Wednesday, December 2, 2015

ဝေးဝေးက တောင်တန်းတွေ

ဝေးဝေးက တောင်တန်းတွေ
ငယ်ငယ်ကတော့ ပတ်ဝန်းကျင်ကို နားမလည်နိင်၊ ကိုယ့်ကိုယ်ကို တော့ အပြည့်အဝ နားလည်သည်ဟု ထင်ခဲ့သည်။ သို့သော် ဘယ်လိုဖြစ်သည်မသိ ကြီးလာသည့်အခါ ပတ်ဝန်းကျင်ကို နားလည်လာနိင်ခဲ့သော် လည်း ကိုယ့်ကိုယ်ကို နားလည်ရ ခက်ခက်လာခဲ့သည်။ တနည်းအားဖြင့် ကိုယ်ဟာ ကိုယ်ထင်သလို မဟုပ်မှန်း ကိုယ့်ဖာသာ သိလာခဲ့သည်ဟု ဆိုလျင် ပို၍များ မှန်မလားမသိ။
ရန်ကုန်မှာ မွေးဖွားကြီးပြင်းခဲ့သည့် ကျွန်တော့်မှာ စာတွေ ဖတ်ရင်း ရုပ်ရှင်တွေကြည့်ရင်း သီချင်းတွေ နားထောင် ယင်း ဝေးလံခေါင်ဖျား တောင်ပေါ်ဒေသများကို စိတ်ဝင်စားခဲ့သည်။ မနက်မိုးလင်း အိပ်ယာ ထသည်နှင့် အဝေး မှာ မှိုင်းညို့နေသည့် တောင်စဉ်တောင်တန်းကြီးများကို မြင်ရလျင် ဘယ်လောက်များ ကောင်းလိုက်မလဲဟု စိတ်ကူးယဉ်မိသည်။ တောင်ပေါ်ဒေသမှာ မွေးဖွားကြီးပြင်းခဲ့သူတွေကို အားကျစိတ်ဖြစ်မိသည်။ တစ်နေ့နေ့မှာ အခွင့်အရေးရလျင် တောင်ပေါ်ဒေသများရှိရာ သွားရောက်မည်ဟု တေးထားခဲ့သည်။
ကျွန်တော့်ဆန္ဒပြည့်ဝခဲ့ပါသည်။ ကျောင်းပြီးလို့ NGO တစ်ခုနှင့် ဝင်လုပ်ယင်း ကချင်ပြည်နယ် ဖားကန့်လုံးခင်း ရှိ စီမံချက်ဆေးခန်းတစ်ခုတွင် တာဝန်ကျပါသည်။ ကျွန်တော့်ဆေးခန်းက လုံးခင်း ဂေါက်ကွင်းအတက်လမ်း ကုန်းထိပ်တွင် ရှိသည်။ မှန်များနှင့် ဆောက်ထားသည့် လှပခေတ်မှီသော နှစ်ထပ်အဆောက်အဦး၊ အောက်ထပ် တွင် ဆေးခန်း၊ အပေါ်ထပ်တွင် ဝန်ထမ်းများ နေကြသည်။ အိမ်ရှင် က ပန်းစိုက်ဝါသနာ ပါပြီး အနိမ့်အမြင့် မညီ သည့် အိမ်ဝိုင်းလေးကို လှပစွာ landscape ဖော်ထားသည့် အတွက် အိမ်နောက်ဖက် မြေနိမ့်ပိုင်းမှ ကြည့်လျင် ကုန်းမြင့်မှာ ဟီးထည်နေသည့် နှစ်ထပ်အိမ်ကြီးက ကျွန်တော့်စိတ်ထဲမှာ မဆီမဆိုင် Wuthering Height ကို သတိရမိ စေသည်။  အပေါ်ထပ် ဝရန်တာမှ ကြည့်လိုက်လျင် လုံးခင်း အဝင် စစ်တပ်ကုန်းပေါ်ရှိ စေတီလေးကို လှမ်းမြင်နေရသည်။ ကုန်းအောက်ဆင်းသွားလိုက်လျင် ရွာတန်းရှည် ကြီး၊ ကုန်းထိပ်တက်လိုက်လျင်တော့ ယခင် လေယာဉ်ကွင်းဟောင်းကို ဂေါက်ကွင်းလုပ်ထားသည့် လှပ ကျယ်ပြန့်သော ကွင်းပြင်ကြီး၊ ကျွန်တော့်မှာ ညနေဆေးခန်းပိတ်ပြီးသည်နှင့် ဂေါက်ကွင်း တစ်လျောက် လမ်း လျှောက်ထွက်တက်သည်။ ဂေါက်ကွင်း အဆုံးမှနေ အောက်ကို ဆင်းသွားလျင် ကုဋေရွာ၊ လွင်ပြင်ကျယ်လို ဖြစ်နေ သည့် ဂေါက်ကွင်းကနေ ပါတ်ပါတ်လည်ကို ကြည့်လိုက်လျင် အဝေးမှာ တောင်စဉ်တောင်တန်းများ ဝိုင်းရံလျက်၊ ဖြိုလက်စ၊ တူးလက်စ ကျောက်စိမ်းမှော် များက အဝေးမှာ ဝိုးတဝါး။ ကျွန်တော့်မှာ အတော်လေး ဘဝင်ကျသွားမိသည်။
လုပ်ရသည့် အလုပ်ကလည်း နှစ်လိုစဖွယ်၊ လူငယ် လူရွယ်တွေကြား၊ လိင်လုပ်သားတွေကြား ငှက်ဖျားရောဂါ၊ ကာလသား ရောဂါ နှင့် HIV ကာကွယ်တားဆီး ကုသရေး လုပ်ငန်းများကို အဓိကထားသော်လည်း အနီး တဝိုက်က လာသမျှ ရွာသူ ရွာသားများ ကျင်းသားများကို အခမဲ့ ဆေးကုပေးရသည်။ ကျွန်တော် အများဆုံး ကုသပေးရသည်က ကျင်းသားများ နှင့် လိင်လုပ်သား မိန်းခလေးငယ်များ၊ အန္တရယ်များလှသည့် ကျောက်စိမ်းမှော် တွေထဲမှာ သက်စွန့်ဆံဖျား လာရောက် အသက်မွေးနေကြရသည့် ထို လူငယ်လူရွယ်များ၊ မိန်းခလေးများ၊ တနည်းအားဖြင့် လူ့အဖွဲ့အစည်း၏ အောက်ခြေ နင်းပြားလူတန်းစားများကို အခမဲ့ ဆေးကုပေး
ရတာ စိတ်ကျေနပ်လှသည်။ ဘာသာရေး ယုံကြည်ချက်အရ ကုသိုလ်ရသည် မရသည် အသာထား၊ အဓိပ္ပါယ်
ရှိလှသည့် အလုပ် ဟု ကိုယ့်ကိုယ်ကို ယုံကြည်မိသည်။ လုပ်ဖော်ကိုင်ဖက်များနှင့်လည်း အဆင်ပြေသည်။ ရွာသားများနှင့်ကတော့ ပြောစရာ မရှိ၊ ညည ရွာထဲ ဘောလုံးပွဲဆင်းကြည့်ရင်း၊ လဘက်ရည်ဆိုင် ထိုင်ရင်း လူအတော်များများနှင့် ခင်မင်သွားခဲ့သည်။ အထူးသဖြင့် ကချင် လူမျိုး ဝန်ထမ်းများ၊ ဒေသခံများကို သံယောဇဉ် ဖြစ်မိသည်။ ပညာရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းနည်းပါးလှသည့် ကချင် လူငယ်လေးများကို စာနာမိ သည်။ သူတို့ ပြောပြသည့် ဒေသရာဇဝင်များ၊ ကချင် ထုံးတမ်းစဉ်လာ ဓလေ့များကို အတော်လေး စိတ်ဝင်စားမိသည်။
သည်လိုနှင့် အချိန်က ဘယ်လို ကုန်သွားမှန်း မသိ နှစ်နှစ်နီးပါး  ကြာသွားခဲ့သည်။ အဲဒီမှာ ကိုယ့်ကိုယ်ကို ပြန်ပြီး သတိပေးရသည်။ သည်အတိုင်း တောမှာ ပျော်နေလို့တော့ မဖြစ်။ ကိုယ့်ဘဝ တက်လမ်းအတွက် ရန်ကုန်တော့ ပြန်ဦးမှပဲဟု တွေးမိသည်။ သည်လိုနှင့် အလုပ်ထွက်ပြီး  ရန်ကုန် ပြန်ချလာခဲ့သည်။ အဲဒီ အချိန်ကတော့ ဒါဟာ ကျိုးကြောင်းကျတဲ့ ဆုံးဖြတ်ချက်ပဲဟု ယူဆခဲ့သည်။ သိပ်ပြီး ထွေထွေ ထူးထူးစဉ်းစားမနေ။
သည်လိုနှင့် ဘွဲ့လွန်တွေတက်၊ အလုပ်အကိုင်တွေ တစ်ခုပြီး တစ်ခု ပြောင်းခဲ့သည်။ ထုံးစံအတိုင်း ဖွံ့ဖြိုးမှုနည်းပါးသည့် တောင်တန်း ဒေသ ပြည်နယ်များ၊ တိုင်းရင်းသား ဒေသခံများအပေါ် ကျွန်တော့် သံယောဇဉ်ကတော့ မပြောင်း၊ မှတ်မှတ်ရရ လွန်ခဲ့သည့် ၈ နှစ်ခန့် ၂၀၀၇ လောက်က ရှမ်းပြည်တောင်ပိုင်း ပင်လောင်းဘက် ကို ရောက်ခဲ့သည်။ ဟဲဟိုးကနေ ညနေဘက် တက်ခဲ့ကြရာမှာ မိုးအတော်ချုပ်မှ ပင်လောင်းရောက်တော့သည်။ မိုးရွာထားသဖြင့် အေးစက်စိုစွတ်နေသော လမ်းမမှာ မှောင်မဲလို့၊ အိမ်တံခါးများ ပိတ်ထားကြသဖြင့် မြို့မှာ အိပ်မောကျနေသည့်ပမာ၊ ကျွန်တော်တို့မှာ စားသောက်ဆိုင်ပိုင်ရှင်ကို တံခါးခေါက် ပြီး နှိုးကာ ချက်ပြုတ်ခိုင်းခဲ့ရသည်။ မနက် မိုးလင်းတော့မှ ဘေးပတ်ဝန်းကျင် တောင်တန်းများကြား လှပလိုက် သည့် ရှုခင်းကို ကြည့်ရင်း အင်း နေချင်စရာကောင်းလိုက်တာဗျာဟု ထုပ်ဖော်တမ်းတမိသည်။ အတူပါလာသည့် ရှမ်းဆရာက ပြုံးတုံ့တုံ့နှင့် ကရင် ဆရာမကို ကြည့်ယင်း “ အင်း ဆရာ ဒီ စကား ဘယ်နှစ်ရက်လောက် ဆက် ပြောနိင်မလဲ ကြည့်ရသေးတာပေါ့” ဟု ဆိုသည်။ သူက ကျိုင်းတုံသား၊ သူကတော့ တောင်တွေ ကြားမှာ ကြီးပြင်းလာခဲ့တော့ မပြောင်းမလဲ ရှိနေသည့် တောင်တန်းကြီးတွေက ပျင်းစရာ၊ ငြီးငွေ့စရာ ဟု မြင်သည်။ ကမ္ဘာဦး ခေတ်သာသာ ရုန်းကန် စားသောက်နေရသည့် ပြည်မမှ အထောက်အပံ့ ဆိုတာ မျှော်စကောင်းတဲ့ အရာ မဟုပ်သည့်၊ ဆယ်စုနှစ်တွေ ပြောင်းခဲ့သော်လည်း ဘာတိုးတက်ပြောင်းလဲမှုမှ မရှိသည့် သူတို့ ဒေသခံ များ၏ ဘဝတွေမှာလည်း ဒီတောင်တန်းကြီးတွေလိုပဲ မလှုပ်မယှက်၊ ပျင်းရိစရာ ဖြစ်နေပုံရပါသည်။ ဤနေရာတွင် မြို့မှာ မတွေ့ရသော သဘာဝ အလှသက်သက်ကို ယာယီအားဖြင့် ခံစားနေတတ်ကြသည့် ကျွန်တော်တို့ မြို့သားများမှာ သဘာဝ အတိုင်း နေနေ ရသည့် သူတို့ ဘဝတွေကို အပေါ်ယံကြည့်ပြီး ကောက်ချက်ချမိတတ်တာကို အားတုံ့အားနာ ဖြစ်မိသည်။ ခေါက်ဆွဲစက်မရှိတဲ့ မြို့မှာ ဂျုံကို လတ်လတ်ဆတ်ဆတ် နယ်ပြီး လက်လှည့်စက်ကလေးနဲ့ လုပ်ထားတဲ့ ပူပူနွေးနွေး ခေါက်ဆွဲကို မနက်စောစော စားခဲ့ရတာကိုတော့ ယနေ့ထိတိုင် မမေ့နိင်။ ဒါပေမယ့်လည်း ဒါဟာ ကျွန်တော့်အတွက်တော့ အမှတ်တရ ဆိုပေမယ့် သူတို့အတွက်တော့ နိစ္စဓူဝပါ။ ရှမ်းဆရာ ပြောသလို ကျွန်တော် ဒီမြို့လေးမှာ ဘယ်လောက် အထိ နေနိင်မလဲဆိုတဲ့ မေးခွန်းကိုတော့ ကိုယ့်ဖာသာကိုယ်ပဲ မေ့ထား လိုက်မိသည်။ ကျွန်တော့် စိတ်ကတော့ အခုထိ တမ်းတနေမိတုန်း၊
ဒီလိုနဲ့ ရှမ်းပြည် တောင်မြောက်နဲ့ အရှေ့ဘက် တစ်ခွင် ပြဲပြဲ ဆင်ခဲ့သည်။ အထူး သဖြင့် မန္တလေး မူဆယ် အဝေးပြေး လမ်းမကြီးမှာ အခေါက်ပေါင်းများစွာ ကူးခတ်လို့။ လင်းပတဲ့ နေရောင်အောက် လမ်းနဘေးမှာ ထိန်ထိန်တောက်နေတဲ့ နေကြာရိုင်းတွေကို ကြည့်ပြီး ကျွန်တော်က ဗန်ဂိုး ပန်းချီကား သတိရမိပေမယ့် နဘေး က ကားဆရာကတော့ ဘာမှ သုံးမရတဲ့ အပင်တွေဗျာ လို့ ညီးတွားနေခဲ့တဲ့ အတွက် အားနာ သွားမိတယ်။ လမ်းတစ်လျှောက်က ကားရပ်နားရာ စားသောက်ဆိုင်လေးတွေက ကျယ်ဝန်းပြီး အေးအေးလူလူ နားချင်စရာ၊  လမ်းနဘေးရွာတွေမှာတော့ တရွာလုံး ဘိန်းစွဲနေကြသူများ၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုနဲ့ တနည်းနည်း ပက်သက်နေကြသူများ က ရှမ်းပြည်နယ် အနှံ့အပြား၊ ကျွန်တော့်မှာ ခရီးသွား တစ်ယောက် အနေနှင့်၊ ဧည့်သည်တစ်ယောက်အနေနှင့် ရှမ်းတောင်တန်းများအပေါ် သွားလာနေရတာ ဘယ်တော့မှ မငြီးငွေ့ခဲ့၊ သို့သော် သူတို့ ဘဝတွေကို အနီးကပ် တွေ့ရတာ စိတ်မချမ်းသာ၊ ကိုယ်လုပ်နေရ သည့် စီမံကိန်းက မူးယစ်ဆေးဝါးအကြောတွင်း ထိုးသွင်းနေကြသူများအကြား HIV ကူးစက်မှု အန္တရယ် လျော့ချရေး၊ သို့သော် ပြဿနာ၏ အရင်းအမြစ် မူးယစ်ဆေးဝါး လုပ်ငန်းက ကဏ္ဍအားလုံးနှင့် စပ်ဆက်နေခဲ့သည်။ နှစ်အနည်းငယ်အတွင်း ဒီ ပြဿနာကို ဖြေရှင်းဖို့ မဖြစ်နိင်။ သည့်အတွက် ကိုယ့်ကိုယ်ကို လမ်းခင်းသူ တစ်ယောက် လို မမြင်မိ၊ လမ်း အပေါက် လိုက်လံ ဖာထေးသူ တစ်ယောက်ပမာ၊ ဖာလို့ ထေးလို့ မဆုံး။
အလုပ်သဘာဝအရ ရာထူးကြီးလာသည်နှင့်အမျှ လူတွေနှင့် ဝေးလာခဲ့သည်။ ကျန်းမာရေးစီမံချက်တွေ ကြား တနေ့ တနေ့ ကိန်းဂဏန်းတွေ စာရွက်စာတမ်းတွေနှင့်သာ အချိန်ကုန်နေခဲ့ရသည်။ နယ်ဘက်တွေ ကွင်းဆင်း ဖြစ်လျင်လည်း ခဏတဖြုတ်၊ တောင်တန်းအလှအပများကို မြင်ရုံမျှ၊ တောင်ကြိုတောင်ကြား၊ ချောင်ကြို ချောင် ကြားက မူးယစ်ဆေး အကြောထဲ သွင်းသူများကိုတော့ အနီးကပ် မကြည့်နိင်တော့။ တခါတခါတော့ ကိုယ် သူ တို့ကို ဘာများ ကူညီပေးနိင်ခဲ့သလဲ မသေချာလှ။ ကိုယ်စီးလာသည့် UN ကားကြီးကို အားကိုးတကြီး ကြည့်ပြီး အကူအညီ ကို မျှော်လင့်စောင့်စားနေကြသည့် ဒေသခံများကို အားနာမိသည်။ ကိုယ်ဟာ သူတို့အတွက် လုပ် နေတာလား၊ ကိုယ့်အတွက် ကိုယ်လုပ်နေတာလား ဆိုတဲ့ မေးခွန်းက နောက်ဆက်တွဲ ဝင်လာခဲ့သည်။
ဒီနေရာမှာ ဖားကန့်တုန်းက အဖြစ် တစ်ခု ကို သတိရမိသည်။ ကျွန်တော့်မှာ ပုံမှန်အားဖြင့် တစ်ပတ်တစ်ကြိမ် လုံးခင်းမှ ဆိုင်းတောင်သို့ အစည်းအဝေး သွားတတ်ရသည်။ super roof van ကားလေးများက လိုင်းကားများ ပမာ ခရီးသည် အပြည့်အသိပ်တင်ပြီး ထွက်လေ့ရှိသည်။ နောက်ခန်း ကုန်တင်သည့်နေရာပါ မချန် ဆန့်သလောက်တင်သည်။ နောက်ခန်းကတော့ ဈေးအသက်သာဆုံးပေါ့၊ တစ်နာရီ ကျော်ခန့်စီးရသည့် ခရီးကို တလမ်းလုံး ကိုယ်ကို ကွေးညွတ်ပြီး ကားဆောင့်သမျှ ဒဏ် ကြံ့ကြံ့ခံကာ လိုက်ပါဖို့ဆိုတာ မလွယ်လှ။ တစ်ရက်တွင် လုံးခင်းမှ ထွက်လာရင်း လမ်းတွင် ကချင် အဘိုးကြီး အဘွားကြီး နှစ်ယောက်လှမ်းတားသည်။ နောက်ခန်းကလည်း လွတ်နေသေးသည်။ သို့သော် သူတို့မှာ ဈေးညှိမရ၊ အသက်သာဆုံး ဖြစ်သည့် ကုန်တင် ခန်းတွင်ပင် သူတို့မှာ လိုက်ပါဖို့ မတတ်နိင်။ နှစ်ယောက်လုံးက ခေါင်းခါပြီး ကျန်ခဲ့သည်။ သူတို့ပုံစံတွေက တောင်ယာလုပ်စားကြသူတွေ ဖြစ်ဖို့များသည်။ မိရိုးဖလာ တောင်ယာ လုပ်ငန်းက ရသည့်ဝင်ငွေက ကြီးမြင့်လှ သည့် ဖားကန့် ကုန်ဈေးနှုန်းနှင့် ဘယ်လိုမှ လိုက်မှီပုံမရ။ ဘေးကလူ မေးကြည့်တော့ သူတို့ လမ်းလျှောက်ကြ လိမ့်မည်တဲ့။ ကျွန်တော် ဖျားသွားသည်။ ကားနှင့်တောင် အတော် သွားရသည့်ခရီးကို ခြေလျင်လျှောက်မည်ဆို တော့ ဘဝက အတော် မသက်မသာ နိင်လှသည်။ ကျွန်တော့် စိတ်ထဲမကောင်း၊ တကယ်တော့ သူတို့ကားခ ကို ကျွန်တော် စိုက်ပေးလိုက်ချင်မိသည်။ သို့သော် အမြဲတွေဝေငေးငိုင်ပြီး ဆုံးဖြတ်ချက်မပြတ်သားလှသည့်  ကျွန်တော့်မှာ လွန်သွားမှ လမ်းတစ်လျှောက် စိတ်ထဲမကောင်း၊ တကယ်တော့လည်း အဲဒီလို အဖြစ်တွေက ဒီ တစ်ကြိမ်တည်းတော့ မဖြစ်နိင်၊ ဒေသခံ တောင်သူများအဖို့တော့ ကိုယ့်ဒေသကထွက်သည့် သိန်းပေါင်းများစွာ တန်သည့် ကျောက်စိမ်းများနှင့်လည်း ဘယ်လိုမှ မသက်ဆိုင်သလို၊ ကိုယ့်ဒေသမှာ လာရောက် စီးပွားရှာ  ပြေးစွဲနေကြသည့် မော်တော်ယာဉ်များကိုပင် ကောင်းကောင်းမစီးနိင်ကြရှာ။ မြို့ကြီးပြကြီးမှ လာရောက်လုပ် ကိုင်ကြသည့် ကုမ္ပဏီများသာ ကြီးပွားချမ်းသာသွားကြသည်။
သည်အဖြစ်ကို တွေးကြည့်ပြီး ဒီ ကုမ္ပဏီတွေလိုပဲ ကိုယ်ကကော ဒေသခံတွေအတွက် လုပ်နေတာမှ ဟုပ်ရဲ့လားဆိုတာကိုယ့်ကိုယ်ကို ပြန်မေးမိသည်။ တကယ်တော့လည်း ဖွံ့ဖြိုးမှု နိမ့်ကျခြင်း၊ ဆင်းရဲမွဲတေခြင်း၊ က နေ ပေါက်ဖွားလာတဲ့ ဒုက္ခ ဝေဒနာတွေက ကျန်းမာရေး ပြဿနာ တစ်ခုတည်း မဟုပ်၊ ဒီ့အတွက် ကိုယ်လုပ်ပေးနိင်တဲ့ အတိုင်းအတာက ဘယ်လောက်မှ မရှိမှန်းတော့ ကိုယ့်ဖာသာ သိနေခဲ့သည်။ သည့်အတွက် စိတ်မလုံမလဲ မဖြစ်မိပေမယ့် စိတ်မကောင်းတော့ ဖြစ်မိသည်။ ဒါပေမယ့်လည်း ကိုယ်ဟာ လခစား ဝန်ထမ်းတစ်ယောက်သာ ဟု ကိုယ့်ဖာသာ ဖြေရသည်။ သည်တော့လည်း နေသာ ထိုင်သာ ဖြစ်သွားပြန်သည်။ လခလေး အချိန်တန် ထုပ်ပြီး ကိုယ့်ဘဝကိုယ် ပျော်သလို သာ နေမိတော့သည်။
ဒါပေမယ့် တောင်ပေါ်ဒေသမှာလည်း နေရ၊ လုပ်ချင်တဲ့ အလုပ်ကိုလည်း လုပ်ရ၊ ပတ်ဝန်းကျင်နဲ့လည်း အဆင်ပြေလှတဲ့ ဘဝမှာ ဘာကြောင့်များ ကျွန်တော်ဟာ ဆက်မနေဖြစ်ခဲ့သလဲ။ ကျွန်တော်ဟာ ဒီမေးခွန်းကို သိသိကြီးနဲ့ မကြားချင်ယောင်ဆောင်နေခဲ့သည်။ တောင်ပေါ်ဒေသနဲ့ ဒေသခံတိုင်းရင်းသားတွေအပေါ် သံယောဇဉ်ကြီးလှ ပါတယ်လို့ ကိုယ့်ကိုယ်ကို ထင်နေမိပေမယ့် နောက်ပိုင်းမှာ နယ်ရုံးတွေကို ဘယ်တော့မှ မလျှောက်ဖြစ်တော့တာ ဘာကြောင့်လဲ၊ ကျွန်တော်ဟာ ကိုယ့်စိတ်ကိုယ် နားမလည်ခဲ့တာလား၊ ကိုယ့်ကိုယ်ကိုပဲ လိမ်ညာနေခဲ့မိ တာလား မသိတော့။ ထင်ရှားလှသည့် ဆရာမကြီး ခင်နှင်းယုကတော့ သူ့ကိုယ်သူ အောက်ခြေလွတ်သူ* ဆိုပြီး လူထု အပေါ် ဘာမှ ထိထိရောက်ရောက် မလုပ်ပေးနိင်သည့် လခစား ဝန်ထမ်းဘဝကို အပြစ်မကင်း ဖြစ်မိသည်။ သူ၏ ထို အက်ဆေးထဲတွင် “ အမှန်တော့ ကျွန်မသည် လခစား အစိုးရ အလုပ်သမား တစ်ယောက် ဖြစ်သည်မှလွဲ၍ ကျွန်မ ဘဝသည် ဘာမှ အဓိပ္ပါယ်မရှိပါ” တဲ့ နာနာကျည်းကျည်း ရေးသားခဲ့သည်။ ကျွန်တော်သည်လည်း သူ ပြောသလို အောက်ခြေလွတ်သူပဲလား။  ကျွန်တော့်လိုပင် သူသည်လည်း တောင်တန်းဒေသရှိ ဘဝများအပေါ် စာနာမိပြီး ကိုယ့်ကိုယ်ကို အားမလို အားမရ စိတ် ဝင်မိသည်။
“အကယ်၍  ကျွန်မသည် လွန်ခဲ့သော နှစ်နှစ်ခန့်က ချင်း တောင်တန်း ဒေသများသို့ မရောက်ခဲ့ပါမူ ကျွန်မ ဘဝ၏ အတိအကျကို သိဦးမည် မဟုပ်ပါ” ဟု ဆိုခဲ့သည်။
မှန်ပါသည်။ ကိုယ့်ကိုယ်ကို နားလည်ဖို့ဆိုသည်မှာ အခြေအနေတစ်ခုကို ကြုံရမှသာ သိနိင်တာမျိုးပင်။ ဒါကိုလည်း အရွယ်ရလာမှသာ တဖြေးဖြေး သဘောပေါက်လာခဲ့သည်။ အသက်သာ ကြီးလာခဲ့သည် ကိုယ့်ကိုယ်ကို နားမလည်နိင်စရာတွေက တပုံတပင်၊ ကိုယ့်အကြောင်းကိုယ် အသစ် အသစ် သိလာရတာတွေ ကလည်း မကုန်ခမ်းနိင်။
ဘယ်လိုပဲ ဖြစ်စေ ကျွန်တော်ကတော့ တောင်တန်းဒေသများ အပေါ် သံယောဇဉ်ကြီးနေဆဲဟု ကိုယ့်ကိုယ်ကို ထင်မှတ်နေမိတုန်းပင်။

ဒီနိုဗို







No comments: