Wednesday, November 18, 2015

ဘနားနား ယိုရှီမိုတို ကျိန်စာ

အိပ်မက်များကို အသွင်ပြောင်းစေသူ ဘနားနား ယိုရှီမိုတို

အဖေဖြစ်သူက နာမည်ကြီး ကဗျာဆရာ၊ အစ်မဖြစ်သူက ထင်ရှားသည့် ကာတွန်းဆရာ၊ ဤသို့ အတွေး
အခေါ်လွတ်လပ်ပွင့်လင်းသည့် မိသားစုတွင် ကြီးပြင်းလာခဲ့သည် ယိုရှီမိုတိုမှာ နိဟွန်း တက္ကသိုလ် အနုပညာ ကောလိပ်တွင် စာပေဘာသာရပ်နှင့် ဘွဲ့ရခဲ့သည်။ ကျောင်းတွင် Banana (ငှက်ပျောသီး) ဆိုသည့် ကလောင်နာမည်ကို ယူခဲ့ပြီး နောက်ပိုင်းတွင်လည်း ထိုနာမည်ကို ချစ်စရာကောင်းပြီး ကျားမ မကွဲပြားသည့်အတွက် နှစ်ခြိုက်ကာ ဆက်လက်သုံးစွဲခဲ့သည်။

ဂေါက်ကလပ်စားပွဲထိုးမလေးအဖြစ် အလုပ်လုပ်ယင်း စာတွေရေးသားခဲ့သည့် ယိုရှီမိုတိုမှာ အမေရီကန် စာရေးဆရာ Stephen King ၏ ထိတ်လန့်သည်းဖိုမဟုပ်သော ဝထ္ထုများကို စတင်စွဲလန်းခဲ့သည်ဟုဆိုသည်။ နောက်ပိုင်းတွင်တော့ Truman Capote နှင့် I.B.Singer တို့က သူ့ကို အကြီးအကျယ်လွှမ်းမိုးခဲ့သည်ဟု ဆိုသည်။

သူ၏ ပွဲဦးထွက် ဝထ္ထု Kitchen မှာ ဂျပန်ပြည်တွင်းတွင်ပင် အကြိမ်၆၀ ကျော် ရိုက်နှိပ်ခဲ့ရပြီး ဤဝထ္ထုဖြင့် Kaien လူသစ်တန်းဆုကို ၁၉၈၇ တွင် ရရှိခဲ့ပြီး Mishima Yukio စာပေဆု ဆန်ကာတင်စာရင်းတွင် ပါဝင်ခဲ့သည်။ ထို့နောက် Moonlight Shadow (လရိပ်) ဝထ္ထုလတ်ဖြင့် Izumi Kyōka စာပေဆုကို ၁၉၈၈ တွင် ရရှိခဲ့သည်။ သူ၏ ဝထ္ထုနှစ်ပုဒ်ကို ရုပ်ရှင်အဖြစ် ရိုက်ကူးခဲ့ပြီးဖြစ်သည်။

ယခုအချိန်ထိ ဝထ္ထု ဆယ့်နှစ်အုပ် နှင့် အက်ဆေးပေါင်းချုပ် ၇ အုပ်ကို ရေးသားခဲ့ပြီး ကမ္ဘာအနှံ့ သူ၏ စာအုပ်ပေါင်း ၆ သန်းခန့်ရောင်းချခဲ့ရပြီးဖြစ်သည်။ သူကိုင်တွယ်လေ့ရှိသည့် အကြောင်းအရာများမှာ အချစ်နှင့်
ခင်မင်မှု၊ အိမ်နှင့် မိသားစု၏ စွမ်းပကား၊ ဆုံးရှုံးမှုကြောင့် လူ့စိတ်ဝိညာဉ်ပိုင်းဆိုင်ရာ ထိခိုက်မှု စသည်
တို့ဖြစ်သည်။

ယိုရှီမိုတိုကတော့ သူအဓိက ကိုင်တွယ်သည့် အကြောင်းအရာနှစ်ခုမှာ “ခေတ်ပြိုင်ဂျပန်လူ့အဖွဲ့အစည်းအတွင်းလူငယ်တို့၏ ခြေကုန်လက်ပန်းကျမှု” နှင့် “ဆိုးဆိုးရွားရွား အတွေ့အကြုံက လူတစ်ယောက်၏ ဘဝကို ပြောင်းလဲသွားစေပုံ” တို့ဖြစ်သည်ဟု ဆိုသည်။

သူ့အရေးအသားများတွင် လူငယ်များ ကြုံတွေ့နေရသည့် ပြဿနာများ၊ မြို့ပြ ဖြစ်တည်မှုဘဝများ၊ အစစ်အမှန်
ဘဝနှင့် အတွေးအထင်တို့ကြား ပိတ်မိနေခဲ့သည့် ဂျပန် ဆယ်ကျော်သက်တို့အကြောင်း ဖေါ်ပြလေ့ရှိသည်။ သူ့အရေးအသားများက တော်လှန်ပြောင်းလဲလိုသည့် လူငယ်များကိုသာ မက၊ နှလုံးသား နုပျိုနေဆဲ ဖြစ်သည့် အရွယ်ရောက်ပြီး သူများကိုလည်း ရည်ရွယ်သည်။ ဘနားနား၏ ဇတ်ကောင်များ၊ နောက်ခံဝန်းကျင်နှင့် ခေါင်းစဉ်များက မော်ဒန် အမေရီကန် ဆန်လှသော်လည်း အတွင်းသား ကတော့ ဂျပန် ဆန်လှသည်။ သူက စာဖတ်သူကို အလွန် ရင်းနှီးစွာဖြင့် အတွင်းကျကျပြောတတ်သည်။ သစ်သားကြမ်းခင်းက တကျွိကျိ မြည်တာမျိုး၊ ဟင်းနံ့လေးက မွှေးနေတာမျိုး စသည့် အင်မတန် ရိုးရှင်းလှသည့် အကြောင်းအရာ များကို နွေးထွေးပြီး လုံးဝ ရိုးသားစွာဖြင့် ပြောတတ်သည်။ သူ့အရေးအသားများတွင် အစားအသောက်နှင့် အိပ်မက်များ မကြာခဏပါတတ်ပြီး အမှတ်တရများ၊ စိတ်လှုပ်ရှားဖွယ်ရာများနှင့် ဆက်စပ်နေတတ်သည်။ ဘနားနားက အများအားဖြင့် သူ၏ ကိုယ်ပိုင်အိပ်မက်များမှ စာရေးဖို့စိတ်ကူးရလာတတ်သည်ဟု ဝန်ခံပြီး သူ့အနေနှင့် အိပ်မက်များဖြင့် ပြည့်နှက်နေသည့် ဘဝကို တောင့်တမိသည်ဟု ဆိုသည်။









No comments: