Sunday, April 8, 2012

စာစွဲသူ



            ကျွန်တော်ဟာ စာသိပ်ဖတ်တဲ့သူ တစ်ယောက်တော့မဟုတ်ဘူး။ စာအုပ်တွေကို အရမ်းချစ်မြတ်နိုးတတ်တဲ့သူလည်း မဟုတ်ဘူး။ ဒါပေမယ့် တွေ့တဲ့သူ တော်တော်များများက ကျွန်တော့်ကို စာသမားတစ်ယောက်လို့ ထင်ကြတယ်။ စာသမားတစ်ယောက်လို ယူဆပြီး စကားပြောကြတယ်။ သူတို့ ဖတ်ဖူးတဲ့စာအုပ်တွေ၊ စာရေးဆရာတွေနဲ့ပတ်သက်ပြီး ထင်မြင်ချက် တောင်းကြတယ်။ အတွေ့အကြုံချင်း ဖလှယ်ချင်ကြတယ်။ အဲဒီအတွက် တစ်ခါတစ်ခါဆို တော်တော်ကသိကအောက် ဖြစ်ရတယ်။ လူမှားနှုတ်ဆက်ခံရတဲ့ သူတစ်ယောက်လိုမျိုး ကျွန်တော့်မှာ အတော်အခက်တွေ့ရတယ်။
            ဘာကြောင့်များ ကျွန်တော့်ကို စာသမားတစ်ယောက်လို့ ထင်ကြတာလဲ၊ စိတ်ကူးပေါက်တဲ့အခါ စာတိုပေစလေးတွေ ရေးတတ်လို့လား၊ ဒါမှမဟုတ် မျက်မှန်နဲ့ ကုပ်ချောင်းချောင်း ကျွန်တော့်အသွင်အပြင်ကပဲ စာဂျပိုးရုပ်ပေါက်နေလို့လား။ နောက်တစ်မျိုး ဖြစ်နိုင်တာကတော့ ကျွန်တော်ပေါင်းတဲ့ အပေါင်းအသင်းတွေကြောင့်များလား။ တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော့်မိတ်ဆွေ တော်တော်များများဟာ စာသမားစစ်စစ်တွေ ဖြစ်နေကြတယ်လေ။ အဲဒီထဲမှာ ကျွန်တော့်လိုပဲ စိတ်ကူးပေါက်ရင် စာရေးတတ်တဲ့သူ တစ်ချို့ပါ ပေမယ့် အများစုကတော့ အဖတ်သမားသက်သက်တွေပဲ၊ စာကိုကြိုက်လို့ ဖတ်နေကြသူတွေချည်းပဲ။
            ကျွန်တော့်အပေါင်းအသင်း စာသမားတွေနဲ့ယှဉ်လိုက်ရင် ကျွန်တော်ဟာ မမြဲတမ်း သိမ်ငယ်ဝမ်းနည်းရတတ်တယ်။ သူတို့ ဖတ်ခဲ့ဘူးတဲ့ စာအုပ်တွေအကြောင်းပြောတိုင်း ကျွန်တော့်မှာ မျက်စိသူငယ်၊ နားသူငယ်နဲ့ ကိုယ်တစ်ခါမျှ မရောက်ဖူးတဲ့ တိုင်းပြည်ကို အဖော်မပါရောက်သွားတဲ့ ခရီးသွားတစ်ယောက်လို  ယောက်နနနဲ့။ သူတို့ပြောတဲ့စာအုပ်တွေကလည်း အကြောင်းအရာစုံ၊ လိုင်းပေါင်းစုံ၊ ဝတ္ထုတိုရှည်တွေ၊ ကဗျာတွေ၊ အက်ဆေးတွေ။ အဲဒီမှာ ခေတ်အလိုက် သရုပ်မှန်၊ မော်ဒန်၊ ရိုမန်တစ်၊ ပို့စ်မော်ဒန် ကွဲလိုက်သေး။ ဘာသာရပ်ဆိုင်ရာဆိုလည်း ဖလော်ဆိုဖီကနေ နန်နိုနည်းပညာအဆုံး၊ ပလေတိုးကနေ ဟိုက်ဒေးဂါးအလယ် ဒါရီဒါ အဆုံး၊ ပြောလို့ကိုမဆုံး။ (အမှန်တကယ်လည်း မဆုံး၊ ကျွန်တော်တို့ ထိုင်နေကျ လက်ဖက်ရည်ဆိုင်များကို လိုက်လံစုံစမ်းကြည့်လျှင် ကျွန်တော် အလွန်အကျူးဖွဲ့ဆိုနေခြင်း မဟုတ်ကြောင်း သိနိုင်ပါလိမ့်မည်။) ဤမျှ များပြားလှသည့် အကြောင်းအရာများ၊ စာအုပ်များကို သူတို့ ဘယ်အချိန်မှာများ ဖတ်ခဲ့ကြသလဲ၊ ဘယ်လိုများ ဖတ်ခဲ့ကြသလဲ ကျွန်တော် အံ့သြနေမိသည်။
            သူတို့ အများဆုံးဖတ်ရှုသောစာအုပ်များမှာ နိုင်ငံရပ်ခြားမှ စာအုပ်စာတမ်းများဖြစ်ကြပါသည်။ တကူးတက မှာယူဖတ်ရှုမှ ရနိုင်သော စာအုပ်များဖြစ်ပါသည်။ အများစုမှာ ဈေးကြီးသော စာအုပ်များဖြစ်ကြပြီး မူရင်းဈေးနှုန်းမကြီးလျှင်တောင် ပို့ဆောင်ခနှင့် ပေါင်းလိုက်လျှင် အတော်အတန် ဈေးကြီးသောစာအုပ်များ ဖြစ်သွားကြသည်။ ဤလိုမှ မဟုတ်လျှင် ရန်ကုန်မြို့အနှံ့ စာအုပ်အဟောင်းဆိုင်များကို နေ့စဉ်လှည့်ပတ်ပြီး ငါးမျှားသလို စိတ်ရှည်လက်ရှည် ထိုင်စောင့်ရပေလိမ့်မည်။ သို့သော် မည်သို့သော စာအုပ်များ ရလာမည်ဆိုတာ အတော်မသေချာသော အလုပ်။ ပြည်တွင်းထုတ် မြန်မာစာအုပ်များဆိုလျှင်လည်း အဟောင်းဈေးကွက်တွင်ပင် အတော်ရှားပါးသွားသောစာအုပ်များ၊ ထိုစာအုပ်များကို သူတို့ရအောင် စုဆောင်းကြသည်။ ဖတ်ရှုကြသည်။ ကျွန်တော် သူတို့ကိုကြည့်ပြီး အတော်ချီးကျူးမိပါသည်။
            အစ်ကိုတစ်ယောက်လိုခင်နေသော မိတ်ဆွေတစ်ယောက်ဆိုလျှင် သူ၏ NGO လစာဖြင့် နိုင်ငံရပ်ခြားမှ စာအုပ်များကို ပုံမှန်မှာယူလေ့ရှိသည်။ သူ၏အိမ်ရောက်သွားတိုင်း သူ၏အိမ်တွင်းစာကြည့်တိုက် အသေးစားလေးကိုကြည့်ကာ အံ့သြရတတ်သည်။ အစဉ် အမြဲ သူ၏စာအုပ်ဗီရိုများမှာ တိုးပွါးလျက်ရှိသည်။ နေရာအခက်အခဲရှိသဖြင့် အတွဲလိုက် ပြန်လည်ရောင်းချလိုက်ရသော ဖတ်ပြီးသားစာအုပ်များကပင် မနည်းမနော၊ သို့သော် သူ၏စာအုပ်အများစုက ကျွန်တော်ဖတ်လို့မရ၊ သူ၏ မိခင်ဘာသာရပ်ဖြစ်သော ဒဿနိက ဗေဒကျမ်းကြီးများနှင့် နောက်ပိုင်းတောက်လျှောက် သူလေ့လာနေခဲ့သော မဟာယာနဗုဒ္ဓဘာသာ စာအုပ်များ၊ အထူးသဖြင့် တိဘက်ဗုဒ္ဓဘာသာစာအုပ်များ။ သေချာပါသည်၊ ဤတစ်သက် အထက်ပါစာအုပ်များနှင့် ကျွန်တော် ဖူးစာဖက်ဖို့ လမ်းမမြင်ပါ။ သို့သော် သူ၏ ရှင်းလင်းပြည့်စုံလှသော လက်ဖက်ရည်ဆိုင် လက်ချာများက ကျွန်တော့်ကို ထိုဘာသာရပ်များနှင့် ပတ်သက်၍ တီးမိခေါက်မိ ရှိစေခဲ့ပါသည်။
            နောက်မိတ်ဆွေတစ်ယောက်ကတော့ သူလို တစ်လိုင်းမောင်းမဟုတ်၊ စိတ်ဝင်စားမှုစုံသည်။ စိတ်ဝင်စားမှု မကြာခဏ ပြောင်းလေ့ရှိသည်။ ယနေ့ ခရစ်ယာန်အယူဝါဒကို အပြင်းအထန် စိတ်ဝင်စားသော်လည်း မနက်ဖြန် ဟိန္ဒူဘာသာကို အရူးအမူး စွဲလန်းချင် စွဲလန်းနေတတ်ပါသည်။ ယနေ့ postmodern, deconstruction နှင့် ဒါရီဒါတို့ကို သည်းအူပြတ်မတတ် ဖြစ်နေသော်လည်း မနက်ဖြန်တွင် လူမှုဗေဒအကြောင်း ဒေါင်းတောက်မတတ် ရှာဖွေနေတတ်ပြန်သည်။ သို့သော် သူ့ကို ချီးကျူးရမည့်အချက်မှာ ဘာသာရပ်တစ်ခုကို စိတ်ဝင်စားမိပြီဆိုလျှင် ရေဆုံးရေဖျား လိုက်တတ်ခြင်းပင်။ ထိုဘာသာရပ်နှင့် သက်ဆိုင်သော စာအုပ်များကို မရမက၊ သရဲမင်းရဲ ရှာဖွေလေ့လာတတ်ခြင်းပင်။ သူရှာနေသော စာအုပ်တစ်အုပ်ကို ဘယ်လောက်ပေးရပေးရ တွန့်ဆုတ်လေ့မရှိ။ ထို့အတူ သူအလိုမရှိသော၊ စိတ်မဝင်စားတော့သော စာအုပ်များကိုလည်း မဆိုင်းမတွ ရောင်းချလေ့ရှိပြန်သည်။
            ဤအတွက် စာအုပ်အဟောင်းလောကတွင်တော့ သူ့ကို မသိသူမရှိ၊ အမှန်အကန် ဖောက်သည်ကြီး မဟုတ်လား၊ သူလာလျှင် လက်ရှိသူစိတ်ဝင်စားနေသော ဘာသာရပ်နှင့်ဆိုင်ရာ စာအုပ်များကို အရန်သင့် ရှာထားတတ်ကြသည်။
            သူနှင့် ရံဖန်ရံခါမှ တွေ့တတ်သောကျွန်တော့်အဖို့ သူ၏အမြဲပြောင်းလဲနေသော စိတ်ဝင်စားမှုများနှင့် အကြောင်းအရာများကြောင့် အမြဲလို မျက်စိလည်နေတတ်ပါသည်။ ယခင်တစ်ခေါက်တွေ့တုန်းက သူအပြင်းအထန်စိတ်ဝင်စားခဲ့သော စာအုပ်တစ်အုပ် အကြောင်း ပြောမည်ကြံကာရှိသေး၊ သူက တခြားခေါင်းစဉ်ကို ပြောင်းသွားခဲ့ပြီ။
            နောက် စာသမားမိတ်ဆွေတစ်ယောက်ကတော့ ကျူရှင်ဆရာ၊ သို့သော် သူ၏စာအုပ်စင်ပေါ်ရှိ စာအုပ်အများစုမှာ ကျူရှင်နှင့်မဆိုင်သော စာအုပ်များ။ သူလည်း စိတ်ဝင်စားမှု ကျယ်ပြန့်သည်။ လိုင်းပေါင်းစုံသည်။ ကျွန်တော့်အမြင် ရသဘက် ပိုသန်သည်။ သူက တော့ အပြောသမားမဟုတ်၊ နားထောင်သမား၊ စကားဝိုင်းများတွင် အမြဲလို စိတ်ဝင်တစား နားထောင်တတ်ပြီး အခြားသူများ၏ အထင်အမြင်ကို ဘယ်တော့မှ ငြင်းခုံဖို့မကြိုးစား၊ အထင်တကြီးနားထောင်တတ်သည်။ (သူအထင်ကြီးသော စာရေးဆရာများကလည်း များ လှသည်။)
            သူ၏ ထူးခြားသောအကျင့်ကတော့ စာပေပွဲစား လုပ်တတ်ခြင်းပင်။ စာပေနှင့် ပတ်သက်၍ စာရေးဆရာများ၊ ထုတ်ဝေသူများ၊ စာအုပ်သမားများနှင့် စာအုပ်အဟောင်းရောင်းသူများကြား ချိတ်ဆက်၍ အကျိုးဆောင်ပေးတတ်ခြင်းပင်။ အမှန်တကယ်ပင် အခမဲ့ ကူလီထမ်းသော စာသမားတစ်ယောက်ပင်။
            နောက်မိတ်ဆွေတစ်ယောက်ကတော့ ကျွန်တော့်ထက် စာရေးနောက်ကျသော်လည်း ကဗျာဝေဖန်ရေးဆောင်းပါးများဖြင့် အချိန်တိုအတွင်း အသိအမှတ်ပြုခံရသူ၊ ရေးသောစာများ၏ အဆင့်အတန်းကို ကြည့်ခြင်းဖြင့် သူဘယ်လိုစာအုပ်များကို ဖတ်ထားသလဲ ဆိုတာ ထင်ရှားသိသာလှသူ၊ လူချင်းစကားပြောကြည့်လျှင်လည်း သူ့စာဖတ်အားက ကျွန်တော်အားကျရသည်။ သူ့အရည်အချင်းက ဖတ်ရုံဖတ်တတ်သူမဟုတ်၊ ဖတ်ထားသောအကြောင်းကိုလည်း လိုရင်းအနှစ်သာရကို ငုံမိအောင် အကျဉ်းချုပ် ပြောပြတတ်သေးသည်။ သူအပြောကောင်းလွန်းသဖြင့် ကျွန်တော်ဖတ်ဖူးသော သာမန်စာအုပ်များပင် သူ့ချီးမွန်းခန်းအောက်တွင် အလွန်လေးနက်လှပသွားကြသည်။
            (အနောက်တိုင်းစာပေနှုန်းစံများဖြင့် အတည်ပေါက်နှိုင်းယှဉ်သုံးသပ်လေ့ရှိသဖြင့် သူ့ကဗျာ၊ ဆောင်းပါးများတွင်ညွှန်းဆိုခံရသည့် ကဗျာဆရာများးဆိုလျှင် ကိုယ့်ကဗျာကိုယ် အလန့်တကြားပြန်လည်ဖတ်ရှုကြပြီး ကိုယ်ရေးထားတာမှ ဟုတ်ရဲ့လားဟု ရင်သပ် ရှုမော ဖြစ်ရလောက်သည်။)
            သူ့လိုပင် ဖတ်ထားသမျှကို ဒိုးဒိုးဒေါက်ဒေါက် ပြောနိုင်သော နောက်ထပ်စာသမားတစ်ယောက်လည်း ရှိသေးသည်။ သူကတော့ ဆေးကျောင်းသားပီသစွာ မှတ်ဥာဏ်ကောင်းလှသည်။ ဖတ်သည့်စာကလည်းအစုံ၊ အပျော်ဖတ်ရော၊ စာပေတန်းဝင်သည့် စာအုပ် များရော စုံလှသည်။ ရသ သုတ အစုံရသူ၊ တာဝန်ကျရာ ချင်းတောင်အထိ စာအုပ်များကို ခက်ခက်ခဲခဲ သယ်ဆောင်သွားသူ၊ စကားဝိုင်းတိုင်းတွင်လည်း သိထားသော အချက်အလက်များဖြင့် အနိုင်မခံ အရှုံးမပေးစတမ်း တက်ကြွစွာ ငြင်းခုံဆွေးနွေးလေ့ရှိသူ၊ သူနှင့် စကားပြောရသည်မှာ အသံထွက်ဖတ်ညွှန်းစာအုပ်တစ်အုပ် ဖွင့်ပြီးနားထောင်ရသလို အရသာတစ်မျိုး ရရှိပါသည်။ ( pause နှိပ်လို့မရတာကလွဲလို့ပေါ့။)
            ဤအထဲမှာမှ စက္ကူစာအုပ်များသာမက e-book များ၊ အသံထွက်စာအုပ်များဖြင့် ကျွန်တော့်ကို မိတ်ဆက်ပေးခဲ့သော သူငယ်ချင်းတစ်ယောက်လည်း ရှိသေးသည်။ သူက အင်မတန်လောဘကြီးသော စာသမားတစ်ယောက်။ e-book များ၊  audio book များ၊ မှတ်တမ်းတင်ကားများ၊ မိန့်ခွန်းများ၊ ဓါတ်ပုံများ၊ ဂန္တဝင်ဂီတများ စသဖြင့် တွေ့သမျှသိမ်းသည်။ အခြားသောသူများကိုလည်း စေတနာအပြည့်ဖြင့် မျှဝေပေးသည်။ သူ့တွင် သိမ်းစရာကွန်ပျူတာနှင့် မဆံ့သဖြင့် external hard disk တစ်လုံးနှင့်ပါ သိမ်းရရှာသည်။ သူ့ကို ကြည့်ရတာ ရွေ့လျားနေသော စာကြည့်တိုက်ကြီးအလား။ ကျွန်တော့်မှာ သူ့ကိုကြည့်ရတာ လေးလံလွန်းလှပါသည်။ ဘာမဆိုသိနေသော လူတစ်ယောက်နှင့် စကားပြောရတာလည်း အတော်ခက်ခဲပင်ပန်းလှသည် မဟုတ်လား။
            ကျွန်တော့်မိတ်ဆွေများထဲတွင် ထည့်မပြောလို့မရသည့် နောက်ထပ်စာသမားကြီးတစ်ယောက်ကတော့ အင်္ဂလိပ်စာသင်ပြီး ကဗျာရေးစားနေသောသူကြီးပင်။ သူ့ကျောင်းတွင်ထားသော စာအုပ်စင်မှာ သွားရည်ယိုချင်စရာကောင်းသော စာအုပ်များစွာရှိသည်။ သူကတော့ ရသစာပေသက်သက်၊ အထူးသဖြင့် ကဗျာ၊ ကဗျာနှင့်ပတ်သက်သော စာအုပ်စာတမ်းများမှာ မြန်မာပြည်မှာ ရှာရခက်သော (ရှင်းရှင်းပြောရလျှင် မရှိနိုင်သော) စာအုပ်များပင်။ ထို့ပြင်စာအုပ်များက လတ်တလောထွက်စာအုပ်များ။ ပဝေသဏီမှ စာအုပ်များ မဟုတ်။ သူကလည်း စေတနာကောင်းလှစွာ ဌားရမ်းလေ့ရှိသည်။ သူ့လိုင်းကတော့ အရမ်းကိုရှေ့ရောက်လွန်းတဲ့လိုင်း၊ လူနားမလည်တဲ့ စာတွေမှ ကြိုက်တဲ့သူမျိုး။
            တစ်ခါတစ်ခါ ကိုယ့်ကိုယ်ကိုယ် အရမ်းဟောင်းနွမ်းနေပြီဟု ထင်လာသည့်အခါမျိုးတွင် သူ့စာအုပ်များကို သွားဌားရသည်။ သူ့စာအုပ်များကို ဖတ်ရသည်မှာ စာဖတ်တတ်ခါစ လူတစ်ယောက်လို အရာရာ အံ့သြဖွယ်ရာ ဖြစ်လို့နေပါသည်။
            ထို့အပြင် စာဖတ်ဝါသနာပါလွန်းသဖြင့် စာအုပ်အဌားဆိုင်လုပ်ငန်းကို အမြတ်နည်းမှန်း သိလျက်နှင့် လုပ်ကိုင်နေသောမိတ်ဆွေနှစ်ယောက်လည်း ရှိသေးသည်။ တစ်ယောက်က အထင်ကရ မော်ဒန်ပန်းချီဆရာကြီးတစ်ဦး၏သား၊ ငယ်စဉ်ကတည်းက ပန်းချီ ဆရာ၊ စာရေးဆရာများထဲ ကြီးပြင်းလာသူ။ ကိုယ်တိုင်စာရေးဖို့၊ ပန်းချီဆွဲဖို့ စိတ်မဝင်စားလှသော်လည်း (အမှန်တော့ ပန်းချီဆရာ၊ စာရေးဆရာများကိုကြည့်ပြီး ပန်းချီဆွဲဖို့၊ စာရေးဖို့ စိတ်ကုန်နေသူ) အခြားသူများကိုတော့ စာပေပန်းချီနှင့် ပတ်သက်၍အမြဲ အကူအညီ ပေးလေ့ရှိသူ ဖြစ်သည်။ ကျွန်တော်ဖတ်သော စာအုပ်အများစုမှာ သူ့ဆိုင်မှဖြစ်သည်။ eccentric ဖြစ်တတ်သော စာရေးဆရာ၊ ပန်းချီဆရာများအကြောင်း အတွင်းကျကျ သိသူတစ်ယောက်အနေဖြင့် ဇာတ်ခုံအောက်မှ ကြောင်ကွက်များကို ပြောပြောပြတတ်သဖြင့် သူနှင့် စကားပြောရတာ စာဖတ်ခြင်းနှင့်မတူသော စာပေအငွေ့အသက်များကို ရရှိတတ်ပါသည်။
            နောက်မိတ်ဆွေတစ်ယောက်ကတော့ စိတ်ရောဂါအထူးကုဆရာဝန်။ တစ်မိသားစုလုံး စာဖတ်ဝါသနာပါသဖြင့် မိသားစုလုပ်ငန်းအဖြစ် စာအုပ်အဌားဆိုင်ဖွင့်ထားသူ၊ ကျွန်တော်နှင့်အတူ UN အဖွဲ့တစ်ခုတွင် လုပ်ကိုင်နေသူ၊ သူနှင့်ကျွန်တော် အတူခရီးထွက် တိုင်း ရောက်လေရာမြို့တွင် သူစာအုပ်ဆိုင် ပတ်တတ်သည်။ မှတ်မှတ်ရရ မန္တလေးမြို့ရှိ စာအုပ်ဆိုင်များစာရင်းကို မြေပုံလေးဆွဲပြီး ကျွန်တော့်ကို တစ်ခါပေးခဲ့ဖူးသည်။ သူ့မှာစာအုပ်နှင့်ပတ်သက်၍ "ယင်း"က အမြဲရှိပုံရသည်။ သူနှင့် တစ်ခါတစ်ရံ စာအုပ်တန်းပတ်ရင်း ခြေထောက်ညောင်းလာသောအခါများတွင် တွေးမိတတ်သည်၊ ရန်ကုန်မှာလည်း ဝယ်လို့ရသော စာအုပ်ကို မန္တလေးကနေ ဘာဖြစ်လို့ အလေးခံပြီး သယ်မှာလဲ၊ ကျွန်တော်စဉ်းစားလို့မရ၊ သို့သော်စာအုပ်သမားများ၏ စာအုပ်အပေါ်မှာ မြတ်နိုးတန်ဖိုးထားမှုကိုတော့ ကျွန်တော်လေးစားပါသည်။
            တစ်ခါတစ်ခါ ကိုယ့်ကိုယ်ကိုယ် ပြန်မေးမိသည်။ ကျွန်တော့်မှာ သူတို့လို ဘာကြောင့်စာအုပ်စာပေအပေါ် တပ်မက်မှုမပြင်းပြရတာလဲ၊ ကျွန်တော့်မှာ လက်လှမ်းမီသောစာအုပ်များကို အခြေအနေပေးလျှင် ဖတ်လေ့ရှိသော်လည်း ကျွန်တော့်မိတ်ဆွေများလို တကူးတက ကြိုးစားပမ်းစား ရှာဖွေဝယ်ယူသိမ်းဆည်းခြင်းမျိုးတော့ မရှိ၊ ရှင်းရှင်းပြောရလျှင် ကျွန်တော့်မှာသေလောက်အောင် ဖတ်ချင်နေသော စာအုပ်မျိုးမရှိ။ နောက်ပိုင်းတွင် စာဖတ်ချိန်မှာလည်း အလွန်ရှားပါးလာသဖြင့် စာအုပ်ထူထူထဲထဲဆိုလျှင် ဝယ်ယူဖို့ မဆို ထားနှင့်၊ ဌားရမ်းဖတ်ရှုဖို့ပင် လက်တွန့်နေမိသည်။ ထို့ပြင် Online မှ ဆွဲချလို့ရသော e-book များကပင် ဒီတသက်ဖတ်လို့မကုန်နိုင်။ ထိုအခါ စာအုပ်များအပေါ် တပ်မက်မှုမှာပို၍ပင် နည်းပါးလာခဲ့သည်။ ထို့ပြင် ဖတ်ပြီးသောစာအုပ်များကို သိမ်းဆည်းရသည်မှာလည်း ဝန်ထုပ်ဝန်ပိုးကြီးဖြစ်လာသည်။ မိသားစုများသော ကျွန်တော့်အိမ်တွင် စာအုပ်အများစုမှာ ကျွန်တော့်စာအုပ်များသာ၊ ဤအတွက် စာအုပ်အသစ်ဝယ်ခါနီးတိုင်း လက်တွန့်နေမိတတ်သည်။ စာဖတ်ခြင်းသည် ပုဂ္ဂလိကကိစ္စသက်သက်ဖြစ်သဖြင့် စာအုပ်ဝယ်ရသည်မှာ တစ်ကိုယ်ကောင်းဆန်သည့် အပြုအမူတစ်ခုလိုလည်း ခံစားရပါသည်။ ပိုဆိုးသည်မှာ ဝယ်ထားပြီးမဖတ်ဖြစ်သေးသော စာအုပ်များကိုတွေ့လျှင် စာအကြွေးတင်နေသော ကျောင်းသားတစ်ယောက်လို အပြစ်မကင်းသည့်စိတ်ကို ခံစားရပါသေးသည်။
            ပါးစပ်မှထုတ်မပြောကြသော်လည်း မိသားစု၊ သူငယ်ချင်းမိတ်ဆွေများကြားတွင် ကျွန်တော့်မှာ "စာယောင်ယောင်၊ ပေယောင်ယောင်"ကောင်ဟု သတ်မှတ်ခံထားရပါသည်။ သူတို့ကြားတွင် ကျွန်တော့်မှာ တစ်မျိုးတစ်ဘာသာဖြစ်လို့နေတာတော့ အမှန်ပင်။ အစဉ်အလာ မိသားစုသိုက်သိုက်ဝန်းဝန်းနေလေ့ရှိသောအရပ်တွင် စာအုပ်တစ်အုပ်နှင့် ချောင်တစ်ချောင်မှာ ငြိမ့်နေခြင်းဖြင့် အလိုအလျောက် သင်းကွဲဘဝရောက်ရပါသည်။ ကျွန်တော်ထင်ပါသည်။ ကျွန်တော့်မိတ်ဆွေ စာသမားများလည်း အလားတူခံစားမှုမျိုး အနည်းနှင့်အများ ခံစားရပါလိမ့်မည်။ ဤအတွက် ကျွန်တော်တို့ သင်းကွဲတစ်သိုက်တွေ့ကြသောအခါ တစ်ယောက်ကိုတစ်ယောက် မခွဲနိုင်မခွာရက် ဖြစ်ကြပါသည်။ ညီရင်းအစ်ကိုတစ်မျှ ချစ်ကြပါသည်။ တစ်ယောက်ရင်ဘတ်ကိုတစ်ယောက် နားကြပ်ဖြင့်ထောက်၍ နားထောင်ပေးကြပါသည်။ တစ်ယောက်ဝေဒနာကိုတစ်ယောက် မျှဝေခွဲယူပေးကြပါသည်။
            ကျွန်တော့်မိတ်ဆွေ စာသမားများ၏ စာအုပ်စာပေအပေါ် ရူးသွပ်မှုကိုကြည့်ပြီး ကျွန်တော်အမြဲမေးခွန်းထုတ်မိသည်။ ဘယ်လိုဖြစ်တာလဲ၊ ဘာကြောင့်ဖြစ်တာလဲ။ ပုံမှန်မဟုတ်သော စိတ်စွဲလန်းမှုများကို ကျွန်တော်တို့ ရောဂါတစ်ခုလိုသတ်မှတ်ကြသည်။ ရပ်တန့်ဖို့တိုက်တွန်းကြသည်။ မူးယစ်ဆေးစွဲသူများ၊ အရက်စွဲသူများ၊ ဆေးလိပ်စွဲသူများ၊ အားလုံးကို ကျွန်တော်တို့က ဆေးဖြတ်ခိုင်းကြသည်။ အရက်ဖြတ်ခိုင်းကြသည်။ ဆေးလိပ်ဖြတ်ခိုင်းကြသည်။ စာသမားများကိုရော၊ စာမဖတ်ဘဲနေခိုင်းဖို့ မကောင်းဖူးလား။ ကွာခြားသည်က အထက်ပါဆေးသမား၊ အရက်သမားများက ၎င်းပစ္စည်းများ၏ ကောင်းကျိုးမပေးပုံကို သိသည်။ ဖြတ်ဖို့ ခဲယဉ်းသောကြောင့်သာ သုံးစွဲနေကြခြင်းဖြစ်သည်။ စာသမားကတော့မတူ၊ စာအုပ်စာပေကို မြတ်နိုးတန်ဖိုးထားစွာ ဖတ်ရှုနေကြခြင်းဖြစ်သည်။ ဖြတ်ဖို့ ဘယ်တော့မှစိတ်ကူးမည်မဟုတ်။
            စာအုပ်ကို မူးယစ်ဆေးဝါးတစ်မျိုးလို သဘောထားသည့်အတွက် ကျွန်တော့်မိတ်ဆွေများအပါအဝင် စာသမားအတော်များများကတော့ စိတ်ဆိုးကြပေလိမ့်မည်။ အမှန်တကယ်ပင် ကျွန်တော့်ခေါင်းထဲ ဤလိုအတွေးမျိုး မကြာခဏ ဝင်လာမိတတ်သည်။ ဆေး အရှိန်ဖြင့် ကျွန်တော်တို့ စိတ်တွေကြွကြသည်။ ကျကြသည်။ ဆန်းပြားသောအာရုံများ ခံစားရသည်။ ဤခံစားမှုများအားလုံး  ကျွန်တော်တို့ စာဖတ်ခြင်းဖြင့်လည်း ရရှိကြသည်။ ဘာကွာခြားပါသနည်း။ ဆေးသုံးခြင်းဖြင့် ကျွန်တော်တို့ "သီးသန့်ကောင်းကင်" တစ်ခုကို ရောက်ရှိကြသည်။ စာဖတ်ခြင်းဖြင့်လည်း ကျွန်တော်တို့ ကိုယ့်ကောင်းကင်တစ်ခု ကိုယ်ဖန်တီးကြသည် မဟုတ်ပါလား။ ပြောကြပါလိမ့်မည်။ စာဖတ်ခြင်းဖြင့် ဘဝအသိများ ပိုမိုရင့်မာလာနိုင်ပါသည်ဟု။ ကျွန်တော့်အမြင်အရ စာဖတ်ပြီးလက်တွေ့ဘဝနှင့် အံမကိုက်သော၊ လက်တွေ့ဘဝထဲဝင်ဖို့ တွန့်ဆုတ်နေသောသူ အတော်များများကို ပတ်ဝန်းကျင်တွင် တွေ့နေရပါသည်။ စာဖတ်ခြင်းဖြင့် ဘဝတွင် ပိုမိုကောင်းမွန်မှန်ကန်သော ရွေးချယ်ဆုံးဖြတ်မှုများ ပြုလုပ်နိုင်လိမ့်မည်ဟု မပြောနိုင်ပါ။
            ဤသည်မှာ ကျွန်တော်၏ မတောက်တခေါက် စာဖတ်ခြင်း အတွေ့အကြုံမှ ဆွဲထုတ်ယူထားသော အယူအဆတချို့သာဖြစ်ပါသည်။ ဒါဆို ခင်ဗျား ဘာဖြစ်လို့ စာဖတ်၊စာရေးနေသေးလဲဗျာဟု ဒေါသတကြီးမေးလာခဲ့လျှင်တော့ ကျွန်တော်ပျင်းလို့ပါဗျာဟု မဆိုင်းမတွဖြေရပါလိမ့်မည်။ တခြားစာသမားများတော့ မသိပါ။ ကျွန်တော်ကတော့ ပျင်းသည့်အခါ စာဖတ်ပါသည်။ ပျင်းသည့်အခါ စာရေးပါသည်။ တခြားရည်ရွယ်ချက်၊ ခံယူချက် ကြီးကြီးမားမား မရှိလှပါ။ ကျွန်တော့်စာကို ဖတ်သောသူများလည်း ကျွန်တော့်ကို ကြိုက် လှသောကြောင့် ဖတ်သည်ဟု ကျွန်တော်မယူဆပါ။ ကျွန်တော့်လိုပင် ပျင်းသောကြောင့်၊ လုပ်စရာမရှိသောကြောင့် ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။
            ဤနေရာတွင် ဖျော်ဖြေရေးနှင့် အပျင်းဖြေခြင်းကို ခွဲခြားမှတ်သားစေလိုပါသည်။ ဖျော်ဖြေရေးတွင် ပရိသတ်အတွက် သာယာမှုတစ်ခုရရှိစေလိုသော ရည်ရွယ်ချက်ရှိရပါသည်။ သို့သော် ကျွန်တော့်စာများတွင် အထက်ပါရည်ရွယ်ချက်မျိုး ကင်းမဲ့နေပါသည်။ ပျင်းစရာကောင်းသောဘဝကို တစ်နည်းနည်းဖြင့် ကုန်လွန်သွားစေဖို့သာ ရည်ရွယ်ပါသည်။ ကျွန်တော့်မိတ်ဆွေ စာသမားများလည်း ကျွန်တော့်လိုပင် ပျင်းလို့ စာဖတ်နေကြသလား၊ ကျွန်တော်မသိပါ။ သူတို့ သဲကြီးမဲကြီးဖတ်နေကြတာတော့ သေချာပါသည်။ သူတို့ တပ်မက်မှုအပြည့်ဖြင့် ဖတ်နေကြပါသည်။ သူတို့ ယုံယုံကြည်ကြည်ဖတ်နေကြပါသည်။
            တစ်လောက စိတ်ရောဂါကုဆရာဝန်မိတ်ဆွေနှင့် စကားစမည်ပြောကြရင်း ကျွန်တော်က ပြောမိသည်။
            "ဒီတသက်မှာ စာအုပ်တစ်အုပ်ကို နှစ်ခါပြန်ဖတ်နိုင်လောက်အောင် အချိန်မရှိတော့ပါဘူးဗျာ၊ ဘာဖြစ်လို့ စုဆောင်းနေတော့မှာလဲ" ဟုဆိုတော့ မိတ်ဆွေက စာအုပ်တွေအပေါ် စွဲလမ်းမှုကင်းသော ကျွန်တော့်သဘောထားကို အံ့အားသင့်နေခဲ့သည်။ စာအုပ်များ အပေါ် စွဲလမ်းတပ်မက်မှုပြင်းပြလှသော ကျွန်တော့်မိတ်ဆွေများအပေါ် ကျွန်တော်၏ အံ့သြနားမလည်နိုင်မှုများကိုတော့ ကျွန်တော် ဖွင့်ဟပြောဆိုမနေတော့ပါ။
            ကျွန်တော့်နားထဲတွင်တော့ ခိုင်ထူး၏ "စွဲလန်းလွန်းရင် ဒုက္ခသိလိမ့်မယ်" ဆိုသည့် သီချင်းစာသားများသာ ကြားယောင်နေခဲ့သည်။ အမှန်တကယ်တော့ စွဲလမ်းတပ်မက်မှုမရှိသည့် ဘဝသည် ပျင်းစရာကောင်းလှတာတော့ အမှန်ပင်။

No comments: