Saturday, January 7, 2012

မသိပါဘူး

မသိပါဘူး

စဉ်းစားကြည့်၊ မသိဘူးလို့ ပြောရတာလောက် ပျော်စရာ ကောင်းတာ ဘာရှိမှာလဲ၊ မသိဘူး၊ မသိဘူး ၊မသိဘူး၊ အဲဒီလို ပြောလိုက်ရရင် ရင်ထဲ ဘယ်လို ပေါ့သွားမှန်းမသိပါဘူး၊ မသိဘူးဟာ တာဝန်ကင်းတယ်၊ သိနေယင် ရှင်းရတော့မယ်၊ သိနေရင် ပြောရတော့မယ်၊ သိနေရင် ခက် ပြီ၊ ခက်တာက မသိဘူးဆိုမှ လူတွေက ပိုသိချင်လာကြတယ်၊ မသိဘူးဆိုမှ ပိုပြီး စပ်စုချင်ကြတယ်၊ ဘာကြောင့်မှန်းတော့ မသိဘူး၊ အဲဒီ မသိဘူးမှာ လျှို့ဝှက်ချက်တစ်ခု ရှိတယ်လို့ သူတို့ ယုံကြည်နေကြသလား မသိဘူး၊

ပြောရယင် စကားပုံတွေကလည်း မသိဘူးလို့ ပြောဖို့ တိုက်တွန်းနေခဲ့သလား မသိဘူး၊ ကျွန်တော်တို့ အမြဲကြားနေကြစကား ရှိတယ်လေ၊ ဘူးတစ်လုံးဆောင် အိုအောင် မဆင်းရဲဘူးလို့၊ ဘယ်သူပြောခဲ့မှန်းမသိဘူး၊ လူတွေကလည်း အဲဒီ ဆိုရိုးကို ဘာကြောင့်ယုံကြည်နေကြသလဲ မသိဘူး၊ ငြင်းပယ်ခြင်းဟာ လှလို့လား၊ မသိဘူးဟာ လူတွေရဲ့ သိချင်စိတ်ကို နှိုးဆွနေခဲ့သလား မသိဘူး၊ ပြဿနာက ကျွန်တော်သိတယ်လို့ ပြောရင်တောင် လူတွေကမသင်္ကာတော့ဘူး၊ ဆက်နားမထောင်ချင်တော့ဘူး၊ ဆက်ပြီး အထောက်အထားတွေ ပြလာရင်တော့ သူတို့ဟာ သိမ်းသွင်းခံရပြီလို့ကို မှတ်သွားကြတော့တယ်၊ သံသယစိတ်နဲ့ အနားကို မလာကြတော့ဘူး၊

အဲဒီမှာ မသိတဲ့ အရာတွေဆီ လူတွေ ခြေဦးလှည့်ကြတော့တယ်၊ မသိတဲ့လူတွေ ပြောတဲ့ စကားကို တလေးတစား နာယူမှတ်သားကြတယ်၊ မသိပါဘူးလို့ ဝန်ခံထားတဲ့သူတွေကို ပညာရှိလို ဆည်းကပ်လာကြတယ်၊ မသေချာမှုဟာ အရမ်းရောင်းကောင်းတဲ့ ပစ္စည်းဖြစ်လာတယ်၊မသေချာမှု ဟာ ပညာရှင်တွေရဲ့ အဆောင်အယောင် ဖြစ်လာခဲ့တယ်၊ မနက်ဖြန်နေထွက်မလားဆိုတာတောင် မသိပါဘူးလို့ ခင်ဗျားပြောလိုက်ကြည့်၊ အားလုံးက ဟင်ခနဲ ဟာခနဲ၊ ဝိုင်းပြီး ချိးကျူး ကြလိမ့်မယ်၊ ကျွန်တော် ဘာများ ပြောမိလို့လဲ မသိပါဘူး ဆိုပြီး အူကြောင်ကြောင်လုပ်နေကြည့့် ခင်ဗျားကို ဝိုင်းပြီး ချီးမြှောက်လိုက်ကြမယ်၊ အင်မတန် ဥဏ်ပညာကြီးမားပြီး ကိုယ့်ကိုယ်ကို နှိမ်ချတတ်တဲ့သူတစ်ယောက်အနေနဲ့

သတ်မှတ်ခံရလိမ့်မယ်၊

တကယ်ပါ၊ မယုံနိင်စရာကောင်းလောက်အောင် လူတွေဟာ မသိဘူး ကို ဖက်ရှင် တစ်ခုလို ဝတ်ဆင်နေခဲ့ကြတယ်၊ ကျွန်တော့် အထင် မဟုပ်မှ လွဲရော သိပါတယ်ဆိုတဲ့လူတွေကို လူလည်လုပ်မေးခွန်းတွေထုပ်ပြီး သူ့ကို ပြန်ချည်မှာ ကြောက်လို့ စကားကို လျောချသွားတဲ့ ဆိုကရေးတီးကိုများ လူတွေ အားကျကြတာလား မသိဘူး၊ လူတွေဟာ မသိဘူး ဆိုတာကို အခိုင်အမာ ပြောဖို့ အပြင်းအထန် အားထုပ်နေကြတယ်၊ တော်တော်တန်တန် သိထားတဲ့ကိစ္စတွေကိုတောင် မသိသလို မသေချာသလို ရူးချင်ယောင်ဆောင်တတ် ကြတယ်၊ နဲနဲပါးပါးပဲ သိတဲ့ ကိစ္စဆိုရင်တော့ မမြင်ဖူး မကြားဖူး မလုပ်ဖူးပါဘူးလို့ကို ယတိပြတ် ငြင်းကြတော့ တယ်၊ သိမှု ဗေဒဟာ ဘယ်လိုသိရမှန်း မသိတဲ့သူတွေအကြား အကြီးအကျယ် ရေပန်းစားလှတဲ့ဘာသာရပ်တစ်ခု၊

++++++++++++++++++++++++++++++++++++++++++++++

သတိထားမိသလောက်၊ လူတွေဟာ သိပ် သိနေတဲ့ သူဆို နေရင်းထိုင်ရင်း အမြင်ကတ် ချင်ကြတယ်၊ သူသိ သူတတ် ပဲဆို ပြီး ကွယ်ရာမှာ အတင်းစကား ဆိုကြတယ်၊ တရုပ်ကားတွေ ကိုပဲကြည့်၊ သိပ်သိနေတဲ့ သူဆို သေဖို့ ထိုက်တန်နေပြီ၊ ဘာမှမသိတဲ့သူတွေပဲ အဆုံးထိ ရှင်ကျန်ရစ်တယ်၊ ဒီတော့ရိုးရာအစဉ်အလာထဲမှာကိုက မသိဘူးပြောဖို့တောင်းဆိုနေတယ်၊ ကြောင်လက်သည်း ဝှက်သလို သိတိုင်း ထုပ်မပြောမိဖို့ မတီးဘဲမမြည်ဖို့ ဆိုဆုံးမလေ့ ရှိကြတယ်၊ စဉ်းစားကြည့်ရင် ယဉ်ကျေးမှု ကိုက မသိချင်ယောင်ဆောင်တဲ့ ယဉ်ကျေးမှု၊ သိသာသိစေ မမြင်စေနဲ့ ဆိုတာ ဒီခေတ်ယဉ်ကျေးမှု၊ ရူးချင်ယောင်ဆောင် မနေနဲ့ ဆိုတာ ဒီခေတ် ရဲ့ပွင့်ထွက်လာတဲ့ အသံ၊ မြင်ပေမယ့် မမြင်ဘူးလို့ မှတ် ၊ ကြားပေမယ့် မကြားသလိုနေ၊ ဒါဟာ ဒီခေတ်ရဲ့ ဘဝနေနည်း အမှန်၊

ဒီတော့ကာ လက်အောက်ငယ်သား တွေက ‘အ’ ချင်ယောင် ဆောင်ကြတယ်၊ ဒါမှ ကိုယ့်ဘောစိက သဘောကျမယ် မဟုပ်လား၊ တပည့်တွေက ‘န’ ချင်ယောင် ဆောင်ကြတယ်၊ ဒါမှ ကိုယ့်ဆရာတွေက သဘောကျမယ် မဟုပ်လား၊ ကိုယ့် ရည်စားရှေ့မှာ ‘အူ’ချင်ယောင် ဆောင်ရတယ်၊ ဒါမှ ကောင်မလေးရဲ့ ယုံကြည်မှု ရမယ်မဟုပ်လား၊ ကိုယ့် ပိရိသတ် ရှေ့မှာ အရိုးခံလေးလို ရှက်ကိုးရှက်ကန်း လုပ်ပြရတယ်၊ ဒါမှ ပြည်သူ့မေတ္တာ ခံယူနိင်မယ် မဟုပ်လား၊ ပြောရယင် မသိဘူး ရဲ့ များပြားလှတဲ့ မျက်နှာဖုံးတွေကို ကျွန်တော်တို့ နေ့စဉ်ဘဝမှာ မမြင်ချင်မှ တဆုံး ပါ။

++++++++++++++++++++++++++++++++++++++++++++++++

တစ်ဖက်မှာ မသိဘူးဟာ ပညာရေး နယ်ပယ်ကလူတွေအတွက်တော့ အကြားချင်ဆုံး စကားလုံး၊ ဘာမှမသိတဲ့သူတွေ ကြားမှာ အသိတရားရောင်းစားတဲ့ အလုပ်ဟာ ကြီးပွားမယ့် အလုပ် မဟုပ်လား၊ Knowledge Age ပညာခေတ် ဆိုပြီး Knowledgeကို ဈေးကွက် မြှင့်တင်နေကြတာသာကြည့်၊ ကိုဖိုးသိတွေချည်း ဆိုရင်တော့ ပညာရေး စက်ရုံတွေ ပိတ်ပစ်လိုက်ရ ရုံပေါ့၊ ဒီတော့ မသိဘူးဟာ ခေတ်ကာလ စီးပွားရေးနဲ့လည်း ကိုက်တယ်၊ မသေမချင်း ပညာပေးလို့ရအောင် စဉ်ဆက်မပြတ်သင်ယူနေတဲ့ လူ့အဖွဲ့အစည်းကြီး ဖြစ်ပေါ်လာရေး အတွက် မသိဘူး ဟာ အရေးကြီးတဲ့ ကဏ္ဍကပါနေတယ် မဟုပ်လား၊

ဒီအတွက် လူတွေဟာ ကိုယ့်ဘာသာကိုယ် ဘာမှမသိတဲ့ လနပိန်းတုံး သတ္တဝါတွေလို့ မြင်လာအောင် ဖန်တီးရတာကိုက ဒီဘက်ခေတ်မှာ ဝါဒဖြန့်ချီရေးကိစ္စလို အရေးပါတဲ့ကိစ္စ ဖြစ်လာခဲ့ပြီမဟုပ်လား၊ ဒီ့အတွက် လူတွေ တစ်ခါမျှမကြားဖူးတဲ့ စကားလုံးဝေါဟာရ အသစ်အဆန်းတွေ ထည့်ထည့်ပြောရတယ်၊ လူတွေ စိတ်ကူးကြည့်လို့တောင် မရတဲ့ ဘာသာရပ် ထူးထူးဆန်းဆန်းတွေ ဖော်ထုပ်ရတယ်၊ လူတွေ ပျင်းရိမသွားရအောင် software version အသစ်တွေ အမြဲ ရေးဆွဲပေးနေရတယ်၊ လူတွေ တစ်ခါမျှ မသုံးစွဲဖူးတဲ့ နေ့စဉ်သုံးပစ္စည်း အသစ်အဆန်းတွေ အမြဲမပြတ် တီထွင်ရတယ်၊ လူတွေ တစ်ခါမှ မလုပ်ဘူးတဲ့ အလုပ်အကိုင်ရာထူးတွေ မကြာမကြာ ကြေညာပေးရတယ်၊ လူတွေ အိပ်မက်ထဲတောင် ထည့်မမက်ဖူးတဲ့ ထူးခြားတဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေ ထူထောင်ကြတယ်၊ ဒါမှသာ လူတွေဟာ ကိုယ့်ကိုယ်ကို သိလှပြီ လို့ မထင်ကြတော့မှာ မဟုပ်လား၊ ဒီ့ထက်ဆိုး လို့ ဒီခေတ်ကြီးထဲမှာ ငါမသိတာတွေ များလှချည်လား ဆိုရင်တော့ သင်ဟာ အထက်က ပြောခဲ့တဲ့ စဉ်ဆက်မပြတ် သင်ယူနေတဲ့ လူ့အဖွဲ့အစည်း ရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်သွားပြီပေါ့၊ တနည်းအားဖြင့် သင်ဟာ အများနည်းတူ မသိဘူးကပ်ရောဂါ ကူးစပ်ခံရတဲ့လူတစ်ယောက် ဖြစ်တာ ရာနှုန်းပြည့် သေချာနေပြီပေါ့။

++++++++++++++++++++++++++++++++++++++++++++++++

ဗုဒ္ဓဘာသာ မှာတော့ မသိမှုဟာ မောဟ၊ ဘဝသံသရာကို လည်စေတာ မောဟ၊ မသိဘူးကို

သိတာကိုက ဝိဇ္ဇာ၊ ကိုယ်မသိဘူး ဆိုတာ သိနေတာကို က ပညာ၊ အဲဒီတော့ မသိဘူး လို့ ခဏခဏ ပြောပေးနေရင် ပဲ တရားနဲ့ နီးစပ်နေပြီ၊ တဆင့်တက်လို့ လူအများရှေ့မှာ မသိဘူးလို့ ခဏခဏ ဝန်ခံနေရင်တော့ သင့်ကို အတော် တရားပေါက်နေပြီလို့ ယူဆကြမှာ မုချ၊ မသိဘူးဟာ ပြောသူကိုရောနားထောင်သူကိုပါ စိတ်ချမ်းသာစေတယ်၊ လူဟာ မသိမှု အမိုက်မှောင်ထဲမှာ သနားစရာ လက်ပစ်ကူးနေရရှာတဲ့ သတ္တဝါလေးတွေ မဟုပ်လား၊ အဲဒီတော့ မသိလို့ မှားတာ မဆန်းပါဘူး၊ မလိမ္မာ တစ်ခါမိုက်စမြဲ မဟုပ်လား၊ အဲဒီလို တစ်ခါတစ်ခါ နဲ့ မကြာမကြာ မိုက်လို့ရတာ မသိလို့ မဟုပ်လား၊ မသိလို့ပါ လို့ ပြောလိုက်ရုံနဲ့ မိုက်ခဲ့သမျှ တွေ ပွဲသိမ်းရော မဟုပ်လား၊ မသိဘူး ဟာ ဘာသာရေး နယ်ပယ်မှာလည်း အဲသည်လောက် တန်ဖိုးကြီး လှပါတယ်၊

ဒါဆို ဥပဒေ လောကမှာရော ၊ မသိလို့ လူသတ်မိတဲ့ စိတ်ရောဂါသည်ကို ကျွန်တော်တို့ အပြစ်ပေးလို့ မရ၊ မရည်ရွယ်ပဲနဲ့ မတော်တဆ သေဆုံးစေမှုကို လူသေမှုအဖြစ်နဲ့ ပဲမှတ်ယူကြပါတယ်၊ လူတစ်ယောက်ကို ဖြစ်စေ ကိစ္စတစ်ခုကိုဖြစ်စေ မသိပါဘူးလို့ ငြင်းလိုက်တဲ့ အကျိုးဆက်ဟာ အမှုရဲ့ အဆုံးအဖြတ်ကို အများကြီး တာသွားစေခဲ့၊ အဲဒီ အတွက် နှစ်ဘက် ရှေ့နေတွေဟာ သက်သေ တွေရဲ့ မသိပါဘူး ဆိုတဲ့ စကားကို ထွက်ဆိုလာအောင် (တဖက်ကလည်း) မထွက်ဆိုနိင်အောင် အပြိုင်ကြိုးစား ကြရတယ်၊ မသိပါဘူး ဆိုတဲ့ စကားကို မျှားယူဖို့ (တဖက်ကလည်း) လမ်းကြောင်းပြောင်းယူဖို့ မေးခွန်းတွေ အမျိုးမျိုး ဆင်ထားကြရတယ်၊ အဲဒီတော့ မသိပါဘူးဟာ ဥပဒေ ကိစ္စတွေမှာ

ထောင်တန်တဲ့ စကားလုံး။

+++++++++++++++++++++++++++++++++++++++++++++++++

ဒီလိုနဲ့ပဲ၊ ဘယ်နယ်ပယ်မှာမဆို အရေးပါတဲ့ မသိဘူးဟာ တစ်ရှူးထုပ်တွေလို လူအများကြား ကျယ်ကျယ် ပြန့်ပြန့် အသုံးဝင် နေခဲ့ပြီ၊ မသိဘူးဟာ ရောင်းသူဝယ်သူ အသံတူလို့ တိတ်တိတ်ဆိတ်ဆိတ် အလုပ်ဖြစ်နေခဲ့ပြီ၊ မသိဘူးဟာ မရောက်တဲ့ နေရာ မရှိတော့ဘူး၊ ကမ္ဘာမြေ အနှံ့ ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိနေခဲ့ပြီ၊ မသိဘူး ဟာ ဘာကိုမှ သေသေချာချာ မသိတဲ့ လူတွေကြားမှာ အတော် နေရာကျနေခဲ့ပြီ၊ မသိဘူး ဟာ မသိချင်ယောင်ဆောင်နေဖို့ လိုတဲ့ လောကကြီးထဲမှာ မရှိမဖြစ်တဲ့ လူသုံးကုန် ပစ္စည်း တစ်မျိုးတောင် ဖြစ်လို့ နေခဲ့ပြီ။

မသိဘူး ဆိုင်က ထုပ်သမျှ အလုအယက် ဝယ်ကြ၊ မသိဘူး တံဆိပ် ပါမှ ရောင်းပန်းလှ သလိုဖြစ်နေခဲ့တယ်၊ စာအုပ်တွေမှာ မသိနိင်တဲ့အရာတွေ အကြောင်းကိုပဲ ချဲ့ကား ရေးသားလို့၊ ဂန္ဓမ္ဘီရ ဆန်လေ လူဖတ်များလေ၊ ဒဿနဆန်လေ လူအထင်ကြီးလေ၊ Garcia Marquez ဆို magic realism နဲ့ နိုဗယ်ဆုတောင် ရလိုက်သေး မဟုပ်လား၊ (ရှင်းရှင်းလင်းလင်း ရေးထားရင်တောင် လူကြိုက်များပါ့မလား မသိ)၊ ဂီတ၊ရုပ်ရှင် နယ်ပယ်အသီးသီးမှာလည်း မသိဘူးနဲ့ အဓိက ဖွဲ့စည်းထားကြတယ်၊ (မသိဘူး ဒီလိုပဲ ဖန်တီးလိုက်တာပဲလို့ ပြောလေ ပါရမီရှင် ဆိုပြီး လူအထင်ကြီးလေ မဟုပ်လား)၊ တစ်ခါ နဂိုလ်ထဲက နားမလည်နိင်တဲ့ ကဗျာတွေဟာ မသိဘူးကို ဖွဲ့ဆိုလာတဲ့အခါ ဘယ်လိုဖတ်ရှုရမှန်းကို မသိတော့၊ အဓိပ္ပါယ်မဲ့ပြဇတ်တွေဟာ မသိဘူးကို ကြိမ်ဖန်တလဲလဲ ပြသလို့၊ မသိဘူးဟာ သုတေသနသုံး လက်စွဲစကား၊ မသိဘူးဟာ (Zen)ဇန်ဘာသာ ရဲ့ Beginner Mind ၊ ကျောင်းတော်ကြီးတွေကနေ လမ်းမတွေပေါ်ထိ မသိဘူးဟာ ပျံ့နှံရောက်ရှိ၊ ရောက်လေရာ အရပ်မှာ မသိဘူးဟာ မေးခွန်းတွေထားရစ်၊ မသိသားဆိုးရွား လူတွေကြားထဲမှာ ကပ်ရောဂါတစ်ခုလို ကူးစက်ပျံ့နှံ့လို့၊ မျိုးဆက်ပေါင်းများစွာထိ မသိဘူးဟာ အဆင့်ဆင့် လက်ဆင့်ကမ်းမယ့်ပုံ။

ဒီနိုဗို

၃၀ မေ ၂၀၁၁

No comments: