Wednesday, April 25, 2012

ပေတံနှင့် အုပ်ချုပ်ခြင်း



            ငယ်စဉ်က ကျောင်းသွားလျှင် အမြဲမေ့ကျန်တတ်သော ပစ္စည်းတစ်ခုမှာ ပေတံဖြစ်ပါသည်။ တစ်ခါတစ်ရံ အိမ်တွင် မေ့ကျန်တတ်ပြီး တစ်ခါတစ်ရံ ကျောင်းတွင် မေ့ကျန်တတ်ပါသည်။ ကျွန်တော့်အဖို့ ပေတံသည် အမြဲလိုအပ်နေတတ်ပြီး အမြဲ မေ့လျော့နေတတ်သော အရာလည်းဖြစ်သည်။ အမြဲဖျောက်ဖျက်ပစ်တတ်ပြီး အမြဲဌားရမ်းခဲ့ရသော အရာလည်းဖြစ်သည်။ အကြိမ်အတော်များများပင် ပေတံဆိုတာ ကျောင်းသားတစ်ယောက်အတွက် အဘယ့်ကြောင့် ဤမျှအရေးပါရပါသနည်းဟု တွေးကြည့်ဖူးပါ သည်။
            ထိုအခါ ပေတံ၏ အသုံးဝင်ပုံများ ခေါင်းထဲတွင် အစီအရီပေါ်လာကြသည်။ ပေတံတစ်ချောင်း၏ အခြေခံကျကျ အသုံးတည့်မှုတစ်ခုမှာ မျဉ်းတား၍ရခြင်းဖြစ်သည်။ ညီညာဖြောင့်တန်းသော မျဉ်းတစ်ကြောင်းကို ရရှိဖို့ ပေတံတစ်ချောင်း မရှိမဖြစ်လိုအပ်ပါသည်။ အထူးသဖြင့် ဝါကျများ၏ စမှတ်များညီညာစေဖို့ ကျွန်တော်တို့ မျဉ်းတစ်ကြောင်းတော့ ချလေ့ရှိသည်။ ထို့အတူ အဆုံးသတ်သွားသော စာပိုဒ်များအတွက်လည်း ကျွန်တော်တို့ မျဉ်းတစ်ကြောင်း ပိတ်လေ့ရှိသည်။ ထို့ကြောင့် ပေတံများကို "အစနှင့်အဆုံးကို သေချာစေ သူ" ဟု အမည်ပေးရင် ကောင်းမလားစဉ်းစားမိသည်။
            တကယ်တော့ ပေတံတစ်ချောင်း၏ အဓိကအလုပ်မှာ တိုင်းတာခြင်းပင်ဖြစ်သည်။ တိုင်းတာသော ယူနစ်များသာ ကွဲပြားသွားကြသည်။ တိုင်းတာသော စနစ်များသာ ကွဲလွဲသွားကြသည်။ ပေတံများကတော့ တိုင်းတာနေခဲ့သည်။ ပေတံများကတော့ သူ့အလုပ် သူလုပ်နေခဲ့သည်။ တကယ်တော့ တိုင်းတာခြင်းဆိုသည်မှာလည်း ရူပဗေဒ၏ အခြေခံအလုပ်တစ်ခုသာဖြစ်ပါသည်။ ပြောရမည်ဆိုလျှင်တော့ သိပ္ပံပညာတစ်ခုလုံးပင် အတိုင်းအတာစနစ်များ၊ စံနှုန်းများဖြင့် အသေးစိတ်စနစ်တကျ တည်ဆောက်ထားသော အဆောက် အအုံတစ်ခု ဖြစ်နေခဲ့သည်မဟုတ်လား။
            တိုင်းတာခြင်းတွင်လည်း လက်တွေ့ကျသော ပြဿနာတစ်ချို့ရှိနေခဲ့သေးသည်။ ပေတံချင်းအတူတူ  အတိုင်းအတာကွဲသော ပေတံများရှိနေခဲ့သည်။ "လက်မချင်း" မတူ ၊ "စင်တီမီတာချင်း" ကွဲသော ပေတံများလည်းရှိနေသည်။ အဘယ်အရာကို တစ်လက်မ ဟုပြောပြီး ဘယ်အရာကို တစ်စင်တီမီတာဟု ပြောကြမည်လဲ။ ထိုအခါ စံနှုန်းပြဿနာက ဝင်လာသည်။ ဘယ်အရာကို စံထားမလဲ။ ယနေ့ စာပေဝေဖန်ရေးလောကတွင် ဖြစ်နေပုံနှင့် နည်းနည်းများဆင်မည်လားမသိ၊ တကယ်တော့ စံပြဿနာမှာ ထိုမျှမကပါ။ ယနေ့ခေတ် ကုန်ထုတ်လုပ်မှုဖြစ်စဉ်များတွင်ပါ အရေးပါလှသော ကိစ္စတစ်ခု ဖြစ်ပါသည်။
            စဉ်းစားကြည့်လျှင် ပေတံတစ်ချောင်း၏ အသုံးဝင်မှုများသည် ပေတံတစ်ချောင်းထက် ပိုပါသည်။ ကျွန်တော်တို့မှာ ကျောင်းဝင်ခွင့်အတွက် ပေတံတစ်ချောင်းနှင့် အတိုင်းခံရပါသည်။ အလုပ်ဝင်ခွင့်အတွက်လည်း ပေတံတစ်ချောင်းလိုသည်။ ရာထူးတက်ဖို့ အတွက်လည်း ပေမီဒေါက်မီဖြစ်ဖို့လိုသည်။ ကုန်ကုန်ပြောရလျှင် အိမ်ထောင်ဖက်ရွေးချယ်ခြင်းအမှုတွင်ပင် ပေတံတစ်ချောင်း၏ သြဇာကိုမလွန်ဆန်နိုင်ကြ။

မှတ်ချက်။      ။ အပြည့်အစုံကို မစဉ်းစားမိတဲ့ကိစ္စ အက်ဆေးစုစည်းမှု စာအုပ်တွင် ဆက်လက်ဖတ်ရှုနိင်ပါသည်

No comments: