Sunday, June 3, 2012

တောင်တစ်လုံးရဲ့ ပါစပက်တစ်


Source: Zoomi Booma Art


မိန်းမ တစ်ယောက်ကို ချစ်ရတာ တောင်တစ်လုံးကို အဝေးက ငေးရသလိုပါပဲဗျာ

ထိုစကားများကို သူပြောခဲ့စဉ်တုံးက ညနေခင်းများသည် အငေးသားနှင့် နားထောင်နေခဲ့ကြသည်၊ တကယ်တော့ ဤအကြောင်းများ
ကို သူသည် ကိုသန်းလွင်အား အကြိမ်ပေါင်းများစွာ ပြောပြခဲ့ပြီးပါပြီ၊ ကိုသန်းလွင်သည်လည်း အကြိမ်ပေါင်း မြောက်များစွာ နားထောင်
ခဲ့ဖူးပါပြီ၊ သို့သော်လည်း သူ ထိထိရှရှ ခံစားရသည့် အခါတိုင်း သူ့ ဓာတ်ပြားဟောင်းကြီးကို ဖွင့်ဖွင့် ပြနေမိသည်၊ ကိုသန်းလွင် သည်
လည်း ဤစကားလုံးများကို ကြားသည်နှင့် နောက်ဆက်တွဲ ပါလာမည့် အကြောင်းအရာများကို အလွတ်နီးပါးပင် မှတ်မိနေခဲ့ပါပြီ၊ ကြာ
လာသည့်အခါ သူသည် ကိုသန်းလွင် သိစေရန် ပြောနေခြင်း မဟုပ်ပဲ ကိုယ့်စိတ်ကိုယ် ဒဏ်ဖြေနေခြင်းသာ ဖြစ်ကြောင်း သဘော ပေါက်လာခဲ့သလို၊ ကိုသန်းလွင်သည်လည်း သူ့စကားများကို ထောက်ခံခြင်း၊ ကန့်ကွက်ခြင်း မရှိပဲ နားထောင် သူ အဖြစ် အပြည့်အဝ
ခံယူနေခဲ့ပါသည်။

xxxxxxxxxxxxxxxxxxxxxxxx

တကယ်တော့ သူနှင့် ကိုသန်းလွင်မှာ အရာရာတိုင်းတွင် ကွဲလွဲနေကြသော လူသားနှစ်ဦးပင်၊ သူသည် တစ်ချိန်က ဆေးကျောင်းသား
တစ်ယောက် ဖြစ်ခဲ့သလို ချမ်းသာ ကြွယ်ဝသော မိဘနှစ်ပါး၏ တစ်ဦးတည်းသော သားလည်း ဖြစ်ခဲ့ပါသည်။

ခင်ဗျားဟာ အောက်စီဂျင်အပြည့်အဝနဲ့ မွေးဖွားလာတဲ့ သူပါဗျာ၊ အဲဒီ အောက်စီဂျင်ပိုက်ကိုမှ ဖြုတ်ချပစ်တာကတော့ ခင်ဗျားရဲ့ ရွေးချယ်မှုပဲ

ကိုသန်းလွင်ကတော့ ဤသို့ပင် အမြဲပြောတတ်ပါသည်၊ သို့သော် သူသည် ဘဝကို အောက်စီဂျင်တစ်ခုတည်းနှင့် မတင်းတိမ် နိင်ခဲ့
ပါ။ သူ၏ ပေရေရှုပ်ပွနေသော အခန်းလေးထဲတွင် ဤသို့ပင် ရေးထားတတ်ပါသေးသည်။

ဘဝမှာ နှာခေါင်းပေါက် တစ်စုံသာ အပိုပါခဲ့မယ်ဆို၊
အချစ်ကို သီးသန့် ရှူရှိုက်ချင်တယ်

သို့သော် သူ ကံမကောင်းခဲ့ပါ၊ သူ ရှုရှိုက်ချင်ခဲ့သော အချစ်သည် သူ့ကို ရှုထုပ်ခဲ့ပါသည်၊ ဘဝတစ်ခုလုံးမှ ဝေးရာဆီသို့။

ခင်ဗျားဘဝမှာ အချစ်ထက် အရေးကြီးတဲ့ အဖြစ်အပျက်တွေ မကြုံခဲ့ဖူးဘူးလို့ ကျွန်တော် ထင်တယ်

ကိုသန်းလွင်၊ ခင်ဗျား ပြောချင်လဲ ပြောတော့ ဗျာ၊ ကျွန်တော့် အတွက်တော့ အချစ်နဲ့ တွေ့ပြီးတဲနောက်မှာ အချစ်ထက် အရေးကြီးတဲ့
အရာတွေဟာ အချစ်လောက်ကို အရေးမပါ နိင်တော့ပါဘူး

ဘဝ၏ အရေးပါမှုများအကြောင်းကို သူ ဤကဲ့သို့ လေးလေးနက်နက် ပြောတတ်ခဲ့သည်မှာ ကြာလှသေးသည်တော့ မဟုပ်ပါ၊ အချစ်
သည် အရာရာကို သင်ကြားပေးနိင်သည် ဟူသော အမြင်နှင့် အချစ်သည် အရာရာကို ရင့်ကျတ်ပြောင်းလဲစေနိင်သည် ဟူသော အမြင်
တို့ကို သူ သဘောပေါက်နားလည် လာခဲ့သော အချိန်ကာလနှင့် မတိမ်းမယိမ်းလောက်ပင် ရှိပါလိမ့်ဦးမည်။

သို့သော် ‘အရေးကြီးမှု’ ဟူသော စကားလုံးနှင့် ‘အရေးပါမှု’ ဟူသော စကားလုံးတို့သည် သူ့ဘဝ၏ လမ်းခွဲမှတ်တိုင် နှစ်ခုလို အချိန်
ကာလ၏ တစ်ထောင့်တစ်နေရာတွင် စောင့်စားနေခဲ့သည်မှာ အတော်ကြာညောင်းနေခဲ့ပုံ ရပါသည်၊ မည်သို့ပင်ဖြစ်စေ၊ သူ တွေဝေ
ရန် အကြောင်းမရှိခဲ့ပါ၊ ဒွိဟစိတ်များကို ထို လမ်းဆုံလမ်းခွ နေရာတွင်ပင် ထားရစ်နိင်ခဲ့ပါသည်။

xxxxxxxxxxxxxxxxxxxxxxxx

သူ ဆေးကျောင်းမှ ထွက်သော တစ်နေ့၊ သဲသဲမဲမဲ ရွာနေသော မိုးစက်များကြားတွင် ကိုသန်းလွင်သည် သူ့ထံ ရောက်ချလာခဲ့ပါသည်၊

ဘဝဟာ မိုးစက်တွေလိုပါပဲဗျာ၊ တခါတခါ အေးမြမှုကို ပေးပေမယ့် တစ်ခါတစ်ခါ ချမ်းစိမ့်မှုကိုလည်း ပေးတတ်တာမျိုးပါ၊ အဓိက
ကတော့ ကိုယ့်ရဲ့ လိုအပ်မှုပါပဲ

သူ၏ လေးတွဲ့တွဲ့ ဒဿန စကားများထဲတွင် ကိုသန်းလွင်သည် ခိုက်ခိုက်တုန်ကာ လှည့်ပြန်သွားခဲ့ပါသည်၊ နောက်တစ်နေ့ မနက်
တွင် ကိုသန်းလွင်၏ အငယ်ဆုံးကလေး အာဟာရ ပြတ်လတ်ကာ သေဆုံးသွားကြောင်း သူ စိတ်မကောင်းစွာ ကြားသိလာခဲ့ရသည်၊
ဤအတွက် သူ တတ်နိင်သမျှကို ကူငွေအဖြစ် ပေးအပ်ခဲ့သော်လည်း ကိုသန်းလွင်သည် ခါးခါးသီးသီးကို ငြင်းဆန်နေခဲ့ပါသည်။

ကျွန်တော့်ဘဝမှာ လူမှန်း သိတတ်စကတည်းက ဘယ်သူ့ အကူအညီမှ မရခဲ့ပါဘူး၊ ဘယ်သူ့ အကူအညီကိုမှလည်း မယူခဲ့ပါဘူး

မိမိရင်သွေး၏ အသက်နှင့် မိမိခံယူချက်ကို အလဲအလှယ် ပြုရဲသော ကိုသန်းလွင်ကို ကြည့်ရင်း သူ မယုံနိင်လောက်အောင် ဖြစ်ခဲ့ရ
ပါသည်။
ရင်ခွဲရုံ အလုပ်သမားတစ်ယောက်၏ ရင်ထဲတွင် ဤမျှ ပြင်းထန်သော မာနတရားများ ကိန်းအောင်းနေလိမ့်မည်ဟု သူ ဘယ်တုန်းကမှ
ထင်မထားမိခဲ့ပါ။

xxxxxxxxxxxxxxxxxxx

ဤသို့ဖြင့် သူသည် ဆေးကျောင်းသား ဘဝမှ ရင်ခွဲရုံ အလုပ်သမား တစ်ယောက်ဘဝကို ရဲရဲဝံ့ဝံ့ပင် ခံယူနိင်ခဲ့ပါသည်၊ ဤအတွက်
လည်း သူ့ကိုယ်သူ ဂုဏ်ယူဝံ့ကြွားနေခဲ့ပါသေးသည်။

‘ခံယူချက်ဆိုတာ လူတစ်ယောက်ရဲ့ မွေးရာပါ ပစ္စည်းတစ်ခုပဲဗျ’
သူ အလုပ်စဝင်သော နေ့က ပြောခဲ့သော စကားများဖြစ်သည်။

‘ဒါပေမယ့် ဒါဟာ လူတစ်ယောက်ရဲ့ မွေးရာပါ တာဝန်တစ်ရပ်လည်း ဖြစ်နိင်ပါသေးတယ်’
ကိုသန်းလွင်၏ လေးလံသော စကားလုံးများ အောက်တွင် သူ့ သက်ပြင်းများ အလျားလိုက် ဆန့်ထွက်သွားခဲ့ကြသည်၊ ဤသို့ဖြင့်
သူသည် ရင်ခွဲရုံ အလုပ်သမားတစ်ယောက် ဖြစ်လာခဲ့သည်၊ အလောင်း စစ်ဆေးရန် လာကြသော ဆေးကျောင်းသားများသည် သူတို့
သူငယ်ချင်း၏ ဖြစ်ပုံကို ကြည့်ပြီး ဖြစ်နိင်ခြေရှိသော စိတ်ရောဂါများကို ဆွေးနွေးကြပါသည်၊ အချို့ကလည်း ယူကျူံးမရ သော စကား
လုံးများဖြင့် သူ့ဘဝကို ဆယ်ယူဖို့ ကြိုးပမ်းကြပါသေးသည်၊ သို့သော် အချည်းနှီးပင်၊

‘ကျွန်တော် လူသေတွေရဲ့ ရင်ကို ခွဲကြည့်ချင်တာ အကြောင်းရှိတယ်၊ သူတို့ရဲ့ ရင်ထဲမှာ အသက်ရှင်စဉ်ကာလ တစ်လျောက်လုံး
ဖုံးကွယ်နေခဲ့တဲ့ အစိုင်အခဲတွေ၊ ဒဏ်ရာဒဏ်ချက်တွေ ကို ပကတိ အရှိအတိုင်း မြင်ခွင့်ရချင်လို့ပဲ’

ထိုနေ့က သူ၏ သူငယ်ချင်းများသည် သူ့ကို အိပ်ရာဝင်တိုင်း မှန်မှန်သောက်ရန် ဆေးညွှန်းများ ရေးပေးသွားခဲ့ကြပါသည်၊ သို့သော်
သူသည် ထိုဆေးညွှန်းစာရွက်ကို ဆေးလိပ်လိပ်၍ သောက်ပစ်ခဲ့ကြောင်း သူတို့ သိမသွားခဲ့ကြပါ။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ဘဝသည် မကြာခဏ ဝတ်စုံ ပြောင်းလဲတတ်ဟန် တူပါသည်၊ ကိုသန်းလွင်သည် ဘာကြောင့်မှန်းမသိ အလုပ်မှ ထွက်သွားခဲ့ကာ
သူသည် ကိုသန်းလွင်နေရာတွင် ရောက်လာခဲ့ပါသည်။ တစ်နေ့ တစ်နေ့ ရောက်ရှိလာသော အလောင်းများကို ခွဲစိတ်ယင်း သူ့မှာ
ဘဝကို အထီးကျန်လှစွာ ဖြတ်သန်းနေခဲ့ပါသည်၊ တခါတခါ လူသေများကို စကားပြောလိုက်၊ မေးမြန်းနှစ်သိမ့်လိုက်ဖြင့် ကြာလာသည့်
အခါ သူ့မှာ လူရှင်များကိုပင် မတွေ့ချင်တော့ပဲ လူသေများနှင့် သာ နေသားကျလာခဲ့ပါသည်၊ (သေခြင်းသည် ရှင်ခြင်း၏ အခန်းဆက် ဟူ၍ ပင် သူ၏ အိပ်ရာဘေးတွင် ရေးထိုးထားပါသေးသည်။)


သူ့ အတွေ့အကြုံအရ လူသေတစ်ယောက်၏ မျက်နှာတွင် လောဘ ဒေါသများ ကင်းဝေးနေခဲ့သည်၊ ယုတ်မာရိုင်းစိုင်းမှုများ ကင်းမဲ့
နေခဲ့သည်၊ ဟန်လုပ်ထားသော မျက်နှာအမူအယာများ မရှိ၊ ပကတိ စစ်မှန်နေခဲ့သည်၊ ဘယ်လောက် ချစ်စရာကောင်းလိုက်ပါသနည်း၊
ပို၍ ချစ်စရာ ကောင်းသည်မှာ ထိုသူတို့သည် မလိုအပ်သော အလ္လာပ သလ္လာပ များကို မပြောနိင်တော့ခြင်းပင်။

ထို့ပြင် ထိုသူတို့၏ ဦးခေါင်းထဲတွင် ကြောက်မက်ဖွယ် ဥဏ်နီဥဏ်နက်များ မရှိတော့ သဖြင့် အနားတွင် စိတ်ချလက်ချ အေးဆေး
ဆေးဆေး နေနိင်ပေသည်၊ နောက်ကျော မလုံသော ခံစားချက်မျိုး မရှိ။ လူရှင်တွေလို ငြီးညူခြင်း၊ ငြီးတွားခြင်း မရှိ။ ပကတိ ဒုက္ခကို
အဆုံးစွန် ခံစားခဲ့ပြီးသော တည်ငြိမ်မှုမျိုးဖြင့် ရင့်ကျတ်ပြည့်ဝ နေခဲ့သည်။ ထို့ပြင် ရှင်သန်စဉ် ကာလတစ်လျောက် ဖုံးကွယ်ထားခဲ့
သော အရာများသည် လုံးဝ အကာအကွယ် မရှိ၊ ဟင်းလင်းပွင့်၍။ အတိုင်းအဆမဲ့ ရိုးသားသည့်ပုံ ပေါက်နေခဲ့သည်။

ဤသို့ဖြင့် သူသည် လူသေများကို ခင်တွယ်လာခဲ့သည်၊ သဘောကျလာခဲ့သည်။ သေဆုံးခြင်းသည် လူ၏ ရှင်သန်စဉ်ကာလ
ကျူးလွန်ခဲ့သမျှ အပြစ်များကို ဆေးကျောပစ်ခြင်းဟုပင် ထင်လာမိသည်။ သူ့ စိတ်ထဲတွင် သူ၏ ရင်ခွဲရုံကလေးသည် မြေပြင်ပေါ်
မှ ကောင်းကင်ဘုံလေး ဖြစ်နေခဲ့သည်။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

အားလပ်သော ညများတွင် သူ တစ်ယောက်တည်း ထိုင်ပြီး တွေးနေမိသည်။ ဘဝ ၏ တန်ဘိုးဆိုသည်မှာ အဘယ်နည်း။ ဘဝကို
လုံးဝ တန်ဘိုး မထားခဲ့သော သူ့အတွက် ဘဝသည် အလွန် တန်ဘိုးရှိနေခဲ့သည်။ အံ့သြဘွယ် မကောင်းပါလား။

သူ့ ဘဝတွင် အများစု အာရုံစိုက်ပြောဆိုနေကြသည့် တန်ဘိုးများ ဖြစ်ကြသော ငွေကြေး သြဇာ အရှိန်အဝါ၊ ဘွဲ့ထူး ဂုဏ်ထူးများ
အားလုံးကို ပြတ်ပြတ်သားသားပင် ငြင်းပယ်ခဲ့သည်။

ထို့ကြောင့် သူ့အတွက် ဘဝ၏ အချိန်ကာလများသည် အဖြူထည် သက်သက်ဖြင့် လှနေခဲ့သည်။ တစ်စုံတစ်ရာ သော တပ်မက်မှု
ဖြင့် ရုန်းကန်နေကြသော လူအများစုကြီးအတွက် မနက်ခင်းသည် မည်သည့် အဓိပါယ် မျှ ရှိမည် မဟုပ်သော်လည်း တပ်မက်မှု မရှိ
တော့သော သူ့အတွက်တော့ မနက်ခင်းသည် အဓိပ့ါယ် ပြည့်ဝနေခဲ့သည်။

အဓိပါယ်မဲ့သော အနာဂတ် စီမံကိန်းများ၊ စာရင်းဇယားများ မရှိတော့ သဖြင့် ပစ္စုပါန်ကို ပို၍ အာရုံစိုက်နိင်လာခဲ့သည်။ ခဏငယ်တိုင်း
သည် သူ့အတွက် ငြိမ်းအေးမှုရသတို့ဖြင့် ပြိုးပြက်နေခဲ့သည်။

ဤ အကြောင်းများကို ရှင်သန်နေသော လူများကို ပြောပြလျင် မည်သူမျှ ယုံကြည်ကြမည် မထင်။ သူ ကိုယ်တိုင်ပင် ဤ ဘဝကို ရောက်မှ ဘဝ၏ တန်ဘိုး အစစ်အမှန်၊ နေထိုင်ခြင်း၏ ရသ ကို အပြည့်အဝ ခံစားတတ်လာခဲ့သည်။ ထိုစဉ်က ဤအကြောင်းများကို
သူ ယောင်၍ပင် မတွေးမိခဲ့။

အချစ်ရေးတွင် ရှုံးနိမ့်လာသူ တစ်ဦးအနေနှင့် အချစ်ဆိုသော အရာကိုပင် အပြစ်တင်ရမည်လား၊ ကိုယ့်ကိုယ်ကိုယ် ပင် အပြစ်တင်ရ
မည်လား မသိ။ ဇဝေဇဝါနှင့်၊ မယုံနိင်စရာများဖြင့် ပြည့်နှက်နေသော လောကကြီးမှ သူ ဆုတ်ခွာခဲ့သည်၊ ရှောင်ပြေးခဲ့သည်။

ရှင်သန်နေသော လောကထဲမှ သေဆုံးနေသော လောကထဲသို့ ကူးပြောင်းခဲ့သည်။ မိမိ ဘဝကိုလည်း သေဆုံးနေသော ဘဝတစ်ခု
အဖြစ်သာ သဘောထားခဲ့သည်။

ယခုတော့ ဘဝသည် သူထင်ထားသလို မသေဆုံးသွားပဲ မယုံနိင်လောက်အောင် အပြည့်အဝ ရှင်သန်နေခဲ့သည်။ အစဉ်အမြဲ နိုးကြား
ဖြတ်လတ် နေခဲ့သည်။ အချိန်တိုင်းကို သိစိတ် အပြည့်အဝ ဖြင့် ဖြတ်သန်းနေခဲ့သည်။

ညင်ညင်သာသာ တိုက်ခတ်သွားသော လေညှင်း၊ တဖြုတ်ဖြုတ် ကြွေက်ျနေသော သစ်ရွက်သေ၊ တရွေ့ရွေ့ တက်လာနေသော
နေမင်း၊ တစ်စစ ဝင်းပလာသော ကောင်းကင်၊ တဖျတ်ဖျတ် ကျဆင်းနေသော မိုး နှင်း၊ အနက်ရောင် တောက်ပ နေသော ညခင်း၊
အားလုံး အားလုံးကို သူ အပြည့်အဝ ခံစားနေမိသည်။ တရှိုက်မက်မက် စားသုံးနေမိသည်။
တခါတခါတွင်တော့ သူ့ကို ဤ ဘဝသို့ ရောက်အောင် ဖန်တီးခဲ့သော ချစ်သူမကို သူ ကြံဖန်၍ ကျေးဇူးတင်မိသည်။ သူ၏ ရှေ့ဆောင်
လမ်းပြ ကိုသန်းလွင်ကိုလည်း သည်းသည်းထန်ထန် လွမ်းဆွတ်မိသည်။ ဆရာဝန် ဖြစ်ကုန်ကြပြီဖြစ်သော သူ၏ ကျောင်းနေဘက် သူငယ်ချင်းများကိုတော့ တခါတရံ သတိရမိသည်။

တကယ်တော့ သူတို့သည်လည်း ဘဝတွင် (ကိုယ့်ဘာသာ ပြဌာန်းထားကြသော) တန်ဘိုးများဖြင့် ကျေနပ်နေကြလိမ့်မည်ဟု သူ ထင်
ပါသည်။ လူတိုင်း လူတိုင်း ကိုယ့်ဘဝကိုယ် ကျေနပ်နေကြဖို့ သာ အရေးကြီးသည် မဟုပ်ပါလား။

ဤသို့ဖြင့် သူသည် ဘဝကို နေထိုင်ရုံသက်သက် ဖြတ်သန်းလာခဲ့သည်။ သူ့ အတွက် နေခွင့် ရနေခြင်းဖြင့်ပင် လုံးဝ ကျေနပ်နေခဲ့ သည်။ ကျန်တာ ဘာဆိုဘာမျှ မလိုအပ်။

ထိုအတွက် နေထိုင်ခြင်း ဖြစ်စဉ်ကို ဘယ်လိုဘယ်ပုံ လှလှပပ အဆုံးသတ်ရမည်လဲ ဆိုတာ တစ်ဖက်ကလည်း သူ ကြိုတင် စဉ်းစား
နေခဲ့ပါသည်။

xxxxxxxxxxxxxxxxxxxxxxxxxxx

ဤသို့ဖြင့် တစ်နေ့တွင် ရင်ခွဲရုံသို့ အမျိုးသမီးတစ်ဦး၏ အလောင်း ရောက်ရှိလာခဲ့ပါသည်၊ သူသည် လုပ်နေကျအတိုင်း အမျိုးသမီး၏
ရင်ဘတ်ကို ဖွင့်ကြည့်လိုက်သောအခါ ထူးထူးဆန်းဆန်းပင် နှလုံးသား တစ်ခုလုံး ပျောက်ဆုံးနေခဲ့သည်ကို အလန့်တကြား တွေ့ရှိ သွားခဲ့ပါသည်။ သူသည် ထိုနေ့က အချိန်မှန်ပင် ရေချိုး ထမင်းစားကာ အိပ်ရာ ဝင်ခဲ့ပါသည်။

သို့သော် နောက်တစ်နေ့ မနက်တွင် သူ၏ အခန်းထဲ၌ မည်သည့် သက်ရှိတစ်စုံတစ်ရာကိုမျှ မတွေ့ရှိရတော့ပါ၊ သက်ဆိုင်ရာမှ အပြင်းအထန် ရှာဖွေခဲ့ကြသော်လည်း ဘာမှ မထူးခြားခဲ့ပါ။

ထူးထူးခြားခြား ဆို၍ သူ၏ အခန်းနံရံတွင် သွေးဖြင့် ရေးထားခဲ့သော စာတမ်းငယ်လေး တစ်ခုသာ ကျန်ရှိခဲ့ပါသည်၊

ငွေ့ရည်ဖွဲ့ တောင်တန်းလေး ဆီသို့ ဟူ၍။

-------------------------------------------------------------------။-----------------------------------------------------
ဒီနိုဗို
ရည်ညွှန်းချက်။     ။ မရဏ တရားနှင့် ပေါင်းသင်းနေထိုင်သူ တစ်ဦး အတွက်

မှတ်ချက်။            ။ ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်းတွင် ၂၁ ရာစု အစောပိုင်းကာလများ က ဖော်ပြခဲ့ဖူးသည်ဟု ရေးတေးတေး
                        ထင်မိပါသည်၊ မသေချာလှပါ၊ အရေးတော့လည်း မကြီးလှပါ။



No comments: