Saturday, August 10, 2013

ကိုယ့်ဇါတ်ညွှန်းနဲ့ကိုယ်




            အရှိန်ဖြင့်မောင်းနေသော ဘတ်စ်ကားတစ်စီး၊ ရုတ်တရက်ထိုးရပ်သွားသဖြင့် ခရီးသည်များအားလုံး အလန့်တကြား ဖြစ်သွား ကြသည်။ အိပ်ငိုက်နေသူများမှာလည်း အိပ်ချင်မူးတူးဖြင့် ပတ်ဝန်းကျင်ကိုကြည့်ရင်း သမ်းဝေနေခဲ့သည်။ ခဏအကြာ မျက်နှာကို ဖုံးအုပ်ထားသူတစ်ယောက် ကားပေါ်တက်လာခဲ့သည်။ ထိုသူက ဘတ်စ်ကားခေါင်းခန်းတွင် ဟန်ပါပါရပ်ရင်း-
            အားလုံးပဲ ကျွန်တော်ပြောတာနားထောင်ကြပါ၊ အခုအချိန်ကစပြီး ခင်ဗျားတို့အားလုံး တစ်ယောက်ကိုတစ်ယောက် ထိလို့ ကိုင်လို့ မရတော့ပါဘူး၊ ပွေ့ဖက်နမ်းရှုပ်လို့ မရတော့ပါဘူး၊ လက်ဆွဲနှုတ်ဆက်လို့လည်း မရတော့ပါဘူး၊ ကုန်ကုန်ပြောရယင် တစ် ယောက်နဲ့တစ်ယောက် ကပ်ပြီးထိုင်လို့တောင် မရတော့ပါဘူး။ ကလေးချီထားတဲ့အမေတွေ ကလေးဘေးချထားပါ။ ဖြစ်နိုင်ယင် တစ်ယောက်နဲ့တစ်ယောက် စကားမပြောပါနဲ့၊ သီချင်းမဆိုပါနဲ့၊ လေမချွန်ပါနဲ့၊ ခင်ဗျားတို့အားလုံးဟာ အလွန်ကြီးမားတဲ့ အန္တရာယ် တစ်ခုနဲ့ ကြုံနေရပြီဆိုတာသိထားကြပါ။ အားလုံးပဲ ဂိတ်ရောက်တာနဲ့ ကျွန်တော့်နောက်ကို တစ်ယောက်မကျန်လိုက်ခဲ့ကြပါ။ ဒီကြားထဲ မှာ မဟုတ်တာလုပ်မယ်ကြံစည်ရင်တော့ ကိုယ့်ထိုက်နဲ့ကိုယ့်ကံလို့ပဲ ပြောထားပါရစေ။״
            သူ့စကားအဆုံး ကားပေါ်တွင်လိုက်ပါလာကြသော ခရီးသည်များမှာ ကြောက်ရွံ့မှု၊ နားမလည်နိုင်မှု၊ စိုးရိမ်ပူပန်မှုတို့ဖြင့် တစ်ဦးကိုတစ်ဦး ကြည့်နေခဲ့ကြသည်။ စပ်စပ်စုစုနိုင်သော ကလေးတစ်ဦးကအဲ့ဒါဘယ်သူလဲ အမေ״ အမေဖြစ်သူက မဖြေ၊ သူက ဆက်မေးပြန်သည်။
            အမေ၊ သူဘာတွေပြောနေတာလဲ״ အမေက ရေငုံနှုတ်ပိတ်၊ သူက ဇွဲကောင်းစွာဖြင့်
            အမေ၊ သူဘာတွေပြောနေတာလဲ״ အမေက တုံဏှိဘာဝေ၊ သူကလည်း မလျှော့သေး၊
            အမေ၊ သူက ဘာမို့လို့ ဒီလိုပြောနေရတာလဲ״
            ကားတစ်စီးလုံး တိတ်ဆိတ်နေခဲ့သည်။ အားလုံးမှာ ဂိတ်ဆုံးရောက်လျှင် ဘာတွေများကြုံရဦးမလဲ တွေးတောရင်မောနေခဲ့ ကြသည်။
                        **********************************
            အချိန်က အရုဏ်ပင်မတက်သေး၊ တစ်မြို့လုံး အိပ်မောကျလို့ကောင်းနေဆဲ၊ မသဲမကွဲအလင်းရောင်အောက်တွင် ဆူညံစွာ ပျံသန်းလာကြသော ရဟတ်ယာဉ်တန်းကြီးမှာ ကျိုင်းကောင်အုပ်တစ်အုပ်နှင့်ပင် တူနေသေးတော့သည်။ မရှေးမနှောင်းပင် မြို့အဝင် အထွက်လမ်းမကြီးတစ်လျှောက် စစ်ထရပ်ကားများ၊ တင့်ကားများ၊ သံချပ်ကာကားများဖြင့် ပြည့်နှက်လို့၊ အဝေးမှလှမ်းကြည့်လျှင် ကင်း ခြေများကောင်ကြီးတစ်ကောင်လိုပင်၊ လမ်းမတစ်လျှောက်တွင်လည်း သဲအိတ်များစုပုံလို့၊ တာယာများ၊ စည်ပိုင်းများ၊ သံဆူးကြိုး အတားအဆီးများနှင့် ပြည့်နှက်လို့၊ လက်နက်အပြည့်အစုံတပ်ဆင်ထားသော စစ်သည်များမှာ ဟိုသည်ပြေးလွှားအလုပ်များလျက်၊ ယာယီစခန်းချထားသော ရွက်ဖျင်တဲများထဲတွင် အဆင့်မြင့်အရာရှိများမှာ ဖုန်းတကိုင်ကိုင်ဖြင့် မနေမနားအမိန့်ပေးနေရသည်။ သိပ် မကြာမီမှာပင် တစ်မြို့လုံးအနှံ့ စစ်ယာဉ်တန်းများက မြို့ကို ပိတ်ဆို့ထိန်းသိမ်းလိုက်ပြီဖြစ်ကြောင်း၊ ယခုအချိန်မှစ၍ မည်သူမျှ အဝင် အထွက်မလုပ်ရ၊ လုပ်လျှင်ပစ်ခတ်အရေးယူမည်ဖြစ်ကြောင်း အော်လံများဖြင့် လိုက်လံကြေငြာနေခဲ့သည်။
            အိပ်ယာမှထခါစ မြို့သူမြို့သားများမှာ ကိုယ့်ကိုယ်ကို အိပ်မက် မက်နေသလားမသဲကွဲစွာဖြင့် ကြေငြာချက်များကို အာရုံစိုက် နားထောင်နေခဲ့ကြသည်။ အချို့မှာ ထိတ်လန့်တုန်လှုပ်စွာဖြင့် ရှိသမျှပစ္စည်းများကို ကားပေါ်တင်ကာ မိသားစုလိုက်ပြောင်းရွှေ့ဖို့ ကြံစည်ကြသည်။ မြို့အထွက်လမ်းမပေါ်တွင် လူများ၊ ပစ္စည်းများအပြည့်တင်ထားသော ကားတန်းကြီးမှာ တမျှော်တခေါ်၊ ရှေ့တိုးမရ နောက်ဆုတ်မရ လူအုပ်ကြီးမှာ အော်ဟစ်ငြီးတွား၊ ငိုယိုတောင်းပန်လို့၊ မြင်ကွင်းကလှုပ်ခတ်လို့နေသည်။
            ****************************************
ကတိမတည်သူတစ်ယောက်ထံသို့
            ဒီစာကို ရှင် ဖတ်လိုက်ရတဲ့အချိန်မှာ ရှင်နဲ့ကျွန်မရဲ့ ဇာတ်လမ်းဟာအားလုံးပြီးဆုံးသွားပြီဆိုတာ ရှင်သိစေချင်တယ်။ တကယ် တော့လည်း ဒီစာမရလည်း ရှင်နဲ့ကျွန်မ ရှေ့ဆက်လို့မရတော့ဘူးဆိုတာ ရှင်သိနှင့်ပြီးသားပါ။ ဒါကြောင့်လည်း ရှင်ကျွန်မကို အဆက်အသွယ်မလုပ်ရဲတာပေါ့။ ခါတိုင်းလို ယောင်္ကျားတန်မဲ့ ပတ်ချွဲနှပ်ချွဲလုပ်ပြီး တောင်းပန်လို့လည်း ဒီကခွင့်လွှတ်လိမ့်မယ် မဟုတ် တာ ရှင် သိလို့လည်းဖြစ်မှာပေါ့။
            ဘာပဲဖြစ်ဖြစ် ကျွန်မကတော့ရှင့်ကို ဒီတသက်မကျေဘူး၊ အဲဒီမနက်က မင်္ဂလာပွဲအခမ်းအနားမှာ ကျွန်မရော၊ ကျွန်မမိဘတွေ ရော ဘယ်လောက်အရှက်တကွဲဖြစ်ရသလဲဆိုတာ ရှင်သိရဲ့လား၊ အားလုံးဟာ ဧည့်ပိရိတ်သတ်အလည်မှာ ခေါင်းမဖော်နိုင်အောင်ပါပဲ၊ အဖေကဆို သူ့ဘာသာသူ သတ်သေဖို့တောင် ကြိုးစားတဲ့အထိပဲ။ တကယ်တော့ ကျွန်မကိုယ်တိုင်လည်း သတ်သေမလို့ပါပဲ။ ဒါပေ မယ့် အဖေ့ကို အတင်းဆွဲနေရတာနဲ့ပဲ ကျွန်မမှာကိုယ့်ကိုယ်ကို အဆုံးစီရင်ဖို့ မေ့သွားခဲ့ရတယ်။ ဒီအကြောင်းတွေကို ပြောနေရတာ ဘာကြောင့်လဲလို့ မေးစရာရှိတယ်။ တကယ်တော့ ကျွန်မကိုယ်တိုင်လည်း အဲဒီမေးခွန်းကို ကိုယ့်ဘာသာမေးနေမိတယ်။ ဘာကြောင့် ဆို ရှင့်ကို ဒီအကြောင်းတွေပြောလို့ ဘာထူးမှာလဲဆိုတာ ကျွန်မသိတာပေါ့။ ဒါပေမယ့်လည်း ရှင့်ရဲ့ ပျက်ကွက်မှုဟာ ကျွန်မတို့မိသားစု အပေါ် ဘယ်လောက်အထိသက်ရောက်မှုရှိသလဲဆိုတာ ရှင်သိထားသင့်တယ်လို့ထင်တယ်။
            တစ်ခုတော့ရှိတယ်၊ ဒီစာဟာ ရှင့်ရဲ့ပျက်ကွက်မှုအပေါ် ဖြေရှင်းချက်တောင်းတဲ့စာလို့တော့ မမှတ်ယူစေချင်ဘူး။ ဘာကြောင့် ဆို နာကျည်းမှုကို ဘယ်လိုဖြေရှင်းချက်နဲ့မှ မပြေပျောက်နိုင်လို့ပဲ။ ဒီစာဟာ ရှင်နဲ့ကျွန်မရဲ့ နောက်ဆုံးဆက်သွယ်မှုပါပဲ။ ဘာအကြောင်း နဲ့မှ ကျွန်မကို ဆက်သွယ်ဖို့မကြိုးစားပါနဲ့။
မှတ်ချက်။            အထက်ပါစာမှာ လိပ်စာရှင် ရှာမတွေ့သဖြင့် စာတိုက်တွင် သောင်တင်နေခဲ့သည်။
            ***************************************************
            ယနေ့ ရုံးပိတ်ရက်ဖြစ်သဖြင့် သူအိပ်ယာမှ တော်တော်နှင့်မထ။ သူထသည့်အချိန်တွင် နေ့စဉ်ထုတ်သတင်းစာပင်လျှင် ရောက်နှင့်နေပြီ။ ယနေ့ဘာများသတင်းထူးသနည်း။ ဘာမျှမထူး။ ယခင်နေ့တွေလိုပင် အီရတ်ရှိ အသေခံဗုံးခွဲမှုများ၊ အစ္စရေး ပါလက် စတိုင်း ပဋိပက္ခ၊ ကမ္ဘာ့ဖလားဘောလုံးပွဲပြင်ဆင်မှုများဖြင့်သာ ပြည့်နှက်နေခဲ့သည်။ သတင်းစာအတွင်းစာမျက်နှာရှိ မထင်မရှား ထောင့် တစ်နေရာတွင် ဖော်ပြထားသောနယ်မြို့တစ်မြို့တွင် ဖြစ်ပွါးသည့် ကပ်ရောဂါဆန်းတစ်ခုအကြောင်းကိုတော့ သူဖတ်မိပေမယ့် မှတ် မှတ်သားသားမရှိ၊ ခဏအကြာ သူ တဝါးဝါးသမ်းဝေရင်း သတင်းစာဘေးချကာ ကိုယ်လက်သန့်စင်ခန်းရှိရာ ထွက်လာခဲ့ပါသည်။

ဒီနိုဗို

No comments: