ဘောလုံးပွဲတစ်ပွဲတွင်
ကျက်သရေအယုတ်ဆုံးအရာမှာ
အနီကတ်များဖြစ်ပါသည်။
အနီကတ်တစ်ကတ်ကို ပြလိုက်ပြီဆိုရင်ဖြင့်
ဘောလုံးပွဲတစ်ပွဲ၏ ရသသည် အဖတ်ဆယ်မရအောင် ပျက်ယွင်း၍သွားပါတော့သည်။
အနီကတ်ပြ အထုတ်ခံရသဖြင့် လူအင်အား မမျှတော့သော ဘောလုံးပွဲသည် မျှတသောကစားပွဲတစ်ခုထက်
လူအင်အားဖြင့် တစ်ဖက်သက်အနိုင်ကျင့်ရာ
ကွင်းပြင်ကြီးတစ်ခုသာ
ဖြစ်ကျန်ခဲ့ပါသည်။
ထို့ကြောင့်
ကျွန်တော့်မှာ ဘောလုံးပွဲကြည့်တိုင်း
ဆုတောင်းမိသည်မှာ အနီကတ်များ မမြင်ရစေဖို့ဖြစ်ပါသည်။
မည်သည့်ဘက်ကနိုင်နိုင်
အချိန်ပြည့်၊ လူအင်အားအပြည့်ဖြင့် ကစားပြီးရလာသည့်ရလဒ်ကို
လက်မခံနိုင်စရာမရှိပါ။
သို့မဟုတ်ပဲ လူတစ်ယောက် လျော့ဖြင့် ကစားရင်း ရှုံးရသည်ဆိုလျှင်တော့
ထိုရလဒ်ကို သိပ်အစာမကြေတာတော့ အမှန်ပင်။ နိုင်သည့်အသင်းကိုလည်း
ဂုဏ်သိက္ခာမဲ့စွာ အနိုင်ရလာခဲ့သည်ဟု မဆိုချင်သော်လည်း ထိုက်ထိုက်တန်တန် အောင်ပွဲခံနိုင်ခဲ့သည်ဟု
ပြောဖို့ရာလည်း တွန့်ဆုတ်နေမိပါသည်။
ကြီးကြီးကျယ်ကျယ်
ဘောလုံးပွဲအကြောင်း ဘယ်လောက်သိလို့ ဝေဖန်ရတာလဲဆိုရင်ဖြင့်
ကျွန်တော့်မှာ ဘောလုံးသမားတစ်ဦး မဟုတ်ပါ။ ဘောလုံးလည်း ကန်ဖူးသူ မဟုတ်ပါ။ ဘောလုံးဒိုင်လူကြီးသင်တန်းလည်း
မတက်ဖူးပါ။ ထို့ကြောင့် ဘောလုံးပွဲ စည်းမျဉ်း စည်းကမ်းများကိုလည်း ခရေစေ့တွင်းကျ မသိပါ။ ဘောလုံးနှင့်ပတ်သက်လျှင်
ကျွန်တော့်မှာ ပွဲကြည့်သူသာ အမြဲဖြစ်ခဲ့ပါသည်။ သို့သော် သာမန်ဘောလုံးပွဲကြည့်သူ
သက်သက်တော့မဟုတ်ပါ။ ဘောလုံးပွဲများကို Performance art show တစ်ခုလို တစိုက်မတ်မတ် တလေးတစား ကြည့်လာခဲ့သူဖြစ်ပါသည်။
ဘဝအတွက် အတော်အတန်အရေးကြီးသော
ကိစ္စရပ်များကိုပင် မေ့လျော့ထားပြီး ဘောလုံးပွဲများကို မလွတ်တမ်း အားပေးလာခဲ့သူတစ်ဦးလည်း
ဖြစ်ပါသည်။
ဤသို့
ဘောလုံးပွဲများကို ရမ္မက်ပြင်းပြင်းနှင့်
မွတ်သိပ်စွာကြည့်လာခဲ့သူ
တစ်ယောက်အနေဖြင့် ဘောလုံးပွဲရသကို ဖျက်ဆီးနေသော အနီကတ်များကို နာနာကြည်းကြည်း ရေးသားနေမိခြင်းသာဖြစ်ပါသည်။
မည်သူ့ကိုမျှ ဝေဖန်လိုခြင်း အလျှင်းမရှိပါ။ လက်ရှိ ကျင့်သုံးနေသော စည်းမျဉ်းစည်းကမ်းများကိုလည်း
အပြစ်ဆိုနေခြင်းမဟုတ်ပါ။
ပမာပြရလျှင် ဖြစ်နိုင်သည်၊ မဖြစ်နိုင်သည်ကိုမသိ၊
လိုချင်ရာကိုသာ ပူဆာတတ်သော ကလေးငယ်တစ်ယောက်လို စိတ်ထဲတွင် မတင်မကျ၊ခိုးလိုးခုလု
ဖြစ်နေသောစိတ်ဆန္ဒများကို
အများရှေ့ ခင်းကျင်းပြသခြင်းသာဖြစ်ပါသည်။
အနီကတ်များအကြောင်းပြန်ဆက်ရလျှင်
အနီကတ်ပြခြင်းသည် သေဒဏ်စီရင်ချက်ချခြင်းနှင့်
ဆင်ပါသည်။ လူတစ်ယောက်အနေနှင့် ဆက်လက်ရှင်သန်ရပ်တည်ခွင့်
မရှိတော့သလို ဘောလုံးသမားတစ်ယောက်အနေနှင့်
ဆက်လက်ယှဉ်ပြိုင်ရုန်းကန်ကြိုးစားခွင့်
မရှိတော့ခြင်းသည် သေသည်နှင့် ဘာမျှမခြားပေ။ ထို့ကြောင့်လည်း အနီကတ်အပြခံရသူတိုင်း
ထိတ်လန့်တုန်လှုပ်ခြင်း၊
အံ့အားသင့်လက်မခံနိုင်ခြင်း၊
စိတ်ဆိုးဒေါသထွက်ခြင်းနှင့်
နောက်ဆုံးတွင် ရှက်ရွံ့ကြေကွဲစွာဖြင့်
ကွင်းထဲမှ ခေါင်းငိုက်စိုက်ထွက်သွားကြစမြဲပင်။
အနီကတ်ပြသော ဒိုင်လူကြီးမှာလည်း ဤဖြစ်ရပ်အတွက် စိတ်မကောင်းသော်လည်း ထိုစိတ်မကောင်းမှုကို
မပေါ်လွင်အောင် အတတ်နိုင်ဆုံး အစွမ်းကုန်တင်းမာထားရပုံမျိုး
အသွင်ဆောင်နေတတ်ပါသည်။
ဤမြင်ကွင်းမှာ အနီကတ်ပြတိုင်း မြင်တွေ့ရတတ်သော မြင်ကွင်းဖြစ်ပါသည်။ ကျွန်တော်အမုန်းဆုံး မြင်ကွင်းလည်းဖြစ်ပါသည်။
ကျွန်တော် မကြည့်ချင်သော၊ မကြည့်ရက်သော မြင်ကွင်းလည်းဖြစ်ပါသည်။
ဖေဖော်ဝါရီ၊ ၂၀၀၇၊ စံပယ်ဖြူမဂ္ဂဇင်း
အပြည့်အစုံကို မကြာမှိထွက်ရှိမည့် မစဉ်းစားမိတဲ့ကိစ္စ အက်ဆေးစုစည်းမှု စာအုပ်တွင် ဆက်လက်ဖတ်ရှုနိင်ပါသည်
No comments:
Post a Comment