Wednesday, January 18, 2012

လိမ့္ေနတဲ့ဘီး

လိမ့်နေတဲ့ဘီး

ဘီးရဲ့ အဓိပ္ပါယ်

လိမ့်နေတဲ့ဘီးဟာ အမြဲလိမ့်နေရမယ်၊ မလိမ့်ရင် လဲလိမ့်မယ်၊ ဒါကြောင့် လိမ့်နေတဲ့ဘီးဟာ အမြဲတမ်း လိမ့်ချင်တာ သဘာဝပဲ၊ ခိုင်ထူးသီချင်းထဲမှာတော့ အမြဲတမ်းလိမ့်ရင် လုံးပါးပါး

လိမ့်မယ်လို့ သတိပေးတယ်၊ ပါးခါမှ ပါးရောပဲ၊ ဘီးဆိုတာ လိမ့်မှ အဓိပ္ပါယ်ရှိတာမဟုပ် လား၊ တစ်ချို့ကတော့လည်း လည်လွန်းတဲ့ဘီး ချီးပေ လို့ အပြစ်တင်သံနဲ့ ပြောတတ်

ကြပြန်တယ်၊ ပေခါမှပေ ၊ ဘီးဆိုတာ လည်နေရမှာပဲ မဟုပ်လား၊ ဘီးရဲ့ အဓိပ္ပါယ်ဟာမလိမ့်

မချင်း မလည်မချင်း ဖွင့်ဆိုလို့မရဘူး၊

ဘီးရဲ့ အဓိပ္ပါယ်ဟာ လိမ့်ဖို့၊ ဘီးရဲ့အဓိပ္ပါယ်ဟာ လည်ဖို့၊ ဘီးရဲ့ ရည်ရွယ်ချက်ဟာ ရွေ့ဖို့၊

ဘီးရဲ့ အဆုံးသတ်ပန်းတိုင်ဟာ သွားနေဖို့ပဲ၊ ရပ်နားဖို့မဟုပ်ဘူး၊ ဘီးဖြစ်နေရတဲ့ ဘဝမှာ

တခြားသီးခြား ရည်ရွယ်ချက်တွေမရှိဘူး၊ သူ့မှာ ရည်ရွယ်ချက်က ဘီးဖြစ်ပြီ ဆိုကတည်းက

ပြဌာန်းထားပြီးသား၊ ဘီးဟာ ငါဟာ ဘာလဲလို့ မေးစရာမလိုဘူး၊ ဘီးဟာ ငါဟာ ဘာအတွက်လဲလို့ မေးစရာမလိုဘူး၊ ဘီးဟာ ဘဝအဓိပ္ပါယ်တွေ ဘာတွေ ကြီးကြီး ကျယ်ကျယ် စဉ်းစားနေစရာမလိုဘူး၊သူ့ရဲ့ဘဝက အဓိပ္ပါယ် အတိအကျ သတ်မှတ် ထားပြီးသား၊ အဲဒီတော့ အဓိပ္ပါယ်မရှိလိုက်တဲ့ ဘဝကွာလို့ ညီးတွားနေစရာ မလိုဘူး၊

ဘီးရဲ့အလုပ်

အဲဒီတော့ ဘီးဟာ တောင်တောင်အီအီ လျောက်မစဉ်းစားတတ်ဘူး၊ အတွေးရှင်းတယ်၊

သူ့ရဲ့ တစ်ခုတည်းသော တာဝန်ဖြစ်တဲ့ လိမ့်ခြင်း၊ လှိမ့်ခြင်းကိုပဲ တစိုက်မတ်မတ် အာရုံစိုက်တယ်၊ တွေဝေတုန့်ဆိုင်း၊ မေ့မြောငေးငိုင်မနေတတ်ဘူး၊ အရေမရ အဖတ်မရ

အာပေါင်အာရင်း သန်သန် ပြောဆို ဆွေးနွေး နေတာမျိုးတွေ မရှိဘူး၊စကားနပန်း ဆန်ဆန် အပြင်းအထန် အငြင်းသန်နေတာ မျိုးတွေ မရှိဘူး၊ပညာတတ်ဆန်ဆန် ဟိုထင်မြင်ချက်ပေး
ဒီထင်မြင်ချက်ပေး၊ဟိုလို မှတ်ချက်ချ ဒီလို ကောက်ချက်ချနဲ့ ဆရာကြီးလုပ်မနေတတ်ဘူး၊

အဲဒီတော့ ပြဿနာ ကင်းတယ်၊ ဖြေရှင်းနေရတာ မရှိဘူး၊ သူတစ်ပြန်ကိုယ်တပြန် ဆော်နေ

စရာ မလိုဘူး၊ ကိုယ့်လမ်း ကိုယ်သွားယုံပဲ၊ ကိုယ့်ဘီး ကိုယ် လိမ့်ယုံပဲ၊ဘဝ အဓိပ္ပါယ် အတိအကျ မရှိသူတွေ လို ယောင်တောင်တောင် ဝါးတားတားနဲ့ စမ်းတဝါးဝါး ဖြစ်မနေဘူး၊

ဟိုဟာ လက်ညှိုးထိုး၊ ဒီဟာ လက်ညှိးထိုးနဲ့ အပြစ်တင်လွှဲချ သက်ပြင်းတချချ နဲ့ ဖြစ်မနေ ဘူး၊

ဘီးရဲ့ ခရီး

အဲဒီတော့ ဘီးဟာ လှိမ့်စရာ ရှိလှိမ့်တယ်၊ ပတ်စရာ ရှိပတ်တယ်၊ လည်စရာ ရှိ လည်တယ်၊

အမြဲ လည်နေတဲ့ ဘီးဟာ အမြဲ တစ်နေရာရာ မှာ ရှိနေတတ်တယ်၊ တစ်နေရာ မဟုပ် တစ်နေရာ အမြဲ ရောက်နေတတ်တယ်၊ ဟိုနေရာ ဒီနေရာ မှာ အမြဲ တွေ့ရတတ်တယ်၊ အဲဒီ လိမ့်နေတဲ့ ဘီးဟာ နေရာအနှံ့ရောက်တယ်၊ ရှောင်ဇေလီဇေ လမ်းမနဲ့ကရင်မလင်နန်းတော် ကို လည်းရောက်ပြီးပြီ၊ ပိုးလမ်းမတ လျှောက် ကူဗလိုင်ခန်နဲ့လည်း ခရီးအတူသွားခဲ့ဘူး တယ်၊ အမေရိကန် ပြည်တွင်းစစ်ကာလမှာ တောင် ရက်ဘတ္တလာနဲ့ အတူ မှောင်ခို ကုန်

ကူးဖူးသေးရဲ့၊ လမ်းသင့်တဲ့ နေရာရော လမ်းမသင့်တဲ့နေရာရော သူရောက်တယ်၊ လမ်းရှိရှိ မရှိရှိ သူရောက်တယ်၊ ဘီးမှာ အရှိန်ထိန်းတဲ့ ဘရိတ်မပါဘူး၊ သူဟာ အမြဲရှေ့ဆက်ဖို့ ကို စိတ်သန်နေခဲ့တယ်၊ နောက်ပြန်ဆုတ်ဖို့ ဘယ်တုန်းကမှ သူမစဉ်းစားဖူးဘူး၊ ဘီးဟာ

နောက်ပြန်ဆုတ်ဖို့ တီထွင်ထားတာမဟုပ်ဘူး၊ ဘီးရဲ့ နိစ္စဓူဝ မှာ နောက်ပြန်ဆုတ်တဲ့ ကိစ္စ

မပါဘူး။

ဘီးရဲ့ ရှာဖွေမှု

ဘီးဟာ တစ်ခုခု နောက်လိုက်နေတာလား၊ မဟုပ်ရင် ဘီးဟာ ဘယ်လိုတပ်မက်မှုနဲ့ လိမ့်နေခဲ့တာလဲ၊ ဘယ်အရာ တွေ ပေါ်မှာ ‘ယင်း’ ကပ်ပြီး သွေးထဲသားထဲ ချင် ခြင်းတပ် လို့နေခဲ့ တာလဲ၊ ဘီးဟာ တစ်ခုခု ကို ရှာဖွေနေခဲ့တာလား၊ ဒါဖြင့် ထူးထူးခြားခြား ဘယ်အရာ တွေများ ရှာဖွေနေခဲ့တာလဲ၊ ဘီးဟာ မရပ်မနား ဘာတွေများ ရှာဖို့ ကြိုးစား နေခဲ့သလဲ၊

သေချာတာက လမ်းတွေဟာ ဘီးကို အမြဲ ဆွဲဆောင်နေတဲ့အရာတွေပဲ၊ လမ်းမဆုံး သေးသရွေ့ ဘီးက လိမ့် ချင်မိတယ်၊ လမ်းရှိနေသရွေ့ ဘီးက လိမ့်ချင်မိတယ်၊ အဲဒီ လမ်းအဆုံးမှာ တစ်စုံတစ်ရာဟာ အသေအချာ စောင့်မျှော်နေသလိုမျိုး၊ ဘယ်တုန်းကမှ မတွေ့ဖူးတဲ့ တစ်စုံတစ်ရာ၊ဘယ်တုန်းကမှ မကြုံဖူးတဲ့ သစ်လွင်ဆန်းပြားမှု၊ ဘယ်လိုမှ မမျှော်လင့်ထားတဲ့ ကြုံကြိုက်တိုက်ဆိုင်မှု၊ ဘယ်အခါမဆို ပြန်လည်တမ်းတနေရမယ့် အခိုက်အတန့် တစ်ခု၊ ဘီးဟာ အဲဒီအတွက်များ မနေမနား ခရီးသွားနေခဲ့တာလား၊

ဘီးနဲ့လမ်း

ဖြစ်ချင်တော့ လမ်းတွေကလည်း ဘယ်တော့မှ ဆုံးတယ်လို့မရှိ၊ လမ်းတစ်လမ်းရဲ့ အဆုံးဟာ နောက်တစ်လမ်းရဲ့ အစ ဖြစ်နေခဲ့တယ်၊ ဒီလမ်းဆုံးရင် နောက်တစ်လမ်း၊ တစ်လမ်းပြီး တစ်လမ်း၊ တစ်လမ်းပြီး တစ်လမ်း၊ မဆုံးတမ်းပဲ၊ ကမ္ဘာကြီးရဲ့ အဆုံးမှတ်ကို ရှာဖို့ထွက်သွားတဲ့ ကိုလံဘတ်လို ဘီးကလည်း နယ်မြေသစ်တွေများတွေ့မလား၊ အမြဲရှာဖွေနေခဲ့ပုံရတယ်၊ အသစ်ကို ရှာဖွေဖို့ ဆိုတာ အဟောင်းကို အရင် စွန့်ပယ်ဖို့ လိုတယ်ဆိုတာ လိမ့်နေတဲ့ဘီးက သဘောပေါက်တယ်၊ဒီတော့ကာ နေရာဟောင်းကို စွန့်ခွာဖို့ လိမ့်နေတဲ့ ဘီးဟာ အမြဲ အသင့်ဖြစ်နေခဲ့တယ်၊ ဘီးဟာ တစ်လမ်းဆုံးတိုင်း

နောက်တစ်လမ်း စဖို့ အမြဲ နိုးကြားနေတယ်၊ နေရာတစ်နေရာမှာ ကျောက်ချနေဖို့ဆိုတာ လိမ့်နေတဲ့ဘီးအတွက် တော့ ဝဋ်ကြွေးပဲ၊ ဘီးဟာ ဘယ်လောက် ခရီးပေါက်ခဲ့ပြီဆိုတာ

ဘယ်တော့မှ မကြွားဝါဘူး၊ ဘယ်လောက် ခရီးဆက်ရဦးမလဲပဲ အမြဲ စိတ်စောနေခဲ့တယ်၊

ဘီးရဲ့ အလင်္ကာ

တစ်ဘက်ကကြည့်ရင် လိမ့်နေတဲ့ ဘီးဟာ စီးနေတဲ့ မြစ်တစ်စင်းပဲ၊ သူဟာ လမ်းတစ် လျောက် မြင်ကွင်းအစုံကို ဖြတ်သန်းလာခဲ့တယ်၊ ဖြစ်ရပ် အစုံကို တွေ့မြင်လာခဲ့တယ်၊

သဘာဝအတိုင်းဖြစ်နေတဲ့အရာတွေရော၊ သဘာဝမကျစွာ ဖြစ်နေတဲ့အရာတွေရော၊

ဖြစ်ရိုးဖြစ်စဉ်တွေရော၊ တလွဲတချော်တွေရော၊ ဖြစ်သင့်ဖြစ်ထိုက်တာတွေရော၊ မဖြစ်သင့်

မဖြစ်ထိုက်တာတွေရော၊ ကြည်နူးစရာတွေကြုံခဲ့သလို၊ ဝမ်းနည်းစိတ်မကောင်းစရာ တွေလည်းကြုံခဲ့တယ်၊ အားတက်ပီတိဖြစ်စရာတွေ ကြုံဖူးသလို၊ ရင်ထုမနာ ဖြစ်လောက်

စရာတွေလည်း ကြုံရတယ်၊ ဒါပေမယ့် လိမ့်နေတဲ့ ဘီးကတော့ အရာရာတိုင်းကို မတုန်မလှုပ် လက်ခံလို့၊ အရှိအတိုင်း မှတ်ယူလို့။ဖြတ်သန်းမှုကို သမိုင်းလို့ယူရင် လိမ့်နေတဲ့

ဘီးဟာ တလှုပ်လှုပ် သွားနေတဲ့ သမိုင်းပဲ၊ စာအုပ်စင်တွေပေါ်က ငြိမ်သက်တိတ်ဆိတ်နေတဲ့

သမိုင်းလိုမျိုး ပျင်းရိဖွယ်မရှိ၊ ပကတိ လှုပ်ရှားသက်ဝင်နေတဲ့ သမိုင်း။

ဘီးရဲ့ အနာဂါတ်

ဘီးဟာ ဘယ်သောင်ဘယ်ကမ်းဆိုက်မလဲ၊ ဘယ်ချောင်မှာ ဘဝဆုံးရမလဲ၊ ဘီးကိုယ်တိုင်လဲ

မသိဘူး၊ ဘီးသိတာက လှိမ့်နေသေးသရွေ့တော့ ဘဝမဆုံးသေးဘူးဆိုတာပဲ၊ အဲဒီ တော့

ဘီးရဲ့ လှိမ့်နေမှုဟာ တစ်နည်းအားဖြင့်တော့ သေခြင်းတရားကနေ ထွက်ပြေးနေမှုပဲ မဟုပ်

လား၊ ရှေ့မှာ မြင်နေရသေးတဲ့လမ်းတွေဟာ ရှင်သန်ခြင်းရဲ့ နိမိတ်ပုံတွေ၊ တံလျှပ်တွေနဲ့

လမ်းဟာ ဘီးကို မြစ်တစ်ဖက်ကမ်းကူးနေတဲ့ ဝိညာဉ်တစ်စလို ထင်ယောင်လာစေလို့၊ ဘီးဟာ မောပင်မယ့်လည်း ပြေးနေရတယ်၊ မောတော့မောတာပေါ့၊ ဒါပေမယ့်လည်း၊

ရပ်လိုက်တာနဲ့ သေခြင်းတရားက မှီလာလိမ့်မယ် မဟုပ်လား၊အဲဒီတော့ ဘီးဟာ တကိုယ်ရည်လမ်းပေါ်မှာ အမြဲမပြတ်လိမ့်လို့၊ ရှေ့မှာ လည်းဘာမှ မရှိ၊ အနောက်မှာလည်း

ဘာမှ မရှိ၊ ဘယ်ဆီရောက်မယ်လဲမသိ၊ ဘယ်တော့ရောက်မယ်လဲ မသိ၊ ဘယ်မှာ ဆုံးမယ်လဲမသိ၊ ဘုမသိ ဘမသိ ဘီးဟာ အတုအပမရှိတဲ့ ဘဝကို ဖြတ်သန်းလို့၊ အဲဒီမှာအမြဲ

တစ်ကိုယ်ထဲ လိမ့်ဆဲ။



ြက်ာ့ သေခြင်းတရားကာပဲ၊ အဲဒီ ွဲ့သီရဲ့ နိစ္စဓူဝ မှာ ဒီနိုဗို

၁၂ ဂျူလိုင် ၂၀၁၁

Font: WinUniInnwa

No comments: