Friday, April 13, 2012

လှပသော ဧပရယ် မနက်ခင်း တစ်ခုတွင် ၁၀၀ ရာနှုန်း ပြည့်စုံသော ကောင်မလေး တစ်ယောက်ကို တွေ့လိုက်ရခြင်း



အမှာ။    ။ မူယာကာမိ၏ Elephant Vanishes ဝထ္ထုတို ပေါင်းချုပ် စာအုပ်ကို အပြည့်အစုံ ပြန်ဆိုခဲ့ပြီးဖြစ်သည့်  အတွက်  ထုပ်ဝေနိင်ရန် ကြိုးစားနေပါသည်။ မူယာကာမိနှင့် မရင်းနှီးသေးသော စာဖတ်ပိရိသတ်များ မြည်းစမ်းနိင်ရန် တစ်ချို့ ဝထ္ထုတိုများကို ဤဘလော့တွင် တင်ဆက်ဖို့ ရည်ရွယ်ထားပါသည်။


          
 လှပတဲ့ ဧပရယ်မနက်ခင်းတစ်ခု၊ တိုကျိုရဲ့ခေတ်ဆန်တဲ့ ဟာရာဂျူကူ နားက လမ်းသွယ်လေးတစ်ခုမှာ လျှောက်လာရင်း ကျွန်တော်ဟာ ၁၀၀ ရာခိုင်နှုန်းပြည့်စုံလှတဲ့ ကောင်မလေးတစ်ယောက်ကို တွေ့လိုက်ရတယ်။
            အမှန်အတိုင်းပြောရရင် သူမက ဒီလောက်ကြီး ကြည့်မကောင်းပါဘူး၊ သတိပြုမိလောက်စရာ မရှိဘူး၊ အဝတ်အစားတွေကလည်း ထူးထူးခြားခြားမရှိ၊ နောက်ကျောက ဆံပင်ဆိုလည်း အိပ်ယာက ထလာသလို ကွေးကောက်လို့၊ ငယ်လည်းမငယ်တော့ပါဘူး၊ သုံးဆယ်နား နီးနီးရှိမယ်၊ ပြောရယင် မိန်းခလေးလို့တောင် သုံးလို့မရတော့ဘူး၊ သို့ပေမယ့် ကိုက်ငါးဆယ်လောက် အလိုကတည်းက ကျွန်တော်ကသိလိုက်တယ်၊ သူမဟာ ကျွန်တော့်အတွက် ရာနှုန်းပြည့် ပြည့်စုံနေတဲ့ မိန်းခလေးပဲ၊ သူမကို တွေ့လိုက်တဲ့ခဏမှာ ကျွန်တော့်ရင်ဘတ်ထဲမှာ ခပ်အုပ်အုပ် မြည်ဟည်းလို့ သွား တယ်၊ ကျွန်တော့် ပါးစပ်တွေကလည်း ကန္တာရလိုခြောက်ကပ်လို့။
            ခင်ဗျားမှာလည်း ခင်ဗျားကိုယ်ပိုင်အကြိုက်တွေတော့ ရှိမှာပဲ၊ ဆိုကြပါစို့ ခြေတံသွယ်သွယ်၊ မျက်လုံးဝိုင်းဝိုင်း၊ သွယ်လျတဲ့လက်ချောင်းတွေနဲ့ ဒါမှမဟုတ် ခင်ဗျားနဲ့အချိန်ပေးပြီး ညစာလိုက်စားပေးမယ့် မိန်းခလေးမျိုးလည်း ဖြစ်ချင်ဖြစ်မယ်။ ကျွန်တော့်မှာလည်း ကျွန်တော့်အကြိုက်နဲ့ ကျွန်တော်ပေါ့၊ တစ်ခါတစ်ရံ စားသောက်ဆိုင်ထဲမှာ ကျွန်တော်ဟာ ဘေးစားပွဲက မိန်းခလေးကို ငေးနေမိတတ်တယ်၊ အကြောင်းကတော့ သူမရဲ့ နှာခေါင်းအကျကို သဘောကျလို့။
            သို့ပေမယ့် လူတစ်ယောက်အတွက် ရာနှုန်းပြည့် ပြည့်စုံတဲ့ မိန်းခလေးမျိုးဟာ ကနဦး စိတ်ထဲမှာရှိနေတဲ့ ပုံစံတွေနဲ့ ဆက်နွယ်နေလိမ့်မယ်လို့တော့ ဘယ်သူမှ အာမ မခံနိုင်ပါဘူး၊ ကျွန်တော့်မှာ နှာခေါင်းကိုပဲ အကြီးအကျယ်သဘောကျနေတော့ သူမရဲ့ပုံပန်းသဏ္ဍန်ကိုတောင် မမှတ်မိပါ ဘူး၊ ကျွန်တော်မှတ်မိသလောက်ကတော့ သူမဟာ ဒီလောက်ကြီး မလှပါဘူးဆိုတာပဲ၊ တကယ့်ကို ထူးဆန်းပါတယ်။
v  မနေ့က လမ်းပေါ်မှာ ၁၀၀ ရာခိုင်နှုန်းပြည့်စုံတဲ့ မိန်းခလေးတစ်ယောက်ကို တွေ့လိုက်ရတယ်လို့ကျွန်တော်က တစ်ယောက်ကို ပြောလိုက်တယ်
Ø  ဟုတ်လား၊ ကြည့်ကောင်းမှာပေါ့သူက ပြောလိုက်တယ်
v  အဲဒီလိုလည်း မဟုတ်ပါဘူး
Ø  ဒါဖြင့် မင်းကြိုက်တဲ့ပုံမျိုးပေါ့
v  ငါလည်း မသိဘူး၊ သူမနဲ့ ပတ်သက်ပြီး မျက်လုံးက ဘယ်လိုလဲ၊ ရင်သားက ဘယ်လောက်ကြီးလဲ စတာမျိုးတွေ ဘာဆိုဘာမှ မမှတ်မိတော့ဘူး
Ø  ထူးဆန်းလှချည်လား
v  ဟုတ်တယ်၊ ထူးဆန်းတယ်
Ø  ဒါဖြင့် မင်းဘာလုပ်လိုက်လဲ၊ သူမကို စကားသွားပြောသလား၊ နောက်ကလိုက်သွားသလားသူက ပျင်းရိပျင်းတွဲနဲ့ မေးတယ်
v  ဘာမှ မလုပ်ပါဘူး၊ လမ်းပေါ်မှာ ဆုံလိုက်ရုံ သက်သက်ပါပဲ၊ သူက အရှေ့က အနောက်ကို လျှောက်သွားတယ်၊ ငါက အနောက်က အရှေ့ကို သွားတယ်၊ တကယ့်ကို သာယာတဲ့ ဧပရယ်မနက်ခင်းလေးပဲ။
သူမကို စကားပြောချင်မိတယ်၊ နာရီဝက်လောက်ဆို လုံလောက်ပါပြီ၊ သူမအကြောင်းကို မေးမယ်၊ ကျွန်တော့်အကြောင်းကို သူမကို ပြောပြမယ်၊ အမှန်တကယ်က ၁၉၈၁ ခုနှစ်၊ လှပတဲ့ ဧပရယ် မနက်ခင်း ဟာရာဂူကူ လမ်းသွယ်တစ်ခုမှာ ကျွန်တော်တို့ တစ်ယောက်နဲ့                                     တစ်ယောက်ဆုံခဲ့ကြတဲ့ ကံကြမ္မာရဲ့ရှုပ်ထွေးမှုအကြောင်း သူမကို ရှင်းပြချင်တာပါ၊ ဒါဟာ နွေးထွေးတဲ့ လျှို့ဝှက်မှုတွေနဲ့ ပြည့်ကျပ်နေတဲ့ အရာပဲ၊ ကမ္ဘာကြီးမှာ ငြိမ်းချမ်းမှုတွေ ဖုံးလွှမ်းထားတဲ့ အချိန်တုန်းက လုပ်ထားတဲ့ ရှေးဟောင်းနာရီတစ်လုံးလိုပဲ။
စကားပြောပြီးတဲ့နောက် ကျွန်တော်တို့ တစ်နေရာရာမှာ နေ့လည်စာ စားကြမယ်၊ ဝူဒီအယ်လင်ကား ကြည့်ရင်တောင် ကြည့်လို့ရတယ်၊ ဟိုတယ်ဘားတစ်ခုမှာ ကော့တေးသောက်ကြမယ်၊ ကံများကောင်းခဲ့ရင် ချစ်ပွဲတောင်ဝင်ဖြစ်ကြဦးမယ်။
အလားအလာတွေက ကျွန်တော့်နှလုံးသားကို တဒေါက်ဒေါက် ခေါက်နေကြတယ်
အခုဆို ကျွန်တော်တို့ နှစ်ယောက်ကြားမှာ ၁၅ ကိုက်လောက်ပဲ ရှိတော့မယ်
ကျွန်တော် သူမကို ဘယ်လိုများ ချဉ်းကပ်ရမလဲ၊ ဘာများပြောရမလဲ။
ကောင်းသောနံနက်ခင်းပါ၊ စကားနည်းနည်းပါးပါးပြောဖို့ နာရီဝက်လောက်များ အချိန်ပေးနိုင်မလားအဓိပ္ပါယ်မရှိတာဘဲ၊ ဒါက အာမခံ အရောင်းသမားလေသံ ပေါက်နေတယ်။
တဆိတ်လောက် ဒီနားမှာ ညလုံးပေါက်ဖွင့်တဲ့ အဝတ်လျှော်ဆိုင်များ သိသလား မသိဘူးမဟုတ်သေးပါဘူး၊ ဒါလည်း အဓိပ္ပါယ်မရှိလှဘူး၊ ကျွန်တော့်မှာ လျှော်စရာ အဝတ်အစားဘာမှ မပါတာ၊ ဘယ်သူက ဒီလိုစကားမျိုး ယုံမှာလဲ၊
ဒီလို ရှင်းရှင်းလင်းလင်း ပြောလိုက်ရင်ရော၊ကောင်းသော မနက်ခင်းပါ၊ ခင်ဗျားဟာ ကျွန်တော့်အတွက် ၁၀၀ ရာခိုင်နှုန်း ပြည့်စုံတဲ့ မိန်းခလေးပါ
မဖြစ်သေးပါဘူး၊ သူမက ဒါကိုယုံမှာမဟုတ်၊ သူမက ယုံခဲ့ရင်တောင် ကျွန်တော်နဲ့ စကားပြောချင်ပါ့မလား မသိဘူး၊
 သူမက ပြောမယ်ဝမ်းနည်းပါတယ်၊ ကျွန်မက ရှင့်အတွက် ၁၀၀ ရာခိုင်နှုန်း ပြည့်စုံတဲ့ မိန်းခလေးတစ်ယောက် ဖြစ်ချင်ဖြစ်မယ်၊ ဒါပေမယ့် ရှင်ကတော့ ကျွန်မအတွက် ၁၀၀ ရာခိုင်နှုန်းပြည့်စုံတဲ့ ကောင်လေးတစ်ယောက် မဟုတ်ဘူး၊အဲ့ဒီလိုမျိုးလည်း ဖြစ်နိုင်တယ်။ တကယ်လို့များ အဲ့ဒီလို အပြောခံရယင် ကျွန်တော်ဟာ တစ်စစီများ ဖြစ်သွားမလား မသိဘူး၊ ကျွန်တော်ဟာ ဘယ်တော့မှ ဒီ ထိတ်လန့်တုန်လှုပ်မှုကနေ ပြန်ကောင်းလာတော့မှာ မဟုတ်ဘူး၊ ကျွန်တော်က သုံးဆယ့်နှစ်ရှိပြီ အသက်က စကားပြောလာပြီ မဟုတ်လား။
ကျွန်တော်တို့ နှစ်ယောက်သား ပန်းရောင်းတဲ့ဆိုင်ရှေ့မှာ ဆုံကြတယ်၊ နွေးထွေးတဲ့လေပြည်လေးက ကျွန်တော့်အရေပြားကို တို့ထိသွားတယ်၊ ကတ္တရာက စိုစွတ်လို့၊ နှင်းဆီရနံ့ကို ကျွန်တော်ရလိုက်တယ်၊
ကျွန်တော် သူမကို စကားပြောလို့ မထွက်၊ သူမက အဖြူရောင်ဆွယ်တာလေးကို ဝတ်ထားတယ်၊ ညာဘက်လက်ထဲမှာ ဖြူစွတ်နေတဲ့ စာအိတ်တစ်အိတ်၊ တံဆိပ်ခေါင်း မကပ်ထားသေး၊ ကြည့်ရတာ သူမဟာ တစ်ယောက်ယောက်ဆီ စာရေးနေခဲ့တယ်၊ သူမရဲ့ အိပ်ချင်နေတဲ့ မျက်လုံးတွေကို ကြည့်ရတာ တစ်ညလုံးထိုင်ရေးနေတာတောင် ဖြစ်နိုင်တယ်။ စာအိတ်ထဲမှာ သူမရဲ့ လျှို့ဝှက်ချက်တွေ အကုန်လုံးပါနိုင်တယ်။
ကျွန်တော်လည်း ခြေလှမ်းနဲနဲ ထပ်လှမ်းလိုက်ပြီး လှည့်ကြည့်လိုက်တဲ့အခါ သူမက လူအုပ်ထဲမှာ ပျောက်ကွယ်လို့ သွားခဲ့ပြီ။
အခုတော့ ကျွန်တော်သူမကို ဘာပြောသင့်သလဲဆိုတာ သိခဲ့ရပြီ၊ ပြောရမှာတော့ နည်းနည်းရှည်မယ်၊ အဆင်ပြေအောင် ပြောနိုင်ပါ့မလားတောင်မသိ၊ ကျွန်တော့်စိတ်ကူးတွေက ဘယ်တော့မှ လက်တွေ့မကျခဲ့ပါဘူး။
ဒီလို၊ အဲ့ဒါကဟိုးရှေးရှေးတုန်းကနဲ့စပြီးဝမ်းနည်းစရာ ဇာတ်လမ်းလေးလို့ မထင်ဘူးလားနဲ့ အဆုံးသတ်ပါလိမ့်မယ်။
ဟိုးရှေးရှေးတုန်းက ကောင်လေးနဲ့ ကောင်မလေး တစ်ယောက်ရှိတယ်၊ ကောင်လေးက ဆယ့်ရှစ်နှစ်၊ ကောင်မလေးက ဆယ့်ခြောက်နှစ်၊ သူက သူမတူအောင် မချောမောလှသလို သူမကလည်း ထူးထူးခြားခြား မလှပပါဘူး၊ သူဟာ တခြားသူတွေလိုဘဲ သာမန် အထီးကျန် ကောင်လေး တစ်ယောက်ဖြစ်ပြီး သူမကလည်း သာမန် အထီးကျန် ကောင်မလေးတစ်ယောက်ပါဘဲ၊ ဒါပေမယ့် သူတို့မှာ သူတို့အတွက် ၁၀၀ ရာခိုင်နှုန်း ပြည့်စုံတဲ့ ကောင်လေးနဲ့ ကောင်မလေးဟာ တစ်နေရာရာမှာ ရှိနေခဲ့တယ်လို့ အသဲထဲစွဲနေအောင် ယုံမှတ်ထားကြတယ်။ ဟုတ်တယ်၊ သူတို့ဟာ အံ့ဖွယ် သရဲ ကိစ္စတွေကို ယုံကြည်ကြတယ်၊ အဲ့ဒီ အံ့ဖွယ်ကိစ္စကလည်း အမှန်တကယ် ဖြစ်လာခဲ့တယ်၊
တစ်ရက်မှာ သူတို့နှစ်ယောက်ဟာ လမ်းထောင့်တစ်ခုမှာ မျက်နှာချင်းဆိုင် တွေ့ကြတယ်။
ကောင်လေးကပြောတယ်တကယ့်ကို မယုံနိုင်စရာဘဲ၊ ငါမင်းကို တစ်ဘဝလုံး ရှာဖွေနေခဲ့တာ၊ မင်းကတော့ ယုံချင်မှ ယုံလိမ့်မယ်၊ ဒါပေမယ့် မင်းဟာ ငါ့အတွက် ၁၀၀ ရာခိုင်နှုန်း ပြည့်စုံတဲ့ မိန်းခလေးပါ။
သူမကလည်း ပြန်ပြောတယ်ရှင်ကလည်း ကျွန်မအတွက် ၁၀၀ ရာနှုန်းပြည့်စုံတဲ့ ကောင်လေး တစ်ယောက်ပါ၊ ကျွန်မ စိတ်ထဲမှာ အသေးစိတ်ပုံဖော်ထားတဲ့အတိုင်း ကွက်တိပဲ၊ ဒါတကယ့်ကို အိပ်မက်လိုပဲ။
သူတို့နှစ်ယောက်သား ပန်းခြံခုံတန်းလေးတစ်ခုမှာ ထိုင်ကြတယ်၊ တစ်ယောက်လက်ကို တစ်ယောက်ဆုပ်ကိုင်လို့၊ တစ်ယောက်အကြောင်း တစ်ယောက်ဖောက်သည်ချလို့၊ တစ်နာရီပြီး တစ်နာရီ၊ သူတို့ဟာ အထီးမကျန်တော့ဘူး၊ သူတို့ဟာ ၁၀၀ ရာနှုန်းပြည့်စုံတဲ့ အဖော်ကို ရှာတွေ့ခဲ့ရုံ မက အဲ့ဒီအဖော်ကလည်း သူ့အတွက် ၁၀၀ ရာနှုန်းပြည့်စုံတဲ့ ကိုယ့်ကို ရှာတွေ့ခဲ့တာဟာ ဘယ်လောက်များအံ့သြစရာကောင်းသလဲ၊ ဒါဟာ တကယ့်အံ့ဖွယ်ကိစ္စပဲ၊ စကြဝဋာကြီးရဲ့ အံ့ဖွယ်ကိစ္စပဲ၊
သို့ပေမယ့် သူတို့နှစ်ယောက်သား ထိုင်ပြောနေကြရင်းနဲ့ သူတို့နှလုံးသားထဲမှာ စိုးစဉ်းမျှသော သံသယလေးက အမြစ်တွယ်လို့ လာခဲ့တယ်။ အိပ်မက်က အမှန်တကယ် ဖြစ်လာဖို့ ဒီလောက်လွယ်သတဲ့လား။
ဒီ့နောက်တော့ သူတို့စကားဝိုင်း ခဏစဲသွားတဲ့အချိန် ကောင်လေးက ကောင်မလေးကို ပြောတယ် “ ငါတို့ စမ်းသပ်မှုတစ်ခု လုပ်ကြရအောင်၊ တစ်ကြိမ်လောက်ပဲ ဖြစ်ဖြစ်ပေါ့၊ တကယ်လို့သာ ငါတို့ဟာ တစ်ယောက်ကိုတစ်ယောက် ၁၀၀ ရာနှုန်းပြည့်စုံတဲ့ သူတွေသာ အမှန်ဖြစ်ခဲ့မယ်ဆိုရင် တစ်ချိန်ချိန် တစ်နေရာရာမှာ ပြန်ဆုံမှာ မလွဲပါဘူး၊အဲဒီလို ပြန်ဆုံတဲ့အခါမှဘဲ ငါတို့ဟာ တစ်ယောက်ကို တစ်ယောက် ၁၀၀ ရာနှုန်း ပြည့်စုံတဲ့သူတွေလို့သိနိုင်လိမ့်မယ်၊ အဲဒီ အချိန် အဲ့ဒီနေရာမှာဘဲ ငါတို့ လက်ထပ်ကြမယ်၊ မင်းဘယ်လိုထင်လဲ
ဟုတ်တယ် အဲ့ဒီလိုမျိုး ကျွန်မတို့ စမ်းကြည့်သင့်တယ်သူမကလည်းပြောတယ်
ဒီလိုနဲ့ သူတို့ ခွဲခွာခဲ့ကြတယ်၊ သူမက အရှေ့၊ သူက အနောက်။
တကယ်တော့ သူတို့ သဘောတူခဲ့ကြတဲ့ စမ်းသပ်မှုဟာ တကယ့်ကို မလိုအပ်ပါဘူး၊ သူတို့ ဒီလိုမျိုး ဘယ်တော့မှ မစမ်းသပ်သင့်ဘူး။ ဘာကြောင့်ဆို သူတို့ဟာ အမှန်တကယ်ကို တစ်ယောက်ကို တစ်ယောက် ၁၀၀ ရာနှုန်းပြည့်စုံနေတဲ့ ချစ်သူတွေ ဖြစ်နေကြပြီး သူတို့နှစ်ယောက်ရဲ့ တွေ့ဆုံမှုဟာလည်း တကယ့်အံ့ဖွယ်ကိစ္စဖြစ်နေလို့ပဲ၊ ဒါပေမယ့်လည်း သူတို့ဟာ ငယ်ရွယ်သေးတဲ့အတွက် ဒါကို မသိနိုင်သေးဘူး၊ အေးစက်ပြီး စာနာမှုမရှိတဲ့ ကံကြမ္မာရဲ့ လှိုင်းတံပိုးတွေကတော့ သူတို့ကို မညှာမတာ ရိုက်ပုတ်လို့။
ဆောင်းတွင်းတစ်ခုမှာ သူတို့နှစ်ယောက်လုံးဟာ ရာသီအလိုက်ဖြစ်တတ်တဲ့ ပြင်းထန်လှတဲ့ တုတ်ကွေးတစ်မျိုးကို ခံစားခဲ့ကြရတယ်၊ သေခြင်းနဲ့ ရှင်ခြင်းကြား ကူးလူးနေတဲ့ ရက်သတ္တပါတ်ကို ဖြတ်သန်းပြီးတဲ့နောက် သူတို့ဟာ မှတ်ဥာဏ်တွေအကုန်လုံး ဆုံးရှုံးခဲ့ရတော့တယ်၊ သူတို့တွေ နိုးလာတဲ့အခါ ခေါင်းတစ်ခုလုံး ရှင်းလင်းလို့၊ D.H.Laurence ရဲ့ ဝက်ရုပ်စုဘူးလေးလိုပဲ ပြောင်တလင်းခါလို့။
ဒါပေမယ့် သူတို့ဟာ ဥာဏ်ကောင်းပြီး စိတ်ဓါတ်ခိုင်မာတဲ့ လူငယ်လေးတွေပါ၊ သူတို့ရဲ့ မနေမနား အားထုတ်မှုတွေနဲ့ပဲ အသိဥာဏ်နဲ့ ခံစားမှုတွေကို ပြန်လည်ရရှိလာခဲ့ပြီး သူတို့ဟာ တင်းပြည့်လူ့အဖွဲ့အစည်းဝင်တွေ ပြန်ဖြစ်လာကြတယ်။ ကောင်းကင်ဘုံကိုပဲ ကျေးဇူးတင်ရမှာပဲ၊ သူတို့ဟာ မြေအောက်မီးရထားတစ်လိုင်းကနေ တစ်လိုင်းကူးပြီး စီးတတ်တဲ့၊ စာတိုက်မှာ အမြန်ချောပို့နဲ့ စာပို့တတ်တဲ့ တကယ့်ဒေါင်ဒေါင်မြည် နိုင်ငံသားတွေ ဖြစ်လာခဲ့တယ်။ တစ်ခါတစ်ခါ ၇၅ ရာနှုန်း ဒါမှမဟုတ် ၈၅ ရာနှုန်းလောက် ပြည့်စုံတဲ့သူတွေနဲ့ ချစ်ခဲ့ကြသေးတယ်။
အချိန်က လန့်စရာကောင်းလောက်အောင် အလျင်အမြန် ကုန်ဆုံးလို့နေတယ်၊ မကြာမီမှာပဲ ကောင်လေးက သုံးဆယ့်နှစ်၊ ကောင်မလေးက သုံးဆယ်ပြည့်သွားတယ်။
လှပတဲ့ ဧပရယ် မနက်ခင်းတစ်ခုမှာ ကော်ဖီသောက်မယ်စိတ်ကူးပြီး ကောင်လေးက အနောက်က အရှေ့ကို လျှောက်လာခဲ့တယ်။ အဲ့ဒီအချိန်မှာ ကောင်မလေးက အမြန်ချောပို့နဲ့ စာတစ်စောင်ပို့ဖို့ အရှေ့က အနောက်ကို လျှောက်လာခဲ့တယ်။ နှစ်ယောက်စလုံးက တိုကျိုမြို့ ဟာရာဂျူကူ နားက လမ်းကြားလေးတစ်ခုမှာ လျှောက်လာနေခဲ့ကြတယ်။ သူတို့နှစ်ယောက်ဟာ လမ်းရဲ့အလယ်ကောင်လောက်မှာ တစ်ယောက်ကိုတစ်ယောက် ဖြတ်ကျော်သွားကြတယ်။ အဲ့ဒီ ခဏတာလေးမှာပဲ သူတို့ရဲ့ နှလုံးသားထဲမှာ ပျောက်ဆုံးသွားတဲ့ အမှတ်တရလေးက ဝင်းလက် သွားတယ်။ ကိုယ်စီကိုယ်စီရဲ့ ရင်ဘတ်ထဲမှာ အသံအုပ်အုပ်ကို ခံစားလိုက်ရတယ်၊ အဲဒီမှာ သူတို့သိလိုက်ကြတယ်။
သူမဟာ ငါ့အတွက် ၁၀၀ ရာနှုန်းပြည့်စုံတဲ့ သူပဲ
သူဟာ ငါ့အတွက် ၁၀၀ ရာနှုန်းပြည့်စုံတဲ့ သူပဲ
သို့ပေမယ့် သူတို့ရဲ့မှတ်ဥာဏ်မီးတောက်လေးက အားနည်းဖျော့တော့လွန်းတော့ သူတို့ဟာ လွန်ခဲ့တဲ့ ၁၄ နှစ်ကို ရှင်းရှင်းလင်းလင်း မသိနိုင်တော့ဘူး၊ စကားတစ်လုံးမှ မပြောပဲ သူတို့တစ်ယောက်ကိုတစ်ယောက် ကျော်ဖြတ်လာခဲ့တယ်၊ ပြီးတော့ လူအုပ်ထဲ ဝင်ရောက်ပျောက်ကွယ် သွားတယ်၊ ထာဝရပဲ။
ဝမ်းနည်းဖို့ ကောင်းတဲ့ ဇာတ်လမ်းလေးပဲ အဲ့ဒီလိုမထင်မိဖူးလား။
ဟုတ်တယ်၊ ဇာတ်လမ်းလေးကတော့ ဒီလောက်ပါဘဲ ဒီဇာတ်လမ်းလေးက ကျွန်တော် သူမကို ပြောခဲ့သင့်တဲ့အရာပဲ။           
ဒီနိုဗို ပြန်ဆိုသည်။
Ref; On seeing the 100% perfect girl one beautiful april morning by Haruki Murakami
      Jay Rubin ၏ အင်္ဂလိပ် ဘာသာပြန်မှ ပြန်ဆိုပါသည်။






No comments: