Monday, July 9, 2012

တစ်ခုမဟုတ် တစ်ခု



            တစ်ဖက်တွင် အရှိန်အဟုန်ပြင်းစွာဖြင့် ဘူတာထဲမောင်းဝင်လာသော အမြန်ရထား၊ အခြားတစ်ဖက်တွင် ရထားပြေးလမ်းပေါ် အပူအပင်ကင်းမဲ့စွာ ဆော့ကစားနေသော ရင်သွေးငယ်၊ မီးရထားဝန်ထမ်းအနေနှင့် ဘာကိုရွေးချယ်ရမှန်းမသိ။ အကယ်၍ မိမိကလေး၏အသက်ကို ကယ်ဆယ် ရန်ရထားကို ရုတ်တရက်လမ်းလွှဲလိုက်လျှင် တိမ်းမှောက်သွားဖို့ရာ ရှိသည်။ လူအများ၏အသက် အိုးအိမ်စည်းစိမ်နှင့် မိမိရင်သွေးငယ်၏ အသက်၊ တာဝန်နှင့်ခံစားမှု၊ တစ်ခုမဟုတ်တစ်ခုကိုတော့ သူရွေးချယ်ရမည်။
            ဟုတ်ပါသည်။ ကျွန်တော်တို့လည်း တစ်ခုမဟုတ်တစ်ခုကို ရွေးချယ်နေရပါသည်။ တစ်နည်းအားဖြင့် တစ်ခုခုကို ရွေးချယ်ရန် အခြေအနေအရပ်ရပ်က တောင်းဆိုနေခဲ့ပါသည်။ ဤသို့ဖြင့် အင်္ဂလိပ်ဝေါဟာရ တစ်ခုဖြစ်သော either……or ဆိုသည့် ဝေါဟာရသည် ကျွန်တော်တို့၏ ဘဝ များထဲ အရေးပါလှသော စကားလုံးတစ်လုံး ဖြစ်နေခဲ့ပါသည်။
            တွေးကြည့်လျှင် ကျွန်တော်တို့၏ ဘဝများသည် ငယ်စဉ်တောင်ကျေး ကလေးဘဝကတည်းကသင်နှစ်သက်ရာ မေးခွန်းတစ်ခုကိုဖြေဆိုပါဟု တောင်းဆိုသော အလေ့အထများနှင့် ယဉ်ပါးကြီးပြင်းလာခဲ့ရပါသည်။ လက်ထဲတွင် ပိုက်ဆံကိုင်၍ ဈေးဝယ်တတ်လာသောအခါ ဆင်တူ ရောင်ကွဲ ပစ္စည်းများထဲ တစ်ခုမဟုတ်တစ်ခု ရွေးချယ်ဖို့ဖြစ်လာခဲ့သည်။ ဤသို့ဖြင့် တက္ကသိုလ်ဝင်တန်း အောင်မြင်သည့်အခါ ကိုယ်တက်မည့်ကျောင်းကို တစ်ခုမဟုတ်တစ်ခု ရွေးလာရသည်။ ကိုယ်တက်မည့် ဘာသာရပ်ကို တစ်ခုမဟုတ်တစ်ခု လျှောက်ထားရသည်။ ကျောင်းပြီးလျှင် ကိုယ် လုပ်မည့် အလုပ်အကိုင် အသက်မွေးဝမ်းကျောင်းကို တစ်ခုမဟုတ်တစ်ခု စဉ်းစားရသည်။ ကိုယ်ယူမည့် အိမ်ထောင်ဖက်ကို တစ်ယောက်မဟုတ်တစ်ယောက် တွဲဖက်ကြည့်ရသည်။ ကျွန်တော်တို့မှာ မီးရထားဝန်ထမ်းလိုပင် ရပ်ကြည့်နေ၍မရ၊ တစ်ခုမဟုတ်တစ်ခုတော့ ရွေးချယ်ရပေမည်။
            ကျွန်တော်တို့၏ ရွေးချယ်မှုများသည် မှန်ချင်လည်းမှန်ပေလိမ့်မည်။ မှားချင်လည်း မှားပေလိမ့်မည်။ သို့သော် ကျွန်တော်တို့ မရွေးချယ်၍တော့မရ။ ဖြစ်တည်မှု ပဓာနဝါဒီများကတော့ လူသည် လွတ်လွတ်လပ်လပ် ရွေးချယ်ခွင့်ရှိသည်။ ထို့အတူ ထိုရွေးချယ်မှုအတွက်လည်း အပြည့်အဝ တာဝန်ရှိသည်ဟု ဆိုသည်။
            ဤသို့ဖြင့် ကျွန်တော်တို့သည်တစ်ခုမဟုတ် တစ်ခုကမ္ဘာထဲတွင် ရှင်သန်နေထိုင်ခဲ့ရသည်။ ကျွန်တော်တို့၏ ဘဝများသည်တစ်ခုမဟုတ် တစ်ခုများဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသော ဘဝများဖြစ်နေခဲ့သည်။ တစ်နည်းအားဖြင့် ကျွန်တော်တို့သည် ကိုယ်ရွေးချယ်ခဲ့သော သမိုင်းခေတ်ထဲ၊ ကိုယ်ရွေးချယ်ခဲ့သော ဘဝဖြစ်စဉ်များထဲတွင် ရောက်ရှိနေခဲ့ကြသည်။
            တစ်ခါတစ်ရံ အားလပ်သည့်အခါ ကိုယ်မရွေးချယ်ခဲ့သော လမ်းများအကြောင်း တွေးကြည့်ရတာ လွမ်းမောဖို့ကောင်းနေခဲ့သည်။ ကိုယ်ငြင်းပယ်ခဲ့သော အရာများထဲတွင် ကိန်းအောင်းနေသော ဖြစ်တန်ခြေများသည် ယခုလက်ရှိဘဝနှင့် မတူကွဲလွဲသော အခြားဘဝတစ်ခုကို စိတ်ကူး မြင်ယောင်မိစေတတ်သည်။ ရံဖန်ရံခါ ကိုယ်ထားရစ်ခဲ့သော  အိပ်မက်ထဲတွင် ရပ်တန့်ကျန်နေခဲ့သော အချိန်ကာလသည် လေလုံသော စည်တစ်လုံးထဲတွင် သိုလှောင်ထားသော နှစ်ချို့ဝိုင်တစ်လုံးလို ချိုမြိန်ရီဝေသော ရသကို ပေးစွမ်းနိုင်ပါသည်။
            စတီဖင်ဟောကင်း၏ အက်ဆေးတစ်ပုဒ်ထဲတွင် ကျွန်တော်တို့သည် များပြားလှသော ဖြစ်နိုင်ခြေများဖြင့် ပြည့်နှက်နေသည့်မူကွဲလောကများ Parallel world ထဲရောက်ရှိနေခဲ့သည်။ ဒုတိယကမ္ဘာစစ်တွင် ဟစ်တလာစစ်နိုင်သွားသော သမိုင်းမျိုးလည်း ရှိနိုင်ပါသည်။ သို့သော်လည်း ဖြစ်နိုင်ခြေ အလွန်နည်းပါသည်။ အဘယ့်ကြောင့်ဆိုသော်တစ်ခုမဟုတ် တစ်ခုကို ရွေးချယ်ရမည့် ကမ္ဘာသားတို့အနေနှင့်ဟစ်တလာကို ရွေးချယ်ဖို့ရာ အခွင့်အလမ်း နည်းလှသောကြောင့်ပင်။
            အကယ်၍ဟစ်တလာကိုသာ ရွေးချယ်ခဲ့မိမည် ဆိုလျှင်လည်း ကျွန်တော်တို့သည်တစ်ခုမဟုတ် တစ်ခုကမ္ဘာအစားတစ်ခုမှမဟုတ် ကမ္ဘာ(neither………nor)’ ထဲ ကျရောက်သွားပေလိမ့်မည်။ သို့အတွက် တစ်စုံတစ်ရာကို ရွေးချယ်ခွင့်ရှိနေသေးသော ယခုလက်ရှိဘဝကိုပင် တန်ဖိုးထားဖို့ရာ ဖြစ်လာခဲ့သည်။ မဟုတ်လျှင် နာဇီတို့၏ လက်အောက်တွင် ဘာကိုမျှရွေးချယ်ခွင့် မရှိသောဘဝနှင့် အဆုံးသတ်ဖို့ရာ ရှိနေခဲ့သည်မဟုတ်လား။
            ရွေးချယ်ခွင့်သည် ကမ္ဘာကြီးလိုပင် တစ်ချိန်တည်းတွင် အမှောင်နှင့်အလင်း တွဲဖက်၍ တည်ရှိနေခဲ့သည်။ တစ်ဖက်တွင် ရွေးချယ်ခွင့်သည် လူ၏ အကြွင်းမဲ့လွတ်လပ်မှုကို ဖော်ပြနေပြီး အခြားတစ်ဖက် အမှောင်ခြမ်းတွင်တော့ ရွေးချယ်ခွင့်သည် ကျိန်စာတစ်ခုလို ဖြစ်နေခဲ့သည်။ ရွေးချယ် ခွင့်သည် လူကို မရေရာမှုများနှင့် ဇဝေဇဝါ ဖြစ်စေခဲ့သည်။
            အနာဂတ်ကို ကြိုတင်မသိမြင်နိုင်သော အခြေအနေတွင် တစ်စုံတစ်ရာကို ရွေးချယ်ဖို့ရာ တဇောက်ကန်းစိတ်ဓါတ်မျိုးရှိဖို့ လိုပါသည်။ လောင်းကစားခြင်းနှင့်လည်း သဘောချင်းတူနေခဲ့သည်။ စွန့်စားခြင်းအမှုတွင် ဝါသနာထုံသူများအဖို့တော့ မသိနိုင်သောအနာဂတ်ကို ရွေးချယ်ခြင်းကိစ္စ သည် ရင်ခုန်ဖွယ်အတိ ဖြစ်နေပေလိမ့်မည်။ ကျန်လူများအတွက်တော့ မျက်မှန်းရမ်းဆ ရွေးချယ်နေရသည်ထက် တစ်စောင်တည်းသော လက်ကျန်ထီကိုသာ လက်တည့်စမ်း ထိုးချင်ပါလိမ့်မည်။ လူက ရွေးချယ်သောအဖြစ်ထက် ကံကြမ္မာက သူ့ဘာသာ ရွေးချယ်သွားသောအဖြစ်ကို ပိုမိုသဘော ခွေ့ ပေလိမ့်မည်။
            ရွေးချယ်ခွင့်နှင့်ပတ်သက်၍ လူ့သဘောကို ထင်ထင်ရှားရှား ပြသနေသောကာလမှာ အမေရိကန်ပြည်တွင်းစစ်အပြီး လူမည်းကျွန်များအား လွတ်လပ်ခွင့်ပေးလိုက်သော ကာလဖြစ်ပါသည်။ တစ်သက်လုံး သူများတကာ၏ အဆုံးအဖြတ်နှင့်သာ ဘဝရှင်သန်လာခဲ့သော လူမည်းကျွန်များ မှာ ရုတ်တရက် ကိုယ့်ဘဝကိုယ် ရွေးချယ်ခွင့်ရလာသောအခါ မထိတ်သာမလန့်သာ ဘဝ၏မရေရာမှုကို သွေးလန့်လို့သွားခဲ့ကြသည်။ ဘာလုပ်လို့ ဘာကိုင်ရမည်မသိ၊ ယောင်ချာချာ ဖြစ်ကုန်ကြသည်။ အချို့ဆိုလျှင် လူဖြူသခင်များထံ ဆက်လက်အလုပ်အကျွေးပြုဖို့ တိုးလျှိုးတောင်းပန် ကြသည်အထိ ဖြစ်ကုန်ကြသည်။ တကယ်တမ်း ၎င်းတို့အားလုံးထိတ်လန့်နေကြသည်မှာ ရွေးချယ်မှုနှင့်အတူ အရိပ်ပမာ လိုက်ပါလာသော တာဝန်ယူမှုပင် ဖြစ်ပါသည်။
            အချို့လူများကတော့တစ်ခုမဟုတ် တစ်ခုရွေးချယ်ခြင်းထက်တစ်ခုနှင့် တစ်ခုကို လဲလှယ်သွားခဲ့ကြသည်ကို တွေ့ရသည်။
            ယေရှုခရစ်သည်ချစ်ခြင်းမေတ္တာနှင့် ဒုက္ခ ဝေဒနာကို လဲလှယ်သွားခဲ့သည်။ ဗင်းဆင့်ဗန်ဂိုးသည် ဘဝနှင့် အနုပညာကို လဲလှယ်သွားခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် သေခြင်းတရားနှင့် လွတ်မြောက်ခြင်းကို လဲလှယ်သွားခဲ့သည်။ ဂန္ဒီကြီးသည် အကြမ်းမဖက်ရေးမူနှင့် ကျည်ဆန် တစ်တောင့်ကို အလိုက်များစွာပေး၍ လဲလှယ်သွားခဲ့သည်။
            သေချာသည်က ၎င်းတို့ အားလုံးသည် ရွေးချယ်ခွင့်ရှိသောတစ်ခုမဟုတ် တစ်ခုကမ္ဘာကြီးထဲတွင် ထီလက်မှတ်လက်ကျန် တစ်စောင်ကို ထိုင်၍ စောင့်မျှော်နေသူများ မဟုတ်ခဲ့ကြ။
Voice Journal

1 comment:

Mary Grace said...

Hi your blogs looks so impormative and interesting.would you come and visit us back too

:http://motors.com.mm/?

utm_campaign=mot_mm_lb_blog_mgesc&utm_source=mot_lb_blog&utm_medium=lb_blog