Saturday, May 19, 2012

ကံတရားနှင့် လိမ်ခေါက်ကစားခြင်း




(၁)

ယနေ့ ညတွင်မှ နာရီများအားလုံး နိုးထလာကြသည် ထင်ရသည်။ အချိန်၏ ရွေ့လျားခြင်း သဘောကို လူတိုင်း သိထားကြပါသည်။
သို့သော်လည်း တဒက်ဒက် မြည်နေသော အချိန်၏ ခြေသံကိုတော့ ယခုလောက် ဘယ်တုန်းကမှ အာရုံမစိုက်မိ၊ တစ်ရွာလုံး၏
စိတ်အာရုံသည် ည ရှစ်နာရီခွဲဆိုသော ကာလတစ်ခုကို ကြိုတင်ရောက်ရှိလို့ နေခဲ့ကြသည်၊ ထိုကာလသည် လူနှစ်ယောက်၏
ဘဝကို အဆုံးအဖြတ် ပေးမည့်ကာလ၊ ဘဝ၏ အခြေခံ ဖြစ်သော သုခနှင့် ဒုက္ခ၊ တစ်ခုခုကို ပြတ်ပြတ်သားသား စွန့်လွှတ်ပြီး
အခြား တစ်ခုကို မျက်စိမှိတ် ရွေးချယ်ရမည့် ကာလ၊ ပို၍ ဆိုးသည်မှာ ထိုကာလသည် တစ်နာရီခွဲမျှသာ ကြာမြင့်ပါသည်၊ ထို
တစ်နာရီခွဲအတွင်းတွင်........။
xxxxxxxxxxxxxxxxxxxxxxxxxx

(၂)

တကယ်တော့ သူသည် လောင်းကစား ဝါသနာ ပါသူ မဟုပ်ပါ။ တသက်နှင့် တစ်ကိုယ် တစ်ခါမျှ လောင်းကစား ဖူးသူလည်း မဟုပ်၊
ပို၍ ရှင်းအောင် ပြောရလျင် ဘဝဆိုတာ တစ်ကွက်တည်း ပုံအော လောင်းရတာမျိုးမဟုပ်ဟု ခံယူသူဖြစ်ပါသည်။

သူ အမြဲကိုးကားလေ့ရှိသော စကားမှာ ဘုရားသခင်ဟာ ဘယ်တော့မှ ကြွေအံ မကစားဘူးဗျ ဟူ၍ ဖြစ်သည်၊ ဤ စကားကို မကြာ
မကြာ ပြောလေ့ရှိသောကြောင့် ကြာလာသော အခါ သူ့ မူပိုင်စကားလိုပင် ဖြစ်နေခဲ့သည်။

ခင်မင်သူများက ကို မိုးဒီ၊ ခင်ဗျား အဆိုအမိန့်ကို နဲနဲ ရှင်းပါဦးဗျ ဟု ဆိုလျင် အမြဲလို ပြုံးစစ ဖြစ်နေသော မျက်နှာကို အနည်းငယ်
တည်၍ လောကကြီးက စနစ်တကျ ဖွဲ့စည်းထားတာဗျ၊ ဒီတော့ကာ ကျွန်တော်တို့လည်း ဘဝကို စနစ်တကျ နေထိုင်မှ တော်ကာ
ကျလိမ့်မယ်ဟု သုခမိန်လေနှင့် ပြောလေ့ရှိသည်။

သူသည် အပြောနှင့် အလုပ်လည်း ညီသူဖြစ်သည်၊ တစ်ရွာလုံးက ဆူလွယ်နပ်လွယ် ကျောက် အရောင်းအဝယ် ပြုလုပ်နေကြချိန်တွင်
သူက ပို၍ ရေရာသော ကျောက်ဖြတ်ကျောက်သွေး လုပ်ငန်းကိုသာ လုပ်ကိုင်ခဲ့သည်။ သူ့ရှေ့တွင်ပင် လူတစ်ချို့ သူဌေးဖြစ်သွားကြ
သည်၊ လူအချို့ မွဲပြာကျသွားကြသည်၊ သူကတော့ မတုန်လှုပ်၊ သူ့ အလုပ်က လာအပ်သော ကျောက်ကို ဖြတ်ပေးဖို့ပင်၊ ရလာဒ်
သည် သူနှင့် မဆိုင်၊ အထဲတွင် သိန်း ထောင်နှင့်ချီ တန်သော ကျောက်ဖြစ်ချင်လည်း ဖြစ်မည်၊ တစ်ပြားမှ မတန်သော ကျောက်လည်း
ဖြစ်ချင် ဖြစ်ပေမည်၊ သူ စိတ်မလှုပ်ရှား၊ သူ သိချင်စိတ် မရှိ၊ ကျောက်ဖြတ်ခ ရလျင် တော်ပြီ။

ကျောက်အောင်၍ သူဌေး ဖြစ်သွားသူများကို သူ အားမကျ သလို၊ ကျောက်ရှုံး၍ ဘဝ ပျက်သွားသူများကို လည်း သူ မသနား၊ မမြင်
ရသော အရာအပေါ် ပုံအောခြင်းကို သူ မုန်းတီးသည်၊ လူတွေသည် သေချာသော အရာများကို ဘာကြောင့် မလုပ်ကြသလဲ၊ သူ
နားမလည၊ သူကတော့ သေချာတာကိုပဲ လုပ်သည်၊ ဤအတွက် နေ့ချင်း ညချင်း သူဌေး မဖြစ်သော်လည်း ပုံမှန် ဝင်ငွေရှိသည်၊
တည်ငြိမ်အေးချမ်းသော မိသားစုလေးကို တည်ဆောက်ထား နိင်သည်။

ဤ ရွာကလေးတွင် သူ လာရောက် အခြေချခဲ့သည်မှာ ကိုးနှစ်ကျော် ဆယ်နှစ် နီးပါးပင် ရှိခဲ့ပါပြီ။ လူဝင် လူထွက် များသော ဤ ရွာ
ကလေးတွင် သူသည် ရွာခံတစ်ယောက် လိုပင် ဖြစ်နေခဲ့သည်၊ ဘယ် အမှုအခင်းတွင်မှ မပါပဲ ရိုးရိုး အေးအေး နေတတ်သည့် သူ့ကို
တစ်ရွာလုံးက ခင်ကြသည်၊ အထူးသဖြင့် ပြည့်ပြည့်ဖြိုးဖြိုး ခန္ဒာကိုယ် ၊ ပါး မို့မို့ ဖောင်းဖောင်း ကြီးနှင့် မျက်စိပိတ် မတက် ရယ်တတ်
သော သူ့စတိုင်က လူရွှင်တော်ကြီး ဦးမိုးဒီကို သတိရမိစေသည်။ ခင်မင်သော အပေါင်း အသင်းများက မိုးဒီ၊ မိုးဒီ ဟု ခေါ်ကြရာမှ
မူလနာမည် ပျောက်ခါ ဤနာမည် တွင် သွားခဲ့သည်၊ သူကလည်း ဤနာမည်ကို သဘောကျပြီး ကျေကျေနပ်နပ်ပင် လက်ခံခဲ့သည်။
သူ၏ ကျောက်ဖြတ်ခုံကိုပင် မိုးဒီ ကျောက်ဖြတ်ခုံ ဟု အမည်ပေးလိုက် သေးသည်။

သူသည် အရက်မသောက်၊ ဖဲ မရိုက်၊ သူ့အတွက် တစ်ခုတည်းသော အပန်းဖြေခြင်းမှာ ဘောလုံးပွဲ ကြည့်ချင်းပင် ဖြစ်သည်၊ သူသည်
ဘောလုံး ပွဲတော့ အတော်ကြည့်နိင်သူ ဖြစ်သည်၊ ရွာပွဲများ၊ ရပ်ကွက်ပွဲများ၊ ကျောင်းပေါင်းစုံ ပွဲများ၊ တစ်ခုမျှ မလွတ်စေရ၊ ထမင်းမေ့ ဟင်းမေ့ ကြည့်သည်၊ သို့သော် ရွာတွင် ဘောလုံးပွဲများက တစ်နှစ်လုံး ရှိသည် မဟုပ်၊ ဤ အတွက် အလုပ် အကိုင် မပျက်။

လွန်ခဲ့သော သုံးနှစ်လောက်ကတော့ ရွာထဲတွင် UBC စလောင်း တပ်ဆင်ထားသော ဗီဒီယို ရုံတစ်ရုံ ပေါ်လာခဲ့သည်၊ ကမ္ဘာ့ ဖလားပွဲ၊
ဥရောပ ခြေစစ်ပွဲ၊ ပရီးမီးယား လိဂ်၊ လာလီဂါ၊ ချန်ပီယံ လိဂ်၊ အကုန် ကြည့်လို့ရပြီ၊ ဤတွင် ကို မိုးဒီ အတွက် ကမ္ဘာကြီးသည်
အကန့် အသတ် မရှိတော့။

ယခင်က ဂျာနယ်များ မဂ္ဂဇင်းများ တွင်သာ မြင်ဖူး ကြားဖူးသော ကမ္ဘာကျော် ဘောလုံးသမားများကို ယခု ဖန်သားပြင် ပေါ်တွင် အရှင်
လတ်လတ် တွေ့နေရပြီ၊ သူတို့၏ ကစားပုံကို တီဗွီမှ တိုက်ရိုက် ကြည့်ရှုနေရပြီ၊ မည်မျှ အံ့ဖွယ် ကောင်းပါသနည်း၊ ဤ အခွင့်အရေး
ကို သူ လက်လွတ်မခံ၊ ညနေစောင်းသည်နှင့် ယနေ့ည ကန်မည့်ပွဲကို ဗွီဒီယို ရုံတွင် သွားကြည့်သည်၊ နှစ်ပွဲပြလျင် နှစ်ပွဲ ကြည့်သည်။
သုံးပွဲပြလျင် သုံးပွဲကြည့်သည်၊ လတ်မှတ်ရောင်းသည့် လူက သူအမြဲ ထိုင်လေ့ရှိသည့် ခုံကို မည်သူ့မျှ မရောင်း၊ သူ့အတွက် သီးသန့်
ချန်ထားပေးသည်၊ သူက လည်း ရှေ့ဆုံးတန်း ထောင့်ရှိ၊ A3 တွင်သာ အမြဲထိုင်သည်၊ အခြားနေရာ ပေးလို့မရ၊ ဤ နေရာက အရှေ့
ဆုံး လူသွားလမ်းနှင့် အနီးဆုံး၊တီဗွီနှင့်လည်း တည့်တည့် ဆိုင်နေသည်၊ ဤ နေရာကို သူ တစ်သက်စာ ကန်ထရိုက် ဆွဲထားသည်၊
တခါတရံ သူ နေမကောင်း၍ မကြည့်ဖြစ်သော ရက်များတွင် ဤနေရာလေးမှာ လစ်လပ်နေတတ်သည်၊ ဘယ်သူမျှ လာမထိုင်ရဲ။

ဤမျှ ဘော လုံးကို တစိုက်မတ်မတ် မလွတ်တမ်း ကြည့်နေသော်လည်း သူသည် ဘောလုံးပွဲနှင့် ပက်သက်၍ အလောင်းအစား ပြု
ခြင်း မရှိ၊ ပကတိ သန့်သန့်ရှင်းရှင်း ကြည့်သည်၊ တခါတရံ သူငယ်ချင်းများက ကိုမိုးဒီ၊ ခင်ဗျား ဗျာ ဘောလုံးပွဲလည်း မလောင်းဘဲ
ဘာကြောင့် ဒီလောက် ကြည့်နေရတာလဲ ဟု နားမလည် နိင်စွာဖြင့် မေးကြသည်၊ ထို အခါမျိုးတွင် သူက စိတ်ပျက် သွားသည့် ပုံစံ
ဖြင့် ခင်ဗျားတို့ကတော့ ကျွန်တော့်ကို နားလည်နိင်မှာ မဟုပ်ပါဘူး ဗျာ၊ ကျွန်တော်က အရှုံး အနိင်ကို သိချင်လို့၊ ဘောလုံးပွဲ ကြည့်
တာ မဟုပ်ဘူးဗျ၊ ဘယ်သူ ရှုံး ရှုံး နိင်နိင် ကျွန်တော် စိတ်မဝင်စားဘူး၊ ကျွန်တော့်မှာ အသင်းစွဲလည်း မရှိဘူး၊ ကျွန်တော် စိတ်ဝင်စား
တာက သူတို့ရဲ့ လူနေရာ ချပုံ၊ အခင်းအကျင်း၊ ကစားကွက် ဗျူဟာ တိုက်စစ်ဆင်ပုံ၊ ခံစစ်ကစားပုံ၊ တန်ပြန်တိုက်စစ် ဆင်ပုံ၊လူတစ်
ဦးချင်းစီရဲ့ အလိမ်အခေါက်၊ အပေးအယူ၊ အလှည့်အပတ်ကလေးတွေ၊ အဆုံးသတ် ဂိုးသွင်းပုံလေးတွေ၊ မထင်မှတ်ပဲ ပေါ်လာတတ်
တဲ့ ကံကြမ္မာ အခွင့်အလန်းနဲ့ အဲဒီ အခွင့်အလန်းကို မလွတ်တမ်း ရယူတတ်ပုံလေးတွေ၊ အဲဒါတွေကိုပဲ ကျွန်တော် ကြည့်တာဗျ၊
ကျွန်တော် တဘက်ဘက်ကို လောင်းထားမိရင် ကျွန်တော် လောင်းကြေး ရှုံးမှာ စိုးရိမ်နေရတာနဲ့ ဘောလုံးပွဲကို ကောင်းကောင်း
ကြည့်နိင်မှာ မဟုပ်ဘူး၊ ဘောလုံးပွဲကို စိတ်အေးလက်အေး ပဲ ကြည့်ချင်တယ်ဗျာ၊ ရင် တမမနဲ့ ကြည့်နေရတာမျိုး ကျွန်တော် မလို
လားဘူး၊ သူ ပြောနေပုံက ဘောလုံးပွဲ ကြည့်ခြင်းကိုပင် အာရုံစူးစိုက်စွာ ဖြင့် သမထ ထိုင်နေသလိုလို မြင်ယောင် လာမိစေသည်။

တစ်ချို့ကလည်း သူ့ အဖြေကို သိပ်မကျေနပ်၊ ကြီးကြီးကျယ်ကျယ်ဗျာ၊ ဘောလုံး ပွဲ ကြည့်တာကို ရိုးရိုး မကြည့်ပဲ သုတေသနလုပ်
ပြီး ကြည့်ရတယ်လို့၊ သူ့ကိုယ်သူ နည်းပြဆရာများ အောက်မေ့ နေသလား မသိပါဘူး၊ သူကတော့ ဘယ်သူ ဘာပြောပြော ဂရု
မစိုက်၊ သူ့အလုပ် သူ လုပ်သည်၊ အလုပ် ပြီးလို့ ညနေရောက်သည်နှင့် ဘောလုံးပွဲ ကြည့်သည်၊ သူ့ အတွက်တော့ ဘဝသည်
ဤ မျှ နှင့် လုံလောက်သည်။

သို့သော် ယနေ့ ညတွင် တော့ သူ ဘောလုံးပွဲ ကြည့်ဖို့ စိတ်စော နေခဲ့သည်၊ စိတ် မလှုပ်ရှားစဖူး လှုပ်ရှားနေခဲ့သည်၊ ညနေစောင်း
ကတည်းက သူ့ အလုပ် ကောင်းကောင်း လုပ်၍ မရတော့၊ စိတ်က ဘောလုံးပွဲ ရောက်နေခဲ့သည်၊ တသက်နှင့် တကိုယ် အလောင်း
အစား မလုပ်ဖူးသော သူ့မှာ လုပ်မည့် လုပ်တော့ ဘဝနှင့် ချီသည့် အလောင်း အစား၊ တကယ်တော့ ဤ အလောင်းအစားကိုလည်း
 သူ မခံချင် စိတ်နှင့်သာ လုပ်မိသည်၊ လုံးဝ ရည်ရွယ်ချက် မရှိ၊ ယခုတော့ သူ့မှာ စိတ်လှုပ်ရှားလွန်း သဖြင့် ထမင်းပင် မစားနိင်၊ ရေ
နွေးကြမ်းကိုသာ တစ်ခွက်ပြီး တစ်ခွက် မော့နေခဲ့သည်။ သူ့ အပေါင်း အသင်းများက ကို မိုးဒီ ရာ၊ သိပ်လည်း မစိုးရိမ်ပါနဲ့ ဗျာ
မန်ယူ နိင်မှာပါ ဗျ ဟု နှစ်သိမ့်အားပေး ကြသည်၊ သူကတော့ ကြားသလား၊ မကြားသလား မသိ၊ ငူငူ ငိုင်ငိုင် ဖြင့်။

+++++++++++++++++++

(၃)

ဟဲ ဟဲ အလောင်း အစား တစ်ခါမျှ မလုပ်ဖူးသေးတဲ့ သူနဲ့ လောင်းရတဲ့ ဖီလင်ကို သိချင်လို့ပါဗျာ၊ ဘာ ရည်ရွယ်ချက် မှ မရှိပါဘူး၊
နောက် ပြီး သူ့ကို ရင် ခုန် လှိုက်မောရတဲ့ ရသကို ခံစား စေချင်လို့ပါ။

သူကတော့ ရယ်ရယ် မောမောပင်၊ အစားအသောက် ပင် မပျက်၊ သူ့ဘက်က ကျိန်းသေပေါက် နိင်မည့်ပုံပင်၊ တကယ်တော့လည်း
သူ လောင်းကစား လုပ်လာသည့် သက်တမ်းကို ပြန်ကြည့်လျင် သူ ဤမျှ တည်ငြိမ် နေနိင်တာကို အံ့သြစရာ မဟုပ်၊ တစ်ရွာလုံးက
လည်း လောင်းကစား ဆိုလျင် ကိုရဲ ကိုသာ ပြေး မြင်ကြသည်၊ ကိုရဲနှင့် လောင်းကစား၊ လောင်းကစား နှင့် ကိုရဲ၊ တစ်သားတည်းဟု
ပြော၍ ရသည်၊ လုပ်သည့် အလုပ်ကိုက အင်မတန် စွန့်စားမှု ကြီးသည့် အလုပ်၊ သာမန် ကျောက်အရောင်း အဝယ်မျိုးကို သူ ရင်
မခုန်၊ ကျောက် အရိုင်း တုံးများကို ဝယ်ဝယ် ပြီး ခွဲသည်၊ မအောင်လျင်လည်း အလဲ အကွဲ၊ အောင်လျင်လည်း ပွဲသိမ်းပင်။

သူကတော့ ဤလို အပြောင်းအလဲ မြန်သော စီးပွားရေးကို စိတ်ဝင်စားသည်၊ တစ်နေ့ကို မူးစု ပဲစု စုနေရသည်ကို သူ ဝါသနာ မပါ၊
အလုပ်အားလျင် ကြက်တိုက်သည်၊ ဖဲရိုက်သည်၊ သုံးဆယ့် ခြောက်ကောင် ထီ ထိုးသည်၊ ခြောက်ကောင် ဂျင် ထိုးသည်၊ ဘောလုံးပွဲ
လောင်းသည်၊ သူ့ ဘဝတွင် လောင်းကစား နှင့် ကင်းသော အရာ မရှိ။

သူသည် မိန်းမယူသည်ကိုပင် အလောင်း အစား တစ်ခုလို သဘော ထားသူ ဖြစ်သည်၊ မိန်းမ တစ်ယောက်ကို ရွေးချယ်ရတာ ဘဝရဲ့
အကြီးမားဆုံး အလောင်း အစား ပေါ့ဗျာ၊ အခန့်မသင့်ရင် ဘဝတစ်ခုလုံး လွဲချော် သွားနိင် တယ် ဗျ

ခင်ဗျား ပြောပုံက မိန်းမယူရတာလည်း မဟာ စွန့်စားခန်း ဆန်လှချည်လား ဗျာ
သူနှင့် တတွဲတွဲနေ သော ကိုလှဒင်က ရယ်ရယ် မောမော ဖြင့် ပြောသည်။

ဟ၊ စွန့်စား ခန်း ပေါ့ဗျ၊ ကိုလှဒင် ရ၊ ဘယ့်နှယ် ပြောပါလိမ့်၊ လူတစ်ယောက်ဟာ ကိုယ့်ကိုယ်ကို ရွေးချယ်ခွင့် မရတဲ့ အတွက် ဒီအတိုင်း
လက်ခံထားလိုက်တယ်၊ ပြဿနာမရှိဘူး၊ ဒါပေမယ့် အခြား သူတွေ အခြား အရာတွေကိုတော့ သူ စိတ်တိုင်းကျ ရွေးချယ်နိင်တယ်၊ အဲဒီမှာ ဘဝဟာ စွန့်စားခန်း ဆန်သွား တာပေါ့ဗျ

သူ ဤသို့ စိတ်အားထန် သန် စွာ ပြောနေပုံကို ကြည့်ပြီး ကိုလှဒင်က ခင်ဗျား ဒဿန ပညာ တော်တော် လေ့လာဖူးသလား ဟု မေး
သည်။
နည်းနည်း ပါးပါး ပါ ဗျာ၊ ခင်ဗျား သိတဲ့ အတိုင်း ကျွန်တော်ဟာ စိတ်လှုပ်ရှားမှုကို ခုံမင်တဲ့ လူဗျ၊ ဒီ ပျင်းစရာ ကောင်းတဲ့ ဒဿန အသေ
တွေကို စာအုပ်ကြီး တွေထဲ လိုက်ရှာ မနေနိင်ပါဘူးဗျာ၊ လောင်းကစားမှုနဲ့ ကျင်လည်နေတဲ့ ကျွန်တော့်အဖို့ ဘဝ ရှင်သန်မှု၊ စွန့်စားခြင်း၊ အနိင် အရှုံး၊ အတက်အကျ ဒုက္ခ သုက္ခ တွေဟာ သိပ်ကို ရင်းနှီးနေတဲ့ ဘာသာရပ်တွေ ဖြစ်နေပါပြီဗျာ။

သူ၏ ဘဝ နေဟန်ကလည်း ဗရမ်းဗတာ ဆန်သည်၊ ငွေရွှင်လာသော နေ့တွင် သောက်သည်၊ စားသည်၊ ပျော်သည်၊ ပါးသည်၊
အနှိပ်ခန်းတွင် ကောင်မလေးတွေ တရုန်းရုန်း နှင့် ပါသမျှ ပိုက်ဆံများ ကုန်အောင် ဝေငှပေးတတ်သည်၊ ဤလို ရက်များတွင်
သူ့အနားတွင် ကပ်ပြီး စားသောက်နေကြသော အခြွေအရံ အသင်းအပင်းများကလည်း တပုံတပင်၊ ငွေပြတ်သော ရက်များ
တွင်တော့ ရေသောက်ပြီး ဗိုက်မှောက်နေချင် နေမည်၊ ဘယ်သူ့ဆီကမှ မချေးငှား၊ သူ့ မိန်းမနှင့် ကလေး တွေကတော့ ဤ
ဘဝကို ကျင့်သားရနေကြပေပြီ၊ ရှိလျင်သုံး၊ မရှိလျင် မသုံးနှင့် ရှိလျက်နှင့် မသုံးဘဲ စုဆောင်းထားခြင်းမျိုးကိုတော့ အဓိပါယ်
မရှိဟု သူ ယူဆသည်။

တစ်ခါတရံ မနေနိင်သော သူငယ်ချင်းများက သူ့မိန်းမကို သတိပေးတတ်သည်၊ ခင်ဗျားလည်း ကိုယ့်ယောက်ျား အကြောင်း
သိရက်နဲ့ ရတုန်း ရခိုက်လေး စုထားလေဗျာ၊ ဟု ဆိုလျင် သတိပေးတာတော့ ကျေးဇူးတင်ပါရဲ့ရှင်၊ ဒါပေမယ့် သူ့အလုပ်က
တစ်နေ့ ရွှေ၊ တစ်နေ့ငွေ ဆိုတော့ ဒီနေ့စုထားလဲ မနက်ဖြန် ပြန်ပါသွားနိင်တာပဲ၊ အဲဒီတော့ ရတုန်း မသုံးထားရင် ကိုယ်ပဲ
နစ်နာမယ် ဆိုပြီး သုံးနေရတာပါပဲ ဟု ပြန်ပြောတတ်သည်၊ သတိ ပေးသူ များလည်း လက်လျော့ ထားကြရသည်၊ လိုက်လဲ
လိုက်တဲ့ လင်မယား ဗျာ ဟု တော့ ကွယ်ရာမှာ ပြောကြသည်။

သူ လောင်းကစား မက်ပုံက ရွာထဲတွင် ပြောစမှတ်ပင် ကျန်ရစ်စေခဲ့သည်၊ တစ်နှစ်က ရွာဦးကျောင်းမှ ကျောင်းထိုင်ဆရာတော်
မမာမကျန်း ဖြစ်သည်၊ သက်တော်ကလည်း ကြီးပြီမို့ မည်သူကမှ မျှော်လင့်ချက် သိပ်မထားကြတော့၊ နေ့လား ညလား ဖြစ်နေချိန်
တွင် ကိုရဲက ထဖောက်သည်၊ ဆရာတော်ကြီး ဒီည ကူးမကူး လောင်းကြသည်၊ ဖြစ်ချင်တော့ ဆရာတော်ကြီးက မယုံနိင်စရာ ပြန်ပြီး
ကျန်းမာလာခဲ့သည်၊ ကိုရဲနှင့် အပေါင်းအပါများ ရွာဦးကျောင်းနား ခြေပင် မချရဲတော့။

ယခုလည်း ကြည့်၊ သူ ဘောလုံးပွဲ လောင်းလာသည်မှာ ကြာပြီ၊ ဘောလုံးပွဲ ကြည့်လာတာလည်း ကြာပြီ၊ သူ ကြည့်တိုင်းလည်း
ရှေ့ဆုံးတန်း ထောင့်၊ လူသွားလမ်းဘေး A4 မှာ အမြဲ ထိုင်တက်သည်၊ လူ သွားလမ်း တစ်ဖက် A3 ရှိ ကို မိုးဒီ နှင့် ဘာပြဿနာမှ မရှိ၊
သူ့ဘာသာသူ ကြည့်၊ ကိုယ့်ဘာသာ ကိုယ်ကြည့်၊ စိတ်ဝင်စားမှု ချင်းလည်း မတူ၊ အတွေးအခေါ် အယူအဆချင်းလည်း မတူ၊ ဝါသနာ
စရိုက်ချင်းလည်း မတူသောကြောင့် တစ်ယောက်နှင့် တစ်ယောက် ခင်ခင်မင်မင် တော့ မရှိ။

သို့သော် မှန်တာကို ဝန်ခံရလျင် ကိုမိုးဒီကို သူ သိပ်ကြည့်၍ မရ၊ ကိုမိုးဒီကလည်း သူ့ကို သိပ်မကြည်လင်ချင်ဟု သူထင်သည်၊ ထိုနေ့
ကလည်း ဘာရယ်လို့မဟုပ်၊ ရုံထဲ အစောကြီး ရောက်ပြီး ကွာစိကိုက်နေသည်၊ တစ်ဖက်က ကိုမိုးဒီတို့ အုပ်စုမှ အသံများကို သူ နား
မထောင်ပဲ ကြားနေရသည်၊ ဘာတဲ့၊ ဗျူဟာ အခင်းအကျင်း ဆိုလား၊ တန်ပြန်တိုက်စစ်ဆိုလား၊ သူ့နားထဲတွင် ထိုစကားလုံးများက မာ
မာ တောင့်တောင့် ဝင်လာကြသည်၊

သူ ငြိမ်နေ၍ မရတော့၊ နေပါဦး ကိုမိုးဒီ ရ၊ ခင်ဗျားက ဘောလုံးပွဲ တစ်ပွဲကို သင်္ချာ တစ်ပုဒ်လို၊ ဒါမှ မဟုပ် စစ်တုရင် ပွဲတစ်ပွဲလို တွက်
ချက် ကစားရတယ်ထင်လို့လား

သေချာတာပေါ့၊ ကိုရဲ ရာ၊ နည်းပြဆရာတွေရဲ့ မှန်ကန်တဲ့ ဗျူဟာ ချမှတ်နိင်မှုဟာ ဘောလုံးပွဲ အရှုံးအနိင်ကို ပြဌာန်းနေတဲ့ အရာပဲပေါ့၊

ကျွန်တော်ကတော့ အဲဒီလို မမြင်ဘူးဗျ၊ ဘောလုံးသမားတွေဟာ ကိုယ့်ရဲ့ ဘောလုံးပါရမီ၊ အလိုလို သိမှု၊ အလိုအလျောက် တုန့်ပြန်
မှု၊ ကစားဖော်ရဲ့ စိတ်ကူးဖန်တီးမှုကို ကြိုတင်ခန့် မှန်းနိင်မှု၊ အနိင်ရလိုမှု ဆန္ဒဇော၊ အဲဒါတွေနဲ့ ပဲ ဘောလုံးပွဲကို ကစားနေကြတာလို့
ထင်တယ်၊ ခင်ဗျား ပြောသလို ပုံစံကွက်ကြီးနဲ့ စနစ်တကျ ကစားနေကြတယ်လို့ မထင်ဘူး၊

ကိုမိုးဒီက မချင့်မရဲဖြင့် ဒါကတော့ ကိုယ်ကြိုက်သလို ယူနိင်ပါတယ်၊ ကျွန်တော်ကတော့ ဘောလုံးပွဲ တစ်ပွဲကို မကစားမီနဲ့ ကစားပြီး
နောက် စနစ်တကျ ခွဲခြမ်းစိတ်ဖြာ သုံးသပ်ရတာကို သဘောကျတယ်

ဟုပ်ပြီလေ၊ ဒါဆို ခင်ဗျား အမြင်အရ ဘောလုံးပွဲ တစ်ပွဲကို မကစားမီထဲက ရရှိထားတဲ့ အချက်အလက်တွေ၊ ဥပမာဗျာ ပွဲပယ်ခံရမှု
တွေ၊ ဒဏ်ရာ အနာတရ ကိစ္စတွေ၊ ချထားတဲ့ line-up နောက်ဆုံး သုံးပွဲ ခြေစွမ်း၊ ထိပ်တိုက် တွေ့ဖူးတဲ့ အစဉ်အလာ၊ အဲဒါတွေနဲ့
ခန့်မှန်းနိင်မလား၊
ကိုမိုးဒီ တွေသွားသည်၊ အနီးစပ်ဆုံးတော့ မှန်းနိင်လိမ့်မယ် ထင်တယ် ဟု ပြောသည်

ကောင်းပြီလေ၊ ဒါဆို လာမယ့် အပတ် မန်ယူ-အာဆင်နယ် ပွဲရှိတယ် ၊ ခင်ဗျား ခန့်မှန်းကြည့်၊ နိင်မယ် ထင်တဲ့ဘက် ခင်ဗျားယူ၊ ကျန်
တဲ့ဘက် ကွန်တော် နေမယ်၊ ဘယ်လိုလဲ ကိုရဲက အားတက်သရော ပြောသည်။

စိတ်မရှိပါနဲ့ဗျာ၊ ကျွန်တော် လောင်းကစား ဝါသနာ မပါပါဘူး၊
ကိုရဲက အားမလို အားမရ ဖြင့် ဒါ လောင်းကစား မဟုပ်ဘူးလေဗျာ၊ အယူအဆရေးရာ ကိစ္စ ဗျ၊ ခင်ဗျားပြောတဲ့ စကား ခင်ဗျား နှစ်နှစ်
ကာကာ ယုံကြည်တယ်ဆိုရင် ခင်ဗျား ဘာမလောင်း ရဲစရာ ရှိလဲ
ဟုတ်တော့ ဟုပ်ပါတယ်ဗျာ၊ ကျွန်တော်က ခင်ဗျားလို ချမ်းသာတဲ့ သူ မဟုပ်ဘူး ဗျ၊ ကျွန်တော့်မှာ အရှုံးခံနိင်တဲ့ သတ္တိ မရှိဘူး
ကိုရဲက
စိတ်ချ၊ လောင်းကြေးကိုလည်း ခင်ဗျား စိတ်တိုင်းကျ ဖြစ်စေရမယ်၊ ဒီလိုလုပ်၊ ခင်ဗျားရှုံးရင် ခင်ဗျားရဲ့ ကျောက်ဖြတ်ခုံ ကျွန်တော့်
ပေးရမယ်၊ ပြီးတော့ ခင်ဗျားရဲ့ အယူအဆ မှားပါတယ်ဆိုတာ ဝန်ခံရမယ်၊ ခင်ဗျားနိင်ရင် ကျွန်တော် ပိုင်ဆိုင်သမျှ အိမ်ရယ်၊ ကားရယ်
ဆိုင်ကယ်ရယ်၊ လက်ထဲက ကျောက်တွေရယ်၊ အကုန် ထားခဲ့ပြီး ကျွန်တော်တို့မိသားစု အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ဆင်းသွား
မယ် ဗျာ၊ ကဲ ဘယ်လိုလဲ၊ ဒီ့ထက် အသာစီးရတဲ့ လောင်းကြေးမျိုးတော့ ဒီ တစ်သက် ရမှာ မဟုပ်တော့ဘူး

ကိုမိုးဒီ စဉ်းစားသည်၊ လောင်းကြေးကတော့ ဘယ်လိုနည်းနဲ့ တွက်တွက် သူ့ဘက်က သာသည်၊ အသင်းကလည်း သူ ကြိုက်ရာရွေး
နိင်သည်၊ အိုကေ၊ ကောင်းပြီ ကျွန်တော်လက်ခံတယ်
ကိုရဲက လက်တစ်ဖက်ကို ကမ်းပေးလိုက်ပြီး
ခင်ဗျားတစ်ပတ်လုံး အချိန်ယူပြီး တွက်ချက်ထားနှင့်ပေါ့ ဗျာ၊ ကန်မယ့်နေ့ မနက်ကျမှ ခင်ဗျားရွေးထားတဲ့ အသင်း ကျွန်တော့်ကို ပြော၊
ဟုပ်ပြီလား၊

xxxxxxxxxxxxxxxxxxxxxxxx

ည ရှစ်နာရီ ခွဲပေပြီ၊ ဗွီဒီယို ရုံထဲတွင်တော့ ကြက်ပျံမကျ၊ ရုံအပြင်တွင် အုံ၍ ကြည့်နေသူများကလည်း မနည်းမနော၊ ဤအထဲတွင် တစ်
ခါမျှ ဘောလုံးပွဲ မကြည့်ဖူးသူများလည်း ပါသည်၊ ကြည့်သာကြည့်နေသည်၊ လူကွံဘောမှန်း ထောင့်ကန်ဘောမှန်း မသိသူများလည်း
ပါသည်၊ သူတို့အဓိက စိတ်ဝင်စားသည်က ကိုရဲနှင့် ကို မိုးဒီတို့၏ အလောင်းအစား၊ ဤ အလောင်းအစားက သာမာန် အလောင်း
အစား မဟုပ်၊ အယူအဆ ရေးရာနှင့် ဆိုင်သလို ဘဝ အလှည့်အပြောင်း နှင့်လည်း ဆိုင်နေသည်၊ ထို့ပြင် လောင်းကစား ဂျိုးကပ်နေ
သူ နှင့် တစ်ခါမျှ မလောင်းဖူး သူတို့၏ ပွဲမို့ လည်း ပိုလို့ စိတ်ဝင်စားကြသည်၊

အချိန်က စေ့နေပြီ၊ ကွင်းထဲသို့ ကစားသမားများ ဝင်မလာ ကြသေး၊ ကွင်းထဲ ပြဿနာ တစ်စုံတစ်ရာတော့ ရှိနေပုံရသည်၊ ကြည့်လိုက်
တော့ ညကြည့် စလိုက်မီး အချို့ မလာကြ၊ မန်ယူနည်းပြ ဖာဂူဆန်က ပီကေ ဝါးနေသည်၊ အာဆင်နယ် နည်းပြ အာဆင်ဝင်းဂါးက တော့ စိတ်ပူပန်နေပုံ ရသည်၊ နဖူးပေါ်က အရေပြားများ တွန့်လိမ်လို့ နေသည်၊ ကိုမိုးဒီကတော့ ဘယ်နှစ်ကြိမ်မြောက်မှန်းမသိ၊ အပေါ့
ထစွန့်သည်၊ ကိုရဲကတော့ နေကြာစေ့ တဖြောက်ဖြောက်နဲ့ ဒူးနှန့်လို့နေသည်။

ရုံထဲတွင်တော့ ပိရိသတ်က နှစ်မျိုးကွဲနေသည်၊ တစ်ချို့က ကိုမိုးဒီကို နိင်စေချင်သည်၊ သူ့ဘာသာ အေးအေး နေတာကို အတင်းလာ ပြီး လောင်းသော ကိုရဲကို ပညာ ပေးစေချင်သည်၊ တစ်ချို့ကတော့ ကိုရဲ ဘဝပျက်သွားမှာ မလိုလား၊ ကိုမိုးဒီဘက်က တော့ ကျောက်
ဖြတ်ခုံတစ်ခု ဆုံးရှုံးတာကလွဲ၍ ဘဝမပျက်နိင်၊ အများစုကတော့ ဘယ်သူ့ဘယ်သူမှ မနစ်နာစေချင်၊ အယူအဆ တစ်ခုအတွက် ကိုယ့်
ဘဝကိုယ် ပျက်စီးတဲ့အထိ မဖြစ်စေချင်ကြ၊

ရုတ်တရက် ကွင်းထဲမှ မီးများ လင်းလာကြသည်၊ နှစ်ဘက်ကစားသမား များ ကွင်းထဲသို့ ဝင်လာကြသည်၊ ပိရိသတ်၏ တခဲနက် အား
ပေး သံမှာ တကွင်းလုံး ဟိန်းနေခဲ့သည်၊ ရုံထဲမှ ပိရိသတ်ကလည်း ဟေးခနဲ အော်ဟစ် ကြသည်၊ ကိုမိုးဒီ ထိုင်ခုံတွင် မတ်မတ် ထိုင်
လိုက်သည်၊ ယခင်ကလို ဘောလုံးပွဲကို သက်တောင့်သက်သာ မကြည့်နိင်တော့၊ မန်ယူ နှင့် အာဆင်နယ် တို့၏ line-up နှင့် နေရာချ
ထားပုံကို ကြည့်ပြီး အတော်လေး ကျေနပ်သွားသည်၊ သူ မှန်းထားသည့် အတိုင်းပင်။

ဘောလုံးပွဲ စစချင်း အာဆင်နယ်က လျင်လျင်မြန်မြန်နှင့် အချိတ်အဆက် မိမိ ကစားသည်၊ ဘောလုံးသည် မန်ယူ ဂိုးရှေ့တွင်သာ ဝဲ
လို့နေခဲ့သည်၊ ကိုမိုးဒီ ခမျာ အသက်ပင် ဝအောင် မရှုနိင်၊ အိမ်ကွင်းသမား မန်ယူက အဘယ်ကြောင့် ခံစစ်နှင့် ကစားနေရသနည်း၊ ဤ
သည်မှာ ဖာဂူဆန်၏ ပရိယာယ် တစ်ခု ဖြစ်နိင်သည်။
သို့သော် မန်ယူ ဘက် က လောင်းထားသော သူ့ အတွက် စိတ်မသက်သာ၊ သူ့ဘက်က ရှုံးလျင် ကျောက်ဖြတ်ခုံတစ်ခုသာ ဆုံးရှုံး
စရာရှိသော်လည်း သူ့တွင်လည်း ဤ ကျောက်ဖြတ်ခုံမှ လွဲ၍ အခြား ပိုင်ဆိုင်မှုလည်း မည်မည်ရရ မရှိ။

ဟော ပြောရင်း ဆိုရင်း အာဆင်နယ်မှ အွန်နရီ ခြေထောက်ထဲ ဘောလုံး ရသွားသည်၊ ဘောလုံးကို တော့ရင်း တော့ရင်း ဂိုးရှေ့ ရောက် သွားသည်၊ သူ့ ထုံးစံအတိုင်း အရှိန်နှင့် ပြေးဆွဲပြီး သွင်းတာမျိုးမလုပ်၊ အေးအေးဆေးဆေး ရပ်နေသည်၊ မန်ယူနောက်တန်း
သမားက လျှောထိုး ဖြတ်သည်၊ သူက ခုန်ကျော်ပြီး ဘောလုံး သယ်သွားသည်၊ နောက်တစ်ယောက်ကိုတော့ လိမ်ခေါက်ဖြတ်ကျော်
သွားသည်၊ ပိုင်နယ်တီ ဧရီယာ အစပ်ရောက် နေပြီ၊ ထိုအချိန် မန်ုယူ ဗဟို ခံစစ်သမားက မမှီမကမ်းဖြင့် အနောက်မှ ခြေထောက်ချင်း
ချိတ်ကာ လှဲချလိုက်သည်၊ ကိုမိုးဒီ ဟာခနဲ ဖြစ်သွားသည်၊ တစ်ရုံလုံး အာမေဋိတ်သံများ လျှံသွားသည်၊ ဂိုးရှေ့တွင် ရှုပ်ယှက်ခတ်နေ
သည်၊ ဒိုင်လူကြီးက ဝီစီမှုတ်ယင်း ဂိုးရှေ့ပြေးသွားသည်၊ လက်ထဲမှာလည်း အဝါကဒ်တစ်ကဒ် ၊

ကို မိုးဒီ ကံကောင်းပါသည်၊ ပိုင်နယ်တီမပေး၊ ဖရီးကစ်သာ ပေးသည်၊ ကိုမိုးဒီ ရေတစ်ခွက် ထသောက်သည်၊ ကိုရဲကတော့ မထိတထိ
ပြုံးသည်၊ ပွဲက ပို၍ လျင်မြန်လာပြီး ပို၍ အကြိတ်အနယ် ဖြစ်လာသည်၊ မန်ယူ ကတ်ပတိန် ရိုင်ကိန်းက သူ့ အသင်းသားတွေကို ဘာ
တွေ အော်ဟစ်နေသည် မသိ၊ မျက်နှာကြီး နီရဲနေသည်၊ ဖာဂူဆန်လည်း ထိုင်ခုံတွင် မထိုင်နိင်တော့၊ ကွင်း အစပ် ရောက်နေပြီ၊

ထိုအချိန် အနောက်မှ ကန်တင်လိုက်သော ဘောလုံးက နစ္စတယ်ရွိင်းဆီ ကွက်တိ ရောက်လာသည်၊ ရွိင်းက လှစ်ခနဲ နောက်တန်း
တစ်ယောက်ကို လှည့်ထွက်သည်၊ အာဆင်နယ် နောက်တန်း အငိုက်မိသွားသည်၊ ကင်းဘဲ အနောက်က လိုက်ဖျက်သော်လည်း မမှီ၊
ဂိုးသမားနှင့် နှစ်ယောက်ချင်းတွေ့သည်၊ ဂိုးသမား ပေါ်က ကျော်ပြီး ကန်တင်လိုက်သည်၊ ကိုရဲ မျက်စိများ ပြာသွားသည်၊ ဖြစ်ချင်တော့
ဘားတန်း ပေါ်က ကျော်သွားသည်၊ ကိုမိုးဒီက မချင့်မရဲဖြင့် ခုံလက်တန်းကို ဝုန်းခနဲ ထုသည်၊ နောက်တန်းမှ တစ်ယောက်က
ကိုမိုးဒီ စိတ်ထိန်းဗျို့၊ ခုံတွေက သိပ်ခိုင်တာမဟုပ်ဘူး၊ တစ်ရုံလုံးက ဝါးခနဲ ဝိုင်းရယ်ကြသည်၊ ကိုမိုးဒီ အနည်းငယ် ရှက်သွားသည်၊
သူ တစ်ခါမျှ ဒီလောက် စိတ်လွတ်ကိုယ်လွတ် မဖြစ်စဖူး။
ကိုရဲလည်း နေကြာစေ့ထုပ် မကိုင်နိင်တော့၊ ပွဲက မန်ယူ သိသိသာသာ စီးလာသည့် သဘောမှာ ရှိသည်၊ ဘောလုံးက အာဆင်နယ်
ကွင်းဘက်မှာပဲ ရှိသည်၊ အာဆင်နယ် အချိတ်အဆက်တွေ ပျက်လာသည်၊ မန်ယူ ပိရိသတ်ကလည်း တစ်ကွင်းလုံး အပြည့် အား
ပေး နေကြသည်၊ မန်ယူ ကန်ချက်တွေကလည်း တိုင်ထိလိုက်၊ ဘားထိလိုက်မို့သာ ခံသာနေသည်၊ မဟုပ်လျင် ယခုအချိန် အနည်းဆုံး
နှစ်ဂိုးလောက် ပြတ်ပြီ၊ ပထမပိုင်းပြီးဖို့က ငါးမိနစ်သာ လိုတော့သည်၊ မန်ယူကလည်း ပထမပိုင်း မပြီးခင် တစ်ဂိုးလောက် သွင်းထား
ချင်ပုံရသည်၊ တစ်သင်းလုံး နီးပါး တက်ကစားသည်၊ အနောက်တွင် ရီိယို ဖာဒီနန် တစ်ယောက်သာ ချန်ကစားသည်။

မန်ယူ တိုက်စစ်အောက်တွင် အာဆင်နယ် နောက်တန်း ခေါင်းမဖော်နိင်၊ ကြောက်စရာ ကောင်းလှသည့် ဖြတ်တင်ဘောတွေက ဂိုး
ရှေ့ကို ကွက်တိ ရောကရောက်လာသည်၊ အာဆင်နယ် နောက်တန်းမှ ဆိုးကင်းဘဲ နှင့် မာတင် ကီးအွန်း တို့ လက်မလည် အောင်
ခေါင်းတိုက် ဖြတ်ထုပ် နေရသည်၊ တစ်ကြိမ်တွင် ဖြတ်ထုပ်လိုက်သော ဘောလုံးက အာဆင်နယ် ညာတောင်ပံရှိ ယွန်းဘတ် ဆီ
ရောက်သွားသည်၊ ယွန်းဘတ်က ဟိုး အရှေ့တွင် အသင့် စောင့်နေသော အွန်နရီဆီ အမြောက်ပို့သည်၊ ကွက်တိ၊ အွန်နရီ ဆွဲပြေး
သည်၊ အာဆင်နယ်၏ မြန်ဆန်လှသော တန်ပြန် တိုက်စစ်၊ မန်ယူနောက်တန်း တွင် ရီယိုဖာဒီနန် သာ ရှိတော့သည်၊ အွန်နရီက
ဖာဒီနန်ကို မဖြတ်ကျော်၊ အသာ စောင့်ပြီး တဖက်က ပြေးတတ်လာသည်၊ ဝီးတော့ ခြေထောက်ထဲ ဘောလုံးထည့် ပေးလိုက်သည်၊
ဝီးတော့က ဂိုးသမား ချိုင်းအောက်ထဲ ဘောလုံးကို လှစ်ခနဲ ရိုက်သွင်းထည့်လိုက်သည်၊ ဂိုး ဆိုသည့် အသံကြီးက တစ်ရုံလုံး ဟိန်း
သွားသည်၊ ကိုရဲ အားပါးတရ ထခုန်သည်၊ ကိုမိုးဒီ ခေါင်း ငိုက်စိုက်ကျသွားသည်၊ တစ်ရုံလုံးတွင် အော်သံဟစ်သံများ ဆဲသံ ဆိုသံ
များ ပြည့်လျှံနေသည်၊ နှစ်ဘက် အားပေးသူများ အပြန်အလှန် စကားစစ်ထိုးနေကြသည်၊ ထိုအချိန် ဝီစီ မှုတ်သံကြားလိုက်ရသည်၊
ပထမပိုင်း ပြီးပြီ။

ရုံထဲမှ လူများ အားလုံး အပြင်ထွက်ကုန်ကြပြီ၊ ကိုမိုးဒီကတော့ မထွက်၊ တစ်ယောက်တည်း ငူငူငိုင်ငိုင်နှင့်၊ အဖော်များက နှစိသိမ့်
အားပေးကြသည်၊ မရ၊ အားလုံး စိတ်လျှော့ကာ သူ့ကို တစ်ယောက်တည်းပဲ လွှတ်ထားလိုက်တော့သည်။
ရုံအပြင်မှာတော့ ကိုရဲ မင်းမူနေခဲ့ပြီ
ကိုရဲ ပွဲပြီးရင်တော့ ထုံးစံအတိုင်းနော်
စိတ်ချပါဗျာ၊ ကျွန်တော် ဘယ်တုန်းက ဝတ္တရား ပျက်ကွက်ဖူးလို့လဲ
ကိုရဲ ကြည်နူးရိပ် က ကောင်မလေးတွေ ခင်ဗျားကို မျှော်နေကြတယ်နော်
ကိုရဲ ခင်ဗျား ကျောက်သွေးရုံ ထောင်ရင် ကျွန်တော်တို့ အလကား လာဖြတ်မှာနော်
အသံများက နိမိတ်ကို ဆောင်နေကြသည်၊ လမ်းဘေး မုန့်သည်များလည်း လက်မလည်အောင် ရောင်းနေရသည်၊ လက်ထဲက
မုန့်ပင် မကုန်သေး၊ ဒုတိယ ပိုင်းက ပြန်စပြီ။

ဒုတိယပိုင်းတွင် မန်ယူ လူအပြောင်းအလဲ လုပ်ပြီး ကစားကွက် ပြောင်းလာသည်၊ အာဆင်နယ်ကတော့ အပြောင်းအလဲ မရှိ၊ မန်ယူ
က တိုက်စစ်ကို အရှိန်မြှင့် ကစားသည်၊ ကိုမိုးဒီ ခေါင်းပြန် ထောင်လာသည်၊ ဒုတိယပိုင်း စလို့မှ ငါးမိနစ်ခန့်သာ ရှိသေးသည်၊ မန်ယူ
ပိုင်နယ်တီ ကန်ခွင့်ရသည်၊ ကိုမိုးဒီ အေးအေး မထိုင်နိင်တော့၊ နစ္စတယ်ရွိုင်းပိုင်နယ်တီ ကန်တာကို မျက်တောင်မခတ် ကြည့်နေခဲ့သည်
ထိုအချိန် သူ့ဘေးတွင် စည်ပိုင်း တစ်လုံးပြုတ်ကျလာလျင် တောင် သိလိုက်မည် မဟုပ်၊ ဂိုး ဟူသော အသံကြီးကသူ၏ ဒုက္ခအပေါင်း
ကို သယ်ဆောင်သွားသလား မှတ်ထင်ရသည်၊ သူ့တစ်ကိုယ်လုံး ပေါ့ပါးလို့သွားသည်။

ကိုရဲက ကိုမိုးဒီ ဖြစ်နေပုံကို ကြည့်ပြီး လှောင်ပြုံးပြုံးသည်၊ သို့သော် သူ ကြာကြာ မပြုံးနိင်၊ အာဆင်နယ် ကစားသည့် ပုံစံက သရေခံ
ကစားသွားမည့် ပုံ၊ ခံစစ်ကို သာ အသားပေး ကစားသည်၊ ဤအတိုင်းဆို အခြေအနေ မကောင်း၊ တစ်ချိန်မဟုပ် ခံစစ် ကျိုးပျက်သွား
နိင်သည်၊ သူ့ရင်ထဲ စိုးရိမ်စိတ်များ မသိမသာ ဝင်လာခဲ့သည်၊ ကြည့်၊ ရိုင်ယန်ဂစ် ခြေထောက်ထဲ ဘောလုံး ရောက်သွားပြီ၊ တောင်ပံ
မှ ဆွဲပြေးသည်၊တစ်ယောက်၊ နှစ်ယောက်၊ သုံးယောက် ဖြတ်ကျော်သည်၊ ဂိုးစည်း အစပ်နား ရောက်နိင်သမျှ ရောက်အောင်ကပ်သွား
ပြီးမှ အတွင်းသို့ ချိုးပေးသည်၊ အလွန်အန္တရယ်များသည့် ကန်ချက်၊ မန်ယူ ရှေ့တန်းမှ ပြေးပိတ်သည်၊ ကိုရဲ ယောင်ပြီး မျက်စိမှိတ် လိုက်မိသည်၊ ပြန်ဖွင့်ကြည့်လိုက်တော့ ဘောလုံးက ဂိုးသမားနှင့် ထိပြီး အပြင်ကို စင်ထွက်လာသည်၊ အနောက်က တက်လာသည့်
ပေါလ်စခိုးက ပြေးပိတ်သည် ၊ တစ်ရုံလုံး အော်လိုက်သည့် အသံက မိုးချုန်းသံလား အောက်မေ့ရသည်၊ ဘောလုံးက ဘေးတိုင်ကို
ထိပြီး ဂိုးလွန်ဘောဖြစ်သွားသည်၊

ကိုရဲ မျက်စိမျက်နှာ ပျက်လာခဲ့ပြီ၊ နာရီကို ကြည့်လိုက်သည်၊ မိနစ် ၃၀ လောက်လိုသေးသည်၊ အချိန်က အတော်လိုသေးသည်၊ ဤ
ပုံစံနှင့် ဆိုလျင် ကြာကြာ တောင့်ခံနိင်ဖို့မလွယ်၊ သူ စိတ်တိုတိုနှင့် အာဆင်နယ် အသင်းသားများကို ဆဲသည်၊ ဘယ်လိုလုပ် ကစား
နေကြတာလဲ မသိ၊ မန်နေဂျာကို ဆဲသည်၊ အခြေအနေမကောင်းယင် လူစားလဲပါတော့လား၊ ဒိုင်ကိုဆဲသည်၊ အိမ်ရှင်ဘက်ကို မျက်နှာ
သာပေးသည်။
ပွဲက ကြည့်ရတာ ဝဋ်ခံနေရတာနှင့် တူလာသည်၊ ဘောလုံးက မန်ယူ ခြေထောက်ထဲမှာပဲ ရှိတော့သည်၊ အာဆင်နယ်က တစ်သင်းလုံး
ဆင်းပြီး ပိတ်ကစားသည်၊ ဘယ်လိုမှ ကိုယ့်ဘက်က နိင်ဖို့ မျှော်လင့်ချက် မရှိတော့၊ မရှုံးဖို့သာ ရင် တထိတ်ထိတ် ကြည့်နေရသည်၊

ထိုအချိန် ကိုမိုးဒီကတော့ ဖင်တကြွကြွနှင့်၊ စိတ်တွေလည်း အရမ်း တက်ကြွလို့နေသည်၊ ဤ ကစားပုံမျိုးနှင့် ဆို ရှုံးစရာ မရှိ၊ နိင်ဖို့သာ
ဆုတောင်းရမည်၊ သူ နာရီကို မကြာခဏ ကြည့်နေမိသည်၊ မိနစ်၂၀ သာ လိုတော့သည်၊ မိနစ် ၂၀ အတွင်းတွင် တစ်ဂိုးလောက်တော့
ဝင်နိင်ကောင်းပါရဲ့။

ဟော ဒေးဗစ်ဘက်ခမ်း ဖရီးကစ် ကန်တော့မည်၊ သူ့တစ်ကိုယ်လုံး အကြောအချင်တွေ တောင့်တင်းနေခဲ့သည်၊ တစ်ရုံလုံးလည်း တိတ်
လို့ ငေးမောမှင်သက်နေကြသည်၊ ကိုရဲကတော့ အသက်ရှုဖို့ပင် မေ့နေခဲ့သည်။
ကန်ပြီ၊ ဘောလုံးသည် လူတံတိုင်းကို ဝေ့ပြီး ကျော်ကာ ဂိုး၏ ဆယ်ပြားစေ့ ထောင့်ထဲ ဝင်လာသည်၊ အာဆင်နယ် ဂိုးသမား အစွမ်းကုန်
ပစ်ခုန်ကာ ပုတ်ထုပ်လိုက်ရသည်၊ ကိုမိုးဒီ ထခုန်မလို့ လုပ်ရုံရှိသေး၊ ပြန်ထိုင်လိုက်ရသည်၊ ကိုရဲခမျာ မျက်နှာမှာ သွေးမရှိတော့၊ နာရီ
ကို ဖျတ်ခနဲ လှမ်းကြည့်လိုက်သည်၊ ၁၀ မိနစ်တောင် လိုသေးသည်၊ အချိန်ပိုနှင့် ပေါင်းလျင် ၁၅ မိနစ်လောက် လိုဦးမည်၊ ဖြစ်နိင်လျင်
နာရီလက်တံတွေကို အမြန်ဆုံး ဆွဲလှည့်လိုက်ချင်ပြီ၊ တကိုယ်လုံး ဇောချွေးများဖြင့် ရွှဲရွှဲစိုလို့ နေသည်၊ လောင်းကစားသမား သက်
တမ်း တစ်လျှောက် ဤမျှ စိတ်လှုပ်ရှားခဲ့ခြင်းမျိုး မကြုံဖူး။

တကယ်တော့ လည်း ယခင်က ဒီလို ပိုင်ဆိုင်သမျှ ပုံပြီး လောင်းတာမျိုး လည်း မရှိခဲ့ပါ၊ သူ့မှာ ကိုမိုးဒီကို အရွဲ့တိုက်ချင်ဇောနှင့် သာ
လောင်းခဲ့မိသည်။ ဖြစ်လာမည့် အကျိုးဆက်များကို သိပ်မစဉ်းစားခဲ့၊ သူ နာရီကို ကြည့်လိုက်သည်၊ ငါးမိနစ် သာ လိုတော့သည်၊ ဘုရား
သိကြား မလို့ ဒီ ငါးမိနစ်လောက် တောင့်ခံနိင်ပါစေ။

ကို မိုးဒီ မှာ အားမလို အားမရ နှင့် ဂဏာမငြိမ် ဖြစ်နေသည်၊ သူ့တစ်သက် ဤလို စိတ်လှုပ်ရှား တက်ကြွမှုမျိုး မရှိသေး၊ စိတ်ထဲတွင်
ကိုယ့်ကိုယ်ကို ယုံကြည်မှုများ အဆမတန် တိုးပွားလာသည်၊ ကြည့်လေ၊ မန်ယူဘက်က တောင့်ကန်ဘောတွေ ဆက်တိုက်ရနေသည်၊
ဖရီးကစ်တွေ ဆက်တိုက်ရနေသည်၊ အာဆင်နယ် တွေ တစ်ဝါပြီး တစ်ဝါ ထိနေသည်၊ ပြောရင်း ဆိုရင်း ဆိုးကင်းဘဲ နှစ်ဝါတစ်နီ ထိ
ကာ ထွက်ရပြီ၊ သူ နာရီကို ကြည့်လိုက်သည်၊ သုံးမိနစ်သာ လိုတော့ပါလား။

ကဲ လုပ်ထားပေတော့ သရဲနီတို့ရေ၊ နောက်တန်း တစ်လျောက် လျော့နေတာမှ ဂိုးမသွင်းနိင်ယင်လည်း ရှက်ဖို့ကောင်းပါတယ်၊ ဟော
ဘက်ခမ်း ကန်တင်လိုက်ပြန်ပြီ၊ နစ္စတယ်ရွိုင်း ခြေထောက်ထဲ တန်းရောက်သွားသည်၊ ဂိုးရှေ့ ဆွဲပြေးသည်၊ မာတင်ကီးယွန်း ယှဉ်လု
သည်၊ မရ၊ ဘော်ဒီချင်း တိုက်သည်၊ မရ၊ ဂိုးရှေ့အတော်ကပ်လာခဲ့ပြီ၊ ကိုမိုးဒီ ထိုင်မနေနိင်တော့၊ ရွိင်းကန်မည် အလုပ်၊ ကီးယွန်း ခြေ
ထိုး ဖျက်လိုက်သည်၊ ရွိုင်း လဲကျသွားသည်၊ ကို ရဲ ထရပ်လိုက်သည်၊
            ပိုင်နယ်တီ

အချိန်ကလည်း အချိန်ပိုထဲ ရောက်နေပြီ၊ ဤ ဂိုးဝင်သွားလျင်တော့ ပွဲသိမ်းပြီ၊ ဘယ်လိုမှ ပြန်မချေနိင်တော့၊ ကိုရဲ ဆက်မကြည့်တော့၊
ထွက်ပေါက်ရှိရာ တိုးဝှေ့သွားနေခဲ့သည်၊

ဤဂိုးကိုလည်း နစ္စတယ်ရွိုင်းပဲ ကန်မည်၊ ကိုမိုးဒီကတော့ ပျော်တပြုံးပြုံး ၊အနောက်က အသံထွက်လာသည်၊ ကိုမိုးဒီတို့တော့ ကော်
တာပဲ ဟေ့၊ အဲဒီ ဒိုင်လူကြီးကို ထမင်းဖိတ်ကျွေးဖို့တောင် ကောင်းသေးတော့တယ်
ကိုမိုးဒီ စပ်ဖြဲဖြဲလုပ်နေသည်၊ နစ္စတယ်ရွိုင်းက ဘောလုံးကို တည်နေသည်၊ သူ့ပုံစံက ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်၊ ကိုမိုးဒီ
သူ့ကို ကြည့်ရင်းအတော်လေး စိတ်ချသွားသည်။

ဒိုင်လူကြီး ဝီစီမှုတ်ပြီ၊ ရွိုင်းက ပြေးပြီး ကြုံးကန်သည်၊ ဂိုးသမားက ဘယ်ဘက်လှဲချသည်၊ ဘောလုံးက ညာဘက်၊ ကိုမိုးဒီ လက်မြှောက်
ဖို့ ကြိုးစားလိုက်သည်၊ သို့သော် ဘောလုံးက ပြင်းလှသော အရှိန်ဖြင့် ညာဘက်ဂိုးတိုင် ကို ထိပြီး အပြင်ကို လွင့်စင်သွားခဲ့သည်၊ နစ္စတယ်ရွိင်း ခေါင်း ငိုက်စိုက်ကျသွားသည်၊ ကိုမိုးဒီကတော့ ကျောက်ရုပ် တစ်ရုပ်လို တောင့်တောင့်ကြီး ရပ်နေသည်၊ ကိုယ့်မျက်စိ
ကိုယ် မယုံနိင်အောင် ဖြစ်နေသည်။

ရုံထဲမှ အပြင် ရောက်ခါစ ကိုရဲမှာ အနောက်မှ လှမ်းခေါ်သံ ကြားသဖြင့် လှမ်းကြည့်လိုက်မိသည်၊
ဗျို့ ကိုရဲ ခင်ဗျား မရှုံးဘူးဗျ။ ပိုင်နယ်တီ မဝင်ဘူး
ဗျာ တကယ်လား၊ သူ ရုံထဲ အတင်းပြေးဝင်သွားသည်၊ ရုံထဲတွင် ဘောလုံးပွဲက ပြီးသွားပေပြီ၊ နှစ်ဘက်အသင်းသားများ တစ်ယောက်
ကို တစ်ယောက် နှုတ်ဆက်နေကြသည်၊ သူနှင့် ကိုမိုးဒီ ကတော့ တစ်ယောက်ကို တစ်ယောက် လက်ဆွဲနှုတ်ဆက်ဖို့ တွန့်ဆုတ်နေ
ခဲ့သည်။

xxxxxxxxxxxxxxxxxxxxxxx

ဤအဖြစ်အပျက်များ ဖြစ်ပွားခဲ့ပြီး နောက် ရွာထဲတွင် ထူးထူးခြားခြား အပြောင်းအလဲ နှစ်ခု ဖြစ်လာခဲ့သည်၊ ပထမ တစ်ခုမှာ ကိုရဲ
လောင်းကစား မလုပ်တော့ချင်းပင်၊ သူ့မှာ ဘောလုံးပွဲသာ မဟုပ်၊ ဘယ်လောင်းကစားမှ မလုပ်တော့၊နေပုံထိုင်ပုံကလည်း အရင်
ကလို စည်းမရှိ ကမ်းမရှိ ဟော့ဟော့ရမ်းရမ်း မဟုပ်၊ အသုံးအစွဲ ကျစ်လစ်လာပြီး စနစ်တကျ  အလုပ်လုပ်တက်လာသည်။

ဒုတိယ အပြောင်းအလဲကတော့ ကိုမိုးဒီပင်၊ တစ်သက်လုံး လောင်းကစား မလုပ်ခဲ့သော ကိုမိုးဒီမှာ ယခုတော့ လောင်းကစားမျိုးစုံ
ကို ယဉ်ပါးနေခဲ့ပေ ပြီ၊ ပါးစပ်မှလည်း အရာရာ ကံကြမ္မာက ဆုံးဖြတ်တာပါပဲ ဟု တဖွဖွ ပြောတတ်နေပေပြီ၊ ခင်မင်သူများကတော့
ဘုရားသခင်လည်း ကြွေအံကစားနေပြီလားဗျ ဟု စ ကြနောက်ကျပါသည်။              

-------------------------------------------------------------------။-------------------------------------------------------------------

ဒီနိုဗို
၁၂၊ ၁၀၊ ၂၀၀၃

ရုပ်ရှင် တေးကဗျာ မဂ္ဂဇင်း
March 2005


No comments: