တချို့အရာတွေက
ပျောက်လို့ပျောက်မှန်းမသိလောက်အောင်
ပျောက်နေတာမျိုး၊ တစ်ချိန်ချိန် အကြောင်းတိုက်ဆိုင်လို့
သတိရသွားတော့မှပဲ ပျောက်နေမှန်းသိတော့တယ်ဆိုတာမျိုး၊
အိမ်က ချိန်ခွင်ကလည်း ဘယ်အချိန်ကတည်းကမှန်းမသိ
ပျောက်နေခဲ့တယ်။ မနေ့တစ်နေ့ကမှ သတင်းစာအဟောင်းတွေ ရောင်းမယ်လုပ်တော့ ရှာလို့မရတော့ဘူး။
အိမ်မှာတော့
ချိန်ခွင်ဆိုတာ မီးဖိုချောင်သုံးပစ္စည်းတွေလို
နေ့စဉ်မပြတ် သုံးစရာလည်းမရှိပါဘူး။
ပစ္စည်းအဟောင်းတွေ၊ စက္ကူအဟောင်းလေးတွေ စုပြီးရောင်းမှသာ သုံးတာမဟုတ်လား။ အဟောင်းဆိုတာလည်း အသစ်တွေ အများကြီး စုဆောင်းပြီးမှ ရတာမျိုးဆိုတော့ ချိန်ခွင်ဆိုတာ မေ့မေ့ပျောက်ပျောက် ပစ္စည်းဖြစ်နေတာလည်း မဆန်းပါဘူး။
ကိုယ့်လိုပဲ
အိမ်နီးချင်းတွေကလည်း
ချိန်ခွင်ဆိုတာကို ‘တစ်ခါသုံး’ ပစ္စည်းလို သဘောထားပုံရပါတယ်။ အလိုရှိတဲ့အချိန်မှပဲ
အပြေးအလွှားဌားရမ်းပြီး
ကျန်အချိန်တွေမှာတော့
ကိုယ်နဲ့မသက်ဆိုင်သလို၊
ကိုယ်နဲ့မအပ်စပ်သလိုမျိုး
နေကြပြန်ပါတယ်။ သူတို့ ပြောတာက နေရာတကာတိုင်း ကိုယ့်ချိန်ခွင်နဲ့ လိုက်ချိန်နေလို့မှ မရတာတဲ့။ အဲဒီတော့ ကိုယ်ပိုင်ချိန်ခွင်ဆိုတာ
ထားလည်း အလကားပေါ့တဲ့။
အဲဒီတော့
ချိန်ခွင်ဟာ အိမ်မှာ သူ့အတွက် နေရာမရှိဘူးဆိုတာ သဘောပေါက်လို့ပဲ အလိုက်တသိ ထွက်ခွာသွားတာလား၊ ဆိုလိုတာက အမှန်တကယ် ပျောက်ဆုံးသွားခဲ့တာလား။
ဒါမှမဟုတ် ကျွန်တော်တို့ရဲ့ အသိသညာထဲမှာပဲ မေ့လျော့ပျောက်ကွယ်နေခဲ့တာလားဆိုတာတော့
အတော်စိတ်ဝင်စားဖို့ကောင်းတဲ့
ကိစ္စတစ်ခုပါ။ ပျောက်နေတဲ့အရာတွေဟာ ရှိနေတဲ့အရာတွေထက် ပိုဆွဲဆောင်နိုင်သလားမဆိုနိုင်ပါဘူး။
မျက်စိရှေ့မှာရှိစဉ်တုန်းက
သတိမထားမိတဲ့အရာတွေဟာ
ပျောက်ဆုံးသွားမှ ထင်ရှားလာကြပါတယ်။ မှတ်မှတ်ထင်ထင်ရှိလာကြပါတယ်။
ပုံရိပ်တွေက မပြတ်သားပေမယ့် တည်ရှိမှုက ပိုသိသာလာစေပါတယ်။ ပျောက်ဆုံးသွားတဲ့အရာတွေရဲ့
တည်ရှိမှုဟာ လုံးဝဒြပ်မဲ့သဘောဆောင်ပြီး
တိတ်တဆိတ်နိုင်လွန်းပါတယ်။
မှုန်ဝါးဝါး အသံတိတ်ရုပ်ရှင်ကားတစ်ကားကို
ကြည့်ရသလိုမျိုးနဲ့ ဆင်လေမလားမသိ။
ပျောက်နေတဲ့ချိန်ခွင်ဟာ
ပျောက်နေတဲ့အတွက် တည်ရှိနေခဲ့ပါတယ်။ ပျောက်နေတဲ့အတွက် တည်ရှိခဲ့တာကို ပိုသေချာစေသလိုပါပဲ။ အိမ်နီးနားချင်းတွေဟာ
ပျောက်နေတဲ့ချိန်ခွင်ကို
မေးလာကြပါပြီ။ ပျောက်နေတဲ့ချိန်ခွင်ဟာ
အားလုံးရဲ့စိတ်ထဲမှာ ပြန်လည်ရောက်ရှိလာတဲ့သဘော။
ရုပ်ပစ္စည်းဖြစ်တဲ့ချိန်ခွင်ဟာ
နာမ်သဘောတစ်ခုအဖြစ် အသွင်ပြောင်းပြီး လူတွေရဲ့စိတ်ထဲ ဝင်ရောက်နေရာယူလာတဲ့ သဘော။
ပျောက်နေတဲ့ချိန်ခွင်ဟာ
ရှိနေတဲ့ချိန်ခွင်တွေနဲ့
မတူဘူး။ သူရဲ့ ထူးခြားသာလွန်တဲ့အချက်က ‘ပျောက်ဆုံးနေခြင်း’ ပါပဲ။ အဲဒီအချက်ကပဲ သူဟာ ရှိနေတဲ့ချိန်ခွင်တွေထက်
တန်ဖိုးရှိနေခဲ့တယ်။ လူတစ်ယောက်ဟာ “ရှိနေတဲ့ချိန်ခွင်” ကို ဈေးမှာ သွားဝယ်လို့ရပေမယ့် “ပျောက်နေတဲ့ချိန်ခွင်” ကိုတော့ ဘယ်လောက်ပေးပေး ဝယ်လို့မရနိုင်ဘူး မဟုတ်လား။
ဒါကြောင့်မို့လည်း
ပျောက်ဆုံးသွားတဲ့ မြို့ကြီးတွေ၊ တိုက်ကြီးတွေ၊ ယဉ်ကျေးမှုအဆောက်အဦးတွေဟာ
အမြဲထာဝရ ပြောဆိုနေကြရတဲ့ အကြောင်းအရာတွေ ဖြစ်နေခဲ့တယ် မဟုတ်လား။ တစ်ခါတစ်ရံမှာ အဲဒီပျောက်ဆုံးသွားတဲ့အရာတွေဟာ
တည်ရှိနေတဲ့အရာတွေရဲ့
အရင်းမူလလို့ တောင် ထင်ယောင်လာမိကြတယ်။ တစ်ခါတစ်ရံမှာ ပျောက်ကွယ်သွားတဲ့အရာတွေဟာ
အခြားဒိုင်မေးရှင်းမှာ
တစ်ပြိုင်တည်း ဆက်လက်တည်ရှိ ဖြစ်တည်နေဆဲပဲလို့လည်း
ယူဆတတ်ကြတယ်။ ဘာကြောင့်ဆို ကျွန်တော်တို့ရဲ့ ဆင်ခြင်တုံတရားက ‘ပျောက်ဆုံးမှု’ ဆိုတာကို လက်ခံဖို့ ခဲယဉ်း တယ်မဟုတ်လား၊ စဉ်းစားကြည့်လေ၊ အရာဝတ္ထုတစ်ခုအနေနဲ့ မြင်နိုင်တဲ့အရပ်ကနေ မမြင်နိုင်တဲ့အရပ်ကို
ရောက်ရှိသွားဖို့သာ ရှိပါတယ်။ ‘တည်ရှိ’ နေရာကနေ ‘မတည်ရှိ’ တော့ဘူး။ ပျောက်ဆုံးသွားပြီဆိုတာကို
ဘယ်လိုများ နားလည်ရပါ့မလဲ။ ဒီတော့ကာ လူတွေရဲ့စိတ်မှာ ပျောက်ဆုံးသွား တဲ့အရာမှန်သမျှကို အခြားမမြင်နိုင်တဲ့ ဒိုင်မေးရှင်းထဲ ရောက်ရှိသွားကြတယ်လို့
ထင်ကြတာ အဆန်းတော့လည်း မဟုတ်ပြန်ဘူးလေ။
ဒီတော့
ပျောက်ဆုံးသွားတဲ့အရာတွေဟာ
မမြင်နိုင်တဲ့အရပ်၊ မကြားနိုင်တဲ့အသံ၊ မသိနိုင်တဲ့သဘောတွေအဖြစ်
ပြောင်းလဲသွားကြတယ်။ ပျောက်ဆုံးသွားတဲ့အရာတွေဟာ
တဖြည်းဖြည်းလျှို့ဝှက်ဆန်းကြယ်တဲ့အရာတွေအဖြစ်
ပြောင်းလဲသွားကြတယ်။ တစ်စတစ်စနဲ့ နက်နဲတဲ့ ဂမ္ဘီရ လောကနဲ့ ဆက်နွှယ်လာခဲ့တယ်။ ပျောက်ဆုံးသွားတဲ့အရာတွေဟာ
တည်ရှိနေတဲ့အရာတွေကို
တစ်နည်းတစ်ဖုံ သြဇာလွှမ်းမိုးနေခဲ့တယ်။
ပြိုကျသွားတဲ့ မျှော်စင်ညီနောင်ကြီးဟာ
မျိုးဆက်ပေါင်းများစွာကို
လွှမ်းမိုးနေမယ့်သဘောမျိုးပေါ့။
ဒေးဗစ်ကော့ပါဖီးဟာ လေဘာတီရုပ်တုကြီးကို ဖျောက်ပြ ပြီးကမ္ဘာကျော်သွားခဲ့တယ်။ သူဟာ အဲဒီရုပ်တုကြီးကို
ဖန်တီးခဲ့ရင်တောင် ဒီလို ကျော်ကြားပါ့မလား မသိ။
ရုပ်ရှင်တွေက
တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် ရှာဖွေနေကြတဲ့ ပျောက်ဆုံးနေသော မိသားစုတွေအကြောင်း
ရိုက်ကြတယ်။ သူတို့ရဲ့ အခြေခံသီအိုရီကတော့ ပျောက်ဆုံးနေတဲ့အရာတွေဟာ တစ်ချိန်မှာ
ပြန်ပေါ်လာလိမ့်မယ်။ ကွဲကွာနေသူတွေဟာ တစ်ချိန်မှာတော့ တွေ့ဆုံ ကြမှာပဲ။
အဲဒီရုပ်ရှင်တွေထဲမှာ ဇာတ်ကောင်တွေရဲ့ဘဝဟာ ပျောက်ဆုံးနေတဲ့သူတွေကို ရှာရင်းနဲ့ပဲ
ကုန်ဆုံးကြရတယ်။ ဒါကပဲ သူတို့ရဲ့ ဘဝအဓိပ္ပါယ်တစ်ခုလို၊ ဘဝရဲ့အစစ်အမှန် တည်ရှိမှုဟာ
ပျောက်ဆုံးနေတဲ့ တစ်စုံတစ်ရာကို ရှာဖွေနေခြင်းပဲလို့ ညွှန်းဆိုနေသလိုပါပဲ။
ဒီလို ရုပ်ရှင်တွေ၊ ဝတ္ထုတွေ
အလိုအရတော့ ပျောက်နေတဲ့အရာတွေဟာ မရှိတော့တဲ့အရာတွေ မဟုတ်ပါဘူး။ အချိန်ကာလတစ်ခုအထိ
ကွဲကွာနေကြတဲ့ မဆုံနိုင်ကြတဲ့ အရာတွေသာ ဖြစ်လို့နေပါတယ်။ ဒါကလည်း စာရေးသူရဲ့
အမြင်၊ သိမှတ်နားလည်ထားမှုနဲ့ ဖြစ်လိုဇောတွေပေါ်မှာ တည်နေတယ် မဟုတ်လား။
တစ်နည်းအားဖြင့် စာရေးသူတည်ဆောက်ထားတဲ့ လောကထဲမှာ ဖန်တီးထားတဲ့ အမှန်တရားတစ်ခုသာ
မဟုတ်လား။
တကယ့်အပြင်လောကမှာတော့
ပျောက်ဆုံးသွားတဲ့အရာတွေဟာ မရှိတော့တဲ့အရာတွေကော မဖြစ်နိုင်ဘူးလား။
ပျောက်ဆုံးသွားတဲ့အရာတွေကို တစ်ချိန်မှာ မလွဲမသွေ ပြန်လည်တွေ့ရမှာပဲလို့
ဘယ်သူအာမခံနိုင်ပါသလဲ။ ပျောက်ဆုံးမှုဟာ ထာဝရဆုံးရှုံးမှုပဲဆိုတာသိရင် လူတွေ
လက်ခံနိုင်ပါ့မလား။
ချိန်ခွင်တစ်လက်ပျောက်တာကို
ဋီကာဖွဲ့လှချေလားလို့ ပြောရင်လည်း ခံရမှာပါပဲ။ ဒါပေမယ့် ပျောက်ဆုံးမှုဆိုတာ
အလွန်မရေရာတဲ့ စိတ်အနေအထားတစ်ခု မဟုတ်လား။ တည်ရှိနေတဲ့အရာတွေ၊ ဆုံးရှုံးသွားတဲ့
မတည်ရှိတော့တဲ့ အရာတွေမှာရှိတဲ့ သေချာခြင်းမျိုးတွေ ကင်းမဲ့နေတယ် မဟုတ်လား။ ဒီလို
ရှိ၊ မရှိ အနေအထားနှစ်မျိုးလုံး ရောစပ်နေတဲ့ ‘ပျောက်ဆုံးခြင်း’ ဟာ ဖြစ်တည်မှုရဲ့ ဆန်းကြယ်လှတဲ့ ဒိုင်မေးရှင်းပေပဲလား။
ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော့်ချိန်ခွင်ကတော့
ပျောက်နေခဲ့ပါပြီ။
ကျွန်တော့်ရဲ့ ပျောက်ဆုံးသွားတဲ့
ချိန်ခွင်ဟာ စောစောကပြောတဲ့ ကမ္ဘာပေါ်က ပျောက်ကွယ်သွားပြီးဖြစ်တဲ့ မြို့ကြီးတွေ၊ တိုက်ကြီးတွေ၊
ကျွန်းကြီးတွေပေါ်ကိုပဲ ရောက်ရှိသွားခဲ့ပြီလား။ ဘာမြူဒါတြိဂံထဲမှာ ပျောက်ဆုံးသွားကြတဲ့
လေယာဉ်တွေ၊ သင်္ဘောတွေလို လျှို့ဝှက်ဆန်းကြယ်တဲ့ ပျောက်ဆုံးနယ်မြေထဲပဲ ရောက်ရှိနေခဲ့ပြီလား။
တကယ်လို့ ကျွန်တော့်အိမ်ရဲ့ ချောင်တစ်ချောင်မှာများ တစ်ချိန်ချိန် ပြန်လည်တွေ့ရှိခဲ့မယ်ဆိုရင်…………။
လောလောဆယ်တော့ အိမ်မှာ ဂျာနယ်၊
သတင်းစာဟောင်းတွေ အတော်ပုံနေခဲ့ပါပြီ။
1 comment:
တချို့ အရာတွေဟာ တစ်နေရာရာမှာ ပုံစံတစ်မျိုးနဲ့ ရှိနေနိုင်မယ်လို့ တွေးပြီးတော့ တော့ စိတ်ကိုး အားပေးမိတယ်.. (ဥပမာ.. ထာဝရ ခွဲခွာသွားတဲ့ လူတစ်ဦးကို လွမ်းဆွတ်မိတဲ့အခါမျိုးပေါ့.. )
Post a Comment