Tuesday, March 5, 2013

ပေါလ်အော်စတာနှင့် စကားပြောခြင်း အပိုင်း (၂)



မေးသူ။     ခင်ဗျားက စာပေအမျိုးအစားအတော်များများ ကိုင်တွယ်ခဲ့ဘူးတယ်၊ ကဗျာနဲ့ ဝတ္ထုတင်မကဘူး၊ ဇါတ်ညွှန်းလည်းပါတယ်၊ ကိုယ်တိုင် ရေးအတ္ထုပ္ပတ္တိ၊ ဝေဖန်ရေး၊ ဘာသာပြန်၊ တစ်ခုနဲ့တစ်ခု ဆက်နွယ်မှုရှိလား၊ သီးသန့်အလုပ်တွေပဲလား။
Paul        ။ ဆက်နွယ်မှု မရှိတာတော့လည်း မဟုတ်ဘူး၊ ဒါပေမယ့် အရေးကြီးတဲ့ ကွဲပြားမှုတွေရှိတယ်၊ အချိန်အခါကလည်း ထည့်သွင်း စဉ်းစားရမယ့်အချက်၊ ကျွန်တော့်ရဲ့အတွင်းပိုင်းဖွံ့ဖြိုးမှုပေါ့၊ ကျွန်တော် ဘာသာပြန်ခြင်းနဲ့ ဝေဖန်ရေးကို မလုပ်ဖြစ်တာ နှစ်ပေါင်း များစွာ ကြာခဲ့ပြီ၊ ဒါတွေက ကျွန်တော် ငယ်ငယ်ကတည်းက စိတ်ကိုလွှမ်းမိုးထားတဲ့ အလုပ်တွေ၊ ကျွန်တော် ဆယ်ကျော်သက် အရွယ်ကနေ သုံးဆယ်မတိုင်မီအထိပေါ့၊ ဒီနှစ်မျိုးလုံးကလည်း အခြားစာရေးဆရာတွေကို သူတို့ဘယ်လို စာရေးဆရာ ဖြစ်လာ သလဲဆိုတာ ရှာဖွေလေ့လာတဲ့အလုပ်တွေပဲ၊ ကျွန်တော့်ရဲ့စာပေ အလုပ်သင်ကာလလို့လဲ ဆိုချင်ဆိုပေါ့၊ ကျွန်တော် ဘာသာပြန် ခြင်းနဲ့ ဝေဖန်ရေးကို အဲဒီအချိန်ကတည်းက နဲနဲစမ်းဖူးတယ်၊ ဒါပေမဲ့လည်း ဒါနဲ့ပတ်သက်ပြီး ဘာမှ ပြောစရာမရှိခဲ့ပါဘူး၊ ကျွန်တော် နောက်ဆုံးရေးခဲ့တဲ့ ကဗျာက ၁၉၇၉ တုန်းက။
မေးသူ။     ။ ဘာဖြစ်သွားတာလဲ၊ ဘာဖြစ်လို့ လက်လျော့လိုက်တာလဲ
Paul        ။ ကျွန်တော့်ရှေ့မှာ နံရံကြီးခံနေတယ်၊ ကျွန်တော် ၁၀ ဆယ်နှစ်လောက် ကဗျာ ရေးသားခြင်းအပေါ်မှာပဲ အားကုန်ထည့်ထားခဲ့ တယ်၊ တစ်ချိန်မှာ ကျွန်တော်ဟာ မအောင်မြင်နိုင်ဘူးဆိုတာ သဘောပေါက်လိုက်တယ်၊ ကျွန်တော် အကျပ်ရိုက်နေခဲ့တယ်၊   တကယ့်ကို မှောင်မဲနေတဲ့ကာလ၊ ကျွန်တော့်စိတ်ထဲမှာ စာရေးဆရာဘဝကို ပြီးဆုံးသွားပြီလို့တောင် ထင်မိတယ်။
မေးသူ။     ။ ခင်ဗျားဟာ ကဗျာဆရာတစ်ယောက်အနေနဲ့ သေဆုံးသွားခဲ့ပေမယ့် ဝတ္ထုရေးဆရာတစ်ယောက်အဖြစ် ပြန်လည်မွေးဖွားလာခဲ့ တယ်၊ ဘယ်လို လိုင်းပြောင်းလာသလဲ ဆိုတာလေး။
Paul        ။ စာပေဖန်တီးဖို့ အရမ်းဂရုတစိုက်နဲ့၊ အလေးထားနေရာကနေ ဘာကိုမှ ဂရုမစိုက်တော့ဘူးလို့ သဘောထားလိုက်တဲ့ အခိုက် အတန့်မှာ အဲဒီလိုဖြစ်သွားတာပဲ၊ ကြားရတာ နဲနဲတော့ဆန်းနေမယ်၊ ဒါပေမယ့် ရှေ့မဆက်နိုင်ပဲ ရပ်တန့်နေတဲ့နေရာမှာပဲ ဆော့ ကစားနေမိယင်း စကားလုံးတွေဟာ စကားပြေအဖြစ် ပြန်လည်ထွက်ပေါ်လာခဲ့တော့တယ်၊ ကွာခြားသွားတဲ့ အဓိကအချက်က ကြိုတင်သတ်မှတ်ချက်တွေ၊ ဘယ်လိုအသံမျိုးထွက်လာမှာလဲဆိုတာတွေကို အရင်လိုတွေးမပူပဲ၊ မစဉ်းစားပဲ၊ ပြောဖို့လိုရင် ပြော လိုက်တာပါပဲ၊ ဒါဟာ ၇၀ ခုနှစ်နှောင်းပိုင်းတွေမှာပေါ့၊ အဲဒီကတည်းက ဒီစိတ်ဓါတ်နဲ့ပဲ တောက်လျှောက်လုပ်သွားခဲ့တယ်။
မေးသူ။     ။ ခင်ဗျားရဲ့ ပထမဆုံးစကားပြေစာအုပ်က ၁၉၇၉-၈၀ လောက်က ထွက်ခဲ့တဲ့ The Invention of Solitude ဝတ္ထုမဟုတ်တဲ့ အရေးအသား၊ အဲဒါပြီးတဲ့နောက် သုံးအုပ်တွဲ The New York Triology ထွက်လာတယ်၊ အဲဒီ မတူတဲ့ပုံစံနှစ်မျိုးကို ရေးသားရတဲ့ ကွာခြားချက်ကို ထောက်ပြပေးနိုင်မလား။
Paul        ။ အားထုပ်မှုကတော့ မတူတူပါပဲ၊ သင့်တော်တဲ့ ဝါကျမျိုးတွေလိုတာလဲ အတူတူပါပဲ၊ ဒါပေမယ့် ဝတ္ထုအရေးအသားမှာ စိတ်ကူး တွေးထင်ရတာ ပိုလွတ်လပ်ပြီး၊ ပိုပြီးလိုရာထိန်းကြောင်းနိုင်တယ်၊ တစ်ဖက်မှာလည်း လွတ်လပ်မှုက ကြောက်စရာကောင်းတယ်၊ နောက်ထပ်ဘာလာမလဲ၊ နောက်တစ်ကြောင်းဟာ ကိုယ့်ကိုချောက်ထဲဆွဲချသွားမယ့်အကြောင်းလား ဆိုတာကိုဘယ်လိုသိနိုင် မလဲ၊ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိလိုမျိုးကျတော့ ဇါတ်လမ်းကရှိပြီးသား၊ အဓိကအလုပ်က အမှန်အတိုင်းပြောဖို့ပဲ၊ ဒါဟာလည်း လွယ်ကူတဲ့အလုပ်တော့မဟုတ်ပါဘူး၊ Invention of Solitude ရဲ့ နိဒါန်းအဖွင့်မှာ ကျွန်တော် Heraclitus ရဲ့ စာကြောင်းတစ် ကြောင်းကို ယူသုံးထားတယ်၊အမှန်တရားကို ရှာဖွေရာမှာ မမျှော်လင့်တာတွေအတွက် အသင့်ပြင်ထားပါ၊ ဘာကြောင့်ဆို ၎င်း ကို ရှာဖွေရတာ ခက်ခဲပြီး တွေ့ခဲ့ယင်လည်း အမြဲပဟေဋိဖြစ်နေတတ်လို့ပဲတဲ့၊ Guy Davenport ရဲ့ သပ်ရပ်လှပတဲ့ ဘာသာပြန် လက်ရာပါ၊ အဆုံးမှာတော့ အရေးအသားက အရေးအသားပါပဲ၊ The invention of solitude ဟာ ဝတ္ထုမဟုတ်တဲ့ အရေး အသားဖြစ်ပေမယ့် ကျွန်တော်ရဲ့ ဝတ္ထုတွေမှာ အမြဲကိုင်တွယ်နေရတဲ့ မေးခွန်းတွေကိုပဲ ဖော်ထုတ်သွားတာပါပဲ၊ ဒါဟာ ကျွန်တော့်ဖန်တီးမှု အလုပ်တွေအားလုံးရဲ့ အခြေခံလို့လည်း ပြောလို့ရတယ်။
မေးသူ။     ။ ခင်ဗျားရဲ့ ဇါတ်ညွှန်းတွေကရော၊ Smoke, Blue in the face, နဲ့ lulu on the bridge ရုပ်ရှင်တွေမှာ ခင်ဗျားပါခဲ့တယ်၊ ဝတ္ထု ရေးရတာနဲ့ ဇါတ်ညွှန်းရေးရတာ ကွာခြားချက်။
Paul        ဇါတ်လမ်းကိုပြောနေတာ တစ်ခုကလွဲရင် ဘာမှကိုမတူပါဘူး၊ နည်းလမ်းတွေကလည်း လုံးလုံးကို ကွဲပြားပါတယ်၊ ဝတ္ထုက ဇါတ် ကြောင်းပြောသက်သက်ပါပဲ၊ ဇါတ်ညွှန်းကတော့ ပြဇါတ်နဲ့ဆင်တယ်၊ အားလုံးသော ပြဇါတ်အရေးအသားတွေနဲ့ ဆင်တယ်၊ စကားလုံးတွေက စကားပြောအနေနဲ့ပဲ ရှိတယ်၊ ပုံမှန်အားဖြင့် ကျွန်တော့်ဝတ္ထုတွေက သိပ်စကားမပြောကြတော့ ကျွန်တော့်မှာ စာရေးနည်းအသစ်တစ်မျိုးကို အစကနေပြန်လေ့လာရပါတယ်၊ ပုံရိပ်တွေနဲ့ တွေးတောတတ်ဖို့၊ သက်ရှိလူတစ်ယောက်ရဲ့ ပါးစပ် ထဲကို စကားလုံးတွေ တပ်ဆင်ပေးဖို့ ကိုယ့်ဘာသာကို သင်ကြားရပါတယ်။
                ဇါတ်ညွှန်းဟာ ဝတ္ထုထက်ပိုတင်းကျပ်တဲ့ ပုံသဏ္ဍန်တစ်မျိုးပါပဲ၊ သူ့ပုံစံနှင့် သူလုပ်နိုင်တာ မလုပ်နိုင်တာတွေ၊ အကောင်းအဆိုးတွေ တော့ ရှိတာပေါ့၊ ဥပမာ အချိန်ကာလနဲ့ ပတ်သက်ပြီး စာအုပ်နဲ့ ရုပ်ရှင်မှာ အလုပ်လုပ်ပုံမတူကြပါဘူး၊ ဝတ္ထုမှာ အချိန်ကာလ အရှည်ကြီးကို စာတစ်ကြောင်းနဲ့ ချုံ့လိုက်လို့ရတယ်၊မနက် မနက် လမ်းလျှောက်ပြီး လမ်းထောင့်က သတင်းစာဆိုင်မှာ The Daily Bulge တစ်စောင် အမြဲဝယ်ခဲ့တာ အခုဆို အနှစ်နှစ်ဆယ်လုံးလုံး ရှိခဲ့ပါပြီ ဒါမျိုးကို ရုပ်ရှင်မှာ မလုပ်နိုင်ဘူး၊ ခင်ဗျားဟာ လမ်းထောင့်မှာ သတင်းစာ သွားဝယ်နေတဲ့ လူတစ်ယောက်ကို ရိုက်ပြနိုင်တယ်၊ ဒါပေမယ့်အနှစ်နှစ်ဆယ်လုံးလုံးဆိုတာကို တော့ မပြနိုင်ဘူး၊ ရုပ်ရှင်ဟာ ပစ္စုပ္ပါန်မှာပဲ ဖြစ်ပွားတယ်၊ နောက်ကြောင်းပြန် ပြနိုင်တာတောင် အတိတ်ဟာ ပစ္စုပ္ပါန်ရဲ့ဝင်စားမှု နောက်တစ်မျိုးပဲလို့ မှတ်ယူကြတယ်၊
မေးသူ။     The invention of Solitude မှာ ကျွန်တော်ကြိုက်တဲ့အပိုဒ်ကဟာသပုံပြင်တွေဟာ အသိပညာရဲ့ ပုံသဏ္ဍန်တစ်မျိုးပဲဆိုတဲ့ စာသားပဲ၊ ဒါဟာ သိပ်ကိုအရေးကြီးတဲ့ အတွေးအခေါ်ပဲ၊ အသိပညာဟာ ကြော်ငြာချက်တွေ၊ စာတန်းတွေ၊ ရှင်းလင်းချက်တွေ ဆီကပဲ လာတာမဟုတ်ဘူး၊ ပုံပြင်ဇါတ်လမ်းအနေနဲ့လဲ လာတယ်၊ ဒါဟာ The Red Notebook မှာပါတဲ့ အပိုဒ်တွေကိုဖတ်ရာမှာ ကျွန်တော့်ကို လမ်းညွှန်ပေးနိုင်ခဲ့တယ်။
Paul        ကျွန်တော်သဘောတူပါတယ်၊ ကျွန်တော်က ဒီဝတ္ထုဇါတ်လမ်းတွေကို သီအိုရီတွေ ဒဿန ထူထူထဲထဲတွေ မပါတဲ့ ars poetica တစ်မျိုးလို့ယူဆတယ်၊ ကျွန်တော့်ဘဝမှာ ထူးဆန်းတဲ့အရာတွေ အတော်များများ ကြုံတွေ့ခဲ့ရတယ်၊ မမျှော်လင့်တာ တွေ၊ ဖြစ်နိုင်ခြေမရှိတဲ့ အဖြစ်တွေပေါ့၊ ဒီတော့ ကျွန်တော်ဟာ တကယ့်အစစ်အမှန်ဆိုတာကို သိမသိ မသေချာတော့ဘူး၊      ကျွန်တော်လုပ်နိုင်တာက အစစ်အမှန်တရားရဲ့ လည်ပတ်နေပုံကိုပြောဖို့၊ ကမ္ဘာကြီးမှာ ဖြစ်ပျက်နေတာတွေရဲ့ အထောက်အထား ကို စုဆောင်းဖို့၊ တတ်နိုင်သလောက် သစ္စာရှိရှိ မှတ်သားထားဖို့ပဲ၊ ကျွန်တော့်ဝတ္ထုတွေကို ဒီလိုပုံနဲ့ပဲ ချည်းကပ်ပါတယ်၊ ဒါဟာ နည်းစနစ်တစ်ခုထက် ယုံကြည်မှုတစ်ခုပါ၊ ဖြစ်သင့်တာတွေ၊ ဖြစ်စေချင်တာတွေကို ပြောတာမဟုတ်ပဲ အရာရာကို သူ ဖြစ်ပျက် နေတဲ့အတိုင်း တင်ပြဖို့ပဲ၊ မှန်ပါတယ်၊ ဝတ္ထုဟာ စိတ်ကူးဖန်တီးမှုပါ၊ ဒီတော့ (စကားလုံးအဓိပ္ပါယ်အရ) တကယ်မဟုတ်တာတွေ၊ မုသားတွေ ပြောနေရတာပါ၊ ဒါပေမယ့် အဲဒီ တကယ်မဟုတ်တဲ့ မုသားတွေကနေတဆင့်ပဲ ဝတ္ထုရေးဆရာတွေဟာ ကမ္ဘာကြီးရဲ့ အစစ်အမှန်တရားတွေကို ပြောဖို့ ကြိုးစားနေကြတာပါ၊ The Red Notebook ထဲက ပုံဇါတ်လမ်းကလေးတွေကို စုလိုက်ရင် ကျွန်တော့်ရဲ့ ကမ္ဘာကြီးအပေါ် ရှုမြင်ပုံစာတမ်းတစ်ခု ထွက်လာပါလိမ့်မယ်၊ အတွေ့အကြုံရဲ့ ကြိုတင်မှန်းဆလို့မရနိုင်တဲ့ တကယ့် အမှန်တရားအကြောင်းပါ။ တစ်စိုးတစ်စိမှ တွေးထင်ကြံစည်ထားတဲ့အရာ မဟုတ်ပါဘူး၊ စိတ်ကူးတွေးထင်လို့လည်း မရပါဘူး၊ အမှန်ကိုပြောဖို့ ကိုယ့်ကိုယ်ကို သံဓိဌါန်ပြုရပါတယ်၊ ကတိကိုခြိုးဖောက်မိရင် ကိုယ့်ညာလက်ကို ဖြတ်ပစ်မယ် ဆိုတာမျိုး၊ စိတ်ဝင် စားစရာကောင်းတာက ဒီလိုစာမျိုးရေးဖို့ စိတ်ထဲဝင်လာတဲ့ ပုံစံကဟာသပဲ၊ ဟာသ ဟာ အသန့်စင်ဆုံးနဲ့ အလိုအပ်ဆုံး ပုံပြော ခြင်းနည်းပဲ၊ စကားလုံးတိုင်းကို အလေးအနက်ယူရတယ်၊
မေးသူ။     အဲဒီစာအုပ်မှာ အားအကောင်းဆုံးဇါတ်လမ်းက မိုးကြိုးပစ်တဲ့ ဇါတ်လမ်းပဲ၊ ခင်ဗျားဟာ အဲဒီအချိန်က ၁၄နှစ်သား၊ ခင်ဗျားနဲ့ ကောင်လေးတစ်သိုက် တောထဲသွား တောင်တက်ကြတယ်၊ ရုတ်တရက် လျှပ်စီးမုန်တိုင်းနဲ့ ကြုံရတယ်၊ ခင်ဗျားဘေးက ကောင်လေးက မိုးကြိုးမှန်ပြီး ဆုံးသွားတယ်၊ ကျွန်တော်တို့ဟာ ခင်ဗျားရဲ့ အရေးအသားနဲ့ လောကအမြင်ကို ဆွေးနွေးတဲ့အခါ ဒီ ကာလကလေးဟာ တကယ့်အခြေခံကျတဲ့ကာလတစ်ခု ဖြစ်လိမ့်မယ်။
Paul        အဲဒီ အခိုက်အတန့်က ကျွန်တော့်ဘဝကို ပြောင်းလဲလိုက်တာကတော့ အသေအချာပဲ၊ အခုပဲ ကောင်လေးဟာ အသက်ရှင်နေ ခဲ့ပြီး နောက်ခဏမှာပဲ သူဟာ သေဆုံးသွားခဲ့တယ်၊ ကျွန်တော်ဟာ သူနဲ့ လက်မအနည်းငယ်ပဲ ခြားတယ်၊ ဒါဟာ ရုတ်တရက် မမျှော်လင့်ပဲ သေဆုံးမှုကို ပထမဆုံးမြင်ဖူးခြင်းပဲ၊ ဒါဟာ နားလည်ရခက်တဲ့ အရာဝတ္ထုတွေရဲ့ မတည်မြဲမှုပဲ၊ ခင်ဗျားဟာ ခိုင်မာတဲ့ မြေသားပေါ်မှာ ရပ်နေခဲ့တယ်လို့ ထင်နေတယ်၊ ခဏအကြာ ခင်ဗျားခြေထောက်အောက်က မြေကြီးဟာ ဟသွားပြီး ခင်ဗျား လည်း စုပ်စမြုပ်စ ပျောက်ကွယ်သွားတယ်။
မေးသူ။     ခင်ဗျား NPR နဲ့အတူ လုပ်ခဲ့တဲ့ ဇါတ်ပြောစီမံကိန်း (National Story Project) အကြောင်းပြောပါဦး၊ ကျွန်တော်နားလည် သလောက် သူတို့က ခင်ဗျားအသံကို သဘောကျပြီး အသံလွှင့်နိုင်ဖို့နည်းလည်း ရှာကြတယ်လို့ သိထားတယ်၊
Paul        နှစ်ရှည်လများ သောက်လာခဲ့တဲ့ ဆေးပြင်းလိပ်တွေက ဒုက္ခပေးနေခဲ့တယ်၊ လည်ချောင်းမှာ ခပ်အုပ်အုပ်အာခြစ်သံနဲ့၊ အဆုတ် ပြွန်တွေက တစ်ဆို့၊ အဆုတ်ကလည်း အားမရှိတော့၊ တိပ်နဲ့သွင်းထားတဲ့အသံ နားထောင်ရတာ ခြောက်နေတဲ့အုတ်ကြွပ်မိုးကို ကော်ပတ်စားနေသလားပဲ။
မေးသူ။     ပိရိတ်သတ်ကို သူတို့ရဲ့ဖြစ်ရပ်မှန် ဇါတ်လမ်းတွေပို့ခိုင်းပြီး ခင်ဗျားကို ရွေးချယ်ဖတ်ကြားဖို့ အကြံပေးတာ ခင်ဗျားဇနီး Siri Hustvedt မဟုတ်လား။
Paul        ကျွန်တော်က ဒါဟာ သိပ်ကောင်းတဲ့အကြံလို့ထင်တယ်၊ တစ်တိုင်းပြည်လုံးမှာ NPR ပိရိတ်သတ်က သန်းနဲ့ချီရှိတယ်၊ အားလုံး သာပါဝင်ကြရင် အမေရိကန်ရဲ့ တကယ့်ဘဝကို ပြတိုက်အသေးစားလေးတောင် လုပ်လို့ရသေးတယ်၊ လူတွေလည်း သူတို့ ကြိုက်တာ သူတို့ရေးနိုင်မယ်၊ ကိစ္စကြီးငယ်မရွေး ဟာသရော ကြေကွဲစရာတွေရော၊ တစ်ခုတည်းသော စည်းမျဉ်းက တိုဖို့ နှစ် မျက်နှာ သုံးမျက်နှာထက် မပိုစေဖို့နဲ့ အဖြစ်မှန်ဖြစ်ဖို့ပဲ။
မေးသူ။     ဒီလောက် ကြီးတဲ့အလုပ်ကို ဘာကြောင့်လက်ခံရတာလဲ၊ တစ်နှစ်မှာ ဇါတ်လမ်းပေါင်း လေးထောင်နဲ့ အထက်ကို ဖတ်ရမှာ မဟုတ်လား။
Paul        ကျွန်တော် ရည်ရွယ်တာက အများကြီး၊ အဓိက ကတော့ စူးစမ်းချင်တာပဲ၊ တခြားလူတွေမှာ ကျွန်တော့်လိုအတွေ့အကြုံမျိုး ရှိကြသလား၊ ကျွန်တော်ကပဲ လူကြောင်ဖြစ်နေတာလား၊ ဒါမှမဟုတ် ကျွန်တော်တွေးသလိုပဲ တကယ့်အစစ်အမှန်ဘဝကပဲ ထူး ဆန်းပြီး နားမလည်နိုင်စရာတွေ ပြည့်နေတာလား၊ ဒီလို ဖြစ်နိုင်ခြေပေါင်း သောင်းခြောက်ထောင်လောက် ပြည့်နှက်နေတဲ့ စီမံ ကိန်းဟာ တကယ့်ဒဿန စမ်းသပ်မှုတစ်ခုကို လုပ်နိုင်လောက်တာပေါ့၊
မေးသူ။     ရလာဒ်က
Paul        ကျွန်တော့်လို လူမျိုးတွေ ရှိနေပါသေးလားဆိုပြီး ပျော်သွားတယ်၊ ဗရမ်းဗတာ လောကကြီး ပါလားပေါ့၊
မေးသူ။     တခြားရည်ရွယ်ချက်တွေကရော
Paul        ကျွန်တော်ဟာ အရွယ်ရောက်ကတည်းက အခန်းတစ်ခန်းထဲမှာ တစ်ယောက်တည်းစာရေးပြီး အချိန်တွေကုန်ဆုံးခဲ့တယ်၊ အဲဒီ လို နေရတာလည်း ပျော်ပါတယ်၊ ဒါပေမယ့် ၉၅ ပတ်ဝန်းကျင်လောက်တွေမှာ ရုပ်ရှင်အလုပ်တွေနဲ့ ပတ်သက်လာတော့ ကျွန်တော် တခြားသူတွေနဲ့ လုပ်ရတဲ့အရသာကို ပြန်ရှာတွေ့တယ်၊ ဒါဟာ ကလေးဘဝ အားကစားအသင်းထဲမှာ ပါဝင်ကစားခဲ့ပုံ တွေကို ပြန်သတိရစရာပဲ၊ ကျွန်တော်က ရည်ရွယ်ချက်တစ်ခုခုနဲ့ ဖွဲ့ထားတဲ့ အဖွဲ့လေးထဲမှာ ပါဝင်ရတာကို သဘောကျတယ်၊ လူ တိုင်းက ဘုံရည်မှန်းချက်တစ်ခုအတွက် လုပ်နေတာမျိုးလေ၊ ဘက်စကတ်ဘောဂိမ်းကို အနိုင်ကစားတာမျိုးနဲ့ ရုပ်ရှင်တစ်ကား ဖန်တီးနေတာမျိုးက သိပ်မကွာပါဘူး၊ ဒါဟာ ကျွန်တော့်အတွက် ရုပ်ရှင်ဖန်တီးမှုမှာ ဝင်လုပ်ကိုင်ရခြင်းရဲ့ အကောင်းဆုံးအစိတ် အပိုင်းပဲ၊ ညီညွတ်တဲ့ ခံစားမှုမျိုး၊ တစ်ယောက်ကို တစ်ယောက်နောက်ကြတဲ့ဟာသတွေ၊ ရင်းနှီးကျွမ်းဝင်မှုတွေ၊ ၁၉၉၀ မှာတော့ ရုပ်ရှင်နဲ့ ပတ်သက်တဲ့ကျွန်တော့်ရဲ့ စွန့်စားခန်းတွေ အဆုံးသတ်ဖို့ ဖန်လာခဲ့တယ်။
                ကျွန်တော့်ရဲ့ ဝပ်ကျင်းထဲ ပြန်ရောက်သွားတယ်၊ ဘယ်သူ့ကိုမှ မတွေ့တော့ပဲ ဝတ္ထုတွေ ပြန်ရေးနေခဲ့တယ်၊ ဒါကြောင့် Siri က ကျွန်တော့်ကို ဒီ အကြံပေးတာဖြစ်မယ်၊ ကျွန်တော့်ကို တခြားသူတွေနဲ့ တွဲပြီးလုပ်တဲ့အလုပ်မျိုးမှာ ပျော်လိမ့်မယ်လို့ သူထင်တယ်၊ သူမှန်ပါတယ်၊ ကျွန်တော်အဲဒီအလုပ်မှာ ပျော်ခဲ့ပါတယ်။
မေးသူ။     အချိန်အရမ်းစားတယ်မဟုတ်လား။
Paul        ကျွန်တော့် တခြားအလုပ်တွေကို မထိခိုက်ပါဘူး၊ ဇါတ်လမ်းတွေက ဖြေးဖြေးနဲ့ မှန်မှန်လေးပဲ ရောက်လာနေကြတာပါ၊ သူတို့ တင်သလောက်ကို ဖတ်နိုင်သေးသမျှတော့ မဆိုးပါဘူး၊ အသံလွှင့်ဖို့ကတော့ တစ်ရက် နှစ်ရက် အချိန်ယူရပါတယ်၊ ဒါလည်း တစ်လမှ တစ်ကြိမ်ပါ။
မေးသူ။     ခင်ဗျားဟာ ပြည်သူ့ဝန်ထမ်းအလုပ်လုပ်နေတယ်လို့ မထင်မိဘူးလား။
Paul        အတိုင်းအတာတစ်ခုအထိတော့ ဟုတ်ပါတယ်၊ ဒါဟာ သတ္တဝါဆိုးကြီးကို ပျောက်ကျားစစ် ဆင်နွှဲရာမှာ ပါဝင်ခွင့်ရတာပါပဲ။
မေးသူ။     သတ္တဝါကြီးဆိုတာ
Paul        ပန်းချီဝေဖန်ရေးသမား Robert Hughes တစ်ခါက ပြောသလိုဖျော်ဖြေမှု စီးပွါးရေး ရောဂါစုကြီးကိုပြောတာပါ၊ မီဒီယာ တွေက ကျွန်တော်တို့ကို ကျော်ကြားသူတွေရဲ့အကြောင်းတွေ၊ အတင်းအဖျင်းတွေ၊ အပုတ်ချတာတွေကလွဲပြီး တခြားအကြောင်း အရာမျိုး တင်ဆက်တာ ရှားတယ်၊ ရုပ်မြင်သံကြားတွေ ရုပ်ရှင်တွေမှာလည်း ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ကိုပုံဖျက်ပြီး၊ တန်ဖိုး မရှိတဲ့ ပုံစံမျိုး ပုံဖော်ကြတယ်၊ တကယ့်ဘဝကို မေ့လျော့လို့ထားကြတယ်၊ ထိတ်လန့်တကြား အကြမ်းဖက်မှုတွေ၊ မိုက်မဲတဲ့ စိတ် ကူးယဉ် ထွက်ပြေးမှုတွေကိုပဲ ငွေရရင်ပြီးရော ရိုက်ကူးနေခဲ့ကြတယ်၊ လူတွေကို ငတုံးငအတွေလို ဆက်ဆံနေကြတယ်၊ လူတွေ ဟာ လူသားဆိုတာထက် သုံးစွဲသူတွေ၊ သူတို့ မလိုတဲ့ပစ္စည်းတွေကို ညာရောင်းခံနေရတဲ့ အချဉ်ကောင်တွေလို သဘောထားကြ တယ်၊ ဒါကိုပဲ အရင်းရှင်စနစ်ရဲ့ အောင်ပွဲလို့ ခေါ်ကြတယ်၊ လွတ်လပ်တဲ့ ဈေးကွက်စီးပွါးရေးစနစ်လို့ ခေါ်ကြတယ်၊ ဘယ်လိုပဲ ခေါ်ကြပါစေ၊ တကယ့်အမေရိကန်ဘဝကို ကိုယ်စားမပြုနိုင်ကြပါဘူး။
မေးသူ။     ဒီ National Story Project က အားလုံးကို ပြောင်းလဲနိုင်လိမ့်မယ်လို့ ထင်လား။
Paul        မထင်ပါဘူး၊ ဒါပေမယ့် စနစ်ကို အနည်းဆုံးချိုင့်ရာလေးပဲ ဖြစ်ဖြစ် ဖြစ်သွားအောင်လုပ်တာပါ၊ သာမန်လူလို့ဆိုတဲ့ လူ တစ်ယောက်ရဲ့ ဇါတ်လမ်းကို ပိရိတ်သတ်ကို ပြောခွင့်ရခြင်းအားဖြင့် တကယ်တော့ သာမန်လူဆိုတာ မရှိကြောင်း သက်သေပြ လိုက်တာပါ၊ ကျွန်တော်တို့ အားလုံးရဲ့အထဲမှာ ထက်သန်ပြင်းပြမှုတွေ ရှိတယ်၊ ရက်စက်ကြမ်းကြုတ်တဲ့ တပ်မက်မှုတွေရှိတယ်၊ အမှတ်ရစရာတစ်မျိုးမဟုတ် တစ်မျိုးတော့ ဘဝမှာ ကြုံကြတယ်။
မေးသူ။     ခင်ဗျားရဲ့ ပထမဝတ္ထု City of Glass ထဲမှာ ရဲတင်းတဲ့ အင်္ဂါရပ်တစ်ခုကတော့ ခင်ဗျားကိုယ်တိုင်ဝတ္ထုထဲမှာ ဇါတ်ကောင်အနေနဲ့ ပါဝင်နေခဲ့တာပဲ။ ခင်ဗျားတင်မကဘူး၊ ခင်ဗျားမိန်းမရော၊ ကလေးရောပဲ၊ ခင်ဗျားဟာ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ အတော်များများ ရေးခဲ့ကြောင်းတော့ ပြောပြီးပြီ၊ ဒါပေမယ့် ခင်ဗျားရဲ့ဝတ္ထုတွေကရော၊ အတ္ထုပ္ပတ္တိထဲကအရာတွေကို ဝတ္ထုထဲကို ဆွဲယူတာလား၊
Paul        အတိုင်းအတာတစ်ခု အထိတော့ဟုတ်ပါတယ်၊ ဒါပေမယ့် ခင်ဗျားထင်တာထက် အများကြီး နည်းပါတယ်၊ City of Glass ပြီး တော့ Ghosts လာတယ်၊ အဲဒီထဲမှာ ကျွန်တော့်မွေးနေ့ဖြစ်တဲ့ ၁၉၄၇ ဖေဖော်ဝါရီ ရက်နေ့မှာ ဝတ္ထုစတင်သည်လို့ ကြေငြာတာ ကလွဲပြီး တခြားပုဂ္ဂိုလ်ရေး ညွှန်းဆိုမှုတွေ မလုပ်ပါဘူး၊ ဒါပေမယ့် The Locked Room မှာတော့ အဖြစ်အပျက်အတော်များများ က ကျွန်တော့်ကိုယ်ပိုင်ဘဝကနေလာပါတယ်၊ ပဲရစ်မှာ Fanshawe နဲ့ မိတ်ဆွေဖြစ်ခဲ့တဲ့ ရုရှားတေးရေးဆရာကြီး Ivan Wyshnegradsky ဟာ အပြင်မှာ တကယ်ရှိတဲ့လူပါ၊ ကျွန်တော်သူ့ကို စတွေ့တော့ သူက အသက်ရှစ်ဆယ်ရှိပြီ၊ ၇၀ကျော် ကာလတွေတုန်းက ပဲရစ်မှာနေတုန်း သူနဲ့ အတော်လေးတွေ့ဖြစ်တယ်၊ Fanshawe နဲ့ ဖြစ်ပျက်ခဲ့သလိုပဲ Ivan ကို ရေခဲသေတ္တာ ပေးတဲ့ကိစ္စက ကျွန်တော်နဲ့ အမှန်တကယ် ဖြစ်ပျက်ခဲ့ပါတယ်၊ အဲဒီလိုပဲ ရေနံတင်သင်္ဘောပေါ်မှာ သူ့ကပ္ပတိန်ကို မနက်စာသွား ပေးတဲ့ ရယ်စရာကောင်းလှတဲ့ အခန်းဟာလည်း တကယ့်အဖြစ်အပျက်ပါ၊ တစ်နာရီမိုင် ၇၀ နှုန်းတိုက်နေတဲ့ လေပြင်းဒဏ်ကို ကြံ့ကြံ့ခံပြီး လက်ထဲကဗန်းကို မြဲမြဲဆုပ်လို့ တံတားတစ်လျှောက် ဖြေးဖြေးချင်းရွေ့နေတဲ့ အခိုက်အတန့်လေးက ကျွန်တော့် ဘဝမှာ Buster Keaton ရုပ်ရှင်ထဲရောက်နေသလို ခံစားရတဲ့ ကာလလေးတစ်ခုဖြစ်ခဲ့ပါတယ်၊ ပြီးတော့ Harlem က အမေရိကန် လူဦးရေဌာနမှာ (သန်းခေါင်စာရင်းကောက်တဲ့အလုပ်) လုပ်တုန်းက တလွဲတချော်ဇါတ်လမ်းတွေကို ပြန်ပြောတဲ့အခန်းဆိုလည်း စကားလုံးတိုင်းက ကျွန်တော်ကြုံခဲ့ရပုံအတိုင်း အတိအကျကို ပြန်ရေးထားတာပါ။
မေးသူ။     ခင်ဗျားဟာ မရှိတဲ့လူတွေဖန်တီးပြီး ဖက်ဒရယ်အစိုးရရဲ့ လူစာရင်းထဲသွင်းထားတယ်ဆိုတာ အမှန်ပဲလား
Paul        ကျွန်တော် ဝန်ခံပါတယ်၊ ကန့်သတ်တားမြစ်ထားတဲ့ ဥပဒေတွေ  ဖြတ်သိမ်းချင်သိမ်း ဒါမှမဟုတ်ရင်တော့ ဒီအင်တာဗျူးပြီးတာနဲ့ ထောင်ကျသွားနိုင်ပါတယ်။ ကိုယ့်ကိုယ်ကို ခုခံလျှောက်လဲရယင်တော့ ကျွန်တော့် အထက်အရာရှိကကို အဲဒီလို တိုက်တွန်းတာ ပါ၊ ဝတ္ထုထဲမှာပေးထားတဲ့ အကြောင်းပြချက်အတိုင်းပါပဲ၊တံခါးခေါက်လို့ မဖွင့်ဘူးဆိုတာ လူမရှိဘူးဆိုတဲ့ အဓိပ္ပါယ်မဟုတ်ဘူး၊ ခင်ဗျား ကိုယ့်ဘာသာကိုယ်တွေးကြည့်၊ တကယ်တော့ ကျွန်တော်တို့ ကိုယ့်အစိုးရကို ဒုက္ခမပေးချင်ဘူးမဟုတ်လား
မေးသူ။     သုံးအုပ်တွဲပြီးတဲ့နောက် ဝတ္ထုတွေကရော၊ တခြားကိုယ်ရေးလျှို့ဝှက်ချက်တွေများ မျှဝေချင်တာရှိသေးလား။
Paul        စဉ်းစားကြည့်ဦးမယ်၊ The Music of Chance တို့ In the Country of Last Things တို့ Mr.Vertigo တို့မှာတော့ ကျွန်တော့် ကိုယ်ရေးကိုယ်တာတွေ မပါပါဘူး၊ Leviathan မှာတော့ နဲနဲလေးပါတယ်၊ Timbuktu မှာတော့ ဟာသကွက်လေးတစ်ကွက်၊ လက်နှိပ်စက်ရိုက်နေတဲ့ ခွေးအကြောင်း၊ ကျွန်တော်က ကိုယ့်ကိုယ်ကို Willy ရဲ့ကောလိပ်ကျောင်းနေဘက် Anster လား Omster လား ကောင်းကောင်းမမှတ်မိတော့ဘူး၊ သူ့နေရာမှာ ထည့်ထားတာ၊ ဖြစ်ပုံက ဒီလို၊ ကျွန်တော် ၁၇ နှစ်သားက ကျွန်တော့်အဒေါ်ရှိရာ အီတလီကိုသွားလည်တယ်၊ သူက အဲဒီမှာနေတာ ဆယ်နှစ်ကျော်ပြီ၊ သူ့ရဲ့သူငယ်ချင်းတစ်ယောက်က Thomas Mann ရဲ့ သမီး Elisabeth Mann Borgese သူက တိရစ္ဆာန်တွေအကြောင်း လေ့လာတဲ့ သိပ္ပံပညာရှင်၊ တနေ့ သူ့ အိမ်ကို နေ့လည်စာစားဖိတ်တယ်၊ အဲဒီမှာ သူ့ခွေး Ollie နဲ့ မိတ်ဆက်ပေးတယ်၊ အင်္ဂလိပ်အမဲလိုက်ခွေးကြီး၊ သူ့ကို သူ့နာမည်သူ လက်နှိပ်စက်နဲ့ ရိုက်တက်အောင် သင်ပေးထားတယ်၊ သူ့အတွက် သီးသန့်ဒီဇိုင်းနဲ့ လက်နှိပ်စက်ကို နှာယောင်လေးနဲ့ ရိုက်နေ တာကို ကျွန်တော်ကိုယ်တိုင်တွေ့လိုက်ရတယ်၊ ဒါဟာ ကျွန်တော်တွေ့ဖူးသမျှထဲမှာ ဖြစ်နိုင်ခြေမရှိတဲ့ရယ်စရာကောင်းတဲ့ ထူးခြား တဲ့အဖြစ်အပျက်တစ်ခုပဲ။
မေးသူ။     Leviathan ထဲမှာ ဇါတ်ကြောင်းပြောသူ Peter Aaron က ခင်ဗျားနာမည်ရဲ့ ရှေ့စာလုံး(P&A) တွေယူထားတယ်၊ သူ ယူထား တဲ့မိန်းမနာမည်ကလည်း ခင်ဗျားမိန်းမနာမည်ကို ပြောင်းပြန်ပေါင်းထားတဲ့ Iris
Paul        ဒါပေမယ့် Peter က Siri ကို လက်မထပ်ခဲ့ဘူး၊ သူ့ရဲ့ ပထမဝတ္ထု The Blindfold ထဲက ဇါတ်လိုက်မကို ပြန်ယူထားတယ်။
မေးသူ။     ဝတ္ထုကူးပြီး ကြိုက်တဲ့အချစ်ဇါတ်လမ်းပါလား။
Paul        သေချာတာပေါ့။

မှတ်ချက် ။           ။ ပေါလ်အော်စတာနှင့် စကားပြောခြင်း နောက်ဆုံးအပိုင်းကို မနက်ဖြန် ဆက်လက်တင်ပေးသွားပါမည်။ မိတ်ဆွေ တို့အနေနှင့် ဖတ်ရှူပြီး ထင်မြင်ချက် ဝေဖန်ချက်များ လွပ်လွပ်လပ်လပ် ပြုလုပ်နိင်ပါသည်။

No comments: