Monday, January 16, 2012


ဟာယူကီ မူယာကာမိနှင့် စကားပြောခြင်း

ဟာယူကီမူယာကာမိ(Haruki Murakami) သည်အင်္ဂလိပ်ဘာသာဖြင့်ပြန်ဆိုခံရသည့် ဂျပန်ဝထ္ထုရေးဆရာများ ထဲတွင် သမားရိုးကျမဟုပ် သည့် အဆန်းထွင် အရေးအသားများဖြင့်(experimental) ရေးသားတတ်ဆုံးသူ တစ်ယောက် ဖြစ်ရုံသာမကယနေ့ခေတ်ပြိုင်စာပေလောကတွင်ကမ္ဘာနှင့်အဝှမ်းသန်းနဲ့ချီပြီးရောင်းနေရသည့် လူကြိုက်များကျော်ကြားလှသော စာရေးဆရာတစ်ယောက်လည်း ဖြစ်နေခဲ့သည်၊ သူ၏ အကောင်းဆုံး ဝထ္ထုများ တွင် အစစ်အမှန်နှင့် ယုံတမ်းပုံပြင်များ၊ မှုခင်းစုံထောက်ဇတ်လမ်းများ၊ သိပ္ပံစိတ်ကူးယဉ်များကို နယ်စည်းမခြား ရောမွှေထားတတ်သည်၊ ဥပမာ Hard-Boiled Wonderland and The End of The World တွင် တကယ့်ကို စိတ်နှစ်စိတ်ရှိသော ဇတ်ကောင်ကို ချယ်မှုန်းထားသည်၊ ဂျပန်နိင်ငံပြင်ပတွင် လူသိအများဆုံးဖြစ်မည့် The Wind-Up Bird Chronicle တွင် ပျောက်ဆုံးသွားသော ဇနီးသည်ကို ရှာဖွေနေသည့် လူတစ်ယောက်အကြောင်းဖြင့် သမားရိုးကျ စဖွင့်ထားပြီး တဖြေးဖြေးနှင့် တိတ်တဆိတ် အသွင်ပြောင်းလာခဲ့ရာ Laurence Sterne’s Tristram Shandy နောက်ပိုင်းတွင် အဆန်းကျယ်ဆုံး အရောအနှော ဇတ်ကြောင်းပြော ပုံစံအဖြစ်ပြောင်းလဲသွားခဲ့သည်၊ မူယာကာမိ ၏ ကမ္ဘာမှာ ရင်းနှီးပြီးသား သင်္ကေတများ၊(ဥပမာ ရေတွင်းအလွတ်၊ မြေအောက်မြို့) ဖြင့် ပြည့်နှက်နေသည့် ရူပကတစ်ခုပင်၊ သို့သော် ထိုသင်္ကေတများ၏ အဓိပ္ပါယ်များကိုတော့ နောက်ဆုံးစာမျက်နှာထိ တင်းကျပ်စွာ ထုပ်ပိုးထားခဲ့သည်၊ သူ့အပေါ် Pop ယဉ်ကျေးမှု (အထူးသဖြင့် အမေရိကန် pop ယဉ်ကျေးမှု)၏ ကျေးဇူးရှိသည်ဟု ဆိုနိင်သော်လည်း သူ့လောက် တစ်သီးပုဂ္ဂလဆန်သည့် အရေးအသားမျိုး အခြားစာရေးဆရာ များတွင်မတွေ့ဘူးပါဟု လည်းငြင်းချက်ထုပ်နိင်သည်။

မူယာကာမိကို ၁၉၄၉ တွင် ရှေးဟောင်းမြို့တော်ဖြစ်သော ကျိုတို မြို့၌ အမျိုးသားယဉ်ကျေးမှု အခံကြီးမားသည့် လူလတ်တန်းစား မိသားစုမှ မွေးဖွားခဲ့သည်။ သူ၏ ဖခင်ဖြစ်သူမှာ ဂျပန်စာပေသင်ကြားသော ဆရာ တစ်ယောက်ဖြစ်သလို သူ၏ အဖိုးဖြစ်သူမှာလည်း ဂျပန် ဗုဒ္ဓဘာသာဘုန်းကြီးတစ်ပါးဖြစ်သည်။ သူနှစ်နှစ်သားတွင် နိင်ငံခြားသားများ (အထူးသဖြင့် အမေရိကန်သင်းဘောသားများ) ဖြင့် အမြဲစည်ကားရှုတ်ထွေနေသော ဆိပ်ကမ်းမြို့ဖြစ်သည့် ကိုဘေးမြို့သို့ သူတို့ မိသားစု ပြောင်းရွှေ့ခဲ့ကြသည်၊ ဤမြို့၏ အနောက်တိုင်း အငွေ့အသက်က သူ၏ အာရုံခံစားမှုပေါ်တွင် များစွာ ရိုက်ခတ်နေခဲ့သည်၊ ငယ်ရွယ်စဉ်ဘဝထဲက ဂျပန်စာပေပန်းချီ နှင့်ဂီတကို ပစ်ပယ်ခဲ့သော မူယာကာမိသည် jazz ဓာတ်ပြားများ၊ Hollywood ရုပ်ရှင်များ၊ အပေါစား အဖုံးပျော့ အပျော်ဖတ်စာအုပ်များမှ တဆင့်သိရသော ပြင်ပကမ္ဘာသို့သာ ပို၍ ပို၍ စိတ်ရောက်နေခဲ့တော့သည်။

၆၅ နှင့် ၇၀ ကြားနှစ်ကာလများတွင် တိုကျို တွင်ကျောင်းတက်ရင်း postmodern ဝထ္ထုများနှင့် ထိတွေ့ခွင့်ရခဲ့သည်၊ အသက်၂၃ နှစ်အရွယ်တွင် အိမ်ထောင်ပြုခဲ့ပြီး နှစ်အတော်ကြာ တိုကျို တွင် Jazz club တစ်ခု (Peter Cat) ထောင်ကာနေထိုင်ခဲ့သည်မှာ ပထမစာအုပ်ထုပ်ဝေပြီးစာရေးခြင်းဖြင့် အသက်မွေးနိင်လာသည့်အချိန်အထိပင်။ ပထမဆုံး ဝထ္ထု Hear the wind sing မှာ Gunzo စာပေဆုကို ရခဲ့သော်လည်း အင်္ဂလိပ်ဘာသာပြန်ကို သူက ကမ္ဘာသို့ ဖြန့်ဝေခွင့်မပြုခဲ့၊ ဤသို့ဖြင့် သူ့စာအုပ်တစ်အုပ်ပြီး တစ်အုပ် ပိုမို အောင်မြင်လာခဲ့ရာ ၁၉၈၇ တွင် ထုပ်ဝေသော သူ၏ ပထမဆုံး သရုပ်မှန်ဝထ္ထု Norwegian Wood တွင် သူ့ခေတ်(၈၀ ခုနှစ်များ)ကို ကိုယ်စားပြုသော စာရေးဆရာ တစ်ယောက်အဖြစ် ၎င်း၊ ဂျပန်J.D Salingerဟု၎င်း တင်စားခံရသည်အထိ အောင်မြင်ထင်ရှားလာခဲ့သည်၊ ဂျပန်တစ်နိင်ငံတည်းတွင် အုပ်ရေ၂သန်းကျော်ရောင်းချရပြီး ဤအရေအတွက် မှာ တိုကျိုမြို့ရှိ အိမ်တိုင်းစေ့ ဝယ်ဖတ်သလို ဖြစ်နေခဲ့သည်။

ထိုအချိန်မှစ၍ ဂျပန်နိင်ငံ၏ ကျော်ကြားသူ စာရင်းဝင်လာသော မူယာကာမိမှာ စိတ်ကျဉ်းကျပ်လှသဖြင့် နိင်ငံရပ်ခြားတွင် နှစ်အတော်ကြာ သွားရောက်နေထိုင်ခဲ့သည်။ သူသည် ဥရောပ နှင့် အမေရိကနှစ်နေရာလုံးတွင်နေထိုင်ခဲ့သည်၊ သူ၏ ကျော်ကြားလှသော The Wind-Up Bird Chronicle ကို Princeton နှင့် Tufts တွင် စာသင်ကြားရင်းရေးခဲ့ခြင်းဖြစ်သည်။ သူ့အနေနှင့် Norwegian Wood လို တဲ့တိုးရေးသည့် ဝထ္ထုမျိုးကို ပြန်မရေးတော့သော်လည်း သူ့ပိရိသတ်မှာ အစဉ်တိုးပွားလျက်သာရှိသည်၊ နိင်ငံတကာတွင်လည်း လူဖတ်အများဆုံး ဂျပန်စာရေးဆရာတစ်ယောက် ဖြစ်နေခဲ့ပြီဖြစ်သလို ဂျပန်တွင်လည်း အမြင့်ဆုံး Yomuri Literary Prize အပါအဝင် ဆုအားလုံးနီးပါး ကို ရရှိခဲ့ပြီးဖြစ်သည်၊သူသည်အလွန်လက်သွက်သော ဘာသာပြန်သူ တစ်ယောက်လည်း ဖြစ်သည်၊ Raymond Carver, Tim O’ Brien, F.Scott Fitzgerald စသည့် စာရေးဆရာ မျိုးစုံ၏ စာများကို ဂျပန်ဘာသာသို့ ပြန်ဆိုပေးခဲ့သည်၊

မူယာကာမိ၏ ရုံးခန်းမှာ တိုကျိုရှိ နယူးရောက်မြို့အလားစည်ကားလှသော Aoyamaရပ်ရှိဖက်ရှင် ဆိုင်ခန်းများအနီးတွင် ရှိပါသည်၊ ရှေးကျလှသော အဆောက်အဦးကိုယ်၌က ပတ်ဝန်းကျင်ရှိ အပြောင်းအလဲများ ကို ဂရုမစိုက်ပဲ ထီးတည်းရှိနေခဲ့သည်၊ သူငှားထားသောအခန်းက ခြောက်ထပ် တွင်ရှိသော မကျဉ်းမကျယ် အခန်းကလေးဖြစ်ပြီး သစ်သားဗီရိုများ၊ ဆုံလည်ကုလားထိုင်များ၊ စားပွဲခုံများစသည့် ရုံးခန်းပရိဘောဂများနှင့်ပြည့်နှက်လို့၊ အပြင်အဆင်ကလည်း စာရေးဆရာတစ်ယောက် ၏ အလုပ်ခန်းဟု ထင်စရာမရှိ၊ သို့သော်သူ၏ ဝထ္ထုထဲရှိ ဇတ်ကောင်များမှာလည်းဤလို နေ့စဉ်ပတ်ဝန်းကျင် ထဲမှနေပဲ အိပ်မက်လောက ထဲ ရောက်ရှိသွားကြတာပဲမဟုပ်လား။

သူသည် အလုပ်များလှသော လူတစ်ယောက်ဖြစ်သလို စကား ပြောရမှာ ကြောက်သောသူ တစ်ယောက် ဖြစ်သည် ဟု ကိုယ်တိုင် ဝန်ခံထားသော်လည်း နှစ်ရက်မျှ အချိန်ယူခဲ့ရသော အင်တာဗျူးတွင် ရယ်ရယ်မောမော ဖြင့် သူ၏ တိတ်ဆိတ်နေသော ရုံးခန်းကလေးကို သာယာစေခဲ့သလို လေးနက်သော အကြောင်းအရာများကို ပြောသောအခါတွင်လည်း စူးစူးစိုက်စိုက်နှင့် လိုလို လားလား ဟက်ဟက်ပက်ပက် ရှိလှသည်ကို တွေ့ရသည်။ သူသည်စကားကို သွက်သွက်ပြောတတ်သော်လည်း တိတိကျကျဖြစ်စေရန် စာကြောင်းတကြောင်းနှင့် တကြောင်းကြား အချိန်ယူတတ်သည်၊ သူ့ ဝါသနာများဖြစ်သော မာရသွန် နှင့် Jazz အကြောင်းပြောသည့် အခါများတွင်မတော့ အသက် ၂၀ လောက် ငယ်သွားသလိုပင်၊ တစ်နည်းအားဖြင့် ၁၅ နှစ်သားလေးအလားထင်မှတ်မှား ရလောက်သည်။


မေး။ ။ ကျွန်တော်အခုပဲ ခင်ဗျားရဲ့ နောက်ဆုံး ဝထ္ထုတိုပေါင်းချုပ် ‘ After the Quake’ ကို ဖတ်ပြီးတယ်၊ အဲဒီမှာ ကျွန်တော် စိတ်ဝင်စားတာက Norwagean Wood မှာ သုံးသွားတဲ့ သရုပ်မှန် စတိုင်နဲ့ တခြားဝထ္ထုတွေမှာ သုံးလေ့ ရှိတဲ့ စတိုင်တွေကို လွတ်လွတ်လပ် လပ် ရောမွှေသုံးစွဲသွားတာကိုပဲ၊ အဲဒီ ပုံစံနှစ်ခု အကြားမှာ အခြေခံအားဖြင့် ကွာခြားတယ်လို့ ခင်ဗျားထင်လား။

မူယာကာမိ။ ။ ကျွန်တော့်စတိုင်လို့ပြောရင်တော့ Hard-Boiled Wonderland ထဲကစတိုင်နဲ့ အတော်နီးစပ်မယ်ထင်တယ်၊ ပွင့်ပွင့်လင်းလင်းပြောရယင် realistic သရုပ်မှန်စတိုင်ကို ကျွန်တော်မကြိုက်ဘူး၊ surrealistic သရုပ်မှန်လွန်စတိုင်ကို ကျွန်တော် ပိုနှစ်ခြိုက်တာအမှန်ပဲ၊ ဒါပေမယ့် Norwegian Wood တုန်းကတော့၁၀၀ရာခိုင်နှုန်းသရုပ်မှန်ဝထ္ထုအနေနဲ့စိတ်ဆုံးဖြတ်ပြီးတော့ကိုရေးခဲ့တာ။အဲဒီလိုရေးကြည့်ချင်

လို့လေ။

မေး။ ။ အဲဒီစာအုပ်က စတိုင်ကို လေ့ကျင့်တဲ့သဘောမျိုးသက်သက်လား၊ ဒါမှမဟုပ် သရုပ်မှန်နည်းနဲ့ ပြောမှရနိင်မယ့် သီးသန့် ဇတ်လမ်းရှိလို့လား။

မူယာကာမိ။ ။သရုပ်မှန်လွန်တွေကြီးပဲရေးနေယင်ကျွန်တော်အဲဒီဂိုဏ်းသားတစ်ယောက် ဖြစ်သွားမှာပေါ့၊ ဒါပေမယ့်ကျွန်တော်ကပုံမှန်အများရေးနေတဲ့လိုင်းထဲကိုလည်းဝင်ကြည့်ချင်သေးတယ်လေ၊ဒီတော့ကျွန်တော်ဟာ သရုပ်မှန်ဝထ္ထုတွေလည်း ရေးတတ်ကြောင်း ပြရတော့တာပေါ့၊ ဒီ့အတွက်ရေးခဲ့တာပါ၊ အဲဒီဝထ္ထုဟာ ကျွန်တော်မှန်းထားတဲ့အတိုင်း အရောင်းရဆုံး စာရင်းဝင်ဖြစ်သွားတယ်လေ။

မေး။ ။ ဒါဟာ ခင်ဗျားရဲ့ ဈေးကွက်ရှာနည်းဗျူဟာ တစ်ခုပေါ့၊

မူယာကာမိ။ ။ ဟုပ်တယ်၊ Norwegian Wood ဟာ လွယ်လွယ်ကူကူ ဖတ်ပြီးနားလည်နိင်တယ်၊ လူအများကြိုက်ကြတယ်၊ ဒီတော့ ကျွန်တော့်ရဲ့ တစ်ခြားစာအုပ်တွေကိုလည်း သူတို့ စိတ်ဝင်စား လာနိင်တယ်လေ။

မေး။ ။ ဂျပန်စာဖတ်ပိရိသတ်ကအမေရိကန်တွေလိုပဲဖတ်လွယ်တဲ့စာအုပ်တွေပဲ ကြိုက်ကြတယ်ထင်တယ်။

မူယာကာမိ။ ။ ကျွန်တော့်ရဲ့ နောက်ဆုံး ဝထ္ထု Kafka on the shore ကအုပ်ရေသုံးသိန်းလောက် ရောင်းရတယ်၊ သူက နှစ်အုပ်တွဲ ဝထ္ထု၊ ကျွန်တော့်မှာ အဲဒီလောက် ရောင်းရလိမ့်မယ်လို့မထင်ထားဘူး၊ ဒါ ဖြစ်ရိုးဖြစ်စဉ်မဟုပ်ဘူး၊ ဘာကြောင့်ဆို ဇတ်လမ်းက ရှုပ်ထွေးလွန်းပြီး အလွယ်တကူလိုက်ဖတ်ဖို့ ခက်တယ်၊ ဒါပေမယ့် သိတဲ့အတိုင်း ကျွန်တော့် စတိုင် ကျွန်တော့ စကားပြေက အရမ်းဖတ်ရလွယ်တယ်လေ၊ ဟာသ တွေ၊ ဇတ်အလှည့်အပြောင်းတွေ ပါတော့ ရှေ့ကိုဆက်ဖတ်ချင်စေတာပေါ့၊ ဒီနှစ်ချက်ကို ဟန်ချက်ညီအောင်ထိန်းထားတာပါပဲ၊ဒါဟာကျွန်တော့အောင်မြင်မှုရဲ့အချက်တစ်ချက်ပဲဖြစ်မယ်ထင်ရဲ့၊အခုအထိတော့ မယုံနိင်စရာပါပဲ၊ကျွန်တော်က ၃၊ ၄ နှစ်တစ်အုပ်ရေးပေမယ့် ပိရိသတ်က စောင့်ဖတ်ကြတယ်၊ တစ်ခါတုန်းက အင်တာဗျုးလုပ်တော့ John Irving ကပြောတယ်၊ စာအုပ်ကောင်းတစ်အုပ်ကို ဖတ်ရတာ ဆေးစွဲသလိုပဲ တစ်ခါစွဲသွားတာနဲ့ အမြဲ မြှော်နေတော့တာပဲတဲ့။

မေး။ ။ ခင်ဗျားပိရိသတ်တွေကို ဆေးသမားတွေလိုဖြစ်အောင်လုပ်ချင်တယ်ပေါ့။

မူယာကာမိ။ ။ ဒါJohn Irving ပြောတာပါဗျာ။

မေး။ ။ အဲဒီ ခင်ဗျားရဲ့ပုံစံနှစ်မျိုး ဖြစ်တဲ့ ရှင်းရှင်းလင်းလင်း တဲ့တိုးပြောတဲ့ ဖတ်လို့လွယ်တဲ့စတိုင်နဲ့ ရှုပ်ထွေးပြီး နားလည်ရခက်တဲ့ စတိုင် ၊ အဲဒါ ခင်ဗျား သိသိနဲ့ ရွေးတာမျိုးလား။

မူယာကာမိ။ ။အဲဒီလိုတော့မဟုပ်ပါဘူး၊ စရေး တဲ့ အချိန်မှာတော့ ကျွန်တော့်မှာ ဘာ အစီအစဉ်မှ မရှိပါဘူး၊ ဇတ်လမ်းတစ်ခုခု ရအောင် စောင့်ပြီးရေးရတာပါပဲ။ ဘယ်လိုဇတ်လမ်းမျိုး ရေးလိုက်မယ်၊ ဒါပြီး ဘာဖြစ်သွားမလဲဆိုတာ ကျွန်တော်လည်းမသိပါဘူး၊ စောင့်ရပါတယ်၊ Norwegian Wood ကတော့ တစ်မျိုးပေါ့၊ ဘာကြောင့်ဆို မရေးမီကတည်းက သရုပ်မှန်နည်းနဲ့ ရေးဖို့ ဆုံးဖြတ်ထားပြီးသားကိုး၊ ဒါပေမယ့် ပုံမှန်အားဖြင့်တော့ ကျွန်တော် ကြိုပြီး မရွေးချယ်ပါဘူး။

မေး။ ။ လေသံ ကြတော့ရော၊ ကျွန်တော်ပြောသလို အလွယ်တကူ ဖတ်သွားနိင်တဲ့ အတည်ပေါက်နောက်တဲ့ လေသံမျိုး ဆိုပါတော့၊ အဲဒါ ခင်ဗျား ကြိုပြီး ရွေးချယ်တာလား၊

မူယာကာမိ။ ။ ကျွန်တော် စိတ်ကူးထဲမှာ မြင်ကွင်းတစ်ချို့ ရလာရင် အဲဒါတွေကို တစ်ခုနဲ့ တစ်ခု ချိတ်ဖို့ ကြိုးစားတာပဲ၊ အဲဒါ ဇတ်လမ်းကြောရိုးဖြစ်လာတာပဲ၊ ပြီးတဲ့နောက်မှ ကျွန်တော်က အဲဒီ ကြောရိုးကို စာဖတ်သူကို ရှင်းပြဖို့လုပ်ရတယ်၊ တစ်ခုခု ကို ရှင်းပြပြီဆိုရင်တော့ တစ်ဖက်သားကို ညှာညှာတာတာ ရှိဖို့တော့လိုတာပေါ့၊ ကိုယ့်ဘာသာ နားလည်နေယုံနဲ့တော့ မရဘူးလေ၊ လွယ်ကူတဲ့စာလုံးတွေ၊ ရူပကတွေ၊ ခိုင်းနှိုင်းပုံဝထ္ထုတွေ ဒါတွေကို ကျွန်တော် ရအောင်ကြိုးစားတယ်၊ ဂရုတစိုက်နဲ့ အတတ်နိင်ဆုံး ရှင်းရှင်းလင်းလင်း ပြောပြဖို့ ကြိုးစားတယ်။

မေး။ ။ အဲဒါက အလိုအလျောက် ရလာတတ်တာမျိုးလား။

မူယာကာမိ။ ။ ကျွန်တော်ကပင်ကိုယ်အားဖြင့် ဥဏ်ရည်ထက်မြက်သူလည်း မဟုပ်သလို စိတ်ကြီးဝင်နေသူလည်း မဟုပ်ပါဘူး၊ ကျွန်တော့်စာအုပ်ဖတ်တဲ့ ပိရိသတ်တွေနဲ့ ဘာမှပိုမသာပါဘူး၊ အတူတူပါပဲ၊ ကျွန်တော့်မှာ ဂျက်ဇ် ကလပ်တခု ရှိတယ်၊ ကျွန်တော် ကော့တေးဖျော်တတ်တယ်၊ ဆင်းဒဝပ် လုပ်တတ်တယ်၊ စာရေးဆရာ ဖြစ်ချင်လှလို့လည်းမဟုပ်ပါဘူး၊ ဒီလိုပဲ ဖြစ်လာခဲ့တာပါ၊ ဒါဟာ ကောင်းကင်ဘုံက လက်ဆောင်တစ်ခုသာပါပဲ၊ ဒီတော့ ကျွန်တော်ဟာ ကိုယ့်ကိုယ်ကို နှိမ်နှိမ်ချချ ပဲနေသင့်တယ်လေ။

မေး။ ဘယ်အရွယ်မှာစာရေးဆရာဖြစ်လာခဲ့သလဲ၊အဲဒီနောက်ကောကိုယ့်ကိုယ်ကိုအံ့အားမသင့်သွားဘူးလား။

မူယာကာမိ။ ။ ၂၉ နှစ်အရွယ် မှာပါ၊ အရမ်းအံ့သြမိတာပေါ့၊ ဒါပေမယ့် လည်း ကျွန်တော် ချက်ချင်းပဲ အသားကျသွားခဲ့ပါတယ်။

မေး။ ။ ချက်ချင်းဟုပ်လား၊ စာစရေးတဲ့ ပထမဆုံးနေ့မှာပဲ ခင်ဗျား နေသားတကျ ဖြစ်သွားတာလား။

မူယာကာမိ။ ။ ကျွန်တော်စာစရေးတော့ ညသန်းခေါင် မီးဖိုချောင်မှာ၊ အဲဒီ ပထမဆုံးအုပ်ကို ပြီးဖို့ ၁၀လ ကြာတယ်၊ ထုပ်ဝေသူဆီပို့လိုက်တယ်၊ ဆုတစ်ချို့ရတယ်၊ ဒါဟာ အိပ်မက်မက်နေသလိုပဲ၊ ဒါတွေကို ပြန်တွေးရင် အတော်အံ့သြရတယ်၊ ဒါပေမယ့် တွေးပြီးခဏ မှာပဲ ဟုပ်တယ် အခု ငါစာရေးဆရာ တစ်ယောက်ဖြစ်ခဲ့ပြီ၊ ဒါ မဖြစ်နိင်စရာကိစ္စမှ မဟုပ်တာ၊ ရှင်းရှင်းလေးပဲလေ။

မေး။ ။ခင်ဗျား စာစရေးဖို့ ဆုံးဖြတ်တော့ မိန်းမက ဘယ်လို ခံစားရသလဲ။

မူယာကာမိ။ ။ ဘာမှတော့မပြောပါဘူး၊ ကျွန်တော်က ကိုယ့်ကိုယ်ကို စာရေးဆရာ တစ်ယောက်လို့ ပြောတော့ သူ့ မှာ အံ့အားလည်းသင့် ကသိကအောင့်လည်းဖြစ်ပေါ့။

မေး။ ။ဘာကြောင့် ကသိကအောင့် ဖြစ်ရတာလဲ။ ခင်ဗျား ရေးနိင်မယ်မထင်လို့လား။

မူယာကာမိ။ ။ စာရေးဆရာဖြစ်ဖို့ ကြိုးစားနေတယ်လို့ဆိုရင် လူတိုင်းမျက်စိစပါးမွေးစူးကြတာပဲလေ၊

မေး။ ။ ခင်ဗျား အားကျတဲ့ စာရေးဆရာဘယ်သူဖြစ်မလဲ၊ ဂျပန်စာရေးဆရာတွေရဲ့ လွှမ်းမိုးမှု ခင်ဗျားမှာ ရှိသလား။

မူယာကာမိ။ ။ ကျွန်တော်ကလေးဘဝ ကတည်းက ဆယ်ကျော်သက်အရွယ်အထိ ဂျပန်စာရေးဆရာတွေ ကို သိပ်မဖတ်မိဘူး၊ကိုယ်ကိုတိုင်က ဒီ ပျင်းစရာကောင်းတဲ့ ယဉ်ကျေးမှုကို စိတ်ကုန်တယ်၊ လွတ်မြောက်ချင်တယ်၊

မေး။ ။ခင်ဗျား အဖေ က ဂျပန်စာပေ သင်ကြားတဲ့ဆရာတစ်ယောက် မဟုပ်လား။

မူယာကာမိ။ ။ ဟုပ်ပါတယ်၊ အဲဒီ အဖေ နဲ့ သား ဆက်ဆံရေးနဲ့လဲ ဆိုင်လိမ့်မယ်၊ ကျွန်တော်က အနောက်တိုင်း ယဉ်ကျေးမှုကို စိတ်ညွတ်မိတယ်၊ jazz ဂီတတို့ Dostoevsky, Kafka , Raymond Chandler စသဖြင့် အဲဒါ ကျွန်တော့် ကမ္ဘာပဲ၊ စိတ်ကူးယဉ်ကမ္ဘာပဲ၊ စိတ်ကူးထဲမှာ St. Petersburg ဒါမှမဟုပ် West Hollywood တို့ ကို သွားနိင်တယ်၊ တနည်းအားဖြင့် ဒါဟာ ဝထ္ထုရဲ့ စွမ်းအားပဲ၊ ခင်ဗျား ကြိုက်တဲ့နေရာ ရောက်နိင်တယ်၊ အခုဆို အမေရိကားကို သွားဖို့လွယ်သွားပြီ၊ လူတိုင်း ကမ္ဘာ အရပ်ရပ် က ကြိုက်တဲ့နေရာ သွားနိင်ပြီ၊ ဒါပေမယ့် ၁၉၆၀ လောက် က အဲဒါဟာ မဖြစ်နိင်သလောက်ပဲ၊ဒီတော့ ကျွန်တော့်မှာ စာတွေဖတ် သီချင်းတွေနားထောင်ပြီး ပဲ အာသာ ဖြေရတယ်၊ ဒါဟာ အိပ်မက်မက်နေတဲ့ စိတ်အနေအထား တစ်မျိုးလိုပဲလေ။

မေး။ ။ဒါကပဲ တစ်ချိန်ချိန်မှာ စာရေးဖြစ်စေခဲ့တယ်ပေါ့။

မူယာကာမိ။ ။ ဟုပ်ကဲ့၊ ၂၉ နှစ်အရွယ်မှာ ကျွန်တော် ဝထ္ထုတစ်အုပ်လောက်စရေးဖို့ ကြိုးစားတယ်၊ ကျွန်တော် တစ်ခုခု ရေးချင်တယ်၊ ဘယ်လို ရေးရမှန်းမသိဘူး၊ ဂျပန်လို ဘယ်လိုရေးရမလဲ၊ ကျွန်တော်က ဂျပန်စာရေးဆရာတွေရဲ့ လက်ရာကို နကန်းတစ်လုံးမှ မသိတာ၊ ဒီတော့ ကျွန်တော်ဖတ်ခဲ့ဖူးတဲ့ အမေရိကန်စာအုပ်တွေ၊ အနောက်တိုင်းစာအုပ်တွေက စတိုင်တွေ၊ ဖွဲ့စည်းပုံတွေ၊ အားလုံးအားလုံး သိမ်းကျုံး ပြီး ကျွန်တော် အတုယူရတော့တာပေါ့၊ အဲဒါကပဲ ကျွန်တော့် ရဲ့ ကိုယ်ပိုင်စတိုင်ဖြစ်သွားတယ်၊ ဒါက ကျွန်တော် ဘယ်လို စခဲ့သလဲဆိုတာပေါ့။

မေး။ ။ခင်ဗျား ရဲ့ ပထမဆုံး စာအုပ် ကို ထုပ်ဝေနိင်ခဲ့တယ်၊ ဆုရခဲ့တယ်၊ ဘာပဲ ဖြစ်ဖြစ် ခင်ဗျားကိုယ်ပိုင်လမ်းကြောင်းတစ်ခုပေါ်တော့ ရောက်နေပြီ၊ အဲဒီမှာ ခင်ဗျား တစ်ခြားစာရေး ဆရာတွေနဲ့ ဆုံဖြစ်သေးလား၊

မူယာကာမိ။ ။ လုံးဝမဆုံဖြစ်ပါဘူး။

မေး။ ။ခင်ဗျား အဲဒီအချိန်မှာ စာရေးဆရာ မိတ်ဆွေ မရှိဘူးပေါ့။

မူယာကာမိ။ ။ မရှိပါဘူး။

မေး။ ။ အချိန်အတိုင်းအတာ တစ်ခု ရောက်လာတော့ရော ၊ စာရေးဆရာ အပေါင်းအသင်း၊ ရေးဖော်ရေးဖက်မျိုး တွေ မရှိလာဘူးလား။

မူယာကာမိ။ ။ လုံးဝပါပဲ။

မေး။ ။ ယနေ့အထိလည်း ၊ ခင်ဗျားမှာ စာရေးဆရာ မိတ်ဆွေ မရှိဘူးပေါ့၊

မူယာကာမိ။ ။ မရှိပါဘူး၊

မေး။ ။ အနည်းဆုံး ခင်ဗျား ရေးပြီးသားလေးကို ပြဖို့လူတောင်မရှိဘူးလား။

မူယာကာမိ။ ။ ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။

မေး။ ။ခင်ဗျား မိန်းမကရော၊

မူယာကာမိ။ ။ကျွန်တော့် ပထမဆုံးစာမူတုန်းကတော့ သူ့ပေးဖတ်ဖြစ်ပါတယ်၊ ဒါပေမယ့် သူ မဖတ်ဖြစ်ခဲ့ဖူးလို့ ဆိုပါတယ်၊ ဒီတော့ သူ့ မှာ ဘာထင်မြင်ချင်မှ ရှိမယ်လို့ မထင်ပါဘူး။

မေး။ ။သူ အထင်မကြီးဘူးလား

မူယာကာမိ။ ။ မကြီးပါဘူး၊ အဲဒီ အချိန်က ပထမဆုံး မူကြမ်းလည်းဖြစ်၊တော်တော့ကို လည်း ချာပါတယ်၊ ဒါကို ကျွန်တော် အကြိမ်ကြိမ် ပြန်ရေးရတာပေါ့။

မေး။ ။ အခုရော ခင်ဗျားစာအုပ်တစ်အုပ်ကို ကိုင်နေတဲ့အချိန် ဘာတွေရေးနေတာလဲ လို မစပ်စုဘူးလား။

မူယာကာမိ။ ။ ဘယ်ဝထ္ထုပဲရေးရေး သူ က ကျွန်တော့်ရဲ့ ပထမဆုံး စာဖတ်ပိရိသတ်ပါ၊ ကျွန်တော် သူ့ အပေါ် အလေးထားပါတယ်၊ သူဟာ ကျွန်တော့် ရဲ့ ပါရမီဖြည့်ဖက်ဆိုလည်း ဟုပ်တယ်၊ Scott Fitzgerald အတွက် Zelda က အမြဲ ပထမဆုံး ဖတ်ရှုသူ ဖြစ်နေသလိုမျိုးပေါ့။

မေး။ ။အဲဒီတော့ ခင်ဗျားဟာ စာရေးဆရာအသိုင်းအဝိုင်းထဲကလို့ ကိုယ့်ကိုယ်ကို ဘယ်တုန်းကမှ မခံစားမိဘူးပေါ့။

မူယာကာမိ။ ။ ကျွန်တော်ဟာ တစ်ယောက်တည်းသမားပါ၊ ကျွန်တော်ဟာ အုပ်စုတွေ၊ ဂိုဏ်းတွေ၊ စာပေ အသိုင်းအဝိုင်းဆိုတာတွေကို မကြိုက်ပါဘူး၊ Princeton မှာ စားသောက်ဆိုင်သေးသေးလေးတစ်ဆိုင် ရှိတယ်၊ ကျွန်တော့်ကို လာဖို့ဖိတ်တယ်၊ အဲဒီမှာ Joyce Carol Oates လာတယ်၊ Toni Morrison ရှိတယ်၊ ကျွန်တော့်မှာ သူတို့ကို ရှိန်နေတာနဲ့ ဘာမှကို ကောင်းကောင်းမစားနိင်ခဲ့ဘူး၊ Mary Morris ဆို ကျွန်တော်နဲ့ ရွယ်တူလောက်ပဲ၊ အရမ်းသဘောကောင်းတယ်၊ ကျွန်တော်တို့ သူငယ်ချင်းတွေ ဖြစ်သွားကြတယ်လို့ ပြောလို့ရတယ်၊ ဒါပေမယ့် ဂျပန်မှာတော့ ကျွန်တော့်မှာ စာရေးဆရာ သူငယ်ချင်းမရှိဘူး၊ ကျွန်တော်ကိုယ်တိုင်က ဝေးဝေး နေချင်လို့။

မေး။ ။ ခင်ဗျားရဲ့ ‘ The Wind-Up Bird Chronicle’ ရဲ့ အစိတ်အပိုင်းအတော်များများကို အမေရိကားမှာ ရေးခဲ့တယ်၊ အဲဒီမှာ နေခဲ့တဲ့ အတွေ့အကြုံက ခင်ဗျားရဲ့ စာရေးတဲ့ ဖြစ်စဉ်၊ ဒါမှမဟုပ် စာသားတွေပေါ်မှာ သက်ရောက်မှု ရှိနိင်မလား။

မူယာကာမိ။ ။ ကျွန်တော် အဲဒီဝထ္ထုကိုရေးတဲ့ လေးနှစ်တာကာလမှာ US မှာ သူစိမ်းတစ်ယောက်လို နေခဲ့တယ်၊ အဲဒီ သူစိမ်းဆန်ဆန်ကင်းကွာမှု က ကျွန်တော့်ကို အရိပ်လို လိုက်နေခဲ့တယ်၊ ဝထ္ထုထဲက ဇတ်ကောင်လိုမျိုးပေါ့၊ တကယ်လို့များ ဂျပန်မှာသာ ရေးဖြစ်ခဲ့ရင် တစ်မျိုး ဖြစ်ကောင်းဖြစ်နိင်တယ်။

ကျွန်တော့်ရဲ့ အဲဒီ တုန်းက US မှာ ခံစားရတဲ့ သူစိမ်းဆန်ဆန် ကင်းကွာမှုက ဂျပန်မှာ ခံစားရတဲ့ သူစိမ်းဆန်မှုနဲ့ မတူပြန်ဘူး၊ US မှာက ပိုပြီး တော့ ပေါ်လွင်ထင်ရှားပြီး တိုက်ရိုက် ဆန်တယ်၊ ကျွန်တော့် ကိုယ်ကျွန်တော် ပိုပြီး သိလာခဲ့တယ်၊ အဲဒီ ဝထ္ထုကိုရေးတဲ့ ဖြစ်စဉ်ဟာ တစ်နည်းအားဖြင့် ကျွန်တော့် အတွင်းသားကို တလွှာချင်းခွာကြည့်နေတာနဲ့ ဆင်ပါတယ်။

မေး။ ။လက်ရှိဂျပန်စာရေးဆရာတွေထဲက ခင်ဗျားကြိုက်တဲ့စာရေးဆရာ

မူယာကာမိ။ ။ တစ်ချို့တော့ကြိုက်ပါတယ်၊ Ryu Murakami, Banana Yoshimoto သူ့ စာအုပ်တစ်ချို့ ကြိုက်ပါတယ်၊ ဒါပေမယ့် ဝေဖန်ရေးတို့ စာအုပ်သုံးသပ်ချက်တို့တော့မလုပ်ဘူး၊ ထဲထဲဝင်ဝင် သိပ်မပက်သက်ချင်ဘူး။

မေး။ ။ ဘာဖြစ်လို့ မလုပ်ချင်တာလဲ။

မူယာကာမိ။ ။ ကျွန်တော့်အလုပ်က လူတွေကိုလေ့လာ၊ ကမ္ဘာကြီးကို စူးစမ်းဖို့ပဲ။ သူတို့ကို အကဲဖြတ်ဖို့မဟုပ်ဘူး၊ နိဂုံးချုပ်သုံးသပ်ချက်မျိုးတွေ နဲ့ ဝေးဝေးမှာနေတယ်၊ ကမ္ဘာကြီးရဲ့ ဖြစ်တန်ရာတွေ အများကြီးကို ဖြစ်ခွင့်ပေးထားချင်တယ်၊ ကျွန်တော့်အနေနဲ့ဝေဖန်ရေးထက်စာရင်ဘာသာပြန်ရတာ ကို ပိုကြိုက်တယ်၊ဘာသာပြန်တာကတော့အကဲဖြတ် စရာမလိုဘူးလေ၊ ကျွန်တော်ကြိုက်တဲ့ လက်ရာတွေကို ကျွန်တော့်ရဲ့ စိတ်နဲ့ ခန္ဓာကနေတဆင့် တကြောင်းပြီး တစ်ကြောင်းဖြတ်သန်းစီးဆင်းသွားစေတယ်၊ ကမ္ဘာပေါ်မှာ ဝေဖန်ရေးဆိုတာတော့ လိုပါတယ်၊ ဒါပေမယ့် အဲဒါက ကျွန်တော့် အလုပ် မဟုပ်ဘူး။

မေး။ ။ခင်ဗျားစာအုပ်တွေဆီပြန်သွားရအောင်၊ ခပ်ကြမ်းကြမ်း အမေရိကန်စုံထောက်ဝထ္ထု တွေဟာ အဖိုးတန်တဲ့ ကုန်ကြမ်းတွေ ဖြစ်ခဲ့တယ်၊ ခင်ဗျား အဲဒီလို စာအုပ်မျိုးတွေနဲ့ ဘယ်လို ထိတွေ့ခဲ့တာလဲ၊ ဘယ်သူက မိတ်ဆက်ပေးခဲ့တာလဲ။

မူယာကာမိ။ ။ အထက်တန်းကျောင်းသားဘဝ က ကျွန်တော် မှုခင်းဝထ္ထုတွေ အတော်စွဲခဲ့တာပေါ့၊ အဲဒီတုန်းက Kobe မှာ၊ ဆိပ်ကမ်းမြို့ဆိုတော့ သင်းဘောသားတွေ၊ နိင်ငံခြားသားတွေ ဝင်ထွက်နေကြ၊ သူတို့တွေက ဖတ်ပြီးသား ဝထ္ထုအဟောင်းတွေကို အဟောင်းဆိုင်တွေမှာ ရောင်းသွားကြတယ်၊ ကျွန်တော်က ပိုက်ဆံမရှိပေမယ့်၊ အဖုံးပျော့ စာအုပ်တွေတော့ ဈေးပေါပေါနဲ့ ဝယ်ဖတ်နိင်တယ်၊ အဲဒီစာအုပ်တွေကနေ ကျွန်တော် အင်္ဂလိပ်စာ အဖတ်သင်ရတယ်၊ ဒါဟာ စိတ်လှုပ်ရှားစရာပဲ။

မေး။ ။ ပထမဆုံး အင်္ဂလိပ်လို ဖတ်တဲ့စာအုပ်

မူယာကာမိ။ ။ Ross Mac Donald ရဲ့ The Name is Archer . အဲဒီ စာအုပ်ကနေ ကျွန်တော် အများကြီး သင်ယူနိင်ခဲ့တယ်၊ စဖတ်မိကတည်းက ရပ်လို့မရတော့ဘူး၊ တစ်ချိန်တည်းမှာ ကျွန်တော်က Tolstoy တို့ Dostoevsky တို့ ကို လည်း ကြိုက်တယ်၊ ဒီစာအုပ်တွေကလည်း မချတမ်းဖတ်ရတဲ့ စာအုပ်တွေပဲ၊ ရှည်ပေမယ့် မနားတမ်း ဖတ်နိင်တယ်၊ အဲဒီတော့ ကျွန်တော့်အတွက် Dostoevsky နဲ့ Raymond Chandler က အတူတူပဲ၊ အခုအထိအောင်ပဲDostoevsky နဲ့ Chandler ကို တစ်အုပ်ထဲမှာ ပေါင်းရေးဖို့ ကြံစည်နေတုန်းပဲ၊ အဲဒါ ကျွန်တော့် ရည်မှန်းချက်ပဲ။

မေး။ ။ ခင်ဗျား Kafka ကို ဘယ်အရွယ်မှာ စဖတ်ဖူးသလဲ။

မူယာကာမိ။ ။ ၁၅ နှစ်သားမှာ၊ ကျွန်တော် The Castle ကို ဖတ်တယ်၊ အဲဒါ တကယ့်စာအုပ်ပဲ၊ ပြီးတော့ The Trial

မေး။ ။ စိတ်ဝင်စားစရာပဲ၊ အဲဒီ နှစ်အုပ်လုံးက အဆုံးမသတ်နိင်ခဲ့တဲ့ ဝထ္ထုတွေ၊ တနည်းအားဖြင့် ဘယ်တော့မှမဖြေရှင်းနိင်တဲ့ သဘော၊ ခင်ဗျားရဲ့ ဝထ္ထု တွေမှာလည်း အထူးသဖြင့်The Wind-Up Bird Chronicle မှာ စာဖတ်သူမျှော်လင်ထားတဲ့ အဆုံးသတ် မျိုးကို ဘယ်တော့မှ မသုံးတာတွေ့ရတယ်၊ ဒါဟာ Kafka ရဲ့ လွှမ်းမိုးမှုလား။

မူယာကာမိ။ ။သူ့ တစ်ယောက်တည်းကြောင့်တော့ မဟုပ်ဘူး၊ ခင်ဗျား Raymond Chandler ဝထ္ထုတွေလည်းကြည့် ဘယ်တော့မှ နိဂုံးမချုပ်ဘူး၊ ကျွန်တော့်အတွက် လူသတ်သမား ဟာ ဘယ်သူလဲ ဆိုတာမျိုး ဟာ အရေးမပါဘူး၊ Howard Hawks ရိုက်တဲ့ The Big Sleep ဆိုတဲ့ ကားထဲမှာ စိတ်ဝင်စားဖို့ကောင်းတဲ့ အခန်းတစ်ခန်းပါတယ်၊ Hawks က ကားမောင်းသမားကို ဘယ်သူသတ်သွားသလဲ မသိဘူး၊ ဒီတော့ ကုန်သည်ကို ခေါ်မေးတယ်၊ ကုန်သည်က ငါစိတ်မဝင်စားဘူး လို့ ဖြေတယ်၊ ကျွန်တော့် အတွက် လဲ အဲဒီအတိုင်းပဲ၊ နိဂုံး ဆိုတာ ဘာအဓိပ္ပါယ်မှ မရှိဘူး၊ Brothers Karamazov ထဲမှာ လူသတ်သမားက ဘယ်သူလဲ ကျွန် တော် စိတ်မဝင်စားဘူး။

မေး။ ။ဒါပေမယ့် ကားသမားကို ဘယ်သူသတ်သွားသလဲ ဆိုတာ The Big Sleep ကို အဆုံးထိ ဆွဲခေါ်သွားတဲ့ အရာပဲ မဟုပ်လား။

မူယာကာမိ။ ။ကျွန်တော်ရေးနေတဲ့ အခိုက်မှာ လက်သည်ဟာ ဘယ်သူလဲ စာရေးသူ ကျွန်တော်ကိုယ်တိုင်လည်းမသိဘူး၊ စာဖတ်သူနဲ့ အတူတူပဲ၊ စရေးတဲ့ အချိန်မှာ ဘယ်လို အဆုံးသတ်မယ်၊ ရှေ့ ဆက်ဘာဖြစ်မယ် ကျွန်တော်ကိုယ်တိုင်လည်းမသိဘူး၊ စောစောက လူသတ်ကားလိုမျိုးမှာ လူသတ်သမားဟာ ဘယ်သူဖြစ်မလဲ ကျွန်တော်မသိဘူး၊ ကျွန်တော် စာရေးရတယ် ဆိုတာလည်း အဲဒီ အဖြေကို ရှာချင်လို့၊ ကျွန်တော် သိပြီးသားဆိုရင် ကျွန်တော် ဘာလုပ်ဖို့ ရေးနေတော့မှာလဲ။

မေး။ ။ အိပ်မက်ကို ခွဲခြမ်းစိတ်ဖြာလိုက်ရင် အရသာ ပျက်သွားသလိုမျိုး ခင်ဗျားစာအုပ်တွေကို မရှင်းပြချင်တာမျိုး ရှိလား။

မူယာကာမိ။ ။ စာရေးရတာ ရဲ့ ကောင်းကွက်က ခင်ဗျားနိုးနေရင်းနဲ့ အိပ်မက်မက်နေနိင်တာပဲ။ တကယ့်အိပ်မက်ကြတော့ ခင်ဗျား မထိန်းချုပ်နိင်ဘူးလေ၊ စာရေးနေတဲ့ အချိန်မှာတော့ ခင်ဗျားက နိုးကြားနေမယ်၊ ခင်ဗျား အချိန်ကာလ တို့ အတိုအရှည်တို့ စသဖြင့် အားလုံးအားလုံး ခင်ဗျား ရွေးချယ်နိင်တယ်၊ မနက်ပိုင်းမှာ ၄-၅ နာရီလောက်ကျွန်တော် ရေးလေ့ရှိတယ်၊ အချိန်ကြာလာယင် ကျွန်တော် ရပ်လိုက်တယ်၊ နောက်တစ်နေ့ ဆက်ရေးလို့ ရတယ်လေ၊ တကယ့်အိပ်မက် မှာတော့ ဒီလိုလုပ်လို့ ဘယ်ရမလဲ။

မေး။ ။ခင်ဗျားက ရေးနေတုန်းမှာ လူသတ်သမားကို မသိဘူးလို့ပြောတယ်၊ ကျွန်တော့်ခေါင်းထဲတစ်ခု ပေါ်လာတယ်၊ ချွင်းချက်ဖြစ်ကောင်းဖြစ်မလားမသိဘူး၊ Dance Dance Dance ထဲက ဇတ်ကောင် Gotanda လေ၊ ဘယ်လိုမှ သံသယဝင်ချင်စရာမရှိတဲ့ Gotanda ရဲ့ နောက်ဆုံး ဝန်ခံချက်ပေးရတဲ့ အခန်းအထိ အေးအေးမှန်မှန် သယ်လာတဲ့ ပုံစံမျိုး က  တကယ့် မှုခင်းဝထ္ထုကြီးတွေအတိုင်းပဲ၊ အဲဒီမှာ ရော ခင်ဗျားက Gotanda ကို အပြစ်ကျူးလွန်တဲ့သူဆိုတာ ကြိုပြီးမသိဘူးလား။

မူယာကာမိ။ ။ ပထမ မူကြမ်းမှာ ကျွန်တော်ဟာ Gotanda ဆိုတာ မသိသေးပါဘူး၊ အဆုံးသတ်ခါနီး သုံးပုံနှစ်ပုံ လောက်ကြမှ ကျွန်တော် သိလာတာပါ၊ ဒုတိယ မူကြမ်းကို ပြန်ရေးတော့မှ Godanta မှန်းသိပြီး သူ့ရဲ့ အခန်းကို ပြန်ရေးရတာပါ၊

မေး။ ။ဒီတော့ ပြန်လည် ပြင်ဆင်ရတဲ့ အဓိကရည်ရွယ်ချက်က ပထမမူကြမ်းက ရလာတဲ့ အသိတွေနဲ့ ရှေ့ပိုင်းအခန်းတွေကို ပြန်လည်ပြင်ဆင်ရေးသားပြီး မလွဲမသွေ ဖြစ်လာတော့မယောင် ထင်လာစေဖို့ပဲပေါ့။

မူယာကာမိ။ ။ ဟုပ်ပါတယ်၊ပထမအကြမ်းကတော့ တကယ့် ကို ရှုပ်ပွနေတာပါပဲ၊ ထပ်ခါထပ်ခါ ပြင်ဆင်ရပါတယ်။

မေး။ ။ အကြမ်းဖျင်းအားဖြင့် ဘယ်နှစ်ကြိမ်လောက် ပြန်ရေးရသလဲ။

မူယာကာမိ။ ။၄-၅ ကြိမ်လောက်ပေါ့၊ ပထမ အကြမ်းထည်အတွက် ၆လ လောက်၊ ပြီးတော့ အဲဒါကို အကြိမ်ကြိမ်ပြန်ရေးတာက ၇-၈ လလောက် ကြာတတ်တယ်။

မေး။ ။ ဒါတော်တော်မြန်တာပဲ။

မူယာကာမိ။ ။ ကျွန်တော်က အရမ်းသွန်တတ်တယ်၊ လုပ်မိရင်စူးစူးစိုက်စိုက်ပဲ၊ ဝထ္ထုရေးနေတဲ့ အချိန်မှာ တခြားဘာမှ မလုပ်တတ်ဘူး၊

မေး။ ။ ခင်ဗျားရဲ့ တစ်နေ့တာ အလုပ်ဇယား

မူယာကာမိ။ ။ကျွန်တော်ဝထ္ထုတစ်ပုဒ်ကို ကိုင်နေပြီဆို မနက်လေးနာရီလောက် ကထ၊ ၅-၆ နာရီလောက်အလုပ်လုပ်တယ်၊ နေ့လည်မှာ ၁၀ ကီလို လောက် ပြေးရင်ပြေး၊ မီတာ၁၅၀၀ လောက် ရေကူးရင်ကူး၊ ဒါမှ မဟုပ် နှစ်ခုစလုံးလုပ်ပေါ့၊ ပြီးရင် စာနည်းနည်း ဖတ်၊ သီချင်းနားထောင်၊ ည ၉နာရီလောက်ဆို အိပ်ယာဝင်ပြီ၊ ကျွန်တော် ဒီဇယားအတိုင်းပုံမှန်လည်ပတ်တယ်၊ အပြောင်းအလဲ မရှိဘူး၊ ထပ်ခါထပ်ခါ လုပ်တာကို က အရေးပါတဲ့ အရာပဲ၊ ဒါဟာ ကိုယ့်ကိုယ်ကို မလုပ်လုပ်ဖြစ်အောင် ညို့ယူနေတဲ့သဘောပဲ၊ ကျွန်တော်က စိတ်အတွင်းထဲအထိရောက်အောင် ကိုယ့်ကိုယ်ကို ညို့ယူတယ်၊ဒါပေမယ့် ဒီလို ၆လ တစ်နှစ် စွဲစွဲမြဲမြဲ လုပ်ဖို့က စိတ်ပိုင်းရော ရုပ်ပိုင်းပါ ကြံ့ခိုင်ဖို့တော့လိုတယ်၊ ဒီရှုထောင့်ကကြည့်ရင်ဝထ္ထုရှည်ကြီးတစ်ပုဒ်ရေးဖို့ရာသေရေးရှင်ရေးအတွကလေ့ကျင့်နေသလားပဲ၊စာရေးဖို့ရာ ရုပ်ပိုင်းကြံ့ခိုင်မှု က အနုပညာ အာရုံခံစားမှုလိုပဲ လိုအပ်တယ်။

မေး။ ။ ခင်ဗျားရဲ့ ဇတ်ကောင်တွေနဲ့ ပက်သက်ပြီးနဲနဲ မေးချင်တယ်၊ ခင်ဗျားသူတို့ကို အစစ်အမှန်လို့ ထင်လာအောင်ဘယ်လိုရေးသလဲ၊ သူတို့ဟာ ဇတ်လမ်းနဲ့ မဆိုင်ပဲ သီးသန့် ဘဝတစ်ခုရှိနေဖို့လိုလား။

မူယာကာမိ။ ။ကျွန်တော့်စာအုပ်တွေထဲမှာ ဇတ်ကောင်တွေ ဖန်တီးတဲ့အခါ ကျွန်တော့်ဘဝထဲက ကြုံတွေ့ရတဲ့ လူတွေကို လေ့လာတယ်၊ ကျွန်တော်က စကားများများ မပြောတတ်ဘူး၊ တခြားသူတွေရဲ့ ဇတ်လမ်းတွေကို နားထောင်ဖို့ပဲ စိတ်ဝင်စားတယ်၊ သူတို့ဟာ ဘယ်လိုလူစားတွေလဲဆိုတာ ကျွန်တော်က မဆုံးဖြတ်ဘူး၊ သူတို့ ဘယ်လိုခံစားသလဲ၊ ဘယ်ကို သွားနေကြသလဲ ဆိုတာပဲ ကျွန်တော်က စဉ်းစားကြည့်တယ်၊ ဟိုလူ သည်လူဆီကတစ်ချို့ အချက်အလက်တွေယူတယ်၊ ဒါဟာ သရုပ်မှန်လား ဘာလား ကျွန်တော် မသိဘူး၊ ကျွန်တော့် အတွက်တော့ ကျွန်တော့် ဇတ်ကောင်တွေက တကယ့်လူတွေထက်ပို စစ်မှန်ကြတယ်၊ အဲဒီ ၆-၇ လ လောက်မှာ စာရေးနေစဉ်ကာလမှာ သူတို့က ကျွန်တော့်အထဲမှာ ရှိနေကြတယ်၊ ဒါဟာ ကျွန်တော့်ရဲ့ စကြာဝဋာပေါ့။

မေး။ ။ ခင်ဗျားရဲ့ ဇတ်လိုက်တွေဆိုတာ ခင်ဗျားရဲ့ ဇတ်ပြောထဲက စိတ်ကူးကမ္ဘာထဲကို ခင်ဗျားအမြင် တွေ သယ်ဆောင်လာတဲ့သူတွေပဲမဟုပ်လား။အိပ်မက်ထဲမှာ အိပ်မက် နေသူပေါ့။

မူယာကာမိ။ ။ ဒီလိုတွေးကြည့်ရအောင်၊ ကျွန်တော့်မှာ အမွှာ ညီအစ်ကိုတစ်ယောက်ရှိတယ်၊ ကျွနတော် နှစ်နှစ်သားလောက်မှာ ကျွန်တော့် အမွှာက ပြန်ပေးဆွဲခံရတယ်၊ သူ့ကိုအဝေးကြိးခေါ်သွားကြတယ်၊ အဲဒီ အချိန်ကတည်းက ကွန်တော်တို့ အချင်းချင်း မတွေ့ ကြတော့ဘူး၊ ကျွန်တော့်ရဲ့ ဇတ်လိုက်က သူပါပဲ၊ ကျွန်တော့်ရဲ့ အစိတ်အပိုင်းတစ်ခု၊ ဒါပင်မယ့် ကျွန်တော်တော့မဟုပ်ဘူး၊ DNA ဗီဇအနေနဲ့ တော့ ကျွန်တော်တို့က အတူတူပဲ၊ ဒါပေမယ့် ပတ်ဝန်းကျင်ကွဲသွားတယ်၊ ဒီတော့ ကျွန်တော်တို့ တွေးပုံခြင်းမတူဘူး၊ဝထ္ထုရေးတိုင်းကျွန်တော်ကိုယ့်ကိုယ်ကိုတခြားနေရာကအမြဲနေကြည့်မိတယ်၊ ဘာဖြစ်လို့လဲဆိုတော့ တခါတရံ ကျွန်တော့်ကိုယ် ကျွန်တော် ငြီးငွေ့ မိတာလဲပါတယ်၊ ဒီနည်းနဲ့ ကျွန်တော် လွတ်မြောက်မှုရှာလေ့ရှိတယ်၊ အဲဒီလို စိတ်ကူးယဉ်တာလေးမှ မရှိရင် ဘာအတွက် ဝထ္ထု ရေးဦးမှာလဲဗျာ။

မေး။ ။ Hard-Boiled Wonderland နဲ့ ပက်သက်ပြီး ထပ်မေးချင်သေးတယ်၊ ဒီဝထ္ထုက တိုင်းအတာတစ်ခုအထိ အချိုးညီတယ်၊ ပုံစံတကျရှိတယ်၊ အဖြေတစ်စုံတစ်ရာ ရှိတယ်၊ The Wind-Up Bird Chronicle မျိုးနဲ့ မတူဘူး၊ ဝထ္ထုရဲ့ ဖွဲ့စည်းပုံနဲ့ လုပ်ဆောင်ချက်တွေအပေါ် ခင်ဗျားရဲ့ အယူအဆ ပြောင်းလဲသွားတာလား။

မူယာကာမိ။ ။ ဟုပ်တယ်၊ ကျွန်တော့်ရဲ့ ပထမ စာအုပ်နှစ်အုပ် က ဂျပန်မှာပဲ ထုပ်ဝေခဲ့တာ၊ ကျွန်တော်က လည်း အပြင်မှာ မထုပ်ချင်ဘူး၊ နုစဉ်တုန်းက လက်ရာတွေလေ၊ ကျွန်တော့်အမြင် စာအုပ်က သိပ် မခိုင်လုံဘူး၊ ယုတ္တိမတန်ဘူး၊

မေး။ ။ဘယ်လိုချို့ယွင်းချက်မျိုးတွေလဲဲ။

မူယာကာမိ။ ။ အဲဒီ ပထမ နှစ်အုပ်တုန်းက ဂျပန်ဝထ္ထုတွေကို deconstruct လုပ်ချင်တာကများတယ်၊ deconstruct ဆိုတာ က အထဲကရှိတဲ့ အရာတွေကို အကုန်ဖယ်ရှား၊ ကျောရိုးကို ပဲ ယူပြီး လတ်ဆတ်တဲ့ ကိုယ်ပိုင်လက်ရာ တစ်ခုခု ကို ဖြည့်ကြည့်ဖို့ပါ၊ 1982 မှာထုပ်တဲ့ တတိယမြောက် စာအုပ် A Wild Sheep Chase ကျမှပဲ အဲဒီနည်းနဲ့ အောင်အောင်မြင်မြင် ရေးနိင်ခဲ့တယ်၊ ပထမ နှစ်အုပ်ကတော့ သင်ယူဆဲကာလ လက်ရာတွေပဲပေါ့၊ ဒီ့ထက်မပိုဘူး၊ တတိယအုပ်ကျမှ ကျွန်တော့ ကိုယ့်ပိုင်စတိုင်တစ်ခုကို အစ ပြုနိင်ခဲ့တယ်လို့ ထင်တယ်။

အဲဒီ အချိန်ကတည်းက ကျွန်တော့် ဝထ္ထုတွေက ထူသထက်ထူလာခဲ့တယ်၊ ဖွဲ့စည်းပုံတွေကလည်း ပိုရှုပ်ထွေးလာခဲ့တယ်၊ ကျွန်တော် ဝထ္ထုတစ်အုပ် အသစ်ရေးတိုင်း အရင် ဖွဲ့စည်းပုံကို ဖျက်ဖို့ကြိုးစားတယ်၊ အဓိကရည်ရွယ်ချက် အကြောင်းအရာ အသစ် တွေ၊ ကန့်သတ်ချက်အသစ်တွေ၊ အမြင်သစ်တွေ ကို ထည့်ဖို့ကြိုးစားတယ်၊ ဖွဲ့စည်းပုံနဲ့ပက်သက်ရင် ကျွန်တော်က အမြဲ သတိထားတယ်၊ ဖွဲ့စည်းပုံပြောင်းတာနဲ့ စကားပြေ စတိုင်က ပြောင်းရပြီလေ၊ ဒီတော့ ဇတ်ကောင်တွေလည်း လိုက်ပြောင်းရတော့တာပေါ့၊ အဲဒီလိုမဟုပ်ပဲ တပုံစံတည်းပဲ ရေးနေခဲ့ မယ်ဆိုရင်တော့ ကျွန်တော်လည်း ငြီးငွေ့ပြီး စိတ်ကုန်လာမယ်ထင်တယ်၊

မေး။ ။ ခင်ဗျားအရေးအသားတွေမှာ အပြောင်းအလဲလုပ်ထားတာတွေ အတော်များများ တွေ့ရပေမယ့် မပြောင်းမလဲ အမြဲ တွေ့နေရတာလေးတွေ လည်း ရှိပါတယ်၊ အမြဲ ပထမလူ နေရာကနေ ရေးတာတွေ၊ ယောကျားတစ်ယောက်နဲ့ မိန်းမတွေရဲ့ ပတ်လည်ရိုက်နေတဲ့ လိင်မှုဆက်ဆံရေးတွေ၊ အဲဒီဆက်ဆံရေးတွေမှာလည်း ယောက်ျားက အမြဲ ပဲ ဦးဆောင်မှု ကင်းမဲ့တာတွေ၊ အဲဒီ အခန်းတွေမှာ ဇတ်ကောင်ယောက်ျားရဲ့ အကြောက်တရားနဲ့ စိတ်ကူးယဉ်မှုတွေ ကို ဖော်ပြသွားတာတွေ စသဖြင့်ပေါ့။

မူယာကာမိ။ ။ ကျွန်တော့် ဝထ္ထုတွေမှာ မိန်းမတွေဟာ ကြားခံ medium တစ်ခုပါပဲ၊ ဆိုလိုတာက သူ့ကို ဖြတ်ပြီး တစ်စုံတစ်ရာကိစ္စတစ်ခု ဖြစ်ပျက်သွားတဲ့သဘောပါ၊ ဇတ်ကောင်ဟာ ကြားခံ ကတဆင့် အမြဲတစ်နေရာကို ဦးတည်သွားနေတယ် ၊ သူမြင်တဲ့အရာတွေဟာ လည်း အဲဒီ ကြားခံကတဆင့်ပဲ။

မေး။ ။ ဝိတိုရိယ ခေတ်က နတ်ဝင်သည်မျိုးလား၊ အကြားအမြင်ရတဲ့သူမျိုးလား။

မူယာကာမိ။ ။ကျွန်တော့်အမြင်အရ လိင်ကိစ္စ ဟာ ဝိဥဏ်နိုးကြွမှုတစ်မျိုးပါ၊ ကောင်းမွန်တဲ့ လိင်ဆက်ဆံမှုဟာ ခင်ဗျားရဲ့ ဒဏ်ရာတွေ ကို သက်သာစေမယ်၊ လန်းဆတ်စွာ တွေးထင်နိင်လာလိမ့်မယ်၊ စိတ်ရဲ့ အမြင့်တစ်နေရာကို တတ်လှမ်းဖို့လမ်းကြောင်းပဲ၊ အဲဒီအတွက် ကျွန်တော့်ရဲ့ ဝထ္ထုတွေမှာ မိန်းမတွေဟာ အမြဲ ကြားခံအနေနဲ့ပါကြတယ်၊ ရှေ့ဖြစ်ဟောနိင်ကြတယ်၊ ဒါကြောင့်မို့ ကျွန်တော့်ဇတ်ကောင်တွေဆီကို သူတို့ အမြဲလာကြတယ်။ ဇတ်ကောင်ကတော့ သူတို့ဆီ ဘယ်တော့မှ သွားလေ့မရှိဘူး။

မေး။ ။ ခင်ဗျားဝထ္ထုတွေထဲမှာ မိန်းမ နှစ်မျိုးနှစ်စား တွေ့ရတတ်တယ်၊ တစ်မျိုးက ဇတ်ကောင်ကိုယ်တိုင်က လေးလေးနက်နက် ငြိတွယ်နေတဲ့ သူတွေ၊ အမြဲလိုလို ပျောက်ဆုံးနေကြပြီး သူမနဲ့ပက်သတ်လို့ အမှတ်ရစရာလေးတွေက ဇတ်ကောင်ကို အမြဲ ချောက်လှန့်နေကြတယ်၊ နောက်တစ်မျိုး ကတော့ နောက်မှ ပေါ်လာတတ်ပြီး သူ့ကို ဝိုင်းကူ ရှာပေးတာမျိုး၊ ဒါမှမဟုပ် မေ့ပျောက်ဖို့ ကူညီတာမျိုး၊ ဒုတိယ မိန်းမ မျိုးက စကားဖွာတယ်၊ ရူးကြောင်ကြောင်အမူအကျင့်ရှိတယ်၊ လိင်ကိစ္စ ပွင့်လင်းတယ်၊ ဇတ်ကောင် ဟာ ပျောက်ဆုံးနေတဲ့ ပထမတစ်မျိုးနဲ့တော့ ဘယ်တုန်းကမှ တစ်ယောက်နဲ့ တစ်ယောက် ရင်ပတ်ချင်းဆက်သွယ် မှုမျိုး မရှိခဲ့ပေမယ့် ဒုတိယတစ်မျိုးနဲ့တော့ ပိုပြီး နွေးထွေးတဲ့ ဟာသလေးတွေရောစွက်နေတဲ့ ဆက်ဆံရေးမျိုးရှိတယ်၊ အဲဒီလို archetypes နှစ်မျိုး ကို ဘယ်လို ရည်ရွယ်ချက်နဲ့များသုံးခဲ့တာလဲ ပြောပြနိင်မလား။

မူယာကာမိ။ ။ ကျွန်တော့် ဇတ်လိုက်တွေက နာမ်လောကနဲ့ တကယ့်အပြင်လောကကြီး ကြားထဲမှာ အမြဲ ပိတ်မိနေခဲ့တယ်၊ နာမ်လောကထဲမှာ ယောက်ျား၊ မိန်းမတွေက ဥဏ်ထက်ကြတယ်၊ ရိုးရိုးကုပ်ကုပ်နေကြတယ်၊ တကယ့်လောကထဲမှာတော့ ခင်ဗျားပြောသလိုပဲ မိန်းမတွေက အရမ်း သွက်တယ်၊ အပြုသဘောဆောင်တယ်၊ ရုပ်ပြဆန်တယ်၊ ဟာသရှိတယ်၊ ဇတ်ကောင်ဟာ အဲဒီ နှစ်လောကကြားထဲမှာ စိတ်နှစ်ခွနဲ့ ဘယ်အရာကို ရွေးရမှန်းမသိဘူး၊ ဒါဟာ ကျွန်တော့လက်ရာတွေကို ဖန်တီးရာမှာ အမြဲစေ့ဆော်နေတဲ့ အရာတစ်ခုပဲ၊ Hard-Boiled Wonderland မှာ ဒီသဘောပိုထင်ရှားတယ်၊ ဇတ်ကောင်ရဲ့ စိတ်ဟာ ရုပ်ပိုင်းအရကို နှစ်ပိုင်းကွဲနေတယ်၊ Norwegian Wood မှာလည်း ဇတ်ကောင်ဟာ ဇတ်စကတည်းက မိန်းခလေးနှစ်ယောက်ကြား ဗျာများနေတာ ဇတ်ဆုံးသွားတဲ့အထိပဲ။

မေး။ ။ ကျွန်တော်က တော့ ဟာသ ရှိတဲ့ မိန်းမမျိုးကို ပိုပြီး စာနာမိသလိုပဲ၊ စာဖတ်သူကို သူတို့နှစ်ယောက် ကြားထဲက ဆက်ဆံရေးထဲ ဝင်ခွင့်ပြုဖို့မှာ ဟာသက အဓိကပဲမဟုပ်လား၊ အရမ်းလေးနက်အောင်ရေးထားတဲ့ အချစ်ဇတ်လမ်းမျိုးဆိုရင်တော့ စာဖတ်သူ ကို စွဲဆောင်ဖို့ အတော်ခက်လိမ့်မယ်၊ Norwegian Wood ထဲက Midori ကို ကျွန်တော် အခုထိ စွဲနေတုန်းပဲ။

မူယာကာမိ။ ။ကျွန်တော်ထင်တယ်၊ စာဖတ်သူအများစုလည်း ဒီလိုပဲပြောကြလိမ့်မယ်၊ အများစုက Midori ကိုပဲ ရွေးကြလိမ့်မယ်၊ ဇတ်ကောင်ကိုယ်၌လည်း နောက်ဆုံးမှာ သူ့ကိုပဲရွေးသွားတယ်မဟုပ်လား၊ ဒါပေမယ့် သူ့ရဲ့ တစ်စိတ်တစ်ပိုင်းကတော့ တခြားလောကထဲမှာအမြဲ ကျန်နေလိမ့်မယ်၊ သူ ဒါကို ဘယ်လိုမှ ပစ်ပယ်နိင်မှာမဟုပ်ဘူး၊ အဲဒါ သူ့ရဲ့ မရှိမဖြစ်တဲ့ အစိတ်အပိုင်းမဟုပ်လား၊ လူသားတိုင်းမှာ စိတ်အနာ လေးတွေကိုယ်စီရှိကြတယ်၊ အဲဒါဟာ သူတို့ရဲ့ တစိတ်တပိုင်းပဲ၊ လူ့စိတ်မှာ ကောင်းမွန်နေတဲ့ အပိုင်းနဲ့ ရူးသွပ်နေတဲ့ အပိုင်းဆိုပြီးရှိတယ်၊ ကျွန်တော်တို့ ဟာ အဲဒီနှစ်ခုကြားမှာ ညှိပြီးနေနေခဲ့ကြတယ်လို့ ကျွန်တော် ယုံကြည်ထားတယ်၊ ကျွန်တော်စာရေးတဲ့အခါ အဲဒီရူးသွပ်နေတဲ့ အပိုင်းကို မြင်ရတယ်၊ ရူးသွပ်တယ် ဆိုတဲ့စကားလုံးက သင့်တော်တဲ့ စကားလုံးတော့မဟုပ်ဘူး၊ သာမန်မဟုပ်တဲ့ ၊ အစစ်အမှန်မရှိတဲ့ အရာ ကိုဆိုလိုတာပါ၊ ဒါပေမယ့်လည်း တကယ့်လောကထဲ ပြန်ဝင်ပြီး ကျွန်တော့်ရဲ့ sane ကောင်းမွန်နေတဲ့ အပိုင်းလေးကို ပြန်ယူရပြန်တယ်၊ တကယ်လို့ ကျွန်တော့်မှာ မကောင်းတဲ့ ရူးသွပ်နေတဲ့ အပိုင်းမရှိဘူးဆိုရင်ကျွန်တော် ဒီ လိုနေရာရောက်လာမှာလည်း မဟုပ်ဘူး၊ တစ်နည်းအားဖြင့် ဇတ်လိုက်ကို မိန်းမနှစ်ယောက် က ကူညီနေတယ်၊ တစ်ယောက်ယောက်သာ မရှိရင် သူရှေ့မဆက်နိင်ဘူး၊ ဒီနေရာမှာတော့ Norwegian Wood က ကျွန်တော် လုပ်နေတာတွေကို တိုက်ရိုက်မြင်နိင်တဲ့ ဥပမာတစ်ခုပဲ။

မေး။ ။ Norwegian Wood ထဲက Reiko က ဒီနေရာမှာ အတော်စိတ်ဝင်စားဖို့ကောင်းတယ်၊ သူဟာ နှစ်လောကလုံးမှာ ရှိနေလို့ သူ့ကို ဘယ်ထဲထည့် သတ်မှတ်ရမလဲတောင်မသိတော့ဘူး။

မူယာကာမိ။ ။သူ့မှာ တစ်ဝက်ကောင်း တစ်ဝက်ရူး စိတ်ရှိတယ်၊ ဒါဟာ Greek မျက်နှာဖုံးလိုပဲ၊ တစ်ဖက်က ကြည့်ရင် ဇတ်နာစရာပဲ၊ တခြားဖက်က ကြည့်ရင်တော့ ဟာသ ပေါ့၊ ဒီလိုကြည့်ပြန်တော့ သူက တကယ့် သင်္ကေတ သဘောဆောင်တယ်၊ ကျွန်တော်က အဲဒီလို ဇတ်ကောင်မျိုး အရမ်း ကြိုက်တယ်၊ Riko San အကြောင်းရေးတုန်းက ကျွန်တော် အတော်ပျော်ရတယ်။

မေး။ ။ Midoris တို့ May Kasaharas တို့လို နောက်တောက်တောက် ဇတ်ကောင်တွေရေးရတာ ပို အရသာတွေ့တတ်သလား။

မူယာကာမိ။ ။ ကျွန်တော် က ဟာသဇတ်လမ်းမျိုးတွေ ရေးရတာ ကြိုက်တယ်၊ ဒါပေမယ့် ကျွန်တော့် ဇတ်ကောင်တွေက အကုန် အဲဒီလိုမျိုးကြီးပဲ ဆိုရင်လည်း ပျင်းစရာ ကောင်းနေလိမ့်မယ်၊ ဒီ ခပ်ရွှင်ရွှင် ဇတ်ကောင်တွေက ကျွန်တော့်စိတ်ကို ငြိမ်အောင် လုပ်ပေးတယ်၊ ဟာသဓတ် ဟာ လူကို အရမ်းတည်ငြိမ်စေတယ်၊ ခင်ဗျားဟာ အရွှမ်းဖောက်ဖို့ဆိုတာ အေးဆေးတဲ့ စိတ်မျိုးလိုတယ်မဟုပ်လား၊ ခင်ဗျားဟာ အရမ်း အလေးအနက် ထားလာပြီဆို မတည်ငြိမ်နိင်တော့ဘူး၊ ဒါဟာ လေးနက်မှုရဲ့ ပြဿနာပဲ၊ ဒီအချိန်မှာ ဟာသ လုပ်နေတဲ့ အချိန်မှာတော့ ခင်ဗျားဟာ တည်ငြိမ်နေလိမ့်မယ်၊ ဒါပေမယ့် ပြုံးရယ်ပြီးတော့ စစ်တိုက်လို့တော့မရဘူးပေါ့။

မေး။ ။ ဝထ္ထုရေးဆရာတွေဟာ သူတို့ရဲ့ အစွဲအလန်းတစ်စုံတစ်ရာကို မကြာခဏ ပြန်ပြန်ရေးနေတတ်တယ်၊ ခင်ဗျားလိုပေါ့၊ Hard-Boiled Wonderland, Dance Dance Dance, The Wind-Up Bird Chronicle နဲ့ Sputnik Sweetheart တို့မှာ ခင်ဗျားဟာ Theme တစ်ခုကိုပဲ အမျိုးမျိုး ဖတ်ရှုစေတယ်၊ စွန့်ပစ်ခံ ယေက်ျားတစ်ယောက်၊ တနည်းအားဖြင့် ပျောက်ဆုံးသွားတဲ့ ချစ်သူ ကို အမြဲ တမ်းတနေတတ်တဲ့ သူတစ်ယောက်၊ တခြားတစ်ဘက်မှာ သူ့ ဆုံးရှုံးမှုကို အစား ပြန်လည်ရရှိုနိင်မယ့် အခြေအနေ ရှိနေပေမယ့် လည်း ဘယ်တော့မှ ပြန်လည် မရနိင်တော့မယ့်အရာကို မမေ့မပျောက်နိင်ပဲ ဖြစ်နေတဲ့ ဇတ်ကောင်စရိုက်မျိုး ၊ ဟုပ်တယ်မဟုပ်လား။

မူယာကာမိ။ ။ ဟုပ်ပါတယ်။

မေး။ ။ အဲဒီ စိတ်အစွဲအလန်းတွေဟာ ခင်ဗျားရဲ့ ဝထ္ထုတွေမှာ ဘယ်လောက် အခရာကျသလဲ။

မူယာကာမိ။ ။ ကျွန်တော့်အနေနဲ့ ဒါတွေကို ဘာကြောင့်ဆက်ရေးနေမိသလဲမသိဘူး၊ John Irving ရဲ့ ဝထ္ထုတွေမှာဆို ရင်လည်း ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခု ဆုံးရှုံးနေတဲ့သူ တစ်ယောက် အမြဲ ပါတာတွေ့ရတယ်၊ဘာကြောင့်လဲဆိုတာတော့ ကျွန်တော်မသိဘူး၊ သူကိုယ်တိုင်တောင် သတိထားမိရဲ့လားမသိဘူး၊ ကျွန်တော်လည်း ဒီလိုပဲ၊ ကျွန်တော့် ဇတ်လိုက်တွေဟာ အမြဲတစ်ခုခု ပျောက်ဆုံးနေခဲ့ပြီး အမြဲ အဲဒါကို ရှာဖွေနေခဲ့တယ်၊ Holy Grail တို့ Philip Marlowe တို့လိုမျိုးပေါ့။

မေး။ ။တစ်ခုခု မပျောက်ဆုံးပဲ ရှာဖွေဖော်ထုပ်လို့ မရဘူးလေ၊

မူယာကာမိ။ ။ဟုပ်တယ်၊ ကျွန်တော့် ဇတ်လိုက်တွေက တစ်ခုခု ပျောက်ဆုံးနေတော့ လိုက်ရှာနေရတယ်၊ ဒါဟာ Odysseus လိုမျိုးပေါ့၊ သူ့ရှာဖွေမှု ခရီးမှာ သူဟာ ထူးဆန်းတဲ့ အရာ တွေ အများကြီး တွေ့ကြုံရတယ်၊

မေး။ ။ အိမ်အပြန်လမ်းမှာပေါ့

မူယာကာမိ။ ။ဒီအတွေ့အကြုံတွေကိုသူဟာ အမြဲ ရှင်သန်နေစေပြီး နောက်ဆုံးတော့ သူရှာနေတာကို တွေ့ရှိသွားတယ်၊ ဒါပေမယ့် အဲဒါဟာ သူရှာနေတဲ့အရာလားဆိုတာ သူမသေချာဘူး၊ ဒါဟာ ကျွန်တော့် စာအုပ်တွေအတွက် လှုံ့ဆော်နေတဲ့အရာပဲ၊ အဲဒါ ဘယ်ကလာသလဲ ကျွန်တော်လည်း မသိဘူး၊ ကျွန်တော်နဲ့ အပ်စပ်တယ်၊ ကျွန်တော့် ဇတ်လမ်းတွေကို မောင်းနှင်နေတဲ့ အရာဖြစ်တယ်၊ ပျောက်ဆုံးခြင်း ရှာဖွေခြင်း တွေ့ရှိခြင်း၊ စိတ်ပျက်ခြင်း (သို့)လောကကြီးကို တနည်းတဖုံ မြင်လာခြင်း။

မေး။ ။ စိတ်ပျက်မှုဟာ ရင့်ကျတ်မှုအတွက်ကြုံတွေ့ရမယ့် မှတ်တိုင်တစ်ခုလား။

မူယာကာမိ။ ။ဟုပ်ပါတယ်၊ အတွေ့အကြုံကိုယ်၌က အဓိပ္ပါယ်ရှိပါတယ်၊ ဇတ်လိုက်ဟာ သူ့ရဲ့ အတွေ့အကြုံတစ်လျောက် လိုက်ပါပြောင်းလဲသွားတယ်၊ ဒါဟာ အဓိက အချက်ပဲ၊ သူဘာကြုံတွေ့လဲ ဆိုတာထက် သူဘယ်လိုပြောင်းလဲသွားလဲ ဆိုတာပိုအရေးကြီးတယ်။

မေး။ ။ခင်ဗျားစာအုပ်တွေကို ဘာသာပြန်တဲ့ ဖြစ်စဉ်လေးကို မေးချင်တယ်၊ ခင်ဗျားကိုယ်တိုင်လည်း ဘာသာပြန်တဲ့သူဆိုတော့ ကြုံရနိင်တဲ့ ဘေးအန္တရယ်တွေကိုလည်း သတိထားမိမှာပဲ၊ အဲဒီတော့ ခင်ဗျား ဘာသာပြန်ဆရာကို ဘယ်လို ရွေးချယ်သလဲ။

မူယာကာမိ။ ။ သုံးယောက်ရှိပါတယ်၊ Alfred Birnbaum, Philip Gabriel, Jay Rubin တို့ သုံးယောက်၊ အရင်ကြုံတဲ့သူနဲ့ အပ်လိုက်တာပဲ၊ ကျွန်တော်တို့တွေက သူငယ်ချင်းတွေလေ၊ ဒီတော့ သူတို့တွေက အရမ်း ရိုးသားပွင့်လင်းတယ်၊ သူတို့ ကျွန်တော့် စာအုပ်ကို ဖတ်ပြီး တစ်ယောက်ယောက်က သူတော့ ကြိုက်တယ်၊ ပြန်ချင်တယ် ဆိုရင် သူ့ကိုပေးလိုက်တာပဲ၊ ကျွန်တော်ကိုယ်တိုင်လည်း ဘာသာပြန်တဲ့သူဆိုတော့ ဘာသာပြန်ရာမှာ စိတ်အားထက်သန်မှုက အဓိကဆိုတာ သိထားတယ်၊ ဘာသာပြန်ဆရာတစ်ယောက်က တော်ကောင်းတော်လိမ့်မယ် ဒါပေမယ့် စာအုပ်ကို သိပ်မကြိုက်ရင်တော့ အလုပ်မဖြစ်ဘူး၊ ဘာသာပြန်တဲ့ အလုပ်ဟာ ပင်ပန်းပြီး အချိန်သိပ်ကုန်တဲ့အလုပ်ပါ။

မေး။ ။ ခင်ဗျား ဘာသာပြန် ဆရာတွေကြား လုမနေကြဘူးလား

မူယာကာမိ။ ။မဖြစ်ပါဘူး၊ သူတို့မှာ သူတို့ အကြိုက်တွေရှိတယ်လေ၊ သူတို့ဟာ လူချင်းမတူဘူး၊ စရိုက်ချင်းမတူဘူး၊ Kafka on the shore ဆိုရင် Phil ကကြိုက်တယ် ၊ သူယူလိုက်တယ်၊ Jay ကသိပ်စိတ်မပါဘူး၊ Phil က အရမ်းရိုးရိုးကုတ်ကုတ်နဲ့ သိမ်သိမ်မွေ့မွေ့ သမား၊ Jay ကတော့ အရမ်းအသေးစိတ်ကလေးတွေအထိ ဂရုစိုက်တတ်တယ်၊ တိကျတဲ့ ဘာသာ ပြန်သူပဲ၊ လူကလည်း ထင်ရှားတဲ့စရိုက် ရှိတယ်၊ Alfred ကတော့ bohemian ခြေသလုံးအိမ်တိုင်အစားမျိုး၊ အခု သူဘယ်ရောက်နေသလဲ ကျွန်တော်မသိဘူး၊ သူက မြန်မာပြည်က တတ်ကြွလှုပ်ရှားသူ အမျိုးသမီးတစ်ယောက်နဲ့ အိမ်ထောင်ကျတယ်၊ တစ်ခါတရံ သူတို့ နှစ်ယောက်စလုံး အထိန်းအသိမ်းခံရတတ်တယ်၊ သူက အဲဒီလို လူစားမျိုး၊ သူ က လွတ်လွတ်လပ်လပ် ဘာသာပြန်တတ်တယ်၊ တခါတရံ စာကြောင်းအထားအသို ကို သူပြန်ပြောင်းတတ်တယ်၊ အဲဒါ သူ့စတိုင်ပဲ၊

မေး။ ။ ခင်ဗျားရဲ့ ဘာသာပြန်ဆရာတွေနဲ့ ဘယ်လို ပူးပေါင်းအလုပ်လုပ်လဲ၊ တဆင့်ခြင်း အတိအကျ ပြောပေးနိင်မလား။

မူယာကာမိ။ ။ ဘာသာပြန်နေတဲ့ အချိန် သူတို့ မေးခွန်းတွေ အများကြီး မေးကြတယ်၊ ပထမ အကြမ်းရေးပြီးတဲ့ အချိန် ကျွန်တော် ယူဖတ်တယ်၊ တခါတရံ ကျွန်တော်က သူတို့ ကို အကြံပေးရတယ်၊ အင်္ဂလိပ်ဘာသာပြန်က ကျွန်တော့် အတွက်အရေးကြီးတယ်၊ Croatia တို့ Slovenia တို့ လို နိင်ငံသေးလေးတွေက အင်္ဂလိပ်က တဆင့် ပြန်တာများတယ်၊ ဂျပန်က ပြန်တာ ရှားတယ်၊ အဲဒီ အတွက် တိကျဖို့လိုတယ်၊ ဒါပေမယ့် နိင်ငံအများစုမှာတော့ ဂျပန်က တိုက်ရိုက်ပြန်တာ များပါတယ်။

မေး။ ။ ခင်ဗျား က Carver, Fitzgerald, Irving တို့လို သရုပ်မှန် အရေးအသားတွေကို ဘာသာပြန်တာ ပိုသဘောကျပုံရတယ်၊ ဒါဟာ စာဖတ်သူတစ်ယောက်အနေနဲ့ ခင်ဗျားရဲ့ အကြိုက်ပုံစံမျိုးလား၊ ခင်ဗျားရဲ့ အရေးအသားတွေမှာ အထောက်အကူပြုတာမျိုးရော ရှိလား ၊ ဒါမှမဟုပ်လဲ မတူညီတဲ့ ပုံစံတစ်ခုဆီ ခင်ဗျားကို ရောက်ရှိသွားစေခဲ့သလား။

မူယာကာမိ။ ။ကျွန်တော် ဘာသာပြန်တဲ့ စာရေးဆရာတွေရဲ့ စာအုပ်တွေမှာ သင်ယူစရာ တစ်ခုခု ရှိနေတတ်တယ်၊ သရုပ်မှန် စာရေးဆရာ တွေဆီက သင်ယူစရာတွေ အများကြီးပဲ ရှိနေခဲ့တာက အဓိကအချက်ပဲ၊ သူတို့ရဲ့ အရေးအသားတွေကို ဘာသာပြန်ဖို့ အရမ်း အသေးစိတ်ဖတ်ဖို့လိုတယ်၊ အဲဒီမှာ သူတို့ရဲ့ လျှို့ဝှက်ချက်ကို ကျွန်တော် တွေ့ရတယ်၊ တကယ်လို့များ ကျွန်တော်ဟာ Don DeLillo, John Barth, Thomas Pynchon တို့လို postmodern စာရေးဆရာတစ်ယောက်ယောက်ရဲ့ လက်ရာတွေကို ဘာသာပြန်မိရင် သူတို့ရဲ့ ရူးသွပ်မှုနဲ့ ကျွန်တော့်ရဲ့ ရူးသွပ်မှု ထိပ်တိုက်တိုးကြပါလိမ့်မယ်၊ ကျွန်တော်သူတို့ရဲ့ လက်ရာတွေကို တန်ဖိုးထားပါတယ်၊ ဒါပေမယ့် ဘာသာပြန်ရင်တော့ သရုပ်မှန်လက်ရာတွေကိုပဲ ရွေးချယ်တတ်တယ်။

မေး။ ။ခင်ဗျားရဲ့ အရေးအသားတွေက အမေရိကန်စာဖတ်ပိရိသတ်တွေကြားမှာ ဖတ်လို့အရဆုံး ဂျပန်စာပေလို့ ပြောကြတယ်၊ ခင်ဗျားကိုလည်း လက်ရှိခေတ်ပြိုင်ဂျပန် စာရေးဆရာတွေ ကြားထဲမှာ အနောက်အဆန်ဆုံးလို့ ဖော်ပြကြတယ်၊ ဒီတော့ ခင်ဗျားနဲ့ ဂျပန် ယဉ်ကျေးမှုကြားမှာရှိတဲ့ ဆက်နွယ်မှုကို ကျွန်တော် သိချင်မိတယ်။

မူယာကာမိ။ ။ကျွန်တော်ဟာ နိင်ငံခြားတိုင်းပြည်က နိင်ငံခြားသားတွေ အကြောင်းမရေးချင်ဘူး၊ ကျွန်တော်တို့ အကြောင်းပဲ ရေးချင်တယ်၊ ဂျပန်ပြည်ရဲ့ အကြောင်း ဒီက ဘဝတွေ အကြောင်း ရေးချင်တယ်၊ ဒါဟာ ကျွန်တော့် အတွက် အရေးကြီးတယ်၊ လူအတော်များများပြောကြတာက ကျွန်တော့်အရေးအသားတွေကို အနောက်တိုင်းက အလွယ်တကူ လက်ခံကြတယ်၊ ဒါဟာ ဟုပ်ပါလိမ့်မယ်၊ ဒါပေမယ့် ကျွန်တော့် ဇတ်လမ်းတွေက ကျွန်တော့်ကိုယ်ပိုင်ပါပဲ၊ အနောက်တိုင်း မဆန်ပါဘူး။

မေး။ ။ အမေရိကန်တွေက အနောက်တိုင်းဆန်တယ်လို့ ထင်ကြတဲ့ အရာတွေ ဥပမာ Beatles လိုမျိုး ဟာ ဂျပန်ယဉ်ကျေးမှုရဲ့ အစိတ်အပိုင်းတစ်ခုလည်းဖြစ်နေကြတာကို။

မူယာကာမိ။ ။ကျွန်တော်က McDonald ဟမ်ဘာဂါစားနေတဲ့ လူတွေ အကြောင်းရေးတဲ့အခါ အမေရိကန်တွေက အံ့သြကြတယ်၊ ဘာကြောင့် ဒီဇတ်ကောင်က တိုဖူးမစားပဲ ဟမ်ဘာဂါ စားနေရတာလဲ၊ ဒါပေမယ့် ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာ ဟမ်ဘာဂါက ပါနေခဲ့ပြီလေ။

မေး။ ။ ခင်ဗျားဝထ္ထုတွေက ခေတ်ပြိုင် ဂျပန်မြို့ပြဘဝကို အတိအကျ ဖော်ကျူးနိင်တယ်လို့ ပြောနိင်မလား။

မူယာကာမိ။ ။လူတွေ ပြောပုံ၊ လှုပ်ရှားပုံ၊ တုန့်ပြန်ပုံ၊ စဉ်းစားပုံတွေက ဂျပန်ဆန်ပါတယ်၊ ကျွန်တော့် ဇတ်လမ်းတွေက ကျွန်တော်တို့ ဂျပန်ပြည်က ဘဝတွေနဲ့ ကွဲပြားနေပါတယ်လို့ ဘယ်ဂျပန်စာဖတ်သူမှ ဆင်ခြေမတတ်ကြပါဘူး၊ ကျွန်တော်ဟာ ဂျပန်တွေအကြောင်းရေးဖို့ ကြိုးစားနေတာပါ၊ ကျွန်တော်တို့ဟာ ဘယ်လိုလူမျိုးတွေလည်း၊ ဘယ်ကို သွားနေကြသလဲ၊ ဘာကြောင့်ဒီမှာ ရှိနေကြသလဲ၊ ဒါတွေဟာ ကျွန်တော်ရေးချင်တဲ့ အကြောင်းတွေပါ။

မေး။ ။The wind-up Bird Chronicle နဲ့ ပက်သက်ပြီး ခင်ဗျားတစ်နေရာမှာ ပြောဖူးတယ်၊ ခင်ဗျားဟာ ခင်ဗျားအဖေကို စိတ်ဝင်စားတယ်၊ သူနဲ့ သူ့ရဲ့ မျိုးနွယ်တစ်ခုလုံး ဘာတွေ ကြုံခဲ့ရသလဲဆိုတာမျိုးပေါ့၊ ဒါပေမယ့် ခင်ဗျားဝထ္ထုတွေမှာ အဖေဇတ်ရုပ်မျိုးကို မတွေ့ရဘူး၊ အဲဒီ စိတ်ဝင်စားမှုကို စာအုပ်ရဲ့ ဘယ်နေရာမှာ ပြသနေခဲ့ပါသလဲ။

မူယာကာမိ။ ။ကျွန်တော့ ဝထ္ထု အများစုဟာ ပထမလူ နေရာကနေ အမြဲ ရေးခဲ့တယ်၊ ကျွန်တော့် ဇတ်လိုက်ရဲ့ အဓိကအလုပ်က သူ့ပတ်ဝန်းကျင်မှာ ဘာဖြစ်ပျက်နေသလဲ စောင့်ကြည့်ဖို့ ၊ သူဟာ ကြည့်ရမယ့်အရာ၊ ကြည့်ဖို့လိုတဲ့အရာကို ကြည့်ရပါမယ်၊ တကယ့်အပြင်လောကမှာ လိုမျိုးပေါ့၊ ဒီလိုပြောတော့ The Great Gatsby ထဲက Nick Carraway နဲ့ များဆင်နေမလားမသိ၊ သူ ဟာ ဓမ္မဓိဌာန်ကျကျ ရှုမြင်ဖို့ မိသားစုအနှောင်အဖွဲ့ မျိုးတွေက ကင်းလွတ်နေရပါမယ်၊ ဒီနေရာမှာ အစဉ်အလာ ဂျပန်ဝထ္ထုတွေမှာတော့ မိသားစု ကဏ္ဍဟာ အလွန်အကြူးကို ပါဝင်နေခဲ့ပါတယ်၊အဲဒါကို တုန့်ပြန်ချင်တာလဲပါပါတယ်၊ ကျွန်တော့် ရဲ့ အဓိက ဇတ်ကောင်ကို လုံးဝ အမှီအခိုကင်းတဲ့ ဘဝမျိုး၊ မြို့ပြလူသားဘဝမျိုး၊ လွပ်လပ်မှုနဲ့ အထီးကျန်မှုကို သွေးသားတော်စပ်မှု တို့ ပုဂ္ဂိုလ်ရေး အနှောင်အဖွဲ့တွေ အစား ရွေးချယ် တဲ့ သူတစ်ယောက်လို ပုံဖော် ထားတာပါ။

မေး။ ။ ခင်ဗျားရဲ့ နောက်ဆုံး ဝထ္ထုတို ပေါင်းချုပ်ထဲက ‘ Super-Frog Saves Tokyo’ မှာ တိုကျိုမြို့ ရဲ့ မြေအောက်မှာ နေထိုင်တဲ့ သတ္တဝါကြီးရဲ့ ခြိမ်းခြောက်နေမှုကို ဖတ်ရတဲ့ အခါ ဂျပန် ခေတ်ဟောင်းက ဧရာမအကောင်ကြီးတွေနဲ့ ရုပ်ပြဇတ်လမ်းတွေကို မတွေးပဲ မနေနိင်အောင်ဖြစ်မိတယ်၊ပြီးတော့ တိုကျိုပင်လယ်အော် မှာ အိပ်ပျော်နေတဲ့၊နှစ်ငါးဆယ်တစ်ခါ နိုးလာပြီး ငလျင်တွေ လှုပ်စေတဲ့ ဒဏ္ဍာရီထဲက ဧရာမ ငါးကြီးကို လည်း သတိရမိပါတယ်၊ ခင်ဗျားအတွက် တနည်းတစ်ဖုံစပ်ဆက်မှုတွေများရှိနိင်မလား၊

မူယာကာမိ။ ။မရှိပါဘူး၊ကျွန်တော်ကအဲဒီဂျပန်ရုပ်ပြကာတွန်းတွေရဲ့ ပိရိသတ်လည်းမဟုပ်ပါဘူး၊ အဲဒီအရာ တွေရဲ့ လွှမ်းမိုးမှု မရှိပါဘူး။

မေး။ ။ ဂျပန်ရိုးရာ ပုံပြင်တွေကိုရော။

မူယာကာမိ။ ။ကျွန်တော် ကလေးဘဝက ဂျပန် ရိုးရာပုံပြင်အတော်များများ နားထောင်ခဲ့ဖူးပါတယ်၊ ဒီပုံပြင်တွေဟာ ကြီးပြင်းလာတဲ့ အခါမှာ အရေးပါလာကြပါတယ်၊ဥပမာ ဒီ Super-Frog ဇတ်ကောင်ဆိုရင် အဲဒီ ပုံပြင်တွေဆီက စုတေလာတာ ဖြစ်နိင်ပါတယ်၊ အမေရိကန်တွေမှာလည်း ကိုယ်ပိုင်ပုံပြင်တွေရှိမယ်၊ ဂျာမန်တွေ၊ ရုရှားတွေဆီမှာလည်း ရှိမယ်၊ အဲဒီမှာ မှ The little prince, McDonald’s, the Beatles တို့လို အပြန်အလှန် သုံးနိင်တဲ့ ဟင်းလေးအိုးကြီးတွေလည်းရှိမယ်။

မေး။ ။ ကမ္ဘာလုံးဆိုင်ရာ Pop ယဉ်ကျေးမှု ဟင်းလေးအိုးကြီးပေါ့။

မူယာကာမိ။ ။ဇတ်ကြောင်းပြောခြင်းဟာ ယနေ့ခေတ်အရေးအသားတွေမှာ အရမ်းအရေးကြီးလာပြီလို့ ကျွန်တော်ထင်ပါတယ်၊ ကျွန်တော်က သီအိုရီတွေကို ဂရုမစိုက်ဘူး၊ စာလုံးပေါင်းတွေ ဂရုမစိုက်ဘူး၊ အရေးကြီးတာက ဇတ်ကြောင်းပြော တာကောင်းမကောင်းပဲ၊ ယခုခေတ်မှာ အင်တာနက်ကျေးဇူးကြောင့် ပုံပြင်အသစ်တစ်မျိုးပေါ်ပေါက်လာခဲ့ပြီလေ၊ ဒါဟာ ဥပစာ တင်စားမှု တစ်မျိုးလည်း ဖြစ်တယ်၊ Matrix ဟာ ကျွန်တော်တို့ ခေတ်ပြိုင် ပုံပြင်တစ်ပုဒ်ပဲ မဟုပ်လား၊ ဒါပေမယ့် ဒီက လူတွေကတော့ အဲဒါကို ပျင်းစရာကြီးလို့ ပြောကြတယ်။

မေး။ ။ Hayao Miyazaki ရဲ့ animated ရုပ်ရှင် Spirited Away ကို ကြည့်ဖူးလား၊ ခင်ဗျားစာအုပ်နဲ့ တစ်ချို့နေရာလေးတွေမှာတူတယ်၊ကျေးလက်ပုံပြင်ထဲကအစိတ်အပိုင်းတွေကိုပြုပြင်ပြီးခေတ်ပြိုင်ပုံစံတစ်မျိုးနဲ့ တင်ပြတာမျိုး၊ ခင်ဗျား သူ့ရုပ်ရှင်တွေ ကြိုက်သလား။

မူယာကာမိ။ ။ကျွန်တော်က animated ကားတွေကို မကြိုက်ဖူး၊ အဲဒီ ကား ကို နဲနဲ လောက်ကြည့်ဖူးတယ်၊ ကျွန်တော် အဲဒီလို အမျိုးအစားတွေကို စိတ်မဝင်စားဖူး၊ ကျွန်တော် ဝထ္ထုရေးယင် မြင်ကွင်းတစ်ခုကို ရတယ်၊ အဲဒီ မြင်ကွင်းက သိပ်အားကောင်းတယ်။

မေး။ ရုပ်ရှင်မကြာခဏ ကြည့်ဖြစ်လား၊

မူယာကာမိ။ ။ဟုပ်ကဲ့၊ ကျွန်တော့် အကြိုက် ဒါရိုက်တာက Finland က Aki Kaurismaki. သူ့ကားတွေ အကုန်ကြိုက်တယ်၊ သူကားတွေက သာမန်ကားမျိုးတွေ မဟုပ်ဘူး။

မေး။ ။ ရယ်လည်းရယ်ရတယ်

မူယာကာမိ။ ။ အရမ်း ရယ်ရတာပေါ့။

မေး။ ။ ခင်ဗျား ခုနကပြောတယ်၊ ဟာသက ငြိမ်ဆေးဆိုတော့ တခြား အသုံးဝင်တာမျိုးရော ရှိမလား။

မူယာကာမိ။ ။ကျွန်တော် က စာဖတ်သူကို တခါတရံ ရယ်စေချင်တယ်၊ ဂျပန်မှာ ကျွန်တော့် ပိရိသတ်တွေက အလုပ်အသွားအပြန် ရထားပေါ်မှာ ဖတ်ကြတယ်၊ လခစားဝန်ထမ်းတစ်ယောက်ဟာ ပျမ်းမျှခြင်း တစ်နေ့ကို ၂နာရီ ရထားပေါ်မှာ အချိန်ကုန်တယ်၊ အဲဒီ နှစ်နာရီမှာ သူတို့ စာဖတ်ကြတယ်၊ ဒီ့အတွက် ကျွန်တော့် စာအုပ်အထူတွေကို နှစ်အုပ်ခွဲပြီး ထုပ်ရတယ်၊ တစ်အုပ်ထဲဆိုရင် သိပ်လေးနေလိမ့်မယ်၊ တစ်ချို့က ကျွန်တော့်ကို စာရေးပြီး ပြောကြတယ်၊ ဆရာ့စာအုပ်ကိုဖတ်ရင်းဟားရတာ ရထားပေါ်မှာ အတော် ကသိကအောက်ဖြစ်တယ်ဆိုပဲ။အဲဒီ စာက ကျွန်တော် အကြိုက်ဆုံးစာပဲ၊ ကျွန်တော့်စာအုပ်ဖတ်ပြီး သူတို့ ရယ်ရတယ်ဆိုတော့ ကောင်းတာပေါ့၊ ကျွန်တော်က လူတွေကို ၁၀ မျက်နှာလောက် ဖတ်ပြီး တစ်ခါရယ်စေချင်တာ။

မေး။ ။ ဒါဟာ ခင်ဗျားရဲ့ လျှို့ဝှက် ဖော်မျူလာလား၊

မူယာကာမိ။ ။ကျွန်တော် အဲဒီလိုတွက်ချက်ပြီးမလုပ်တတ်ပါဘူး၊အဲဒီလိုများ လုပ်တတ်ယင်လည်း ကောင်းမှာပဲ၊ ကျွန်တော် ကောလိပ် ကျောင်းသား ဘဝတုန်းက Kurt Vonnegut တို့ Richard Brautigan တို့ ကို သိပ်ကြိုက်တယ်၊ သူတို့မှာ ဟာ သဥဏ်ရှိတယ်၊ တစ်ချိန်တည်းမှာ သူတို့ ဟာ လေးနက်တဲ့ အကြောင်းအရာတွေကိုလည်း ရေးနိင်တယ်၊ ကျွန်တော် အဲဒီလို စာအုပ်မျိုးကို ကြိုက်တယ်၊ Vonnegut နဲ့ Brautigan တို့ရဲ့ စာအုပ်တွေကို ပထမဦးဆုံး ဖတ်ဖူးတော့ အံ့အားသင့်မိတယ်၊ ဒီလို စာအုပ်မျိုးတွေ ရှိပါသေးလားပေါ့၊ ဒါဟာ ကျွန်တော့်အဖို့ ကမ္ဘာသစ်တစ်ခုကို တွေ့ရှိလိုက်သလိုပဲ၊

မေး။ ။ ဒါပေမယ့် ခင်ဗျား အဲဒီလိုအရာမျိုး ကို ရေးဖို့ အားမထုပ်ခဲ့ဘူးနော်

မူယာကာမိ။ ။ကမ္ဘာကြီးကို၌က ဟာသ ဇတ်ထုပ်တစ်မျိုးပဲ မဟုပ်လား၊ ကျွန်တော်တို့ နေထိုင်နေရတဲ့ ဟောဒီမြို့ပြဘဝ ၊ လိုင်းပေါင်း၅၀ လောက်နဲ့ တီဗွီတွေ၊ အစိုးရအဖွဲ့ထဲ က ငတုံးတွေ၊အားလုံးဟာသ ပဲ မဟုပ်လား၊ လေးနက်ဖို့ ကြိုးစားလေ၊ ဟာ သဆန်လာလေပဲ၊ ကျွန်တော် ၁၉ နှစ်သားလောက် ၁၉၆၈- ၆၉ လောက် က လူတွေက အရမ်း လေးနက်လွန်းကြတယ်၊ သဘော တရားရေးတွေ အရမ်း အားကောင်းတဲ့ ကာလပေါ့၊

မေး။ ။ အဲဒီ အချိန်လောက် ကို နောက်ခံပြုထား တဲ့ Norwegian Wood ကတော့ ဟာသမဆန်ဆုံး ဖြစ်နေတာ စိတ်ဝင်စားစရာပဲ။

မူယာကာမိ။ ။ အဲဒီရှုထောင့်က ကြည့်ရင် ကျွန်တော်တို့ မျိုးဆက် က အရမ်း လေးနက်လွန်းတဲ့ မျိုးဆက်၊ အခု နေ ပြန်ကြည့်ရင်တော့ ဟာသဆန် လွန်းနေတာပေါ့၊ အဲဒီ အချိန်က တကယ့်ကို မှုန်ဝါးနေတဲ့ ကာလ၊ ဒါကြောင့်လဲကျွန်တော်တို့ မျိုးဆက်တွေဟာ အဲဒီ အခြေအနေမျိုးတွေ နဲ့ အသားကျနေတာ ဖြစ်မယ်။

မေး။ ။ ပဉ္စလက် သရုပ်မှန်(magic reaism)မှာ အရေးကြီးတာက ဇတ်လမ်းရဲ့ စိတ်ကူးဆန်တဲ့ အပိုင်းကို သတိထားမိအောင် မလုပ်မိစေဖို့ပဲလိုတယ်၊ ခင်ဗျားကတော့ ဒီ စည်းမျဉ်းကို မလိုက်နာဘူး၊ ခင်ဗျား ရဲ့ ဇတ်ကောင်တွေဟာ မကြာခဏ ဇတ်လမ်းရဲ့ ထူးခြားမှုကို မှတ်ချက်ပေးလေ့ရှိတယ်၊ စာဖတ်သူကို အာရုံစိုက်စေတဲ့ သဘော၊ ဘယ်လို ရည်ရွယ်ချက်နဲ့ ဒီလို အသိပေးတာလဲ၊

မူယာကာမိ။ ။သိပ်စိတ်ဝင်စားဖို့ ကောင်းတဲ့ မေးခွန်းပါပဲ၊ ကမ္ဘာကြီးဟာ ဘယ်လောက် ဆန်းကြယ်သလဲဆိုတဲ့ ကျွန်တော့်ရဲ့ တွေ့ရှိမှုကို ရိုးရိုးသားသား ပြော တာလို့ပဲ ထင်မိတယ်၊ ကျွန်တော့် ဇတ်လိုက်ဟာ ကျွန်တော် ရေးနေယင်းရတဲ့ အတွေ့ အကြုံကို သူလည်း ကြုံနေရတယ်၊ ဒါကို ယူဖတ်လိုက်တဲ့အခါ စာဖတ်သူ လည်း ဒီအတွေ့အကြုံကို ရတယ်၊ Kafka တို့ Garcia Marquez တို့ ရဲ့ အရေးအသားတွေ ဟာ ဂန္ဓဝင် အမြင်နဲ့ကြည့်ရင် ပို ပြီး စာပေဆန်ပါတယ်၊ ကျွန်တော့် အရေးအသားတွေကတော့ တကယ့်အဖြစ်နဲ့ ပိုနီးစပ်၊ ခေတ်ပြိုင်ပိုဆန်ပြီး၊ post modern အတွေ့အကြုံပို ဆန်ပါတယ်၊ ရုပ်ရှင် ဆက်တင်တစ်ခုကို မြင်ကြည့်လိုက်ပါ၊ ဇတ်ခုံအပြင်အဆင်တွေအားလုံး၊ နံရံပေါ်က စာအုပ်တွေ၊ စာအုပ်စင်တွေ အားလုံးက အတုတွေပဲ၊ နံရံက စက္ကူနံရံ တွေ၊ ပဉ္စလက်သရုပ်မှန် ရဲ့ ကျမ်းရိုးပုံစံကတော့ နံရံတွေ စာအုပ်တွေဟာ အစစ်တွေ ပဲ။ ကျွန်တော့် ဝထ္ထု ထဲမှာ အတုတစ်ခု ပါယင် ကျွန်တော် က တော့ အတုလို့ ပြောမှာပဲ၊ အစစ်လို့ ဟန်မဆောင်ချင်ဘူး။

မေး။ ။ ရုပ်ရှင် ဆက်တင် ဥပမာကိုပဲ ဆက်သုံးရယင် ကင်မရာအနောက်က စတူဒီယို ကို ပြချင်တာမျိုးလား၊

မူယာကာမိ။ ။စာဖတ်သူကို ဒါဟာ အစစ်အမှန်ဖြစ်ပါတယ်လို့ ကျွန်တော် မဖျားယောင်းချင်ဘူး၊ အရှိ အရှိ အတိုင်းပဲ ပြချင်တယ်၊ တစ်နည်းအားဖြင့် စာဖတ်သူကို ဒါဟာ ပုံဝထ္ထုပဲ အတုပဲ လို့ ပြောတာမျိုး၊ ဒါပေမယ့် အဲဒီ အတုကိုပဲ အစစ်အလား ခံစားရတယ် ဆိုရင်တော့လည်း အဲဒါ အစစ် ပဲပေါ့၊ ရှင်းပြရ အတော် ခက်တဲ့ ကိစ္စပါ။

၁၉ နဲ့ ၂၀ ရာစုတွေမှာ စာရေးဆရာတွေဟာ တကယ့်အစစ်အမှန် တွေကို တင်ပြဖို့ ကြိုးစားခဲ့ကြတယ်၊ ဒါဟာ အဲဒီအချိန်က စာရေးဆရာတစ်ယောက် ရဲ့အလုပ်ပဲ၊ War and Peace မှာ Tolstoy ဟာ စစ်မြေပြင်ကို တကယ့်အစစ်အမှန် နဲ့ အနီးစပ်ဆုံး တူအောင် ဖော်ပြထားတဲ့ အတွက် စာ ဖတ်သူက တကယ်လို့ ထင်လာရတယ်၊ ဒါပေမယ့် ကျွန်တော်ကတော့ အဲဒီလိုမလုပ်ဘူး၊ ဒါကို အစစ်အမှန်ပါလို့ ဟန်ဆောင်မှာ မဟုပ်ဘူး၊ ကျွန်တော်တို့ဟာ အတုအယောင်လောကကြီးထဲမှာ နေနေကြတယ်၊ အတုအယောင်ည နေခင်းသတင်းတွေ နားထောင်နေရတယ်၊ အတုအယောင်စစ်ပွဲကြီးတစ်ခု ကို တိုက်နေကြတယ်၊ ကျွန်တော်တို့ရဲ့ အစိုးရဟာ အတုအယောင်ပဲ၊ ဒါပေမယ့် အဲဒီ အတုအယောင် ကမ္ဘာကြီးထဲမှာ ကျွန်တော်တို့ အစစ်အမှန် ကို ရှာနေကြတယ်၊ ဒီတော့ကျွန်တော်တို့ရဲ့ ဇတ်လမ်းတွေ အားလုံးက အတူတူပါပဲ၊ အတုအယောင် မြင်ကွင်းထဲကို လှမ်းလျောက်လာ ခဲ့ကြမယ်၊ ဒါပေမယ့် အဲဒီ မြင်ကွင်းထဲကို ဝင်လာနေတဲ့ ကျွန်တော်တို့ဟာ အစစ်အမှန် တွေ ဖြစ်နေကြတယ်၊ တကယ့်အခြေအနေတစ်ခုလို့ သက်ဝင် ယုံကြည်လာတဲ့အခါ ဒါဟာ တကယ့် စစ်မှန်တဲ့ ဆက်နွယ်မှုတွေ ဖြစ်လာတယ်၊ ကျွန်တော် ရေးချင်တာ အဲဒါမျိုးပဲ။

မေး။ ။ ခင်ဗျားရဲ့ အရေးအသားတွေမှာတော့ ခင်ဗျားဟာ သာမန် အသေးစိတ်ကိစ္စလေးတွေကို ထပ်ကာထက်ကာ ပြန်သွားတာကိုတွေ့ရတယ်။

မူယာကာမိ။ ။ကျွန်တော်က အသေးစိတ်တွေ ကို သဘောကျတယ်၊ Tolstoy က တစ်ခုလုံးကို ဖော်ပြချင်တယ်၊ ကျွန်တော်က တော့ သိပ်သေးတဲ့ အစိတ်အပိုင်းကလေးကိုပဲ အာရုံစိုက်တယ်၊ ခင်ဗျားဟာ သေးငယ်တဲ့အရာလေးတစ်ခုရဲ့ အသေးစိတ်ကို ဖော်ပြတဲ့အခါပိုပြီးတော့ နီးနီးကပ်ကပ် အာရုံစိုက်လာရတယ်၊ ဒီတော့ Tolstoy နဲ့ ပြောင်းပြန် ပိုပိုပြီး သဘာဝမကျ ဖြစ်လာတယ်၊ အဲဒါဟာ ကျွန်တော် လိုချင်တဲ့အရာပဲ။

မေး။ ။အရမ်းအနီးကပ် ကြည့်လိုက်တဲ့အခါ သရုပ်မှန်နယ်ပယ်ကို ကျော်လွန်ပြီး နိစ္စဓူဝ ပျင်းရိစရာ ကိစ္စတွေဟာ ပြန်ပြီး အဆန်းတကြယ်ဖြစ်လာတဲ့သဘောလား။

မူယာကာမိ။ ။ နီးနီး ကြည့်လေ၊ အစစ်အမှန်နဲ့ ဝေးလေ၊ အဲဒါ ကျွန်တော့ စတိုင်ပဲ။

မေး။ ။ စောစောကပြောသွားတဲ့အထဲမှာ Garcia Marquez နဲ့ Kafka တို့ကိုတော့ စာပေတန်းဝင်တဲ့ စာရေးဆရာတွေလို့ပြောသွားတော့ ခင်ဗျားကိုယ်ခင်ဗျားကော စာပေတန်း ဝင်တဲ့လူလို့ မထင်ဘူးလား၊

မူယာကာမိ။ ။ကျွန်တော်က ခေတ်ပြိုင်စာပေကို ရေးနေတဲ့ စာရေးဆရာပဲ၊ အဲဒါ အများကြီး ကွာခြားတယ်၊ Kafka စာရေးတဲ့ အချိန်က ဂီတရယ် စာအုပ်တွေရယ်နဲ့ ပြဇတ်ပဲရှိတဲ့ခေတ်၊ ကျွန်တော်တို့ခေတ်မှာတော့ အင်တာနက်၊ ရုပ်ရှင်၊ ဗွီဒီယို နဲ့ တခြားအရာတွေ အများကြီး၊ ပြိင်ဆိုင်ရတာ များလာခဲ့တယ်၊ အဓိကက အချိန်ပဲ၊ ၁၉ ရာစုနှစ်က ဇိမ်ခံလူတန်းစားတွေမှာ အချိန်တွေ အများကြီး ပိုလျှံလို့၊ ဒီတော့ သူတို့မှာ တကယ့်စာအုပ် အထူကြီးတွေ ရှိတယ်၊ သူတို့ဟာ အော်ပရာ သွားပြီး ၃-၄ နာရီလောက် ထိုင်ကြတယ်၊ အခု ခေတ်မှာ တော့ လူအားလုံးက အလုပ်များလို့၊ ဇိမ်ခံလူတန်းစား ဆိုတာ မရှိတော့ဘူး၊ Moby-Dick တို့ Dostoevsky တို့ကို ဖတ်တာကောင်းပါတယ်၊ ဒါပေမယ့် လူတွေမှာ ဖတ်ဖို့ အချိန်မရှိဖြစ်နေခဲ့ပြီ၊ အဲဒီအတွက် ဝထ္ထုတွေ ကိုယ်၌ အကြီးအကျယ်ပြောင်းလဲသွားကြပြီ၊ ကျွန်တော်တို့ဟာ လူတွေကို ဂုတ်က ဆွဲပြီး စာဖတ်ခိုင်း နေရပြီ၊ ခေတ်ပြိုင်စာပေ ဟာ jazz တို့ video games တို့လို တခြားနယ်ပယ်က နည်းတွေသုံးပြီးဆွဲဆောင်နေရပြီ၊ ကျွန်တော် ထင်တယ် တခြားအရာတွေ နဲ့ယှဉ်ရင် video games တွေဟာ ဝထ္ထုနဲ့ ပိုနီးစပ်သလိုပဲ။

မေး။ ။ video game တွေလား၊

မူယာကာမိ။ ။ဟုပ်တယ်၊ ကျွန်တော်ကိုယ်၌ တော့ video game တွေကို မကြိုက်ပါဘူး၊ ဒါပေမယ့် ခပ်ဆင်ဆင်တူတာကိုတော့ ခံစားမိတယ်၊ တခါတရံ စာရေးတဲ့အခါ ကျွန်တော်ဟာ video game တစ်ခုကို ဒီဇိုင်းဆွဲနေသူလို ခံစားရတယ်၊ တစ်ချိန်တည်းမှာ လည်း ကစားသူ တစ်ယောက်လည်း ဖြစ်နေခဲ့တယ်၊ ကျွန်တော်ဆွဲထားတဲ့ program ရဲ့ အလယ် မှာ ကျွန်တော် ဟာ ညာလက်က ဘာလုပ်နေလဲ ဘယ်လက်ကမသိ နဲ့၊ ဒါဟာ ကင်းကွာခြင်းတစ်မျိုးပဲ၊ နှစ်ကိုယ်ကွဲသွားတဲ့ ခံစားမှု ၊

မေး။ ဒါဆိုရင် စာရေးတဲ့ အခါ ရှေ့ဆက်ဘာဖြစ်မယ်ဆိုတာ ခင်ဗျားကိုယ်တိုင် မသိပေမယ့် အဲဒီ တခြား အစိတ်အပိုင်းကတော့ ဘာဖြစ်လာမလဲဆိုတာ အတိအကျသိနေတာ မျိုးလား။

မူယာကာမိ။ ။မသိစိတ်နဲ့ ဖြစ်မယ်ထင်တယ်၊ စာရေးရင်း သိပ်နစ်မြောသွားတဲ့အခါ စာရေးသူ ဘယ်လိုခံစားနေရတယ်၊ စာဖတ်သူ ဘယ်လို ခံစားနေရတယ် ဆိုတာ အကုန်သိနေခဲ့တယ်၊ ဒီလိုသိတော့ ကျွန်တော် သွက်သွက်ရေးနိင်တယ်၊ ဘာကြောင့်ဆို စာဖတ်သူလိုပဲ ကျွန်တော်ကိုယ်တိုင်လဲ ရှေ့ဆက်ဘာဖြစ်မယ်ဆိုတာ သိချင်နေတယ်လေ၊ ဒါပေမယ့်လည်း တခါတရံတော့ အဲဒီ ဒီလှိုင်းကို ရပ်တန့်ပစ်ရတယ်၊ အရှိန်သိပ်မြန်သွားရင် လူတွေလည်း မောပန်း နွမ်း နယ်လို့ ပျင်းလာလိမ့်မယ်၊ သူတို့ အမှတ်တစ်ခုမှာ ရပ်နေအောင် လုပ်ရလိမ့်မယ်၊

မေး။ ။ ဘယ်လို လုပ်သလဲ။

မူယာကာမိ။ ။ ကျွန်တော် ခံစားပြီးသိနေတယ်၊ ဒါဟာ ရပ်ရမယ့်နေရာပဲဆိုတာ။

မေး။ ။ Jazz နဲ့ တခြားဂီတ တွေကရော ခင်ဗျားရဲ့ အလုပ်မှာ အထောက်အကူပြုသလား။

မူယာကာမိ။ ။Jazz ဂီတကို ၁၃-၁၄ နှစ်သားထဲက စနားထောင်ဖြစ်ခဲ့တယ်၊ ဂီတဟာ အတော့်ကို ပြင်းထန်တဲ့ လွှမ်းမိုးမှုရှိတယ်၊ cords တွေ melodies တွေ rhythm တွေ၊ blues သီချင်းတွေရဲ့ ခံစားမှုတွေ က ကျွန်တော့်ရဲ့ စာရေးသားခြင်းမှာ အသုံးဝင်ပါတယ်၊ ကျွန်တော်ဟာ ဂီတပညာရှင် တစ်ယောက်ဖြစ်ချင်ခဲ့တယ်၊ဒါပေမယ့် တူရိယာတွေကို ကောင်းကောင်းမတီးတတ်ဘူး၊ ဒီတော့ ကျွန်တော် စာရေးဆရာ ဖြစ်လာခဲ့တယ်၊ စာအုပ်တစ်အုပ်ကိုရေးတာ ဂီတ ကို တီးခတ်သလိုပါပဲ၊ ပထမ တော့ အကြောင်းအရာ နောက်တော့ လက်တန်းစပ်ဆိုမှု နောက်ပိုင်းမှ အဆုံးသတ် အပိုင်း။

မေး။ ။ ရိုးရာ Jazz မှာ မူလ အကြောင်းအရာဟာ အဆုံးသတ်တဲ့အထိ ပြန်ပြန် ကျော့နေတတ်တယ်၊ ခင်ဗျားရော အဲဒီလို ပြန်ကျော့တတ်လား။

မူယာကာမိ။ ။တခါတရံပေါ့၊ Jazz ဟာ ကျွန်တော့အတွက် ခရီးထွက်ခြင်းပဲ၊ စိတ်နဲ့ ခရီးသွားခြင်းပေါ့၊ စာရေးတယ်ဆိုတာလည်း ဒီလိုပါပဲ။

မေး။ ။ ခင်ဗျားအကြိုက်ဆုံး Jazz ဂီတပညာရှင်။

မူယာကာမိ။ ။ကြိုက်တာကတော့ အများကြီးပဲ၊ Stan Getz နဲ့ Gerry Mulligan တို့ကိုတော့ အကြိုက်ဆုံး၊ ဆယ်ကျော်သက်တုန်းက သူတို့က အငြိမ်ဆုံးပဲ၊ Miles Davis တို့ Charlie Parker တို့ကိုလည်း ကြိုက်တယ်၊ ကျွန်တော်အဖွင့်အများဆုံး ဓာတ်ပြားကို ပြောရယင် ၅၀ ကျော် ၆၀ ကာလတွေက Miles ရဲ့ ဓတ်ပြားတွေပဲ၊ Miles ဟာ အမြဲ တီထွင်ဖန်တီးနေတတ်သူ၊ အမြဲတော်လှန်ပြောင်းလဲနေသူ၊ ကျွန်တော် သူ့ကို အရမ်းလေးစားမိပါတယ်။

မေး။ ။ Coltrane ကိုရော ကြိုက်သလား၊

မူယာကာမိ။ ။ဒီလိုပါပဲ၊ တခါတခါ သူက အရမ်းခေါင်းမာတတ်တယ်။

မေး။ ။ တခြား ဂီတ အမျိုးအစားတွေကိုရော

မူယာကာမိ။ ။ဂန္ဓဝင်ဂီတ တွေလည်း ကြိုက်တယ်၊ အထူးသဖြင့် baroque ဂီတ၊ ကျွန်တော့် ရဲ့ စာအုပ်အသစ် Kafka on the shore မှာ ဇတ်လိုက်ကောင်လေးက Radiohead နဲ့ Prince ကို နားထောင်လို့။ အံ့သြမိတာက Radiohead အသင်းသားတွေက ကျွန်တော့်စာအုပ်ကို ကြိုက်ကြတာကိုပဲ။

မေး။ ။ Kafka on the shore အကြောင်းနဲနဲလောက်ပြောနိင်မလား။

မူယာကာမိ။ ။ကျွန်တော် ရေးပြီးသမျှထဲမှာ အရှုပ်ထွေးဆုံးပဲ၊ The Wind-Up Bird Chronicle ထက် ပိုရှုပ်ထွေးတယ်၊ ရှင်းပြဖို့ မဖြစ်နိင်သလောက်ပဲ။

အပြိုင်ဇတ်လမ်းနှစ်ခုရှိတယ်၊ ကျွန်တော့် ဇတ်ကောင်က ၁၅ နှစ်သား ချာတိတ်၊ သူ့ရဲ့ နာမည် ပထမစာလုံးက Kafka ။ တခြား ဇတ်လမ်းတစ်ခုမှာတော့ ဇတ်လိုက်က အသက်၆၀ အဘိုးအို၊ သူက စာမတတ်ဘူး၊ မရေးတတ် မဖတ်တတ်ဖူး၊ သူဟာ တွေးတော ဆင်ခြင်နိင်သူ မျိုးမဟုပ်ဘူး၊ ဒါပေမယ့် ကြောင်တွေနဲ့ စကားပြောနိင်တယ်၊ ကောင်လေး Kafka ဟာ သူ့အဖေရဲ့ ကြိမ်စာ မိနေတယ်၊ Oedepus ကျိန်စာလိုမျိုးပဲ၊ အဖေကိုသတ် အမေကို သားမယား ပြုမယ့် ကျိန်စာ၊ သူဟာ သူ့ အဖေ ဆီက ထွက်ပြေးတယ်၊ သူ့အဖေကျိန်စာက လွတ်အောင် ဝေးနိင်သမျှ ဝေးအောင် ပြေးတယ်၊ ဒါပေမယ့် သူဟာ အရမ်းဆန်းကျယ်တဲ့ကမ္ဘာ ၊ အစစ်အမှန်နဲ့ မတူတဲ့ကမ္ဘာ ၊ အိပ်မက်ထဲက အရာမျိုးတွေနဲ့ ကြုံရတယ်။

မေး။ ။ ဖွဲ့ စည်းပုံအရ Hard-Boiled Wonderland and End of the World တို့နဲ့ ဆင်လိမ့်မယ်၊ အဲဒီမှာ အခန်းတစ်ခုနဲ့ တစ်ခု ၊ ဇတ်ကြောင်းတစ်ခုကနေတစ်ခု ရှေ့နောက် လွန်းထိုးလို့။

မူယာကာမိ။ ။မှန်ပါတယ်၊ ပထမတော့ Hard-Boiled Wonderland ရဲ့ အဆက်ကိုရေးမလို့ပဲ၊ နောက်မှ လုံးလုံးမတူတဲ့ ဇတ်လမ်းတစ်ခုကို ရေးဖို့ ဆုံးဖြတ်လိုက်တာ၊ ဒါပေမယ့် စတိုင်ကတော့ အတော်ဆင်လိမ့်မယ်၊ ဇတ်လမ်းရဲ့ ဝိဥဏ်ကလည်း ခပ်ဆင်ဆင်ပဲ၊ အဓိက အကြောင်းအရာ ကတော့ ဒီလောကနဲ့ တခြားလောက လောကနှစ်ခုကြား ဘယ်လို ဝင်ထွက်သွားလာ မလဲ ဆိုတာပဲ။

မေး။ ။အခုလို ကြားရတာ စိတ်လှုပ်ရှားမိပါတယ်၊ ဘာကြောင့်ဆို Hard-Boiled Wonderland က ကျွန်တော့် အကြိုက်ဆုံးထဲမှာ ပါတယ်လေ။

မူယာကာမိ။ ။ကျွန်တော် လည်း အတူတူပါပဲ၊ ဒါဟာ ကျွန်တော့်အမြင် အရမ်း ရည်မှန်းချက်ကြီးတဲ့ စာအုပ်၊အသစ်တမျိုးပဲ၊ ဇတ်လိုက်ကလည်း ကျွန်တော့်ရဲ့ တခြားစာအုပ်တွေမှာလို ၂၀-၃၀ တန်းတွေမဟုပ်ဘူး၊ ၁၅ နှစ်သား။

မေး။ ။ Holden Caulfield လိုလား။

မူယာကာမိ။ ။ဟုတ်တယ်၊ ဒီစာအုပ်ကိုရေးရတာ အတော် စိတ်လှုပ်ရှားရတယ်၊ ဒီ ချာတိတ်အကြောင်းရေးတော့ ကျွန်တော် ၁၅ နှစ်သားအရွယ်ကို သတိရမိတယ်၊ ကျွန်တော်ထင်တယ် အမှတ်တရ တွေဟာ လူသားရဲ့ အရေးကြီးဆုံး ပိုင်ဆိုင်မှုတွေပဲ၊ လောင်စာတစ်မျိုးပဲ၊ လောင်ကျွမ်းစေနိင်သလို နွေးထွေးစေနိင်တယ်၊ ကျွန်တော့် မှတ်ဥဏ်က ဘီဒိုကြီးတစ်လုံးလိုပဲ၊ အဲဒီမှာ အံဆွဲတွေက အများကြီး၊ ကျွန်တော်က ၁၅ နှစ်သား အရွယ် ဖြစ်ချင်ရင် ကျွန်တော် အံဆွဲတစ်ခုကို ဖွင့်လိုက်၊ ကျွန်တော် Kobe မှာ ချာတိတ်ဘဝ မြင်ကွင်းတွေပေါ်လာတယ်၊ အဲဒီက လေကို ရှူရှိက်မိတယ်၊ မြေကြီးကို ထိတွေ့လို့ရတယ်၊ သစ်ပင်စိမ်းစိမ်းတွေကို တောင် မြင်နိုင်တယ်၊ ဒါကြောင့်လည်း ကျွန်တော် စာရေးချင်တာ ဖြစ်မယ်။

မေး။ ။ ၁၅ နှစ်သားတစ်ယောက်ရဲ့ အမြင်မျိုးဆီ ပြန်သွားတဲ့သဘောလား။

မူယာကာမိ။ ။ ဟုပ်ပါတယ်

မေး။ ။ Kobe မဟုပ်ပဲ တခြားမှာကြီးပြင်းခဲ့ရင် ရောခင်ဗျားရဲ့စတိုင်ဘယ်လိုဖြစ်မလဲ၊ Kobe ဟာ ရုပ်ပိုင်းဆန်တဲ့ လက်တွေ့ကျတဲ့မြို့ နဲနဲ ကြောင်တဲ့ မြို့လို့ ကြားဖူးတယ်လေ။

မူယာကာမိ။ ။Kobe က လူတွေဟာ Kobe မြို့ထက်တောင် ပိုထူးဆန်းပါသေးတယ်၊ သူတို့ဟာ တောင်ပတ်လည် ဝိုင်းရံ ထားတဲ့ အတွက် သူတို့ စိတ်နေစိတ်ထားတွေဟာ လည်း အမျိုးမျိုးကွဲပြားပါတယ်။

မေး။ ။ ဒါပေမယ့် ခင်ဗျား Kyoto မှာ မွေးခဲ့တာမဟုပ်လား

မူယာကာမိ။ ။ဟုပ်ပါတယ်၊ နှစ်နှစ်သားလောက်မှာပြောင်းလာတော့ Kobe ကဇာတိလို ဖြစ်နေခဲ့တယ်၊ Kobe ဟာ တောင် တွေနဲ့ ပင်လယ်ကြီးကြား၊ ကမ်းမြှောင်တစ်ခုပဲ၊ ကျွန်တော်က Tokyo ကို မကြိုက်ဖူး၊ ပြားချပ်ချပ်နဲ့၊ ကျယ်ပြန့် ကြီးမားလွန်းတယ်၊ နေသာနေရတာ မပျော်ဘူး၊

မေး။ ။ ဒါပေမယ့်လည်း ခင်ဗျားဒီမှာ နေနေတာပဲ မဟုပ်လား၊ တခြားကြိုက်တဲ့ နေရာမှာ နေလို့ရတာပဲ။

မူယာကာမိ။ ။ဒီမှာနေတာက လူမသိသူမသိ နေလို့ရလို့ပဲ၊ Newyork မှာ နေသလိုမျိုးပေါ့၊ ဘယ်သူမှ ခင်ဗျားကို မမှတ်မိဘူး၊ ကြိုက်တဲ့နေရာသွားနိင်တယ်၊ ရထားလည်းစီးလို့ရတယ်၊ ဘယ်သူမှ အနှောက်အယှက်မပေးဘူး၊ Tokyo မြို့ ဆင်ခြေဖုန်းမှာ အိမ်တစ်လုံးရှိတယ်၊ အဲဒီမှာတော့ လူတိုင်းက ကျွန်တော့်ကို သိကြတယ်၊ လမ်းလျောက်ထွက်တိုင်း အသိအမှတ်ပြု နှုတ်ဆက်ကြတယ်၊ ဒါဟာ တခါတရံ သိပ်အနှောက်အယှက်ဖြစ်တယ်။

မေး။ ။ခင်ဗျား Ryu Murakami အကြောင်းပြောသွားတယ်၊ သူဟာ စာရေးဆရာ တစ်ယောက်အနေနဲ့ အတော့်ကို ကွဲပြားတဲ့ ရည်ရွယ်ချက်တွေရှိပုံရတယ်။

မူယာကာမိ။ ။ကျွန်တော့် စတိုင်က postmodern၊ သူ က ပိုပြီး mainstream ပိုဆန်တယ်၊ ဒါပေမယ့် Coin Locker Babies ကို ပထမအကြိမ်စဖတ်ရတော့ အံ့အားသင့်မိတယ်၊ ပြီးတော့ငါဆုံးဖြတ်လိုက်တယ်၊ အဲဒီလို ခွန်အားရှိတဲ့ ဝထ္ထုမျိုးရေးဖို့၊ ဒီ့နောက် A wild sheep chase ကို ရေးဖြစ်တယ်၊ ဒါဟာ ယှဉ်ပြိုင်ခြင်းတစ်မျိုးပါပဲ။

မေး။ ။ ခင်ဗျားတို့ သူငယ်ချင်းတွေလား၊

မူယာကာမိ။ ။ကျွန်တော်တို့ ကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိပါတယ်၊ အနည်းဆုံးတော့ ရန်သူတွေ မဟုပ်ကြဘူး၊ သူ့မှာ ပင်ကို ပါရမီ ရှိတယ်၊ ဒါဟာ မြေကြီးအောက်က ရေနံတွင်းတွေလိုပဲ၊ ကျွန်တော့် ရဲ့ တွင်းတွေက တော့ နက်လွန်းလို့ ထက်ကာထပ်ကာ တူးရတယ်၊ အဲဒါ တကယ် ပင်ပန်းတဲ့အလုပ်ပါပဲ၊ အချိန်လည်းယူရပါတယ်၊ ဒါပေမယ့် အဲဒီကို ရောက်ပြီဆိုရင်လည်း ကျွန်တော်ဟာ အားအင်ပြည့်ဝပြီး ယုံကြည်မှုတွေ ရှိလာပါတယ်၊ ကျွန်တော့်ဘဝက ပုံစံဝင်နေခဲ့ပါပြီ၊ဒီတော့ တစ်ချိန်လုံးတူးနေရတာပဲ ခပ်ကောင်းကောင်းပါ။

ဒီနိုဗို ပြန်ဆိုသည်

Ref; Haruki Murakami, The Art of Fiction No. 182

Interviewed by John Wray

The Paris Review

Font WinUniInnwa

No comments: