Friday, April 20, 2012

ဌီတို့၏ မြစ်



တကယ်ပါပဲ။

အခန်းထဲ ဝင်လိုက်တာနဲ့ သူ့ခမျာ တစ်ကိုယ်လုံး ထိုင်းမှိုင်းသွားတော့တယ်၊ ကြည့်ပါဦး၊ နံရံပေါ်က ဓာတ်ပုံတွေ ကလည်း ငိုက်မြည်းလို့၊ ခေါင်းငိုက်စိုက်ကျနေပုံက ကားစင်တင် ခံရတဲ့ လူတွေလို။

ဘယ်လိုဖြစ်တာလဲ၊ စားပွဲပေါ်က နာရီလေးကလည်း ရပ်တန့်လို့ ပါလား၊ ခါတိုင်းဆို သူ့ထက် အလုပ်ရှုပ်တဲ့သူတောင် သူ့လောက် အလုပ်မလုပ်နိင်လောက်အောင် အချိန်နဲ့လုပြီး ပြေးလွှားနေခဲ့တာ မဟုပ်လား။ စားပွဲကုလားထိုင်တွေကလည်း ဧည့်သည်တစ်ယောက် ကို နှစ်ပေါင်းများစွာ စောင့်စားနေရပုံမျိုးနဲ့။

ဖုန်အထပ်ထပ် ကပ်ငြိနေတဲ့ ကြမ်းပြင်ဟာ  အချိန်ကာလရဲ့ အမှတ်လက္ခဏာတွေကို ပိပိရိရိ ဖုံးဖိထားတဲ့ အသွင်အပြင် ရှိနေခဲ့တယ်။ရှင်သန်ခြင်း ကင်းမဲ့နေတဲ့ ပန်းတစ်ပွင့်ကတော့ အခန်းထောင့်က ပန်းအိုးထဲမှာ ဒီအတိုင်း ရှိနေခဲ့၊ မဖွင့်တာ ကြာပြီဖြစ်တဲ့ ပြူတင်းပေါက်ကလေးကလည်း ပြင်ပလောကကို ကြည့်ရှုဖို့ရာ အတင်းအကြပ် ငြင်းဆန်နေတော့ကာ မှုန်ကုပ်ကုပ်အခန်းလေးဟာ မှိုစော်နံနေတဲ့ အောက်သိုးသိုး အနံ့
အသက်တွေနဲ့ပဲ ရောင့်ရဲတင်းတိမ်နေခဲ့ပုံရပါတယ်။

သူ့မှာ မျှော်လင့်မထားတဲ့ အခင်းအကျင်းကြောင့် ရုတ်တရက် ကြက်သေသေလို့ပင် နေမိသည်။ အို မဖြစ်သေးပါဘူး၊ တစ်ခန်းလုံး လန်းဆန်းသွားအောင် ဂီတနဲ့ နှိုးဆွရမှာပေါ့၊ ဂီတ ဆိုတာ စကြာဝဋာကြီး တစ်ခုလုံးက အသံတွေကိုတောင် ညီညွတ်အောင် လုပ်ပေးနိင်တာပဲ၊ စိတ်မြန်လက်မြန်နဲ့ သူ အသံအိုးကြီးကို အဖုံးဖွင့်ချ
လိုက်မိတယ်၊ တစ်ခန်းလုံး အသံတွေ ပြည့်လျှံမောက်တက်လို့၊ တူရိယာ ပေါင်းစုံရဲ့ သံပြိုင်တီးမှုတ်မှုမှာ အခန်းထဲက အရာအားလုံး လိုက်ပါ စီးမျောကုန်ကြ။

ဘုရားသခင်၊ ဘယ်နှစ်ရာစုက အဆွေး သီချင်းကြီးပါလိမ့်၊ သူ့ တစ်ခန်းလုံးတော့ ရစရာ မရှိအောင် ဆွေးမြည့်သွားခဲ့ပြီပေါ့၊ သူ ထိတ်လန့်တကြားနဲ့ အသံအိုးကြီးကို ဖုံးချလိုက်တယ်။

ဒါပေမယ့် အသံလှိုင်းတွေကတော့ ငြိမ်သက်မသွားသေးပါဘူး။ သူ့စိတ်တွေထဲမှာ ဘောင်ဘင်ခတ်လို့နေတုန်းပါဘဲ။သူဟာ အခန်းမှားပြီး ရောက်ရှိနေခဲ့ပြီလား။ ဒါဟာ သူ့အခန်းမှ ဟုပ်ရဲ့လား။ ဒါမှမဟုပ် သူ ကိုယ်တိုင်ကပဲမှားယွင်းနေခဲ့တာလား။ သူ နံရံပေါ်က ပြက္ခဒိန်ကို အမှတ်မထင် ကြည့်လိုက်မိတယ်။

အိုး....၊ ဘယ်ခေတ်က ပြက္ခဒိန်ကြီးပါလိမ့်။ ပြဿနာပဲ။ သူ တစ်စုံတစ်ရာမှားယွင်းခဲ့တာ သေချာသလောက် ရှိနေခဲ့ပြီ။ သူ အခန်းတစ်ခုလုံးကို အသေအချာ ပြန်ကြည့်လိုက်တယ်။ သူ့အခန်းမှ သူ့အခန်း အစစ်၊ မနက်ခင်း အလုပ်သွားခါနီး အသေအချာ သော့ခတ်ထားခဲ့သော အခန်း၊ အမြဲလို သူ့ရဲ့ ညတွေကိုထားသို သိမ်းဆည်း ထားရာ အခန်း၊ သူ့ဘဝကို တစ်ဝက်ခြမ်းခြမ်းပြီး ထားရစ်ခဲ့ရတဲ့ အခန်း၊ အခန်းတစ်ခန်းသည် တစ်နေ့တာကာလ အတွင်း ဤမျှအထိ အိုမင်းသွားနိင်ပါသလား၊ သူ မသိ။

သူ့စိတ်ထဲမှာ အခန်းတစ်ခုလုံးက သူ့ကို ဂရုတစိုက် စောင့်ကြည့် နေသလိုမျိုး၊ တစ်မျိုးကြီးဘဲ။ သူ့မှာ မုဆိုးတွေရဲ့ ချောင်းမြောင်းမှုကို ခံနေရသလိုလို။ တိတ်ဆိတ်လွန်းလှတဲ့ တောနက်ကြီးထဲ ရောက်နေရသလိုလို။
ထူးထူးခြားခြား ငြိမ်သက်နေတဲ့ မုန်တိုင်းမျက်စိအောက် ရောက်နေရသလိုလို။ သူ ဘယ်လိုမှ သည်းမခံနိင်တော့၊ ရုတ်တရက် သူ အော်ချပစ်လိုက်တယ်။
‘အား’
သူ့ရဲ့ ခြောက်ကပ်ကပ် အသံနက်ကြီးက ကွဲကွဲရှရှနဲ့၊ ရေခဲမြစ်တစ်စင်းလို ကျိုးပဲ့စီးမျော၊ အဲဒီ တဒင်္ဂမှာတော့ အခန်း တစ်ခုလုံးဟာ ရုတ်တရက် အံ့အားသင့်မှုနဲ့ တုန်လှုပ်သွားသယောင် ရှိခဲ့တယ်။ ဒါပေမယ့် ခဏပါဘဲ၊ အသံတွေ အားလုံးဟာ စုပ်ယူအားကောင်းလှတဲ့ နံရံတွေရဲ့ ဝါးမြိုမှုအောက်မှာ အစအန ရှာမရအောင် ပျောက်ကွယ် သွားခဲ့ကြတယ်။

အဆုံးအစမဲ့၊ တိတ်ဆိတ်မှု၊ ငြိမ်သက်မှု၊ မရေမရာ သံသယတွေနဲ့ တောင့်တင်းမာကျောနေတဲ့ သူ့ရဲ့ အကြောစိုင်တွေဟာ ဆောက်တည်ရာမရ တုန်ခါနေကြကာ ကျော့ကွင်းထဲက လွတ်မြောက်ဖို့ အပြင်းအထန် ရုန်းကန်နေရှာတဲ့ သားကောင်တစ်ကောင်နဲ့များ ဆင်နေခဲ့ပြီလား မသိ။ သူ့ နားလည် နိင်မှုနဲ့ သူ့အတွေ့အကြုံတွေရဲ့ကြားမှာရှိတဲ့ နက်ရှိုင်းလှတဲ့ ချောက်ကမ်းပါးကြီးဟာ သူ့ရဲ့ ရှိစုမဲ့စု စိတ်စွမ်းအားတွေကို ဖျောက်ဖျက်ပစ်နေခဲ့တယ်။

ဒီလိုနဲ့ သူ့ တစ်ကိုယ်လုံးမှာ ရှိတဲ့အားအင်တွေလည်း တစ်စတစ်စ ကုန်ခမ်းလို့၊ ဖုန်တက်နေတဲ့ ဆိုဖာကြီးပေါ် သူ ခြေပစ်လက်ပစ် လှဲချလိုက်မိတယ်။ ဘယ်လိုဖြစ်သွားပြန်တာလဲ။ သူ့မျက်လုံးထဲမှာ အခန်းတစ်ခုလုံးဟာ မြူခိုးတွေနဲ့ ရီဝေလို့၊ အိမ်တံစက်မြိတ်အောက် က နှင်းစက်တွေဟာ တတောက်တောက်နဲ့ ကြွေကြလို့၊ သူ့အဆုတ် တစ်ခုလုံး အောက်သိုးသိုးအနံ့တွေနဲ့ ဖောင်းပွနေခဲ့တယ်။ သူ့ သွေးလည်ပတ်မှု ယန္တရားကြီးဟာ လည်း တဖြေးဖြေးနဲ့ နှေးကွေးလေးလံလို့။ လည်ပတ်နှုန်းကျဆင်းသွားတဲ့ စက်ဘီးတစ်စီး လို သူ့စိတ်တွေဟာ ဟိုသည် ယိမ်းယိုင်စ ပြုလာခဲ့ပြီ။

သူ့ရဲ့ အကြားအာရုံတွေဟာလည်း ဘယ်လိုဖြစ်တယ်မသိ၊ အသံတွေနဲ့ ပူးတုံခွာတုံ။ အသံတွေဟာ နီးလာ လိုက် ဝေးသွားလိုက်၊ တိုးလာလိုက် ကျယ်သွားလိုက်နဲ့။ တတောက်တောက်နဲ့ ဆီးနှင်းကျသံတွေဟာ မိန်းမတစ်ယောက်ရဲ့ ကျိတ်ပြီး ရှိုက်ငိုနေတဲ့ အသံတွေနဲ့ တဖြေးဖြေး ရောထွေးလာခဲ့တယ်။ မိန်းမတစ်ယောက်ရဲ့၊
မိန်းမ တစ်ယောက်ရဲ့၊......အို၊ အေးစက်စီးထန်းနေတဲ့ ဆီးနှင်းစက်တွေဟာ ဘယ်လိုခံစားချက်နဲ့များ ပူပြင်းစွတ်စိုနေတဲ့ မျက်ရည်စက်များ အဖြစ် ပြောင်းလဲသွားခဲ့ကြပါလိမ့်။

သူ့ခမျာ ဇဝေဇဝါ။
မသဲမကွဲ။
မြူတွေ နှင်းတွေကြားထဲ ခိုက်ခိုက်တုန်နေတဲ့ အသွင်သဏ္ဍန်လေး တစ်ခုဟာ ပီပြင်ထင်ရှားလာလိုက်၊ ဝေးဖျော့မှေးမှိန်သွားလိုက်၊ ယမ်းခါနေတဲ့ စိတ်နဲ့ ဖမ်းမရ ဆုပ်မရ အာရုံတွေရဲ့ အလူးအလွန့်မှာ သူဟာ မေ့မေ့မျောမျော လိုက်ပါ သာယာနေမိ။ ယစ်ယစ်မူးမူး မျှော်တမ်းဖက်တွယ်နေမိ။ ပဉ္စလက်ဆန်ဆန် အာရုံမှောက်မှား မှုတွေထဲမှာ ဘယ်လောက် ကြာကြာ သူ မျောနေခဲ့တယ်မသိ။

သတိပြုမိချိန်မှာတော့ ငိုညည်းသံလေးတွေဟာ မြစ်တစ်စင်းလို စီးဆင်းနေတဲ့ မျက်ရည်ပူတွေထဲမှာ မျောပါ ပျောက်ကွယ် သွားခဲ့ကြတယ်။ တိတ်ဆိတ်မှုဟာ ကြောက်မက်ဖွယ်ရာ အရှိန်အဟုန်နဲ့ ပြန်လည်အေးခဲ ဖွဲ့တည်လို့ လာခဲ့ပါပြီ။ အဲဒီ အရှိန်ရလာတဲ့ တိတ်ဆိတ်မှုအောက်မှာ သူ့နှလုံးခုန်သံတွေဟာ တစ်စတစ်စ ကျယ် လောင် ပြင်းပြလာခဲ့ပါတယ်။ သူ့ သွေးကြောတွေထဲမှာ မြေအောက်ရထားတစ်စင်း ဖြတ်သန်း မောင်းနှင်သွားနေသလိုမျိုး ဒုတ်ဒုတ် ဒုတ်ဒုတ်နဲ့။ သူ အသက်တောင် မရှုဝံ့အောင် ငြိမ်ငြိမ်လေး နားစွင့်နေမိတယ်။ သူ့ ခန္ဒာကိုယ် တစ်ခုလုံးက သွေးကြောတွေဟာ တကယ့်ကို မြေအောက်ဥမင် လှိုဏ်ခေါင်းတွေ ဖြစ်နေခဲ့ကြပါလား။

အေးစက်တိတ်ဆိတ်နေတဲ့ အဲဒီ လှိုဏ်ခေါင်းနံရံတွေရဲ့ ပဲ့တင်ထပ်မှုအောက်မှာ ဒုတ်ဒုတ်၊ ဒုတ်ဒုတ် ဆိုတဲ့အသံတွေဟာ တစ်ခုပေါ် တစ်ခုထပ်၊ တစ်ခုပေါ် တစ်ခုဆင့်လို့။ အသံတွေဟာ ကျယ်သထက် ကျယ်၊ မြန်သထက် မြန်၊ အရိပ်တွေက ဖြတ်ခနဲ၊ ဖြတ်ခနဲ၊ သူ့နောက်မှာ ကျန်ရစ်လို့။

သူ့မှာ ဗီဒီယို ဇတ်ကားတစ်ကားကို နောက်ပြန်ရစ်ပြီး ကြည့်နေရသလိုလို၊ အောက်ခြေမမြင်ရတဲ့ ခြောက်ကမ်းပါးကြီးထဲ ခေါင်းစိုက်ထိုးဆင်းနေရသလိုလို၊ သူ့မှာ အတိတ်ဆီသို့ ဦးတည်ရွေ့လျားနေသော အမြန်ရထားကြီးတစ်စီးပေါ် ရောက်ရှိ နေခဲ့တာ များလား၊ သူ့အတွက် စဉ်းစားဖို့၊ ငြင်းဆန်ဖို့ပင် အချိန်မရ၊ မြန်ဆန်လှတဲ့ အရှိန်ကြောင့် ရုန်းထွက်ဖို့လည်း မရဲ။

သူဟာ ဘယ်အရပ်ကိုများ ရောက်ရှိနေခဲ့ပြီလဲ၊ သူမသိ။ ပြင်းထန်လှတဲ့ အရှိန်နဲ့ သွားနေတဲ့ သူမို့ သူ ရောက်ရှိနေတဲ့ အရပ်ကို သိရှိနိင်ဖို့ အတော့်ကို ခဲယဉ်းနေခဲ့ပါတယ်။ သိလိုက်ပြန်ရင်လည်း အဲဒီ အသိဟာ လျင်မြန်လှ စွာပဲ အနောက်မှာ ကျန်ရစ်ခဲ့ပါပြီ။ သူ့စိတ်ထဲမှာ အင်အားကောင်းလှတဲ့ မုန်တိုင်းတစ်ခု
တိုက်ခတ်နေသလိုမျိုး ကျစ်လျစ် သိပ်သည်းတဲ့ အရှိန်တစ်ခုသာ ဝှေ့ယမ်း တိုက်ခတ်နေခဲ့တယ်။

တကယ်သာ အတိတ်ကို ရွက်လွှင့်နေခဲ့မိတယ် ဆိုယင်တော့ ဒါဟာ သဘာဝကို လွန်ဆန်ခြင်းပါပဲ။ သဘာဝကိုကျော်လွန်ခြင်းပါပဲ။ မြစ်တွေဟာ ဘယ်တော့မှ နောက်ကြောင်းပြန် မစီးခဲ့ကြပါဘူး။ အချိန်တွေဟာလည်း ဘယ်တော့မှ နောက်ပြန် မလည်ပတ်ခဲ့ပါဘူး။ သူ့မှာသာ နာရီလက်တံတွေကို ပြောင်းပြန်လှည့်ပြီး နောက်ကြောင်း
 ပြန် မြစ်ထဲစီးဆင်းနေခဲ့တယ်။ ရယ်စရာ ပါပဲလား။ သူဟာ ကာလယန္တရားကြီးထဲမှာ ပိတ်မိနေတဲ့ ပုရွက်ဆိတ်ကလေး တစ်ကောင်လား။ သွားချင်တဲ့ ရာစုနှစ်ကို ရောက်ဖို့ ကမ္ဘာကြီးကို ပြောင်းပြန်လည်ပတ်ခိုင်းနေတဲ့ ပုရွက်ဆိတ်ကလေး တစ်ကောင်ပဲ လား။

အရှိန်တွေဟာ အတော့်ကို မြန်ဆန်လာခဲ့ပါပြီ။ သူ့ရဲ့ ရထားကြီးဟာ နာရီပိုင်းအတွင်း ကမ္ဘာကို အပတ်ပေါင်းများစွာပတ်ကာ သူ့ရဲ့ အတိတ်နေ့တွေဆီ အရောက်သွားနေခဲ့တယ်။ လမ်းတစ်လျှောက် ဝမ်းသာ၊ ဝမ်းနည်း ၊ ကြေကွဲ၊ ပီတိ၊ နာကျင်၊ ပျော်ရွှင်၊ သောက၊ စိတ်ကူး၊ ချစ်ခြင်း မုန်းခြင်းများ အားလုံးကို ဖြတ်ကျော်လို့၊ ထိုခံစားမှု
များ အားလုံးသည် အရှိန်အဟုန်ပြင်းလှသော မွှေစက် (rotator) ကြီးထဲတွင် လှည့်မွှေခံလိုက်ရသလို လျင်မြန်စွာ အနည်ကျသွားကြသည်။ ပုံမှန်အားဖြင့် အရေးပါလှသည်ဟု ပြောနိင်သည့် ခံစားမှုများ အားလုံးသည်မာန်ဟုန်ပြင်းလှသော နောက်ကြောင်းပြန်မြစ်ထဲတွင် ဘာမှ အရေးမပါနိင်တော့။ သူ့မှာ သူ မထိန်းချုပ်နိင်သော ဖြစ်စဉ်ကြီးထဲတွင် ကူကယ်ရာမဲ့ မျောပါလို့။

မဖြစ်ပေ၊ ဤ ရထားကြီးပေါ်မှ သူ ရုန်းထွက်မှ ဖြစ်ပေတော့မည်။ ဤ အရှိန်အဟုန်ကြီးထဲမှ သူ ရုန်းထွက်မှ ဖြစ်ပေတော့မည်။ သူသည် ကမ္ဘာပတ်လမ်းကြောင်းထဲမှ လွတ်မြောက်ဖို့ ကြိုးစားနေသော ဂြိုလ်တုတစ်လုံးလိုကိုယ်ပိုင် စွမ်းအား အပြည့်ဖြင့် ရုန်းထွက်ရပေမည်။ သို့သော် သံယောဇဉ်တို့၊ ချစ်ခြင်းမေတ္တာတို့၏ ဆွဲအားသည် ကမ္ဘာ့ဆွဲအားထက် အဆပေါင်းများစွာ သာလွန်ကြောင်း သူ သိနေခဲ့သည်။ သူ ရုန်းထွက်နိင်ပါ့မလား မသိ။

မည်သို့ပင်ဖြစ်စေ သူ ရုန်းထွက်ရပေမည်။ အတိတ်ကို လွမ်းနေတဲ့မြစ်ဆိုတာ နာမည်လေးလှပေမယ့် အတော့်ကို ဝဲဂယက်များကြောင်း သူ့ အတွေ့အကြုံအရ သိရှိခဲ့ရပေပြီ။ ယင်း စုပ်ယူအားကောင်းလှသော ဝဲဂယက်များသည် သူ့ဘဝ၏ အရာရာကို ဆက်လက် ရှင်သန်ပြီး ကြီးထွားခွင့်မရအောင် အမြဲလို ညှို့ငင်သိမ်းပိုက်ထားခဲ့သည် မဟုပ်ပါလား။

သို့သော် အံ့သြစရာ၊ သူ့မှာ နွံအိုင်တစ်ခုထဲ ကျဆင်းနေသူလို ရုန်းလေ နစ်လေ ဖြစ်နေခဲ့သည်။ အားထုပ်လေလေ၊ အတိတ်ထဲ ကျွံလေလေ ဖြစ်နေခဲ့သည်။ ကြာလာတော့ သူ့မှာ တဖျတ်ဖျတ် ပြိုးပြက်နေသော သူ့ ပုံရိပ်များကို ဖမ်းဆုပ်ဖို့လည်း မကြိုးစား၊ လစ်လျှူရှုခြင်းလည်း မလုပ်၊ အလိုက်သင့်သာ စီးမျောနေခဲ့သည်။ ခုခံခြင်းငြင်းဆန်ခြင်း မရှိ။ ထိုအခါ မြန်ခြင်း နှေးခြင်းမရှိ။ ရွေ့လျားခြင်း၊ ရပ်တန့်ခြင်း မရှိ။ ဒွိသဘောများမှ ကင်းလွတ်
လာခဲ့သည်။

အတိတ်၊ ပစ္စုပါန်၊ အနာဂတ်ဟူ၍လည်း မပိုင်းခြားနိင်တော့။ အားလုံး တစ်ပြိုင်နက်တည်း၊ အဆက်အစပ်မဲ့၊ ရောယှက်၊ ပေါင်းစပ်၊ ပြိုကွဲ၊ တစ်ပိုင်းစီ၊ တစ်စစီ၊ ပြန်လည်ဖွဲ့တည်၊ စုစည်း၊ အကောင်အထည်ဖော်၊ ပုံမပေါ်မှီမှာပဲ သားပျက်သားလျှော၊ အကြိမ်ကြိမ်အခါခါ၊ အဲဒီလိုမျိုး၊ အကြိမ်ကြိမ်အခါခါ၊ စကားလုံးမဲ့၊ ပုံသဏ္ဍန်မဲ့၊ အရိပ်အယောင်များသာ၊ အရောင် အရိပ်တို့အမျိုးမျိုး ပြောင်းလဲ တွဲစပ်ခြင်းသာ။ အငြိမ်နှင့် အလှုပ်၊ အလှုပ်နှင့် အငြိမ်၊ ငြိမ်ချင်နေသော အလှုပ်နှင့် လှုပ်ချင်နေသော အငြိမ်။ တကယ်တော့လည်း အတူတူပင်။ ခွဲခြားပြောဆို၍ မရ။ ဘယ်အရာမှ ခွဲခြားပြောဆို၍ မရ၊ ပြောလိုက်သည်နှင့်ပင် မှားယွင်းသွားဖို့ရာ သေချာနေခဲ့။

xxxxxxxxxx

အမှောင်၊ ပိန်းပိတ်နေသည့် အမှောင်၊ ရုတ်တရက် အလယ်ခေါင်တွင် အလင်းစက်ကလေး တစ်စက် ပေါ်လာသည်။ ထိုအလင်းစက်ကလေးက အငြိမ်မနေ၊ တစ်နေရာရာသို့ တန်းတန်းမတ်မတ် သွားနေသည်။ ထိုအခါမျဉ်းဖြောင့်တစ်ကြောင်း ဖြစ်လာသည်။ ထို မျဉ်းဖြောင့်ကလည်း မငြိမ်၊ ကဏန်းသွား သွားနေရာ ပြင်ညီပြားတစ်ချပ် ဖြစ်လာသည်။ ထို ပျဉ်ညီပြားကလည်း မငြိမ်၊ ထောင်ထောင်မတ်မတ်ဖြင့် လျှောက်သွားနေရာ အခန်း
တစ်ခန်း ဖြစ်လာခဲ့သည်။

အခန်းတစ်ခုလုံးမှာ ပြူတင်းပေါက်မှ ဝါးလုံးထိုး ကျဆင်းနေသော နေရောင်ကြောင့် လင်းထိန်လို့နေသည်။ တစ်စုံတစ်ယောက် လှည်းကျင်းရှင်းလင်းထားသလို ဖုန်တစ်စက်မရှိ။ တစ်ခန်းလုံး သန့်ရှင်းသပ်ယပ်နေသည်။ နှလုံးခုန်သလို တချပ်ချပ်မြည်နေသော အသံကြောင့် သူ လှည့်ကြည့်လိုက်ရာ စားပွဲခုံပေါ်မှာ အိနြေ္ဒရရ အလုပ်လုပ်နေသော နာရီကလေး၊ အခန်း၏ အစိတ်အပိုင်း အသီးသီးမှာ သက်ရှိအရာတစ်ခုလို အချင်းချင်း ပေါင်းစည်း လုပ်ဆောင် နေကြသယောင်။

သူ့မှာ အံ့သြဝမ်းသာစွာဖြင့် တစ်ခန်းလုံးကို လှည့်ပတ်ကြည့်ရှု နေခဲ့သည်။

မြတ်စွာဘုရား၊ အခန်းထောင့်က ပန်းအိုးထဲမှာ လည်း ရဲရဲနီနေသော နှင်းဆီပန်းတစ်ပွင့်၊ လတ်လတ်ဆတ်ဆတ် ဖူးပွင့်လို့ပါလား။ သူ့မှာ ကြည်နူးလို့ပင် မဆုံးသေး။ ရေဒီယိုမှ တေးသံတစ်စက နားထဲ ဝေ့ဝဲလို့လာခဲ့သည်။ ကြားဖူးသလိုလိုပါပဲ။ သူ ဇဝေဇဝါ ဖြင့် စဉ်းစားနေမိသည်။

ခံနိင်ရည်၊ ဟန်နိင်စွမ်း
ကျဆင်းခြင်းကြောင့် အားငယ်စွာ
စိတ်ထဲဝင်ရောက် ပျံ့နှံ့ကာ
ညဦးယံထက် မှေးစက်စဉ်
အာရုံလွင်ပြင် ရောင်ပြန်ပဲ့တင်သံအဆုံး
နှိုးလှုပ်သူ ချစ်သူ့ခေါ်သံ
အော်ခေါ်နေသံတွေရယ် မိုးချုန်းသည့်နှယ်

ခဏနေမှ သူ မှတ်မိသွားသည်။ ကိုမောင်မောင်၏ ခန္ဒာဝန် ၊ ထိုသီချင်းကြားတော့မှ ညက သူ ဘာတွေများ ဖြစ်ခဲ့ပါလိမ့်ဟု တွေးနေမိသည်။ ပြူတင်းပေါက်လိုက်ကာစလေးမှာတော့ သုန်သုန်မြူးမြူး တိုက်ခတ်နေရှာသော လေညှင်းလေးကြောင့် လွင့်လွင့်လူးလူး လှုပ်ခတ်လို့။  ။

ဒီနိုဗို

မှတ်ချက်
Beauty Max Megazine; Issue 34 တွင် ဖော်ပြခဲ့ပြီးသော ဝထ္ထုကို ပြန်လည်မျှဝေပါသည်။

No comments: