မက်ဒေါနယ် ဦးထုပ်ဆောင်းထားတဲ့ ကောင်တာနောက်က ကောင်မလေးက မက်ဒေါနယ်အပြုံးနဲ့ ဖျတ်ခနဲ
ပြုံးလိုက်ပြီး မက်ဒေါနယ်မှ ကြိုဆိုပါတယ်လို့ ပြောလိုက်တယ်၊ ကျွန်တော့်စိတ်ထဲမှာ ဒီလောက်ညဥ့်နက်နက်မှာ
မိန်းခလေးတွေ မက်ဒေါနယ်ဆိုင်မှာ လုပ်လိမ့်မယ်လို့ မထင်ထားဘူး၊ ဒီတော့ ဒီလိုမြင်လိုက်တာ
စိတ်ထဲ ခဏကြောင်သွားတယ်၊ ဒါပေမယ့် တစ်စက္ကန့်ပါပဲ၊ ကျွန်တော်လည်း သတိဝင်ပြီး မျက်နှာဖုံးကို
ဆွဲချလိုက်တယ်၊ ဒီလို ရုတ်တရက် မျက်နှာဖုံးစွပ်ချလိုက်တဲ့အတွဲကိုကြည့်ပြီး ကောင်မလေးလဲ
ပါးစပ် အဟောင်းသားဖြစ်သွားတယ်။
မက်ဒေါနယ်ရဲ့ ဧည့်ခံကြိုဆိုရေးလက်စွဲစာအုပ်မှာ
အခုလို အခြေအနေမျိုးအတွက် လမ်းညွှန်ချက်မပါတာ ထင်ရှားပါတယ်၊ သူမမှာ မက်ဒေါနယ်မှ ကြိုဆိုပါတယ်ပြီး
နောက်တစ်ပိုဒ် ပြောမလို့ပဲ၊ ဒါပေမယ့် သူမပါးစပ်က ရုတ်တရက် မာတောင့်ပြီး စကားလုံးတွေ
ထွက်မလာတော့ဘူး၊ ဒါတောင်မှ အရုဏ်ဦးကောင်းကင်မှာ ထွက်ပြူလာတဲ့ လခြမ်းကလေးလို လေ့ကျင့်ထားတဲ့
အပြုံးကလေးတစ်ခုက သူမရဲ့နှုတ်ခမ်းထောင့်မှာ စွဲကျန်နေသေးတယ်။
ကျွန်တော်လည်း မြန်နိုင်သမျှမြန်မြန်
စလိုက်တော့တယ်၊ ပြောင်းတိုသေနတ်ပေါ်က အဝတ်ကိုခွာချလိုက်ပြီး စားပွဲခုံတွေရှိရာဘက် လှည့်ချိန်လိုက်တယ်၊
ဒါပေမယ့် စားနေတဲ့သူဆိုလို့ (ကျောင်းသားတွေဖြစ်နိုင်တဲ့)
လူငယ်စုံတွဲ တစ်တွဲပဲရှိတယ်၊ သူတို့က ပလပ်စတစ်ခုံမှာ မျက်နှာမှောက်ပြီး
အိပ်မောကျနေကြပြီ၊ သူတို့ရဲ့ဦးခေါင်းနှစ်လုံးနဲ့ စတော်ဘယ်ရီ မစ်ရှိတ်နှစ်ခွက်က စားပွဲခုံပေါ်မှာ
အမြင်သစ်နဲ့ ထုဆစ်ထားတဲ့ ပန်းပုလို၊ သူတို့မှာ အသေကောင်တွေလို အိပ်နေလိုက်တာ၊ သူတို့ကြည့်ရတာ
ကျွန်တော်တို့အလုပ်ကို နှောင့်ယှက်နိုင်မယ့်ပုံမပေါ်၊ ဒါကြောင့် ကျွန်တော်လည်း သေနတ်ကို
ကောင်တာရှိရာ ပြန်လွှဲပြီးချိန်လိုက်တယ်၊
တစ်ဆိုင်လုံးမှ မက်ဒေါနယ်
ဝန်ထမ်းသုံးယောက်ပဲရှိတယ်၊ ကောင်တာမှာ ထိုင်တဲ့ကောင်မလေးရယ်၊ ဖြူဖျော့ဖျော့ဘဲဥပုံမျက်နှာနဲ့
သုံးဆယ်ဝန်းကျင် မန်နေဂျာကောင်ရယ်၊ မီးဖိုချောင်မှာ လက်နှိပ်စက်ရိုက်နေတဲ့ ကျောင်းသားလေးရယ်၊
လူရိပ်တစ်ရိပ်လို သူ့မျက်နှာက ဘာခံစားချက်မှ မရှိတဲ့မျက်နှာမျိုး၊ သူတို့အားလုံး ငွေသိမ်းစက်အနောက်မှာရပ်လို့
ကျွန်တော့်ပြောင်းတိုသေနတ်ရဲ့ ပြောင်းဝထဲကို ငေးကြည့်နေကြတယ်၊ အင်ကန်ရေတွင်းကို ငုံ့ကြည့်နေကြတဲ့
ကမ္ဘာလှည့်ခရီးသည်တွေလိုမျိုး၊ တစ်ယောက်မှ မအော်ဟစ် သလို တစ်ယောက်မှလည်း
ခြိမ်းခြောက်တဲ့ အပြုအမူမျိုး မလုပ်ကြဘူး၊
သေနတ်က လေးလွန်းလှတဲ့အတွက်
ကျွန်တော့်မှာ ခလုတ်ပေါ် လက်ချောင်းတင်ပြီး ငွေသိမ်းစက်ပေါ်ကို ပြောင်းတင်ထားရတယ်၊
“ကျွန်တော် ခင်ဗျားတို့ကို ငွေပေးပါ့မယ်”
မန်နေဂျာရဲ့ အသံက ခြောက်ကပ်ကပ်နဲ့၊
“သူတို့က ဆယ့်တစ်နာရီကပဲ
သိမ်းသွားတော့ သိပ်တော့မကျန်ဘူး၊ ဒါပေမယ့် ရှိသလောက်အကုန်ယူသွားပါ၊ ကျွန်တော်တို့က
အာမခံထားပြီးသားပဲ”
“အရှေ့ဘက် ပြူတင်းကာကို
ချလိုက်ပါ၊ ဆိုင်းဘုတ်ကို မှိတ်လိုက်ပါ” ကျွန်တော့်ဇနီးက ပြောလိုက်တယ်
“တဆိတ်ဗျာ ကျွန်တော် ဒါတော့
လုပ်ပေးလို့မရဘူး၊ ခွင့်ပြုချက်မရပဲ ပိတ်လိုက်ရင် ကျွန်တော့်တာဝန်ဖြစ်မယ်” မန်နေဂျာက ပြောလိုက်တယ်
ကျွန်တော့်မိန်းမက လေးလေးကြီးနဲ့
ထပ်ပြီးအမိန့်ပေးလိုက်ပြန်တယ်၊ သူ့ကိုကြည့်ရတာ ဝေခွဲမရဖြစ်နေပုံပဲ၊
“သူပြောသလို လုပ်လိုက်တာ
ခင်ဗျားအတွက် ပိုကောင်းမယ်နော်” ကျွန်တော်က သတိပေးလိုက်တယ်
သူလည်း ငွေသိမ်းစက်ပေါ်က
သေနတ်ပြောင်းဝကို ကြည့်လိုက်၊ ကျွန်တော့်မိန်းမကို ကြည့်လိုက်၊ ပြီးတော့ သေနတ်ကို ပြန်ကြည့်လိုက်နဲ့
နောက်ဆုံးတော့ သူလည်း မလွှဲမရှောင်သာကိစ္စလို့ပဲ မှတ်ယူပြီး သူ့ကိုယ်သူ စိတ်လျှော့လိုက်တော့တယ်၊
ဆိုင်းဘုတ်ကို မီးပိတ်ပြီး လျှပ်စစ်ခလုတ်ခုံပေါ်က ခလုတ်တစ်ခုကို ဖိချလိုက်တယ်၊ ပြူတင်းကာတွေကို
ချဖို့၊ သူ သူခိုးလှန့်အချက်ပေးခေါင်းလောင်းနှိပ်လိုက်မှာကို စိုးရိမ်တာနဲ့ ကျွန်တော်လည်း
သူ့ဆီက မျက်လုံးမခွာရဲဘူး၊ ဒါပေမယ့် မက်ဒေါနယ်ဆိုင်မှာ အဲဒီလို အချက်ပေး ခေါင်းလောင်းမရှိတာ
အသိသာကြီးပါ၊ အခုလို လုယက်ခံရတာမျိုး တစ်ခါမှ မကြုံဖူးလို့လဲ ဖြစ်မယ်။
အရှေ့ပြူတင်းကာတွေ ပိတ်လိုက်တဲ့အတွက်
ဝုန်းဒိုင်းကြဲသံတွေ အကျယ်ကြီးကြားလာရတယ်၊ ပုံးအလွတ်တစ်လုံးထဲ ဘေ့စ်ဘောရိုက်တံနဲ့ ရိုက်နေသလိုမျိုးပဲ၊
ဒါပေမယ့် စားပွဲခုံပေါ်မှာအိပ်နေတဲ့ အတွဲကတော့ အေးအေးဆေးဆေးပဲ၊ ကျွန်တော်တို့အဖို့ ဒီလို
အိပ်မောကျပုံမျိုးကို မတွေ့ရတာ နှစ်နဲ့ချီပြီးရှိပြီ။
“ဟမ်ဘာဂါ အကြီးသုံးဆယ်၊
ယူသွားမယ်” ကျွန်တော့်မိန်းမက ပြောလိုက်တယ်
“ပိုက်ဆံပဲ ပေးပါရစေလားဗျာ”
မန်နေဂျာက အသနားခံလိုက်တယ်
“ကျွန်တော် ခင်ဗျားတို့
လိုတာထက်ပိုပေးလိုက်ပါမယ်၊ တခြားတစ်နေရာရာမှာ သွားဝယ်စားနိုင်ပါတယ်၊ မဟုတ်ရင် ကျွန်တော့်စာရင်းတွေ
ရှုပ်ကုန်လိမ့်မယ်”
“သူပြောတဲ့အတိုင်း လုပ်ပေးလိုက်ရင်
ကောင်းမယ်” ကျွန်တော်က ထပ်ပြောလိုက်တယ်
သုံးယောက်လုံး နောက်ဖေးမီးဖိုချောင်သွားပြီး
ဟမ်ဘာဂါ အကြီးသုံးဆယ် စလုပ်ကြတယ်၊ ကျောင်းသားလေးက ဘာဂါကိုကင်ပြီး၊ မန်နေဂျာက ဘန်းမုန့်ထဲ
ညှပ်ထည့်တယ်၊ ကောင်မလေးက အားလုံးကို ထုပ်လိုက်တယ်၊ တစ်ယောက်မှ စကားမပြောကြဘူး။
ကျွန်တော်လည်း ရေခဲသေတ္တာအကြီးကြီးကို
မှီပြီးရပ်နေလိုက်တယ်၊ သေနတ်က ဒယ်ပြားကို ချိန်လို့၊ အညိုရောင် အစက်အပြောက်အထည်ဒီဇိုင်းတွေလို
အသားပြားလေးတွေက ဒယ်အိုးပေါ်မှာ စီရရီနဲ့ တရှဲရှဲမြည်နေခဲ့တယ်၊ ကြော်လှော်နေတဲ့ အသားနံ့
မွှေးမွှေးက ကြမ်းပိုးအသေးစားလေးတွေလို ကျွန်တော့်ခန္ဓာကိုယ်ရဲ့ အပေါက်မှန်သမျှကို တူးဆွလို့သွေးကြောထဲကို
ပျော်ဝင်ပျံ့နှံ့ကာ ဟိုးချောင်ကြို၊ချောင်ကြားထိတိုင် ရောက်ရှိပျံ့နှံ့၊ တစ်ဖန် ကျွန်တော့်ရဲ့ဆာလောင်နေတဲ့
လေလုံပိတ်လှိုဏ်ဂူထဲမှာ အစိုင်အခဲဖွဲ့တည်လို့ သူ့ရဲ့ ပန်းရောင်နံရံတွေကို ကုတ်ကပ်တွယ်ဖက်လို့ထားတယ်။
အဖြူရောင်ထုပ်ပြီးသား ဘာဂါအပုံကြီးက
ကြီးကြီးလာတယ်၊ ကျွန်တော့်မှာ လက်နဲ့ဆုပ်ကိုင်ပြီး ဖြဲယဲချင်မိတယ်၊ ဒါပေမယ့် ဒါဟာ ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်နဲ့
ကိုက်ညီပါ့မလား၊ စိုးရိမ်မိတယ်၊ ဘာပဲဖြစ်ဖြစ် ကျွန်တော်စောင့်ရမှာပဲလေ၊ မီးဖိုချောင်ရဲ့
အပူရှိန် နဲ့ ကျွန်တော့်ရဲ့စကိတ်စီးမျက်နှာဖုံးအောက်မှာ စပြီးချွေးပြန်လာမိတယ်
မက်ဒေါနယ်ဝန်ထမ်းတွေလည်း
ပြောင်းတိုသေနတ်ရဲ့အဝကို တစ်ချက်တစ်ချက် ခိုးကြည့်ကြတယ်၊ ကျွန်တော်လည်း ဘယ်ဘက်လက်သန်းလေးနဲ့ နားရွက်ကိုကုတ်ခြစ်မိတယ်၊ ကျွန်တော်စိတ်လှုပ်ရှားတဲ့အခါ နားရွက်က အမြဲပဲယားတတ်တယ်၊
ကျွန်တော့်လက်ချောင်း တွေနဲ့ နားရွက်ထဲကို ထိုးထိုးကလော်တဲ့အခါ သေနတ်ပြောင်းက ဒယီးဒယိုင်
အပေါ်အောက်လှုပ်ခါလို့၊ သူတို့ကို စိတ်အနှောင့်အယှက်ဖြစ်စေခဲ့တယ်၊ ဒါပေမယ့် မတော်တဆ
ကျည်ထွက်သွားစရာမရှိပါဘူး၊ ဘာကြောင့်ဆို ကျွန်တော်က မောင်းမှမတင်ထားတာ၊ ဒါကို တော့သူတို့မသိဘူးလေ၊
ကျွန်တော်လည်း ပြောလို့ဘယ်ဖြစ်မလဲ။
ကျွန်တော့်မိန်းမလည်း ပြီးပြီးသား
ဟမ်ဘာဂါကို ရေတွက်ပြီး ဈေးဝယ်အိပ်နှစ်လုံးထဲ ထည့်လိုက်တယ်၊ တစ်အိပ်ကို တစ်ဆယ့်ငါးလုံးစီ။
“ဘာကြောင့်ဒီလိုလုပ်ရတာလဲဟင်”
ကောင်မလေးက ကျွန်တော့်ကို မေးလိုက်တယ်
“ဘာကြောင့် ပိုက်ဆံယူသွားပြီး
ကြိုက်တာဝယ်မစားတာလဲ၊ ဟမ်ဘာဂါအလုံးကြီး သုံးဆယ်ကို စားရတာဘာများကောင်းလို့လဲ”
ကျွန်တော်လည်း ခေါင်းခါလိုက်တယ်
ကျွန်တော့်မိန်းမက ရှင်းပြတယ်၊
“ကျွန်မတို့လည်း တကယ့်ကို
စိတ်မကောင်းပါဘူး၊ ပေါင်မုန့်ဆိုင်ကလည်း တစ်ဆိုင်မှ မဖွင့်လို့ပါ၊ တကယ်လို့များ ဖွင့်ရင်
ကျွန်မတို့လည်း ပေါင်မုန့်ဆိုင်ပဲ လုမှာပါ”
ဒီစကားက သူတို့ကို ကျေနပ်သွားစေပုံပဲ၊
အနည်းဆုံးတော့ သူတို့ထပ်ပြီးမေးခွန်းမထုတ်တော့ဘူး၊ ကျွန်တော့်မိန်းမလည်း
Coke ခွက်ကြီးနှစ်ခွက်မှာလိုက်တယ်၊ ပြီးတော့ အဲဒီအတွက်ပိုက်ဆံပေးလိုက်တယ်
“ကျွန်မတို့က ပေါင်မုန့်ပဲယူမှာ၊
တခြားဘာမှ မယူဘူး” သူမက ပြောလိုက်တယ်၊ ကောင်မလေးက ခေါင်းညိတ်သလို
ခေါင်းခါသလို မရေမရာ တုန့်ပြန်တယ်၊ ဒါမှမဟုတ် နှစ်ခုလုံး တစ်ပြိုင်တည်းလုပ်လိုက်တာလဲ
ဖြစ်နိုင်တယ်၊ သူမဘယ်လိုခံစားနေရမလဲဆိုတာ ကျွန်တော်လဲ နဲနဲတော့တွေးကြည့်လို့ရတယ်။
ကျွန်တော့်မိန်းမက သူမအိတ်ထဲက
ကြိုးတစ်ခွေထုပ်ပြီး သုံးယောက်လုံးကို တိုင်တစ်တိုင်မှာ ကျွမ်းကျင်မှုအပြည့်နဲ့ ပူးချည်လိုက်တယ်၊
အင်္ကျီကြယ်သီးတပ်တဲ့အတိုင်း ကွက်တိပဲ၊ သူမက ကြိုးကတင်းနေသလား၊ အပေါ့အပါးသွားချင်သေးလားတော့
မေးပါ တယ်၊ ဒါပေမယ့် တစ်ယောက်မှ ဘာမှမပြောကြဘူး၊ ကျွန်တော်လည်း သေနတ်ကို စောင်နဲ့ပြန်အုပ်လိုက်တယ်၊
သူမလည်း ဈေးဝယ်အိတ်ကိုဆွဲပြီး နှစ်ယောက်သားထွက်ခဲ့ကြတယ်၊ စားပွဲခုံပေါ်မှောက်အိပ်နေတဲ့
နှစ်ယောက်ကတော့ ပင်လယ်နက်ထဲက ငါးစုံတွဲလိုပဲ အိပ် နေဆဲ၊ ဒီလောက်အိပ်မောကျနေတဲ့ နှစ်ယောက်ကို
ဘယ်လိုလုပ်မှ နိုးလာမယ်မသိ၊
ကျွန်တော်တို့နှစ်ယောက်သား
နာရီဝက်လောက်မောင်းလာကြတယ်၊ အဆောက်အဦးတစ်ခုဘေးက လွတ်နေတဲ့ကားရပ်နားဝင်းလေးထဲ ထိုးရပ်လိုက်ကြတယ်၊
အဲဒီမှာပဲ ဟမ်ဘာဂါစားပြီး Coke သောက်ကြတယ်၊ ကျွန်တော်က ဟမ်ဘာဂါခြောက်လုံးကို
အစာအိမ်ရဲ့ လှိုဏ်ဂူကြီးထဲပစ်သွင်းလိုက်တယ်၊ သူမက လေးလုံးစားတယ်၊ ကျန်တဲ့ ဆယ်လုံးကတော့
အနောက်ဘက်ထိုင်ခုံပေါ်မှာ၊ ဘယ်တော့မှ မပျောက်နိုင်ဘူးလို့တောင်ထင်မိတဲ့ ဆာလောင်မှုဟာ
မနက်မိုးသောက်လာတာနဲ့ ပျောက်ကွယ်လို့သွားတယ်၊ နေရဲ့ ပထမဆုံးအလင်းရောင်ဟာ အဆောက်အဦးရဲ့
ညစ်ပတ်နေတဲ့နံရံကို ခရမ်းရောင်သုတ်လိမ်းပေးတယ်၊ SONY BETA ဧရာမ
ဆိုင်းဘုတ်ကြီးကို စူးရှတောက်ပစေတယ်၊ မကြာမီမှာ ငှက်ကလေးတွေရဲ့ ကျီကျီကျာကျာ မြည်သံအပြင်
အဝေးပြေးကားတာယာကြီးတွေရဲ့ ဆွဲငင်ပွတ်တိုက်သံတွေပါ ကြားလာရတယ်၊ အမေရိကန်စစ်တပ်ရေဒီယိုက
ကောင်းဘွိုင်သီချင်းလာနေခဲ့ပြီ၊ ကျွန်တော်တို့ နှစ်ယောက်သား စီးကရက်တစ်လိပ်ကို မျှသောက်ကြတယ်၊
ပြီးနောက်သူမက ကျွန်တော့်ပခုံးပေါ်မှီလို့၊
“ငါတို့ ဒီလိုလုပ်ဖို့ရော
အမှန်တကယ်လိုခဲ့လို့လားဟာ” ကျွန်တော်က မေးလိုက်တယ်
“ဒါပေါ့ လိုတာပေါ့”
သူမက သက်ပြင်းရှည်ရှည်တစ်ချက်ဆွဲပြီး ကျွန်တော့်ကို မှီပြီးအိပ်ပျော်သွားတယ်၊
သူမက ကြောင်ကလေးတစ်ကောင်လို ပေါ့ပါးနူးညံ့လို့၊
အခုတော့ ကျွန်တော်တစ်ယောက်ထဲ၊
ကျွန်တော့်လှေနံရံကို မှီပြီး ပင်လယ်အောက်ထဲ ငုံ့ကြည့်လိုက်တယ်၊ မီးတောင်က ငြိမ်းသွားပြီ၊
ရေရဲ့ တည်ငြိမ်နေတဲ့မျက်နှာပြင်က ကောင်းကင်ပြာကြီးကို ရောင်ပြန်ဟပ်လို့နေတယ်၊ လှိုင်းကြက်ခွပ်လေးတွေက
လှေနံကို တဖျတ်ဖျတ်ရိုက်လို့၊ ပိုးသားညဝတ်စုံများ လေထဲမှာ လွင့်လွင့်လူးနေသလို၊ တခြားဘာမှမရှိ။
ကျွန်တော်လည်း လှေကြမ်းခင်းမှာပဲ
ကျောဆန့်လိုက်တယ်၊ မျက်လုံးကိုမှိတ်ပြီး တက်လာမယ့်ဒီလှိုင်းတွေကို ကျွန်တော့်ကို သင့်တော်ရာ
သယ်ဆောင်သွားဖို့ စောင့်နေမိတော့တယ်။
The
Secondary Bakery Attack by Haruki Murakami
Jay
Rubin ၏ အင်္ဂလိပ်ဘာသာပြန်မှ တဆင့်ပြန်ဆိုပါသည်။
No comments:
Post a Comment