ မစခင်ကတည်းက ပထမဆုံးစာကြောင်းကို ရတယ်၊ အဲဒီလိုပဲ နောက်ဆုံးစာကြောင်းကိုလည်း အာရုံရတတ်တယ်၊ ဒါပေမယ့် ရေးနေစဉ်တောက်လျှောက်ကတော့ ပြောင်းနေတာပဲ၊ အခုထုတ်ဝေဖူးသမျှစာအုပ်တိုင်းက ကျွန်တော်မျှော်မှန်းထားတဲ့အတိုင်း ထွက်လာတာ တစ်အုပ်မှမရှိဖူး၊ ရေးနေစဉ်တလျှောက် မှာ တစ်ချို့ ဇါတ်ကောင်တွေ၊ ဇါတ်ကွက်တွေက ပျောက်သွားကြပြီး တခြားဇါတ်ကောင်တွေ ဇါတ်ကွက်တွေ ပေါ်လာကြတယ်၊ ရေးနေဆဲ စာအုပ်တစ်အုပ်ကို ကြည့်လိုက်ပါ၊ ဒါဟာ စာရေးခြင်းရဲ့ စွန့်စားခန်းပါပဲ၊ တကယ်လို့များကြိုတင်ပြီး ပုံစံချထားရင်တော့ သိပ်စိတ်ဝင်စားဖို့ကောင်းမှာ မဟုတ်ဘူး။
မေးသူ။    ခင်ဗျားစာအုပ်တွေက ပေါ့ပေါ့ပါးပါး တည်ဆောက်ထားသလိုပဲ၊ ဒါဟာ ခင်ဗျား မြတ်နိုးတဲ့စတိုင်လား၊
Paul     The book of Illusions က ရေးနေစဉ်တစ်လျှောက် အကြီးအကျယ်ပြောင်းနေတာပဲ၊ နောက်ဆုံးစာပိုဒ်ရောက်တဲ့အထိ ဝတ္ထုနဲ့ ပတ်သက်လို့ ကျွန်တော့်ရဲ့ စိတ်ကူးတွေကို ပြန်ချိန်ဆနေတုန်းပဲ၊ Timbuktu ဟာ မူလက အတော်ရှည်တဲ့စာအုပ်၊ Willy နဲ့ Mr.Bones တို့က နဂိုလ်က အရန်ဇါတ်ကောင်တွေပါ၊ ဒါပေမယ့် ပထမတစ်ခန်းရေးပြီးတော့ သူတို့ကို သဘောကျသွားတာနဲ့ ကျွန်တော့်ရဲ့ မူလအစီအစဉ်ကို ဖျက်ပစ်ရတော့တယ်၊ ဇါတ်ကွက်မရှိတော့ပဲ သူတို့နှစ်ယောက်အကြောင်း ခံစားမှုအပြည့်နဲ့ ရေး ထားတဲ့ စာအုပ်ပါးကလေး ဖြစ်သွားတယ်၊ Mr.Vertigo ဆိုရင်လည်း စာမျက်နှာ ၃၀-၄၀ ရှိတဲ့ အတိုလေးတစ်ပုဒ်အနေနဲ့ ရေးတာ ပဲ၊ ဒါပေမယ့် ရေးရင်းနဲ့ ဝတ္ထုက သူ့ဘာသာ သူအသက်ဝင်လာပြီး ထိန်းချုပ်လို့ မရတော့ဘူး၊ စာရေးရတာ အမြဲဒီလိုပဲ၊ သိစိတ်ရှိ ရာ တဖြေးဖြေး စမ်းတဝါးဝါးလျှောက်သွားရတာမျိုး။
မေးသူ။    တစ်ကြိမ်ကို စာတစ်ပိုဒ် ဆိုတာကို နဲနဲရှင်းပြပါဦး
Paul     စာပိုဒ်တွေဟာ ကျွန်တော့်ဖွဲ့စည်းမှုမှာ သဘာဝအတိုင်းရှိနေတဲ့ ယူနစ်တွေပဲ၊ ကဗျာရဲ့ယူနစ်က စာကြောင်းဖြစ်သလို စကားပြေ ရဲ့ယူနစ်က စာပိုဒ်ပဲ၊ ကျွန်တော်တော့ အဲဒီလိုပဲ ယူဆတယ်၊ ကျွန်တော်ဟာ စာပိုဒ်တစ်ပိုဒ်ကိုပဲ သဘာဝကျကျ ကျေနပ်လာတဲ့ အထိ ရေးတယ်၊ သူ့ကို စိတ်ကြိုက်ပုံပေါ်အောင် ဟန်ချက်မျှအောင် အသံထွက်လှအောင် အကြိမ်ကြိမ်ပြန်ရေးတယ်၊ ကြည့်လိုက် ရင် ရေးထားတာ အားထုတ်ထားတာ မဟုတ်သလို ထင်ရတဲ့အထိ၊ စာတစ်ပိုဒ်ကို ရေးရတာ တစ်ရက် သို့မဟုတ် နေ့တစ်ပိုင်း    ဒါမှမဟုတ် တစ်နာရီ တခါတရံ သုံးရက်လောက်လည်း ကြာသွားနိုင်တယ်၊ ပြီးပြီလို့ထင်တာနဲ့ လက်နှိပ်စက်နဲ့ ရိုက်ပြီး အချောပြန် ကူးပြီး ကြည့်တယ်၊ ဒီတော့ စာအုပ်တစ်အုပ်မှာ ရေးလက်စလက်ရေးမူနဲ့ သူ့နံဘေးမှာ လက်နှိပ်စက်မူရှိတယ်၊ ထုံးစံအတိုင်း နောက်ပိုင်းကျရင်တော့ လက်နှိပ်စက်မူကို ပြန်ကြည့်ပြီး ကြိမ်ဖန်များစွာ ပြင်ရေးပါလေရော။
မေးသူ။    တဖြေးဖြေးနဲ့ စာရွက်တွေပုံလာတယ်ပေါ့။
Paul     ဟုတ်တယ်၊ အရမ်းနှေးတယ်။
မေးသူ။    ခင်ဗျားရေးထားတာတွေကို မပြီးခင် တစ်ယောက်ယောက်ကို ပြသေးလား။
Paul     Siri ကို ပြတယ်၊ သူက ကျွန်တော့်ရဲ့ပထမဆုံးပိရိသတ်ပဲ၊ ကျွန်တော်ဟာ သူမရဲ့ အကဲဖြတ်ချက်ကို လုံးဝယုံကြည်စိတ်ချထား တယ်၊ ကျွန်တော် ဝတ္ထုတစ်အုပ်ရေးတိုင်း တစ်လတစ်ခါဖြစ်ဖြစ် စာမျက်နှာ ၂၀-၃၀ စုမိရင်ပဲဖြစ်ဖြစ် အမြဲဖတ်ပြတယ်၊ အသံ ထွက်ပြီးဖတ်တော့ ကျွန်တော့်စာအုပ်ကို ဆန္ဒစွဲကင်းကင်းဖတ်လို့ရတယ်၊ ဘယ်နေရာမှားနေလဲ၊ ဘယ်နေရာမှာတော့ ပြောချင်တဲ့ အရာကို မပြနိုင်ခဲ့ဘူးစသဖြင့် နားနဲ့ကြားနေရတယ်၊ Siri က ပြီးရင် မှတ်ချက်ပေးတယ်၊ သူမဟာ အဲဒီလို ကျွန်တော့်ဝတ္ထုတွေကို အကဲဖြတ်နေခဲ့တာ အခုဆို ၂၂နှစ် ရှိခဲ့ပြီ၊ သူမပြောသမျှကလည်း မှတ်သားဖို့ကောင်းလောက်အောင် မှန်နေတတ်တယ်၊ ကျွန်တော်ဟာ သူမ အကြံပေး သမျှကို ဘယ်တော့မဆို အမြဲလိုက်နာခဲ့တယ်။
မေးသူ။    သူ့လက်ရာတွေကိုရော ခင်ဗျား ဖတ်သလား။
Paul     ဟုတ်ကဲ့၊ သူ ကျွန်တော့်ကို အကြံပေးသလိုမျိုး၊ ကျွန်တော်ကြိုးစားပြီး သူ့ကို ကူညီပါတယ်၊ စာရေးဆရာတိုင်းဟာ ယုံကြည်ရ တဲ့ စာဖတ်သူလိုပါတယ်၊ ခင်ဗျားလုပ်နေတဲ့အပေါ်မှာ စာနာနားလည်ပြီး ခင်ဗျားအလုပ်ကိုလည်း တတ်နိုင်သလောက် ကောင်း စေချင်သူမျိုးပေါ့၊ ဒါပေမယ့် ရိုးသားဖို့တော့လိုမယ်၊ ဒါဟာ အခြေခံလိုအပ်ချက်ပဲ၊ စိတ်မပါပဲ ချီးမွမ်းတာတွေ၊ ဟန်ဆောင်ပြီး ပုခုံး ပုတ်တာတွေ၊ မုသားတွေ မရှိဖို့လိုပါတယ်။
