“တစ်ခါက ငါပေါင်မုန့်ဆိုင်တစ်ဆိုင်ကို
လုယက်ခဲ့တယ်၊ ကြာပါပြီ၊ ပေါင်မုန့်ဆိုင် အကြီးကြီးလည်းမဟုတ်ပါဘူး၊
နာမည်ကြီးမုန့်ဆိုင်လည်း
မဟုတ်ဘူး၊ ပေါင်မုန့်ကလည်း ထူးထူးခြားခြားမဟုတ်ဘူး၊
သိပ်အညံ့စားကြီးတော့လည်း
မဟုတ်ဘူးပေါ့၊ ဈေးဆိုင်တန်း တွေရဲ့ အလယ်မှာရှိတဲ့ သာမန်မုန့်ဆိုင်လေး တစ်ဆိုင်ပါပဲ၊ အဘိုးကြီးတစ်ယောက်တည်းနဲ့
လည်ပတ်နေတဲ့ဆိုင်ပေါ့၊
အကုန်သူတစ်ယောက်တည်းပဲ
ဒိုင်ခံလုပ်ရတယ်၊ မနက်ကိုမုန့်ဖုတ်၊ နေ့လည်ဈေးရောင်းတော့
မုန့်ဖိုကိုပိတ်ပေါ့”
“ပေါင်မုန့်ဆိုင်တစ်ဆိုင်ကို
လုယက်မယ်ဆိုရင်လည်း ဘာကြောင့် ဒီဆိုင်မျိုးကိုမှ ရွေးချယ်ရတာလဲ”
“မုန့်ဆိုင်ကြီးကြီးကို
လုယက်စရာလဲ အကြောင်းမရှိဘူးလေ၊ ငါတို့လိုချင်တာက ပေါင်မုန့်သက်သက်ပဲ၊ ပိုက်ဆံမှ မဟုတ်တာ၊ ငါတို့က လုယက်သူတွေပဲ ဓားပြတွေမှ မဟုတ်တာ”
“ငါတို့ဟုတ်လား၊
ငါတို့ဆိုတာက”
“အဲဒီအချိန်က
ငါ့အခင်ဆုံးသူငယ်ချင်းပေါ့၊
လွန်ခဲ့တဲ့ဆယ်နှစ်လောက်က၊
ငါတို့မှာ ဘိုင်ကျလွန်းလို့ သွားတိုက်ဆေးတောင်မှ မဝယ်နိုင်ဘူး၊ ဘယ်တော့မှ အစားအသောက်လုံလောက်တယ်မရှိဘူး၊
ငါတို့မှာ အစာစားရဖို့ အလွန်စိတ်မချမ်းသာစရာကောင်းတဲ့
အလုပ်တွေလုပ်ခဲ့ရတယ်၊
ပေါင်မုန့်ဆိုင်လုယက်မှုက
အဲဒီထဲကတစ်ခုပေါ့”
“ကျွန်မ
သဘောမပေါက်ဘူး” သူမက ကျွန်တော့်ကို အသေအချာစိုက်ကြည့်ပြီး
ပြောလိုက်တယ်၊ သူမမျက်လုံးတွေက မနက်ကောင်းကင်မှာ ကြယ်ဖျော့တော့လေးတစ်လုံးကို
ရှာနေသလားပဲ၊ “ဘာကြောင့် ရှင်က အလုပ်မရှိတာလဲ၊ ရှင်ကျောင်းပြီးတာနဲ့
အလုပ် လုပ်လို့ရတာပဲ၊ ဒါက မုန့်ဆိုင်သွားလုတာထက်ပိုမလွယ်ကူဘူးလား”
“ငါတို့က
အလုပ်မလုပ်ချင်ဘူး၊ အဲဒီကိစ္စနဲ့ပတ်သက်ပြီး
ငါတို့နှစ်ယောက်လုံးက
ပြတ်သားတယ်”
“ထားပါတော့၊
ရှင်အခုလည်း အလုပ်လုပ်နေရတာပဲလေ မဟုတ်ဘူးလား”
ကျွန်တော်လည်း
ခေါင်းညိတ်ပြီး ဘီယာတစ်ကျိုက်စုပ်လိုက်တယ်၊
ပြီးနောက် မျက်လုံးကိုပွတ်လိုက်တယ်၊
ဘီယာရဲ့ ရူးသွပ်မှုတစ်မျိုးက ဦးနှောက်ထဲကိုစိမ့်ဝင်ပြီး
ဆာလောင်မှုဝေဒနာနဲ့ အပြိုင်ကျဲနေကြတယ်။
“အချိန်က
မတူတော့ဘူးလေ၊ လူတွေလည်း ပြောင်းလဲသွားကြပြီ” ကျွန်တော်လည်းပြောလိုက်တယ်
“အိပ်ရာဝင်ကြရအောင်လေ၊
မနက်လည်းစောစောထရဦးမယ်
မဟုတ်လား”
“ကျွန်မ
မအိပ်ချင်သေးဘူး၊ ကျွန်မကို ပေါင်မုန့်ဆိုင်လုယက်မှုအကြောင်း
ပြောပြပါလား”
“ဘာမှလည်း
ပြောလောက်စရာမရှိပါဘူး၊
လှုပ်လှုပ်ရှားရှားစွန့်စားခန်းတွေ
မရှိ၊ စိတ်လှုပ်ရှားစရာလည်းမရှိ”
“အောင်မြင်ခဲ့လား”
ကျွန်တော်လည်း
အိပ်ဖို့အကြံကို လက်လျှော့လိုက်တယ်၊ နောက်ထပ် ဘီယာတစ်လုံးဖွင့်သောက်လိုက်တယ်၊
သူမက ဇာတ်လမ်းတစ်ပုဒ်ကို စိတ်ဝင်စားနေပြီဆိုရင်
တောက်လျှောက်နားထောင်ရမှ၊
အဲဒါ သူမအကျင့်ပဲ။
“အင်း၊
အောင်မြင်တယ်လည်း ပြောလို့ရတယ်၊ မအောင်မြင်ဘူးလို့လဲ ပြောလို့ရတယ်၊ ငါတို့လိုချင်တာ ရခဲ့တယ်၊ ဒါပေမယ့် လုယက်မှုအနေနဲ့တော့ မအောင်မြင်ခဲ့ဘူး၊ မုန့်ဆိုင်ရှင်က ငါတို့လုစရာမလိုပဲ ပေါင်မုန့်တွေပေးလိုက်တာကိုး”
“အလကားလား”
“အဲဒီလိုလဲ
မဟုတ်ဘူး၊ ဒါက အတော်ပြောရခက်တဲ့အပိုင်း” ကျွန်တော်က ခေါင်းယမ်းပြပြီး ပြောလိုက်တယ်။
“ဆိုင်ရှင်က
ဂန္ဓဝင်ဂီတသမား၊ ငါတို့ အဲဒီရောက်သွားတော့ သူက ဝက်ဂ်ညာ(Wagner)ရဲ့ ပဏာမတေးကို နားထောင်နေတဲ့အချိန်၊
ဒီတော့ သူက ငါတို့ကိုအပေးအယူလုပ်တယ်၊
တကယ်လို့ ငါတို့က အဲဒီဓာတ်ပြားကို အဆုံးထိနားထောင်မယ်ဆိုရင်
ငါတို့ လိုသလောက် ပေါင်မုန့်တွေ ယူသွားနိုင်တယ်လို့ဆိုတယ်၊
ငါလည်းသူငယ်ချင်းနဲ့ တိုင်ပင်ပြီးတော့ အိုကေလို့ သဘောတူလိုက်တယ်၊ သူ့စကားအရ ဘာမှလုပ်စရာမလို၊ ဘယ်သူ့မှလည်း မထိခိုက်၊ ဒီတော့ ငါတို့လည်း ဓားမြှောင်တွေကို အိတ်ထဲပြန်ထည့်လိုက်ကြတယ်၊
ကုလားထိုင်တွေဆွဲထိုင်ပြီး
ပဏာမတေးကနေ Tannhauser နဲ့ The Flying Dutchman အထိ နားထောင်ခဲ့ကြတယ်”
“အဲဒီနောက်
ရှင်တို့ ပေါင်မုန့်တွေရရောလား”
“ဟုတ်တယ်၊
သူ့ဆိုင်မှာရှိသမျှ အကုန်နီးပါးပဲ၊ ငါတို့အိတ်တွေထဲ ထည့်ပြီးအိမ်ယူလာခဲ့ကြတယ်၊
လေးငါးရက်လောက်တောင်ထားပြီး
စားလို့ရတယ်”
ကျွန်တော်လည်း
နောက်တစ်ငုံစုပ်သောက်လိုက်တယ်၊
သမုဒ္ဒရာအောက်ခြေက ငလျင်ရဲ့အသံမထွက်တဲ့ လှိုင်းတွေလို ကျွန်တော့်ရဲ့အိပ်ချင်စိတ်က
ကျွန်တော့်လှေကို ဖြေးဖြေးကြာကြာ လွှဲသိပ်နေခဲ့တယ်။
“ဒီတော့
ငါတို့ ရည်မှန်းချက်အောင်မြင်ခဲ့တယ်၊
ငါတို့ပေါင်မုန့်တွေရလာတယ်၊ဒါပေမယ့်
ငါတို့ရာဇဝတ်မှုကျူးလွန်လာတယ်လို့
မပြောနိုင်ဘူး၊ ဒါဟာ အလဲအလှယ်လုပ်တဲ့သဘောပိုဆန်မယ်၊
ငါတို့က သူနဲ့အတူ ဝက်ဂ်ညာ(Wagner)နားထောင်ပေးရတယ်၊ အပြန်အလှန် အနေနဲ့ ငါတို့လိုချင်တဲ့ပေါင်မုန့်တွေရလာခဲ့တယ်၊
ဥပဒေကြောင်းအရ ပြောရယင် အရောင်းအဝယ်သဘောပိုဆန်လိမ့်မယ်”
“ဒါပေမယ့်
ဝက်ဂ်ညာကို နားထောင်ရတာ အလုပ်မှမဟုတ်တာ” သူမကပြောတယ်
“အိုး၊
မဟုတ်ဘူး၊ လုံးဝမဟုတ်ဘူး၊ တကယ်လို့ဆိုင်ရှင်က ငါတို့ကို သူ့ပန်းကန်တွေဆေးခိုင်းမယ်၊
ဒါမှမဟုတ် သူ့ပြတင်းပေါက်သုတ်ခိုင်းမယ်ဆိုရင်
ငါတို့သူ့ကိုထိုးပစ်လိုက်မှာပဲ၊
ဒါပေမယ့် သူကမခိုင်းခဲ့ဘူး၊ သူငါတို့ဆီက တောင်းဆိုတာက သူ့ရဲ့ဝက်ဂ်ညာကို ငါတို့ အစကနေအဆုံး နားထောင်ပေးဖို့ပဲတောင်းဆိုခဲ့တယ်၊
ဘယ်သူမှလည်း အဲဒီလိုမျှော်လင့်ထားမိမှာမဟုတ်ဘူး၊
ငါဆိုလိုတာက ဝက်ဂ်ညာကိုပြောတာ၊ ဒါဟာငါတို့ကိုဆိုင်ရှင်က
ကျိန်စာတိုက်လိုက်သလိုပဲ၊
အခုအချိန်မှာပြန်တွေးကြည့်တော့
အဲဒီတုန်းက ငါတို့ ငြင်းလိုက်သင့်တယ်၊ ငါတို့သူ့ကို ဓါးပြပြီး အဲဒီပေါင်မုန့်တွေကိုယူခဲ့ရမှာ၊
အဲဒါဆို ဘာပြဿနာမှ ဖြစ်မှာမဟုတ်ဘူး”
“ရှင်
ပြဿနာတက်ခဲ့လို့လား”
ကျွန်တော်လည်းမျက်စိကိုထပ်ပွတ်လိုက်တယ်
“ဆိုပါတော့၊
တိတိကျကျအကြောင်းရှာလို့တော့မရဘူး၊
ဒါပေမယ့် အဲဒီနောက်ပိုင်း အရာရာကပြောင်းလဲသွားတယ်၊
အဲဒါက အလှည့်အပြောင်းတစ်ခုလိုပဲ၊
ငါတက္ကသိုလ်ပြန်တက်ဖြစ်တယ်၊
ဘွဲ့ရတယ်၊ ကုမ္ပဏီမှာ လုပ်တယ်၊ ရှေ့နေစာမေးပွဲဖြေဖို့
ကြိုးစားတယ်၊ ပြီးတော့မင်းနဲ့တွေ့တယ်၊
လက်ထပ်တယ်၊ ငါအဲဒီလိုအလုပ်မျိုး ဘယ်တော့မှ ပြန်မလုပ်ဖြစ်တော့ဘူး၊
နောက်ထပ်ပေါင်မုန့်ဆိုင်လုယက်မှုဆိုတာမရှိတော့ဘူး”
“ဒါပဲလား”
“ဟုတ်တယ်၊
အဲဒီတုန်းက ဖြစ်ခဲ့တာတွေ အကုန်လုံးပဲ”
ကျွန်တော်လည်း
နောက်ဆုံးလက်ကျန်ဘီယာကို
မော့လိုက်တယ်၊ အခုတော့ ခြောက်ဘူးလုံးကုန်ပြီ
ဆွဲဖွင့်တံလေးခြောက်ခုက
ပြာခွက်ထဲမှာ ရေသူမတစ်ယောက်ရဲ့အကြေးခွံတွေလိုမျိုး။
ပေါင်မုန့်ဆိုင်လုယက်မှုကြောင့်
ဘာမှမဖြစ်ခဲ့ပါဘူးဆိုရင်တော့
မမှန်ပါဘူး။ ဘာကြောင့် ဘယ်လိုဆိုတာတော့ ပြောရယင်အများကြီးပါ၊
ဒါပေမယ့် အဲဒီအကြောင်းတွေကို သူမနဲ့ မပြောချင်ဘူး၊
“ဒါဖြင့်
အဲဒီတုန်းက သူငယ်ချင်းက အခု ဘာတွေလုပ်နေသလဲ”
“ငါလည်းမသိဘူး၊
တစ်ခုခုဖြစ်သွားတယ်၊ ဘာမဟုတ်တာလေးနဲ့ဖြစ်မယ်၊
ငါတို့အတူမတွဲဖြစ်ကြတော့ဘူး၊
အဲဒီကတည်းက သူ့ကိုမတွေ့တော့ဘူး၊ သူဘာလုပ်နေလဲ မသိတော့ဘူး”
ခဏလောက်
သူမဘာမှမပြောပဲ ငြိမ်နေခဲ့တယ်၊ သူမကြည့်ရတာ ကျွန်တော်က ဇာတ်လမ်းကို အပြည့်အစုံမပြောဘူးလို့
ထင်နေပုံရတယ်၊ ဒါပေမယ့် ကျွန်တော့်ကို အတင်းပြောဖို့တော့ မတိုက်တွန်းဘူး။
“ဘာပဲဖြစ်ဖြစ်
ဒီအတွက်ကြောင့် ရှင်တို့နှစ်ယောက်ကွဲသွားတာပဲ
မဟုတ်လား၊ ပေါင်မုန့်ဆိုင်လုယက်မှုက
အဓိကအကြောင်းပဲလေ”
“အဲဒီလိုလဲ
ဖြစ်နိုင်တယ်၊ ဒီကိစ္စက ငါတို့နားလည်နိုင်တာထက်ပိုပြီးလေးနက်တယ်လို့
ငါမှန်းကြည့်မိတယ်၊ အဲဒီရက်ပိုင်းမှာ ငါတို့ ပေါင်မုန့်နဲ့ဝက်ဂ်ညာတို့ရဲ့
ဆက်စပ်မှုအကြောင်း ပြောဖြစ်ကြတယ်၊ ငါတို့ရဲ့ ရွေးချယ်မှုမှန်ရဲ့လားလို့
ကိုယ့်ဘာသာကိုယ် အမြဲ မေးမိကြတယ်၊ ငါတို့လည်း မပြောနိုင်ကြဘူး၊ ဟုတ်တယ်၊ စဉ်းစားကြည့်ရင်တော့ ငါတို့ လုပ်တာမှန်တယ်၊ ဘယ်သူမှလည်းမထိခိုက်ဘူး၊
လူတိုင်းလည်း လိုတာရတယ်၊ ပေါင်မုန့်ဆိုင်ပိုင်ရှင်အနေနဲ့
ဘာကြောင့်ဒီလိုလုပ်တာလဲဆိုတာတော့
စဉ်းစားလို့မရပေမယ့် သူ့ရဲ့ ဝက်ဂ်ညာဝါဒဖြန့်မှု အောင်မြင်တယ်၊ ငါတို့လည်း ပေါင်မုန့်အဝအပြဲစားနိုင်တဲ့အတွက်
အောင်မြင်တယ်”
“ဒါပေမယ့်
အခုအချိန်အထိ ငါတို့မှာ တကယ့်ကို အမှားကြီးမှားခဲ့တယ်လို့
ခံစားနေရတုန်းပဲ၊ အဲဒီအမှားဟာ ယခုအချိန်အထိမဖြေရှင်းနိုင်သေးပဲ
ငါတို့ဘဝတွေထဲမှာ အရိပ်မည်းကြီးတစ်ခုလို
ရှိနေဆဲပဲ၊ ဒါကြောင့်မို့ ငါကကျိန်စာဆိုတဲ့စကားလုံးကို
သုံးခဲ့တာပဲ၊ မှန်တယ်၊ ဒါဟာကျိန်စာလိုပဲ”
“ရှင့်မှာ
အဲဒီကျိန်စာရှိနေဆဲလို့ထင်သလား”
ကျွန်တော်လည်း
ပြာခွက်ထဲက ဘီယာဘူးခွံရဲ့ ဆွဲဖောက်တံလေးခြောက်ခုကို
အလူမီနီယံ လက်ကောက်တစ်ခုလို ပြန်စီနေခဲ့တယ်။
“ဘယ်သူသိနိုင်မလဲ၊
ငါတော့မသိဘူး၊ ဒါပေမယ့် ကမ္ဘာကြီးဟာကျိန်စာတွေနဲ့ပြည့်နှက်နေလိမ့်မယ်ဆိုတာ
ငါလောင်းရဲတယ်၊ တစ်ခုပဲ၊ ဘယ်ကျိန်စာက ဘယ်သူ့ကို ဒုက္ခပေးမလဲတော့ ပြောဖို့ခက်တယ်”
“အဲဒီလိုမဟုတ်ဘူး”သူမက ကျွန်တော့်ကို တည့်တည့်စိုက်ကြည့်ပြီးပြောတယ်။
“ရှင့်မှာ ကျိန်စာသင့်နေတယ်လို့ထင်ရင်
ရှင်ပြောသာပြောပါ၊ တကယ်လို့ အဲဒီကျိန်စာကို ကိုယ်တိုင်မချေဖျက်နိုင်ရင် သွားကိုက်ဝေဒနာလို
ရှင့်မှာစွဲကပ်နေလိမ့်မယ်၊ ရှင့်ကို သေသည်အထိ နှိပ်စက်နေလိမ့်မယ်၊ ပြီးတော့ ရှင့်တင်မကဘူး
ကျွန်မကိုပါ နှိပ်စက်လိမ့် မယ်”
“မင်းကို ဟုတ်လား”
“ဟုတ်တယ်၊ အခုအချိန်မှာ
ကျွန်မက ရှင့်ရဲ့အကောင်းဆုံး မိတ်ဆွေမဟုတ်လား၊ ကျွန်မတို့နှစ်ယောက်လုံး ဘာကြောင့်ဗိုက်ဆာနေတယ်လို့ထင်လဲ၊
ရှင်နဲ့ လက်မထက်ခင်အချိန်ထိ ကျွန်မမှာ အဲဒီလောက်ဘယ်တုန်းကမှ ဗိုက်မဆာခဲ့ဖူးဘူး၊ ဒါဟာ
သွေးရိုး သားရိုးကိစ္စမဟုတ်ဘူးလို့ ရှင်မထင်မိဘူးလား၊ ရှင့်ကျိန်စာက ကျွန်မကိုပါစူးနေခဲ့ပြီ”
ကျွန်တော်လည်း ခေါင်းညိတ်ပြလိုက်တယ်၊
ကျွန်တော်လည်း ဆွဲဖောက်တံစက်ဝိုင်းလေးကို ဖျက်ပစ်လိုက်ပြီး ပြာခွက်ထဲပြန်ထည့်လိုက်တယ်၊
သူမပြောတာ ဟုတ်မဟုတ် ကျွန်တော်လည်းမသိဘူး၊ ဒါပေမယ့် သူမဟာ တစ်ခုခုလုပ်တော့မယ်ဆိုတာတော့
ခံစားမိ တယ်။
ဆာလောင်တဲ့ဝေဒနာက ပြန်ထလာခဲ့တယ်၊
ဝေဒနာကအရင်ထက်တောင်ပိုပြင်းသေး၊ ကျွန်တော့်ကို ခေါင်းအကြီးအကျယ်ကိုက်စေခဲ့တယ်၊ အစာအိမ်တစ်လျှောက်စူးရှနာကျင်မှုတွေကို
ဦးခေါင်းရဲ့အတွင်းထဲ ကလပ်ကြေးနန်းကြိုးနဲ့ ပို့လွှတ်နေသလို၊ ကျွန်တော့် ရဲ့အတွင်းထဲမှာ
ရှုပ်ထွေးလှတဲ့ စက်ကြီးတစ်ခုတပ်ဆင်ထားသလိုပဲ။
ကျွန်တော်လည်းကျွန်တော့်ရဲ့
ပင်လယ်ပြင်အောက်မီးတောင်ကို တစ်ချက်ကြည့်လိုက်တယ်၊ ရေက အရင်ထက်တောင်ပိုပြီး ကြည်လင်နေသလိုပဲ၊
အနီးကပ်သာ မကြည့်ရင် ရေရှိမှန်းတောင်မသိရ၊ လှေက ဘာမှအထောက်အကူအရှိ လေထဲမှာမျောနေသလိုပဲ၊
ကျွန်တော့်မှာဟိုးအောက်ခြေက ပူစီဖောင်းကလေးတွေ တောင်မြင်နေရတယ်၊ ကျွန်တော်လုပ်စရာဆိုလို့
အဲဒီကိုသွားပြီး ကိုယ်တိုင်ထိကြည့်ဖို့ပဲရှိတယ်။
“ကျွန်မတို့ အတူနေတာ နှစ်ပတ်ပဲရှိသေးတယ်၊
ဒါပေမယ့် အဲဒီနှစ်ပတ်လုံး ကျွန်မမှာ တစ်ခုခုဆန်းနေသလိုမျိုးခံစားရတယ်” သူမက ကျွန်တော့်မျက်လုံးထဲ စိုက်ကြည့်ပြီးပြောတယ်၊ သူမလက်တွေက စားပွဲခုံပေါ်မှာ
တစ်ခုကိုတစ်ခုချိတ်ပြီး တင်ထားတယ်၊
“ဟုတ်တယ်၊ ဒါဟာ ကျိန်စာတစ်ခုဆိုတာ
ကျွန်မအရင်က မသိခဲ့ဘူး၊ အခုတော့ အားလုံးရှင်းသွားပြီ၊ ရှင်ဟာ ကျိန်စာသင့်နေခဲ့တာပဲ”
“ဘယ်လိုအဆန်းတကြယ်မျိုးလဲ”
“နှစ်ပေါင်းများစွာ မလျှော်ဖွပ်ခဲ့တဲ့
လေးလံပြီးဖုန်အထပ်ထပ်ကပ်နေတဲ့ လိုက်ကာတစ်စက မျက်နှာကျက်ကနေ ကျနေသလိုမျိုး”
“ဒါဟာ ကျိန်စာမဟုတ်ပဲ ငါ့ကိုပြောတာနဲ့တူတယ်”
ကျွန်တော်က ရယ်ရင်းပြောလိုက်တယ်
သူမက လိုက်မရယ်၊
“မဟုတ်ဘူး အဲဒါ ရှင်မဟုတ်ဘူး”
သူမက ပြောတယ်
“ဟုတ်ပါတယ် မင်းမှန်တယ်ပဲထားပါတော့၊
ဒါဟာကျိန်စာလို့ပဲ ဆိုပါစို့၊ ငါတို့ဘာလုပ်လို့ ရမှာလဲ”
“နောက်ထပ် ပေါင်မုန့်ဆိုင်တစ်ဆိုင်
လုရမယ်၊ အခုချက်ချင်းပဲ၊ အခုပဲ၊ ဒီနည်းပဲရှိတယ်”
“အခု ဟုတ်လား”
“ဟုတ်တယ်၊ အခုပဲ၊ ရှင်ဗိုက်ဆာနေတဲ့အချိန်မှာ
အရင်ကရှင်မပြီးပြတ်ခဲ့တဲ့ အလုပ်ကို အပြီးသတ်ရမယ်”
“ဒါပေမယ့် ညကြီးသန်းခေါင်၊
ဘယ်ပေါင်မုန့်ဆိုင်က ဖွင့်မှာလဲ”
“ကျွန်မတို့ တစ်ဆိုင်ဆိုင်ရှာကြတာပေါ့၊
တိုကျိုက အကြီးကြီးပဲ၊ ညလုံးပေါက်ဖွင့်တဲ့ ပေါင်မုန့်ဆိုင်အနည်းဆုံး တစ်ဆိုင်လောက်တော့
ရှိမှာပေါ့”
ကျွန်တော့် ကိုရိုလာကားဟောင်းလေးထဲ
နှစ်ယောက်သား ဝင်လိုက်ကြပြီး တိုကျိုမြို့ရဲ့ လမ်းမတွေထဲပတ်နေခဲ့ကြတယ်၊ မနက် ၂ နာရီခွဲကြီးမှာ
ပေါင်မုန့်ဆိုင်တစ်ဆိုင်ကို လိုက်ရှာလို့နေကြတယ်၊ ကျွန်တော်က စတီယာတိုင်ကိုကိုင်လို့၊
သူမက လမ်းပြခုံမှာ၊ ကျွန်တော်တို့နှစ်ယောက်မှာ သားကောင်ရှာတဲ့ သိန်းငှက်တွေလို၊ အနောက်ဖက်ထိုင်ခုံမှာ
ငါးအသေတစ်ကောင်လို တောင့်တင်းနေတဲ့ ရှည်မျောမျောအရာကတော့ ရီမင်တန်
(Remington) အော်တိုက်မက်တစ် ပြောင်းတိုသေနတ်၊ သံချေးတက်နေတဲ့ ကျည်ဆန်တွေက
ကျွန်တော့်မိန်းမရဲ့လေကာဂျက်ကတ်အိတ်ထဲမှာ၊ လက်အိတ်ထည့်တဲ့ အကန့်ထဲမှာ အနက်ရောင် စကိတ်စီးမျက်နှာဖုံး
နှစ်စုံ၊ ဒီပြောင်းတိုသေနတ်တွေ၊ စကိတ်စီးမျက်နှာဖုံးတွေက ဘာကြောင့် ကျွန်တော့်မိန်းမဆီ
ရောက်နေတာလဲ ကျွန်တော်လဲမသိ၊ သူမကလည်း မရှင်းပြ၊ ကျွန်တော်ကလည်းမမေး၊ အိမ်ထောင်သည်
ဘဝဆက်ဆံရေးဟာ ဘာမှန်းကိုမသိဘူးလို့ ကျွန်တော်ခံစားရတယ်။
အကျအန ပြင်ဆင်လာကြတဲ့ ကျွန်တော်တို့မှာ
ညလုံးပေါက်ပေါင်မုန့်ဆိုင် ရှာမတွေ့နိုင်ဖြစ်နေခဲ့တယ်၊ ကျွန်တော့်မှာ ယိုယိုဂျီကနေ
ရှင်ဂျုကု အထိ လူသူကင်းမဲ့နေတဲ့ လမ်းတွေထဲ လျှောက်မောင်းနေမိတယ်၊ ယော့ဆူရနဲ့ အကာဆာကာ၊
အိုယာမာ၊ ဟီရူး၊ ရော့ပွန်းဂျီ၊ ဒိုင်ကန်ရာမနဲ့ ရှီဘူယ အထိပဲ၊ တိုကျိုရဲ့ ညဥ့်နက်ပိုင်းမှာ
လူတွေဆိုင်တွေ မျိုးစုံရှိပေမယ့် ပေါင်မုန့်ဆိုင်တော့မရှိ။
ကင်းလှည့်ကားတွေနဲ့ ကျွန်တော်တို့
နှစ်ကြိမ်တိုင်တိုင်တိုးတယ်၊ တစ်စီးက လမ်းထောင့်မှာကပ်ပြီး မသင်္ကာဖွယ်ရာတွေကို စောင့်ကြည့်လို့၊
နောက်တစ်စီးကတော့ ကျွန်တော်တို့ကို ဖြေးဖြေးကျော်တက်လို့ ဟိုးအဝေးမှာ ပျောက်ကွယ်လို့သွားတယ်၊
နှစ်ကြိမ်စလုံး ကျွန်တော့်ချိုင်းမှာ ချွေးတွေရွှဲလို့၊ ကျွန်တော့်မိန်းမရဲ့ အာရုံစိုက်မှုကတော့
နဲနဲမှတုန့်ဆိုင်းမသွား၊ အဲဒီပေါင်မုန့်ဆိုင်ကို ရှာလျက်ပဲ၊ သူမကိုယ်ခန္ဓာကို ဟိုဘက်သည်ဘက်
ရွှေ့ထိုင်လိုက်တိုင်း သူမအိပ်ကပ်ထဲက ပြောင်းတိုသေနတ်ကျည်ဆန်က တချွမ်ချွမ်နဲ့ ရှေးခေတ်
ခေါင်းအုံးတွေထဲက ပန်းဂျုံအခွံတွေလိုပဲ။
“ငါတို့ ဒီကိစ္စကို မေ့လိုက်ရအောင်လား၊
ဒီလို ညမျိုးမှာ ဘယ်ပေါင်မုန့်ဆိုင်မှ ဖွင့်မှာ မဟုတ်ပါဘူး၊ ဒီလိုကိစ္စမျိုး အတွက် ကြိုတင်အစီအစဉ်ဆွဲဖို့လိုလိမ့်မယ်၊
မဟုတ်ရင်…..”
“ရပ်စမ်း ကားကို”
ကျွန်တော်လည်း ဘရိတ်ကိုဆောင့်နင်းလိုက်တယ်၊
“ဒီနေရာပဲ” သူမကပြောတယ်
မှောင်မဲတိတ်ဆိတ်နေတဲ့ လမ်းတစ်ဘက်တစ်ချက်က
ဆိုင်တွေက သူတို့ရဲ့ပြူတင်းကာတွေကို ချထားကြတယ်၊ ဆံပင်ညှပ်ဆိုင်တစ်ဆိုင်ရဲ့ ဆိုင်းဘုတ်က
အမှောင်ထဲမှာ တွဲလောင်းကျလို့၊ လိမ်ကောက်နေတဲ့ အေးစက်စက်ဖန်မျက်လုံးလိုပဲ၊ ရှေ့ကိုက်နှစ်ရာ
လောက်မှာတော့ လင်းထိန်နေတဲ့ မက်ဒေါနယ် ဟမ်ဘာဂါ ဆိုင်းဘုတ်တစ်ခုရှိတယ်၊ တခြားဘာဆိုင်မှ
မရှိဘူး။
“ ငါတော့ ပေါင်မုန့်ဆိုင်ဆိုလို့
တစ်ဆိုင်မှ မတွေ့မိပါလား”
သူမက စကားတစ်ခွန်းမှမပြောပဲ
လက်အိပ်ထည့်တဲ့အကန့်ကိုဖွင့်ပြီး တိပ်တစ်လိပ်ကို ဆွဲထုတ်လိုက်တယ်၊ အဲဒါကို ကိုင်ပြီး
သူမက ကားထဲကထွက်တယ်၊ ကျွန်တော်လည်း ကျွန်တော့်ဘက်ကနေ ထွက်လိုက်တယ်၊ သူမက ကားရှေ့မှာ
ဒူးထောက်ပြီး တိတ်ကို ဖြဲ ကားနံပါတ်ပြားပေါ်ကနေ ကပ်လိုက်တယ်၊ ပြီးတော့ ကားနောက်ကို ပြန်သွားပြီး
စောစောကလို လုပ်ပြန်တယ်၊ သူမရဲ့ လှုပ်ရှားမှုတွေက တကယ့်အပိုအလိုမရှိ ကွက်တိပဲ၊ ကျွန်တော်လည်း
လမ်းနံဘေးမှာ ရပ်ပြီး သူမကို ရပ်ကြည့်နေလိုက်တယ်။
“ကျွန်မတို့ အဲဒီမက်ဒေါနယ်ဆိုင်ကို
သွားကြမယ်”
သူမလေသံက တကယ့်ကို အေးအေးဆေးဆေးပဲ၊
ညစာသွားစားကြရအောင်လို့ ပြောနေသလိုပဲ။
“မက်ဒေါနယ်က ပေါင်မုန့်ဆိုင်မှ
မဟုတ်တာ” ကျွန်တော်က သူမကို ထောက်ပြတယ်
“ဒါလည်း ပေါင်မုန့်ဆိုင်လိုပါပဲ”
သူမက ပြောလိုက်တယ်
“တစ်ခါတစ်ရံမှာ ကျွန်မတို့
အလျှော့အတင်းလုပ်ဖို့လိုတယ်၊ လာသွားစို့”
ကျွန်တော်လည်း မက်ဒေါနယ်ဆိုင်ရှိရာ
မောင်းသွားပြီး ကားကိုထိုးရပ်လိုက်တယ်၊ သူမက ကျွန်တော့်ကို စောင်နဲ့အုပ်ထားတဲ့ ပြောင်းတိုသေနတ်
ကမ်းပေးလိုက်တယ်
“တစ်သက်နဲ့ တစ်ကိုယ် ငါသေနတ်တစ်ခါမှ
မပစ်ဖူးဘူးနော် ကျွန်တော်က စောဒက တက်လိုက်တယ်”
“ရှင် ပစ်စရာလည်းမလိုဘူး၊
ကိုင်ထားရုံပဲ၊ ဟုတ်ပြီလား၊ ကျွန်မပြောတဲ့အတိုင်းလုပ်၊ ကျွန်မတို့အခုပဲ လမ်းလျှောက်ပြီးဝင်မယ်၊
သူတို့က မက်ဒေါနယ်မှ ကြိုဆိုပါတယ်လို့ ဆိုတာနဲ့ မျက်နှာဖုံးကို ဆွဲချလိုက်မယ်၊ ရတယ်နော်”
“စိတ်ချ ဒါပေမယ့်…….”
“ပြီးရင် ရှင်က သူတို့မျက်နှာကို
သေနတ်နဲ့ထိုးချိန်ပြီး ဆိုင်အလုပ်သမားတွေကော စားနေတဲ့သူတွေပါ အကုန်လုံးကို စုလိုက်ပါ၊
မြန်ပါစေ၊ ကျန်တာ ကျွန်မ တာဝန်ထားပါ”
“ဒါပေမယ့်……….”
“ကျွန်မတို့ ဟမ်ဘာဂါ ဘယ်လောက်လိုမယ်လို့ထင်လဲ၊
အလုံးသုံးဆယ်လား”
“ငါလည်းအဲဒီလောက်ပဲ မှန်းထားတယ်”
ကျွန်တော်လည်း သက်ပြင်းချယင်း ပြောင်းတိုသေနတ်ကို ယူလိုက်တယ်၊ စောင်ကို
နဲနဲလှပ်လိုက်တယ်၊ သေနတ်က သဲအိတ်လို လေးလံလှပြီး မှောင်နေတဲ့ ညလို မည်းနက်နေတယ်၊
“ငါတို့ ဒီလိုလုပ်ဖို့ အမှန်တကယ်လိုလို့လားဟာ”
ကျွန်တော် သူမကို တစ်ဝက်၊ ကိုယ့်ကိုယ်ကို တစ်ဝက် မေးလိုက်တယ်၊
“ဒါပေါ့ ကျွန်မတို့ လုပ်ရမှာပေါ့”မှတ်ချက်။ ။ တတိယ (ဇတ်သိမ်းပိုင်း) ကို ဆက်တိုက် တင်သွားပါမည်။