Tuesday, December 1, 2015

Notes on Translation

ဘာသာပြန်ခြင်းဆိုင်ရာ မှတ်စုများ

#  ဘာသာပြန်ခြင်းကိစ္စဟာ ဘာသာစကားနှစ်ခုကို ဝတ်မှုန်ကူးတာပါပဲ။ ဘာသာပြန်ခြင်း ကိစ္စဟာ ဟိုးရှေး ပဝေသဏီတည်းက လုပ်ခဲ့တဲ့ ကိစ္စဖြစ်ပေမယ့် ခေတ်ကာလအလိုက် ပြောင်းလဲနေတယ်လို့ မြင်ပါတယ်။ ဘာသာစကားဟာ ခေတ်ကာလအလိုက် သက်ဆိုင်ရာ တိုင်းပြည်၊ လူမျိုး ရဲ့ ယဉ်ကျေးမှု အလိုက်၊ ဖွံ့ဖြိုးတိုး တက်မှုအလိုက် ပြောင်းလဲနေတဲ့အတွက် အဲဒီ ပြောင်းလဲနေတဲ့ ဘာသာစကား နှစ်ခုအကြား၊ တဖန် ပြောင်း လဲမှုနှုန်းခြင်း မတူသော ဘာသာစကား နှစ်ခုကြား ပြန်လည် ဖလှယ် တဲ့အခါမှာ ထားရှိတဲ့ စံနှုန်းတွေဟာ  လည်း လိုအပ်သလို ပြောင်းလဲနေဖို့ လိုတယ်လို့ မြင်ပါတယ်။ ဥပမာ အင်္ဂလိပ်စကားဟာ ဗြိတိသျှ ကျွန်းစုမှာ တင် ကန့်သတ်ထားတဲ့ ဘာသာစကား မဟုပ်တော့ပါဘူး။ ကမ္ဘာအနှံ့အသုံးပြုတဲ့ ဘာသာစကား ဖြစ်တာနဲ့ အညီ မူလ အင်္ဂလိပ်ဘာသာစကားနဲ့ ကွဲလွဲတဲ့ ဒေသဆိုင်ရာ အင်္ဂလိပ် ဘာသာစကားတွေ အဖြစ် အမျိုးမျိုး ကွဲပြားသွားပါတယ်။ တချိန်တည်းမှာ အနောက်တိုင်းရဲ့ သိပ္ပံ နည်းပညာဖွံ့ဖြိုးမှု၊ academic နယ်ပယ် အားကောင်းမှုတွေကြောင့် အင်္ဂလိပ်စကားဟာ ဝေါဟာရ အသစ်တွေ အစဉ်မပြတ် တိုးပွားလျက်ရှိနေခဲ့တယ်။  ဒီနေရာမှာ ကျွန်တော်တို့ ဗမာ စကားဟာလည်း ခေတ်နဲ့ အညီ ပြောင်းလဲလာတယ်ဆိုပေမယ့် နည်းပညာနယ်ပယ်မှာ နောက်ကျမှု၊ ပညာရပ်ဆိုင်ရာ မဖွံ့ဖြိုးမှုတွေကြောင့် ခေတ်နဲ့အညီ လိုအပ်တဲ့ ဝေါဟာရ အသစ်တွေ အလုံအလောက်မရှိဖြစ်နေခဲ့ပါတယ်။ ဒီ အကြောင်းရင်းတွေထဲမှာ စာပေ ဖွံ့ဖြိုးမှု နိမ့်ကျခြင်းဟာ လည်း အဓိက ကျတဲ့ အကြောင်းရင်းတစ်ခုလို့ မြင်မိပါတယ်။

# ဘာသာပြန်ရာမှာ မူရင်းကို သစ္စာရှိဖို့လိုသလို ကိုယ့်ဘာသာစကားနဲ့ နားလည်ခံစားနိင်ဖို့လည်း လိုနေခဲ့ပါ တယ်။ ဘာသာပြန်သမားဟာ ဒီနှစ်ခုကြားမှာ ဗျာများရပါတယ်။ မူရင်းကို သစ္စာရှိလွန်းတဲ့အတွက် ကိုယ့်ဆီက လူတွေ အဖို့ နားလည်ခံစားနိုင်ဖို့ခက်တာ၊ စာမချော၊ မပြေပြစ်တာ ဖြစ်တတ်သလို၊ ကိုယ့်လူတွေ ပွဲကျအောင် ပြင်ဆင်ယင်းနဲ့ မူရင်း အနုပညာရဲ့ theme တွေ၊ သင်္ကေတ၊ နိမိတ်ပုံတွေ၊ ဆက်စပ်ဝန်းကျင် အခင်းအကျင်းတွေ ပျောက်တဲ့ အထိ ဖြစ်တတ်ပြန်ပါတယ်။ ဒီ နေရာမှာ စဉ်းစားဖို့ကောင်းတဲ့ အချက်က ဘာသာစကားနှစ်ခုရဲ့  အဟ ဆိုတာ ယဉ်ကျေးမှု နှစ်ခုရဲ့ အဟ ပါပဲ။ ယဉ်ကျေးမှုချင်း ရေမြေအနေအထားခြင်း ဆင်တဲ့ ဥရောပ ဘာသာစကား အချင်းချင်းကြားမှာ ကွာဟမှုဟာ သိပ်မပြောပလောက်ပေမယ့် ဥရောပ နဲ့ အာရှ ကြားမှာတော့ အတော်လေး ကွဲပြားလိမ့်မှာ သေချာပါတယ်။ ဒီ့အတွက် ဥရောပ ဘာသာစကားအချင်းချင်းကြား ဘာသာပြန်ရာမှာ သိပ်ပြီး လိုက်လျောညီထွေ ပြောင်းလဲဖို့ မလိုပေမယ့် အာရှသားတွေ နားလည်အောင် ပြန်ဆို ဖို့ တော့ အထိုက်အလျောက် ပြောင်းလဲဖို့ လိုတာတော့ အမှန်ပါပဲ။ ဒီ့အတွက် ကျွန်တော်တို့ ရှေ့က ဘာသာပြန်ခဲ့ကြတဲ့ ဆရာကြီး ဆရာမကြီးတွေဟာ မူရင်းကို သစ္စာရှိဖို့ထက် ဗမာ တွေ ခံစားနိုင်အောင် ဦးစား ပေးပြန်ကြတာ တွေ့ရပါတယ်။ ဒါဟာလည်း ယနေ့ခေတ်ကာလမှာ ပြန်လည် သုံးသပ်ဖို့ လိုတဲ့ ကိစ္စ တစ်ခုပါ ပဲ။ ဘာကြောင့်ဆို ကမ္ဘာအနှံ့ ကူးလူးသွားလာမှုတွေ များလာတဲ့၊ ရုပ်မြင်သံကြားတွေကနေ ကမ္ဘာအနှံ့ တွေ့မြင်နေရတဲ့ ယနေ့ခေတ်မှာ ဥရောပ တို့ အမေရိကတို့ဆိုတာ မြင်ယောင်ကြည့်ဖို့ မခက်ခဲတော့တဲ့ အရပ်ဒေသတွေ ဖြစ်နေပါပြီ၊ နိင်ငံတကာက လူမျိုးပေါင်းစုံနဲ့ အလုပ်လုပ်နေရတဲ့ ပါတ်ဝန်းကျင်မှာ လူမျိုးခြား ဘာသာခြားတွေဆိုတာလည်း တခြားကမ္ဘာက လူသားတွေ မဟုပ်ကြတော့ ပါဘူး။ ဒီ့အတွက် ကိုယ့်လူတွေ နားလည်ပါစေတော့ဆိုပြီး အတင်း ဗမာဆန်အောင် လုပ်ဖို့ မလိုအပ်တော့ဘူး လို့ ယူဆမိပါတယ်။

# ယဉ်ကျေးမှု ဓလေ့ထုံးစံကွဲပြားမှုထက် တွေးခေါ်ပုံကွဲပြားမှု၊ တနည်းအားဖြင့် ဆင်ခြင်ခြင်းကို အလေးထားမှုနဲ့ အာရုံခံစားမှုကို အလေးထားမှု ကွဲပြားတဲ့ အချက်ဟာ ဘာသာပြန်ရာမှာနဲ့ စာဖတ်သူတွေ နားလည်ခံစားနိင်မှုမှာ သက်ရောက်မှုရှိတာ အမှန်ပါပဲ။ အနောက်တိုင်း ဖလော်ဆော်ဖီ တွေဟာ အနောက်တိုင်း အရေးအသားတွေထဲမှာ အနည်းနဲ့ အများပါတတ် ပါတယ်။ ဒီ အရေးအသားတွေဟာ အရှေ့တိုင်းသားတွေအဖို့ နားလည်ရခက်နိင်ပါတယ်။ အထူးသဖြင့် နှစ်ပေါင်းများစွာ တံခါးပိတ်ထားပြီး အနောက်တိုင်းစာပေနဲ့ ကင်းကွာနေတဲ့ ကျွန်တော်တို့လို တိုင်းပြည်အဖို့ အတော့်ကို ပြန်ဆိုဖို့ ခက်တဲ့ကိစ္စပါ။ ကျွန်တော်တို့ ဘာသာစကားမှာ အဲဒီ အတွေးအခေါ်တွေကို ထင်ဟပ် နိင်ဖို့ ဝေါဟာရလည်း ရှားပါးလှပါတယ်။ ကျွန်တော့် အတွေ့အကြုံအရ ယန်းပေါလ်ဆာဒ့် ၊ မီလန်ကွန်ဒရာ နဲ့ ပေါလ်အော်စတာ တို့ရဲ့ အရေးအသားတွေကို ပြန်ဆိုရာမှာ ဒီလို အခက်အခဲတွေ တွေ့ရပါတယ်။ ဒီ့အတွက် ဒီလို နားလည်ရခက်ခဲ နက်နဲတဲ့ ဖလော်ဆော်ဖီ ဆန်တဲ့ အရေးအသားတွေကို အတင်းပဲ ဗမာဆန်အောင် လုပ်မလား (ဆိုလိုတာက အနီးစပ်ဆုံး ဗမာ့ အတွေးအခေါ် တခုခုနဲ့ ထပ်တူပြုလိုက်မလား)၊ ဒါမှမဟုပ် ချန်လှပ်ထားခဲ့ပြီး အဖြစ်အပျက် ဇတ်လမ်းတွေကိုပဲ ပြောသွားမလား၊ ဒါမှ မဟုပ် စာလေးချင် လေးပစေ၊ စာ ထောင့်လျင် ထောင့်ပစေ၊ မရ ရအောင် ကြိုးစား ပြန်မလား။ ကျွန်တော့် အမြင်အရတော့ မရ ရအောင် ကြိုးစားပြန်ယင်းနဲ့ပဲ သူတို့တွေးပုံ ခေါ်ပုံ၊ တန်ဖိုးထား ပုံ တွေနဲ့ယဉ်ပါး အသားကျလာလိမ့်မယ် ထင်ပါတယ်။ မဟုပ်ယင်တော့ အဖြစ်အပျက် ဇတ်လမ်းသက်သက်ကို သာ ဖတ်ကောင်းအောင် ပြန်ထားတဲ့ အပျော်ဖတ် ဝထ္ထု ပဲ ဖြစ်နေလိမ့်မယ်ထင်ပါတယ်။ ဝထ္ထု တစ်ပုဒ်မှာ ဇတ်ကောင်တွေ၊ narrator ရဲ့ တွေးပုံ၊ ယူဆပုံ၊ တန်ဖိုး ထားပုံတွေဟာ ဝထ္ထုရဲ့ အရေးကြီးတဲ့ အာဘော်ကို ထင်ဟပ်နေပါတယ်။ ပိရိသတ် ခံစားနိင်အောင် ဥရောပသား တစ်ယောက်ကို ဗမာ ဆန်ဆန် တွေးခိုင်းတာလောက် မူရင်းကို သစ္စာ ဖောက်တာ ရှိမယ် မထင် ပါဘူး။
ဒီနေရာမှာ စာရေးဆရာ တစ်ဦးချင်းရဲ့ စာဖတ်သူအပေါ် ဘယ်လို သဘောထားသလဲ ဆိုတဲ့ ကိစ္စ က 
လည်း အရေးပါလာပါတယ်။ ပိရိသတ်ကို နားလည် ခံစားနိင်ပါစေတော့ ဆိုပြီး ရေးမလား၊ ကိုယ်ရေးချင်တာကိုပဲ စာဖတ်သူကို ထည့်မစဉ်းစားပဲ ရေးမလား၊ ပထမ အမျိုးအစားကတော့ ကိုယ့်ကိုယ်ကို ဖျော်ဖြေရေးသမားလို  သဘောထားသူပါ။ ပိရိသတ်လက်ခံမှု နှစ်ခြိုက်မှုက သူ့အောင်မြင်မှုပါပဲ။ ဒုတိယ အမျိုးအစားကတော့ ကိုယ့် ကိုယ်ကို အနုပညာရှင်လို သဘောထားပြီး ကိုယ့်ဖန်တီးမှုကို ချပြချင်တာပါပဲ။ ဒီ့အတွက် သူ့ အရေးအသားက လက်က မချနိင်လောက်အောင် ဖတ်လို့ ကောင်းချင်မှ ကောင်းပါလိမ့်မယ်။ စာ ချောချင်မှ ချောပါလိမ့်မယ်၊ သူ့ မူရင်း ဘာသာ စကားနဲ့ ဖတ်ရာမှာတောင် တွေးခေါ်ဆင်ခြင်မှု မြင့်မားတဲ့ intellectual တွေပဲ ဖတ်နိင်တာမျိုးပါ။ တဆင့် ဘာသာပြန်ရင် တော့ အတော် ခက်ခက်ခဲခဲ ဖတ်ရမှာ သေချာပါတယ်။ ဥပမာ ပြရယင် ယန်းပေါဆာဒ့်ရဲ့ Nausea၊ အဲလ်ဘတ်ကမူးရဲ့ The Rebel တို့ လို အရေးအသားမျိုးတွေပါ။

# ဘာသာစကားတစ်ခုချင်းစီရဲ့ ကွဲပြားတဲ့ အလေးထားမှုကလည်း ဘာသာပြန်ရာမှာ အတော်လေး အခက် အခဲတွေ့ရလေ့ရှိတဲ့ကိစ္စပါပဲ။ အင်္ဂလိပ်ဘာသာစကားမှာ 3rd person နာမ်စားတွေမှာ သက်ရှိ သက်မဲ့ ကျားမ  အသေအချာ ခွဲခြားထားပေမယ့် ဗမာ မှာတော့ သူ ပဲ ရှိပါတယ်။ သူမ ရယ်လို့ မရှိပါဘူး။1st person မှာ ကျပြန် တော့ ဗမာစာမှာ အတော်လေး အသေးစိတ်ခွဲထားပြန်ပြီး အင်္ဂလိပ်မှာတော့ ကျွန်တော်၊ ကျွန်မကို I အဖြစ်ပဲ ပြောလို့ရပါတယ်။ အဲဒီလိုပဲ အင်္ဂလိပ်စာ မှာ အချိန်ကာလနဲ့ ပက်သက်ပြီး အသေးစိတ်ခွဲခြားထားပေးမယ့် ဗမာ စာမှာ တော့ အဲဒီလောက်ကြီး အတိအကျ မရှိပါဘူး။

(ထပ်မံ ရေးသားဖြစ်သော မှတ်စုများကို အောက်တွင် ဆက်လက် ဖြည့်စွက်ရေးသားသွားပါဦးမည်)












No comments: