Saturday, May 9, 2015

စာပေ လေ့လာရေး

ဒီတစ်ပတ် စာပေ လေ့လာရေး ကဏ္ဍမှာ အဲလ်ဘတ် ကမျူး၏ နာမည်ကြီးဝထ္ထုတို ဖြစ်သည့် ဧည့်သည် (The Guest) အပေါ်လေ့လာသုံးသပ်ချက်များကို မိတ်ဆက်တင်ပြချင်ပါသည်။ ဧည့်သည် ဝထ္ထုတိုမှာ ကမျူး၏ တစ်ခုတည်း သော ဝထ္ထုတို ပေါင်းချုပ် Exile and the Kingdom တွင် ပါရှိသော ဝထ္ထုတိုဖြစ်ပါသည်။ဤ ဝထ္ထုတိုကို မြင့်သန်း၊ အောင်(ဆေး-၁)၊ ခင်မောင်ရင်၊ ခင်ဝမ်း တို့ က  မြန်မာဘာသာသို့ ပြန်ဆိုခဲ့ပြီး ဖြစ်ပါသည်။

The Guest by Albert Camus


ဇတ်လမ်းအကျဉ်း

ဆိုက်ရောက်ခြင်း

ဇတ်လမ်းက အယ်ဂျီးရီးယား လူထုအုံကြွမှု မတိုင်မှီလေးတွင် ပြင်သစ်ကျောင်းဆရာ ဒါရူး တစ်ယောက် အာရပ် အကျဉ်းသား ကို အနီးဆုံးမြို့သို့ လိုက်ပို့ပေးရန် တာဝန်ပေးခံရသည့်အကြောင်းဖြစ်သည်။ ဒါရူးက တောကျောင်းဆရာ၊ သည်နယ်မှာပင် မွေးဖွားလာသည့်သူ၊ လက်ရှိလည်း ကျောင်းနှင့်တွဲထားသည့် အဆောင်လေးမှာပင် အိပ်စားသည်။
ကျောင်းသားများက အနီးတစ်ဝိုက်ရွာများက ဆင်းရဲသား ကလေးငယ်များ၊ လတ်တလော တွင် မိုးအကြီးအကျယ် ခေါင်သဖြင့် ဒါရူးက အစိုးရပေးထားသည့် အစားအသောက် ရာရှင်များကို ဝေပေးနေရသည်။
ဇတ်လမ်းစတင်သည့်အချိန်ကချိန်ခါမဟုပ် နှင်းမုန်တိုင်း ကျထားသဖြင့် ကျောင်းများပိတ်ထားသည့်အချိန်၊ ကျောင်းဆရာမှာ သုံးရက်လုံး အပြင်သို့မထွက်နိင်ခဲ့။ တောင်စောင်းတစ်လျှောက် တရွေ့ရွေ့တက်လာနေကြ
သည့် မြင်းတစ်ကောင်နှင့် လူနှစ်ယောက်ကို အဝေးကနေ သူတွေ့နေရသည်။ အနီးရောက်လာမှ ပုလိပ် ဘော်ဒူချီ ကို သူ မှတ်မိလိုက်သည်။ နောက်တစ်ယောက်က လက်ပြန်ကြိုးတုပ်ခံထားရသည့် အာရပ်၊ ဒါရူးလည်း နှစ်ယောက်လုံးကို အိမ်ထဲဖိတ်ခေါ်ပြီး လက်ဖက်ရည်တိုက်သည်။ ဘော်ဒူချီ ကို ခွင့်တောင်းပြီး  အာရပ်၏ လက်ပြန်ကြိုးကို သူ ဖြေပေးလိုက်သည်။ အားလုံးနေရာတကျ ဖြစ်မှ ဘယ်သွားမလို့လဲဟု ဒါရူးက
မေးသည်။ ဘော်ဒူချီ က ကျောင်းကို လက်ညှိုးထိုးပြတော့ ဒါရူးလည်းကြောင်သွားပြီး ညအိပ်တည်းမလို့လား
ဟုမေးသည်။ ဘော်ဒူချီ က သူ အာရပ်ကို ထားခဲ့ပြီး ပြန်မည်ဖြစ်ကြောင်း ၊ ထို အာရပ်ကို ဒါရူးက တာဝန်ယူပြီး
အနီးဆုံး တင်ဂု မြို့သို့ ပို့ပေးရမည်ဖြစ်ကြောင်းပြောသည်။ ပထမတော့ ဒါရူးလည်း နောက်နေတာများလားထင်
မိသည်။ နောက်မှ ဒါ သူလုပ်ရမည့် အလုပ်မှ မဟုပ်တာဟု ပြောသည်။ ဘော်ဒူချီ ကယခုလို တိုင်းပြည်မငြိမ်
သက်သည့်အချိန်တွင် လူတိုင်းကိုယ်စီ နိင်ငံ့တာဝန်တစ်ချို့ ခွဲဝေယူကြရမည် ဖြစ်ကြောင်း ပြောသည်။ သူ့ ရဲဌာန မှာ လူအင်အား နည်းပါးလှပြီး ထို အကျဉ်းသားအတွက် ထားစရာ လည်း နေရာ မရှိလို့ပါဟု ဆိုသည်။

ဒါရူးလည်း အကျဉ်းသားကို ဘာအပြစ်ကျူးလွန်ခဲ့လို့လဲ ဟု မေးသည်။ ဘော်ဒူချီ က သူတို့ ဝမ်းကွဲ ညီအကို
ချင်း စကားများရင်း လက်လွန်သွားခြင်းဖြစ်ကြောင်း ဝင်ရှင်းပြသည်။ သူ့မှာရွာသားများအကူအညီ နှင့် ပုံးအောင်းနေသဖြင့် တစ်လခန့် လိုက်ရှာခဲ့ရကြောင်းပြောပြသည်။ တင်ဂုကို ချက်ခြင်းလွှဲလိုက်သည်မှာလည်း ­­­­ရွာသားများက သူ့ကို ပြန်တောင်းနေကြသောကြောင့် ဖြစ်သည်။ ဒါရူးမှာ ဘာမဟုပ်တာလေးနှင့် လူသတ်မှု ကျူးလွန်သည့် အာရပ်ကို စက်ဆုပ်မိသည်။ သူက အာရပ်ဟာ ပြင်သစ်ဆန့်ကျင်ရေးသမားလားဟု မေးသည်။ ဘော်ဒူချီ က တော့ သိပ်မထင်၊ သို့သော် ဘာမှ ပြောလို့ မရဟု မှတ်ချက်ပေးသည်။

လက်ဘက်ရည်သောက်ပြီးနောက် ဘော်ဒူချီ က ပြန်ဖို့ပြင်သည်။ သူက အကျဉ်းသားကို ပြန်ချည်ဖို့ ကြိုးစား
သော်လည်း ဒါရူးက တားသည်။ ဘော်ဒူချီက အတင့်ရဲသည့် ဒါရူးကို သတိပေးပြီး သူ၏ ပြောင်းတိုသေနတ်ကို
အတင်းထားခဲ့သည်။ ဒါရူးက သူ့အနေနှင့် အာရပ်၏ လုပ်ရပ်ကို မနှစ်မြို့ပေမယ့် ပြင်သစ်အာဏာပိုင်များဆီ
လည်း မလွှဲပေးချင်ကြောင်း ဖွင့်ဟသည်။ ဘော်ဒူချီက ဒါရူး၏ သဘောထားကို နားလည်သော်လည်း အမိန့်က
အမိန့်ပဲဖြစ်ကြောင်း သတိပေးသည်။ ဒါရူးကလည်း သူ လွှဲမပေးနိင်ကြောင်း အခိုင်အမာဆိုသည်။ နောက်ဆုံး
မှာ ဘော်ဒူချီ လည်း သူ့ တာဝန်အရ ဒါရူးကို အကျဉ်းသား လွှဲပြောင်းပေးပြီးပြီဖြစ်ကြောင်းပြောပြီး ဒါရူးကို
အကျဉ်းသား လက်ခံရရှိကြောင်း လတ်မှတ်ထိုးခိုင်းသည်။ ပထမတော့ ဒါရူးလည်း မထိုးပဲ နေသေးသည်။ နောက်ဆုံး စိတ်လျှော့ပြီး လတ်မှတ်ထိုးပေးလိုက်သည်။ ဘော်ဒူချီ မှာ ဒါရူး၏ ငြင်းဆိုမှုကြောင့် ဒေါသထွက်ပြီး ပြန်သွားခဲ့သည်။

ဒါရူးက အကျဉ်းသားကို ကျောင်းခန်းထဲမှာ စောင့်နေဖို့ မှာပြီး သူ့အခန်းထဲ တစ်မှေးဝင်အိပ်သည်။ သူ နိုးလာ
တော့ အကျဉ်းသားတစ်ယောက် ထွက်ပြေးသွားလောက်ပြီဟု ကျိတ်ပြီး ဝမ်းသာမိသော်လည်း သူက ထားခဲ့
သည့်နေရာမှာ ပဲ ရှိနေဆဲ။ ညနေစောင်းလာပြီဖြစ်သဖြင့် ဒါရူးလည်း အာရပ်အတွက် ညစာ နှင့် အိပ်ယာ ပြင်ဆင်ပေးသည်။ ထို့နောက် သူတို့နှစ်ယောက်သား ပထမဆုံးအနေဖြင့် စကားစမြည်ပြောကြသည်။ အာရပ်
က သူ့ကို တရားသူကြီးလား၊ ဘာကြောင့် သူနှင့်အတူတူ စားရတာလဲဟု မေးသည်။ ဒါရူးတစ်ယောက် အကျဉ်း
သားနှင့် နေရတာ သိပ်အဆင်မပြေလှ။ ညစာစားပြီးနောက် နှစ်ယောက်သား အိပ်ဖို့ ပြင်သည်။ သို့သော် ဒါရူး
မှာ ကောင်းကောင်း အိပ်လို့မရ။ ညဘက်မှာ အကျဉ်းသားတစ်ယောက် ထပြီး အခန်းထဲက ထွက်သွားတာ သူ
ကြားလိုက်သည်။ သူက တော့ ထွက်ပြေးသွားတာ ဖြစ်လိမ့်မည်ဟု ဝမ်းသာအားရ မျှော်လင့်မိသည်။ သို့သော်
အကျဉ်းသားက အပေါ့အပါးသွားပြီး ပြန်ဝင်လာခဲ့သည်။

ခွဲခွာခြင်း
မနက် ရောက်တော့ ဒါရူးက အာရပ်ကို ရှေ့ကသွားဟု အမိန့်ပေးသော်လည်း အကျဉ်းသားက ဒါရူး မပါလာမခြင်း မရွေ့။ ဒါရူးလည်း အစားအစာထုပ်ပိုးပြီး နှစ်ယောက်သား စထွက်ကြသည်။ သူ့နားထဲ အဆောက်အဦးမှ အသံလိုလို ကြားသဖြင့် ပြန်လှည့်ကြည့်မိသည်။ နှစ်ယောက်သား နှစ်နာရီလောက် ကြာအောင် လျှောက်လာကြပြီးနောက် ဒါရူးက အာရပ်ကို အစားအသောက်နှင့် ပိုက်ဆံအချို့ ပေးပြီး လမ်းနှစ်သွယ် ရွေးခိုင်းသည်။ အရှေ့ဘက် နှစ်နာရီခန့် ဆက် သွားလျင် တင်ဂု မြို့သို့ရောက်မည်။ တောင်ဘက်လမ်းကို ရွေးလျင်တော့ ရွှေ့ပြောင်းနေထိုင်ကျတ်စားကြသည့်လူမျိုးစု များကို တွေရမည်။ ၄င်းတို့က သူ့ကို ကာကွယ်စောင့်ရှောက်ထားကြလိမ့်မည်ဟု ပြောလိုက်သည်။ အာရပ်မှာ ကြောက်လန့်တကြားနှင့် စပြီး ပြောလာသည်။ သို့သော် ဒါရူးက တိတ်တိတ်နေဟု ဆိုပြီး ကျောင်းဘက်ကို လှည့်ထွက်လာခဲ့သည်။ အာရပ်က နေရာကနေ မရွေ့။ ဒါရူး က တစ်ချက် လှည့်ကြည့်သည် ။ ထို့နောက် မိနစ်အနည်းငယ် အကြာ ထပ်ကြည့် လိုက်သည်။ အာရပ်က မလှုပ်သေး၊ စိတ်မရှည်သဖြင့် ဒါရူးလည်း သူ့ကို လက်ပြပြီး သူ့လမ်းသူ ဆက်လျှောက် လာခဲ့သည်။ အချိန်အတန်ကြာပြီးနောက် အာရပ်တစ်ယောက် ဘာများ လုပ်မလဲ သူ နောက်တစ်ကြိမ် လှည့်ကြည်လိုက်သည်။ အဝေးကနေ အာရပ်တစ်ယောက် ရဲစခန်းရှိရာ သွားနေတာကို အစက်အပြောက်လေး အဖြစ်တွေ့ရသည်။ သည်လိုနှင့် သူ့ကျောင်းရှိရာ ပြန်ရောက်လာသည့်အခါ ကျောက်သင်ပုန်းပေါ်မှာ ‘ တို့ ဘရားသားကို ရဲလက်အပ်တယ်၊ ဒီ့အတွက် မင်းပြန်ပေးဆပ်ရမယ်’ ဟု ရေးထားသည်ကို တွေ့လိုက်ရသည်။

ဝထ္ထု အာဘော်များ
ဤ ဝထ္ထု တွင် ကမျူး အဓိက ဖော်ထုပ်လေ့ရှိသော အကြောင်းအရာများ ဖြစ်သည့် ပုဂ္ဂလလူသား၏ ပတ်ဝန်းကျင်နှင့် ကင်းကွာသလိုခံစားရမှု(alienation)၊ လွပ်လပ်မှု၊ လူသားဘဝ၏ တန်ဖိုး၊ တာဝန် နှင့် အမှန်အမှားရွေးချယ်ရ ခက်မှု၊ မရေမရာ ဆောင်ရွက်ရမှု စသည်တို့ ကို ကျွမ်းကျင်စွာ ကိုင်တွယ်ပြသွားခဲ့သည်။ သည့်ထက် ပိုပြီး ဆင်းကြည့်လျင်တော့ ကိုလိုနီပြုကျင့်မှု၏ အသွင်အပြင်ကို ပြတ်ပြတ်သားသား ချယ်မှုန်းပြထားပြီး ကိုလိုနီ ပြုကျင့်သူနှင့် အပြုခံတို့၏ စိတ်အခံကို ဖော်ထုပ်ထားသည်။

ရွေးချယ်မှု
တောကျောင်းဆရာ မှာ သူ့ ဆန္ဒနှင့်ဆန့်ကျင်ပြီး ပေးအပ်လာသည့် တာဝန်အရ အာရပ်အကျဉ်းသားကို အနီးဆုံးမြို့ရှိ ရဲစခန်းကို သွားရောက်အပ်နှံရဖို့ ဖြစ်လာသည်။ ဤ အခြေအနေက ဝထ္ထုထဲတွင် အထင်ရှားဆုံး
အာဘော်ဖြစ်လာပြီး အမှန်အမှား အကောင်းအဆိုး ကိုယ်ကျင့်တရားစံများကို ရွေးချယ်ရတာ ခက်ခဲလှသော်လည်း မလွှဲမရှောင်သာ ရွေးချယ်နေရသည့် အဖြစ်ကို ဖော်ကျူးနေခဲ့သည်။ ဒါရူးအနေနှင့် မုန်တိုင်းထန်နေသည့်နိင်ငံရေး အခြေအနေတွင် ဘယ်ဘက်ကမှ မပါပဲ နေချင်သည်။ အတိအလင်းစစ်ကြေငြာပြီး တိုက်ကြလျင်တော့ သူ့အနေနှင့် အမိ ပြင်သစ်နိင်ငံဘက်က နေ ဝင်တိုက်ပေလိမ့်မည်။ ယခုတော့ အခြေအနေက မပြတ်သား၊ ဒီနယ်သား တစ်ယောက်အနေနှင့် အာရပ်ရွာသားများအကြောင်း ကောင်းကောင်း သိသလို စာလည်း စာနာ မိသဖြင့်သူ့အနေနှင့် အကျဉ်းသားကို ပြင်သစ်အာဏာပိုင်များထံ အပ်နှံရမည့် အလုပ်ကို မှားယွင်းသည်ဟု ယုံကြည်မိသည်။ တစ်ချိန်တည်းမှာလည်း သူ့အနေနှင့် ပြင်သစ်အစိုးရ ယန္တရားနှင့် ကဏ္ဍကောစ မလုပ်ချင်။ သည်တော့ရှင်းရှင်းလေးပဲ သည်ကိစ္စမှာ သူ တာဝန်လည်း မယူချင် ပက်လည်း မပက်သက်ချင်။ ပထမဆုံး သူ့အပေါ် ပေးအပ်လာသည့် တာဝန်ကို ငြင်းကြည့်သည်။ ထို့နောက် အကျဉ်းသားကို ကြိုးဖြည်ပေးပြီး သူ့ဘာသာ ထွက်ပြေးသွားဖို့ တစ်ကြိမ်မက မျှော်လင့်မိသည်။ ဒါဆို သူ့အနေနှင့်ဒွဟ ဖြစ်စရာမလိုတော့။ နောက်ဆုံးမတော့ သူ့မှာအလိုမကျ ဒေါသဖြစ်ရကာ ရွေးချယ်ခွင့်ကို အာရပ်အား လွှဲပေးလိုက်တော့သည်။ တစ်လမ်းက မြို့ပေါ်ရဲစခန်း ၊ တစ်လမ်းက လွပ်လပ် လုံခြုံမှုကို ပေးမည့် လူမျိုးစုများ ရှိရာလမ်း။ အဆုံးမှာ အာရပ်က ရဲစခန်း ရှိရာ လမ်းကို ရွေးချယ်သွားသည်။ ဒါရူးမှာတော့ အာရပ် ရဲဘော်ရဲဘက်များ၏ ခြိမ်းခြောက်ခြင်းကို ခံရသည်။ အကယ်၍ အကျဉ်းသားက လွတ်မြောက်သွားခဲ့မည်ဆိုလျင်လည်း ဒါရူး အဖို့ ပြင်သစ်အာဏာ ပိုင်များ၏ အရေးယူ ခြင်းကို ခံရပေလိမ့်မည်။ ဒါရူး ၏ အဆုံးအဖြတ်အတွက် ရလဒ်ကတော့ အထင်မှားခံရခြင်းနှင့် သူနေထိုင်ရာ လောကနှင့် အကြီးအကျယ် ကင်းကွာသွားခဲ့ခြင်းသာ။

ဂုဏ်သရေ
အာရပ်နှင့်ပက်သက်ပြီး တာဝန်ယူဖို့ရာ ဒွဟ ဖြစ်နေခြင်း နောက်ကွယ်တွင် ဂုဏ်သိက္ခာပိုင်း နှင့် အများကြီး
သက်ဆိုင်နေခဲ့သည်။ ဘော်ဒူချီ ပြန်ခါနီး နောက်ဆုံး ပြောကြသည့်စကားများတွင် ဒိုရူးက သည်အချက်ကို ဖွင့်ဟ ခဲ့သည်။ ‘ခင်ဗျား ခေါ်လာတဲ့ ကောင် အပါအဝင် ဒီလို သတ်ဖြတ်မှုတွေ အားလုံးကို ကျုပ် စက်ဆုပ် တာ အမှန်ပဲ။ ဒါပေမယ့်လည်း ဒင်းကို ကျုပ် ရဲလက်အပ်မှာ မဟုပ်ဘူး၊ ချ ဆိုယင်လည်း ချ မှာပဲ ။ ဒါပေမယ့် ဒီလိုတော့ မလုပ်နိင်ဘူး’ ဘော်ဒူချီကဒါကို နားလည် လက်ခံသည်။ သူ့အနေနှင့်လည်း ‘သူများတကာကို ကြိုးနှင့်တုပ်ရတာ’ အရှက်ရမိတာ အမှန်ပင်။ သို့သော် သူ့အနေနှင့် ဒါ ဘယ်လိုပဲ ဖီလင် မလာပေမယ့် တာဝန်
က တာဝန်ပဲ မရှောင်လွှဲနိင်ဟု ယူဆသည်။ ဤ ဥရောပ သားတို့ လက်ခံထားသည့် ဂုဏ်သိက္ခာ အယူအဆကို
အာရပ်ယဉ်ကျေးမှုအရ လက်ခံထားသည့် ဂုဏ်သိက္ခာ အယူအဆ နှင့် မသိမသာ နှိုင်းယှဉ်ပြခဲ့သည်။ အာရပ်၏
လူသတ်မှု ဖြစ်ရပ်တွင် အာရပ်တို့၏ ဂုဏ်သိက္ခာ အယူအဆက အစိတ်အပိုင်းတစ်ခုအနေနှင့် ပါကောင်းပါနေ
နိင်ပေသည်။ အာရပ်တို့ အဖို့ ကြောက်ရွံ့ခြင်းကို သိက္ခာကျစရာဟု မြင်သည်။ ဝထ္ထုထဲတွင် အာရပ်တစ်ယောက် နောင်တ ရသည့် လက္ခဏာ မတွေ့ရ၊ သူ ၏ အတွေးထဲတွင် သူ့ကိုယ်သူ လုပ်သင့်လုပ်ထိုက်တာ လုပ်ခြင်းဟု မြင်ကောင်းမြင်ပေလိမ့်မည်။ ရွာသားများက သူ့ကို အကာအကွယ်ပေးထားခြင်းကို ကြည့်လျင် သူ့လုပ်ရပ်မှာ အာရပ်တို့၏ ကိုယ်ကျင့်တရားစံအရ အများ လက်ခံကြသည့် လုပ်ရပ်ဆိုတာ ညွှန်ပြနေသည်မဟုပ်လား။

အဓိပါယ်ကင်းမဲ့ခြင်း (absurdism)                                  
ကမျူး၏ အခြေခံ အယူအဆက အဓိပါယ်ကင်းမဲ့ခြင်း ဖြစ်သည်။ ဤအမြင်အရ စကြာဝဋာကြီးမှာ ကျိုးကြောင်းကျနမှု မရှိလှဟု ယုံကြည်ထားပြီး ထိုစကြာဝဋာကြီးထဲ မှာ အဓိပါယ်များ၊ အစီအစဉ်ကျနမှုများကို ရှာဖွေနေခြင်းဖြင့် လူသားသည် စကြာဝဋာ ကြီးနှင့် ထိပ်တိုက်ရင်ဆိုင် ရဖို့သာ ရှိသည်ဟု ယူဆသည်။ ကမျူးအဖို့တော့ ဤ သို့ရင်ဆိုင်ခြင်းဖြင့် ဘာအဖြေမှ ရလာဖို့မရှိ။ ကမျူး၏ ရှေ့ပိုင်းအရေးအသားများတွင် ပုဂ္ဂလလူသားကို ဂရိဒဏ္ဍာရီလာ သူရဲကောင်း စစ်စီဖတ်နှင့် ခိုင်းနှိုင်းသည်။ လူသားအနေနှင့် ဘဝမှာ ဦးတည်ချက်တစ်ခု ရှိသယောင်၊ လုပ်ရပ်တိုင်းမှာ အဓိပါယ် တစ်စုံတစ်ရာ ရှိသယောင်ဖြင့် ဘဝကို အရှုံးမပေးစတမ်း ရင်ဆိုင် ရုန်းကန်ရမည် ဟုဆိုသည်။ သည် အခြေခံ အချက်ကို လက်ခံခြင်းဖြင့် နတ္တိက ဝါဒကို တွန်းလှန်နိင်ပေမည်။ သည်အယူအဆက အခြား ဖြစ်တည်မှုဝါဒီများ၏ အယူအဆ ဖြစ်သော ကိုယ့်ဘဝအဓိပါယ် ကိုယ့်ဖာသာ လွတ်လွတ်လပ်လပ် ဖန်တီးပြီး တာဝန်အပြည့်အဝ ယူရမည် ဆိုသည်နှင့်
သိသိသာသာ ကွဲပြားနေခဲ့သည်။ ကမျူး၏ နောက်ပိုင်း အရေးအသားများတွင်တော့ လူမဆန်သော စနစ်ဆိုးများ
အခြေအနေများကို လက်မခံ တွန်းလှန်ရမည်ဟု တိုက်တွန်းထားသည်။ လူတစ်ဦးချင်းအနေနှင့် အာဏာရှင်စနစ်
ဆိုးကြီးတွင် ပါဝင်ဖို့ ငြင်းဆန်ခြင်းဖြင့် အားလုံးအတူတကွ ကြုံနေရသည့် ကံကြမ္မာဆိုး၊ ဒါမှမဟုပ် အာဏာရှင် စနစ်ဆိုးကို ဆန့်ကျင်ရမည်ဟု ဆိုသည်။ ဤ absurdism က ဝထ္ထုတစ်ပုဒ်လုံးမှာ ချယ်မှုန်းထားသည့် သဘာဝ ရှုခင်းများတွင် တစ်ချိန်က ကမျူးပြောဖူးသည့် ‘ကမ္ဘာကြီး၏ မထင်မရှား ဆင်တူရိုးမှားနိင်မှု’ ကို အားကောင်းလှစွာ ဖော်ပြလို့ နေခဲ့သည်။ ဒါရူး တစ်ယောက် နိင်ငံရေး ပဋိပက္ခ များနှင့် ကင်းကင်းနေမှု၊ အကျဉ်းသား၏ ရာဇဝတ်မှု အပေါ် အပြင်လူတစ်ယောက်အနေနှင့်သာ ခပ်ခွာခွာ မေးမြန်းမှုတို့က ကမျူးပြောသည့် တကို်ယ်တော် ဆန့်ကျင်ခြင်း စတိုင်ကို ဥပမာ ပြနေခဲ့သည်။

ဧည့်ဝတ်ပျူငှာမှု
ဧည့်ဝတ်ပျူငှာမှုမှာ ယဉ်ကျေးမှုအားလုံး၏ အခြေခံအနှစ်သာရပင်။ ဤသဘောကို ဝထ္ထု ခေါင်းစဉ် က ဖော်ပြနေ
ခဲ့သည်။ မူရင်း ပြင်သစ် ခေါင်းစဉ် “I’Hote” က ဧည့်သည်ကော အိမ်ရှင်ကိုပါ ညွှန်းသည်။ သည့်အတွက် သည်
စကားလုံးက ဧည့်ဝတ်ပျူငှာမှု၏ ဘက်နှစ်ဘက် (အိမ်ရှင်ကော၊ ဧည့်သည်ပါ) စလုံးကို ဆိုလိုပြီး ဓလေ့ထုံးတမ်း
အရ လက်ခံထားသည့် နှစ်ဦးနှစ်ဘက် စောင့်ထိန်းရမည့် ဝတ္တရားများကိုပါ ညွှန်းနေခဲ့သည်။ ဇတ်လမ်းထဲတွင်
ဒါရူးက အာရပ်ကို အကျဉ်းသား တစ်ယောက်ထက် ဧည့်သည်တစ်ယောက်ပမာ ဆက်ဆံခဲ့သည်။ အာရပ်အဖို့
သည်လို အပြုအမူမျိုးကို မမျှော်လင့်ထားခဲ့သည့်အတွက် ဘာကြောင့် သူနှင့် အတူတူ စားရတာလဲဟု ဒါရူးကို
မေးခဲ့သည်။ဒါရူး ပြန်ဖြေသည့် စကားကတော့ နဲနဲ လှီးလွှဲဖြေသည့် ပုံပေါက်သည်။ သူက ဆာလို့စားတာပေါ့ဟု
ပြန်ဖြေခဲ့သည်။ အချို့ဖွင့်ဆိုကြသည်က အာရပ်တစ်ယောက် ထွက်ပြေးဖို့ မကြိုးစားသည်မှာ ဒါရူး၏ ဧည့်ဝတ်
ကျေပွန်မှုကြောင့်ဟုဆိုသည်။ သူ့ကျေးဇူးရှင်ကို ထွက်ပြေးခြင်းဖြင့် မစော်ကားချင်။ ဝထ္ထုခေါင်းစဉ်က လည်း လှောင်သည့်သဘောပါသည်။ ရုတ်တရက်ကြည့်လျင် ဒါရူးက အိမ်ရှင်၊ အာရပ်က ဧည့်သည်၊ သို့သော် ကိုလိုနီပြုသူများ မှ ဆင်းသက်လာသည့် ဒါရူးမှာ တကယ်တော့ အကျဉ်းသား အာရပ်တို့၏ တိုင်းပြည်တွင် ဧည့်သည် တစ်ယောက်သာ ဖြစ်နေခဲ့သည်။ အိမ်ရှင်တို့၏ ဧည့်ဝတ်ကျေပွန်မှုအပေါ် နောက်ဆုံး ညွှန်းဆို ထားသည့် အချက်ကတော့ ရွှေ့ပြောင်းနေထိုင်ကြသည့် လူမျိုးစုများ၏ လူသိများလှသည့် ဖော်ရွေမှုပင်။ ၎င်းတို့အနေနှင့် ကြမ်းတမ်းလှသည့် သဲကန္တာရ ရာသီဥတုမျိုးတွင် တစ်ခြားလှည့်လည်သွားလာနေသူမှန်သမျှ ကို စောင့်ရှောက်ကာကွယ်ပေးကြသည်မှာ အစဉ်အလာ တစ်ခုဖြစ်နေသည် မဟုပ်လား။

ဝထ္ထု ရေးဟန်

ရှုထောင့်
ဇတ်ကြောင်းပြောဟန်က လွပ်လွပ်လပ်လပ် တဆင့်ပြော ရေးဟန်မျိုး၊ ရင်တွင်းပြောစကားများကို 1st person ထက် 3rd person နေရာက ပြောနေသလိုမျိုး ရေးထားသည်။ အစဉ်အလာ 3rd Person ရေးဟန်မျိုး လုံးဝ ဓမ္မဒိဌာန် ကျ ၊ အပြင်က မြင်ရသည့် အမြင်မျိုးလိုလည်း မဟုပ်၊ 1st person လို ဇတ်ကောင်၏ အမြင်သက်သက် က ရေးနေတာမျိုးလည်း မဟုပ်၊ သည်ရေးနည်းက ဇတ်ကောင်ကို စာရေးသူ နှင့် စာဖတ်သူ
ကြားမှာ နေရာချထားခဲ့သည်။ စာရေးသူ၏ လွပ်လပ်မှုနှင့် သြဇာအာဏာကို လျှော့ချထားသည်။ ဇတ်ကောင်များ
၏ အတွေးနှင့် ခံစားမှုကို လိုသလောက်ပဲ ဖော်ပြထားသည်။ ဇတ်လမ်း၏ နောက်ခံကားချပ်နှင့် ဒါရူးတို့၏ အကြောင်းကို သူ၏ ဖြန့်ထွက်တွေးတောမှုများမှနေ စာဖတ်သူကို သိစေခဲ့သည်။

ဆက်တင်
အယ်ဂျီရီးယန်း ရှုမျှော်ခင်းများကို ကြွယ်ဝစွာ ဖော်ပြထားခြင်း က သင်္ကေတ အရ အရေးပါမှုနှင့် လိုက်ဖက်လှ
သည်။ ဥပမာ ကုန်းပြင်မြင့်လေးမှာ တည်ရှိနေသည့် ကျောင်း၊ တောင်ပေါ်မကျ ၊ မြေပြန့်မကျ၊ အလယ်အလတ်
မှာ တည်ရှိနေခဲ့သည်။ မတ်စောက်သည့် တောင်တက်လမ်းပေါ် မှာ ရှိနေသည်ဟု ဖော်ပြထားသည်။ ဒါရူး၏ ကျောင်းနှင့် သူ့ အိမ်တို့ အကြား တကယ့် အကွာအဝေးက ဒါရူး၏ စိတ်ထဲမှာ ပြင်သစ်တို့နှင့် အာရပ်တို့ကြား
ခံယူချက်အယူအဆ ခြားနားမှုကို သင်္ကေတ ပြုနေခဲ့သည်။ မျှော်လင့်မထားသည့် ရာသီ ဥတု ဖောက်ပြန်မှုက
ဇတ်လမ်းတည်ရာ ကာလ နှင့် ဒေသကို သာမန်မဟုပ်သည့် အခြေအနေ တစ်ခုအဖြစ် ထင်ရှားစေခဲ့သည်။ ဇတ်လမ်းက ရာသီဥတု အခြေအနေနှစ်ခုကြားမှာ ဖြစ်ပွားခဲ့သည်။ ပုံမှန်အတိုင်းဆိုလျင် ရာသီဥတုက ပူပြင်းခြောက်သွေ့ ကြမ်းတမ်းလှသည်။ ဒါရူးက ဒါကို လူသူလေးပါးမရှိ ကျယ်ပြောလှသည် ဟုဆိုသည်။
ပြင်းထန်သည့် နှင်းမုန်တိုင်းက ရှုခင်းကို ပြောင်းပစ်ခဲ့သည်။ ရုတ်တရက် ကျလာသည့်ပုံက ရက်စက်လွန်းသည်
သို့သော် ရှုခင်းတစ်ခုလုံးက နှင်းတွေကြောင့် ပျော့ပြောင်းသွားသည်။ မုန်တိုင်းကျတာ စဲသွားပေမယ့် နှင်းက တဖွဲဖွဲလေး ကျနေဆဲ။ ဒါရူး ကောင်းကောင်းသိထားသည့် ရှုခင်းက လုံးလုံးပြောင်းသွားသည်။ အလင်းရောင်
ပိုလာသော်လည်း အရည်ပျော်စနှင်းများကြောင့် လမ်းလျှောက်ရတာ တစွက်စွက်နှင့်၊ တင်ဂု မြို့သို့ ဦးတည်
လျှောက်လာရင်း ရှုခင်းက တစ်စတစ်စ ပြောင်းလဲလာခဲ့သည်။ နှင်းတွေက ပျော်လာပြီး၊ ရေအိုင်များလည်း ခြောက်ခမ်းလာခဲ့သည်။ နောက်ဆုံး အာရပ်ကို ထားခဲ့သည့် လမ်းခွဲအရောက် သူတို့ခြေထောက်အောက်မှာ
မြေသား ကို နင်းချနိင်ခဲ့ပြီ။ ကျောင်းရှိရာ ဒါရူး ပြန်ရောက်သည့်အခါ ပူပြင်းလှသည့် နေလုံးက ကုန်းပြင်မြင့်
တစ်ခုလုံးကို အလင်းတွေ ဖြာကျလို့။

နိမိတ်ပြခြင်း
မုန်တိုင်းက ပုံမှန်လည်ပတ်နေသော စာသင်ခန်း နှင့် ဆန် ဝေငှခြင်းတို့ကို ရပ်ဆိုင်းလိုက်သလို အကျဉ်းသား ရောက်ရှိလာမှုက တည်ငြိမ်အေးဆေးသည့် ဒါရူး၏ ဘဝကို ဖျက်ဆီးပစ်ခဲ့သည်။ ဘော်ဒူချီက ဒါရူးကို အကျဉ်းသား ပို့ပြီး ပုံမှန်အတိုင်း အေးအေးဆေးဆေး ပြန်နေပေါ့ဟု ပြောခဲ့သည်။ သည်စကားက လှောင်ပြောင်
နေသလိုပင်။ ဒါရူး တစ်ယောက် အကျဉ်းသား နှင့် တွေ့ဆုံပြီး၊ အမှန်အမှား ဆုံးဖြတ်ချက်တစ်ခုကို ရွေးချယ် ချမှတ်ခဲ့ပြီး နောက်မှာ သူ နှင့် ဘော်ဒူချီ တို့ကြား၊ သူ နှင့် ပြင်သစ်များကြား၊ သူ နှင့် နယ်ခံ အာရပ်များကြား၊ နောက်ဆုံး သူနှင့် သူ တွယ်တာသည့် ဤ အရပ်ဒေသကြား ဆက်ဆံရေးမှာ လုံးလုံး ပြောင်းလဲလို့သွားခဲ့သည် မဟုပ်လား။ ဘော်ဒူချီက သူ့ကို ဒေါသထွက်ပြီး လိုက်အပို့မခံပဲ တစ်ယောက်တည်း ထွက်သွားခဲ့သည်။ အာရပ်
တွေကလည်း သူတို့လူကို ရဲလက်အပ်သဖြင့် ဒါရူးကို ပြန်လည်ပေးဆပ်ဖို့ ပြင်ထားဟု ခြိမ်းခြောက်သည်။ သည့်အပြင် သူမြတ်နိုးလှသည့် ဤ အရပ်၏ ရှုခင်းရှုကွက်များနှင့် ပင် သူ့မှာ ကင်းကွာသွားခဲ့သည်။ ဝထ္ထု၏ နောက်ဆုံးစာကြောင်းတွင် ပြူတင်းပေါက်မှ မြင်ရသည့် မြင်ကွင်းကို  သူက မြတ်နိုးစရာ ကျယ်ပြောလှသည့် ရှုခင်းအဖြစ် ဖော်ပြပြီး သူ့မှာတော့ ယခု အခါ သူစိမ်းပမာ မသက်ဆိုင်တော့ပါ ဟု ဇတ်သိမ်းမှာ ပြောသွားခဲ့
သည်။

နောက်ထပ် နိမိတ်ပြ ခြင်းတစ်မျိုးကတော့ ကျောင်းဆရာ နှင့် အကျဉ်းသားတို့ကြား ဝေဝေဝါးဝါး မတင်မကျ ဖြစ်နေသည့် ဆက်ဆံရေးကို သတိပြုမိစေသည်။ ဒါရူး ၏ ကြင်နာမှု ဧည့်ဝတ်ကျေပွန်မှုတို့ကြောင့် အကျဉ်းသား
က ဒါရူးကို သူနှင့်အတူ တင်ဂု ကို လိုက်ခဲ့ဖို့ ထပ်တလဲလဲ ခိုင်ခိုင်မာမာ တောင်းဆိုသည်။ ကျောင်းမှ ထွက်ခါနီး
ဒါရူးက အကျဉ်းသားကို အရှေ့က သွားဖို့ အမိန့်ပေးသည်။ သို့သော် အာရပ်က မလှမ်း။ ဒါရူး အနေနှင့် အကျဉ်းသား၏ တုံ့ဆိုင်းနေမှုကို စိတ်ထဲက ကျိတ်ပြီး နားလည်နေသဖြင့် ထပ်ပြီး မခိုင်းတော့၊ သူ့ကို စိတ်ချအောင် ငါ လာပြီ ဟု ပြောလိုက်သည်။ သည်မြင်ကွင်းက နောက်ဆုံး သူတို့နှစ်ယောက် လမ်းခွဲခါနီးတွင်
ပြန်လည် ထွက်ပေါ်လာသည်။ သည်တစ်ကြိမ်မှာတော့ အကျဉ်းသားက သိသိသာသာ စိတ်ဖိစီးလို့၊ သည်တစ်ခါလည်း သူ မရွေ့၊ ဒါရူးက တစ်ကြိမ်လှည့်ကြည့်သည်။ ပြီးနောက် နောက်တစ်ကြိမ်လှည့်ကြည့်သည်။ အကျဉ်းသား ကမရွေ့။ နောက်ဆုံး ဒါရူးက သူ့ကို ပြတ်ပြတ်သားသား ထားခဲ့ကာ လက်ပြ နှုပ်ဆက်ပြီး နောက်မှာမှ အာရပ်က သူ့လမ်းကို သူရွေးချယ်လိုက်တော့သည်။




သမိုင်းနောက်ခံ
အယ်ဂျီးရီးယား စစ်ပွဲ
အမျိုးသား လွတ်မြောက်ရေး တပ်ဦး (FLN) ၏ ဦးဆောင်မှုဖြင့် စတင်ခဲ့သည့် တော်လှန်ရေးမှာ ၁၉၅၄ အောက်တိုဘာ ၃၁ တွင် စတင်ပြီ ပြင်သစ်လက်အောက်မှ လွတ်မြောက်သည့် ၁၉၆၂ ထိတိုင် ဖြစ်ပွားခဲ့သည့်
စစ်ပွဲဖြစ်သည်။ ဝထ္ထု တည်ထားသည့် အချိန်ကာလမှာ တော်လှန်ရေး စတင်လုဆဲဆဲ အချိန်ဖြစ်သည်။ သည့်
အတွက် ဘော်ဒူချီ၏ စစ်ပွဲနှင့် ပက်သက်သည့် စိုးရိမ်မှုမှာ တကယ့် အစစ်အမှန် စိုးရိမ်မှုဖြစ်သည်။ သည့်အတွက်
သူတို့ နဲ့ ငါတို့ ဆိုသည့် အနေအထားမှာ အာရပ်နှင့် ပြင်သစ်တို့ကြား ယဉ်ကျေးမှု ကွာခြားမှု သက်သက်ကို
ညွှန်းဆိုသည်မဟုပ်၊ ဥရောပ မှ လာရောက်အခြေချသူများနှင့် နယ်ခံ အာရပ်သူပုန်များ၊ သူတို့ကို ထောက်ခံ
အားပေးသူများကြား ရန်ငါစည်းခြားထားခြင်းကိုပါ ရည်ညွှန်းနေခဲ့သည်။ ဝထ္ထုထဲရှိ အဖြစ်အပျက်များနှင့် ဇတ်
ကောင်များမှာ ဖန်တီးမှုသက်သက်သာ ဖြစ်သော်လည်း မိုးခေါင်မှုဒဏ် ဆိုးရွားစွာခံနေရသည့် အခြေအနေ၊ ရွာသားများ၏ ဆိုးရွားလှသည့် မွဲတေမှု၊ ကျောင်းဆရာ ဘဝ၏ အပြောင်းအလဲ မရှိသည့် ဘဝ၊ အာရပ် ယဉ်ကျေးမှု နှင့် ဥရောပ တရားရေးစနစ်တို့၏ ထိပ်တိုက်တွေ့ဆုံမှုတို့မှာ ကမျူးကိုယ်တိုင် မျက်ဝါးထင်ထင်
မြင်နေရသည့် အခြေအနေများ ပင် ဖြစ်သည်။
အယ်ဂျီးရီးယား စစ်ပွဲမှာ ပြင်သစ်တို့၏ ဗီယက်နမ် စစ်ပွဲဟု တင်စားရလောက်အောင် နိင်ငံရေးအရ အငြင်းပွား စရာ ဖြစ်ခဲ့သည်။ ပြင်သစ်၏ ထင်ရှားသော စာရေးဆရာတစ်ယောက်ဖြစ်သည့် သူ့မှာ အမှန်အမှားဆိုင်ရာ၊ နိင်ငံရေး ဆိုင်ရာ လမ်းညွှန်ပြနိင်သူ အဖြစ် သူ ၏ ရပ်တည်မှုကို အားလုံးက စိတ်ဝင်တစား စောင့်ကြည့်ကြ သည်။ ဘယ်ဘက်ကိုမှ မလိုက်သည့် သူ့ခမျာ နှစ်ဘက်လုံးမှ ဝေဖန် ပြစ်တင်မှုကို ခံရသည်။ စစ်ပွဲနှင့်ပက်သက်
၍ သူ့အမြင်ကတော့ နှစ်ဘက်လုံးမှ အရပ်သားများကို အကာအကွယ်ပေးရန်၊ အပစ်အခတ်ရပ်စဲရေးအတွက်
နှစ်ဘက်လုံးကို တိုက်တွန်းခဲ့သည်။ ဤ ဝထ္ထုက ကမျူး၏ အယ်ဂျီးရီးယန်း အခြေအနေအပေါ် အမြင်ကို တိုက်ရိုက် ထင်ဟပ်မနေသော်လည်း ဇတ်ကောင် ဒါရူး၏  အကြမ်းဖက် ပဋိပက္ခမှာ တစ်ဖက်ဖက်ကို ရွေးချယ်ဖို့
မလိုလားပုံ၊ ဒုက္ခ ဝေဒနာ ခံစားနေရသော လူမှန်သမျှအပေါ် စာနာမှု နှင့် လူသားဆန်စွာ ရှုမြင်ပုံတို့ကတော့ စာရေးသူ ကမျူးနှင့် အတော်လေး တူနေခဲ့သည်။

ကိုလိုနီ ပြုကျင့်ခြင်း
ဒုတိယ ကမ္ဘာစစ်အပြီးတွင် အာဖရိက၊ ကာရစ်ဘီယာန် နှင့် အာရှဒေသများတွင် လွပ်လပ်ရေးအတွက် လူထုလှုပ်ရှားမှုများ အားကောင်းလာပြီး ဆယ့်ရှစ်ရာစု ဆယ့်ကိုးရာစုကတည်းက ဥရောပ သားများ၏ ကိုလိုနီ ပြုကျင့်ခြင်းကို ခံခဲ့ရသည့် ယင်းနိင်ငံများ ကိုလိုနီလက်အောက်မှ လွတ်မြောက်လာခဲ့ကြသည်။ ရာစုနှစ်နှင့်ချီ၍
ကိုလိုနီ ပြုကျင့်ခဲ့ကြသောကြောင့် အကျဉ်းသားကဲ့သို့သော အာရပ်များနှင့် ဒါရူးတို့လို ဥရောပမှ အခြေချလာ
သူများ၏ မျိုးဆက်များမှာ တိုင်းပြည်၏ ဇာတိချက်ကြွေ နိင်ငံသားတွေ ဖြစ်လာခဲ့ကြသည်။ ကမျူးက ကိုလိုနီ
ခေတ် အနေအထားကို လှောင်ပြောင်သည့် အနေနှင့် ဇတ်လမ်းအစတွင် ကျောက်သင်ပုန်းပေါ်မှာ ပြင်သစ်
နိင်ငံ၏ မြစ်ကြီးလေးသွယ်ကို ရေးဆွဲထားခြင်း နှင့် စဖွင့်သည်။ သည် ပြင်သစ်နိင်ငံ၏ပထဝီ ဗဟုသုတ က ကျေးလက်နေ အာရပ်ကလေးငယ်များအဖို့ အတော့်ကို အသုံးမဝင်လှသော အချက်အလက်များ ဖြစ်သည်။
သည်အချက်က ဥရောပ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများကို လက်အောက်ခံ နိင်ငံများကို ဖြန့်ဖြူးဖို့ ရည်ရွယ်သည့် ကိုလိုနီခေတ် ပညာရေးစနစ်ကို သင်္ကေတ ပြုလို့ နေခဲ့သည်။

ယျေဘူယျ အကဲဖြတ်ခြင်း
ဤ ဝထ္ထုကို ဝေဖန်ရေးဆရာများ၏ တုံ့ပြန်မှုက အကောင်းအဆိုး နှစ်မျိုးရောနေသော်လည်း အကောင်းဘက်က
ပိုပါသည်။ ကမျူးမှာ ပုဂ္ဂိုလ်ရေး အခက်အခဲများကြောင့်ကော၊ စာရေးမရ ဖြစ်နေခြင်းကြောင့်ကော နှစ်ပေါင်းများ
စွာ စာမရေးဖြစ်ခဲ့။ ဤ ဝထ္ထုတိုပေါင်းချုပ် Exile and the Kingdom က အဓိက ဝထ္ထုကြီးများ ပြန်ရေးဖို့ရာ စတင် အရှိန်ယူသည့်အနေနှင့် ရေးသားခဲ့ခြင်းဖြစ်သည်ဟု အချို့က မြင်သည်။ အတော်များများကတော့ ကမျူး
ကို ဒဿနနှင့် ဝထ္ထုကြား ပြတ်ပြတ်သားသား မခွဲခြားနိင်ခဲ့ဟု မြင်သည်။ Irving Howe က ကမျူးကို ကြည့်ရ
သည်မှာ တစ်ဖက်မှာ ဇတ်လမ်းတွေ ဇတ်ကောင်တွေကို ဖန်တီးရတာ နှစ်သက်လှသလို တစ်ဖက်မှာ လည်း သူ့ဒဿန တွေကို သာဓက ပြချင်ဇောက ထိန်းမရ ဖြစ်နေခဲ့သည်။ သည့်အတွက် ရလာဒ်အနေနှင့် ဖန်တရာတေခြင်း နှင့် မရှင်းလင်း မထင်ရှားခြင်းတို့ ရောနှောနေခဲ့သည် ဟု ဆိုသည်။ နောက်သုံးနှစ် အကြာတွင် ရုတ်တရက် ကွယ်လွန်ခဲ့သဖြင့် နောက်ထပ် သူ ဖန်တီးဖို့ ရည်ရွယ်ထားသည့် လက်ရာများကို
မတွေ့နိင်တော့၊ ဤ ဧည့်သည် ဝထ္ထုက ကမျူး၏ နောက်ဆုံး ပုံနှိပ်ထုပ်ဝေခဲ့သည့် လက်ရာ ဖြစ်ခဲ့သည်။ သူ၏ ဝထ္ထုတိုပေါင်းချုပ်တွင် ဖန်တီးအားအကောင်းဆုံး ဝထ္ထုအဖြစ် ဝထ္ထုတိုပေါင်းချုပ်အတော်များများတွင် ထည့်သွင်း
ဖော်ပြခံရသည်။

အစောပိုင်း ဖွင့်ဆိုချက်အတော်များများကတော့ ကမျူး၏ ဒဿနဘောင်ထဲကိုပဲ အလွယ်တကူ ထည့်သွင်းကာ
အနက်ကောက်ခဲ့ကြသည်။ မိမိကိုယ်ကို အမှန်အမှားခွဲခြားနားလည်နိင်သော လူသားအဖြစ်ခံယူထားသည့် ဒါရူး အဖို့ အဓိပါယ် ကင်းမဲ့လှသည့် လောကကြီး၏ တောင်းဆိုချက်အရ ပြုမူဆောင်ရွက်နေရတာကို စိတ်ကုန်စိတ်
ပျက်လှသဖြင့် ကင်းကွာမှု ခံစားနေရခြင်းဖြစ်သည်ဟု ဖွင့်ဆိုကြသည်။ အချို့ကတော့ ဝထ္ထုထဲက မရေရာ ဝေဝါး
လှသည့်အရာတွေကို ခွဲခြမ်းစိတ်ဖြာကြသည်။ ဘော်ဒူချီတစ်ယောက် အကျဉ်းသား၏ ရာဇဝတ်မှုအပေါ် မသေ
မချာ ရှိလှပုံ၊ ဒါရူးတစ်ယောက် အာရပ်၏ ရှင်းပြချက်ကို နားလည်နိင်စွမ်းမရှိပုံ၊ နှစ်ယောက်သား ခွဲခွာကြသည့်
အခန်းတွင် အာရပ်၏ အသနားခံမှုကို ဒါရူးတစ်ယောက် နားထောင်ချင်စိတ်မရှိပုံ၊ သူ့ ခံစားမှု သူတောင်မှ ပြန်
မဆန်းစစ်ချင်တော့ပုံ၊ စသည်တို့က ဝထ္ထုကို ပဟေဋိများစွာ ပေးနေခဲ့သည်။ နောက်ပိုင်း သုံးသပ်ချက်များတွင်
တော့ ဝေဖန်ရေးဆရာများ အနေဖြင့် ယဉ်ကျေးမှု အမြင်ရှုထောင့်များ ကွဲပြားလှပုံကို ပိုသတိပြုမိလာခဲ့ကြသည်။
သည့်အတွက် ဇတ်ကောင် အာရပ် အပေါ် ပိုပြီး အာရုံစိုက်လာကြသည်။ အာရပ်ကို အလွယ်တကူ မိစ္ဆာ ကောင်
အဖြစ် သတ်မှတ်ကြသူများကိုလည်း အာရပ် ယဉ်ကျေးမှု နှင့် အစ္စလာမ်္မစ် ဥပဒေသ များကိုပါ ထည့်သွင်း စဉ်းစားဖို့ထောက်ပြကြသည်။ ဥရောပ ယဉ်ကျေးမှု အစွဲဖြင့် အာရပ်ကို မယဉ်ကျေးသေးသော သူ၊ တိရစ္ဆာန် သာသာ အဖြစ်မြင်နေကြခြင်းလည်း ဖြစ်နိင်သည်ဟု ဆိုကြသည်။

အချုပ်ဆိုရလျင် ကမျူး၏ ဤဝထ္ထုတိုမှာ free indirect discourse ရေးဟန်အပိုင်းတွင်ကော ဝထ္ထုတို အရေးအသားတွင်ပါ စံပြုရမည့် ဝထ္ထုတိုတစ်ပုဒ်ဖြစ်သည်။ ထို့အပြင် ဤ ဝထ္ထုတိုက နှစ်ဆယ်ရာစု အလယ် ယဉ်ကျေးမှုနှင့် စာပေ အတွေးအခေါ်များ(ဥပမာ ဖြစ်တည်မှု ပဓါန ဝါဒ၊ အဓိပါယ် ကင်းမဲ့မှုအယူအဆ (absurdism)) ကြွယ်ဝလို့နေခဲ့သည်။ နောက်ဆုံးအနေနှင့် ကိုလိုနီဝါဒ နှင့် ကိုလိုနီခေတ် ဆက်ဆံရေးကို အားကောင်းစွာ ဖော်ပြ နိင်သော ဝထ္ထုကောင်း တစ်ပုဒ် ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။

ဒီနိုဗို
Ref: Short Stores for Students Vol.4

Kathleen Wilson and Marie Lazzari, Editors

No comments: