Sunday, July 22, 2012

ဆန္ဒ



          ၁။ စိတ်သွားတိုင်းကိုယ်ပါ 
ပုရွက်ဆိတ်တစ်ကောင် လမ်းလျှောက်လာပုံကိုမြင်ရလျှင် ကျွန်တော့်မှာအလိုလို စိတ်အားငယ်မိတတ်ပါသည်။        အကောင်ငယ်သလောက် ခြေများလှသောပုရွက်ဆိတ်တို့ကိုကြည့်ကြည့်ပြီးစိတ်သွားတိုင်းကိုယ်ပါဆိုသည့်ဝေါဟာရကို တစ်ခါတစ်ခါ လေးနက်သွားမိတတ်ပါသေးသည်။
                         ***********************************

၂။ စိတ်သွားတိုင်းကိုယ်မပါ

 တိဘက်တို့တွင် အလွန်လျှို့ဝှက်ဆန်းကြယ်သော လောကီပညာရပ်များရှိပါသည်။ တိဘက်ယောဂီကြီးများသည် ခန္ဓာကိုယ်ကို ယာယီစွန့်ခွါကာ မိုင်ပေါင်းထောင်ချီဝေးကွာသောနေရာများသို့ စိတ်ဝိဥာဏ်ဖြင့်ခရီးလှည့်လည်လေ့ရှိကြပါသည်။ ဤအကြောင်းများကို ဖတ်ရတိုင်း ကျွန်တော့်မှာလူငယ်ပီပီအံ့သြစိတ်၊ အားကျစိတ်များဖြစ်ပေါ်လာတတ်ပါသည်။ သို့သော်သေသေချာချာစဉ်းစားကြည့်လျှင်စိတ်သွားတိုင်းကိုယ်မပါနိုင်သည့်ဘဝဆိုတာ တဖြေးဖြေးသဘောပေါက်လာခဲ့သည်။
                   ******************************************

၃။ ကိုယ်သွားတိုင်းစိတ်မပါ
         
   ခွဲခွါခြင်းဆိုသည်မှာ လည်မြိုတွင်စိုက်နေသောအရိုးတစ်ချောင်းလိုပင်၊ မြိုမရ၊အန်မရနှင့်အခံရခက်လှပါသည်။ ကျွန်တော်ခွဲခွါ လာခဲ့သည်မှာ မြေပုံပေါ်တွင်တွေ့ရှိနိုင်သော မြန်မာပြည်မဟုတ်ပါ။ ကျွန်တော်၏အတိတ်ဘဝတစ်ခုလုံးပင်ဖြစ်ပါသည်။ ဘဝ၏အနံ့ အရသာ၊ အရောင်အသွေး၊ အငွေ့အသက်အားလုံးကိုကျွန်တော်ခွဲခွါလာခဲ့ခြင်းဖြစ်ပါသည်။ ဤသို့ဖြင့်မိုင်ထောင်နှင့်ချီရွေ့လျားနေသော လေယာဉ်ပေါ် တွင်လိုက်ပါလာခဲ့သော ကျွန်တော့အဖို့စိတ်ဝိဥာဏ်သည် အတော်ဝေးဝေးတွင်ကျန်ရစ်ခဲ့ပါသည်။
                        ****************************************

၎။ ဘာဆိုဘာမျှမပါ
            ဆရာသမားမိဘများကို ပူဇော်ကန်တော့သည့်အခါတိုင်း၊ ဆုမွန်ကောင်းများတောင်းပေးလေ့ရှိသည်မှာ မြန်မာတို့၏အကျင့်    စရိုက်တစ်ခုပင်။ သို့သော်ထိုသို့ဆုပေးတိုင်း ကျွန်တော့်အတွက်ကသိကအောက်ဖြစ်ရသည်မှာစိတ်သွားတိုင်းကိုယ်ပါတဲ့သူဖြစ်နိုင်ပါစေဆိုသည့်အပိုဒ်နားရောက်လျှင် ပုရွက်ဆိတ်များကိုပြေး၍ မြင်ယောင်နေမိတတ်ခြင်းဖြစ်ပါသည်။ မည်သို့ပင်ဖြစ်စေ ဘဝတွင်အသိဥာဏ် များဖြင့်လေးလံထိုင်းမှိုင်းနေသည်ထက်စာလျှင် ပုရွက်ဆိတ်တစ်ကောင်လိုပေါ့ပါးသွက်လက်နေခြင်းက ပို၍များနေပျော်မလားဟု ရံဖန်ရံခါ သံသယတော့ဖြစ်မိပါသေးသည်။

ဒီနိုဗို
၁၆.၁၁.၉၉







No comments: