Friday, May 4, 2012

ကိုယ့်အထွာနဲ့ကိုယ်



            ကျွန်တော်တို့ လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ ဘာသာစကားသည် အတိတ်ကာလ၏ အနည်အနှစ်များဖြင့် အထပ်ထပ်ပို့ချထားသော အမှတ်လက္ခဏာအစုအဝေးများသာ ဖြစ်နေခဲ့သည်။ တစ်နည်းအားဖြင့် ကျွန်တော်တို့သည် ယနေ့အကြောင်းကို မနေ့က စကားလုံးများသုံးစွဲကာ ပြောဆိုနေခဲ့ရသည်။ ထိုအခါ စကားတစ်ခွန်းကို ပြောတိုင်းပြောတိုင်း ပူးတွဲကပ်ပါလာသော ကာလတရား၏လွှမ်းမိုးမှုသည် ကျွန်တော်တို့၏ ရေးသားပြောဆိုမှုများတွင် ထင်ဟပ်လို့နေခဲ့သည်။
            အထူးသဖြင့် စကားလုံးတစ်လုံးစီထက် စကားလုံးများကိုတွဲစပ်ကာ လက်ဆင့်ကမ်းသယ်ဆောင်လာကြသော စကားပုံများ၊ ဆိုရိုးများထဲတွင် အတိတ်ကာလများဆီက တွေးမှုခေါ်မှုများ၊ အယူအကောက်များ၊ သဘောထားများကို အစိုင်အခဲအလိုက် (solid state) တွေ့နိုင်သေးသည်ဟု ထင်မြင်မိပါသည်။ ကျွန်တော့်စိတ်ထဲတွင် ၎င်းတို့သည် ကျွန်တော်တို့ မသိမမြင်လိုက်ရသည့် အတိတ်ကာလ၏ ပုံဆောင်ခဲအသွင် ဆောင်နေခဲ့သည်။ ၎င်းတို့ကို ကျောက်မျက်ရတနာများလို တစ်ခုချင်း စေ့စေ့စပ်စပ်လေ့လာပြီး ယနေ့ခေတ်၏ အသစ်အသစ်ပေါ်ထွန်းလာသော ဘာသာရပ်များနှင့် စပ်ဆက်စဉ်းစားကြည့်လျှင် မည်သို့ရှိမည်နည်းဟု တွေးကြည့်မိပါသည်။
            သို့သော်လည်း ဤကိစ္စမှာ ပညာရှင်များ၏ အရေးကိစ္စသာဖြစ်ပါသည်။ ကျွန်တော့်လို သာမန်လူတစ်ယောက်အနေနှင့် သာမန်လူတစ်ယောက်၏ အမြင်ဖြင့်သာ ပြောဆိုနိုင်ပါလိမ့်မည်။ ဤနေရာတွင်ဆင်လည်းဆင်အထွာနှင့်၊ ပုရွက်ဆိတ်လည်း ပုရွက်ဆိတ် အထွာနှင့်ဟူသော စကားပုံကိုသွား၍ သတိရမိပါသည်။ ဤစကားပုံတွင် ကျွန်တော်စိတ်ဝင်တစား သတိထားမိသောစကားလုံးမှာအထွာဖြစ်ပါသည်။ အတိုင်းအထွာကို ဆိုလိုသည်ဟုထင်ပါသည်။ အင်္ဂလိပ်လိုပြောလျှင်တော့ measurement, scale စသဖြင့် ပြောနိုင် ပါလိမ့်မည်။
            အတိုင်းအထွာဆိုသည်မှာ နှယ်နှယ်ရရမဟုတ်ပါ။ ယနေ့ခေတ်၏ ပညာရပ်နယ်ပယ်အားလုံး အမှီပြုရပ်တည်နေရသည့် ဒေါက်တိုင်ကြီးများပင်ဖြစ်သည်။ အတိုင်းအထွာမရှိဘဲ ကျွန်တော်တို့ တစ်ခုနှင့်တစ်ခု မနှိုင်းယှဉ်နိုင်ပါ။ တစ်ခုနှင့်တစ်ခု မနှိုင်းယှဉ်ဘဲ ကျွန်တော်တို့ သုံးသပ်ပြောဆိုမှု မပြုနိုင်ပါ။ တစ်ဆင့်တက်၍ သီအိုရီများ၊ ဖော်မြူလာများ ချဖို့မည်သို့မျှ မဖြစ်နိုင်ပါ။
            ထိုအခါ အတိုင်းအထွာများသည် ကျွန်တော်တို့၏ဘဝတွင် အတော်အရေးပါလာခဲ့သည်။ ကျွန်တော်တို့၏ နိစ္စဓူဝကိစ္စများတွင် အတိုင်းအထွာနှင့် မကင်းရာမကင်းကြောင်းတွေ အတော်များနေခဲ့သည်။ မနက်ဈေးဝယ်သည်မှအစ၊ အလုပ်ထဲအဆုံး ကျွန်တော်တို့ တိုင်းတာနေရသည်။ တစ်ချိန်တည်းတွင် ကျွန်တော်တို့လည်း အတိုင်းအတာခံနေခဲ့ရသည်။
            တစ်ချိန်တည်းတွင် တိုင်းတာသောစကေးများက အတော်အရေးပါလာခဲ့သည်။ ကျွန်တော်တို့ ဘယ်စကေးကို လက်ကိုင်ထားကြမည်လဲ။ စကားပုံထဲတွင်တော့ အရာရာတိုင်းကို စကေးတစ်ခုတည်းနှင့် တိုင်းလို့မရဟုဆိုသည်။ ဆင်ကိုတိုင်းသောပေတံနှင့် တိုင်းတာလျှင် ပုရွက်ဆိတ်ဆိုသည်မှာ ထည့်တွက်စရာမလိုလောက်သည့် (negligible) အရေးမပါသည့် (insignificant) အရာတစ်ခုသာ ဖြစ်ပေလိမ့်မည်။
            သို့သော်လည်း ပုရွက်ဆိတ်သည်လည်း ဆင်နည်းတူသတ္တဝါတစ်ကောင်သာ ဖြစ်ပါသည်။ သူ့မှာလည်း အများနည်းတူ ဒုက္ခ၊ သုခတွေ ရှိပါသည်။ သူ့မှာ အများနည်းတူ ဆာလောင်မွတ်သိပ်နေတတ်သော သတ္တဝါတစ်ကောင်သာဖြစ်ပါသည်။ တခြားသူတွေလို သူ့မှာလည်း သူ့အိပ်မက်နှင့်သူ ရှိပါလိမ့်မည်။ သူ့ပိုင်ဆိုင်မှုနှင့်သူ ရှိပါလိမ့်မည်။ ကျွန်တော်တို့ မည်သို့မျှ အသိအမှတ်မပြု၍ မရသည့်ဖြစ်တည်မှုတစ်ခု ဖြစ်ပါသည်။
            ဤအတွက် ကျွန်တော်တို့သည် သီးခြားအရာများကို သီးခြားစကေးများဖြင့် တိုင်းတာဖို့လိုအပ်လာခဲ့သည်။ ဘာသာရေးတန်ဖိုးများ၊ လူမှုရေးတန်ဖိုးများ၊ ကိုယ်ကျင့်တရားစံများ၊ ငွေကြေးနှင့်ရုပ်ပိုင်းဆိုင်ရာတန်ဖိုးများ စသဖြင့် သီးခြားတန်ဖိုးများကို ကျွန်တော် တို့အရောရောအနှောနှော တိုင်းလာကြသောအခါ မလိုအပ်သည့် ရှုပ်ထွေးမှုများနှင့် တင်းမာမှုများကို ဖန်တီးနေသလိုဖြစ်နေခဲ့သည်။ ထို့ပြင် မတူညီသည့် နောက်ခံကားချပ်နှစ်ခုကို အတူတူလို သဘောထားတိုင်းတာကြသဖြင့် တလွဲတချော်ကောက်ချက်များကို ကျွန်တော်တို့ လွယ်လွယ်ကူကူ တွေ့ရှိနေခဲ့ရသည်။ ထို့အတွက် မတူညီသော နောက်ခံကားချပ်များကို ညှိနှိုင်းပြုပြင်ကာ တိုင်းတာသည့် standardization ကို ယနေ့လူမှုသိပ္ပံဘာသာရပ်များထဲတွင် ထည့်သွင်းလာရပါသည်။
            ကမ္ဘာကျော်ရူပဗေဒပညာရှင် စတီဖင်ဟောကင်းကတော့ Theory of Everything (TOE)ကို တစ်နေ့ဖော်ထုတ်နိုင်လိမ့်မည်ဟု ယုံကြည်နေပါသည်။ ကျွန်တော့်အနေနှင့် သူပြောချင်သည့် သီအိုရီကို မှန်းဆနိုင်လောက်အောင် ဥာဏ်မမီလှပါ။ သို့သော်လည်း ဆင်များ၊ ပုရွက်ဆိတ်များ၊ (တစ်ချိန်က) ဒိုင်နိုဆောများဖြင့် ပြည့်နှက်နေခဲ့သော ကျွန်တော်တို့၏ လောကကြီးထဲတွင် (အနည်းဆုံး ရုပ်ကမ္ဘာတွင်) ယူနစ်တစ်ခုတည်းရှိသော ပေတံတစ်ချောင်းဖြင့် မလုံလောက်ဟု ယူဆမိပါသည်။
            မည်သို့ပင်ဖြစ်စေ ဤစကားပုံကို ကျွန်တော်ကြိုက်ရသည့် အကြောင်းရင်းတွင် တစ်ဦးချင်းတန်ဖိုးကို ဦးစားပေးမှုသည် ထိပ်ဆုံးကပါနေခဲ့ပါသည်။ တစ်ဦးနှင့်တစ်ဦး မည်မျှပင် ကွာခြားနေပါစေ၊ သူ့တန်ဖိုးနှင့်သူ၊ သူ့အစွမ်းအစနှင့်သူ၊ တနည်းအားဖြင့် သူ့အဆိပ် နှင့်သူ ရှိကြသည့်အတွက် ကျွန်တော်တို့ တစ်ဦးကိုတစ်ဦး အပြန်အလှန်လေးစားဖို့လိုနေခဲ့သည်။ တစ်ချိန်တည်းတွင် ကိုယ့်အတိုင်းအထွာနှင့် ကိုယ်လုံလောက်နေသဖြင့် တလွဲအားကျကာ လိုဘမပြည့်မှုမျိုး မရှိနိုင်တော့ပါ။ အနည်းဆုံးတော့ ဤစာစုကို သာမန်လူ တစ်ယောက်အနေနှင့် ရေးသားဖို့ ယုံကြည်မှုတစ်ခုကို ပေးစွမ်းနိုင်သည်ဟု ထင်မြင်မိပါသည်။
Voice Journal

No comments: