Tuesday, April 10, 2012

သက်တံဖမ်းသူ



          ဘောလုံးစကားဖြင့်ပြောရလျှင် လူငယ်ဆိုသည်မှာ Line up မဝင်သေးသော အရန်ကစားသမားများသာ ဖြစ်ပါသေးသည်။ ကိုယ့်ထက် အတွေ့အကြုံ၊ ကျွမ်းကျင်မှု၊ ကြံ့ခိုင်မှု အဘက်ဘက်က သာသောသူများကို အရန်ခုံတန်းက ထိုင်ကြည့်ပြီး အားကျနေသော အရွယ်ဖြစ်သည်။
            တစ်ချိန်တည်းတွင် သူသည် လူကြီးယောင်ဆောင်ထားသော ကလေးတစ်ယောက်လည်း ဖြစ်နေခဲ့ပါသေးသည်။ လွန်းထားထားနှင့် တာရာမင်းဝေကို စတင်ဖတ်ရှုစပြုနေသော်လည်း မြိုင်ရာဇာတွတ်ပီနှင့် ဒီရဲဂျာတို့ကိုလည်း လက်မလွှတ်သေးသောအရွယ် ဖြစ်သည်။ အာနိုးတို့၊ စတားလုန်းတို့ကို ကျိတ်ပြီးအားကျနေမိသော်လည်း ညအမှောင် အိမ်သာရှိရာ ထမသွားရဲသေးသောအရွယ်လည်းဖြစ်သည်။
            တကယ်တော့ လူငယ်ဆိုသည်မှာ ကလေးတစ်ဆ၊ လူကြီးတစ်ဆ၊ နတ်သားတစ်ဆ အချိုးကျရောစပ်ထားသော လူသားဖြစ်ပါသည်။ ကလေးတစ်ယောက်၏ ဖြူစင်ရိုးသားမှု မကုန်ခန်းသေးသလို လူကြီးတစ်ယောက်၏ လူမှုဆက်ဆံရေးဘဝထဲ စတင်ဝင်ရောက် နေသော ကာလလည်းဖြစ်သည်။ အထူးခြားဆုံးမှာ နတ်သားတစ်ပါးလို လှပဆန်းပြားခမ်းနားကြီးကျယ်သောအရာများကို စိတ်ကူးတွေးထင် ခံစားနားလည်နိုင်စွမ်းရှိခြင်းပင်။ လူ့ဘဝ၏ ဘယ်အစိတ်အပိုင်းတွင်မှ မရှိနိုင်သော အရည်အသွေးပင် မဟုတ်ပါလား။ (တကယ် တမ်း လူ့ဘဝသည် ဘယ်တုံးကမှ ခမ်းနားခြင်းမရှိခဲ့သလို လှပခြင်းလည်း ကင်းနေခဲ့ပါသည်။)
            ဘောဂဗေဒရှုထောင့်မှ ကြည့်လျှင်တော့ လူငယ်ဆိုသည်မှာ အကြီးမားဆုံးသော ဝယ်လိုအား အစုကြီးဖြစ်နေခဲ့သည်။ အရောင်းမြှင့်တင်ရေး မန်နေဂျာများ၏ အဓိက ပစ်မှတ်ဟုဆိုလျှင်လည်း မှားမည်မထင်။
            သာဓကပြရလျှင် နာမည်ကျော် Levi လီဗိုင်းဂျင်းကုမ္ပဏီကြီးသည် မူလက အလုပ်သမားလူတန်းစားကို ရည်ရွယ်ထုတ်လုပ်ခဲ့သော်လည်း အောင်မြင်မှုမရ။ နောက်ပိုင်းတွင်လူငယ်ထု၏ သင်္ကေတအသွင် ဖန်တီးနိုင်ခဲ့သဖြင့် အောင်မြင်မှုရလာခဲ့သည်။
            တစ်ဖန် လူငယ်ဆိုသည်မှာ တက်ကျမ်းရေး ဆရာများ၏ မကုန်ခန်းနိုင်သော ဈေးကွက်ကြီးလည်းဖြစ်သည်။ တောက်မည့်မီးခဲကို ယပ်ခတ်ပေးရသောအလုပ်သည် သိပ်မခက်ခဲလှသော်လည်း လိုအပ်သောအလုပ်တစ်ခုဖြစ်ပါသည်။ သို့သော် တစ္ဆေမကြောက် အောင် မျက်စိအတင်းမှိတ်ခိုင်းခြင်းမျိုးကတော့ သိပ်လက်တွေ့မကျဟု ထင်မိပါသည်။
            သေသေချာချာတွေးကြည့်လျှင် လူငယ်ဘဝသည် အုပ်စုစိတ်ဓါတ် အပြင်းပြဆုံးကာလလည်း ဖြစ်လို့နေသည်ကိုတွေ့ရပါသည်။ ကိုယ့်အမည်ကို လူအများရှေ့ ထုတ်ပြောဖို့သာ မဝံ့မရဲဖြစ်ချင်ဖြစ်နေမည်၊ လူညီလျှင်တော့ ဘာမဆိုလုပ်ဖို့ဝန်မလေးသော ကာလ ဖြစ်သည်။
            လူငယ်များ၏ အိတ်ကပ်တိုင်းတွင်မနက်ဖြန်ဆိုတာရှိနေခဲ့သည်။ ထိုမနက်ဖြန်သည် လူကြီးဘဝတွင် အလိုအလျောက် ကုန်ခန်းသွားရမည့် သယံဇာတဖြစ်သည်။ လူကြီးဘဝ၏ ထာဝရ နှမြောတသနေရသော အသက်ဇီဝ ဖြစ်သည်။ လူငယ်များအပေါ် မနာလိုဝန်တိုဖြစ်ရခြင်း၏ အဓိကတရားခံလည်းဖြစ်သည်။ လူကြီးတစ်ယောက်အတွက် အရာရာတိုင်းသည်ယနေ့အတွက်သာဖြစ်သည်။ သည့်ထက် ပို၍ ဘာအဓိပ္ပါယ်မှမရှိနိုင်တော့။
            သို့သော်လည်း ထိုမနက်ဖြန်သည် လူငယ်များအတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုထက် ဘာမှမပိုခဲ့။ မနက်အိပ်ရာထသည်မှ ညအိပ်ရာဝင်ချိန်ထိမနက်ဖြန်အတွက် ထည့်သွင်းစဉ်းစားနေခဲ့ရသည်။ ကိုယ်တက်မည့်ကျောင်းကို ရွေးချယ်ဖို့အတွက်လည်းမနက်ဖြန်ကိုမျှော်ကြည့်ရသည်။ ကိုယ်ယူမည့်ဘာသာရပ်အတွက်လည်း မနက်ဖြန်ကို မျှော်ကြည့်ရသည်။ ကိုယ်ရွေးချယ်မည့်အလုပ်အကိုင်အတွက်လည်းမနက်ဖြန်ကို မျှော်ကြည့်ရသည်။ တကယ်တော့ လူငယ်ဆိုတာ ဘာမျှမဟုတ်၊မနက်ဖြန်နှင့်တွေ့ဆုံဖို့ ချိန်းဆိုထားသောယနေ့ ကိုယ်စားလှယ်တစ်ယောက်သာဖြစ်ပါသည်။ ဘာမှမှတ်မှတ်သားသား မကျန်ရစ်သောအချိန်ကာလနှစ်ခု၏ ထင်ရှားသိသာသော ဆက်စပ်မှုလည်းဖြစ်ပါသည်။ Side A နှင့် Side B နှစ်ခုစလုံးကို တစ်ပြိုင်တည်း မှတ်သားထားသော တိပ်ခွေ တစ်ခွေလိုယနေ့နှင့်မနက်ဖြန်ကို တစ်ပြိုင်တည်း နေထိုင်အသက်ရှင်နေရသော လူတစ်ယောက်လည်း ဖြစ်နေခဲ့ပေသေးသည်။
            အကူးအပြောင်းကာလမှန်သမျှသည် တည်ငြိမ်မှုနည်းတတ်သော သဘောရှိပါသည်။ လူငယ်ဆိုသည်မှာလည်း ကလေးဘဝမှ ကိုယ့်တာဝန်ကိုယ်ယူတတ်သောလူကြီးဘဝသို့ ကူးပြောင်းသော ကြားကာလတစ်ခုသာဖြစ်သဖြင့် အင်မတန် လှုပ်ရှားပြောင်းလဲမှု များသောကာလ ဖြစ်နေခဲ့ပါသည်။ လူငယ်ဘဝ၏ မရေရာမှုများ၊ လူငယ်ဘဝ၏ စိတ်လှုပ်ရှားမှုများ၊ လူငယ်ဘဝ၏ ယုံကြည်မှုလွန်ကဲခြင်းများနှင့် ပတ်သက်၍ ဂျေဒီစလင်းဂျား၏ Catcher in the Rye (ဆရာမြသန်းတင့် ဘာသာပြန်သောလေလွင့်သူ’)သည် အကောင်း ဆုံးဖော်ပြနိုင်သောဝတ္ထု ဖြစ်ပါသည်။ မူရင်းဝတ္ထု၏ခေါင်းစဉ်ကို တိုက်ရိုက်ပြန်ဆိုရလျှင်ဂျုံခင်းထဲတွင် လိုက်ဖမ်းသူဟုအဓိပ္ပါယ်ရပါသည်။ ဝတ္ထုထဲက ဇာတ်ကောင်လူငယ်လေးသည် မျှော်မဆုံးသောဂျုံခင်းကြီးထဲတွင် ဘာတွေကိုများ လိုက်လံရှာဖွေနေခဲ့ပါသနည်း။ ဘာတွေကိုများ ဆုပ်ကိုင်ဖို့ကြိုးစားနေခဲ့ပါသနည်း။ မရေရာသော သူ့အနာဂါတ်ကိုလား။ ဒါမှမဟုတ် ခိုင်ခိုင်မာမာမရှိသေးသော သူ၏ ဖြစ်ရှိနေမှု(Identity)ကိုလား၊ မည်သူမျှ အသေအချာမပြောနိုင်ပါ။
            အသေအချာပြောနိုင်သည်ကတော့ လူငယ်ဘဝဆိုသည်မှာ (ဝတ္ထုထဲက ညတစ်ညလိုပင်) အလွန်လျင်မြန်စွာ ဖြတ်သန်းကုန်လွန်သွားရသော ကာလတိုလေးသာ ဖြစ်ပါသည်။ လူငယ်တစ်ယောက်သည် (ပတ်ဝန်းကျင် ပယောဂကြောင့်ဖြစ်စေ) လူငယ်ဘဝကို စတင်သာယာစပြုလာချိန်လေးတွင်ပင် လူကြီးတစ်ယောက်အဖြစ် သူကိုယ်တိုင်ပင် သတိမထားမိဘဲ ကူးပြောင်းရောက်ရှိသွားရပါတော့သည်။ သတိထားမိလိုက်ချိန်တွင်တော့ သူသည် လူကြီးလုံးလုံး ဖြစ်နေခဲ့လေပြီ။ သူဘယ်တုံးကမှ စိတ်ကူးမကြည့်ခဲ့ဖူးသော တာဝန် နှင့်ဝတ္တရားများသည် သူ၏အဝတ်အစားများသဖွယ် ကိုယ်ခန္ဓာနှင့် တစ်သားတည်းဖြစ်နေသည်ကို အလန့်တကြား သိရှိသွားရသောအချိန်တွင်တော့ သူ၏လူငယ်ဘဝသည် နှမြောတသဖွယ်ရာ ကုန်ဆုံးပျောက်ကွယ်သွားခဲ့ပြီဖြစ်ကြောင်း စိတ်မပါ့တပါနှင့် ဝန်ခံလိုက်ရပါ တော့သည်။
            ဤမျှ တိုတောင်းလျင်မြန်လှသော လူ့ဘဝကာလကလေးတွင် အဆိုအမိန့်များ၊ လမ်းညွှန်ချက်များ၊ သြဝါဒအမှာစကားများဖြင့် ထပ်မံ၍ နှိပ်စက်ရဦးမည်ဆိုလျှင်တော့ အတော့်ကို မတရားရာ ကျပေလိမ့်မည်။ ထို့ပြင် ရှေးအဆိုအမိန့်များဖြင့် မွန်းကျပ်လှောင်ပိတ် နေခဲ့သော ခေတ်ကာလကြီးသည်လည်း ကုန်ဆုံးစပြုလာခဲ့သည်မှာ ထင်ရှားသည်ထက် ထင်ရှားလာခဲ့လေပြီ။ ရှင်သန်ခြင်းမရှိတော့သော အဆိုအမိန့်များ ပြိုကျပျက်ဆီးနေသည့် ယနေ့ Post-modern ခေတ်ကြီးထဲတွင် လူငယ်များအဖို့ ကိုယ့်အမှန်တရားနှင့်ကိုယ် နေထိုင်လာခဲ့ကြသည်ကို သတိထားကြည့်လျှင် သိနိုင်ပေသည်။ ထို့အတွက် ကန့်ကွက်စရာလည်းအကြောင်းမရှိပါ။ ကန့်ကွက်၍လည်း မရနိုင်ပါ။ နောက်ဆုံးအနေနှင့် ပြောချင်သည်မှာ လူငယ်ဆိုသည်မှာ မိုးရွာပြီးစနှင့် နေပူခါစ ပေါ်လာသော သက်တံတစ်ခုနှင့် တူပါသည်။ သူ၏အလှကို အားကျမနာလို ဖြစ်နိုင်ပါသည်။ တကယ့်အရှိတရားမဟုတ်ဟု ငြင်းဆိုကောင်းငြင်းဆိုနိုင်ပါသည်။ သို့သော် ၎င်းကို ဖျက်ဆီး၍မရသလို၊ ဖန်တီး၍လည်းမရနိုင်ပါ။ သို့သော် မကြာမီ ပျောက်ကွယ်ကုန်ဆုံးသွားရတော့မည် ဆိုတာကိုတော့ သတိချပ်ဖို့ အရေးကြီးလှပါတော့သည်။
March, 2005, The Light of English

No comments: