Friday, January 27, 2012

ရပ်နားခြင်း ရောက်ရှိခြင်းနှင့်....

ရည်ညွှန်းချက်။ ။ ခံစားတတ်သူများ နှင့် မခံစားတတ်သူများ အတွက်.................

ရပ်နားခြင်း ရောက်ရှိခြင်းနှင့်....

(၁)

ယနေ့ စနေ နေ့ ဖြစ်သည်၊ ထို့ကြောင့် မနက်ဖြန်သည် တနင်္ဂနွေ ဖြစ်ရပေမည်၊

ကျွန်တော်သည် တနင်္ဂနွေနေ့ဆီ သွားနေခဲ့သည်

ကျွန်တော်သည် သူမဆီ သွားနေခဲ့သည်၊

ကျွန်တော်သည် မြေနီလမ်းလေးဆီ သွားနေခဲ့သည်။

သူမသည် ကျွန်တော်ချစ်သော သူ ဖြစ်သည်၊ ထို့ကြောင့် သူမသည် ကျွန်တော့် ချစ်သူ ဖြစ်ရပေမည်။

ကျွန်တော်သည် သူမကို မြတ်မြတ်နိုးနိုး ချစ်နေခဲ့သည်

ကျွန်တော်သည် တနင်္ဂနွေကို မြတ်မြတ်နိုးနိုး ချစ်နေခဲ့သည်

ကျွန်တော်သည် မြေနီလမ်းလေးကို မြတ်မြတ်နိုးနိုး ချစ်နေခဲ့သည်

မြေနီလမ်းလေးသည် တစ်စုံတစ်ရာ လပ်ဟာနေသော လမ်းကလေး ဖြစ်သည်၊ ထို့ကြောင့် လမ်းကလေးသည် ငြိမ်ဆိတ်ဆွံ့အ၍

နေခဲ့သည်။

ကျွန်တော်သည် လမ်းကလေးကို တစ်စုံတစ်ရာ ဖြည့်ဆည်းပေးချင်မိသည်

ကျွန်တော်သည် တနင်္ဂနွေကို တစ်စုံတစ်ရာ ဖြည့်ဆည်းပေးချင်မိသည်

ကျွန်တော်သည် သူမကို တစ်စုံတစ်ရာ ဖြည့်ဆည်းပေးချင်မိသည်။

xxxxxxxxxxxxxxxxxxxxxxx

(၂)

ဤသို့ဖြင့်...

အမြဲလိုပင်

တနင်္ဂနွေသည် သူမ ဖြစ်သွားခါ မြေနီလမ်းကလေးတစ်လျှောက် အချိန်မှန် လျှောက်လှမ်း၍ လာနေခဲ့ပါသည်။

အမြဲလိုပင်

မြေနီလမ်းကလေးသည် ကျွန်တော်ဖြစ်သွားကာ အစဉ်အမြဲ ငြိမ်ဆိတ်ဆွံ့အလျက် တစ်စုံတစ်ရာကို လပ်ဟာ၍ ကျန်ရစ်ပါသည်။

အမြဲလိုပင်

သူမသည် ကျွန်တော့်ကို အကြိမ်ကြိမ် ဖြတ်ကျော်ကာ တနင်္ဂနွေများစွာကို စုပုံချန်ထားရစ်ခဲ့ပါသည်

xxxxxxxxxxxxxxxxxxxxx

(၃)

ကျွန်တော်သည် တနင်္ဂနွေနေ့များသာ ပါဝင်သော ပြက္ခဒိန် တစ်စောင်လည်း ဖြစ်ပါသေးသည်။

ဒီနိုဗို ရေးသားသည်

မှတ်ချက်။ ။ နှစ်ဆယ်ရာစု နှောင်းပိုင်းတွင် ရေးဖြစ်ခဲ့ပါသည်။

No comments: