Tuesday, May 26, 2015

ယက်ခ် ဒယ်ရီဒါ= ဘ၀ - စာပေ နှင့် ဒဿန စုတ်ချက်များ
(ကိုမိုး-စုစည်းသုံးသပ်တင်ပြသည်)


၂၀ ရာစု ပြင်သစ် ဒဿနပညာလောကမှာ မီရှယ် ဖူးကိုးနောက်နာမည်အကြီးဆုံး နဲ့ သြဇာတိက္ကမအကြီးဆုံးသောဒဿန ပညာရှင် အနေနဲ့ ပေါ်ထွက်လာခဲ့တာ ကတော့ ယက်ခ် ဒယ်ရီဒါ (Jacques Derrida/ 1930-2004) ပဲဖြစ်တယ်။ ယက်ခ် ဒယ်ရီဒါ ဟာ လုဒ်ဗစ် ဗစ်ဂင်စတိုင်း နဲ့ မာတင်ဟိုက်ဒေဂါ တို့ ပြီးရင် ၂၀ ရာစု အနောက်တိုင်း ဒဿနဗေဒ လောက တစ်ခုလုံး ရဲ့ အလွှမ်းမိုး ဆုံး မဟာ ဒဿန ပညာရှင်ကြီး တစ်ဆူလဲ ဖြစ်ပါတယ်။

ဒယ်ရီဒါ ဟာ ဖူးကိုး နဲ့ ခေတ်ပြိုင် မရှေးမနှောင်း ပေါ်ပေါက်ခဲ့ပေမဲ့ သူတို့ နှစ်ဦးဟာ ၂၀ ရာစုခေတ် ပြင်သစ်ဒဿန ပညာရဲ့ ခေတ် အဆက်အပိုင်း နှစ်ခု ကို ကိုယ်စားပြု နေကြပါတယ်။ ဖူးကိုး ဟာ အဆောက်အအုံ ၀ါဒ / Structuralism ရဲ့ အထွတ်အထိပ် တွေးခေါ် ပညာရှင် အနေနဲ့ ပေါ်ထွန်းခဲ့သလို ဒယ်ရ်ီဒါ ကတော့ အဆောက်အအုံဝါဒ/ Structuralism ကို ဝေဖန်ဆန်းစစ် တဲ့ Anti-Structuralism ကို ဖေါ်ဆောင်တဲ့ တွေးခေါ်ပညာရှင်ဖြစ်ခဲ့တယ်။ တကယ်တော့ ဖူးကိုး နဲ့ ဒယ်ရ်ီဒါ တို့ နှစ်ယောက်လုံးဟာ ဂျာမန်ဒဿနပညာရှင်ကြီး မာတင်ဟိုက်ဒေဂါ (Martin Heidegger/ 1889-1976) ရဲ့ ဒဿနပညာ နိဂုံး အယူအဆ/The End of Philosophy ကို လက်ခံခဲ့သူတွေဖြစ်တယ်။ အစဉ်အလာ ဒဿနပညာ နယ်ပယ် မှာ ရှိတဲ့ တက္ကိကဗေဒ ဆိုင်ရာ အတွေးအခေါ်တွေ ရဲ့ ကဏ္ဍဟာ အဆုံးသတ်ခဲ့ပြီလို့ စိတ်နှလုံး ဒုန်းဒုန်းချ လို့ ယူဆခဲ့ကြတဲ့ သူတွေ လဲ ဖြစ်တယ်။

ဒါပေမဲ့ သူတို့ နှစ်ဦး ဖေါက်လုပ်ခဲ့တဲ့ ဒဿနပညာလမ်းကြောင်းတွေကတော့ စိုးစဉ်းမျှမတူပဲ လားရာတူရူချင်း ဆန့်ကျင် နေကြပါတယ်။ ဖူးကိုး က ဒဿနပညာသက်သက် သဘောကို စက်ဆုပ်တဲ့သူဖြစ်တယ်။ ဒဿနပညာရဲ့ နည်းဗေဒ တွေကို အသုံးချပြီးတော့ လူမှုဗေဒနယ်ပယ်မှ ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ကြိုးပမ်းခဲ့သူ ဖြစ်တယ်။ ဒါကြောင့် ဖူးကိုးလျှောက်ခဲ့တဲ့လမ်းကို ဒဿနပညာရဲ့ ဗဟိုချက်မ ကနေ ဝေးရာကို ခွာထွက်တဲ့ လမ်းလို့ ဆိုနိုင် လိမ့်မယ်။

ဒယ်ရီဒါ ကတော့ ဖူးကိုးနဲ့ မတူပဲ အနောက်တိုင်းဒဿနဗေဒပညာ ရဲ့ တက္ကိက အစဉ်အလာ/Metaphysical Tradition ဘယ်ပုံဘယ်နည်း နဲ့ လဲပြိုခဲ့ရသလဲ ဆိုတဲ့ ပြဿနာကို စိတ်ဝင်စားခဲ့တယ်။ အနောက်တိုင်းဒဿနဗေဒပညာ ရဲ့ အတိတ်သမိုင်းကြောင်း ကို ပြန်လည်တူးဖေါ်ပြီး ခေတ်အဆက်ဆက် ဒဿနပညာရှင်တွေ ရဲ့ အရေးအသားတွေ ကို စေ့ငုလေ့လာချင်သူဖြစ်တယ်။ ဒဿနဗေဒဆိုင်ရာ ကျမ်းဂန်တွေကို အမြင်သစ် နဲ့ ပြန်ဖတ်ခြင်း/Re-reading  လုပ်လိုသူလဲဖြစ်တယ်။ ဒါကြောင့် ဒယ်ရီဒါလျှောက်ခဲ့တဲ့လမ်းကို ဒဿနပညာရဲ့ဗဟိုချက်မဆီကို ချဉ်းကပ်ထိုးဖေါက် တဲ့  လမ်းလို့ ဆိုနိုင်လိမ့်မယ်။

ဒါပေမဲ့ သူတို့ နှစ်ယောက်လုံးမှာ တူညီတဲ့ အချက်တစ်ခုတော့ရှိတယ်။ အဲဒါကတော့ သူတို့ နှစ်ယောက်စလုံးဟာ ဒဿနပညာ ကို ပုံသေကားကျ ရပ်တည်မှုတွေ နဲ့ သမားရိုးကျ အဓိပ္ပါယ်ကန့်သတ်ချက်ဘောင်တွေ ထဲ မှာ သတ်ဖြတ် ဖျက်ဆီး ခြင်း မပြုကြတာပါပဲ။အထူးသဖြင့် ဒယ်ရီဒါ ရေးသားတဲ့ စာအုပ်တွေ ကိုယ်တိုင်ဟာ အစဉ်အလာ ဒဿနဗေဒ ကျမ်းများ နဲ့ မတူကွဲပြားနေပြီးတော့ သူ့ရေးဟန်ကလဲ စာပေ နဲ့ ဒဿန ရယ်လို့ ခွဲခြားမှုမရှိပဲ လွတ်လွတ်လပ်လပ် ရေးသားထားတာကိုတွေ့ရတယ်။ ဒါကြောင့် ဝေဖန်ရေးဆရာတွေ က သူ့ ကိုေ၀၀ါးနောက်ကျိသူ/ Obscurantist စာပေအကြမ်းဖက်ဝါဒီ/ Literary Terrorist   နတ္ထိက၀ါဒီ/Nihilist စတဲ့ နာမပညတ်တွေနဲ့ ပုတ်ခတ်တိုက်ခိုက်ခဲ့ကြတယ်။

၁၉၉၂ ခုနှစ်မှာ ကိန်းဘရစ်ခ်ျတက္ကသိုလ်ကြီး ကနေ ဒယ်ရီဒါကို ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ အပ်နှင်းလိုက်တဲ့ အခါ အင်ဂလို-ဆက်ဆွန် ဒဿနဗေဒလောက တစ်ခုလုံး ပွက်လောရိုက်လို့ ယမ်းပုံမီးကျ ဒေါမာန်တွေ ထခဲ့ကြတယ်။ ယုတ္တိဗေဒ နည်းကျတဲ့ ဆင်ခြင်တုံတရား နဲ့ရှင်းလင်းပြတ်သားတဲ့ အတွေးအခေါ် အရေးအသားမျိုး ကို မှ တန်းဝင်တယ်လို့ ခံယူထား ကြတဲ့ ဒဿနဗေဒလောက အတွက် ဒယ်ရီဒါလို ပုဂ္ဂိုလ်မျိုး ကို ဤသို့ ချီးမြင့်ရကောင်းလား ဆိုပြီး မခံမရပ်နိုင် ဖြစ်ကြတာပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒယ်ရီဒါ ရဲ့ နာမည်ဂုဏ်သတင်းကတော့ ပြင်သစ်ဒဿနဗေဒလောက ရဲ့ နယ်နမိတ်ကို ကျော်လွန် ပြီးတော့ အင်္ဂလိပ်စာပေအသုံးပြုတဲ့ တိုင်းပြည်တွေမှာ ပါ လွှမ်းမိုးပျံ့နှံ့ခဲ့ပါတော့တယ်။

ဒဿနပညာ နဲ့ စာပေဝေဖန်ရေး အနုပညာ နဲ့ ရုပ်ရှင်သီအိုရီ လူမှုဗေဒ နဲ့ နိုင်ငံရေးသိပ္ပံ စတဲ့ ပညာရပ်ဆိုင်ရာ နယ်ပယ်ကဏ္ဍ အသီးသီးမှာ သူ့ အတွေးအမြင်သစ် ရဲ့ သြဇာသက်ရောက်မှုတွေ ကို တွေ့မြင်ကြရပါတယ်။ သူ့ရဲ့ ဒဿနစကားလုံးတွေ က နေ့စဉ်သုံးဝေါဟာရတွေ စာနယ်ဇင်း အသုံးတွေ ဖြစ်လာခဲ့တယ်။ ဒီလိုနဲ့ပဲ ဗစ်ဂင်စတိုင်း နဲ့ ဟိုက်ဒေဂါပြီး ရင် ၂၀စု ကို အလွှမ်းမိုးဆုံး ဒဿနပညာရှင်ဘ၀ကို ရောက်ခဲ့တော့တယ်။

ဒယ်ရီဒါရဲ့ ငယ်စဉ်ဘဝ
ယက်ခ် ဒယ်ရီဒါ ကို ၁၉၃၀ခုနှစ် ဇူလိုင်လ (၁၅) ရက်နေ့မှာ ပြင်သစ်ပိုင်ကိုလိုနီ အယ်လ်ဂျီးရီးယား မှာ ရှိတဲ့ မြို့တော် အယ် ဘီယာ (El-Biar) ရဲ့ ဆင်ခြေဖုံးရပ်ကွက်တစ်ခုမှာ မွေးဖွားခဲ့တယ်။ မိဘတွေ က ချမ်းသာကြွယ်ဝတဲ့ ဆက်ဖားဒစ် ဂျူးအနွယ် (Sephardic Jews) ကဖြစ်တယ်။ အယ်ဘီယာ က အထက်တန်းကျောင်း/Lycee မှာပညာသင်ကြားခဲ့ပေမဲ့  ဒုတိယကမ္ဘာစစ်ကြီးဖြစ်လာခဲ့လို့ ပညာရေးပြတ်တောက်ခဲ့ရတယ်။ အဲဒီစစ်အတွင်းကာလ တုန်းကတော့အယ်လ်ဂျီးယား ကို အုပ်ချုပ်နေတာ ဂျာမန်တွေ နဲ့ ပဏာစားတဲ့ ပြင်သစ် ဗစ်ချီအစိုးရ ဖြစ်လို့ ဂျူးလူမျိုးဖြစ်တဲ့ ဒယ်ရီဒါ တို့ မိသားစုလဲ အနှိမ်ခံ ခွဲခြားဆက်ဆံခံခဲ့ရပါတယ်။

ဒယ်ရီဒါ ဟာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ/ baccalaureat ကို ၁၉၄၈ မှာ ဖြေဆိုအောင်မြင်လို့ တက္ကသိုလ်ကို တက်ရောက်ဖို့အတွက် ecole preparatoire ကို ၀င်ရောက်ခဲ့တယ်။ အဲဒီ နှစ်ကာလတွေ မှာ သူဟာ ဆာတ် ကာမျူး ဘာဂ်ဆန် နိရှေး ဂျိဒ် စတဲ့ စာပေပညာရှင်တွေ ရဲ့ လက်ရာတွေ ကို လေ့လာဖတ်ရှုနေခဲ့တယ်။ ကိုယ်တိုင်ရေးတဲ့ ကဗျာစာအုပ်တစ်ချို့လဲ ထုတ်ဝေခဲ့တယ်လို့ဆိုပါတယ်။ ၁၉၄၉ ခုနှစ်မှာတော့ ဒယ်ရီဒါဟာ ပြင်သစ်နိုင်ငံကို ပြောင်းလာပြီး တော့ Lycee Louis-le-Grand ကို တက်ရောက်ပါတယ်။ ဒီကျောင်းဟာ ဆာတ် တို့လို နာမည်ကြီး ပြင်သစ်ဒဿန ပညာရှင် တွေ တက်ဖူးခဲ့တဲ့ ကျောင်းလဲ ဖြစ်ပြီး ပြင်သစ်နိုင်ငံရဲ့ အဆင့်မြင့်ပညာရေးလောက ရဲ့ ၀င်ပေါက်လဲဖြစ်တယ်။ ဒဿနဗေဒစာပေတွေ ကို အဲဒီ ကျောင်းမှာ နေခိုက် စတင်လေ့လာခဲ့ပါတယ်။
တက္ကသိုလ်ကျောင်းသားဘဝ
၁၉၅၂ ခုမှာတော့ ဒယ်ရစ်ဒါဟာ သူ ဘ၀မှာ အကြီးအကျယ် အိပ်မက် မက်ခဲ့ရတဲ့ နာမည်ကျော်ကျောင်းတော်မဟာ ဖြစ်တဲ့ Ecole Normale Superieure တက္ကသိုလ်ကျောင်းတော်ကြီး ကို အောင်မြင်စွာဝင်ခွင့်ရခဲ့တယ်။ ဒီ ကျောင်းတော်ကြီးကတော့ သာမညောင်ည နှယ်နှယ်ရရ မဟုတ်ပဲ အကျော်ဒေးယျ ပြင်သစ်ဒဿနပညာရှင် ပဂေးကြီးတွေ ဖြစ်တဲ့ ယန်းပေါလ်ဆာတ် ဆီမွန်ဒီဗူးဘွား အာရွန် ယန်း ဟစ်ပိုလိုက် မာလို-ပွန်တီ စတဲ့သူတွေ မွေးဖွားသန့်စင်ရာ ဘူမိနက်သန်ဖြစ်ပါတယ်။

တက္ကသိုလ်ကျောင်းသားဘ၀ ပထမဆုံးနေ့မှာပဲ နောင်မှာ ထင်ရှားတဲ့ မာ့ခ်စ်ဝါဒီဖြစ်လာမဲ့ လူဝီ အယ်သူဇာ (Louis Althusser) နဲ့ မိတ်ဆွေဖြစ်ခဲ့ရတယ်။ ပြင်သစ်ဒဿနပညာရှင် ယန်း ဟစ်ပိုလိုက် နဲ့ မီရှယ်ဖူးကိုး တို့ရဲ့ အတန်းတွေ ကို တက်ရောက်သင်ကြားလေ့လာခဲ့ပါတယ်။ ကျောင်းသားဘ၀မှာ ဒယ်ရီဒါ ကို ဆွဲဆောင်ခဲ့တာက အက်ဒမန်ဟပ်ဇယ် (Edmund Husserl) ရဲ့ ဖီနိုမီနိုလိုဂျီ/ Phenomenology ဘာသာရပ်ပဲဖြစ်တယ်။ ဒါကြောင့် ၁၉၅၃-၅၄ ပညာသင်နှစ်မှာ ယန်းဟစ်ပိုလိုက် နဲ့ မောရစ်ဒီ ဂန်ဒီလက် တို့ရဲ့ သင်ပြညွှန်ကြားမှုနဲ့ ((ဟပ်ဇယ်၏ ဒဿနဗေဒပညာ၌ရှိသော မူလဇာစ်မြစ်တရား ဆိုင်ရာ ပြဿနာ/ The Problem of Genisis in Husserl’s Philosophy )) ဆိုတဲ့ ဘွဲ့ယူစာတမ်း ကို ရေးသားတင်သွင်းခဲ့တယ်။ ဒီ စာတမ်းမှာ ဟပ်ဇယ် ရဲ့ ဒဿနအမြင် အဆင့်ဆင့် ပြောင်းလဲတိုးတက်လာပုံကို လေ့လာထားတဲ့ အတွက် သူ့ရဲ့ ကျမ်းဂန်သိမြင်နှံ့စပ်မှု ကို အထင်အရှားတွေ့ရတဲ့ ငယ်ဘ၀လက်ရာ တစ်ခုဖြစ်ပါတယ်။

ပညာရှာသူ ဒယ်ရီဒါ
ဒီလိုနဲ့ သူ့ရဲ့ ပထမဘွဲ့ ဖြစ်တဲ့ Diplome d’Etudes Superieure ကို ရပြီးတဲ့နောက်မှာ နောက်တစ်ဆင့် အနေနဲ့ ((စာပေလက်ရာ၏ နာမ်သဘောဆောင်ခြင်း/ The Ideality of the Literary Object)) ဆိုတဲ့ ခေါင်းစဉ်နဲ့ ပါရဂူဘွဲ့ ကို ယူဖို့ ကြိုးစားခဲ့တယ်။ သူ့ရဲ့ ကျမ်းကြီးကြပ်သူ ဆရာ ယန်းဟစ်ပိုလိုက် ကွယ်လွန်သွားတာမို့ ဒီအစီအစဉ် ကို လက်လွှတ် ခဲ့ရပါတယ်။ ဒါပေမဲ့ သူ့ရဲ့ရေးသားထုတ်ဝေပြီးတဲ့ လက်ရာတွေကြောင့် ၁၉၈၀ ခုနှစ်မှာ သူ့ကို ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ( Doctorat d’Etat) ချီးမြှင့်ခဲ့ပါတယ်။

၁၉၅၆-၅၇ နှစ်ကာလတွေ မှာတော့ ဒယ်ရီဒါဟာ အမေရိကန်နိုင်ငံ ဟားဘတ်တက္ကသိုလ် မှာ ပညာသင်ဆု နဲ့ ရောက်ရှိ လေ့လာခဲ့ပါတယ်။ သူ့ မူရင်းရည်ရွယ်ချက် က အက်ဒမန်ဟပ်ဇယ် ရဲ့ ဒဿန ကိုလေ့လာဖို့ ဖြစ်ပေမဲ့ အိုင်းရစ် စာရေးဆရာကြီး ဂျိမ်းဂျွိုက်စ် (James Joyce) ရဲ့ ယူလီဆီး တို့လို ဂန္ထ၀င်စာပေ လက်ရာတွေ ကို သဲကြီးမဲကြီး ဖတ်ရှု လေ့လာခဲ့ပါတော့တယ်။ ဂျိမ်းဂျွိုက်စ် ရဲ့ စာပေလက်ရာတွေ က သူ့ အတွေးအခေါ်တွေ ကို ထိထိရောက်ရောက် လွှမ်းမိုး ခဲ့ပါတယ်။ ဂျိမ်းဂျွိုက်စ် ရဲ့ စာပေလက်ရာတွေဟာ ဒီကွန်စထရပ်ရှင်း (Deconstruction) ရဲ့သမိုင်းမှ  အထင်ကရ မှတ်တိုင်
များ လို့ ချီးမွမ်းထောမနာပြုခဲ့ပါတယ်။

ကျောင်းဆရာ ဒယ်ရီဒါ
၁၉၅၇ မှ ၁၉၅၉ မှာတော့ အယ်လ်ဂျီးရီးယား လွတ်လပ်ရေးစစ်ပွဲ ဖြစ်ပါတယ်။ ဒယ်ရီဒါက ပြင်သစ်တပ်မတော်မှာ အမှုထမ်းခဲ့ရာမှာ အယ်လ်ဂျီးရီးယားက လာမန် (La Mans) ဆိုတဲ့ အရပ်က တောကျောင်းလေးတဟ်ခု မှာ ကျောင်ဆရာ အလုပ်လုပ်ခဲ့ပါတယ်။ နောက်တော့ သူဟာ ဆော်ဘွန်း ကို ပြန်ရောက်လာခဲ့ပြီးတော့ ၁၉၆၀ ကနေ ၁၉၆၄ အထိ တက္ကသိုလ် နည်းပြဆရာအဖြစ်လုပ်ကိုင်ခဲ့တယ်။ ဆော်ဘွန်း ကာလတွေ မှာတော့ ပေါလ် ရီကိုး (Paul Ricoeur) ယန်း ၀ါးလ် (Jan Wahl) တို့ ရဲ့ လက်အောက်မှာ အမှုထမ်းခဲ့ပါတယ်။

ကျောင်းဆရာဘ၀ ကတည်း က ဒယ်ရီဒါဟာ စာပေရေးသားခဲ့ပါတယ်။ အဲဒီအချိန်က နာမည်ကြီးနေတဲ့ Critique နဲ့ လက်ဝဲဆန်တဲ့ Tel Quel စာစောင်တွေ မှာ ဆောင်းပါးတွေ စတင်ရေးသားနေခဲ့ပြီဖြစ်တယ်။ Tel Quel ကတော့ ဖိလစ်ဆိုးလား (Phillipe Sollers) က တည်းဖြတ်ထုတ်ဝေပြီးတော့ နာမည်ကျော်ပြင်သစ်ပညာရှင်တွေ ဖြစ်တဲ့ ရိုလန်ဘာသ် ဂျူလီယာခရစ္စတီဗာ စတဲ့ သူတွေ လက်စွမ်းပြတဲ့ စာပေစင်မြင့်တစ်ခုလဲဖြစ်တယ်။ ဒီဂျာနယ်ရဲ့ အာဘော်က ပြင်းထန် အစွန်းရောက်လွန်းတဲ့ လက်ဝဲ၀ါဒဖြစ်တာမို့ ဒယ်ရီဒါ က နောက်တော့ ဒီဂျာနယ် နဲ့ လမ်းခွဲခဲ့ ပါတယ်။

၁၉၆၂ မှာတော့ ဒယ်ရီဒါ ဟာ ဟပ်ဇယ် ရဲ့ ကျမ်းငယ်တစ်စောင်ဖြစ်တဲ့ ဂျီသြမေတြီပညာ၏မူလဇာစ်မြစ် (The Origin of Geometry) ကျမ်း ကို ပြင်သစ်ဘာသာကို ပြန်ဆို ရေးသားခဲ့ပါတယ်။ အဲဒီ အချိန်မှာတုန်းက မာလိုပွန်တီ ဟာ ဟပ်ဇယ် ရဲ့ ကျမ်းတွေကို ပြင်သစ်ဘာသာကို ပြန်ဆိုရေးသားတဲ့ ပရောဂျက်တစ်ခုကို ဦးဆောင်လုပ်ကိုင်နေတာမို့ ဒယ်ရီဒါ ကို ဆက်သွယ်ပြီး ဟပ်ဇယ်ရဲ့ အခြား ဒဿနကျမ်းတွေ ကို ပြန်ဆိုပေးဖို့ ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမဲ့ ခင်မင်ရင်းနှီးပြီး သိပ်မကြာခင် မှာပဲ မာလိုပွန်တီ ကွယ်လွန်ခဲ့တဲ့ အတွက် အဲဒီ ပရောဂျက်လဲပျက်သွားခဲ့တယ်။

၁၉၆၄ ခုနှစ်မှာတော့ ဒယ်ရီဒါ တစ်ယာက် စန်းထ စပြုလာပြီလို့ဆိုနိုင်တယ်။ သူ့ကို Ecole Normale Superieure မှာ ဆရာအဖြစ် တာဝန်ထမ်းဆောင်ဖို့ သူ့ဆရာဖြစ်ခဲ့ဖူးတဲ့ ယန်းဟစ်ပိုလိုက် နဲ့ အယ်လ်သူဇာ တို့ က ဖိတ်ကြားခဲ့ပါတယ်။ အဲဒီ နှစ်မှာပဲ ခေတ်ပြိုင် ဂျူးဒဿနပညာရှင် လက်ဗီနား (Levinas) နဲ့ ပတ်သတ်တဲ့ ကျမ်းတစ်စောင် = Violence and Metaphysics ကို ရေးသားထုတ်ဝေခဲ့တယ်။ ဒီစာတမ်းဟာ Revue de Metaphysique et de Morale စာစောင်ကြီးမှာ ဖေါ်ပြခြင်းခံခဲ့ရပြီး လက်ဗီနား ရဲ့ ဒဿနစာပေ လက်ရာတွေ အပေါ် အသေးစိတ် ဝေဖန်ဆန်းစစ်ခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုသို့ခရီး
၁၉၆၆ မှာတော့ ဒယ်ရီဒါ အတွက် ဘ၀ အချိုးအကွေ့ အလှည့်အပြောင်း တစ်ခု ကြုံလာရတယ်။ အမေရိကန် ပြည်ထောင်စု က နာမည်ကျော် ဂျွန် ဟော့ပကင်း တက္ကသိုလ် (John Hopkins University) မှာ ပြုလုပ်တဲ့ ဒဿနဗေဒ ဆိုင်ရာ စာတမ်းဖတ်ပွဲ-ဆွေးနွေးပွဲ ကို တက်ရောက်ပြီးတော့ စာတမ်းတစ်စောင် ဖတ်ကြားခဲ့ပါတယ်။ အဲဒီစာတမ်း ကတော့ မနုဿဗေဒပညာရှင် ကလို့ဒ် လဲဗီစထရောက်စ် (Claude Levi-Strauss) ရဲ့ အဆောက်အအုံဝါဒ အယူအဆ တွေ ကို ဝေဖန်တိုက်ခိုက်တဲ့ စာတမ်းပဲ ဖြစ်တယ်။

ဒီစာတမ်းမှာတော့ ဒယ်ရီဒါဟာ အဆောက်အအုံဝါဒ အပေါ် သူ့ရဲ့ အမြင်နဲ့ ရပ်တည်ချက်ကို ထင်ရှားပြတ်သားစွာ ဖေါ်ပြခဲ့တာကိုတွေ့ရတယ်။ အဆောက်အအုံဝါဒ ဆိုတာ ပြင်သစ်ဒဿနပညာလောက မှာ ၁၉၆၀ပြည့်လွန်ကာလများက အထူးရေပန်းစားခဲ့တဲ့ ဒဿနလှုပ်ရှားမှုတစ်ခုဖြစ်တယ်။ ဒယ်ရီဒါ ရဲ့ ဒီကွန်စထရပ်ရှင်း အမြင်သစ်ဟာ အဆောက်အအုံဝါဒ အပေါ် ပြင်းထန်စွာ ထိုးနှက်ခဲ့တဲ့ ဝေဖန်ချက်တစ်ရပ်ဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် ကလို့ဒ် လဲဗီစထရောက်စ် ရဲ့ အဆောက်အအုံဝါဒ အယူအဆတွေ ဟာ သူ့ရဲ့ အဓိကပစ်မှတ်တွေ ဖြစ်လာခဲ့တယ်။

အဆောက်အအုံဝါဒ အယူအဆတွေဖြစ်တဲ့ ကန့်သတ်ရှိဆန့်ကျင်ဖက်ဝိရောဓိတရားများရဲ့ စံနစ် (မူလ(origin)-ဆင့်ပွား (derivative/supplement) အပြောစကား(speech) အရေးအသား (writing) အစဉ်လိုက်ဖြစ် (diachronic) ပြိုင်တူဖြစ် (synchronic) == စတာတွေဟာ ယဉ်ကျေးမှုစံနစ် အဆောက်အအုံတစ်ခု ရဲ့ အခြေခံ အသွေးအသားတွေ ဖြစ်တယ်ဆိုတဲ့ အယူအဆကို ဝေဖန်ခဲ့တာဖြစ်ပါတယ်။ ဒယ်ရီဒါ ရဲ့ အမြင်မှာ ဒီဆန့်ကျင်ဖက်ဝိရောဓိတရားများ တွေဟာ တစ်ခု နဲ့ တစ်ခု သီးခြားစီခွဲထုတ်လို့ မရအောင် တစ်ခု နဲ့ တစ်ခု ရောယှက်နေကြတဲ့ သဘောတွေသာ ဖြစ်ပါတယ်။

ဒယ်ရီဒါ ဟာ လဲဗီ စထရောက်ရဲ့ အခြေခံ အမြင်တစ်ခုဖြစ်တဲ့ သဘာဝ နဲ့ လူ့ယဉ်ကျေးမှု ဆန့်ကျင်ဖက် ဒွိစုံ (Nature versus Culture) ကိုလဲ ဝေဖန်ခဲ့တယ်။ လဲဗီ စထရောက် ယူဆသလို ဒဏ္ဍာရီတွေဟာ  ယုတ္တိဗေဒနည်းကျ ခွဲခြမ်းစိတ်ဖြာဖို့ မဖြစ်နိုင်တဲ့ အရာတွေ လို့ ဒယ်ရီဒါက မြင်တယ်။ ဒဏ္ဍာရီတွေ ရဲ့ ပကတိမူလဇာစ်မြစ် ကို ရှာဖွေတွေ့ရှိဖို့ နဲ့ ဒဏ္ဍာရီတွေ ရဲ့ တိုက်ရိုက်အနက်-ပုံသေအနက် (Fixed Meaning) တွေကို သတ်မှတ်ဖို့ ဆိုတာတွေ ကလဲ မဖြစ်နိုင်ဘူးလို့ ဒယ်ရီဒါ က ငြင်းဆိုခဲ့ပါတယ်။ လဲဗီ စထရောက် ဟာ အစွန်းနှစ်ဖက်ရဲ့ အကြား ဒွိဟဖြစ်နေတယ်လို့ ဒယ်ရီဒါ က မြင်တယ်။ အစွန်းတစ်ခုကတော့ ပညာရပ်ဆိုင်ရာသဘောအရ အရာရာကို ယုတ္တိဗေဒနည်းနဲ့ ခွဲခြမ်းစိတ်ဖြာ ရှင်းပြနိုင်တယ်ဆိုတဲ့ ယူဆချက်ပါ။ နောက် အစွန်းတစ်ခုကတော့ ဒဏ္ဍာရီဆိုတာတွေ ဟာ ဒီလို ခွဲစိတ်လေ့လာလို့ မရနိုင်ကောင်းတဲ့ ရှင်သန်နေတဲ့ ယဉ်ကျေးမှုတွေ ရဲ့ အင်္ဂါအစိတ်အပိုင်းတွေ ဖြစ်တယ်ဆိုတဲ့ ယူဆချက်ပါ။ ဒီ အစွန်းနှစ်ဖက် ကို ဘယ်ဖက်လိုက်ရမှန်းမသိ ဖြစ်နေခဲ့တယ်လို့ ဒယ်ရီဒါ က ထောက်ပြခဲ့တယ်။

အဓိက ဒဿနဗေဒ စာပေလက်ရာများ
၁၉၆၀ ပြည့်လွန်နှစ်တွေ ဟာ ဒယ်ရီဒါ ရဲ့ ဒဿနပညာ ဖွံ့ဖြိုးမှုအတွက် အရေးအပါဆုံးသော အဆစ်အပိုင်း ဖြစ်တယ်လို့ ဆိုနိုင်ပါလိမ့်မယ်။ ၁၉၆၇ ခုနှစ် တစ်နှစ်ထဲမှာပဲ ဒယ်ရီဒါ ရဲ့ အရေးအပါဆုံး ဒဿနကျမ်းစာအုပ် (၃) အုပ် စလုံး ထွက်ပေါ်လာခဲ့တယ်။ ဒီ ကျမ်းတွေက သူ့ ကို ပြင်သစ်ဒဿနပညာရှင်အသစ်တစ်ယောက် အနေနဲ့ မွေးဖွားပေးခဲ့တာ ဖြစ်တယ်။

(၁) ၁၉၆၇ ခုနှစ်ရဲ့ ပထမကျမ်းစာ ကတော့ La Voix et le Phenomene (Speech and Phenomena) ဖြစ်ပြီးတော့ ဟပ်ဇယ်ရဲ့ ဖိနိုမီနိုလိုဂျီဒဿန ကို ဝေဖန်ထားပါတယ်။ ဟပ်ဇယ်ရဲ့ အညွှန်းပြုခြင်း/ Signification နဲ့ အသံဗဟိုပြုဝါဒ /Phonocentricism တွေ ကို သုံးသပ်ထားပါတယ်။

(၂) ဒုတိယကျမ်းစာ ကတော့ လူသိအများဆုံး အထင်ရှားဆုံးဖြစ်တဲ့ De la Grammatologie (Of Grammatology) ဖြစ်တယ်။ ဒီစာအုပ်မှာ ဒယ်ရီဒါ ရဲ့ အခြေခံအကျဆုံး ဒဿနအမြင်တွေ ကို တွေ့ရပါတယ်။ ဘာသာဗေဒပညာရှင် ဖာဒီနန် ဆိုဆူး ယန်းယက်ခ် ရူးဆိုး နဲ့ လဲဗီစထရောက် တို့ရဲ့ အရေးအသား နဲ့ ဘာသာစကားဆိုင်ရာ အယူအဆများကို ဆန်းစစ်ဝေဖန်ထားတဲ့ကျမ်းပါ။

(၃) တတိယမြောက် ကျမ်း ကတော့ ကျမ်းတစ်စောင်ဆိုတာထက် သူ့ အက်ဆေးပေါင်းချုပ်လို့ ဆိုနိုင်တယ်။ L’ecrit et la Difference (Writing and Difference) လို့ အမည်ပေးထားတယ်။ဒီ စာအုပ်မှာတော့ အနောက်တိုင်းဒဿနဗေဒ ပညာလောက ရဲ့ ပဂေးတွေ ဖြစ်တဲ့ ဟေဂယ် ဖူးကိုး ဆစ်ဂမန်ဖရိုက်ဒ် ဘာတိုင်း လဲဗီးနား စသူတွေ ရဲ့ အယူအဆတွေ ကို ဝေဖန်ရေးသားထားပါတယ်။

နောက် ၅ နှစ်အကြာ ၁၉၇၂ ခုနှစ်မှာ ဒယ်ရီဒါ ရဲ့ အရေးပါတဲ့ ဒဿနစာပေလက်ရာတွေ ဆက်တိုက် ထွက်လာ ခဲ့ပြန်တယ်။

(၄) La Dissemination (Disseminations) ကျမ်း ကတော့ ပြင်သစ်ကဗျာဆရာ မာလာမေ ဆိုလားစ် နဲ့ ဒဿနက၀ိကြီး ပလေတိုး တို့နဲ့ ပတ်သက်တဲ့ဆောင်းပါးတွေ ပါဝင်တယ်။ ပလေတိုးရဲ့ ဖေးဒရပ်စ် ကထာ (Phaedrus) ထဲက အယူအဆဖြစ်တဲ့ ဆေး/အဆိပ် (Pharmakon) အယူအဆ ကို အဓိကတင်ပြထားပါတယ်။

(၅) နောက်တစ်အုပ်ကတော့ Marges de la Philosophie (Margins of Philosophy) ဖြစ်ပါတယ်။ ဒီစာအုပ်ကလဲ အက်ဆေးပါင်းချုပ်ပဲဖြစ်တယ်။ ဟေဂယ် ဟိုက်ဒေဂါ စတဲ့ ဥရောပဒဿနပညာရှင်တွေ အကြောင်း လေ့လာချက်စာတမ်းတွေပဲ ဖြစ်တယ်။

(၆) နောက်ဆုံးစာအုပ်ကတော့ သူနဲ့ တွေ့ဆုံမေးမြန်း အင်တာဗျူးထားတာတွေ ကို စုစည်းထားတဲ့ Positions အမည်ရှိတဲ့ စာအုပ်ပါပဲ။ ဒီ စာအုပ် (၆) အုပ် ကို အခြေခံလိုက်ရင် ဒယ်ရီဒါ ရဲ့ ဒဿနဗေဒအမြင် နဲ့ ဘာသာစကားဆိုင်ရာ အယူအဆတွေ ကို အတော်အတန်တော့ တီးခေါက်မိနိုင်ပါလိမ့်မယ်။

၁၉၇၂ နောက်ပိုင်း ကာလတွေ မှာတော့ ဒယ်ရီဒါ ရဲ့ စာပေလက်ရာတွေဟာ တစ်နှစ်ကို တစ်အုပ်လောက်နှုန်း နဲ့ မှန်မှန်လေး ထွက်ပေါ်နေခဲ့ပါတယ်။ စာရေးအား ကောင်းတဲ့ ဒယ်ရီဒါဟာ ကျမ်းစာပေါင်း (၅၀) လောက် ရေးထားခဲ့ ပါတယ်။ သူ့ ကျမ်းတွေက အကြောင်းအရာလဲ စုံတယ်။ လူ့ဘ၀ အရေးကိစ္စဟူသမျှ ဖြစ်တဲ့ ဘာသာရေး နိုင်ငံရေး စာပေ ဘာသာစကား ဘ၀ဖြစ်တည်မှု နဲ့ သေခြင်းတရား  အကြောင်းတွေ အပါအ၀င် ဟေဂယ် မာ့ခ်စ် နိရှေး ဟိုက်ဒေဂါ စတဲ့ ဒဿနဗေဒပညာရှင်ကြီးတွေ အကြောင်း တစ်သီးတစ်သန့် ရေးသားဝေဖန်ဆွေးနွေးချက်တွေလဲ ပါဝင်ပါတယ်။ သူ့စာအုပ်တွေ က သမားရိုးကျ နဲ့ လမ်းခွဲပြီး ဆန်းသစ်တဲ့ ဖွဲ့စည်းပုံတဲ့ တင်ပြလာတာတွေ့ရပါတယ်။ ပုံသေကားကျ စံနစ် နဲ့ ဒဿနပညာ ကို မချဉ်းကပ်ပဲ ဘာသာစကား ရဲ့ အကန့်အသတ်ကို နက်နက်နဲနဲ စမ်းသပ်လေ့လာပြီး ရေးသားထားတာ တွေ့ရတယ်။

အစဉ်အလာ လက်ခံထားခဲ့တဲ့ ဒဿနဗေဒ နဲ့ အနုစာပေ တို့ရဲ့ ဆန့်ကျင်ဖက်သဘောဆောင်နေမှု ကိုလဲ သူက မေးခွန်းထုတ်ခဲ့ပါတယ်။ ဥပမာ- သူ့ ရဲ့ La carte postale (Postcards) ကျမ်းဟာ နေ့စဉ် ဒိုင်ယာရီမှတ်တမ်း ပုံစံမျိုး နဲ့ ရေးသားထားတာတွေ့ရမှာဖြစ်တယ်။ တစ်ခါတစ်လေ အမေးအဖြေ လို့ စကားဆွေးနွေးဝိုင်း ပုံစံမျိုး နဲ့ အရေးအသား ပေးစာ ဆန်ဆန် အရေးအသားတွေ ကို လဲတွေ့နိုင်တယ်။ ဒယ်ရီဒါ ဟာ ကိုယ်ပိုင်ဒဿနအယူအဆကို တင်ပြတာထက် ဒဿနသမိုင်းဝင် ကျမ်းဂန်တွေ အကြောင်း ကို သူ့ရဲ့ နည်းဗေဒ နဲ့ ဝေဖန်ဆွေးနွေးတင်ပြခဲ့သူ ဖြစ်လို့ အချို့ က သူ့ ကို ဒဿနပညာရှင်အနေနဲ့ မသတ်မှတ်ပဲ ဒဿနစာပေသမိုင်းနဲ့ ဝေဖန်ရေးလုပ်တဲ့ ပညာရှင်တစ်ယောက်လိုပဲ မြင်ကြ တယ်။

တစ်ချို့ စာအုပ်တွေ ဆိုရင် အစဉ်အလာလက်ခံတဲ့ ဘောင်ကိုချိုးဖေါက်တင်ပြထားတာတွေ ရှိတယ်။ ဥပမာ- သူ့ရဲ့ လက်ရာတစ်ခုဖြစ်တဲ့ Glas ဆိုတဲ့ ကျမ်းမှာ ဂျာမန်ဒဿနပညာရှင်ကြီး ဟေဂယ်လ် ရဲ့ အရေးအသားတွေ ကို တစ်ဖက် ပြင်သစ်ရာဇ၀တ်ကောင်ကြီး ယန်းဂါးနက် ရဲ့ မှတ်တမ်းအရေးအသားတွေ က တစ်ဖက် ယှဉ်တွဲဖေါ်ပြထားတာမျိုးတွေ လုပ်ထားတာ မြင်ကြရမှာဖြစ်လို့ သူ့ စာတွေဟာ စာပေလား ဒဿနလား အတိအကျ ဆုံးဖြတ်ဖို့ မလွယ်တဲ့ အနေအထား မှာ ရှိနေပါတော့တယ်။ စာပေဖြစ်ဖြစ် ဒဿနဖြစ်ဖြစ် အရေးအသား (Text) တွေပဲ ဖြစ်ကြောင်း သူ့စာတွေ က ပြသချင်ပုံပေါ်ပါတယ်။

ဒီအပြင် လက်မှတ်ထိုးခြင်း/Signature နဲ့ ပတ်သက်လို့ ၁၉၇၁ ခုနှစ်ကရေးခဲ့တဲ့ Signature/Event/Context စာတမ်းမှာ သူမြင်ပြတာတွေကလဲ မှတ်သားစရာကောင်းတယ်။ လက်မှတ်ထိုးခြင်း သဘောဟာ စာရေးသူဖြစ်ခြင်း/Authorship ပိုင်ဆိုင်သူဖြစ်ခြင်း/Ownership ကိုယ်ပိုင်အမှတ်လက္ခဏာ/Self-Identity သဘောတူညီပေးမှု/Consent နဲ့  အပြင် နဲ့ အတွင်းဆက်သွယ်မှု/ Outide-Inside relation စတဲ့ သဘောတွေ ကို တွေ့နိုင်တယ်လို့သူကဆိုပါတယ်။ တစ်ပြိုင်တည်း မှာပဲ လက်မှတ်ထိုးလိုက်တဲ့ စာပေလက်ရာတစ်ခု ဟာ စာရေးသူ နဲ့ သီးခြား ကိုယ်ပိုင်ဘ၀နဲ့ ရပ်တည်သွား နိုင်တဲ့ အခြားတစ်ဖက် ကိုလဲ သူက ထောက်ပြပါတယ်။ ဒီအယူအဆကြောင့် ဒယ်ရီဒါဟာ အင်ဂလိုဆက်ဆွန်မျက်မှောက်ဒဿန ပညာရှင် ဂျွန်အော်စတင်(John Austin) ရဲ့ ဘာသာစကား အယူအဆနဲ့ ကွဲလွဲဆန့်ကျင်ခဲ့ပါတယ်။ အမေရိကန် ဒဿနပညာရှင် ဂျွန် ဆားလ် (John Searle) က Speech Act သီအိုရီ နဲ့ ဒယ်ရီဒါ ကို ပြန်လည်ချေပခဲ့တယ်။



နိုင်ငံရေးအမြင် နှင့် လှုပ်ရှားမှုများ
ဒယ်ရီဒါ ဟာ ဘယ် နိုင်ငံရေးပါတီအဖွဲ့အစည်း နဲ့ အင်စတီကျူးရှင်းတွေ မှာမှ မပါဝင်ခဲ့ မပတ်သက်ခဲ့ပေမဲ့ ၁၉၆၀ နောက်ပိုင်း ကစလို့ လစ်ဘရယ်ဆန်တဲ့ လက်ဝဲ၀ါဒ ကိုပဲ တစ်သမတ်တည်း ခံယူခဲ့သူဖြစ်တယ်။ ဥပဒေရေးရာ နဲ့ တရားမျှတမှုအကြောင်း ဥရောပပေါင်းစည်းညီညွတ်ရေးအကြောင်း အသားအရောင်ခွဲခြားမှုဆန့်ကျင်ရေးအကြောင်း လူမျိုးစွဲဝါဒ နဲ့ မျိုးချစ်ဝါဒဆန့်ကျင်ရေး အကြောင်းများ ကို အဓိကဖေါ်ဆောင်ရေးသားခဲ့တယ်။ လူ့အခွင့်အရေး တိုက်ပွဲတွေ မှာလဲ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက်လှုပ်ရှားခဲ့ပါတယ်။

ဒယ်ရီဒါဟာ ၁၉၇၅ ခုနှစ်ကစလို့ ဒဿနဗေဒပညာ သင်ကြားရေး သုတေသနအဖွဲ့/ Le Groupe de Recherche sur l’Enseignement Philosophique (GREPH) ရဲ့ ဒါရိုက်တာ အနေနဲ့ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ခဲ့တယ်။ ဒီအဖွဲ့ဟာ ပြင်သစ်နိုင်ငံ ရဲ့ အထက်တန်းကျောင်း နဲ့တက္ကသိုလ်တွေ မှာ ဒဿနဗေဒပညာ သင်ကြားရေး နဲ့ ပတ်သက်လို့  ဖွံ့ဖြိုးတိုးတက်စေရေး အတွက် လုံ့လထုတ်ဆောင်ရွက်ခဲ့တဲ့ အဖွဲ့ကြီးဖြစ်ပါတယ်။

၁၉၈၁ ခုနှစ်မှာတော့ ဒယ်ရီဒါဟာ ချက်ကိုစလိုဗက်ကီယား နိုင်ငံသို့သွားရောက်ပြီးတော့ အတိုက်အခံ နိုင်ငံရေး ခေါင်းဆောင်တွေ နဲ့ တွေ့ဆုံခဲ့တယ်။ ချက်ကိုစလိုဗက်ကီယား က အပြန် လေဆိပ်မှာ သူ့ အ၀တ်သေတ္တာထဲ ကို မူးယစ်ဆေးဝါး အကွက်ဆင်ထည့်သွင်းပြီး ဖန်းဆီးထိန်းသိမ်းခံခဲ့ရတယ်။ ပြင်သစ်အစိုးရ ရဲ့ တောင်းဆိုမှု နဲ့ ၁၂ နာရီ အတွင်းမှာတော့ ပြန်လွတ်လာခဲ့ပါတယ်။ ချက်ကိုစလိုဗက်ကီယား ကသူ့ ကို ထာဝရပြည်နှင်ဒဏ်ပေးခဲ့ပါတယ်။

၁၉၈၃ ခုနှစ်မှာတော့ ပြင်သစ်နိုင်ငံ ပါရီမြို့မှာ အပြည်ပြည်ဆိုင်ရာဒဿနဗေဒပညာ ကောလိပ် (College Internationale de Philosophie) ပေါ်ပေါက်လာတဲ့အခါ ဒယ်ရီဒါဟာ ဒီကျောင်းရဲ့ ပထမဆုံး ညွှန်ကြားရေးမှူးဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ အောင်မြင်မှု စန်းထ တာတွေ က ဒီတင်မရပ်သေးပါဘူး။ အဲဒီနှစ်ထဲမှာပဲ ဒါတိုက်တာ ကင် မက်မျူလန် (Ken McMullen) နဲ့တွဲဖက်လို့ Ghost Dance ရုပ်ရှင်ကား ကို ရိုက်ကူးခဲ့တယ်။ ကိုယ်တိုင်ဇာတ်ညွှန်းရေးသားရုံမကပဲ အဓိကသရုပ်ဆောင် အနေရဲ့ ကိုယ်တိုင်သရုပ်ဆောင်ခဲ့သေးတယ်။ ဒါကြောင့် ဒယ်ရီဒါဟာ ဒဿနဗေဒပညာ ရဲ့ သမိုင်း မှာ ပထမဆုံး ရုပ်ရှင်သရုပ်ဆောင်ဖြစ်ခဲ့တဲ့ ဒဿနပညာရှင်လို့ ဆိုရင် မှားမယ်မထင်ပါဘူး။ အလားတူပဲ ၂၀၀၂ ခုနှစ်မှာ ထွက်ပေါ် ခဲ့တဲ့ Derrida အမည်ရှိ မော်ကွန်းရုပ်ရှင်ကား မှာလဲ သူကိုယ်တိုင် ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

၁၉၈၆ ခုနှစ်နောက်ပိုင်း မှာတော့ ဒယ်ရီဒါဟာ ကမ္ဘာကျော်ပြင်သစ်ဒဿနပညာရှင်ကြီး ဖြစ်နေပါပြီ။ ကယ်လီဖိုးနီးယား တက္ကသိုလ် ရဲ့ လူမှုဗေဒဘာသာရပ်များရဲ့ ပါမောက္ခ ရာထူး အပြင် နာမည်ကျော် အမေရိကန်တက္ကသိုလ်ကြီးတွေ ဖြစ်တဲ့ ဂျွန်ဟော့ကင်း တက္ကသိုလ် ယေးလ်တက္ကသိုလ် ဟားဗတ်တက္ကသိုလ် နယူးရောခ် တက္ကသိုလ် စတန်နီဘရွတ်ခ် တက္ကသိုလ် လူမှုသုတေသနကောလိပ် နဲ့ ဥရောပဘွဲ့နှင်းတက္ကသိုလ် တွေ မှာ ဧည့်ပါမောက္ခ အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

၂၀၀၃ နှစ်မှာ သူ့ရဲ့ ကျန်းမာရေးစတင်ယိုယွင်းလာတယ်။ ပန်ကရိယ(မုန့်ချိုအိပ်)ကင်ဆာရောဂါ စတင်စွဲကပ်ပါတယ်။ (၂၀) ရာစု ရဲ့ အကြီးမြတ်ဆုံးသော ဒဿနဗေဒပညာရှင်တွေထဲက တစ်ယောက်ဖြစ်တဲ့ ယက်ခ်ဒယ်ရီဒါဟာ ၂၀၀၄ ခုနှစ် အောက်တိုဘာလ (၈) ရက်နေ့မှာပဲ ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ကွယ်လွန်ခဲ့ပါတယ်။

ဒယ်ရီဒါ ရဲ့ ဒဿနအမြင်
ဒယ်ရီဒါ ရဲ့ ဒဿနအမြင် ကို နားလည်ဖို့ခက်တယ်လို့ ဆိုကြတယ်။ မြန်မာလိုရေးဖို့ ကတော့ ပိုလို့တောင် ခက်ခဲပေလိမ့်မယ်။ ဒီလို ဖြစ်ရတာ ဘာကြောင့်လဲ။ အကြောင်းအရင်းခံ (၃) ခုလောက်တော့ ရှိတယ်လို့မြင်ပါတယ်။

(၁) ဒယ်ရီဒါ ရဲ့ အရေးအသားတွေ ဟာ သူ့ အရင်က ပေါ်ခဲ့တဲ့ အနောက်တိုင်းဒဿနပညာရှင်တွေ ဖြစ်တဲ့ ပလေတို ဒေးကား ကန့် ရူးဆိုး နိရှ ဟေဂယ် ဟိုက်ဒေဂါ ဖူးကိုး စတဲ့ ပညာရှင်တွေ ရဲ့ စာပေကျမ်းဂန်တွေ ကို အခြေခံလို့ ဖတ်ရှုလေ့လာဝေဖန်ရေးသားချက်တွေ ဖြစ်လို့ ဒီ ပညာရှင်တွေ ရဲ့ စာတွေ ခက်ခဲ သလောက်လဲ သူ့စာတွေ က ခက်ခဲ နေပါတယ်။ ဒယ်ရီဒါ ဟာ အနောက်တိုင်းဒဿန ရဲ့ အစဉ်အလာ တစ်ခုလုံးကို အရင်းအမြစ်ကနေ ဆန်းစစ်ဝေဖန်တဲ့သူ ဖြစ်လို့ သူ့စာတွေ ကို ဖတ်တဲ့ သူတွေဟာ အနောက်တိုင်းဒဿနဗေဒပညာ ရဲ့ သမိုင်းကို ခြေခြေမြစ်မြစ် ကျွမ်းကျင် နားလည်တတ်မြောက်ထားဖို့ လိုပါတယ်။ ဒီ အချက်ကလဲ သူ့ အရေးအသားတွေ ကို ခက်ခဲစေပါတယ်။

(၂)  ဒယ်ရီဒါ ဟာ ဥရောပ ဒဿနပညာ(Continental Philosophy) ရဲ့ အစဉ်အလာက ဆင်းသက်လာတဲ့ ဒဿနပညာရှင် ဖြစ်တယ်။ အင်္ဂလိပ်-ဆက်ဆွန် ဒဿနပညာ(Anglo-Saxon Philosophy) ရဲ့ အမြင်ကကြည့် ရင် ဥရောပ ဒဿနပညာ ဟာ ယုတ္တိဗေဒ နဲ့ ဆင်ခြင်တုံတရားထက်စာရင် လူသားရဲ့ ဘ၀ဖြစ်တည်မှု သေခြင်းတရား နိုင်ငံရေးအာဏာ စတဲ့ အကြောင်းအရာတွေ ကို ပိုလို့ နက်နက်နဲနဲစိတ်ဝင်စားမှုရှိတယ်။ ဒယ်ရီဒါ ရဲ့ အရေးအသားတွေ ဟာ ဥရောပဒဿန ဆန်တဲ့ အတွက် သူက အရေးအသားတွေ မှာ ယုတ္တိဗေဒကွင်းဆက်တွေ နဲ့ ဆင်ခြင်နည်းကျမှု ကို သိပ် အလေးမပေးတာကြောင့် သူ့စာတွေ က နားလည်ရ ခက်သလို ဖြစ်နေတာလဲ အကြောင်းတစ်ခုပါပဲ။

(၃) နောက်ဆုံး အရေးကြီးတဲ့ အကြောင်းတရား တစ်ခုကတော့ ဒယ်ရီဒါ ကိုယ်တိုင် သူ့ အရေးအသားတွေ ကို အမြဲ ဆန်းသစ်ဝေဖန်တဲ့ အမြင်နဲ့ ကြည့်ပြီးရေးသားတယ်။ ဘာသာစကား ရဲ့ နှစ်ခွအနက်တွေ စကားဆန်းတွေ သံတူကြောင်းကွဲ ဝေါဟာရတွေ ကို သုံးပြီးတော့ အမြဲ တီထွင်ဆန်းသစ် ရေးသားတတ်တာကြောင့် သူ ရေးသားပုံဟာ အစဉ်အလာ ဒဿန ကျမ်းရင်းကြီးတွေ နဲ့ သဏ္ဍာန် နဲ့ အတော် မူကွဲနေပါတယ်။ ဒါဟာလဲ သူ့ စာတွေ နားလည်ရ ခက်စေတဲ့ အကြောင်း တရား တစ်ရပ်ပါပဲ။

ဒယ်ရီဒါ ရဲ့ ဒဿန အမြင် ကိုတင်ပြတဲ့နေရာမှာ အကောင်းဆုံးနည်း ကတော့ သူ့ အရေးအသားတွေ ထဲ က အဓိက အကျဆုံး ဒဿနဝေါဟာရတွေ ကို တစ်ခုချင်း အစီအစဉ်နဲ့ လေ့လာကြည့် ရင်တော့ အတန်အသင့် သူ ဘာကို ပြောချင်သလဲဆိုတာ ပုံပေါ်လာနိုင်ကောင်းပါရဲ့။ သူ့ ဒဿနဝေါဟာရတွေ က ဘာသာပြန်လို့ မရလို့ မူရင်း ပြင်သစ် ဝေါဟာရ သို့မဟုတ် အင်္ဂလိပ်ဘာသာပြန် အတိုင်း ပဲ ထားပြီး လေ့လာကြည့်ကြပါစို့။

Metaphysics of Presence
ဟိုက်ဒေဂါလိုပဲ ဒယ်ရီဒါဟာ အနောက်တိုင်းဒဿနဗေဒ သမိုင်းတစ်ခုလုံး ရဲ့ အရွေ့ နဲ့ လားရာ ကို ဝေဖန်ဆန်းစစ် ခဲ့သူဖြစ်တယ်။ သူ့ အမြင်အရ ပြောရင် အနောက်တိုင်းဒဿနဗေဒ သမိုင်းတစ်ခုလုံး ဟာ အရာခပ်သိမ်းရဲ့ မူလရင်းမြစ် ပကတိအရှိတရား တစ်ခု ကို ရှာဖွေနေခဲ့တဲ့ သမိုင်းဖြစ်တယ်။ အနောက်တိုင်းဒဿနဗေဒ ပညာရှင်တွေဟာ လူသားတွေ သိနေတဲ့ လောကကြီး ရဲ့ မူလဇစ်မြစ် အကြောင်းတရား လောကကြီး တစ်ခုလုံး တည်ရာမှီရာ အခြေခံ အမာခံအရှိတရား တစ်ခု မရှိမဖြစ် ရှိကိုရှိရမယ်ဆိုတဲ့ အမြင်နဲ့ တွေးခေါ်စူးစမ်းခဲ့ကြတာဖြစ်ပါတယ်။

ဒီ အရှိတရား ဟာ လူ့အသိတရား ဘာသာစကား နဲ့ လောကတစ်ခုလုံး ရဲ့ အခြေခံဖြစ်သလို ဒါတွေ အားလုံး ရဲ့ လွန်မြောက်ရာ မှာလဲရှိနေပါတယ်။ ဒီ အရှိတရား ဟာ နောက်ဆုံး ရှာဖွေတွေ့ရှိရမဲ့ အကြွင်းမဲ့သစ္စာတရားလဲ ဖြစ်တယ်။ လူ့အသိဉာဏ်ပညာရဲ့ အဆုံးသတ် ဆိုက်ရောက်ရာ ခရီးပန်းတိုင်လဲ ဖြစ်တယ်လို့ ခံယူထားခဲ့ကြတယ်။ ဒီ အရှိတရား ဟာ မျက်မှောက်တည့်တည့်မှာ ပကတိအပြည့်အ၀ ရှိနေတဲ့ သဘောလဲ ဖြစ်လို့ အရှိ နဲ့ အသိ တစ်ထပ်တည်း ထပ်တူကျနေတဲ့ သဘောဖြစ်လို့ ဒါကို Metaphysics of Presence လို့ ဒယ်ရီဒါ က ကင်ပွန်းတပ်ပါတယ်။[1]
Logocentrism
အရှိတရား ရဲ့ အနက်အဓိပ္ပါယ်ကို စူးစမ်းရှာဖွေတဲ့ ဒဿနပညာရှင်လူသားဟာ သူ သိမြင်တဲ့ အတွေးကို စကားလုံးဝေါဟာရ အနေနဲ့ ပြောဆိုပါတယ်။ အရှိ နဲ့ အတွေးဟာ တစ်ထပ်တည်းကျနေသလို အတွေး ကို ဖေါ်ထုတ်တဲ့ အပြောစကား ဆိုတာကလဲ အတွေးနဲ့ တစ်ဆက်တည်းတစ်ဖြတ်တည်း ဖြစ်လို့ အရှိ-အတွေး-အပြော တွေ ဟာ တစ်ထပ်တည်းကျနေတဲ့ သစ္စာ ကို ဖေါ်ဆောင်ကြတယ်လို့ အနောက်တိုင်းဒဿနပညာရှင်တွေ က ယူဆခဲ့ကြပါတယ်။
ဒါကို ပဲ Logocentricism လို့ ဒယ်ရီဒါ ဆိုခဲ့တာဖြစ်ပါတယ်။

အရှိ (Being)
အပြော (Speech)
အတွေး (Thought)
 




အရှိ-အတွေး-အပြော တွေ တစ်ထပ်တည်းကျနေတဲ့ သစ္စာ ကို အနောက်တိုင်းဒဿနပညာ မှာ Logos လို့ခေါ်ပါတယ်။ အဲဒီ Logos ကို ရှာဖွေတာဟာ Metaphysics of Presence ပါပဲ။ ဥပမာ- နှင်းဆီပန်းအနီ တစ်ပွင့် ကို မြင်တယ် ဆိုပါစို့။ သိစိတ်ပြင်ပမှာ ပကတိရှိနေတဲ့ နှင်းဆီပန်း က အရှိတရားပါ။ ဒီ အရှိတရား ကို သိတဲ့ အသိ-အတွေး က အရှိတရား ရဲ့ ရောင်ပြန်ရိုက်ခတ်မှုဖြစ်တယ်။ နှင်းဆီပန်းအနီ ဆိုတဲ့ အတွေး ကို ချက်ချင်း စကားလုံးအနေနဲ့ နုတ်မြွက်ဖေါ်ပြတဲ့အခါမှာ နှင်းဆီပန်းအနီ ဆိုတဲ့ အပြောစကားလုံး ဖြစ်ပေါ်လာပါတယ်။ ဒါကြောင့် နုတ်ပြောစကား (Speech) မှာ အရှိတရား နဲ့ အနီးစပ်ဆုံးသော ထင်ဟပ်မှုဖြစ်တယ်။ ဗဟိုချက်ကျ အနှစ်သာရရှိတယ်လို့ ယူဆတာဟာ Logocentricism ပါပဲ။

ပကတိအရှိ-သစ္စာတရားဟာ ခိုင်မြဲတယ်= ငြိမ်သက်တယ်= ပစ္စုပ္ပန်တည့်တည့်မှာအပြည့်အ၀ရှိနေတယ်= တစ်စုတစ်စည်းတည်းဖြစ်တယ်= သန့်စင်မွန်မြတ်တယ်= ဒီ သစ္စာတရားကို စိတ်/အတွေးက တိုက်ရိုက်သိပြီး နုတ်မြွက် ဖော်ဆောင်နိုင်တယ်= ဆိုတာတွေ က Logocentricism ရဲ့ အခြေခံအမြင်တွေပါ။ အပြောစကား နဲ့ ပြောတာ တွေ ဟာ ပြောသူကိုယ်တိုင်က ပြောတဲ့အချိန်ကြားရတာမို့ တိုက်ရိုက်ဖြစ်တယ် မျက်မှောက်မှာ ဖြစ်တယ်။ ဒါကြောင့်မို့ မူလ နဲ့ နီးတယ် သန့်စင်တယ် စစ်မှန်တယ် ဆိုတဲ့စွဲယူမှုဖြစ်တယ်။ အကျိုးဆက်အနေနဲ့တော့ ပြောခဲ့တာကို စာပေအက္ခရာ နဲ့ မှတ်တမ်းတင်တဲ့ အရေးအသား (Writing) ဆိုတာ ပြောသူရဲ့ မျက်ကွယ်မှာ ဖြစ်လို့ တိုက်ရိုက်မဟုတ်ပဲ တစ်ဆင့်ခံ သာဖြစ်တယ်။ အရှိတရား နဲ့ ပိုဝေးလို့ မစစ်မှန်ဘူး ဆိုတဲ့ အရေးအသား ကို တစ်ဆင့်နိမ့်ကြားခံ မီဒီယမ် အဖြစ် ယူဆ လာတာကလဲ Logocentricism ရဲ့ အစိတ်အပိုင်း ဖြစ်လာပါတယ်။[2]

အနောက်တိုင်းဒဿနအစဉ်အလာဟာ ပကတိအရှိတရား နဲ့ အသွင်လောက အတွေး နဲ့ ကိုယ်စားပြုဖော်ဆောင်တဲ့ သင်္ကေတ တွေ ရယ်လို့ ခွဲခြားပါတယ်။ အသွင်လောက ဟာ အရှိတရား ကို ညွှန်ပြဖို့ သင်္ကေတတွေ ကလဲ အတွေး နဲ့ အနက်အဓိပ္ပါယ်တွေ ကို ကိုယ်စားပြုဖော်ပြဖို့ အတွက် သက်သက်ပဲဖြစ်လို့ ဒီ အသုံးချခံသဘောတွေ ဟာ တတ်နိုင် သလောက် သန့်စင်နေမှသာ သူတို့ ညွှန်ပြချင်တဲ့ အစစ်အမှန်သဘော ကို ညွှန်ပြနိုင်စွမ်းရှိမယ်လို့ မြင်ကြပါတယ်။ ဒါကြောင့် အပြောစကားဟာ အရေးအသား ထက် အရင်ရှေ့ကလာတဲ့ အပြင် အရေးအသားဟာ ပြောသူမျက်ကွယ်မှာ ကျန်ရစ်ခဲ့တာမို့ အမျိုးမျိုးသောနည်းနဲ့အသွင်ပြောင်းလဲ ညစ်ထေး သွားနိုင်ပါတယ်။ လို့ စာပေသီဝရီ ပညာရှင်တစ်ဦး ဖြစ်တဲ့ ဂျိုနာသန် ကူးလား က မှတ်ချက်ချ ပါတယ်။ [3]
အောက်ကဖေါ်ပြထားတဲ့ ပုံကို ကြည့် ရင် အရေးအသား ဟာ အရှိတရား နဲ့ အဝေးဆုံး အလွှာမှာ ရောက်ရှိနေပုံကို မြင်နိုင်ပါလိမ့်မယ်။ ဂရိဒဿနပညာရှင်ကြီး အရစ္စတိုတယ်လ် ကလဲ အပြောစကားတွေ ဟာ အတွေး ကို သင်္ကေတပြု ပြီးတော့ အရေးအသားတွေ က အပြောစကားတွေ ကို သင်္ကေတပြု မှတ်တမ်းတင်ထားတာ ဖြစ်တယ်လို့ဆိုခဲ့ပါတယ်။
အရှိ (Being)
အပြော (Speech)
အရေးအသား

အတွေး (Thought)
 



Deconstruction
အထက်မှာ ဆိုခဲ့တဲ့ အရှိတရား ကို ရှာဖွေတဲ့ Metaphysics of Presence နဲ့ အပြောစကားဟာ သစ္စာမဏ္ဍိုင်ဖြစ်တယ် ဆိုတဲ့ Logocentricism တွေဟာ အနောက်တိုင်းဒဿနဗေဒမှာ စွဲကပ်နေတဲ့ ရောဂါတွေ အနေနဲ့ ဒယ်ရီဒါ က မြင်ပါတယ်။ သူ့ ဒဿန ကတော့ ဒီရောဂါတွေ ကို ပေါ်လွင်ထင်ရှားလာအောင် ဖော်ထုတ်ပေးမဲ့ အရာကတော့ Deconstruction ပါ။

အခုအခါမှာ Deconstruction ဆိုတဲ့ ဝေါဟာရဟာ လူမှုဗေဒ နယ်ပယ် အသီးသီးမှာ တွင်တွင်ကျယ်ကျယ်သုံးနေပါပြီ။ တစ်ချို့လဲ မြန်မာမှုပြုရာမှာ ဖြည်ခြင်း ဖျဉ်ခြင်း လို့ ၀ိဂြိုဟ်ပြုကြတာတွေရှိသလို ဖြိုချဖျက်ဆီးမှု လို့ ဆိုးဆိုးဝါးဝါး ပြန်ဆိုတာ လဲတွေးဖူးတယ်။ တကယ်တော့ ဒီ ဝေါဟာရ က မြန်မာလိုပြန်ဆိုဖို့ မဖြစ်နိုင်တာမို့ သူ့အတိုင်းတိုင်းပဲ ထားလိုက်တာ အသင့်တော်ဆုံးပဲဖြစ်တယ်။

Deconstruction ဆိုတာ ဒဿန စနစ်တစ်ခုမဟုတ်ဘူး လောကအမြင်တစ်ခု မဟုတ်ဘူး။ နည်းဗေဒ/Methodology တစ်ခုလဲ မဟုတ်ဘူး။ ဝေဖန်ဆန်းစစ်နည်းတစ်ခု မဟုတ်ဘူး။ Deconstruction ဆိုတာကို အနီးစပ်ဆုံးပြောရရင် စာဖတ်တဲ့ နည်းဗျူဟာတစ်ရပ် /Reading Strategy တစ်ခုလို့ ပြောလို့တော့ ရနိုင်ကောင်းရဲ့။ ဒါလဲ အသေအချာ မှန်ချင်မှ မှန်လိမ့်မယ်။ ဒယ်ရီဒါ ကိုယ်တိုင် အနေနဲ့ကတော့ ဘယ်လို မှ အနက်မဖွင့်ချင်ခဲ့ဘူး။ Deconstruction ဆိုတာ တမင်တကာ လုပ်စရာမလိုပဲ သူအလိုလို ဖြစ်နေတဲ့ အရာ/ deconstruction is what things ‘happened’ လို့ပဲ ဆိုနိုင်ပါလိမ့်မယ်။

အနောက်တိုင်းဒဿနဗေဒနယ်ပယ် က Logocentricism ကို အခြေခံပြီးရေးသားခဲ့တဲ့ ဒဿနကျမ်းကြီးကျမ်းခိုင်တွေ ကို ဖတ်တဲ့ အခါ ဒီ ကျမ်းတွေ အထဲ မှာ ဆန့်ကျင်ဖက်ဒွိစုံအတွဲတွေ (Binary Oppositions) တွေ ကို သွားတွေ့တယ်။ ဆန့်ကျင်ဖက်ဒွိစုံအတွဲတွေ ဆိုတာကို က ဘာသာစကားရဲ့ အခြေခံသွင်ပြင်လက္ခဏာ ဖြစ်တာကြောင့် ဘာသာစကား တစ်ခုခု နဲ့ ရေးသားထားတဲ့ ဒီ ကျမ်းစာတွေ မှာ ဒါတွေ ရှိနေတာ အဆန်းတော့မဟုတ်ဘူး။ ဒါပေမဲ့ စာရေးသူ ဒဿနပညာရှင် က ဒီ ဆန့်ကျင်ဖက်ဒွိစုံအတွဲတွေ ထဲ က တစ်ဖက်ကို အသာပေးပြီး စီးစီးပိုးပိုး အနက်ပေးထားတယ်။ ဆန့်ကျင်ဖက် အကြောင်းအရာ ကို တော့ နှိပ်ကွပ်ဖျောက်ဖျက်လို့ထားတယ် ဆိုတာကို Deconstruction က ထောက်ပြဖေါ်ထုတ်တာပါပဲ။

ဆန့်ကျင်ဖက်ဒွိစုံအတွဲတွေ ထဲ မှာ အပြောစကား/ အရေးအသား ဆိုတဲ့ ပြောခဲ့တဲ့ အတွဲ က အခြေခံပဲ။ နောက်ထပ်ဖြစ်နိုင်တဲ့ အတွဲတွေကတော့ ဆင်ခြင်တုံတရား/ အာရုံခံစားမှု ။ မူလ/ဆင့်ပွား။ သန့်စင်/ညစ်နွမ်း။ အကောင်း/အဆိုး။ အမှန်/အမှား။ အမြတ်/အယုတ်။ အဖို/အမ။ တည်မြဲခြင်း/ပြောင်လဲခြင်း။ အရှိတရား/မရှိတရား။ အလှတရား/အကျည်းတန်ခြင်း။ စတာတွေ ပါဝင်လိမ့်မယ်။ ဒီ အတွဲတွေ မှာ စာရေးသူဒဿနပညာရှင်က ပထမအပိုင်း ကို တန်ဖိုးရှိတဲ့ အရာ ကောင်းမြတ်တဲ့အရာလို့ သတ်မှတ်လိုက်တဲ့အခါ သူ့ဆန့်ကျက်ဖက်ဖြစ်တဲ့ ဒုတိယအပိုင်း က အကြောင်းအရာတွေ က တန်းဖိုးနည်းတဲ့ ညံ့ဖျင်းတဲ့ သိမ်နုတ်ယုတ်ညံ့တဲ့ အရာတွေ အဖြစ် နှိပ်ကွပ်ခံရပါတယ်။ ဒါပေမဲ့ ဒယ်ရီဒါ ရဲ့ Deconstruction အမြင်အရကြည့်တဲ့အရာ ဒီ အဖြည့်ခံအကြောင်းအရာတွေ/Supplements ဟာ ပျောက်ပျက်မသွားပဲ အဖိနှိပ်ခံထားရတဲ့ အနေနဲ့ စာရေးသူရဲ့ ကျမ်းစာထဲ က အကြိုအကြားနေရာတွေ (ဥပမာ-အောက်ခြေမှတ်စုလို နေရာတွေ) မှာ ခိုအောင်းကပ်ငြိလို့ တစ်ရစ်ဝဲ၀ဲ ရှိနေကြပါတယ်။ ဆန့်ကျင်ဖက်ဒွိစုံတွေ ဖြစ်လို့ တစ်ခု မရှိရင် နောက်တစ်ခု က အနက်မထင်အရာမ၀င်နိုင်ပါဘူး။ ဒါကြောင့်လဲ ဒီ ဆန့်ကျင်ဖက် အစွန်းတွေကို ယတိပြတ်ပယ်ထုတ်ဖျောက်ဖျက်ပစ်လို့မရနိုင်တာပဲဖြစ်တယ်။

အချီးမြှောက်ခံရတဲ့ အပိုင်း (အပြောစကား-အမှန်တရား-သန့်စင်မှု-အလှတရား-ကောင်းမြတ်ခြင်း-အရှိတရား-တည်မြဲမှု-အဖို စတဲ့ အပိုင်းတွေ) ဟာ အမြဲတမ်း ဆန့်ကျင်ဖက်အတွဲတွေ ရဲ့ ခြိမ်းချောက်မှုကို ခံနေရသလို သူတို့ရဲ့ အတွင်း အနှစ်သာရမှာ ပါ ဒီဆန့်ကျင်ဖက်အစွန်းတွေက အရိပ်ထင်နေပါတယ်။ ဒါကို Deconstruction က လင်းပြတဲ့အခါ ကျမ်းစာအုပ်တွေကကိုယ်စားပြုတဲ့ ဒဿနစံနစ်တွေဟာ အတွင်းဝိရောဓိတရားတွေ အချင်းချင်းရဲ့ ရုန်းကန်အားပြိုင်မှု ကြောင့် မငြိမ်မသက်ဖြစ်လာ/de-stabilized အခြေမခိုင် ယိုင်ယိုင်ယဲ့ယဲ့ ဖြစ်လာပါတော့တယ်။

Deconstruction ရဲ့ ဒုတိယအဆင့် ကတော့ ပြောင်းပြန်လှန်ကြည့်ခြင်း/Inversion ပဲဖြစ်တယ်။ ဆန့်ကျင်ဖက် အတွဲတွေ ရဲ့ အစီအစဉ် ကို ပြောင်းပြန်လှန်ကြည့်တဲ့ အခါ ထူးပြီးမခြားနားဘူး ဆိုတဲ့ အချက်ကို လင်းပြပြန်တယ်။ ဥပမာ အပြောစကား နဲ့ အရေးအသား အတွဲ ကို ကြည့်တဲ့ အခါ အပြောစကား ကိုယ်တိုင်က အရေးအသားလိုပဲ မတည်ငြိမ် ရွေ့လျှားတတ်တဲ့ သဘော/Iterability ရှိနေတာကို တွေ့ရတယ် လို့ဆိုပါတယ်။ အပြောစကား ဟာ အရေးအသားလိုပဲ အနက်ပွားအမျိုးမျိုးဖွင့်တာခံရနိုင်တယ်။ ရှုထောင့်မျိုးစုံကနေ ရည်ရွယ်ချက်မျိုးစုံနဲ့ ကိုးကားလို့ အသုံးချတာကို ခံရနိုင်တယ်။

နောက်တစ်ချက်က အပြောစကား ဆိုတာ မပြောခင် စိတ်ထဲမှာ ကိုယ်ပြောချင်တဲ့ ၀ါကျကို အရင်စီတန်းရေးသား ရတဲ့ ကနဦးအရေးအသား/Arch-Writing လုပ်ငန်းမပါပဲ ပြောလို့မရတဲ့ အတွက်ကြောင့် အရေးအသားနဲ့ သဘောခြင်း မထူးလှဘူးလို့ ဆိုတယ်။ အပြောဆိုတာ အတွေး ကို ပြောရတာကြောင့် အတွေးကိုယ်တိုင်က အရေးအသား တစ်မျိုးပဲဖြစ်တယ်လို့ ဒယ်ရီဒါက ထောက်ပြပါတယ်။ စိတ်ထဲမှာသိရတဲ့ အမှန်တရားကို အတွေးအဖြစ် ပညတ်တင် ပုံပြောင်းပြီဆိုကတည်းက ဘာသာစကားရဲ့ လွှမ်းမိုး စွန်းထင်းမှု ခံရပါပြီ။

Différance
လူ့အသိ လူ့အတွေးမှန်သမျှဟာ ဘာသာစကားမီဒီယမ် ကို အခြေမခံလို့ မရတာကြောင့် ဘာသာဗေဒကို နားလည်ခြင်းဟာ လူ့အသိတရား အလုပ်လုပ်ပုံကိုနားလည်ခြင်းနဲ့ အတူတူပါပဲ။ ဒီနေရာမှာ ဘာသာစကားအခြေခံ လူ့အတွေးက ဘယ်လိုအလုပ်လုပ်သလဲ ဆိုတာ ကို ဒယ်ရီဒါ က ဘာသာဗေဒပညာရှင် ဖာဒီနန် ဒယ်ဆိုးဆူး (Ferdinand de Saussure) ရဲ့ဘာသာဗေဒ အမြင်ကို ကိုးကားဖေါ်ပြပါတယ်။ ဆိုးဆူး က ဘာသာစကား ကို (၁) အညွှန်းပြ ဝေါဟာရတွေ (Signifiers) (၂) အညွှန်းခံအနက်အဓိပ္ပါယ်(Signified) တွေ ရဲ့ ဆက်သွယ်ဖွဲ့စည်းမှုတွေ နဲ့ တည်ဆောက် ထားတဲ့ စနစ်တစ်ခုအနေနဲ့မြင်ပါတယ်။ ဘာသာစကား ရဲ့ လက္ခဏာရပ်တွေ ကတော့=
·        အညွှန်းပြ ဝေါဟာရတွေ (Signifiers) တိုင်းမှာ အညွှန်းခံအနက်အဓိပ္ပါယ်(Signified) တွေ ရှိတယ်။
·        ဒီ နှစ်ခုရဲ့ဆက်သွယ်မှုက သဘာဝအရလိုအပ်စွာ ဆက်သွယ်မှုမျိုးမဟုတ်ပဲ ကြောင်းကျိုးမဲ့/Arbitrary ဆက်သွယ်မှု မျိုး ပဲဖြစ်တယ်။
·        အညွှန်းခံအနက်အဓိပ္ပါယ်ဟာ အညွှန်းပြဝေါဟာရ ရဲ့ အတွင်းသားထဲမှာ ကိန်းအောင်းတည်ရှိ နေတာမျိုး မဟုတ်ပဲ အညွှန်းပြဝေါဟာရအချင်းချင်း မတူကွဲပြားခြားနားမှုသက်သက်ပေါ်မှာ ပဲ တည်နေတယ်။
ဆိုတဲ့ အချက်တွေပါပဲ။ ဥပမာ= Dog (ခွေး) ဆိုတဲ့ စကားလုံး ဟာ အညွှန်းပြဝေါဟာရ ဖြစ်ပြီးတော့ ခွေးဖြစ်ခြင်းရဲ့ ဂုဏ်လက္ခဏာတွေ(ခြေလေးချောင်းရှိ ဟောင်တတ်ကိုက်တတ် အမြီးနန့်တတ် သော အသားစားသတ္တ၀ါ) က ဒီ ဝေါဟာရ ရဲ့ အညွှန်းခံအနက်အဓိပ္ပါယ် ဖြစ်ပါတယ်။ ဒီ Dog ဆိုတဲ့ စကားလုံး အထဲထဲ မှာ ဒီ အညွှန်းခံအနက် အဓိပ္ပါယ်ကရှိနေတာ မဟုတ်ပဲ ဒီစကားလုံး နဲ့ တစ်ခြားသော အင်္ဂလိပ်စကားလုံးတွေ မတူခြားနားမှုသက်သက် နဲ့ ဒီလို အဓိပ္ပါယ်ထင်နေ တာပဲဖြစ်ပါတယ်။ နောက် ပြီး ဒီစကားလုံးရဲ့ အက္ခရာရှေ့နောက် အစီအစဉ်= D-o-g ကြောင့်လဲ ဖြစ်တယ်။ ဒီ အစီအစဉ် ကို ရှေ့နောက်ပြောင်းလိုက်ရင် God (ထာဝရဘုရားသခင်) ဆိုတဲ့ အညွှန်းခံအနက်အဓိပ္ပါယ် လုံးလုံးလျှားလျှား ခြားနားတဲ့ ဝေါဟာရတစ်ခု ဖြစ်သွားနိုင်ပါတယ်။
ဖေါ်ပြခဲ့တဲ့ ဆိုးဆူးရဲ့ ဘာသာဗေဒ အမြင်ကို အခြေခံလို့ ဘာသာစကားရဲ့ အချင်ရနယ်တွေ ကို ဒယ်ရီဒါက သုံးသပ်ပြတဲ့ အခါ သူက différance ဆိုတဲ့ အသစ်တည်ဆောက်ထားတဲ့ ဒဿနဝေါဟာရတစ်ခုကို ထည့်သွင်း တင်ပြလာပါတယ်။ différance ဆိုတာ ပြင်သစ်စကားလုံး  différence ကို တမင်တကာ သတ်ပုံမှားပြီး (e)နေရာ မှာ (a) ကို အစားသုံး ရေးသားထားတာဖြစ်တယ်။ ဒီ စာလုံး ၂ ခုဟာ အသံထွက်တူတူပဲ ဖြစ်လို့ အပြော ပြင်သစ်စကား မှာတော့ မခွဲနိုင်ဘူး။ အရေးအသား အနေနဲ့သာ ကွဲပြားတာဖြစ်လို့ အပြော ထက် အရေးအသား ရဲ့ အချက်အချာကျပုံကို စောင်းပါး ရိပ်ခြေ ပြချင်တဲ့သဘောလဲဖြစ်ပါတယ်။
Différance ဆိုတဲ့ စကားလုံးဟာ to differ/ခြားနားသည် ဆိုတာနဲ့ to defer/ ဆိုင်းငံ့စေသည် ဆိုတဲ့ စကားလုံး နှစ်ခုကို ပေါင်းပြထားတာလို့ဆိုတယ်။ ဒယ်ရီဒါရဲ့ အမြင်မှာ ဘာသာစကား အလုပ်လုပ်ပုံဟာ ဒီ နှစ်ခုစလုံး ပါနေတယ်လို့ဆိုတယ်။ Dog ဆိုတဲ့ စကားလုံးဟာ ကျန်တဲ့ သန်းပေါင်းများစွာသော အင်္ဂလိပ်ဝေါဟာရစာလုံးတွေ နဲ့ မတူပဲ ခြားနား နေတယ်(differ)။ တစ်ချိန်တည်းမှာ Dog ဆိုတဲ့ စကားလုံး ရဲ့ အညွှန်းခံအနက်အဓိပ္ပါယ်ဟာ တစ်ခြားစကားလုံး တွေဖြစ်တဲ့ ခြေလေးချောင်းရှိခြင်း= ဟောင်တတ်ကိုက်တတ်ခြင်း= အမြီးနန့်တတ်ခြင်း= အသားစား သတ္တ၀ါဖြစ်ခြင်း ဆိုတာတွေဆီကို ((ထပ်ဆင့်ညွှန်းဆို)) နေပြန်တယ်။ ဒီ စကားလုံးတွေ ရဲ့ အနက်တွေ ကလဲ တစ်ခြားတစ်ခြားသော စကားလုံးတွေဆီ ကို ((ထပ်ဆင့်ညွှန်းဆို)) နေပြန်တယ်။
ဒီလိုနဲ့ ဘာသာစကားထဲ က အညွှန်းခံအနက်အဓိပ္ပါယ်ဟာ အဆုံးမရှိ အမြဲရွေ့လျှားနေတယ်/Alterity = နေရာအသီးသီးမှာ အစုအစည်းမဲ့ သင်းကွဲပြန့်ကျဲလို့နေတယ်/Dissemination လို့ဆိုခဲ့ပါတယ်။ စကားလုံးတွေဟာ အနက်ပြအညွှန်းတွေ အချင်းချင်း ချိတ်ဆက်လွှဲပြောင်းနေတဲ့ ကွင်းဆက်တွေသက်သက်/Metonymic Chains တွေမျှသာ ပဲလို့ ဒယ်ရီဒါက မြင်ပြ ပါတယ်။ ဒီအချက်က ဘာကို ညွှန်ပြနေသလဲဆိုတော့ =
·        ဘာသာစကား ရဲ့ စုံလုံးကန်းတဲ့ အလင်းပိတ်သဘော/Opacity ကိုတွေ့နိုင်တယ်။ ဘာသာာစကားဟာ အတွင်းထဲ မှာပဲ ထပ်ခါတလဲလဲ ညွှန်းဆိုနေတဲ့ စနစ်တစ်ခုဖြစ်ပြီး အညွှန်းခံအနက်အဓိပ္ပါယ်ဟာ အတိအကျ ဖမ်းဆုပ်လို့မရနိုင်တဲ့ မတည်မငြိမ်ရွှေ့လျှားနေတဲ့ အရာဖြစ်တယ်။ ဒါကြောင့် Logocentricism ရဲ့ ထာဝရခိုင်မာတဲ့ သစ္စာတွေ အရှိတရားတွေ အဖြစ် ဖေါ်ပြထားတဲ့ ဝေါဟာရစကားလုံးတွေ ရဲ့ အတွင်းသဘော ဖေါက်ပြန်နိုင်မှု ကို မြင်ရနိုင်တယ်။
·        အကျိုးဆက်အနေနဲ့တော့ ဘာသာစကားဟာ ပြင်ပအညွှန်းခံဝတ္တု/Transcendental Signified ဆီ ကို ဘယ်တော့မှမရောက်နိုင်ဘူး။ ဒယ်ရီဒါ က (Il n’ya pa de Hors-texte) လို့ဆိုခဲ့တယ်။ There is no outside-text လို့ပြန်ဆိုကြပါတယ်။ လူ့အသိ လူ့အတွေးနဲ့ လူ့အပြော လူ့အရေးအသားတွေ အကုန်လုံးဟာ ဘာသာစကား ရဲ့ အလင်းပိတ်နံရံတွေရဲ့ ဘောင်ထဲမှာပဲ ပိတ်မိနေတဲ့ အခြေအနေ ကို ရည်ညွှန်းပါတယ်။

Trace
Trace ဆိုတာ ဒယ်ရီဒါ ရဲ့ ဒဿနမှာ အရေးပါတဲ့ အတွေးအမြင်တစ်ခုဖြစ်တယ်။ သူ့ရှေးဦး စာပေလက်ရာတွေ ဖြစ်တဲ့ Of Grammatology   နဲ့ Writing and Difference ကျမ်းတွေ မှာ ဒီ အမြင်ကို စတင်ဖေါ်ပြခဲ့တယ်။ အင်္ဂလိပ်စာပေ မှာ Track Path Mark စတဲ့ စကားလုံးတွေ နဲ့ နီးစပ်ပေမဲ့ ဒယ်ရီဒါကို ဘာသာပြန်ဆိုခဲ့တဲ့ Spivak က Trace ဆိုတဲ့ အင်္ဂလိပ်စာလုံး ကပဲ ဒယ်ရီဒါ ဆိုလိုချင်တာနဲ့ အနီးစပ်ဆုံးပဲလို့ ယူဆပြီး ပြန်ဆိုခဲ့တယ်။[4]

ဒယ်ရီဒါ အနေနဲ့ ကတော့ Trace ကို ပုံသေ အနက်တစ်ခု မဖွင့်ဆိုချင်ပါဘူး။ Trace ဟာ သူ့ ရဲ့ အခြား ဒဿနဝေါဟာရတွေ ဖြစ်တဲ့ Differance  “arché-writing”, “pharmakos/pharmakon”, and especially “specter” ဒဿနစကားလုံးတွေ နဲ့ အနက်ချင်း အလွန်နီးကပ် ဆက်စပ်မှု ရှိပါတယ်။ ဒါပေမဲ့ ပုံသေ အနက်အဓိပ္ပါယ် ဖွင့်ဆိုတာဟာ အနောက်တိုင်း ဒဿန ရဲ့ ရောဂါတစ်ခုလို့ မြင်တဲ့ အတွက် ခိုင်မာတဲ့ စွဲယူမှု တစ်ခုခု မဖြစ်စေချင်တဲ့ အတွက် သူက Trace ကို အနက်ဖွင့် မရှင်းခဲ့တာပဲ ဖြစ်တယ်။

တကယ်တော့ Trace ဆိုတာ

·        ရှိခဲ့တဲ့အရှိတရားတစ်ခုရဲ့ မရှိတော့တဲ့ အရိပ်လက္ခဏာ/"mark of the absence of a presence, an always-already absent present"
·        လူ့ အတွေ့အကြုံအသိတရားတွေ ထဲ မှာ မရှိမဖြစ်ပါနေတဲ့ မူလလပ်ဟာမှု-ချို့ငဲ့မှုသဘော/ the ‘originary lack’ that seems to be "the condition of thought and experience"

လို့ပဲ ဆိုနိုင်မယ်။

ဒယ်ရီဒါရဲ့ အလိုအရ Trace ဆိုတာ ဘာသာစကား ရဲ့ နှလုံးသည်းပွတ်မှာ တည်နေတဲ့ မူလ အံချော်နေတဲ့ အလွဲတရား တစ်ခုသာ ဖြစ်တယ်။ (The Languages of Criticism and The Sciences of Man: the Structuralist Controversy; ed. by Richard Macsey and Eugenio Donato; Baltimore, 1970, p. 254)

အထက်မှ ရှင်းပြခဲ့သလိုပဲ Deconstruction   ဆိုတာ တစ်ခြား ဝေဖန်ဆန်းစစ်မှုတွေ အနက်အဓိပ္ပါယ်ဖွင့်ဆိုရှင်းပြမှုတွေ လိုမဟုတ်ပဲ အရေးအသား-စာသား တစ်ခု ရဲ့ အတွင်းသဘော မှာ ရှိနေတဲ့ နဂိုမူလ ၀ိရောဓိဖြစ်နေတဲ့ ဆန့်ကျင်ဖက် အယူအဆတွေ ကို ပေါ်လွင်လာအောင် ဖေါ်ထုတ်ပေးတဲ့ လင်းပြပေးတဲ့ ဖြစ်စဉ်သာ ဖြစ်တယ်။

ဒယ်ရီဒါ ရဲ့ အမြင်အရဆိုရင် ဒီ ((နဂိုမူလ ၀ိရောဓိဖြစ်နေတဲ့ ဆန့်ကျင်ဖက် အယူအဆတွေ)) ဆိုတာ ဘာသာစကား ထဲ ကို မတော်တစ်ဆ ရောက်လာတာ မဟုတ်ပဲ ဘာသာစကား ကို ဖွဲ့စည်းထားတဲ့ အခြေခံ အသွေးအသားတွေ ပဲ ဖြစ်တယ်။ လူသား ရဲ့ ပကတိအရှိသဘော ကို စွဲနေတဲ့ အမြင် / “metaphysics of pure presence” ဘာသာစကားထဲ မှာ ဋ္ဌာပနာထားတဲ့ ဘာသာစကားပြင်ပက အညွှန်းခံအရှိတရား/ the “transcendental signified” ဆိုတာတွေကို ဖေါ်ပြနေတဲ့ သဲလွန်စ-အရိပ်အမြွက်လေးတွေ ဟာ Trace တွေပါပဲ။ တစ်နည်းအားဖြင့် Trace ဆိုတာ စကားလုံးတိုင်းရဲ့ အတွင်းသားမှာ ရှိနေတဲ့ အနက်စစ် မရှိမှု-ပျောက်ဆုံးမှု/Effacement of a presence (သို့မဟုတ်)-အဆုံးမရှိ ရွှေ့ပြောင်း ပျောက်ပျက်သွားတဲ့ အရှိတရားရဲ့ အရိပ်အမြွက်/ the simulacrum of a presence that dislocates, displaces, and refers beyond itself လို့သာ ဆိုနိုင်ပါလိမ့်မယ်။ ကိုယ်အရိပ်နောက်ကိုယ်ပြေးလိုက်တဲ့သူရူး ကိုယ့်အမြီး ကို ကိုယ်ပြန်ဖမ်းနေတဲ့ကြောင် ဆိုတာတွေ ကို Trace ရဲ့ ရူပကပုံရိပ်တွေ အနေနဲ့ တင်စားရှုမြင်ကြည့်ရင် နည်းနည်းတော့ သဘောပေါက်နိုင်မယ်ထင်တယ်။

Trace ဆိုတာ အတိတ်နဲ့ ဆက်စပ်သလောက် အနာဂတ်နဲ့လဲပတ်သက်နေပါတယ်။ ပစ္စုပ္ပန်တည့်တည့်မှာ ထိသိရတဲ့ မရှိခြင်း ရွှေ့လျှားနေခြင်း သဘောတွေနဲ့လဲ ပတ်သက်နေပါတယ်။ အချိန်ရဲ့ အသွင်တွေ အားလုံးနဲ့ ၀ိသေသသဘောနဲ့ ဆက်စပ်နေတယ်လို့ ပဲ ဆိုနိုင်ပါလိမ့်မယ် လို့ ဒယ်ရီဒါ ကဆိုခဲ့ပါတယ်။[5]

Under the Erasure (sous rapture)
နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ အယူအဆ တစ်ခုကတော့ Under the Erasure ဆိုတဲ့ ထူးခြားတဲ့ အရေးအသား ပါ။ ဒီ စတိုင်လ် က မာတင်ဟိုက်ဒေဂါ ရဲ့ ဒဿနအမြင်မှာ ကတည်းက စတင်ခဲ့တယ်။ ဝေါဟာရ စကားလုံး တွေ ရဲ့ေ၀၀ါးမှု လှည့်ဖျားမှု နဲ့ မရှိမဖြစ် အသုံးပြုနေရမှု တွေ ကို ညွှန်း ဆိုပါတယ်။ အရှိတရား= Being ကို အပေါ်က မျဉ်းတစ်ကြောင်းနဲ့ထပ်ဖျက်ပြီး ဖေါ်ပြတဲ့ အခါ   (Being)    ရယ်လို့ ဖြစ်လာတယ်။ Being ဆိုတဲ့ စကားလုံး ဟာ အရှိတရား ကို ညွှန်းဖို့ အတွက် အပြည့်အ၀လဲ မလုံလောက် ပေမဲ့ သူ့ ကို မသုံးလို့ လဲ မဖြစ်ဘူး ဆိုတဲ့ အဓိပ္ပါယ် ပေါ်လွင်နေပါတယ်။ ဘာသာစကား ရဲ့ လွဲရှောင်လို့ မရနိုင်တဲ့ အခြေအနေ ကို ဒယ်ရီဒါ က ဒီလို မျဉ်းနဲ့ဖျက်ထားတဲ့ စကားလုံးတွေ နဲ့ တင်ပြခဲ့တယ်။ ဒီ တင်ပြပုံ ဟာ စကားလုံးတွေ ရဲ့ ပကတိ အနက်တွေ ကို အပြည့်အ၀ မယုံကြည်ဖို့ နဲ့ အနက်အဓိပ္ပါယ်ရဲ့ ပြန့်ဝေးလွင့်မျော နေတတ်တဲ့ သဘာဝ ကို မမေ့ဖို့ သတိပေးနေသလိုပဲ ဖြစ်ပါတယ်။

Possible and Impossible Aporias
ဒယ်ရီဒါ ဟာ နောက်ပိုင်းကာလတွေမှာ လူမှုဆိုင်ရာကိစ္စရပ်တွေထဲက Aporia လို့ ခေါ်တဲ့ ယုတ္တိနှစ်ခွစွန်းထွက်နေတဲ့ ပဟေဠိဆန်ဆန် အကြောင်းအရာတွေကို စိတ်ဝင်စားလာခဲ့တယ်။ ပေးကမ်းခြင်း(Giving/Gift) ခွင့်လွှတ်ခြင်း (Forgiveness)  ဧည့်ဝတ်ကျေပွန်ခြင်း (Hospitality)  လွမ်းဆွတ်ကြေကွဲဝမ်းနည်းခြင်း (Mourning)  ဆုန်းဆုန်းဖြတ်ဖြတ် မဆုံးဖြတ် နိုင်ခြင်း (Undecidability) စတဲ့ အကြောင်းအရာတွေပဲ ဖြစ်ပါတယ်။ သူ့ အမြင်မှာတော့ ဒီ အကြောင်းအရာတွေ မှာ အတွင်းသဘောဆန့်ကျင်ဖက်ဖြစ်နေတဲ့ ၀ိရောဓိအစွန်းတွေ ကိန်းအောင်းနေတယ် ဒီ အရာတွေ ဖြစ်နိုင်ဖို့ အတွက် ဒီအရာတွေ မဖြစ်နိုင်တဲ့ ဆန့်ကျင်ဖက်အခြေအနေတွေ က အမြဲ တွဲ လိုက်ပါနေတဲ့ အချက်ကို ထောက်ပြခဲ့တယ်။ ဒီနေရာမှာတော့ အိန္ဒိယ မဟာယာနဗုဒ္ဓဒဿနပညာရှင်ကြီး အရှင်နာဂ္ဂဇ္ဇုနရဲ့ တွေးခေါ်တင်ပြပုံတွေနဲ့ အလွန်ဆင်တူ နေဟန်ရှိတာကို တွေ့မြင်နိုင်ပါတယ်။ စိတ်ကဖန်ဆင်းသမျှ အတွေးတွေ ဝေါဟာရစကားလုံးတွေ ဟာ အတွင်းဝိရောဓိတရားတွေ နဲ့ အတိပြီးနေတယ်။ မိမိတို့ ကိုယ်ကို မိမိတို ဘာသာပြန်ပြီးတိုက်ဖျက်ချေမှုန်းနေတယ်လို့ အရှင်နာဂ္ဂဇ္ဇုနရဲ့ မာဓျမိကဗုဒ္ဓဒဿန ကို ဖွင့်ဆိုပါတယ်။ ဒယ်ရီဒါ ရဲ့ ဒဿနဟာ အံ့သြဖွယ်ကောင်းလောက်အောင် မာဓျမိကဗုဒ္ဓဒဿန ရဲ့ လုပ်ထုံးနည်းဟန်တွေ နဲ့ ဆင်တူနေပါတယ်။
(က) ပေးကမ်းခြင်း/လက်ဆောင် (Giving/Gift)
လူသားတွေဟာ အကြောင်းအမျိုးမျိုး ရည်ရွယ်ချက်အမျိုးမျိုးနဲ့ တစ်ဦးကိုတစ်ဦး လက်ဆောင်တွေ ပေးကမ်းကြတယ်။ လက်ဆောင်ပေးခြင်းနဲ့ ပတ်သက်တဲ့ Aporia ကတော့ လက်ဆောင်တစ်ခုဟာ လက်ဆောင်အစစ်ဖြစ်ဖို့အတွက် လက်ဆောင်မှန်းမသိသာစေဖို့ လိုအပ်တယ်ဆိုတာပါပဲ။ လက်ဆောင်ဆိုတာ အပေး-အယူ ဆိုတဲ့ အပြန်အလှန်စက်ဝန်း သဘောထဲမှ ကင်းလွတ်နေမှသာ လက်ဆောင်အစစ်ဖြစ်နိုင်မယ်လို့ ဆိုလိုပါတယ်။ လက်ဆောင် ဆိုတာ မိမိအကျိုး အတွက်ငဲ့ကွက်လုပ်ဆောင်တဲ့ တွက်ကိန်းပါတဲ့တွေးလုံးတွေ ကို လဲ လွန်မြောက်နေရမှာ ဖြစ်တယ်။ ဒါပေမဲ့ တကယ့်လက်တွေ့လူမှုဘ၀၀န်းကျင်မှာ လက်ဆောင်လို့သတ်မှတ်တဲ့အရာတွေက လက်ဆောင်ဖြစ်ခြင်းရဲ့ အခြေခံ လိုအပ်ချက် တွေ ကို ဆန့်ကျင်နေတာကို တွေ့ရတယ်လို့ ဒယ်ရီဒါက ထောက်ပြပါတယ်။

လက်ဆောင်ပေးတဲ့သူက သူလက်ဆောင်ရခဲ့ဖူးတဲ့ အတွက် တန်ပြန်ပေးတာလဲဖြစ်နိုင်သလို သူ့ ရဲ့ ကိုယ်ကျိုးစီးပွား တစ်ခုခုအတွက် မျှော်ကိုးပြီးပေးတာလဲ ဖြစ်နိုင်ပါတယ်။ ဒါဆိုရင်ကိုပဲ လက်ဆောင်အစစ်ဖြစ်ခြင်း ရဲ့ ဂုဏ်အင်တွေ ချို့တဲ့ ပျောက်ကွယ်သွားပါပြီ။ လက်ဆောင်ကို လက်ခံ သူက ကျေးဇူးတင်ပါတယ် လို့ ပြန်ပြောလိုက်တဲ့ ခဏ မှာ ပဲ လက်ဆောင်ဟာ လက်ဆောင်မဟုတ်တော့ ပဲ အပေး-အယူ အပြန်-အလှန် အတုန့်-အလှည့် ဆိုတဲ့ အရာတွေ ရဲ့ စက်ဝန်းထဲ ကျရောက်သွားရပါပြီ။ လက်ဆောင်ရရှိသူက ကျေးဇူးတင်တဲ့ အကြောင်း ပြောလိုက်ရုံနဲ့ လက်ဆောင်ရဲ့ အတုန့်အပြန်အကြွေးကို ချေဖျက်လိုက်သလို ဖြစ်တတ်သလို အလားတူလက်ဆောင်မျိုး ပြန်ပေးခြင်းဖြင့်လဲ အတုန့်အလှည့်စက်ဝန်း ကို လည်ပတ်စေပြန်ပါတယ်။

လက်ဆောင်ပေးသူ ကလဲ ပေးမှန်းသိသိနဲ့ ပေးကမ်းရင် လက်ဆောင်အစစ် မမည်တော့ပြန်ပါဘူး။ သူ့ ကိုယ်သူ လက်ဆောင်ပေးသူ အဖြစ်နဲ့ သိနေသရွေ့ အသိအမှတ်ပြုခံရတာကို သိနေသရွေ့ ပေးကမ်းမှုစစ်စစ် လို့ မဆိုနိုင်ပြန်ဘူး။ ဒါမျိုးက ရယူမှုပါဝင်နေတဲ့ ပေးကမ်းခြင်း ဖြစ်နေလို့ပါပဲ။ ဒါက တော်တော် အစွန်းရောက်လွန်းတဲ့ သုံးသပ်ချက်ပဲလို့ ဆိုချင်ဆိုနိုင်တယ်။ ဒါပေမဲ့ ဒယ်ရီဒါ ရဲ့ အလိုအရ အတုန့်အလှည့်မပါတဲ့ ပေးကမ်းခြင်းစစ်စစ် လက်ဆောင် စစ်စစ် မဖြစ်နိုင်ပုံ ကို ထောက်ပြတာပဲ ဖြစ်ပါတယ်။ ပေးကမ်းခြင်းတိုင်း မှာ ပြန်လည်ရယူလိုခြင်း က အမြဲအရိပ်လိုကပ်ပါနေတဲ့ Aporia အကြောင်းကို သူက လင်းပြခဲ့တာဖြစ်တယ်။

(ခ) ဧည့်ဝတ်ကျေပွန်ခြင်း (Hospitality) 
ဒယ်ရီဒါရဲ့ အမြင်မှာ ဧည့်ဝတ်ကျေပွန်ခြင်းသဘော စစ်စစ်ဟာ ပေးကမ်းခြင်း လက်ဆောင်စစ်စစ် လိုပဲ မဖြစ်နိုင်တဲ့ အရာတစ်ခုပါ။ မိမိ အိမ်ကို မိတ်ဆွေ သို့မဟုတ် လူစိမ်းဧည့်သည်တစ်ယောက် ရောက်လာတဲ့ အခါ ပျူပျူငှာငှာ နဲ့ ((အားမနားပါနဲ့ ကိုယ့်အိမ်ကိုယ့်ယာ လိုပဲ သဘောထားပါ)) လို့ ဆိုလေ့ရှိတတ်ကြတယ်။ အစားအသောက် တည်ခင်း ဧည့်ခံကျွေးမွေးတာတွေလဲ လုပ်ပေးတတ်ကြတယ်။ ဒါကိုပဲ ဧည့်ဝတ်ကျေပွန်ခြင်း လို့ ဆိုတတ်ကြတယ်။ တကယ်တော့ ဧည့်သည် ကို ကိုယ့်အိမ်ကိုယ့်ယာ လိုပဲ သဘောထားဖို့ ပြောဆိုမှုထဲမှာ ကိုပဲ ဒီ အိမ်ဒီယာ ဒီနေရာ ရဲ့ အရှင်သခင်ဟာ မိမိ ဖြစ်ကြောင်း သူ့ကို အသိပေး ပြောဆိုလိုက်ခြင်းပါပဲ။ ဒီနေရာဟာ ကျုပ်ရဲ့ ပိုင်နက်ဖြစ်တယ် ကျုပ် ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိတဲ့ အတွက် သင့် ကို သင့်အိမ်သင့်ယာသဖွယ် (ယာယီ) သဘောထားခွင့်ပြုပေးလိုက်မယ်လို့ ဆိုတာပါပဲ။ ဒယ်ရီဒါ ရဲ့ အလိုအရ တစ်စုံတစ်ယောက်ဟာ ဧည့်ဝတ်ကျေပွန်နိုင်ဖို့ အတွက် အရင်ဆုံး အဲဒီနေရာရဲ့ ပိုင်ရှင် ဖြစ်ဖို့လိုပါတယ်။ ဒီတော့ အိမ်ရှင်ဟာ ဧည့်သည်အပေါ် ဧည့်ဝတ်ကျေပွန်နိုင်ဖို့အတွက်ဆိုတာ ဧည့်သည်ကို ထိန်းချုပ်နိုင်တဲ့ အနေအထားနဲ့ မိမိပိုင်နက်အပေါ် မကျူးကျော်မသိမ်းပိုက်အောင် လွှမ်းမိုးချုပ်ကိုင်စွမ်းရှိနိုင်တဲ့ အနေအထားတွေ လိုအပ်နေပါတယ်။ ဧည့်ဝတ်ကျေပွန်ခြင်းရဲ့ အနှစ်သာရထဲမှာ ကို နဂို နဲ့ ယာယီ ၊ ပိုင်ရှင် နဲ့ လက်မဲ့ ထိန်းချုပ်သူ နဲ့ ထိန်းချုပ်ခံ ဆိုတဲ့ ဆက်နွယ်မှုတွေ ပါနေတဲ့ အကြောင်း ကို သူက ထောက်ပြ ပါတယ်။ ဒါကြောင့် အကြွင်းမဲ့ ပြည့်စုံတဲ့ ဧည့်ဝတ်ကျေပွန်ခြင်း ဆိုတာ ထိန်းချုပ်မှုမရှိပဲ ဧည့်သည်ကို အပြည့်အ၀၀န်ဆောင်ခြင်းလို့ သတ်မှတ်ရင် ဒီလို ဧည့်ဝတ်ကျေပွန်ခြင်း မျိုးဟာ မဖြစ်နိုင်တဲ့ အတွင်းဝိရောဓိတွေ ပြွမ်းတီးနေတဲ့ Aporia ဖြစ်တဲ့ အကြောင်း ဒယ်ရီဒါက တင်ပြသွားပါတယ်။

(ဂ) ခွင့်လွှတ်ခြင်း (Forgiveness)
နောက်ထပ်ပြီး ခွဲခြမ်းစိတ်ဖြာသုံးသပ်ပြခဲ့တဲ့ လူမှုဆက်ဆံရေးကိစ္စရပ်တစ်ခု ကတော့ ခွင့်လွှတ်ခြင်း အကြောင်းပါပဲ။ ဒယ်ရီဒါ က ခွင့်လွှတ်ခြင်းစစ်စစ် ဟာ လောကမှာ မဖြစ်နိုင်တဲ့ အတွင်းဝိရောဓိတွေနဲ့ ရုန်းကန်နေရတဲ့ Aporia တစ်ခုပဲလို့ ဆိုလာပါတယ်။ သာမန်အားဖြင့်တော့ ခွင့်လွှတ်ခြင်း ဆိုတာ လောကမှာ အထင်အရှား ရှိနေသလို လူတိုင်းသိနေတဲ့ ကိစ္စတစ်ခုဖြစ်တယ်။ ဒီလို ကိစ္စ ကို မဖြစ်နိုင်ဘူးလို့ သူက ဘယ်လို ဆင်ခြေပေးသလဲဆိုတာ ကြည့်ကြပါစို့။

ဒယ်ရီဒါ ရဲ့ အာဘော်ကတော့ ခွင့်လွှတ်ခြင်းစစ်စစ် ဖြစ်ဖို့ အတွက် ခွင့်မလွှတ်နိုင်လောက်တဲ့ လွန်ကျုးမှုတွေ နာကျင်စေမှုတွေ ဆုံးရှုံးစေမှုတွေ ကို ခွင့်လွှတ်ပေးဖို့ လိုအပ်တယ် လို့ဆိုပါတယ်။ အလွယ်တစ်ကူ ခွင့်လွှတ်နိုင် လောက်တဲ့ သေးသေးဖွဲဖွဲလေးတွေကို ခွင့်လွှတ်တယ်ဆိုတာ သာမန်တွက်ချက်ချိန်ဆ စဉ်းစားတဲ့ သဘောလောက်ပဲလို့  သူက ယူဆတယ်။ ခွင့်မလွှတ်နိုင်လောက်အောင်လေးလံကြီးမားတဲ့ ကိစ္စမျိုး ကို ခွင့်လွှတ်နိုင်မှ ခွင့်လွှတ်ခြင်း ပီပီပြင်ပြင်မည်တဲ့ အတွက် ခွင့်လွှတ်ခြင်း ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စ လို့ သူက ဆိုခြင်းဖြစ်တယ်။ခွင့်မလွှတ်နိုင်တာ နဲ့ ခွင့်လွှတ်နိုင်တာ ဆိုတဲ့ အကြောင်းကိစ္စရပ် နှစ်ခုဟာ တစ်ပြိုင်တည်း အတူတူ ဖြစ်ရိုးထုံးစံ မရှိလို့ပါပဲ။ ကိစ္စတစ်ခု လွန်ကျူးမှုတစ်ခုကို ခွင့်လွှတ်ပေးလိုက်တာနဲ့ ဒီကိစ္စ ဒီလွန်ကျူးမှုဟာ ခွင့်မလွှတ်နိုင်လောက်တဲ့ အကြောင်းအရာ မဟုတ်တော့လို့ပါပဲ။ နည်းနည်းတော့ သဘောပေါက်ကြမယ်ထင်ပါတယ်။

ခွင့်မလွှတ်နိုင်လောက်တဲ့ကိစ္စ ခွင့်မလွှတ်သင့်တဲ့ကိစ္စမျိုး ကို နိုင်ငံရေးရှုထောင့် ဥပဒေရှုထောင့်တွေက ထောက်ထား ပြီးတော့ ခွင့်လွှတ်ပေးတယ်ဆိုရင်လဲ ဒါဟာ ခွင့်လွှတ်ခြင်းစစ်စစ် ရဲ့ ဘောင်ကိုကျော်လွန်နေတဲ့ ဆင်ခြင်စဉ်းစား တွက်ဆမှုသဘော အပေးအယူသဘောမျှသာ ဖြစ်ပါလိမ့်မယ်။ ခွင့်လွှတ်သင့်တယ်လို့ ဆင်ခြင်တုံ တရားက ဆုံးဖြတ်တဲ့ အတိုင်းလိုက်နာတာဟာ အမှန်တကယ် ခွင့်လွှတ်ခြင်းစစ်စစ် မဖြစ်နိုင်ပါဘူး။ ဥပဒေအရ လွတ်ငြိမ်းချမ်းသာခွင့် ပေးတာတွေ ပြန်လည်စေ့စပ်ဖြန်ဖြေညှိနှိုင်းတာတွေ အားလုံးဟာ လဲ ခွင့်လွှတ်ခြင်းစစ်စစ် ရဲ့ အသွင်တွေ မဟုတ်ကြ ပါဘူး။ လုပ်သင့်လုပ်ထိုက်တာကို တွက်ကိန်းနဲ့ လုပ်ဆောင်တဲ့ အပြုအမူတွေသာ ဖြစ်ပါသတဲ့။

အလားတူပဲ ဘာသာရေး အတွေးအမြင်ရှုထောင့်ကနေ တရားနဲ့ဖြေတွေးပြီး ခွင့်လွှတ်တယ်ဆိုတာမျိုးကလဲ ခွင့်လွှတ်ခြင်းစစ်စစ် မဟုတ်နိုင်ဘူး။ ဘာသာရေး အယူအဆအရ ကိုယ်ခံစားခဲ့ရတာတွေဟာ ကိုယ့်အတိတ်ဘ၀ဟောင်းရဲ့ ကံအကြွေးပဲလို့ ဖြေတွေးမယ် ဒါမှမဟုတ် ဘုရားသခင်ရဲ့ အလိုတော်ပဲလို့ ကိုယ့်စိတ်ကို ကိုယ်နှစ်သိမ့်ပြီးတော့ တစ်ဖက်လူကို ခွင့်လွှတ်မယ်ဆိုလဲ ဒါက ခွင့်လွှတ်ခြင်းစစ်စစ် မဖြစ်ပြန်ဘူး။ ဘာကြောင့်လဲဆိုတော့ ဘာသာရေး အမြင်နဲ့ ဖြေလျှော့တွေးထင်လိုက်တဲ့ အခါ ခွင့်လွှတ်စရာ အပြစ်ဒဏ်ကြွေးရယ်လို့ မြင်စရာ မလိုတော့တဲ့ အတွက်ပဲ ဖြစ်တယ်။ ဒါကလဲ ခွင့်လွှတ်ခြင်းစစ်စစ် ရဲ့ ဘောင်ကိုကျော်လွန်နေတဲ့ ယုံကြည်သက်ဝင်မှုနယ်ပယ်က တွေးလုံးတစ်ခုသာ ဖြစ်တယ်လို့ ဒယ်ရီဒါက ဆိုပါတယ်။

ခွင့်လွှတ်ခြင်းစစ်စစ် ရဲ့ သဘောမှာ သူရယ် ငါရယ် ပြုကျင့်စော်ကားသူရယ် စော်ကားခံရသူရယ် ဆိုတာတွေ က အမြဲ ဒွန်တွဲလို့ ကွဲပြားခြားနားနေမှာ ဖြစ်ပြီးတော့ မကျက်နိုင်တဲ့ အနာဒဏ်ရာတစ်ခုလိုပဲ တင်းမာနာကျင်စရာ ဖြစ်နေရမှာပါ။ ခွင့်လွှတ်လို့မရနိုင်ခြင်း ကိုယ်တိုင်ကပဲ ခွင့်လွှတ်ခြင်းစစ်စစ် ရဲ့ အသက်ဝိညာဉ်မို့ ခွင့်လွှတ်ခြင်းဟာ ဘယ်တော့မှ ဖြစ်မလာနိုင်တဲ့ Aporia တစ်ခုသာ ဖြစ်တယ်လို့ ဒယ်ရီဒါ က ဆိုခဲ့ပါတယ်။

(ဃ) လွမ်းဆွတ်ကြေကွဲဝမ်းနည်းခြင်း (Mourning) 
လူတိုင်းရဲ့ ဘ၀မှာ ကိုယ် သိပ်ချစ်ခင်မြတ်နိုးတဲ့သူတွေ သေဆုံးကွယ်လွန်လို့ ကိုယ့်ကိုထာဝရ ခွဲခွာသွားရတဲ့ အခါမျိုးမှာ လွမ်းဆွတ်တသ လို့ ၀မ်းနည်းကြေကွဲရလေ့ရှိပါတယ်။ ဒါပေမဲ့ ကိုယ်ချစ်တဲ့သူ သေဆုံးသွားလို့ အောင်အောင်မြင်မြင် လွမ်းဆွတ်ကြေကွဲဝမ်းနည်းနိုင်တယ်ဆိုရင် ဒါဟာ မအောင်မြင်တဲ့ လွမ်းဆွတ်ကြေကွဲဝမ်းနည်းခြင်း ပဲလို့ ဒယ်ရီဒါက ဝေဖန်လိုက်ပါတယ်။ ဒယ်ရီဒါက လွမ်းဆွတ်ကြေကွဲဝမ်းနည်းခြင်းစစ်စစ်ဟာ လောကမှာ မဖြစ်နိုင်တဲ့ အတွင်းဝိရောဓိ တွေနဲ့ ရုန်းကန်နေရတဲ့ နောက်ထပ် Aporia တစ်ခုပဲလို့ ဆိုလာပြန်ပါတယ်။ ဒါက တစ်ကယ် ဦးနှောက်ခြောက်စရာ အတွေးတစ်ခု ခက်ခက်ခဲခဲ တွေးယူရမဲ့ ဒဿနတစ်ခုပါ။

ကိုယ်ချစ်တဲ့သူ သေဆုံးသွားလို့ အောင်အောင်မြင်မြင် လွမ်းဆွတ်ကြေကွဲဝမ်းနည်းနိုင်တယ်ဆိုတာဟာ တကယ်တော့ သေဆုံးသူရဲ့ အရှိတရားကို မိမိဘ၀ရဲ့အရှိတရားထဲက အစိတ်အပိုင်းတစ်ခုအဖြစ် အောင်အောင်မြင်မြင် သိမ်းဆည်း သွတ်သွင်းနိုင်လိုက်တာပဲဖြစ်ပါတယ်။ အောင်မြင်စွာလွမ်းဆွတ်ကြေကွဲမှုရဲ့အလွန်မှာ ကိုယ့်ချစ်ခင်တဲ့သူဟာ ကိုယ့်အတ္တ ရဲ့ အစိတ်အပိုင်းတစ်ခုသာဖြစ်သွားတာမို့ သူ့ရဲ့ သီးခြားတည်ရှိနေမှုကို ဖျောက်ဖျက်ပစ်လိုက်တဲ့သဘောပါပဲ။ ဒါကို ဒယ်ရီဒါက “သစ္စာမဲ့သော သစ္စာရှိမှု” (Unfaithful Fidelity) လို့ ၀ိဂြိုဟ်ပြုခေါ်ဝေါ်ခဲ့ပါတယ်။ စိတ်ပညာ မှာတော့ ဒီဖြစ်စဉ်ကို Introjection/ အတွင်းအဇ္ဇျတ္ထသို့သွတ်သွင်းခြင်း လို့ ခေါ်ကြပါတယ်။

ဆန့်ကျင်ဘက်အနေနဲ့ မအောင်မြင်တဲ့ လွမ်းဆွတ်ကြေကွဲမှု ကသာ တကယ် အောင်မြင်တဲ့ လွမ်းဆွတ်ကြေကွဲမှု ဖြစ်တယ်လို့ ဒယ်ရီဒါက ဆိုပြန်ပါတယ်။ ဘာကြောင့်လဲ။ လွမ်းဆွတ်ကြေကွဲမှု က မအောင်မြင်တဲ့အခါ မှာ ကွယ်လွန်သွားတဲ့ ကိုယ့်ချစ်သူဟာ ကိုယ့် အတွင်းအဇ္ဇျတ္ထထဲမှာ ရှိနေပေမဲ့ ကိုယ့်အတ္တထဲကို တစ်သားတည်း ပေါင်းစည်းဝင်ရောက်မသွားပဲ သီးခြားတည်ရှိနေလို့ပါပဲ။ ဒါမှသာ ချစ်တဲ့သူရဲ့ သီးခြားဖြစ်တည်မှုဘ၀ကို မဖျောက်ဖျက်ပစ်ပဲ သူ့သဘောအတိုင်းသူရှိနေစေတဲ့အပြင် ဒီလိုရှိနေမှလဲ လွမ်းဆွတ်ကြေကွဲမှု ဆိုတာကလဲ အဓိပ္ပါယ် သက်ဝင်နိုင်မှာဖြစ်တယ်။ ဒီသဘောကို စိတ်ပညာမှာ Incorporation/ အတွင်းအဇ္ဇျတ္ထ မှာ သိမ်းဆည်းထားခြင်း လို့ ခေါ်ကြပါတယ်။ ဒီ သဘောတရား နှစ်ခုရဲ့ အပြန်အလှန်ငြင်းပယ်နေပုံကို ဒယ်ရီဒါက အောင်မြင်မှုက ရှုံးနိမ့် ။ ရှုံးနိမ့်ခြင်း က အောင်ပွဲဆင် (Success fails, whereas Failure succeeds) လို့ ကဗျာဆန်ဆန် ပြောခဲ့ပါတယ်။ ဒယ်ရီဒါရဲ့ အယူအဆကတော့ လွမ်းဆွတ်ကြေကွဲခြင်း စစ်စစ် ဆိုတာ Introjection/ အတွင်းအဇ္ဇျတ္ထသို့သွတ်သွင်းခြင်း လဲ မဟုတ်သလို Incorporation/ အတွင်းအဇ္ဇျတ္ထ မှာ သိမ်းဆည်းထားခြင်း မျိုးလဲ မဟုတ်ပဲ တစ်ပါးသူရဲ့ သီးခြားဖြစ်တည်မှုဘ၀ကို တန်ဖိုးထား အလေးအမြတ်ပြုပေးခြင်း သဘောပဲ ဖြစ်ပါတယ်။

(င) ဆုန်းဆုန်းဖြတ်ဖြတ် မဆုံးဖြတ် နိုင်ခြင်း (Undecidability)
လူသားတွေရဲ့ ဘ၀ရှင်သန်မှုမှာ ရွေးချယ်ဆုံးဖြတ်ရတဲ့ အချိန်တွေရှိပါတယ်။ ဒါကြောင့် ရွေးချယ်ဆုံးဖြတ်ခြင်း (Deciding) အကြောင်း ကို ဒယ်ရီဒါက စေ့ငုဝေဖန် လေ့လာပါတယ်။ ခွင့်လွှတ်ခြင်း ကို ခွဲခြမ်းစိတ်ဖြာစဉ်က ခွင့်လွှတ်ခြင်းရဲ့ အနှစ်သာရဟာ ခွင့်လွှတ်လို့မရနိုင်ခြင်းပဲဖြစ်တယ်ဆိုတာတွေ့ရှိခဲ့သလို အခု ရွေးချယ်ဆုံးဖြတ်ခြင်း နဲ့ ပတ်သက်ပြီး စဉ်းစားတဲ့အခါမှာလဲ ဆုန်းဆုန်းဖြတ်ဖြတ် မဆုံးဖြတ်နိုင်ခြင်း (Undecidability) ဟာ ရွေးချယ်ဆုံးဖြတ်ခြင်း ရဲ့ မရှိမဖြစ်လိုအပ်နေတဲ့ အနှစ်သာရပဲ ဆိုတာ တင်ပြခဲ့ပြန်တယ်။

လူဟာ တစ်ခုခု ကို ရွေးချယ်ဆုံးဖြတ်ရတဲ့ အခါမှာ ကြောင်းကျိုးဆင်ခြင်ဉာဏ်ကို သုံးလေ့ရှိတယ်။ ဒါပေမဲ့ ဒီ ဆင်ခြင်ဉာဏ် က အချက်အလက်တွေ ကိုပဲ ပေးနိုင်ပါတယ်။ ဒိန်းလူမျိုးဒဿနပညာရှင် ကဲကီးဂါဒ် (Kierkegaard) ရဲ့ စကားနဲ့ပြောရရင် ရွေးချယ်ဆုံးဖြတ်ခြင်းဆိုတာ ယုံကြည်မှုသက်သက်ဖြင့်ခုန်ကူးခြင်း(Leap of Faith) သဘောမျိုး ပဲဖြစ်တယ်။ ဒါကြောင့် ရွေးချယ်ဆုံးဖြတ်ခြင်း အခိုက်ခဏ ကို ရူးသွပ်တဲ့အခိုက်ခဏ ဒါမှမဟုတ် ဆင်ခြင်ခြင်း နဲ့ တွက်ချက်စဉ်းစားခြင်းတွေ ရဲ့ နယ်နိမိတ်ကို လွန်နေတဲ့ ကိစ္စအဖြစ် မြင်နိုင်တယ်လို့ ဒယ်ရီဒါက ယူဆ ပါတယ်။ ကောင်းဆိုး အကျိုးအပြစ်ကို ကြိုတင်သိပြီး လုပ်ဆောင်တာမျိုးဟာ တကယ့် ရွေးချယ်ဆုံးဖြတ်ခြင်း စစ်စစ် မဖြစ်နိုင်ဘူးလို့ သူက ထောက်ပြတယ်။ မရေရာတဲ့ အခြေအနေ ဆုန်းဆုန်းဖြတ်ဖြတ် မဆုံးဖြတ်နိုင်တဲ့ အနေအထားတွေ မှာ ပဲ တကယ့် ဆုံးဖြတ်ခြင်းဆိုတာ ရှိတယ်လို့ ဒယ်ရီဒါက ပြောခဲ့ပါတယ်။ ဒါကြောင့် မဆုံးဖြတ်နိုင်တာကိုဆုံးဖြတ်နေရခြင်းဟာ အတွင်းဝိရောဓိတွေနဲ့ ရုန်းကန်နေရတဲ့ Aporia တစ်မျိုးပဲ ဖြစ်တဲ့ အကြောင်း ဒယ်ရီဒါက ယူဆခဲ့တာဖြစ်တယ်။

တင်ပြဖို့ခက်ခဲတဲ့ အရိပ်ပမာ ဒဿနဆရာ
ဒီလောက်အထိ သည်းခံဖတ်ခဲ့ပြီးပြီ ဆိုရင်တော့ ဒယ်ရီဒါ ရဲ့ ဒဿနကို အတန်ငယ် ဆ၀ါးကြည့်နိုင်ပြီလို့တော့ ထင်ပါတယ်။ သူဟာ စာရေး အလွန်သန်တဲ့ သူပါ။ ကျမ်းစာအုပ်ပေါင်း ၇၀ ကျော် ရေးသားခဲ့တယ်။ ဒီနေ့အထိ ဘာသာပြန် ကျမ်းတွေ က ဆက်လက်ထွက်နေဆဲပါပဲ။ ဒီ စာအုပ်တွေ ထဲ မှာ သူ့ရဲ့ ကိုယ်ပိုင် သီးသန့် အယူအဆတစ်ခုကို တင်ပြတာမျိုးမဟုတ်ပဲ အနောက်တိုင်းဒဿနပညာ နယ်ပယ်က ကျမ်းတွေ ကို အနီးကပ် စေ့စေ့စပ်စပ် ဖတ်ရှု ဝေဖန်ပြထားတဲ့ လက်ရာတွေ ပါပဲ။ လူ့ အသိတရား ရဲ့ အကန့်အသတ်တွေ နဲ့ ဘာသာစကား ရဲ့ နှောင်အိမ်ထဲ က လူသားဘ၀ဖြစ်တည်မှု ကို ပဲ လင်းပြနေပါတယ်။ လူသားရဲ့ အသိပညာရှာဖွေခြင်းခရီး ဟာ ဘာသာစကား ရဲ့ အဆုံးမရှိတဲ့ ထပ်ကျော့ ဖန်ဆင်းမှုတွေ ရဲ့ ကွန်ယက်ထဲ မှာပဲ အကန့်အသတ်မရှိအောင် ပွားများ ချဲ့ထွင်နေဦးမယ့် အနာဂတ်သမိုင်း ကို လဲ ကြိုတင်တွက်ဆနိုင်အောင် သူ့ စာတွေ က ရည်ညွှန်းနေပါတယ်။

တစ်ချို့ က ဒယ်ရီဒါ ကို သံသယ၀ါဒီ နတ္ထိက၀ါဒီ စသဖြင့်စွပ်စွဲကြတယ်။ တကယ်တော့ သူ့ အမြင်တွေ ဟာ ၀ါဒ လို အခိုင်အမာ တည်ဆောက်မှု မှန်သမျှ ကို ကျော်လွန်နေပါတယ်။ လူ့ အသိတရား နဲ့ အတွေးဘောင်တွေ ရဲ့ ရုန်းမထွက်နိုင်တဲ့ နံရံတွေ ကို  သာ ညွှန်းပြနေတာဖြစ်တယ်။ မီရှဲဖူးကိုး က သမိုင်း ရဲ့ ပြောင်းလဲမှုတွေ ကို နောက်ခံထားပြီးပြတဲ့ အချိန်မှာ ဒယ်ရီဒါကတော့ လူသားရဲ့ သိမှုတရား အနက်ရှိုင်းဆုံး ကို ဆင်းပြီး ဒီ အခြေခံ ၀ိရောဓိတွေ ကို ထောက်ပြခဲ့တာဖြစ်ပါတယ်။ ကျမ်းကြီးကျမ်းခိုင်ဝါဒတွေ ကို သူငြင်းပယ်ခဲ့ပေမဲ့ လောကမှာ လူသားတွေ အတွက် လက်တွေ့ ဘ၀ ချစ်ခြင်းမေတ္တာနဲ့ စာနာနားလည်မှုတွေ ကိုယ်ကျင့်တရားတန်ဖိုးတွေ ကို သူ မပစ်ပယ်ခဲ့ပါဘူး။

ရေကူးတတ်ချင်ရင် ရေထဲ ဆင်းတာ အကောင်းဆုံး ဖြစ်သလိုပဲ ဒယ်ရီဒါကို နားလည်ခံစားချင်ရင်လဲ သူ့ မူရင် စာတွေ ကို ပေါက်အောင်ဖတ်နိုင်မှ ပဲ ဖြစ်မှာပါ။ ဒီလို တိုနန့်နန့် ဆောင်းပါးလေးတစ်ပုဒ်လောက် ကတော့ သူ့ ရဲ့ကျယ်ပြန့်လွန်းတဲ့ ဒဿနစာပေထုထည်ကြီးတစ်ခုလုံးကိုဆုပ်ကိုင်မိဖို့မလုံလောက်တာအမှန်ပါပဲ။သူ့စာပေအရေးအသားတွေကသာမန်ထက် ပိုပြီး ခက်ခဲနေတာအမှန်ပါပဲ။ ဒါကလဲ လူ့အသိစိတ်မှာ နဂိတည်းက စွဲနေတဲ့ Logocentric အမြင်တွေ ကြောင့် ပါပဲ။ ဒါကို ကျော်လွန်ပြီး ရေးတေးတေး မြင်နိုင်လာရင်တောင် ဒယ်ရီဒါ ရဲ့ စာတွေ ကို ဖတ်ရ တွေးရတဲ့ ဒဿနရသ က ပေါ်လွင်ထင်ရှားလာမှာဖြစ်ပါတယ်။

နောက်တစ်ချက် က ဒယ်ရီဒါဟာ ဘယ်အရာကို မဆို ပိုင်းပိုင်းခြားခြား ဆုပ်ဆုပ်ကိုင်ကိုင် သိရှိနားလည်နိုင်တယ်ဆိုတဲ့ အယူအဆ ကို အမြဲ ပျက်ရယ်ပြုနေသူပါပဲ။ ဒါကြောင့် သူ့ ကို အပြည့်အ၀နားလည်ခြင်း ဆိုတာ ဟာ သူ့ ပြောချင်တာတွေ ကို လုံးဝ နားမလည်တာ နဲ့ အတူတူပါပဲ။ လူ့သဘာဝက ကိုယ်သိထားတဲ့ အသိတွေ နဲ့ ပဲ အသိသစ်ကို ဘာသာပြန်လေ့ရှိတယ်။ ကိုယ်ပိုင် မျက်မှန်စိမ်း နဲ့ပဲ အရာရာကို မြင်တတ်ကြတာကြောင့် ဒီလို အစဉ်အလာ သိမှုတရားရဲ့ အတွင်းသဘော မခိုင်မာမှု ကို သူ့ ဒဿနနဲ့ ညွှန်ပြခဲ့တာပဲ ဖြစ်ပါတယ်။ ဒါကိုက သူတင်ပြခဲ့တဲ့ အဓိက အကျဆုံး Aporia ပဲ ဖြစ်ပါလိမ့်မယ်။ ဆက်လက်လေ့လာလိုတဲ့ စိတ်ဝင်စားသူ ဒဿန၀ါသနာအိုး တွေ အတွက် ဖတ်ညွှန်းစာစု စာရင်းလေး ပေးလိုက်ပါတယ်။ ဆက်လက် ရှာဖွေတူးဖေါ်တွေ့ရှိနိုင်ကြပါစေဗျာ။



References and Further Reading
a. Derrida’s Texts
Acts of Literature, ed. Attridge, New York: Routledge, 1992 .
Adieu to Emmanuel Lévinas, trans. Brault & Naas, Stanford, California: Stanford University Press, 1999.
Circumfessions: Fifty Nine Periphrases, in Bennington, G., Jacques Derrida, Chicago: University of Chicago Press, 1993.
On Cosmopolitanism and Forgiveness, London: Routledge, 2001.
Deconstruction and the Possibility of Justice, (inc. “Force of the Law”), eds. Cornell, Carlson, & Benjamin, New York: Routledge, 1992.
Dissemination, trans. Johnson, Chicago: University of Chicago Press, 1981.
The Ear of the Other: Otobiography, Transference, Translation, trans. Kamuf, ed. McDonald, New York: Schocken Books, 1985.
Edmund Husserl’s ‘Origin of Geometry’: An Introduction, trans. Leavey, Pittsburgh: Duquesne University Press, 1978 (1962).
The Gift of Death, trans. Wills, Chicago: University of Chicago Press, 1995 (1991).
Given Time: i. Counterfeit Money, trans. Kamuf, Chicago: University of Chicago Press, 1992.
“Hostipitality” in Angelaki: Journal of the Theoretical Humanities, Vol. 5, Number 3, Dec 2000.
Limited Inc. (inc. “Afterword”), ed. Graff, trans. Weber, Evanston: Northwestern University Press, 1998 edition.
Margins of Philosophy, trans. Bass, Chicago: University of Chicago Press, 1982.
Memoires: for Paul de Man, trans. Lindsay, Culler, Cadava, & Kamuf, New York: Columbia University Press, 1989.
Memoirs of the Blind: The Self-Portrait and Other Ruins, trans. Brault & Naas, Chicago: University of Chicago Press, 1993 (1991).
Monolingualism of the Other or the Prosthesis of Origin, trans. Mensh, Stanford: Stanford University Press, 1996.
Of Grammatology, trans. Spivak, Baltimore: John Hopkins University Press, 1976.
Derrida, J., & Dufourmantelle, A., Of Hospitality, trans. Bowlby, Stanford: Stanford University Press, 2000.
On the Name (inc. “Passions”), ed. Dutoit, Stanford: Stanford University Press, 1995 (ON).
“Ousia and Gramme: A Note to a Footnote in Being and Time” trans. Casey in Phenomenology in Perspective, ed. Smith, The Hague: Nijhoff, 1970.
Parages, Paris: Galilée, 1986. Points… Interviews, 1974-1995, ed. Weber, trans. Kamuf et al, Stanford: Stanford University Press, 1995.
Politics of Friendship, trans. Collins, New York: Verso, 1997.
Positions, trans. Bass, London: Athlone Press, 1981 (1972).
“Psyche: Inventions of the Other” in Reading De Man Reading, eds. Waters & Godzich, Minneapolis: University of Minnesota Press, 1989.
Spectres of Marx: The State of the Debt, the Work of Mourning and the New International, trans. Kamuf, New York: Routledge, 1994.
‘Speech and Phenomena’ and Other Essays on Husserl’s Theory of Signs, trans. Allison, Evanston: Northwestern University Press, 1973 (1967) .
The Work of Mourning, eds. Brault & Naas, Chicago: University of Chicago Press, 2001.
Writing and Difference, trans. Bass, Chicago: University of Chicago Press, 1978 (1967) (WD).

b. Selected Commentaries
Bennington, G., Interrupting Derrida, Warwick Studies in European Philosophy, London: Routledge, 2000.
Bennington, G., Jacques Derrida, Chicago: University of Chicago Press, 1993.
Caputo, J., Deconstruction in a Nutshell, New York: Fordham University Press, 1997.
Caputo, J., The Prayers and Tears of Jacques Derrida, Bloomington: Indiana University Press, 1997.
Critchley, S., The Ethics of Deconstruction: Derrida and Lévinas, Oxford, UK: Blackwell, 1992.
Culler, J., On Deconstruction: Theory and Criticism after Structuralism, London: Routledge and Kegan Paul, 1983.
Gasché, R., Inventions of Difference: On Jacques Derrida, Massachusetts: Harvard University Press, 1994.
Gasché, R., The Tain of the Mirror: Derrida and the Philosophy of Reflection, Massachusetts: Harvard University Press, 1986.
Hart, K., The Trespass of the Sign: Deconstruction, Theology and Philosophy, Cambridge: Cambridge University Press, 1989.
Harvey, I., Derrida and the Economy of Différance, Studies in Phenomenology and Existential Philosophy, Bloomington: Indiana University Press, 1986.
Howells, C., Derrida: Deconstruction from Phenomenology to Ethics, Cambridge: Polity Press, 1999.
Krell, D., The Purest of Bastards: Works of Art, Affirmation and Mourning in the Thought of Jacques Derrida, Pennsylvania: Pennsylvania University Press, 2000.
Norris, C., Derrida, Massachusetts: Harvard University Press, 1987.
Patrick, M., Derrida, Responsibility and Politics, Avebury Series in Philosophy, Aldershot: Ashgate Publishing, 1997.
Silverman, H., ed. Derrida and Deconstruction, New York: Routledge, 1989.
Wood, D., The Deconstruction of Time, Contemporary Studies in Philosophy and the Human Sciences, Atlantic Highlands, New Jersey: Humanities Press, 1989.
Wood, D., ed. Derrida: A Critical Reader, Oxford: Blackwell, 1992.
Wood, D., & Bernasconi, R., eds. Derrida and Différance, Evanston: Northwestern University Press, 1988.



[1] The history of metaphysics, like the history of the West, is the history of these metaphors and metonymies. Its matrix—if you will pardon me for demonstrating so little and for being so elliptical in order to bring me more quickly to my principal theme—is the determination of being as presence in all the senses of this word. It would be possible to show that all the names related to fundamentals, to principles, or to the center have always designated the constant of a presence--- eidos, arché, telos, energia, ousia, aletheia, transcendentality, consciousness, or conscience, God, man, and so forth
.( Sign, Structure & Play in Human Sciences, Structuralist Controversy. 249)
[2] Derrida, J (1976), 'Linguistics and Grammatology', Of Grammatology, Johns Hopkins University Press, Baltimore, pp. 29
[3] Jonathan Culler ; Literary Theory: A Very Short Introduction (P-11)

[4] “I stick to ‘trace’ in my translation, because it 'looks the same' as Derrida’s word; the reader must remind himself of at least the track, even the spoor, contained within the French word”. (Of Grammatology, trans. Gayatri Chakravorty Spivak (Baltimore & London: Johns Hopkins University Press, 1976), Translator's Preface, p. xvii.)

[5] “This trace relates no less to what is called the future than what is called the past, and it constitutes what is called the present by the very relation to what it is not, to what it absolutely is not; that is, not even to a past or future considered as a modified present”. (Writing and Difference, p. 394)

No comments: