Sunday, April 15, 2012

သားရေကွင်း



      သားရေကွင်း တစ်ကွင်းအကြောင်းကို အက်ဆေးရေးဖို့ စဉ်းစားနေရင်းနှင့်ပင် စိတ်က ကျုံ့ လိုက်၊ ဆန့်လိုက် ဖြစ်နေမိသည်။ (ဤနေရာတွင် "ချီတုံ၊ ချတုံ" ဆိုသော ဖန်တစ်ရာတေနေသည့် စကားအသုံးထက် "ကျုံ့လိုက်၊ ဆန့်လိုက်" ဆိုသည့် အသုံးက ပို၍မြင်လွယ်ပြုလွယ်ရှိနေမလားဟု ယူဆမိပြီး သုံးလိုက်ပါသည်) အဘယ်ကြောင့်ဆိုသော် လူတို့သည် ရင်းနှီးကျွမ်းဝင်နေသော အရာများ ထက် ထူးဆန်းပြီး ကိုယ်နှင့်မဆိုင်သော ကိစ္စရပ်များကို ပို၍စိတ်ဝင်စားတတ်သည်ဟု ထင်မိသော ကြောင့်ပင်။
          ဆိုကြပါစို့၊ အင်္ဂါဂြိုလ်တွင် သက်ရှိများ ရှိနိုင်၊ မရှိနိုင်ကိစ္စကို ကိုယ့်အရပ်တွင် ဖြစ်ပွားနေသော သစ်တောပြုန်းတီးမှုထက် ပိုစိတ်ဝင်စားကြပါသည်။ နေ့စဉ် ဘုရားရှိခိုးဖို့သာ စိတ်မပါရှိမည်။ ဘယ် ဆရာတော်ကြီးကတော့ ရဟန္တာဖြစ်ပြီ၊ မဖြစ်သေးဘူး စသဖြင့် မလျှော့တမ်း ငြင်းခုံကြသည်။ လူ အချင်းချင်း ငတ်မွတ်ခေါင်းပါးနေသူများကို လှည့်ကြည့်ဖို့ သတိမရ၊ ပန်ဒါချစ်သူများ အသင်းတွင် ရန်ပုံ ငွေ အလုအယက်ထည့်ဝင်ကြသည်။ ပြောလျှင် ဆုံးမည်မထင်။ ဆိုလိုသည်မှာ မြင်နေကျအရာများကို စိတ်မဝင်စားတတ်သော လူ့သဘာဝအရ သားရေကွင်းအကြောင်းကို တခုတ်တရ အချိန်ကုန်ခံ ဖတ်ရှု ကြပါ့မလား စဉ်းစားနေမိခြင်းပင်။
          နောက်တစ်ချက်က သားရေကွင်းအကြောင်းကို ရေးမည်ဆိုတော့ သားရေကွင်းအကြောင်း ကျွန်တော် ဘယ်လောက်သိသလဲ၊ ကိုယ့်ဘာသာကိုယ် မေးမိသည်။
          သားရေကွင်းကို မည်သူ ထွင်ခဲ့ပါသနည်း။
          ဘယ်အချိန်က ထွင်ခဲ့ပါသနည်း။
          ရိုးရိုးသားသားပြောရလျှင် ကျွန်တော်တော့ မသိပါ။ အရေးတယူ ပြောဆိုကြတာ မကြားမိပါ။ ဘယ်စွယ်စုံကျမ်းတွင်မှ တကူးတက ဖော်ပြထားတာ မရှိပါ။ သို့သော် ကျွန်တော်တို့ နေ့စဉ်ဘဝတွင် ၎င်းကို မရှိမဖြစ် သုံးနေရပါသည်။ အံ့သြစရာပင်။
          တကယ်တော့ သားရေကွင်းသည် ကျွန်တော်တို့၏ မေ့လျော့ခြင်းကို ခံနေရသော မိတ်ဆွေ ကောင်းကြီးဖြစ်သည်။ ထို့ကြောင့် မိတ်ဆွေတို့ ဝတ္တရားရှိသည့်အတိုင်း ၎င်းကို ပွဲထုတ်အမွှမ်းတင်ဖို့ လိုအပ်လာပါသည်။
          မှန်ပါသည်။ သားရေကွင်းအကြောင်းသည် ယဉ်ကျေးမှုရေးရာ၊ ပါဝါချိန်ခွင်လျှာကိစ္စတို့လို ဧရာမကိစ္စကြီးများ မဟုတ်ပါ။ West Life တို့၊ ဘရစ်နေစပီးယားတို့လို ချာတိတ်တွေအကြိုက် ပေါ်ပြူ လာ ကိစ္စလည်းမဟုတ်ပါ။ ဆန်ဈေး၊ ဆီဈေး အတက်အကျလို နေ့စဉ်ဘဝကို ရိုက်ခတ်နိုင်မှုမရှိပါ။ ယခု ပေါ်နေသော အိုင်တီတို့ Telecommunication တို့လို အဆင့်မြင့် နည်းပညာများကို အသုံးပြုထား သော ပစ္စည်းလည်း မဟုတ်ပါ။
          ၎င်းသည် ရိုးရိုးရှင်းရှင်း သားရေကွင်း တစ်ကွင်းသာ ဖြစ်ပါသည်။ ၎င်းသည် ခေတ်ပေါ်ပစ္စည်း များလို တစ်နှစ်တစ်ခါ မော်ဒယ်မပြောင်းပါ။ အရွယ် အကြီး၊ အသေးသာ ကွာမည်။ စထုတ်လိုက်က တည်းက ဤပုံစံအတိုင်း မပြောင်းမလဲ ရှိနေခဲ့ပါသည်။ ခေတ်အဆက်ဆက်ပုံစံမပျက် ဖြတ်သန်းခဲ့ပါ သည်။ ကြီးကြီးကျယ်ကျယ်ပြောရလျှင် ခေတ်၏စိန်ခေါ်မှုများကို ဣနြေ္ဒမပျက် ဖြတ်ကျော်ခဲ့သည်ဟု ဆိုရမလားမသိ။ စိတ်ဝင်စားဖွယ်ပင်။ အာဂသားရေကွင်းဟု ဆိုရမလားမသိ။

အပြည့်အစုံကို မစဉ်းစားမိတဲ့ ကိစ္စ အက်ဆေးစုစည်းမှု စာအုပ်တွင် ရှာဖွေဖတ်ရှုနိင်ပါသည်။


No comments: