“ကဲ
သုတ်သုတ်လေးတက်မယ်၊ နောက်ကားပါလာလို့၊ ရှေ့ကတက်သွားတဲ့သူတွေ
အဲဒီအဝမှာ ပိတ်ပြီးရပ်မနေကြပါနဲ့ဗျာ၊
အထဲလိုက်ဝင်ကြပါ၊ ခင်ဗျားတို့ ဘတ်စ်ကားနေ့တိုင်းစီးနေကြတာပဲ
မပြောပါရစေနဲ့………”
မည်သူကစတင်ခေါ်ဝေါ်လိုက်သည်မသိ၊
စပယ်ယာဟု မြန်မာပြည်တွင် လူအများသိထားကြသော ဘတ်စ်ကားလက်မှတ်ရောင်း၏
တစ်ကိုယ်တော် ဆိုလိုပိုဒ်တစ်ပိုဒ် ဖြစ်ပါသည်။ ဆိုလိုဟုပြောရသည်မှာ သူပြောသောစကားကို အတွန့်တက်၍ ငြင်းဆန်မည့်သူမရှိသလို
သံယောင် လိုက်၍ ပြောဆိုမည့်သူလည်း ကင်းမဲ့နေသည့် ပေကတ်ကတ် ခေါင်းမာမာ လူအုပ်ကြီး၏ တုံဏိဘာဝေတုံ့ပြန်မှုအလယ်တွင်
သူ့အက်ကွဲကွဲအသံကြီးမှာ
ခြောက်ကပ်ကပ်ကြီး ထွက်ပေါ်နေသောကြောင့် ဖြစ်ပါသည်။
သို့သော်
ခရီးသည်များထံမှ သံပြိုင်ကောရပ်ပိုဒ်များလည်း
ရံဖန်ရံခါ ထွက်ပေါ်လာတတ်ပါသေးသည်။
ဆိုကြပါစို့၊ “မြေနီကုန်းမှတ်တိုင် ပါသေးလား” ဟု စပယ်ယာက မေးလိုက်သည့်အခါမျိုးတွင် “ပါတယ်ဗျို့” ဟု သံပြိုင်ဟစ်ကြွေးကြပုံက
သံစုံတီးဝိုင်းကြီး တစ်ဝိုင်းနှင့်ပင် ဆင်ဆင်တူနေ သေးတော့သည်။ ဘတ်စ်ကားတစ်စီးပေါ်မှ တေးသံသာများသည် နိစ္စဓူဝ မ.ထ.သကို အားကိုးနေရသော လူများစုအတွက်တော့ ရိုးအီနေသော သီချင်းဟောင်းတစ်ပုဒ်လို
ဖြစ်နေခဲ့ပါသည်။
ထို့ကြောင့်
လူအများစုမှာ ဘတ်စ်ကားပေါ်ရောက်သည်နှင့်
ရပ်စရာတစ်နေရာရှာကာ စိတ်ဖြင့် မြင်းကုန်းနှီးပေါ် ရွက်လွှင့်နေတော့သည်။
စပယ်ယာနှင့်
ဒရိုင်ဘာတို့၏ ဆဲဆိုငေါက်ငမ်းသံ၊ ရှေ့နောက်ဘေးဘီမှ လူနံ့၊ ချွေးနံ့တို့ကို ယာယီမေ့လျော့ကာ စိတ်ကူးနယ်ပယ်ထဲ လှည့်လည်လို့နေကြသည်။
တစ်ခါတစ်ရံ နောက်ကလူက ဖိတွန်းလိုက်ပြီး၊ ရှေ့ကလူက တံတောင်ဖြင့်ထောက်ထားလိုက်သည့်
အနေအထားမျိုးတွင်မှ မိမိတည်နေရာနှင့် ပထဝီအနေအထားကို သတိပြုမိပြီး အကျဉ်းအကျပ်မှ ရုန်းထွက်ဖို့ကြံရပါသည်။
ဤနေရာတွင်
အကျဉ်းအကျပ်ဆိုသောစကားကို
အင်္ဂလိပ်ဝေါဟာရ crisis နှင့် မှားယွင်းနားလည်သွားခြင်း
မဖြစ်ရလေအောင် အနည်းငယ်ရှင်းပြဖို့လိုလာပါသည်။
အဘယ်ကြောင့်ဆိုသော်
ဘာသာစကားများသည် တစ်ခါတစ်ရံ ဆိုလိုချင်သော အဓိပ္ပါယ်ကိုရရှိဖို့ အနည်းငယ်မျှသာ အသုံးဝင်တတ်ပြီး အတော်များများမှာ အသုံးမဝင်သည်ထက်ပင် ဆိုးပါသေးသည်။ အဘယ်ကြောင့်ဆိုသော် နားလည်မှုလွဲမှားခြင်းသည်
အန္တရာယ်အတော်များများကို ဖိတ်ခေါ်နေသောကြောင့် ဖြစ်ပါသည်။
ယခုကိစ္စတွင်လည်း
ကျွန်တော်ပြောချင်သော အကျဉ်းအကျပ်ဆိုသည်မှာ အမှန်တကယ်ကျဉ်းပြီး
အမှန်တကယ်ကျပ်ခြင်းကို ဆိုလိုပါသည်။ ဘတ်စ်ကားမစီးဖူးသူများ
မျက်စိထဲတွင်မြင်လာအောင် ပုံကြမ်းအနည်းငယ် ရေးခြစ်ပေးပါရစေ။
ယနေ့ပြေးဆွဲနေသော
ဘတ်စ်ကားအများစုမှာ ကိုးရီးယားထုတ် ဒေဝူး၊ ဟွန်ဒေးကားများသာ ဖြစ်ပါသည်။
ထိုကားများတွင် ဘယ်ညာနှစ်ဖက်ခွဲ၍ ထိုင်ခုံများတပ်ဆင်ထားလေ့ရှိသည်။ တစ်ခါတစ်ရံ
နှစ်ယောက်တွဲထိုင်ခုံများဖြစ်ပြီး တစ်ခါတစ်ရံ လုံးချင်းများသာ တပ်ဆင်ထားသည်မျိုး လည်း
ရှိတတ်ပါသည်။ ဘယ်ဘက်အခြမ်းတွင် နှစ်ယောက်တွဲထိုင်ခုံများနှင့် ညာဘက်တွင်
လုံးချင်းများသာ တပ်ဆင်ထားသည်မျိုးလည်း ရှိတတ်ပါသည်။
ထိုထိုင်ခုံများဘေးတွင်မှ
လူများက တန်းစီမတ်တပ်ရပ်ရသည်။ ဘယ်တစ်တန်း၊ ညာတစ်တန်း၊ ခရီးသည်များလာသောအခါ
ဘယ်နှစ်တန်း၊ ညာနှစ်တန်း ဖြစ်လာပါသည်။ ခရီးသည်များ ဝင်ထွက်ရန် အလယ်အူကြောင်းမှာ ‘ဆင်သွားလျှင်
လမ်းဖြစ်’ ဆိုသောစကားနှင့် ခပ်ဆင်ဆင် လူ အတင်းတိုးသွားမှသာ
လမ်းဖြစ်ပါတော့သည်။
ဤကြားထဲ လောဘကြီးသော စပယ်ယာတစ်ချို့က
လူသွားလမ်းပါမချန် တွန်းတင်တွန်းထိုး လုပ်လာသောအခါ ဘတ်စ်ကားအတွင်းမှ သိပ်သည်းဆမှာ ပေါက်ကွဲမှုတစ်စုံတစ်ရာ
ဖြစ်ဖို့ရာလုံလောက်ရုံမက ကျော်လွန်၍ပင်နေခဲ့ပြီဖြစ်သည်။ ဤမျှဆိုလျှင်တော့ ကျွန်တော်ပြောချင်သော
အကျဉ်းထဲအကျပ်ထဲ ဆိုသောစကားကို သဘောပေါက်တန်ကောင်းပါပြီဟု ယူဆမိပါသည်။ သံသရာကြီးထဲ
လှည့်ပတ်နေရသလိုလို ထင်မှတ်မှားလာမိသည်။ တစ်မှတ်တိုင်ဝင်၊ တစ်မှတ်တိုင်ထွက်နှင့် မြို့တစ်ပတ်မောင်းနေသည်မှာ
ဆိုယုအာကာသယာဉ် ကမ္ဘာတစ်ပတ်ပတ်သည်ထက်ပင် ကြာပေလိမ့်ဦးမည်။ ဤတော့လည်း စီးနင်းလိုက်ပါလာသော
ခရီးသည်များမှာ နိုးတစ်ဝက်၊ အိပ်တစ်ဝက်ဖြင့် အိပ်မွေ့ချခံထားရသူများပမာ ဖြစ်နေသည်မှာ
မထူးဆန်းလှပေ။
မှတ်ချက်။ ။
အပြည့်အစုံကို မစဉ်းစားမိတဲ့ ကိစ္စ အက်ဆေးစုစည်းမှု စာအုပ်တွင် ဆက်လက် ဖတ်ရှုနိင်ပါသည်။
မှတ်ချက်။ ။
အပြည့်အစုံကို မစဉ်းစားမိတဲ့ ကိစ္စ အက်ဆေးစုစည်းမှု စာအုပ်တွင် ဆက်လက် ဖတ်ရှုနိင်ပါသည်။
No comments:
Post a Comment