Tuesday, November 24, 2015

အဲလ်ဘတ် ကမူး ၏ ကာလီဂူလာ (စာမြည်း)




ဆီပီရို။    ။ (ကာလီဂူလာကိုပြော) ကေးယပ်စ် ၊ အရှင်ဟာ ဘုရားကို မထေမဲ့မြင်စော်ကားလိုက်တာပဲ
ကာလီဂူလာ။        ။ မထေမဲ့မြင်စော်ကားတယ် ဟုပ်လား။ ဘာကိုပြောတာလဲ
ဆီပီရို။    ။ အရှင်ဟာ ကမ္ဘာမြေကို သွေးတွေ စွန်းပေစေပြီးတဲ့နောက် ကောင်းကင်ဘုံကိုပါ ညစ်ညမ်းရမ်းကားမှုပြုခဲ့တယ်။
ဟယ်လီဂွန်။         ။ ဒီ ချာတိတ်က ဘာကြောင့်များ ဒီလောက် စကားကြီးစကားကျယ်တွေ ပြောချင်ရသလဲ မသိဘူး (သူက ကွပ်ပျစ်အခင်းပေါ် သွားပြီး လှဲ)
ကေဆိုနီးယား။     ။ (အလွန်အေးဆေးစွာဖြင့်) ချာတိတ်ရေ၊ နှုပ်ကို စောင့်စည်းပါ။ လတ်တလော ရောမမှာ အပြော မတတ်လို့ သေနေကြတဲ့ လူတွေအများကြီးပဲ။
ဆီပီရို။    ။ ဟုပ်ကောင်းဟုပ်လိမ့်မယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ကေးယပ်စ် ကို အမှန်အတိုင်းပဲ ပြောမယ်လို့ ဆုံးဖြတ်ထားတယ်
ကေဆိုနီးယား။     ။ ကဲ ကာလီဂူလာ ကြားတယ်မဟုပ်လား၊ သူဟာ ကျင့်ဝတ်ကို တန်ဖိုးထားတဲ့ ရဲရင့်တဲ့ လူငယ် တစ်ယောက်ဆိုတာ၊ ဒါဟာ ရှင့်ရဲ့ တိုင်းပြည်မှာ ကင်းမဲ့နေတဲ့ အရာပဲ၊
ကာလီဂူလာ။        ။ (စိတ်ဝင်စားဟန်ဖြင့်) ဒါဖြင့် မင်းက နတ်ဘုရားတွေကို ယုံကြည်တယ်ပေါ့ ဆီပီရို။
ဆီပီရို။    ။ မယုံကြည်ပါဘူး။
ကာလီဂူလာ။        ။ ဒီလိုလား ကျုပ်နားမလည်ဘူး။ မင်းက နတ်ဘုရားတွေကို မယုံကြည်ယင် ဘာကြောင့်မင်းက ဘုရားစော်ကားတဲ့သူကို အနံ့လိုက်ခံနေရတာလဲ။
ဆီပီရို။                ။ လူတစ်ယောက်အနေနဲ့ နတ်ဘုရားတွေကို မယုံကြည်ပဲနေလို့ရတယ်။ အဲဒီအတွက် သူတို့ကို စော်ကားစရာ မလိုပါဘူး၊ အခြားသူတွေရဲ့ ယုံကြည်မှုကိုလည်း ထိခိုက်စရာ မလိုပါဘူး။
ကာလီဂူလာ။        ။ အိုး၊ ကျုပ်ပြောတာမမှားဘူးဆိုယင် ဒါဟာ ကိုယ့်ကိုယ်ကို နှိမ်ချတာပဲ။ ဒါ စစ်မှန်တဲ့အရာပဲ၊ အိုး ခင်မင်ရတဲ့ ဆီပီရိုရယ်၊ ကျုပ်မင်းအတွက် ဘယ်လောက်တောင် ပီတိဖြစ်မိသလဲ၊ 
ဘယ်လောက်တောင် မနာလိုဖြစ်မိသလဲ သိလား၊ ဘာကြောင့်ဆို ဒါဟာ ကျုပ် ဘယ်တုန်းကမှ မကြုံဖူးတဲ့ 
ခံစားမှု မဟုပ်လား။
ဆီပီရို။                ။ အရှင် မနာလိုဖြစ်တာ ကျွန်တော့်ကို မဟုပ်ပါဘူး။ နတ်ဘုရားတွေကိုပါ။
ကာလီဂူလာ။         ။ စိတ်မဆိုးဘူးဆိုယင် ကျုပ်တို့ ဒီ ကိစ္စကို ဒီမှာတင်ပဲ ထားလိုက်ရအောင်၊ ဒီကိစ္စက ကျုပ်ရဲ့ ခေတ်မှာ နားလည်ဖို့ ခက်တဲ့ အရာတစ်ခု အနေနဲ့ပဲ ဆက်ရှိနေပါလိမ့် မယ်။ ကနေ့ ကျုပ်ကို
 ဝေဖန်စရာ ဆိုလို့ လွပ်လပ်မှုဆီ သွားရာလမ်းမှာ ကျုပ်က ခြေတလှမ်းဦးနေတာပဲ ပြောစရာရှိတယ်။ အာဏာကို မြတ်နိုးတဲ့ လူတစ်ယောက်အနေနဲ့ နတ်ဘုရား တွေနဲ့ အားပြိုင်နေရတာဟာ မလွှဲမရှောင်သာ စိတ်တိုစရာ ကောင်းလှတဲ့ အရာတစ်ခုပါပဲ။ ကျုပ်အနေနဲ့ ဒီ စိတ်ကူးထဲက နတ်ဘုရားတွေကို သတ်သေပြချင်တာက လူသားဟာ ဆန္ဒရှိမယ်ဆိုရင် သူတို့ ရဲ့ အဓိပ္ပါယ်မရှိတဲ့ လုပ်ရပ်မျိုးတွေကို သင်ယူစရာ မလိုပဲ
 ဆောင်ရွက်နိုင်တယ်ဆိုတာပဲ။
ဆီပီရို။                ။ ဒါဟာ ဘုရားကို စော်ကားလိုက်တာပဲ ကေးယပ်စ်
ကာလီဂူလာ။        ။ မဟုပ်ဘူး။ ဆီပီရို။၊ ဒါဟာ ရှင်းရှင်းလေးပါ။ ကျုပ်ရိုးရိုးလေးနားလည်ထားတာကတော့ နတ်ဘုရား တွေကို တုပဖို့ရာ တစ်နည်းပဲရှိတယ်။ သူတို့လို ရက်စက်တတ်ဖို့လိုတယ်။
ဆီပီရို။                ။  ဒီ့အတွက် အာဏာရှင်တစ်ယောက်လို အုပ်ချုပ်ယင် ပြီးတာပဲ
ကာလီဂူလာ။        ။ ကျုပ်ကို ပြောပါဦး မိတ်ဆွေလေးရဲ့၊ အာဏာရှင်ဆိုတာ ဘာလဲ
ဆီပီရို။                ။ အမြင်ကန်းနေတဲ့ ဝိညာဉ်တစ်ခုပါပဲ
ကာလီဂူလာ။        ။ သိပ်ပြီး မတိကျဘူး ဆီပီရို။ ကျုပ်ပြောမယ် တကယ့် အာဏာရှင်ဆိုတာ သူ့ရဲ့ စိတ်ကူးစံတွေ၊ သူ့ရဲ့ ရည်မှန်းချက်တွေ ပြည့်ဝဖို့ နိင်ငံတစ်ခုလုံးကို စတေးတဲ့ သူမျိုး။ ကျုပ်မှာတော့ ဘာ စိတ်ကူးစံမှ မရှိသလို ဂုဏ်သိက္ခာတို့၊ အာဏာတို့အတွက် ပြင်းပြတဲ့ ဆန္ဒနဲ့ ကြီးမားတဲ့ ရည်ရွယ်ချက်မျိုးတွေ မရှိပါဘူး။ ကျုပ်အနေနဲ့ အာဏာကို အသုံးပြုခဲ့ တယ်ဆိုယင်လည်း ဒါဟာ ပြန်လည် ပေးလျော်တဲ့အနေနဲ့ပဲ ဖြစ်ပါလိမ့်မယ်။
ဆီပီရို။                ။ ဘာအတွက် ပေးလျော်မှာလဲ
ကာလီဂူလာ။        ။ နတ်ဘုရားတွေရဲ့ မိုက်မဲမှုနဲ့ အမုန်းတရားတွေအတွက်ပဲ
ဆီပီရို။                ။ အမုန်းတရားနဲ့ အမုန်းတရားကို ပြန်လည် ချေဖျက်လို့မရပါဘူး။ အာဏာ ဆိုတာ 
လည်း အဖြေ မဟုပ်ပါဘူး။ ကျွန်တော်သိသလောက်တော့ ကမ္ဘာကြီးရဲ့ ရန်လိုဖက်ပြိုင်မှုကို ပြန်ပြီး မျှတစေမယ့် နည်း တစ်နည်းပဲ ရှိတယ်။
ကာလီဂူလာ။        ။ အဲဒါ ဘာလဲ

ဆီပီရို။                ။ ဆင်းရဲမွဲတေမှုပဲ

(From Caligula by Albert Camus)

No comments: