Friday, June 15, 2012

ညပျောက်တဲ့ည



            ညည အိပ်ပျော်ပါရဲ့လားမိတ်ဆွေ၊ အိပ်စက်ခြင်းဆိုတာ ပျော်မွေ့စရာတစ်ခု မဟုတ်ပေမယ့် အိပ်မပျော်ခဲ့ဘူးဆိုရင်တော့ ခပ်ညံ့ညံ့ ရုပ်ရှင်တစ်ကား ဖြစ်စေ၊ ခပ်ညံ့ညံ့ ဝတ္ထုတစ်ပုဒ်ဖြစ်စေ ကြည့်ပြီးတော့ အိပ်ရာဝင်ပါလို့ အကြံပေးပါရစေ။
            ကျွန်တော်ကတော့ အိပ်မပျော်တိုင်း ကိုယ့်ဘဝရဲ့ ခပ်ညံ့ညံ့ စာမျက်နှာတွေကို လှန်လှောရင်း ညတာတွေကို ကုန်ဆုံးစေတတ်ပါတယ်။ ပေါင်မုန့်ခြောက်တစ်ချပ်လို ထိလိုက်တာနဲ့ ပဲ့ကြွေသွားနိုင်လောက်တဲ့ အခုလို ပူပြင်းကြွပ်ရွနေတဲ့ နွေလယ်ညမျိုးမှာဆိုရင်တော့ အသက်တောင် ပြင်းပြင်း မရှူရဲလောက်အောင်ပါဘဲ။ ညရဲ့ ကြွပ်ဆတ်မှု အတိုင်းအဆနဲ့ ကျွန်တော့်ရဲ့ လူးလှိမ့်မှု ပမာဏတို့ ကြားမှာ ဘာမဆိုဖြစ်သွားနိုင်တယ်ဆိုတာ ကျွန်တော် ကြိုတင်ရိပ်စားမိနေခဲ့ပါတယ်။
            ပြောရမယ်ဆို ဘဝမှာ ခပ်ညံ့ညံ့စာမျက်နှာတွေဟာ ဂျိမ်းဂျိုက်စ်ရဲ့ ယူလီးစီး ဝတ္ထုကြီးထက်တောင် ပိုလို့ထူထဲနေခဲ့သလို အိပ်မပျော်တဲ့ ညတွေဟာလည်း ဒဏ်ရာဒဏ်ချက်တွေနဲ့ အတူ အပြိုင်းအရိုင်း ရှင်သန်ကြီးထွားလို့ နေခဲ့ပါတယ်။
            တစ်ခါတစ်ရံမှာ ကျွန်တော်ဟာ အဲဒီအရိုင်းဆန်လွန်းတဲ့ ညတွေမှာ မျက်စိသူငယ် နားသူငယ်နဲ့ပေါ့။
            ကမ္ဘာပေါ်မှာ ကျွန်တော့်လိုပဲ အိပ်မပျော်တဲ့သူတွေ ဘယ်လောက်တောင် များပြားနေခဲ့ပြီလဲ။ ကျွန်တော် သိစမ်းချင်ပါသေးတယ်။ အိပ်မပျော်ခြင်းဟာ ရောဂါတစ်ခု မဟုတ်ပေမယ့် ရောဂါလက္ခဏာ တစ်ခုဆိုတာတော့ ငြင်းမရနိုင်အောင်ပါဘဲ။ ကမ္ဘာပေါ်မှာ အိပ်မရနိုင်တဲ့သူ ဘယ်နှသန်း လောက်ရှိနေခဲ့ပါသလဲ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အနေနဲ့ အိပ်မပျော်သူများ စာရင်းကို ကောက်ယူဖို့ ဘာကြောင့်များ မေ့လျော့နေကြပါသလဲ။ ဒါဟာ စီမံချက် (Project) တစ်ခုအနေနဲ့ အရေးတကြီး လုပ်ဆောင်ရမယ့် ပြဿနာတစ်ခုပါ။
            နိုင်ငံတစ်နိုင်ငံရဲ့ ကျန်းမာရေးအဆင့်အတန်းကို သတ်မှတ်ဖို့ကလေးသေနှုန်းဆိုတာနဲ့ တိုင်းတာကြတယ်။ ဘာကြောင့်များ အိပ်မပျော်သူများ အရေအတွက်နဲ့ မတိုင်းတာခဲ့ကြတာလဲ။ ကျွန်တော့်အမြင်တော့ အိပ်မပျော်သူများအရေအတွက်ကို အတိအကျသာသိခဲ့ရင် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးအနေနဲ့ ဘယ်လိုမှ အိပ်ပျော်နိုင်မှာ မဟုတ်ဘူးလို့ ထင်ပါတယ်။
            ကျွန်တော့်ဆန္ဒကတော့ ကမ္ဘာပေါ်ရှိ လူသားအားလုံး မက်မက်စက်စက် အိပ်မောကျစေချင်တာပါပဲ။ အိပ်ပျော်ခြင်းဟာ လာဘ်ကြီးတစ်ပါးလို့တောင် ဆောင်ပုဒ်တစ်ခု တီထွင်လိုက်ချင်ပါသေးတယ်။ ဘာပဲဖြစ်ဖြစ် အေးအေးချမ်းချမ်း အိပ်ပျော်နေတဲ့ ကလေးတစ်ယောက်ကို ကြည့်ရတာနဲ့ ကို ရင်ထဲအေးချမ်းလို့ သွားမိပါတယ်။ ဒါဟာ လူကြီးဘဝရဲ့ ဆုံးရှုံးမှုတွေထဲမှာ ဘယ်တော့မှ ပြန်မရနိုင်တဲ့ ဆုံးရှုံးမှုဆိုတာလည်း ဝမ်းနည်းစွာနဲ့ တွေးမိပါသေးတယ်။
            အကယ်၍သာ ကလေးတစ်ယောက် အိပ်စက်ပုံမျိုးကို ငွေအသပြာ တစ်စုံတစ်ရာဖြင့် ဝယ်ယူရရှိနိုင်ခဲ့မည် ဆိုလျှင်ဖြင့် ကျွန်တော့်ပိုင်ဆိုင်မှုအားလုံးနဲ့ လဲလှယ်ဖို့ ဝန်မလေးဘူးဆိုတာကို ကြိုတင်ပြောပြထားချင်ပါတယ်။
            တစ်လောက အိပ်မပျော်တဲ့ညတစ်ညမှာ ကိုခင်ဝမ်းရဲ့အိပ်မရတဲ့ညသီချင်းကို ကြားခဲ့ရပါတယ်။ သီချင်းလည်းဆို၊ ပန်းချီလည်းဆွဲတဲ့ ကိုခင်ဝမ်း ဘယ်အတွက်ကြောင့်များ အိပ်မရဖြစ်နေခဲ့ပါသလဲ။ မော်ဒန်ပန်းချီဆရာပိုပိုတို့၊ ဖေညွန့်ဝေ တို့ကော အိပ်ပျော်ကြပါရဲ့လား။ မော်ဒန်စာရေး ဆရာ သစ္စာနီ အိပ်ပျော်နိုင်ပါစေ။ ပဉ္စလက် သရုပ်မှန်စာရေးဆရာကြီး ဂါဒီယာမားကွတ်စ် အိပ်ပျော်နိုင်ပါစေ။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ကိုဖီအာနန် အိပ်ပျော်နိုင်ပါစေ။ အမေရိကန်သမ္မတ ဂျော့်ခ်ျဘုရှ် အိပ်ပျော်နိုင်ပါစေ။ ဆက်ဒမ်ဟူစိန်နဲ့ အပေါင်းအပါများလည်း အိပ်လို့ပျော်ပါစေ။ ဒေးဗစ် ကော်ပါဖီးနဲ့ ကိုယ်ဟန်ပြမယ် ကလော်ဒီယာရှစ်ဖာတို့လည်း အိပ်လို့ပျော်ပါစေ။ ယာကူဇာဂိုဏ်းဝင်များလည်း အိပ်ပျော်နိုင်ကြပါစေ။ ဘုရားသခင်ရဲ့ တပ်ဖွဲ့ဝင် ဟစ်ဘိုလာ ပြောက်ကျားများလည်း အိပ်ပျော်နိုင်ကြပါစေ။ ယူဂိုစလပ် ပြည်သူအပေါင်းလည်း အိပ်ပျော်နိုင်ကြပါစေ……… အိပ်ပျော်နိုင် ကြပါစေ……… အိပ်ပျော်နိုင်ကြပါစေ………
            ကျွန်တော် ဆုတောင်းပေးနေမိတယ်။ ဟုတ်တယ်၊ ကျွန်တော် ဆုတောင်းပေးနေမိတယ်။ လူတွေအားလုံး အေးအေးချမ်းချမ်း အိပ်ပျော်နိုင်မှ နောက်တနေ့ မနက်ဟာ လန်းဆန်းတက်ကြွစွာနဲ့ နိုးထနိုင်ပါလိမ့်မယ်။ ပေါ့ပါးလွတ်လပ်တဲ့ စိတ်ကူးစိတ်သန်းတွေနဲ့ အသစ်သစ်သော ဖန်တီးမှု တွေကို ပြုလုပ်နိုင်ပါလိမ့်မယ်။ လင်းရှင်းဖွေးဖြူတဲ့ စိတ်အနေအထားတစ်ခုနဲ့ ရိုးသားသန့်စင်တဲ့ အနုပညာထည်တစ်ခုကို မှော်ပေါက်စေပါလိမ့်မယ်။
            ဒါမှမဟုတ်ရင်တော့ အင်အားချည့်နဲ့ပြီး လေးလံထိုင်းမှိုင်းနေတဲ့ မနက်ခင်းမှာ ကြည်လင်ပြတ်သားမှုမရှိတဲ့ မျက်လုံးတွေနဲ့သာ ပြည့်နှက်နေပါလိမ့်မယ်။
            အဲဒီ အမြင်မကြည်လင်တဲ့မျက်လုံးတွေနဲ့ တစ်ဦးကိုတစ်ဦး ကြည့်ရှု၊ တစ်ဦးကိုတစ်ဦး အကဲဖြတ်၊ တစ်ဦးကိုတစ်ဦး ဝေဖန်တိုက်ခိုက်နဲ့ ကမ္ဘာပေါ်မှာ ငွေကြေးဖောင်းပွမှုထက် ပြဿနာဖောင်းပွမှုဟာ အဆမတန် များပြားသာလွန်နေပါလိမ့်မယ်။
            အမြင်မကြည်လင်တဲ့မျက်လုံးတွေကို ကြည်လင်စေဖို့ ကမ္ဘာပေါ်မှာ ရှိရှိသမျှ မျက်စဉ်းဆေးတွေနဲ့လည်း ဘယ်လိုမှ မစွမ်းဆောင်နိုင်ပါဘူး။ ဒီအတွက် အကောင်းဆုံးဆေးကတော့ မျက်လုံးများကို ကောင်းစွာ အနားယူအိပ်စက်စေခြင်းပဲ ဖြစ်ပါတယ်။ တခြားနည်းလမ်း မရှိပါဘူး။
            အိပ်ရေးပျက်နေတဲ့ စန္ဒရားဆရာတစ်ယောက်ရဲ့လက်က ထွက်ပေါ်လာတဲ့ အသံအလုံးအထည်တွေဟာ ခိုင်မာတောင့်တင်းမှုမရှိဘဲ လျော့တိလျော့ရဲ ဖြစ်နေနိုင်ပါတယ်။ အိပ်ရေးပျက်နေတဲ့ ပန်းချီဆရာတစ်ယောက်ရဲ့ စုတ်ချက်တွေဟာလည်း ရစ်သမ်မဖြစ်ဘဲ ဖရိုဖရဲ နိုင်လွန်းနေပါလိမ့် မယ်။ အိပ်ရေးမဝတဲ့ ဗိသုကာတစ်ယောက်ရဲ့ အဆောက်အဦးတွေဟာ လွတ်လပ်ပွင့်လင်းခြင်းမရှိဘဲ အုံ့အုံ့ဆိုင်းဆိုင်း ဖြစ်နေမှာတော့ မြေကြီးလက်ခတ်မလွဲပါဘူး။ နောက်ပြီး အိပ်ရေးမဝတဲ့ သိပ္ပံပညာရှင်ကြီးရဲ့ ဓာတ်ခွဲခန်းထဲကနေ ကမ္ဘာကိုဒုက္ခပေးမယ့် ဘယ်လိုအရာဝတ္ထုမျိုးတွေ ပေါ်ထွက်လာ လိမ့်မလဲဆိုတာ ဘယ်သူမှ အာမ မခံနိုင်ပါဘူး။
            စိုးရိမ်စရာကောင်းတာက အိပ်ရေးပျက်နေတဲ့ ထိပ်သီးခေါင်းဆောင်ကြီးတွေရဲ့ ယောင်မှားနှိပ်မိတဲ့ ခလုတ်တွေကနေ နျူကလီးယားထိပ်ဖူးတပ်ထားတဲ့ ဒုံးကျည်တွေ ထွက်လာမှာကိုပါပဲ။ ဒါဆိုရင်တော့ အိပ်နေတဲ့သူအားလုံး အလန့်တကြား နိုးထလာပါလိမ့်မယ်။ ကမ္ဘာပေါ်မှာ ဘယ်သူမှ စိတ်ချလက်ချ မအိပ်ရဲလောက်အောင် စိုးရိမ်စိတ်တွေနဲ့ ပြည့်နှက်ဖုံးလွှမ်းနေပါလိမ့်မယ်။
            အဲဒီအခါ လူသားတွေအားလုံး ညမအိပ်တဲ့ သတ္တဝါ အမျိုးအစားဝင်တွေ ဖြစ်သွားကြပါလိမ့်မယ်။ ဇီးကွက်တစ်ကောင်လို ပြူးကြောင်ကြောင် မျက်လုံးတွေဟာ ဘယ်တော့မှ အနားမရနိုင်တော့ဘဲ အမြဲလိုလို တစ်စုံတစ်ရာကို ကြောက်လန့်၊ တစ်စုံတစ်ရာကို ရှာဖွေ၊ တစ်စုံတစ်ရာအတွက် သောက ရောက်နေပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် လူစင်စစ်ကနေ ဇီးကွက်တစ်ကောင်အဖြစ် အသွင်မကူးပြောင်းရအောင်တော့ ကျွန်တော်တို့အားလုံး ဝိုင်းဝန်းထိန်းသိမ်းဖို့ လိုပါလိမ့်မယ်။ အဲဒီအတွက် ကျွန်တော်တို့အားလုံး အိပ်ရေးဝဖို့ လိုအပ်နေပါတယ်။
            သမိုင်းစာအုပ်ထဲက ဝါတာလူးစစ်ပွဲမှာ အိပ်ရာထနောက်ကျလို့ စစ်ရှုံးခဲ့ရတဲ့ နပိုလီယံလိုတော့ မဖြစ်ချင်ပါဘူး။ အထူးသဖြင့် မနက်စောစော ချစ်သူနဲ့ချိန်းထားသူများ ညဘက် ညဘက် ကောင်မလေးအကြောင်း စိတ်ကူးသိပ်မယဉ်ကြပါနဲ့လို့ အကြံကောင်း ပေးပါရစေ။ အချစ်ဆိုတာ မှော်ဆန်လွန်းတဲ့ စိတ်ကူးထည်တစ်ခု ဖြစ်ပေမယ့် အာရုံမှောက်မှားမှုတစ်ခုဆိုတာလည်း မမေ့ကြပါနဲ့။ ဘဝမှာ အချစ်အတွက် အိပ်မရနိုင်ကြသူများ၊ အိပ်မရနိုင်လောက်အောင် ချစ်တတ်သူများ၊ အိုမာခယမ်ရဲ့ စပျစ်ဝိုင်ကို သောက်ပြီး အိပ်ကြပါ။ ကဗျာစာအုပ်ကိုတော့ ကျွန်တော်လူကြုံနဲ့ ထည့်ပေးလိုက်ပါမည်။
            အချစ်အတွက် အိပ်ရေးပျက်ခံရခြင်းသည် ယောင်္ကျားပီသအောင် နှုတ်ခမ်းမွေးထားခြင်းထက်ပင် ပို၍ အဓိပ္ပါယ်ကင်းမဲ့နေပါသေးသည်။ သို့သော် အချစ်သည် နှုတ်ခမ်းမွေးလို ရိတ်ပစ်၍ မရဆိုတာတော့ ကျွန်တော်ဝန်ခံပါသည်။
            တိုက်တိုက်ဆိုင်ဆိုင် ဤအကြောင်းများနှင့်ပတ်သက်၍ သူငယ်ချင်းများနှင့် ငြင်းခုံခဲ့ရတာ ပြန်လည် အမှတ်ရနေမိပါသေးသည်။ ကျွန်တော်၏ သူငယ်ချင်းသည် မဂ္ဂဇင်း၊ ဗီဒီယို၊ ရုပ်ရှင် စသည့် မီဒီယာအတော်များများ၏ လွှမ်းမိုးမှုကို ခံနေရသူတစ်ဦး ဖြစ်သည်။ ဤအချစ်ကိစ္စနှင့် ပတ်သက်၍လည်း သူသည် ဗီဒီယို၊ ရုပ်ရှင်များကို ကိုးကား၍ ပြောဆိုလာပါသည်။ အချစ်ဆိုတာ စွန့်လွှတ်ခြင်း၊ ရယူခြင်း၊ ဘာညာ စသည်ဖြင့်.................။
            ကျွန်တော် တစ်ခွန်းပဲ ပြောလိုက်ပါသည်။ “အချစ်ဆိုတာ ချစ်နေခြင်းသာလို့။ သူရှူးရှူးရှားရှား ဖြစ်သွားခဲ့သည်။ ဘာပဲဖြစ်ဖြစ် အိပ်ပျော်အောင်အိပ်ဖို့ အရေးကြီးကြောင်း ကျွန်တော် သူ့ကို မှာကြားခဲ့ပါသေးသည်။
            လောကတွင် အိပ်စက်ခြင်းထက် တန်ဖိုးရှိသောစည်းစိမ် ရှိနိုင်ပါသေးသလား။ ကမ္ဘာ့ငွေကြေး အကျပ်အတည်းအတွက် အိပ်မရနိုင်သူများ ဖြေကြပါ။ ငွေကြေးဟူသည် လူတို့သတ်မှတ်ထားသော တန်ဖိုးတစ်ခုသာ ဖြစ်သည်။ ယင်းအတွက် အိပ်မရဖြစ်နေခဲ့လျှင်တော့ ကျွန်တော်တို့၏ သတ်မှတ်ချက်များကို ပြန်လည်စစ်ကြောဖို့သာ ရှိနေခဲ့ပါသည်။
            ကျွန်တော်တို့သည် ကိုယ့်သတ်မှတ်ချက်နှင့်ကိုယ် တုပ်နှောင်ခဲ့ကြပြီလား။ ကိုယ့်ဇယားနှင့်ကိုယ် ရှုပ်ထွေးနေခဲ့ကြပြီလား။ အရေးကြီးသောအချက်အနေနှင့် ကျွန်တော်တို့သည် ကိုယ့်ကိုအိပ်မရအောင် ခြောက်လှန့်အော်ဟစ်တတ်သော မျောက်များကို မမွေးမိဖို့လိုပါသည်။ ထို့အပြင် ကိုယ်ချည်ထားသောအထုံးကို ကိုယ်ဖြေတတ်ဖို့လည်း မလွဲမသွေ လိုအပ်နေပါသေးသည်။ သို့မဟုတ်လျှင် မတော်တဆ သတ်သေမိခြင်းများ အလွန်အမင်း များပြားလာပါလိမ့်မည်။
            မှတ်မိခြင်းသည် ဘဝ၏ လိုအပ်ချက်ဖြစ်သလို မေ့လျော့ခြင်းသည်လည်း ဘဝ၏ လိုအပ်ချက်တစ်ခု ဖြစ်နေခဲ့ပါသည်။ အသည်းကွဲကာ ရူးမတတ်ဖြစ်နေသော လူတစ်ယောက်အတွက် မေ့ပစ်ခြင်းသည်သာ အကောင်းဆုံးဆေးဖြစ်သလို ဈေးကွက်စီးပွါးရေးတွင် ဘဝပျက်လောက်အောင် ကျရှုံးခဲ့သူများအတွက်လည်း မေ့ပျောက်ခြင်းသည်သာ ထွက်ပေါက်တစ်ခု ဖြစ်နေပါသေးသည်။
            ထို့ကြောင့် ထိုသူများအတွက် အိပ်စက်ခြင်းသည်သာ အကောင်းဆုံးမေ့ဆေးဟု တီဗွီမှတစ်ဆင့် ကြေညာလိုက်ချင်ပါသေးသည်။
            သို့သော် အတော်လေး ရယ်စရာကောင်းနေခဲ့သည်မှာ ကျွန်တော်သည် အိပ်စက်ခြင်းအကြောင်းကို တွေးရင်း အိပ်မရနိုင် ဖြစ်နေခဲ့ခြင်းပင်။ အိပ်မရလေ အိပ်စက်ခြင်းအကြောင်း တွေးမိလေနှင့် ကျွန်တော်သည် ညအလယ်တည့်တည့်တွင် တစ်ယောက်တည်း ချာလည်ရိုက်နေခဲ့ပါသည်။ တကယ်တော့ အိပ်မရနိုင်ခြင်းသည် ဆိုးရွားသော ဝေဒနာတစ်ခုပင် ဖြစ်သည်။
            အများနည်းတူ အိပ်စက်နားနေခွင့်ရှိသော အချိန်တွင် နားခွင့်မရဘဲ ငုတ်တုတ်ထိုင်နေရခြင်းသည် မည်သို့သော ဝဋ်ကြွေးမျိုးပါနည်း။
            ညသည် မှောင်လွန်းလှသည်၊ သံသရာသည် ရှည်လွန်းလှသည်၊ ယင်းရှည်လျားနက်မှောင်သည့် ညထဲတွင် ကျွန်တော် ကိုယ့်ကိုယ်ကိုယ် အိပ်မွေ့ချနေမိသည်။ အိပ်စက်ခြင်းသည် အကောင်းဆုံးမေ့ဆေး မဟုတ်ပါလား။ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် မေ့ပစ်ချင်ခဲ့သည်မှာ အတော်ကြာခဲ့ ပါပြီ။
December, 2003, Idea Megazine

1 comment:

Chaw Su said...

Have a nice sleep Ko MMS