မေးသူ။    ၁၉၉၂ တုန်းက Leviathan မှာ ခင်ဗျားက Don DeLillo ကို ရည်စူးခဲ့တယ်၊ ၁၁ နှစ်အကြာ သူကလည်း Cosmopolis မှာ ခင်ဗျားကို ရည်စူးခဲ့တယ်၊ ခင်ဗျားတို့ဟာ ရှည်ကြာတဲ့ခင်မင်မှုနဲ့ တစ်ယောက်ဖန်တီးမှုအပေါ် တစ်ယောက်လေးစားမှုရှိတယ် ဆို တာကို ပြနေခဲ့တယ်၊ တခြား ခေတ်ပြိုင် စာရေးဆရာတွေထဲက အခုနောက်ပိုင်းဖတ်ဖြစ်တာတွေ။
Paul     အတော့်ကို နည်းပါတယ်၊ Peter Carey, Russell Banks, Philip Roth, E.L.Doctorow, Charles Baxter, J.M.Coetzee, David Grossman, Orhan Pamuk, Salman Rushdie, Michael Ondaatje, Siri Hustvedt ဒါက အခုမှတ်မိသလောက် ပြော တာ၊ ခင်ဗျားမနက်ဖြန်လာမေးယင် ဒီစာရင်းနဲ့ မတူတဲ့နာမည်တွေ ရွတ်ပြလိမ့်မယ်၊ လူအများထင်တာနဲ့ ပြောင်းပြန်ပဲ ဒီနေ့ခေတ် ဝတ္ထုတွေဟာ အရင်လို ကျန်းမာသန်စွမ်းဆဲပါပဲ၊ အဆိုးမြင်သမားတွေ ပြောသလို ဘယ်တော့မှ ခြေကုန်လက်ပန်းကျသွားနိုင်တဲ့ ပုံစံတစ်မျိုးမဟုတ်ပါဘူး၊ ဘယ်တော့မှ သေဆုံးနိုင်မှာ မဟုတ်ပါဘူး။
မေးသူ။    ခင်ဗျား ဘယ်လိုလုပ် အသေအချာ ပြောနိုင်တာလဲ။
Paul ။ဘာကြောင့်ဆို ဝတ္ထုဟာ ကမ္ဘာပေါ်မှာ သူစိမ်းနှစ်ယောက် ရင်းရင်းနှီးနှီးတွေ့ဆုံနိုင်မယ့် တစ်ခုတည်းသောနေရာမို့လို့ပေါ့။ စာရေး သူနဲ့ စာဖတ်သူဟာ စာအုပ်တစ်အုပ်ကို အတူဖန်တီးကြတယ်၊ ဘယ်အနုပညာမှ ဒီလိုမလုပ်နိုင်ဘူး၊ တခြားဘယ်အနုပညာမှ လူသားဘဝရဲ့ အတွင်းကျကျအထိ မဖမ်းဆုပ်နိုင်ပါဘူး။
မေးသူ။    ခင်ဗျားရဲ့ ဝတ္ထုသစ် Oracle Night ဒီနှစ်အကုန် ထွက်လာလိမ့်မယ်၊ ဒါဟာ The Book of Illusions ထွက်ပြီး ၁၅ အကြာ မှာ ထွက်လာတာပဲ၊ ခင်ဗျားဟာ ရေးအားကောင်းတဲ့သူပေမယ့် ဒါကတော့ စံချိန်သစ်ဖြစ်မယ်ထင်တယ်၊
Paul     တကယ်တော့ Oracle Night ကို ကျွန်တော်စတာ The Book of Illusions မတိုင်ခင်ထဲကပါ၊ ပထမ စာမျက်နှာ ၂၀ လောက် ရေးပြီး ရပ်သွားတယ်၊ ကျွန်တော်ဟာ ကိုယ်ဘာရေးချင်တာလဲ သေသေချာချာ မသိသေးဘူးဆိုတာ သဘောပေါက်သွားတယ်၊ The Book of Illusions က အကြမ်းဖျင်း သုံးနှစ်လောက် အချိန်ယူရေးရတယ်၊ အဲဒီအချိန်မှာ Oracle Night ကို တစ်ဖက်က ဆက်စဉ်းစားနေခဲ့တယ်၊ နောက်တခါ ပြန်ကိုင်တဲ့အခါကျတော့ အရမ်းကို သွက်လာတယ်၊ ကျွန်တော့်စိတ်ထဲမှာ အိပ်မွေ့ချထား သလို မသိတသိ အခြေအနေမျိုးနဲ့ ရေးနေမိသလိုပဲ။
မေးသူ။    ချောချောမောမော ရွက်လွှင့်ရသလိုမျိုးလား၊ လမ်းမှာ အခက်အခဲတွေ မကြုံဖူးလား။
Paul     မကြုံဖူး၊ အဆုံးသတ်ခါနီး စာမျက်နှာ ၂၀ လောက်အထိ ချောချောမောမောပဲ၊ စရေးတုန်းက ကျွန်တော့်စိတ်ထဲမှာ တခြား အဆုံးသတ်တစ်မျိုးကို ကြံရွယ်ထားတယ်၊ ဒါပေမယ့် စာအုပ်ကို မူလ အစီအစဉ်အတိုင်းရေးရတာ အကြိုက်မတွေ့ဘူး၊ အရမ်း လူမဆန်၊ အရမ်းသည်းထိပ်ရင်ဖိုဆန်ပြီး စာအုပ်ရဲ့ လေသံကို သိပ်အလေးမထားသလို ဖြစ်နေတယ်၊
            အဲဒီမှာ အပတ်ပေါင်းများစွာ ရပ်နေပြီး စာအုပ်ကို ခဏလောက် အဆုံးမသတ်ပဲထားဖို့ စဉ်းစားလိုက်တယ်၊ ဝတ္ထုထဲက Sydney ရဲ့ ဝတ္ထုလိုမျိုးပေါ့၊ ကျွန်တော်ဟာ ကျွန်တော့်စီမံချက်နဲ့ ကျွန်တော် ကျိန်စာမိနေသလို ဖြစ်နေတယ်၊ ကျွန်တော့်ဇါတ်လိုက်တွေ ကြုံရသလိုမျိုး ရုန်းကန်နေရတယ်၊ ဒါပေမယ့် ကံကောင်းထောက်မစွာပဲ နောက်ဆုံးမှာတော့ အလိုအလျောက် ခေါင်းထဲပေါ်လာ ပြီး နောက်ဆုံးစာမျက်နှာ ၂၀ ကို ဆက်ရေးနိုင်ခဲ့တယ်၊
မေးသူ။    ခုနလေးတင် ခင်ဗျားကရင်းနှီးမှုဆိုတဲ့ စကားလုံးကို သုံးသွားတယ်၊ ဒါဟာ ဒီစာအုပ်နဲ့ပတ်သက်ပြီး စိတ်ထဲကို စီးဝင်လာတဲ့ ပထမဆုံးစာလုံးပဲ။ ဒီစာအုပ်ဟာ အရမ်းကို ရင်းနှီးကျွမ်းဝင်မှုရှိတဲ့ဝတ္ထုဖြစ်ပြီး ခင်ဗျားရေးဖူးသမျှထဲမှာ အဖမ်းစားနိုင်ဆုံးဖြစ်မယ် ထင်တယ်။
Paul  ဟုတ်တယ်၊ ဇါတ်ကောင်နဲနဲနဲ့ အဖြစ်အပျက်တွေအားလုံးက နှစ်ပတ်အတွင်း အားလုံးဖြစ်ပျက်သွားခဲ့တယ်၊ အရမ်းကို ကျစ် လျစ်လွန်းတယ်၊ အင်္ဂါအစိတ်အပိုင်းတွေ ချိတ်ဆက်ပါရှိနေတဲ့ ထူးဆန်းတဲ့သတ္တဝါလေးလိုပဲ။
မေးသူ။    ခင်ဗျားအရင်မသုံးဖူးတဲ့အရာတွေလည်း သုံးထားတယ်နော်၊ ဥပမာ- အောက်ခြေမှတ်စုမျိုး။
Paul     ကျွန်တော့် ပင်ကိုယ်စိတ်ကူးမဟုတ်ပါဘူး၊ ဒါပေမယ့် ဒီဝတ္ထုအတွက်တော့ လိုတယ်လို့ထင်လို့ပါ၊ ပင်မစာသားတွေကတော့ အဖြစ်အပျက်တွေဖြစ်ပွားနေတဲ့ နှစ်ပတ်တာပစ္စုပ္ပန်ကာလနဲ့ ဆိုင်တယ်၊ အဲဒီဇါတ်ကြောင်းပြောကိုလည်း အရှိန်မပြတ်စေချင်ဘူး လေ၊ ဒီတော့ အတိတ်ကအကြောင်းတွေကို အောက်ခြေမှတ်စုသုံးပြီး ပြောလိုက်တဲ့သဘောပါ။
မေးသူ။    ခင်ဗျားဟာ ရှေ့စာအုပ်တွေမှာ ပုံတွေထည့်လေ့ရှိတယ်နော်၊ City of Glass နဲ့ Mr.Vertigo မှာ မြေပုံတွေပါပြီး Oracle Night မှာတော့ ၁၉၃၇-၃၈ Warsaw တယ်လီဖုန်းစာအုပ် ဓါတ်ပုံနှစ်ပုံပါတယ်၊ အဲဒီပုံတွေက အရမ်းကို ခြောက်ခြားစေပြီး ထိရောက်လှ ပါတယ်၊ ဒီစာအုပ်တွေဘယ်လိုရလာပြီး ဒီဓါတ်ပုံတွေကို ဘယ်လိုစိတ်ကူးနဲ့ စာအုပ်ထဲထည့်သွင်းဖို့ စိတ်ကူးရတာလဲ၊
Paul     ၁၉၉၈ မှာ Warsaw ကို ပထမဆုံးရောက်တယ်၊ အဲဒီစာအုပ်ကို ကျွန်တော့်ရဲ့ ပိုလန်ထုတ်ဝေသူက ကျွန်တော့်ကို လက် ဆောင်အနေနဲ့ ပေးခဲ့တာ၊ အဲဒီထဲမှာ Auster တစ်ယောက် ပါတယ်၊ သေချာပါတယ် နောက်နှစ် အနည်းငယ်အကြာမှာ ဒီလူ နာဇီတွေသတ်တဲ့အထဲပါသွားပါလိမ့်မယ်၊ Oracle Night ထဲက ဇါတ်ကြောင်းပြောသူ Sidney ဟာလည်း သူ့ရဲ့အမျိုးတစ် ယောက်ဖြစ်နိုင်တဲ့ လူတစ်ယောက်ရဲ့နာမည်ကို ရခဲ့တယ်၊ ဒီစာအုပ်ဟာ စိတ်ကူးသက်သက် မဟုတ်ဘူး၊ တကယ်ရှိတယ်ဆိုတာ သက်သေပြဖို့ လိုလာခဲ့တယ်၊ စာအုပ်တစ်အုပ်လုံး ကလည်း နှစ်ဆယ်ရာစု သမိုင်းနဲ့ ပြည့်နှက်နေတယ်၊ ဒုတိယကမ္ဘာစစ်၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေ၊ ပထမကမ္ဘာစစ်၊ တရုတ်ယဉ်ကျေးမှုတော်လှန်ရေး၊ ကနေဒီ လုပ်ကြံခံရမှု စသဖြင့် ဖြတ်ခနဲ ကြည့်လိုက်တာနဲ့ ဒီစာအုပ်ဟာ အချိန်အကြောင်းရေးထားတဲ့ စာအုပ်ပဲဆိုတာသိနိုင်မယ်၊ ဒီတော့ အကိုးအကားတွေဟာ ဒီ စာအုပ်ရဲ့ အဓိကအစိတ်အပိုင်း ဖြစ်လာတာပေါ့။
မေးသူ။    Oracle Night က ခင်ဗျားရဲ့ ၁၁ အုပ်မြောက်ပဲ၊ ဝတ္ထုရေးလာတာ နှစ်နဲ့ချီခဲ့ပြီဆိုတော့ ပိုပြီးလွယ်ကူလာခဲ့သလား။
Paul     ကျွန်တော်တော့ အဲဒီလိုမထင်ဘူး၊ စာအုပ်တိုင်းက အသစ်ပဲ၊ တစ်ခါမှမရေးဖူးတဲ့စာအုပ်ပဲ၊ ရေးရင်းနဲ့ပဲ ကိုယ့်ကိုယ်ကို ပြန် သင်ကြားသွားရတာမျိုး၊ အရင်ရေးဖူးတဲ့စာအုပ်တွေက ဒီစာအုပ်မှာ ဘယ်လိုအခန်းကဏ္ဍမှ မပါဝင်နေဘူး၊ ကျွန်တော်ဟာ အမြဲ တမ်း စာစရေးသူတစ်ယောက်လိုပဲ ခံစားရတယ်၊ ဒီလိုပဲ အမြဲအခက်အခဲတွေ၊ ပိတ်ဆို့နေတာတွေ၊ စိတ်ပျက်စရာတွေ ကြုံနေရ တာပဲ၊ စာရေးဆရာ တစ်ယောက်အနေနဲ့ အမှားတွေ လုပ်မိနေတုန်းပဲ၊ ဝါကျအညံ့စားတွေ၊ သုံးမရတဲ့ စိတ်ကူးတွေကို ဖျက်ပစ် နေရတုန်းပဲ၊ တန်ဖိုးမရှိတဲ့ စာမျက်နှာတွေကို ဖြဲပြီးလွှတ်ပစ်နေရတုန်းပဲ၊ နောက်ဆုံးမှာတော့ ကိုယ်ဟာ ဘယ်လောက်ညံ့ဖျင်း သလဲဆိုတာ သိလာတာပဲရှိတယ်၊ ဒါဟာ မော်ကြွားစရာမရှိတဲ့ အလုပ်မျိုးပဲ။
မေးသူ။    တွေးကြည့်လို့တောင်မရဘူးနော်၊ ခင်ဗျားရဲ့ ပထမဆုံးဝတ္ထု City of Glass ကို အမေရိကန်ထုတ်ဝေသူ ၁၇ ယောက်က ငြင်းခဲ့ ဖူးတယ်၊ အခု အနှစ်နှစ်ဆယ် အကြာမှာတော့ ခင်ဗျားရဲ့ စာအုပ်တွေကို ကမ္ဘာမှာ ဘာသာစကားသုံးဆယ်ကျော်နဲ့ ပြန်ဆိုနေရပြီ၊ ခင်ဗျားရဲ့ ထူးဆန်းလှတဲ့ အသက်မွေးဝမ်းကျောင်းကို ရပ်ပြီးမစဉ်းစားမိဘူးလား၊ ကြိုးစားမှုနဲ့ စိတ်ရှည်သည်းခံမှုက ခင်ဗျားကို အောင်မြင်မှုဆီ ပို့ဆောင်ပေးခဲ့တာလား။
Paul     ကျွန်တော်မစဉ်းစားမိဖို့ ကြိုးစားပါတယ်၊ ကျွန်တော့်ကိုယ် ကျွန်တော် အပြင်ကပြန်မြင်ဖို့ခက်ပါတယ်၊ အဲဒီလိုလုပ်ဖို့ ကျွန်တော့် စိတ်က မတတ်နိုင်ဘူး၊ အထူးသဖြင့် ကျွန်တော့်အလုပ်နဲ့ ပတ်သက်လာခဲ့ရင်ပေါ့၊ ကျွန်တော့်အလုပ်တွေအပေါ် တခြားသူတွေ ကသာ အကဲဖြတ်ကြပါစေ၊ ဒီမေးခွန်းရဲ့အဖြေကို ကျွန်တော် မမှန်းဆချင်ဘူး၊ ဖြေနိုင်ရင်တော့ကောင်းတာပေါ့၊ ဒါပေမယ့် ကိုယ့် ကိုယ်ကို အပြင်ကရော အတွင်းကပါ မြင်ဖို့အထိတော့ ကျွန်တော် မကျွမ်းကျင်တာအမှန်ပဲ။

ဒီနိုဗို ပြန်ဆိုသည်
၂၃ ဂျူလိုင် ၂၀၁၁
Ref:
Paul Auster, The Art of Fiction No.178
Paris Review
Interviewed by Michael Wood

No comments: