Thursday, March 15, 2012

ကြိုးဖြစ်သွားတဲ့ မြွေ


တကယ်တော့ ဒီ ဇတ်လမ်းလေးဟာ ဝထ္ထုတစ်ပုဒ်လို့တောင် ပြောလို့မရတဲ့ အဖြစ်အပျက်လေး တစ်ခုပါ၊ ဒါပေမယ့် အဲဒီ အဖြစ်အပျက်လေးဟာ ကျွန်တော့်စိတ်ကို အချိန်အတော်ကြာကြာ လွှမ်းမိုးနေခဲ့တာတော့ အမှန်ပါပဲ၊ ကျွန်တော့်ဇတ်လမ်းလေးကို
မပြောခင်မှာ ကြိုတင်သိထားစေချင်တာကတော့ ကျွန်တော်ဟာ အချိန်ရှိသ၍ မိန်းခလေးတွေကို မျက်စိစားပွဲထိုင်တတ်တဲ့ သူတစ်ယောက်မဟုပ်ဘူးဆိုတာပါပဲ။
ဘာကြောင့်ဒီလို ကြိုတင်ရှင်းလင်းထားရသလဲဆိုယင် ကျွန်တော့် ဇတ်လမ်းထဲမှာ ကျွန်တော်ဟာ မိန်းခလေးတစ်ယောက်ကို အနောက်ကနေပဲ တစ်ချိန်လုံးလိုလို ကြည့်ရှုနေခဲ့ရ လို့ပါပဲ၊ အဖြစ်က ဒီလိုပါ။
ကျွန်တော်ဟာ မြို့လယ်ခေါင်က ဟောင်းနွမ်းဆွေးမြေ့နေတဲ့ တိုက်တစ်တိုက်ရဲ့ အပေါ်ဆုံးထပ်မှာ တစ်ယောက်တည်း နေထိုင်သူပါ၊ တစ်ယောက်တည်း နေသူတွေ ထုံးစံအတိုင်း ကျွန်တော်ဟာ သာမန် အိမ်မှုကိစ္စလေးတွေကို စိတ်မပါ့တပါ လုပ်ကိုင်ရင်း ကိုယ့်ရဲ့
ခြောက်ကပ်ကပ် အချိန်ကာလတွေကို ကုန်ဆုံးစေခဲ့သူပါ၊ ကျွန်တော်ဟာ အလုပ်က ပြန်လာတိုင်း နောက်ဖေးမီးဖိုချောင်မှာ တကိုယ်စာ ချက်ပြုတ် ကျော်လှော်နေတတ်ပါတယ်၊ (ဒါမှ မဟုပ် ရေမိုးချိုးယင်း အဝတ်အစားများ ကို လျှော်ဖွပ်နေတတ်ပါတယ်)
တစ်နေ့ ကျွန်တော် ဟင်းချက်ရင်း ပြူတင်းပေါက်က တဆင့် နောက်ဖေးဘက်ကို အမှတ်တမဲ့ ကြည့်လိုက်မိပါတယ်၊ ဒီမှာတင် မှားယွင်းမှုတွေ စတင်ခဲ့တော့တာပါပဲ၊ ကျွန်တော် အခန်းထဲကနေ ကြည့်လိုက်ရင် မျက်စောင်းထိုးလောက်မှာ ရှိတဲ့ ကျောချင်းကပ်
လမ်းက အခန်းတစ်ခန်းထဲမှာ မိန်းခလေးတစ်ယောက်ဟာ ကျွန်တော့်ဘက်ကို ကျောပေးလို့ ထိုင်နေခဲ့ပါတယ်၊ တကယ်တော့ ဒါဟာ သိပ်ထူးခြားတဲ့ မြင်ကွင်းတစ်ရပ်လည်း မဟုပ်ပါဘူး၊ ဒါပေမယ့် ထူးခြားနေတာက သူမရဲ့ ဝင်းအိချောမွတ်နေတဲ့ ပုခုံးသားလေးတွေနဲ့
အဲဒီပေါ်မှာ သိုင်းခြုံထားတဲ့ ဖြောင့်စင်းလှပ ပျောင်းနွဲ့ပြေပြစ်တဲ့ ကိုယ်ခန္ဒာ နဲ့၊ ယဉ်ကျေးဖွယ်ရာ ကိုယ်ဟန်အနေအထားဟာ ပန်းချီဆရာ မဟုပ်တဲ့ ကျွန်တော့်ကို ပန်းချီဆွဲချင်စိတ် ပေါက်လာစေခဲ့ပါတယ်၊ ကျွန်တော်ဟာ မေ့မေ့မျောမျော ကို ငေးမောမိသွားခဲ့တယ်၊
ပြန်ပြီး သတိဝင်လာတဲ့အခါမှာတော့ ကျွန်တော်ဟာ ကိုယ့်အဖြစ်ကို အတော်လေး အံ့သြနေမိပါတယ်၊ မိန်းခလေးတစ်ယောက်ကို အနောက်ကနေ အဲဒီလောက် ကြာကြာငေးမောနေမိတာ ကိုယ့်ဘာသာကိုယ် လိပ်ပြာမလုံသလိုပါပဲ။
သူမဟာ အဲဒီ အနေအထားနဲ့ပဲ အတော်ကြာကြာ ထိုင်နေခဲ့ပါတယ်၊ကျွန်တော့် စိတ်ထဲမှာ သူမဟာ အင်္ကျီစက်ချုပ်နေတာလား၊ ဇာထိုးပန်းထိုးလုပ်နေတာလား၊ ဒါမှမဟုပ် စန္ဒယား နှိပ်နေတာလား စသဖြင့် အတွေးပွားနေခဲ့မိပါတယ်၊ ကျွန်တော့် မြင်ကွင်းထဲက သူမ
ပျောက်ကွယ်သွားမှပဲ ကျွန်တော်လည်း ချက်လက်စ ဟင်းကို လက်စသတ်နိင်ပါတော့တယ်၊ ဒါပေမယ့် တွေးလက်စ အတွေးတွေကတော့ အဆုံးမသတ်နိင်သေးပါဘူး။
ဒီလိုနဲ့ နောက်ရက်တွေမှာလည်း ကျွန်တော်ဟာ ပြူတင်းပေါက်နားရောက်တိုင်း အဲဒီအခန်းလေးကို ဂရုတစိုက် ကြည့်ကြည့်နေမိပါတယ်၊ ကျွန်တော်တွေ့တဲ့အခါတိုင်း သူမဟာ စတွေ့စ အနေအထားအတိုင်း ကျွန်တော့်ဘက်ကို ကျောပေး ထိုင်နေမြဲပါပဲ၊ ကျွန်တော်
ကလည်း အမြဲလို ငေးမော မှင်သက်နေတတ်မြဲပါပဲ၊ ဒီလိုနဲ့ ကျွန်တော့်ရဲ့ ပျင်းခြောက်ခြောက် ညနေခင်းတွေဟာ သူမနဲ့ စိုပြည်လာခဲ့ပါတယ်၊ ဘာတစ်ခုမှ စိတ်ဝင်စားစရာ မကောင်းတဲ့ ကျွန်တော့်ဘဝဟာလည်း သူမကြောင့် အနည်းငယ် စိတ်ဝင်စားဖွယ်ကောင်းလာခဲ့ပါတယ်၊ ယခင် အလုပ်မှ အိမ်ပြန်လာတိုင်း ကျွန်တော့် ခြေလှမ်းတွေဟာ အမြဲလေးလံ ယိုင်နဲ့နေခဲ့ပေမယ့် ယခုအခါမှာတော့ ကျွန်တော့်မှာ အလုပ်က စောစော ပြန်ဖို့ကိုတောင် စိတ်လောနေမိပါတယ်။ အလုပ်မှ ပြန်ရောက်တိုင်းလည်း ကျွန်တော့်မှာ ပြူတင်းပေါက်ကို အရင်ဆုံး သွားဖွင့်ပြီးမှ အဝတ်အစား လဲဖြစ်ပါတယ်၊ သူမကို မတွေ့ရတဲ့ နေ့တွေမှာဆို ကျွန်တော့်စိတ်မှာ တခုခု လပ်ဟာနေသလိုပါပဲ၊ ယခင်ကဆို ကျွန်တော်ဟာ တစ်ယောက်တည်း ပျင်းယင် တီဗွီလေးကြည့်ပြီး အချိန်ကုန်ဆုံးစေတတ်ပါတယ်၊ ယခုတော့ ကျွန်တော့် တီဗွီလေးမှာ ဖုတ်တောင် တက်နေခဲ့ပါပြီ။
ကွန်တော်ဟာ အဲဒီလောက် သူမကို စောင့်ကြည့်နေခဲ့ပေမယ့် သူမရဲ့ မျက်နှာကို တစ်ခါမျှ မြင်ခွင့်မရခဲ့သေးပါဘူး၊ သူမရဲ့ မျက်နှာလေးဟာ ဘယ်လိုများ နေမှာလဲ၊ တကိုယ်လုံး ပြောစရာ မလိုလောက်အောင် ပြေပြစ်လှပတဲ့ သူမ အဖို့ မျက်နှာလေးကလည်း
လိုက်ဖက်ညီ လှပနေမှာ သေချာပါတယ်၊ ကျွန်တော်ဟာ စွဲလန်းခဲ့ဖူးတဲ့ မင်းသမီးမှန်သမျှရဲ့ မျက်နှာတွေကို သူမရဲ့ မမြင်နိင်တဲ့မျက်နှာလေးနဲ့ အမြဲပဲ စိတ်ကူးထဲမှာ ချိန်ထိုးနှိုင်းယှဉ်နေမိတတ်ပါတယ်၊ ကြာလာတော့ ကျွန်တော့်စိတ်မှာ သူမမျက်နှာလေးကို မြင်ဖူး ချင်တဲ့ စိတ်ဟာ ပြောမပြနိင်လောက်အောင် ပြင်းပြလာခဲ့ပါတော့တယ်။
ဒီလိုနဲ့ ကျွန်တော်ဟာ သူမရဲ့ မျက်နှာလေးကို မြင်ခွင့်ရဖို့ စတင်ကြံစည် မိပါတယ်၊ အားလပ်ရက်တစ်ရက်မှာ ကျွန်တော်ဟာ မနက်စောစော ထပြီး ပြူတင်းပေါက်ကနေ ခုံတစ်လုံးနဲ့ သူမအခန်းရှိရာ ကို မျက်ခြေမပြတ် ကြည့်ရှုနေခဲ့ပါတယ်၊ ကျွန်တော်ဟာ အပေါ့အပါးသွားတဲ့ အချိန်ကလွဲပြီး တချိန်လုံး အဲဒီ ပြူတင်းပေါက်ကလေးမှာ ထိုင်နေခဲ့ပါတယ်၊ မနက်စာ ညစာကိုတော့ ကြိုတင်ဝယ်ယူထားတဲ့ပေါင်မုန့်တွေကိုပဲ စားသုံးပြီး ကိစ္စ ပြီးစေခဲ့ပါတယ်၊ ကျွန်တော့်မှာ တနေကုန် ထိုင်ရလွန်းလို့ ခါးတွေတောင် ချည့်မတတ်ပါပဲ၊
ဒါပေမယ့် အချီးနှီးပါပဲ၊ သူမဟာ အခန်းထဲ စဝင်ကတည်းက ကျွန်တော့်ကို ကျောပေးလျက်အနေအထားနဲ့ ဝင်လာခဲ့ပါတယ်၊ သူမ ထိုင်နေကျ နေရာလေးမှာ ထိုင်ပြီးတာနဲ့ ဘေးဘီကို ယောင်လို့တောင်လှည့်မကြည့်ပဲ အဲဒီ အနေအထားအတိုင်း ထိုင်နေခဲ့ပါတယ်၊ ကျွန်တော့်မှာ သူမရဲ့ ဘေးတိုက် အနေအထားလေးကို တောင် မြင်ခွင့်မရတဲ့ အတွက် အတော့်ကို မချိတင်ကဲ ဖြစ်မိပါတယ်။
ဒီလိုနဲ့ ကျွန်တော်ဟာ စနေ တနင်္ဂနွေ အားလပ်ရက်တိုင်း သူမကို တနေကုန်ထိုင်စောင့်ကြည့်နေခဲ့ပါတယ်၊ သုံးပတ်မြောက်မှာတော့ကျွန်တော်ဟာ ကျွန်တော့် အကြံအစည်ကို တမျိုးတမည် ပြောင်းလဲသင့်ပြီလို့ ယူဆလာမိပါတယ်၊ ဒါနဲ့ပဲ ကျွန်တော် နောက်တစ်မျိုးကြံစည်မိပြန်တယ်။
ကျွန်တော်ဟာ အားလပ်ရက်တစ်ရက်မှာ သူမရှိတဲ့ လမ်းဘက် ထွက်လာခဲ့ပါတယ်၊ ဒါပေမယ့် သူမအိမ်ဟာ ဘယ်အိမ်မှန်း ကျွန်တော် မသိ၊ တကယ်တော့ ကျွန်တော် မြင်ရတဲ့မြင်ကွင်းဟာ သူမအိမ်ရဲ့ အနောက်ဖက် မြင်ကွင်းပါပဲ၊ ဒါကြောင့် အရှေ့ဘက်က သွားကြည့်
တဲ့အခါ ကျွန်တော့်မှာ ဇဝေဇဝါဖြစ်လို့နေခဲ့တယ်၊ ဒါကြောင့် ကျွန်တော့်မှာ ကျွန်တော့်အိမ်နဲ့ တည့်တည့် ကျောချင်းကပ်အိမ်ကို မှန်းဆ အဲဒီကမှ သူမ ရှိတဲ့ အိမ်ကို ရှာရပါတယ်။အိမ်ကို သိပြန်တော့လည်း ဘယ်အခန်းမှန်း မသိပြန်ပါဘူး။ ဒါနဲ့ပဲ သူမအိမ်ရဲ့ ခပ်လှမ်းလှမ်း
လောက်ကနေ ကျွန်တော်တနေကုန် စောင့်ကြည့်နေခဲ့ပါတယ်၊ လမ်းသွားလမ်းလာတွေဟာ ကျွန်တော့်ကို အကဲခတ်သလို ကြည့်ကြည့် သွားကြတယ်၊ ကြာလာတော့ ကျွန်တော့်မှာ အနေရခက်လာပါတယ်၊ မျက်နှာ ပူလာမိပါတယ်။
ကိုယ့်ကိုယ်ကို လည်း ပြန်ဆန်းစစ်နေမိပါတယ်၊ ကျွန်တော်ဟာ သူမအတွက် ဘာကြောင့်များ ဒီလောက် ဒုက္ခခံနေရပါသလဲ၊ကျွန်တော်ဟာ သူမကို ချစ်နေခဲ့ပြီလား၊ ကျွန်တော်ဟာ သူမကို ပိုင်ဆိုင်နိင်ဖို့ ကြိုးစားနေတာလား၊ မိန်းခလေးတစ်ယောက်ရဲ့ နောက်ကျောကိုခပ်လှမ်းလှမ်းလောက်က မြင်ရရုံနဲ့ ချစ်တယ်လို့ ပြောဖို့ရာ အတော်ခက်ပါတယ်၊ ကျွန်တော်ဟာ သူမကို ပိုင်ဆိုင်ချင်တဲ့ စိတ်မျိုးလည်း မရှိပါဘူး၊ အဓိက ကတော့ ကျွန်တော်ဟာ သူမ မျက်နှာလေးကို မြင်ဖူးချင်မိတာပါ၊ မြင်ဖူးတယ် ဆိုရုံလေးပါပဲ၊ ကျွန်တော့်မှာ ဒီ့ထက် ကြီးမားတဲ့ ရည်ရွယ်ချက်လည်း မရှိပါဘူး၊ ဒီလိုနဲ့ ကျွန်တော်ဟာ အားလပ်ရက် တိုင်း သူမရဲ့အိမ် မလှမ်းမကမ်းကနေ စောင့်ကြည့်နေခဲ့ပါတယ်၊ သူမရဲ့ တိုက်ကနေ ထွက်လာသမျှ အမျိုးသမီးမှန်သမျှကို သတိထားပြီး စောင့်ကြည့်ပါတယ်၊ ဒါပေမယ့် ကျွန်တော့် ကံကိုက ဆိုးသလား မသိ၊ သူမနဲ့ ဆင်ဆင်တူတဲ့ မိန်းခလေးတောင် မတွေ့မိပါဘူး။
ကျွန်တော်လည်း ဇွဲနပဲနဲ့ ရက်အတော်ကြာအောင် စောင့်နေမိပါတယ်၊ ကျွန်တော်ဟာ သူမအိမ်နားမှာ ရပ်တာကြာယင် လမ်းထိပ်လဘက်ရည်ဆိုင်လေးမှာ ထိုင်ပြီး စောင့်ပါတယ်။ ဈေးသွားချိန်ဆိုယင်လည်း ဈေးလမ်းကနေ ကျွန်တော်အမြဲ စောင့်နေခဲ့ပါတယ်၊
ဒါပေမယ့် သူမရဲ့ အရိပ်အယောင်ကို လုံးဝမတွေ့ခဲ့ရပါဘူး၊ ဒါနဲ့ပဲ နောက်ဆုံးမှာ ကျွန်တော် စိတ်လျှော့လိုက်ပါတော့တယ်၊ သူမ မျက်နှာကို မြင်တွေ့ဖို့ဆိုတဲ့ စိတ်ကူးကိုလည်း စွန့်လွှတ်လိုက်ပါတယ်၊ ဒါပေမယ့် ကျွန်တော့်စိတ်ထဲမှာ သူမမျက်နှာကို တွေ့ဖူးချင်တဲ့ဆန္ဒတွေကတော့ ရှိနေတုန်းပါပဲ။
ဒီလိုနဲ့ ကျွန်တော်ဟာ ကိုယ့်အခန်းကိုယ် ပြန်ရောက်လာခဲ့ပါတယ်၊ သူမကတော့ ကျွန်တော့်ကို အမြဲကျောပေး ထိုင်လျက်ပါပဲ၊ ပြူတင်းပေါက်ဖက်ကို တချက်ကလေးတောင် လှည့်မကြည့်တာကတော့ အံ့သြစရာပါပဲ၊ အတော်လေး ထူးဆန်းတယ်လို့လဲကျွန်တော့် စိတ်ထဲ ထင်နေမိပါတယ်။ ကျွန်တော်လည်း အကြံကုန် ဂဋန်ဆားချက်တဲ့အနေနဲ့ သူမလှည့်ကြည့်လာအောင် ကျွန်တော့်ပြူတင်းပေါက်ကနေ အသံမျိုးစုံ ပေးပါတယ်၊ ကတ်ဆတ်ကို အကျယ်ကြီး ဖွင့်ပါတယ်၊ ဒါပေမယ့် သူမဟာ လုံးဝ မတုန့်ပြန်ခဲ့ပါဘူး၊ တုံဏှီဘာဝေ ရှိနေခဲ့ပါတယ်၊
ရက်ပေါင်းများစွာ ကြာလာခဲ့ပါတယ်၊ ကျွန်တော်ဟာ ပြူတင်းပေါက်ကနေ သူမကို အမြဲငေးမောလို့၊ သူမဟာလည်း ပြူတင်းပေါက်ကို အမြဲ ကျောပေးလို့၊ အခြေအနေဟာ အပြောင်းအလဲ တစုံတရာမရှိ၊ ဒီအတိုင်းပဲ တည်ရှိနေခဲ့ပါတယ်၊ ဒါပေမယ့် ကံကောင်းတယ်
ပဲ ပြောရမလား၊ကံဆိုးတယ်လို့ပဲ ပြောရမလား၊ တစ်နေ့ ကျွန်တော် သူမကို ငေးမောနေယင်းနဲ့ မိုးတွေ ရွာချလာပါတယ်၊ မိုးဟာ သည်းထန်လွန်းတာမို့ ပြူတင်းပေါက်နားမှာ ထိုင်နေတဲ့ ကျွန်တော့်တကိုယ်လုံးကို စိုရွှဲသွားစေခဲ့ပါတယ်၊ဒါပေမယ့် ကျွန်တော် ထမသွားပဲ သူမရဲ့ လှုပ်ရှားမှုကိုပဲ မျက်ခြေမပြတ် စောင့်ကြည့်နေခဲ့ပါတယ်။
ဒီတစ်ခါတော့ ကျွန်တော့် တွက်ကိန်း မှန်ကန်ခဲ့ပါတယ်၊ သူမဟာ ပြူတင်းပေါက် ကို ပိတ်ဖို့ထလာပါတယ်၊ ကျွန်တော့် ရင်တွေဟာ ဘာကြောင့်မှန်းမသိ အရမ်းခုန်နေခဲ့ပါပြီ၊ သူမဟာ တရွေ့ရွေ့နဲ့ ပြူတင်းပေါက်ရှိရာ လျှောက်လာနေခဲ့ပါတယ်၊ သူမ လျှောက်လာတဲ့ပုံ
က ကျွန်တော့် စိတ်ထင် အရမ်းနှေးနေသလိုပဲ၊ ကျွန်တော့်စိတ်တွေဟာ အားမလို အားမရနဲ့ အရမ်းကို လှုပ်ရှားနေခဲ့ပါတယ်၊ သူမကတော့ စမ်းတဝါးဝါးနဲ့ လှမ်းလို့လာနေဆဲ။
ဒီလိုနဲ့ သူမဟာ ပြူတင်းပေါက်နား ရောက်လာခဲ့ပါပြီ၊ သူမရဲ့လက်တွေဟာ စမ်းတဝါးဝါးနဲ့ တံခါးရွက်တွေကို ရှာဖွေနေပုံ ရပါတယ်။ သည်းထန်လွန်းတဲ့မိုးကြောင့် သူမရဲ့ ဆံစတွေဟာ ရေနဲ့ ရွှဲနစ်နေခဲ့တယ်၊ ကျွန်တော်ဟာ ရေစိုနေတဲ့ ဆံပင်တွေကြားက သူမမျက်နှာလေးကို အငမ်းမရ ကြည့်လိုက်မိပါတယ်။
မြတ်စွာဘုရား ၊ သူမရဲ့ မျက်လုံးနှစ်လုံးဟာ ချိုင့်ဝင်လပ်ဟာလို့ ပါလား။ ပြီးပြည့်စုံတဲ့ အလှတရားဟာ ချိုင့်ဟာနေတဲ့ ကွပ်လပ်နှစ်ခုထဲမှာ စုန်းစုန်းမြုပ်သွားခဲ့သလိုပါပဲ၊ ကျွန်တော်ဟာ ဘယ်လိုမှ မမြှော်လင့်ထားတဲ့ အချင်းအရာ တစ်ခုကို ရုတ်တရက် လက်ခံလို့မရနိင်အောင် ဖြစ်နေခဲ့ပါတယ်။ သေချာပါတယ်၊ သူမဟာ မျက်မမြင်မလေး တစ်ယောက်ပါပဲ။ သူမရဲ့ လက်တွေဟာ တံခါးရွက်တွေကို စမ်းမိဖို့ အတော်အားထုပ်နေရပါတယ်။
ကျွန်တော်ဟာ သူမကို ကြည့်ရင်း ဘယ်လိုမှန်း မသိတဲ့ ဝေဒနာ တစ်ခုကို ခံစားလိုက်ရပါတယ်၊ ရင်ထဲမှာ ဟာတာတာ ကြီးနဲ့ ၊နှမြောနေသလိုလို၊ ဝမ်းနည်းနေ သလိုလို၊ လွပ်လပ်ပေါ့ပါးသွားသလိုလို။
ဒါဟာ ရက်ပေါင်းများစွာ စောင့်ခဲ့ရတဲ့ အဖြေတစ်ခုကို မမျှော်လင့်ပဲ ရရှိခဲ့လို့လား၊ ဒါမှမဟုပ် စိတ်ထဲက ကြိုတင်ခန့်မှန်း ပုံဖော်မှုတွေနဲ့ လုံးဝ ကွဲလွဲသွားလို့ပဲလား၊ ဒါမှမဟုပ် သူမရဲ့ ဒုက္ခိတ ဘဝကို စာနာသနားသွားလို့ပဲလား၊ အမျိုးမျိုး ဖြစ်နိင်ပါတယ်၊ ဘာမဟုပ်တဲ့ ကိစ္စလေးကို အားသွန်ခွန်စိုက် ရူးသွပ်ခဲ့တဲ့ အတွက် ရှက်ရွံ့မှု၊ နှမြောတဿမှုတို့လည်း ပါဝင်ကောင်း ပါဝင်နိင်ပါတယ်၊မနေနိင် မထိုင်နိင် သိချင်မှု တစ်ခုကြောင့် နဂိုလ်လှပတဲ့ စိတ်ကူးပုံရိပ်လေး ဖျော့မှိန်သွားခဲ့တာ၊ မသိခြင်းတရားရဲ့ ချိုမြိန်မှုတွေဓာတ်ပြယ်သွားခဲ့တာ၊ စတာတွေကြောင့်လည်း ဖြစ်နိင်ပါတယ်၊ ဘာပဲ ဖြစ်ဖြစ် ကျွန်တော့အတွက် စိတ်ဝင်စားဖွယ် အကြောင်းအရာတစ်ခု ဆုံးရှုံးသွားခဲ့တာတော့ အသေအချာပါပဲ။
နောက်ရက်တွေမှာ ကျွန်တော်ဟာ အလုပ်ကနေ အိမ်ပြန်ဖို့ ဝန်လေးနေခဲ့တယ်၊ အိမ်ရောက်ရင်လည်း ပြူတင်းပေါက်လေးနား သွားဖို့ တွန့်ဆုတ်နေခဲ့တယ်၊ ဒီ အဖြစ်အပျက်ဟာ ကျွန်တော့်ကို သင်ခန်းစာတွေ ပေးသွားသလိုပါပဲ၊ တကယ်ပါ၊ ကျွန်တော်ဟာ တစုံတရာကို အသေအချာသိရှိရမှာ ကြောက်သွားခဲ့ပါပြီ၊ မသိမှုထဲမှာ နစ်မွန်းနေတယ်ပဲ ပြောပြော၊ ဝေဝါးမှုမှာ ကိန်းဝပ်နေတဲ့ အလှတရားကိုပဲ ကျွန်တော် တမ်းမက်နေမိတော့တယ်၊ ဘယ်လိုပဲ ဖြစ်ဖြစ် လူတစ်ယောက်ဟာ ဘဝမှာ တစ်စုံတစ်ရာကို အသေအချာ ရူးသွပ်ဖူးဖို့ အရေးကြီးတယ်လို့ ကျွန်တော် ခံယူပါတယ်။
ဒါနဲ့ စကားမစပ် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကပဲ ကျွန်တော့်ကို တဖက်သတ် ချစ်နေရှာတဲ့ ကောင်မလေးနဲ့ ကျွန်တော် လက်ထပ်လိုက်ကြတယ်၊ တိုက်တိုက်ဆိုင်ဆိုင် အဲဒီနေ့ကလည်း မိုးတွေ ရွာခဲ့တယ်ဗျ။
---------------------------------------------------------။------------------------------------------------------------------
ဒီနိုဗို
ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း
ဒီဇင်ဘာ ၂၀၀၁

3 comments:

Thintlu said...

ဒီတစ်ပုဒ်ကတော့ ပြောစမှတ်ပြုရလောက်အောင် ကောင်းလှတယ် ဆရာ ဒီနိုဗို၊ မြူနှင်းတွေကြားက ဝိုးတဝါး surrealist ပန်းချီကားတစ်ချပ်ကို ကြည့်နေရသလိုပါပဲ။ ၂ဝဝ၁ ထဲက ဟာရူကီ မူရာကာမိ ရဲ့ ဝိညာဉ် ဆရာ့ကိုယ်မှာ ဝင်ရောက်ပူးကပ်နေသလား တောင် ထင်မိပါတယ်။

ဒီနိုဗို said...

ဆရာ သင့်လူ ခင်ဗျား
အချင်းချင်းတွေကြား ဒီလောက်မြှောက်ဖို့မသင့်ဘူးလို့ ထင်မိပါတယ်ခင်ဗျား၊ မှန်ပါတယ် ဆရာပြောသလိုပါပဲ။ မိန်းခလေးတစ်ယောက်
ရဲ့ ကျောဘက်က ကိုယ်တစ်ပိုင်းပုံ ပန်းချီကားတွေကို ကြည့်ပြီး ဒီဝထ္ထု ရေးချင်စိတ်ဖြစ်လာမိတာပါ။ အဲဒီအချိန်မှာ
ရသ သဘောတရားတွေ အဖတ်များနေလို့လဲပါပါတယ်။ အားပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။

Chaw Su said...

good short story. I don't know that you are denovo.