Friday, April 27, 2012

နံနက်ခင်းတစ်ခုနှင့်လိုက်ပါခြင်း



            တစ်ညလုံးပိတ်ထားခဲ့သော မျက်လုံးနှစ်လုံးကို စတင်ဖွင့်လှစ်ရန်သတိပြုမိချိန်တွင် ကျွန်တော်၏အခန်းထဲ၌ တစ်စုံတစ်ရာရောက်ရှိနေခဲ့သည်ကို ချက်ချင်းလိုလို ရိပ်စားမိခဲ့ပါသည်။ ဤအသိမှာ အာရုံသိလား၊ ဆင်ခြင်သိလား၊ ကျွန်တော်နားမလည်ခဲ့သော်လည်း ယင်းတစ်စုံတစ်ရာမှာ ပြတင်းပေါက်မှ ဝါးလုံးထိုးကျဆင်းလာသော နေရောင်၊ လေညှင်းနှင့် အစဉ်အလာ မနက်ခင်းတစ်ခုဖြစ်မှန်း ကျွန်တော်နားလည်ခဲ့ပါသည်။ ဤမနက်ခင်းသည် ယခင့်ယခင် မနက်ခင်းများထက် အဘယ်မျှပိုလှသည်ကို တိုင်းတာရန် ကျွန်တော့်တွင် ယူနစ်အတိအကျမရှိသော်လည်း ထိုမနက်ခင်းများထက် ၄၊ ၅ဆ ပို၍လတ်ဆတ်သည်ဟု ကျွန်တော့်စိတ်ထဲတွင် သေချာ၍နေပါသည်။
            ဤလိုမနက်ခင်းမျိုးတွင် အလွန်တက်ကြွလန်းဆတ်သော စိတ်ကူးများရောနှောပါလာလေ့ရှိကြောင်း ကျွန်တော့်အတွေ့အကြုံအရ ပြောနိုင်သော်လည်း ယင်းစိတ်ကူးများသည် လက်တွေ့နှင့် မအပ်စပ်လောက်အောင် အလွန်နူးညံ့သိမ်မွေ့ကြောင်းလည်း ကျွန်တော်သိထားခဲ့ပါသည်။ တကယ်တော့ မနက်ခင်းသည် မနက်ခင်းတစ်ခုသာဖြစ်ပါသည်။ စိတ်ကူးသည်လည်း စိတ်ကူးသက်သက်သာ ဖြစ်ပါသည်။ ကျွန်တော်သည်လည်း ကျွန်တော်သာဖြစ်ပါသည်။ မနက်ခင်း၊ စိတ်ကူးနှင့် ကျွန်တော်တို့သည် ယာယီတိုက်ဆိုင်မှု သာဖြစ်ပြီး အချိန်တန်လျှင် ခွဲကြရမည်ကို အလိုလိုသိနေခဲ့ပါသည်။ တုံ့နှေးမှု အနည်းအကျဉ်းရှိသော်ငြား ကျွန်တော်သည် ယင်းတို့နှစ်ဦးကို ယာယီထားရစ်နိုင်ခဲ့ပါသည်။
            မနက်ခင်းကို တွေ့ဆုံဖို့ရာ ကိုယ်လက်သန့်စင်ဖို့ လိုအပ်မှန်း လူတွေသဘောပေါက်ဖို့ လွန်စွာအရေးကြီးလှပါသည်။ ဤအချက်မှာ အီရတ်ရှိ ဓာတုလက်နက်များထက် ပို၍အရေးကြီးပါသည်။ ဒိုင်ယာနာ၏ ဈာပနထက်လည်း အရေးကြီးပါသည်။ အာရှငွေကြေး အကျပ်အတည်းထက်လည်း ပို၍အရေးကြီးပါသည်။ ဤအချက်ကို သဘောမပေါက်ကြသောကြောင့် မနက်ခင်းသည် အခိုးထနေသော မျက်လုံးများအောက်တွင် မကြည်မလင်ဖြစ်နေခဲ့ပါသည်။ ညစ်ပတ်ပေရေနေသော လက်များထဲတွင် မစင်မကြယ်ဖြစ်နေခဲ့ပါသည်။ ပုပ်စပ်နံဟောင်နေသော အနံ့များကြားတွင် ရွံရှာဖွယ်အတိဖြစ်နေခဲ့ပါသည်။
            ကိုယ်လက်သန့်စင်ပြီးသည်နှင့် ကျွန်တော်သည် စိတ်ကူးများကို နံဘေးမှာအသာချပြီး နံနက်ခင်းကို လက်ဆွဲနှုတ်ဆက်ရန် ဝရန်တာသို့ ထွက်လာခဲ့ပါသည်။ နေရောင်၏ ဒီဂရီအပြောင်းအလဲတွင် မနက်ခင်းသည် အတောင်ပံဖြန့်ကားနေသည့် ဒေါင်းမ တစ်ကောင်လို တည်ငြိမ်မှု၊ ထည်ဝါမှုတို့ဖြင့် ဣနြေ္ဒရရကမြူးလျက်။
            မနက်ခင်းကို အားပါးတရ ရှိုက်အသွင်း၊ လန်းဆတ်မှုတို့ တစ်ကိုယ်လုံး စီးဝင်လာခဲ့သည်။ ကျွန်တော်၏ ခြေလှမ်းများသည် မနက်ခင်းထဲဝင်ရောက်ရန် အသင့်ဖြစ်နေခဲ့ပါပြီ။

မှတ်ချက်။        ။ အပြည့်အစုံကို မစဉ်းစားမိတဲ့ကိစ္စ အက်ဆေးစုစည်းမှု စာအုပ်တွင် ဆက်လက် ဖတ်ရှုနိင်ပါသည်။

No comments: