Wednesday, January 30, 2013

ဗွီလိန်




            ငယ်ငယ်ကတည်းက ရုပ်ရှင်ပဲ ကြည့်ကြည့် ဝတ္ထုပဲဖတ်ဖတ် ဗီလိန်တွေက အမြဲပါနေကျဆိုတော့ စိတ်ထဲမှာ ဗီလိန်တွေဟာ မရှိမဖြစ်တဲ့လောကရဲ့ ဇါတ် ကောင် တစ်ကောင်လိုပဲ ယုံမှတ်ထားမိတယ်၊ သိပ်ပြီး ထွေထွေထူးထူးလည်း မစဉ်းစားမိဘူး၊ လူကောင်းရှိရင် လူဆိုးလည်း ရှိမှာပဲ၊ ဟီးရိုးရှိရင် ဗီလိန်လည်း ရှိမှာပဲ၊ ဒါဟာ လောကဓမ္မတာပဲ မဟုတ်လား၊ ဒါပေမယ့် တခါတခါ ပေါက်ပေါက်ရှာရှာ သွားစဉ်းစားမိတယ်၊ ဗီလိန်တွေသာ မရှိခဲ့ရင် လောကကြီးဘယ်လိုများနေမလဲ၊
                ပိုပြီးကောင်းသွားမလား၊ ပိုပြီး သာယာလှပလာမလား၊ ပိုပြီး ပဋိပက္ခတွေ နည်းသွားမလား၊ မျှော်လင့်မိသလို၊ တစ်ဖက်ကလည်း ဗီလိန်တွေမရှိတော့ရင် သူရဲကောင်းတွေရော ရှိပါတော့မလား၊ သူရဲကောင်းတွေရော လိုပါတော့မလား၊ သွားစဉ်းစားမိပြီး နဲနဲတောင် စိတ်မကောင်းဖြစ်သွားမိသေးတယ်၊ ဒါထက်ပိုဆိုးလို့ အဲဒီ သူရဲကောင်းတွေကပဲ ဗီလိန်တွေနဲ့ မတိုက်ခိုက်ရတာ ကြာလာလို့ ပျင်းလာပြီး မတော်တရော်တွေ လျှောက်လုပ်လို့ ဗီလိန်တွေ ဖြစ်လာမလား၊ တချို့လည်း သူရဲကောင်း ဆန်ချင်လွန်းလို့ မိုက်ရူးရဲတွေလုပ်ပြီး တကယ့်ဗီလိန်တွေ ဖြစ်လာမလား၊ အဲသည်လိုမဟုတ်တောင် သာမန်လူတွေက သူရဲကောင်းတွေကို ဆန်ကုန်မြေလေး ဈေးကွက် မဝင်တော့တဲ့ အရာတွေဆိုပြီး မျက်စိနောက်နောက်နဲ့ အားလုံးညှိပြီး ဝိုင်းအသရေဖျက်ကြမလား၊ အဲသည်လို သူတို့မှာ နေရင်းထိုင်ရင်း အသားလွတ် ဗီလိန်တွေလို့ စွပ်စွဲ ခံရရင် ဘယ်လိုလုပ်မလဲ၊ စဉ်းစားရင်း အတော်တောင် စိတ်ပူသွားမိတယ်၊
                တစ်ခါ ဗီလိန်တွေကို အောင်နိုင်ပြီးမှပဲ လောကကြီးကပိုပြီး ဓမ္မတရားတွေ ထွန်းကား၊ ပိုပြီးအကောင်းမြင်စိတ်တွေနဲ့ တက်ကြွကာ အပြောင်းအလဲလုပ်ဖို့ စိတ်ပါလာလေ့ ရှိကြတော့ကာ ဗီလိန်တွေ မရှိရင်တောင် အဲဒီလို တိုးတက်ဖြစ်ထွန်းမှုတွေ ရှိပါတော့မလား၊ တသမတ်တည်း ပျင်းစရာကောင်းတဲ့ ဘဝတွေနဲ့ မိမိကိုယ်ကို သတ်သေခြင်းတွေပဲ ပိုများလာမလား၊ ဒါမှမဟုတ် ဘဝကို ပိုပြီး မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်သွားအောင် ဗီလိန်ဆိုတာကို Definition အဓိပ္ပါယ်အသစ်ဖွင့်ဆိုပြီး ထပ်မံရှာဖွေကြ ဦးမလား၊ ဒါဆို လက်ရှိနားလည်ထားတဲ့ ဗီလိန်ဆိုတာ ဘယ်လိုမျိုးလည်း၊ ဗီလိန်ဆိုတာ လူပုဂ္ဂိုလ်အနေနဲ့ပဲလား၊ ဒါဆို စက်ရုပ်ကြီးတွေ၊ သတ္တဝါကြီးတွေ၊ ဘာကောင်မှန်း သတ်သတ်မှတ်မှတ်ပြောလို့မရတဲ့အရာတွေကို ဘယ်လိုသတ်မှတ်မလဲ၊ ဗီလိန်တစ်ယောက်လို့ အများသဘောတူ သတ်မှတ်ဖို့ရာ ဘယ်လို အရည်အချင်းမျိုးတွေ ပြည့်စုံ ဖို့လိုနေလဲ၊ သိဖို့ လိုလာခဲ့ပြီ၊ ကွဲပြားဖို့ လိုလာခဲ့ပြီ၊ ဒီနေရာမှာလည်း အတော်လေး သတိထားပြီး ဖွင့်ဆိုဖို့လိုပါတယ်၊ မဟုတ်ရင် အခန့်မသင့် ကိုယ်တိုင်တောင် ဗီလိန် စာရင်းထဲပါသွားနိုင်သေးတယ် မဟုတ်လား၊
                ဒီတော့ လူတိုင်းကြားဖူးနေကြ ရုပ်ရှင်တွေထဲက ထင်ရှားလှတဲ့ ဗီလိန်ကြီးတွေကို နဲနဲလေ့လာကြည့်မိတယ်၊ ပထမဆုံး ခေါင်းထဲပေါ်လာတာ Universal Villain ကြီး Darth Vader Star War ဇါတ်ကားတွဲများ ကြည့်ဖူးသူတိုင်း သူ့ကို အလွယ်တကူ မေ့လို့ရမည်မထင်၊ တကယ်တော့လည်း တကားလုံးနီးပါး သူ့မျက်နှာကို ပင် မြင်ရသည်မဟုတ်၊ သို့သော် မျက်နှာဖုံးအောက်တွင် ကိန်းအောင်းနေသော ကြီးမားလှသည့် ပါဝါနှင့် ဆိုးယုတ်မှုတို့ကို အလွယ်တကူ အာရုံရနိုင်ပေသည်၊ သူနှင့် ဆန့်ကျင်ဖက် မျက်နှာဖုံး မဖုံးထားပဲ ပြောင်ချောရှင်းလင်းနေသည့် လူစင်စစ်မျက်နှာနှင့် ပြုံးလိုက်တိုင်း အသည်းထဲစိမ့်နေအောင် ကြောက်ဖို့ကောင်းလှသူကတော့ Hannibal Lecter လူစင်စစ်မျက်နှာနှင့် လူသားစရိုက်လက္ခဏာ လုံးဝမရှိတော့သူ၊ စိတ်ရောဂါရှိနေသော စိတ်ကုဆရာဝန်၊ ဥာဏ်ရည်ထက်မြက် စမတ်ကျလွန်းမှုနှင့် အသတ်အဖြတ်ကျွမ်းကျင်၍ လူသားစားတတ်မှုစသည့် အစွန်းတရားများကို တပြိုင်နက်တည်း ပိုင်ဆိုင်ထားလို့ပေလား မသိ၊ အမေရိကန် ရုပ်ရှင်အစည်းအရုံးက နံပါတ် ()ဗီလိန်အဖြစ် သတ်မှတ်ခြင်းကိုပင် ခံထားရသည်၊ တဖက်ကကြည့်ရင်တော့ ဥာဏ်ရည်ထက်မြက် ပညာတတ်လွန်းမှုအပေါ်မှာရှိတဲ့ လူတွေရဲ့အကြောက်တရားကို များ ညွှန်းဆိုနေတာများလား၊
                အပေါ်မှာပြောတဲ့သူတွေဟာ ဗီလိန်လက္ခဏာ အပြည့်အဝရှိသူတွေလို့ပဲ ဆိုကြပါစို့၊ ကျွန်တော်တို့ဟာ အဲဒီဗီလိန်တွေအကြောင်းကို အားပါးတရ အတင်းချရတာ အတော်အရသာရှိလှပါတယ် ဒါပေမယ့် အဲဒီ ဗီလိန်လို့ ကျွန်တော်တို့­­ ရွံကြောက်ကြတဲ့ သူတွေဟာ တစ်ခြားသူမဟုတ်ပဲ ကိုယ်တိုင်များဖြစ်နေခဲ့ရင် ဘယ်လိုလုပ်မလဲ၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး Dr.Jekyll and Mr.Hyde က ကျွန်တော်တို့ကို မေးခွန်းထုတ်သွားခဲ့တယ်၊ ဒီမေးခွန်းနဲ့ပဲ လူတွေမှာမိမိရဲ့ ပုန်းရှိုးနေတဲ့ မကောင်းတဲ့စိတ်တွေအပေါ် ပြန်ကြောက်နေမှုကို မီးမောင်းထိုးပြသွားခဲ့တယ်၊ ကျွန်တော်တို့စိတ်ရဲ့ အမှောင်ခြမ်းတွေဟာ ကျွန်တော်တို့အမြဲ ကြောက်ရွံ့နေတဲ့ ဗီလိန် တွေပဲလား၊ ဟစ်ကော့ရဲ့ Psycho ထဲက Norman Bates ဟာ ကျွန်တော်တို့ကို ကိုယ်ကိုယ်တိုင်နဲ့ ပတ်ဝန်းကျင်ကလူတွေကို အမြဲသံသယဝင်စေခဲ့တယ်၊ တကယ် တော့ ကျွန်တော်တို့ အပြည့်အဝ နားမလည်နိုင်သေးသည့် မထိန်းချုပ်နိုင်သေးသည့် အရာတွေအပေါ်မှာရှိတဲ့ စိုးရိမ်ပူပန်မှုတွေကို ဒီလိုနည်းနဲ့ ဗီလိန်တွေအဖြစ် အသက် သွင်းခဲ့ကြတယ်လို့ ကျွန်တော်ထင်မိတယ်၊ ကျွန်တော့်အမြင် မှားကောင်းလည်းမှားပါမယ်၊ ပြန်ကြည့်လျှင် သိပ္ပံနဲ့ နည်းပညာအတတ်ကျူးမှုအပေါ် လူသားရဲ့ကြောက်ရွံ့ မှုကို Frankenstein ဆိုသည့် ဗီလိန်နှင့် သရုပ်ဖော်ပြခဲ့သည်မဟုတ်လား၊ နောက်ဆုံးပေါ်နူးကလီးယားနည်းပညာအပေါ် လူသားတို့၏ စိုးရိမ်ကြောက်လန့်မှုကို Godzilla လို ဗီဇဖောက်ပြန်သည့် သတ္တဝါကြီးနှင့် ခြောက်လှန့်ပြခဲ့သည် မဟုတ်လား၊ စက်ရုပ်နှင့် ဥာဏ်ရည်တုများအပေါ် လူသား၏ သံသယကို Terminator နှင့် လှစ်ဟပြခဲ့ သည် မဟုတ်လား၊ တခြားကမ္ဘာက သက်ရှိများအပေါ် လူသား၏စိုးရွံ့သိမ်ငယ်မှုကို Independence day တို့နှင့် ဝန်ခံပြခဲ့သည်ပဲ မဟုတ်လား၊ ဒီလို pattern တွေကို ဆွဲကြည့်လိုက်တဲ့အခါ ဗီလိန်တွေဟာ ကျွန်တော်တို့ စိတ်ထဲမှာ ကိန်းအောင်းနေတဲ့ စိုးရိမ်မှုအကြောက်တရားရဲ့ အသွင်သဏ္ဍာန်တွေ ဖြစ်နေတာထင်ရှားလို့ နေခဲ့ပြန် တယ်၊ ခြုံပြောရယင်တော့ Humanity လူသားသဘာဝရဲ့ ဟိုသည်ယိမ်းထိုးနေတဲ့ ကြောက်မက်ဖွယ်အရိပ်ကြီးကို ညွှန်းဆိုနေတာ ဗီလိန်တွေပဲ ဖြစ်လို့နေခဲ့တယ်၊
                ဒီလို နိုင်ငံတကာရုပ်ရှင်တွေထဲက ဗီလိန်တွေပဲ ရွေးပြီးပြောနေတော့ ဗမာကားတွေက ဗီလိန်တွေကရော၊ ကျွန်တော်တို့ ငယ်ငယ်တုန်းက အင်မတန် ရွံ့မုန်း ခဲ့တဲ့ ဗီလိန်ကြီးတွေဖြစ်တဲ့ ဦးကျောက်လုံးတို့၊ ဦးအေးကြူတို့ကို သတိရမိတယ်၊ ကျွန်တော် မြင်သလောက်တော့ သူတို့တွေက စာရိတ္တပိုင်း ဖောက်ပြန်တဲ့၊ ပိုပြီးတိတိ ကျကျပြောရယင် လိင်ပိုင်းဆိုင်ရာမှာ ယုတ်မာတဲ့ဗီလိန်ကြီးတွေပဲ၊ ရုပ်ပိုင်းအကြမ်းဖက်မှု သိပ်မရှိဘူး၊ ဦးအံ့ကျော် ကျတော့ လူမိုက်ဆန်ဆန် ရုပ်ပိုင်းကြမ်းတမ်းခက်ထန် အနိုင်ကျင့်မှုပါလာပြီ၊ နောက်ပိုင်း အောင်ခိုင်တို့ လက်ထက်ကျတော့ တနပ်စား လူလည်လူနပ်တွေကို ကိုယ်စားပြုလာခဲ့ပြီ၊ တစ်ခါ တိုင်းတပါးလူမျိုးခြားတွေကို ဝိသမ လောဘသားတွေအဖြစ် ဗီလိန်လုပ်ထားတဲ့ကာလတလျောက်လုံးမှာ ကျားကြီးက ပင်တိုင်ဗီလိန်၊ စသဖြင့် ခေတ်ရဲ့ တောင်းဆိုမှုကြောင့်လားမသိ၊ ဗီလိန်တွေရဲ့ သဘာဝ က ပြောင်းနေခဲ့တယ်၊ နောက်ပိုင်း ဗီလိန်တွေက လူပျက်တွေလို ပေါတောတောနဲ့ ဇါတ်လမ်းတွေကိုက လေးလေးနက်နက် မရှိတော့လို့လည်း ဖြစ်ပါလိမ့်မယ်၊
                ရုပ်ရှင်တွေကိုပဲ ဥပမာ ပေးနေတော့ ဗီလိန်တွေဟာ လူတွေဖန်တီးထားတဲ့ ရုပ်ရှင်တွေ၊ ဝတ္ထုတွေထဲမှာပဲရှိတာလား၊ ကျွန်တော်တို့ နိစ္စဓူဝအပြင်လောကမှာ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာရော မရှိနိုင်ဘူးလား၊ စဉ်းစားစရာပါပဲ၊ ဘာကြောင့်ဆို ဗီလိန်ဆိုတဲ့စကားလုံးကိုက လယ်ကူလီ အောက်တန်းစားဆိုတဲ့ လက်တင်စကား villanus ကဆင်းသက်လာခဲ့တာပါ၊ လူကြီးလူကောင်းမဆန်တဲ့ ရုန့်ရင်းကြမ်းတမ်း တနပ်စားစရိုက်မျိုးကို ပြောချင်တာပါ၊
                ဒါပေမယ့်လည်း နောက်ပိုင်းမှာ ဒီစကားလုံးကို လူဆိုးလူမိုက်လူယုတ်မာ အနေနဲ့ ဝတ္ထုတို့၊ ပြဇါတ်တို့မှာပ အဓိက သုံးခဲ့တာမဟုတ်လား၊ အပြင်လောကမှာ ဗီလိန်လို့ ကိုယ့်ကိုယ်ကို သတ်မှတ်ပြီး ရုပ်ရှင်ထဲမှာလို စိတ်ပါလက်ပါ သရုပ်ဆောင်နေတဲ့သူမှ မရှိတာ၊ ကိုယ့်ကိုယ်ကိုတော့ ဇါတ်လိုက်လို့ လူတိုင်းထင်ကြတာချည်း မဟုတ်လား၊ အကျင့်ကသာ နှစ်ပြားဖိုးမှ မတန်ရှိလိမ့်မယ်၊ ကိုယ့်ကိုယ်ကိုတော့ သူတော်စင်နီးပါး ထင်ထားကြတာချည်း မဟုတ်လား၊ လူတွေ ဖန်တီးထားတဲ့ဇါတ်လမ်း တွေထဲက ဗီလိန်တွေလိုတော့ ထင်းခနဲ ရှင်းခနဲ သိသာထင်ရှားပေါ်လွင်နေမှာတော့ မဟုတ်ဘူးပေါ့၊
                တူညီတာကတော့ ရုပ်ရှင်ထဲမှာလိုပဲ အပြင်လောကမှာလည်း ကြေကွဲစရာ ဇါတ်နာတွေနဲ့ ပြည့်နေခဲ့တယ်၊ ရှင်းရှင်းလေးနဲ့ ရှင်းမရတဲ့ ပြဿနာတွေနဲ့ လုံးချာ လည်နေခဲ့တယ်၊ အဲဒီတော့ ဗီလိန်သဘောဆောင်နေတဲ့ သူတွေလည်း ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ရှိမှာပါပဲ၊ ဥပမာ ဈေးထဲမှာ ၂၀ တိုးနဲ့ ငွေတိုးချေးစားနေသူတွေ ဟာ မရှိဆင်းရဲသားတွေအတွက် ကြွေးလည်ပင်းခိုက်စေတဲ့ ဗီလိန်တွေများဖြစ်နေမလား၊ ဆင်းရဲလို့သူများအိမ်မှာ အိမ်ဖော်လာလုပ်နေတဲ့ မိန်းခလေးငယ်တွေကို အနိုင် ကျင့် နှိပ်စက်တတ်တဲ့ အိမ်ရှင်တွေကရော ဗီလိန်ခန်းမှာ ထည့်ရိုက်ရမယ့်သူတွေပဲ မဟုတ်လား၊ လူနာတွေသောက်မည့်ဆေးကို ပြတ်မှာ ကြိုမြင်လို့ အမြတ်ရဖို့ လှောင် ထားတဲ့ ကုမ္ပဏီကြီးတွေဟာ ဗီလိန်ဆန်လွန်းနေမလား၊ ဆင်းရဲတဲ့ မိန်းမပျိုလေးတွေ၊ ဒုက္ခရောက်နေတဲ့ ကလေးငယ်လေးတွေကို ခြိမ်းခြောက်ဆွဲဆောင်သိမ်းသွင်းပြီး လူကုန်ကူးနေတဲ့သူတွေ၊ အမျိုးမျိုးခိုင်းစားနေတဲ့သူတွေဟာ လူမဆန်တဲ့ ဗီလိန်ကြီးတွေပဲ မဟုတ်လား၊ လူငယ်တွေကို ဘဝဆုံးစေမယ့် မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကား နေကြသူတွေကိုရော ဗီလိန်လို့ မသတ်မှတ်သင့်ဘူးလား၊ ဆက်ပြောယင်တော့ ဒီအက်ဆေး ရေးလို့မပြီးခင် ဝိုင်းပြီးချောင်းရိုက်ကြလို့ အချိန်မတန် အိမ်ပြန် ရဖို့သာရှိလိမ့်မယ်၊ ပြောလို့ကတော့ ကုန်မယ်မထင်၊
                ဒီတော့ ယနေ့ယခု ခေတ်ပြိုင်ကိစ္စတွေကိုတော့ ခေါင်းယားလို့ အကျယ်မပြောတော့ဘူးထားပါတော့၊ ဟိုးအတိတ် ရာဇဝင်ကို လှန်ကြည့်တော့လည်း ဗီလိန် တွေကပြည့်လို့၊ အများနည်းတူပဲ အရင်ဦးဆုံး သတိရလိုက်မိတာက ဟစ်တလာ၊ သူကတော့ ဘယ်သမိုင်းစာအုပ် ဖတ်ကြည့်ကြည့် တွေ့နိုင်တဲ့ ဗီလိန်ကြီးမဟုတ်လား၊ အများသဘောတူ အတည်ပြုထားတဲ့ ၂၀ရာစုရဲ့ ဗီလိန်ကြီးပေါ့၊ သူဘယ်လောက်ဆိုးသလဲဆိုတာတော့ သိပ်အကျယ်ပြောဖို့ လိုမယ်မထင်ပါဘူး၊ ဒါပေမယ့် သူ့ရဲ့ ကောင်းကွက်လေးကို ရှာပြောရယင် သူဟာကိုယ့်လူမျိုး ကိုယ့်တိုင်းပြည်အတွက်တော့ သိပ်မဆိုးခဲ့ဘူး၊ အဲဒီရှုထောင့်ကကြည့်ရင်တော့ တိုင်းပြည်လူဦးရေရဲ့ ၂၅% လောက်ရှိတဲ့ လူနှစ်သန်းနီးပါးကို သေဆုံးစေခဲ့တဲ့ ခမာနီခေါင်းဆောင် ပိုပေါ့ရဲ့ ကိုယ့်လူမျိုးကိုယ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေက ပိုများဆိုးဝါးနေမလားမသိ၊ ဒါပေမယ့် ခေတ်သစ်သမိုင်းမှာ ဟစ်တလာလောက် နာမည်မပျက်ပင်မယ့် ဟစ်တလာထက်တောင် ပိုပြီးကြောက်ဖို့ကောင်းခဲ့တဲ့ ဗီလိန်ကြီးတစ်ယောက်ကတော့ စတာ လင်ပါပဲ၊ ဆိုဗီယက်ပြိုကွဲပြီးမှ ထွက်လာတဲ့ တရားဝင် အထောက်အထားတွေအရ သူ့ပယောဂကြောင့် အနည်းဆုံး လူသုံးသန်း သေဆုံးခဲ့ရပါတယ်၊ ခန့်မှန်းမှုတွေအရ တော့ သူ့လက်ချက်နဲ့ လူသန်း(၂၀)ဝန်းကျင်လောက်ဟာ နည်းအမျိုးမျိုးနဲ့ သေဆုံးခဲ့ရပါတယ်တဲ့၊ ဒါဟာ ဒုတိယကမ္ဘာစစ်မှာ သေဆုံးတဲ့လူဦးရေရဲ့ သုံးပုံတစ်ပုံလောက် ရှိပါတယ်၊ သူတို့နဲ့ ယှဉ်လိုက်တော့ ၂၁ရာစုရဲ့ ဗီလိန်ကြီး အိုစမာ ဘင်လာဒင်ဟာ ကြွက်သာသာလောက်ပဲ ရှိတော့တယ်၊ ဒီနေရာမှာတော့ စစ်ပွဲကြီးပြီးခါမှ လက်နက် စမ်းသပ်တဲ့သဘောနဲ့ အနုမြူဗုံးကြဲချခဲ့တဲ့ အမေရိကန်သမ္မတ ဟယ်ရီထရူးမင်းကြီးကိုလည်း ကျွန်တော်တို့ သမိုင်းရဲ့ ဗီလိန်ကြီးစာရင်းမှာ မမေ့မလျော့ထည့်သွင်းဖို့ လိုပါ လိမ့်မယ်၊
                ဒီနေရာမှာ လူတစ်ယောက်ချင်းစီကို ဗီလိန်ကြီးတွေအဖြစ် ကျွန်တော်စွပ်စွဲနေတာကို သဘောမတူ သူများလည်း ရှိကောင်းရှိနိုင်ပါတယ်၊ ဒီရာဇဝင်တွင် လောက်အောင် ကြီးမားတဲ့ပြစ်မှုကြီးတွေကို ဒီဗီလိန်ကြီးတွေ ကျူးလွန်ခွင့်ရအောင် အားပေးအားမြှောက်ပြုနေတဲ့ပတ်ဝန်းကျင်၊ ထောက်ခံအကောင်အထည် ဖော်ပေးနေ တဲ့ ပတ်ဝန်းကျင်၊ ကန့်ကွက်တားဆီးဖို့ ပျက်ကွက်နေတဲ့ ပတ်ဝန်းကျင်မှာလည်း တာဝန်တစိတ်တပိုင်း ရှိတယ်မဟုတ်လား၊
                ဒါကတော့ သမိုင်းရဲ့ ပုဂ္ဂိုလ်အသွင်ဆောင်နေတဲ့ ဗီလိန်ကြီးတွေပေါ့၊ ဒါပေမယ့်လည်း လူပုဂ္ဂိုလ်မဟုတ်လို့ အကောင်အထည်နဲ့ပြဖို့ခက်တဲ့ အယူအဆရေးရာ ဗီလိန်ကြီးတွေကိုလည်း ကျွန်တော်တို့ မမေ့သင့်ဘူးလေ၊ ကျွန်တော်တို့ အမြဲပြောနေကျ ဖက်ဆစ်ဝါဒ၊ နာဇီဝါဒ၊ နောက် ဇီယွန်ဝါဒ၊ လူမျိုးကြီးဝါဒ၊ ဘာသာရေး အစွန်း ရောက်ဝါဒ၊ အသားအရောင်ခွဲခြားတဲ့ဝါဒ၊ အကြမ်းဖက်ဝါဒ၊ စသဖြင့် ကျွန်တော်တို့ ကမ္ဘာကြီးမှာ အမြဲ ပြဿနာရှာနေတဲ့ ဝါဒတွေကိုလည်း ဗီလိန်စာရင်းထဲ ထည့်ထားမှ တော်ကာ ကျမယ်မဟုတ်လား၊ ဒါတောင်မှ အဲဒီဝါဒတွေကို အသစ်တဖန် အသက်သွင်းချင်တဲ့ နာဇီလက်သစ်လိုမျိုးတွေ ပေါ်နေတာပဲ မဟုတ်လား၊
                ဒီတော့ ဗီလိန်တွေ ပြည့်နှက်နေတဲ့သမိုင်းကနေ ကျွန်တော်တို့ လွတ်မြောက်နိုင်မလား၊ ကြေကွဲစရာတွေပြည့်နှက်နေတဲ့ လူ့သမိုင်းကဘယ်တော့များ ဆုံးမှာ လည်း၊ ဒီလိုပဲ ဗီလိန်တွေ တစ်ယောက်ပြီးတစ်ယောက် ပေါ်လာပြီး သမိုင်းစာမျက်နှာတွေမှာ ရေးချင်တာရေးသွားကြမလား၊ စဉ်းစားကြည့်တော့ ဘာသာရေးက ခေါင်း ထဲ ရောက်လာတယ်၊ ဘာသာရေးမှာများ ကျွန်တော်တို့ခိုလှုံရာ ရှိနိုင်မလား၊ လေ့လာကြည့်တော့ ဘာသာရေးမှာလည်း ဗီလိန်တွေနဲ့ပဲ၊
                ဗုဒ္ဓဘာသာ ဇါတ်နိပါတ်တော်တွေမှာဆို ဗုဒ္ဓကို ဘုရားမဖြစ်အောင် အမြဲနှောင့်ယှက်နေတဲ့ မာန်နတ်လို ဗီလိန်မျိုးတွေ၊ ဒေဝဒတ်လို ဗီလိန်မျိုးတွေကို ကျွန်တော်တို့ အလွယ်တကူ တွေ့နိုင်ပါတယ်၊ ရင်းနှီးတဲ့ မိတ်ဆွေတစ်ယောက်ကတော့ မာန်နတ်လို ဗီလိန်ကြီးတွေဟာ ဘုရားလောင်းတွေကို အရည်အချင်း စစ်ဆေး နေတဲ့သူတွေပဲလို့တောင် နောက်တောက်တောက် ဆိုလေရဲ့၊ ခရစ်ယာန်ဘာသာမှာတော့ အဓိက ဗီလိန်က စာတန်ပေါ့၊ အရာရာကို ဘုရားသခင် ဖန်တီးတော်မူ တယ်လို့ ယုံကြည်ထားတဲ့ ခရစ်ယာန်တွေအဖို့ စာတန်ဟာ ဘုရားသခင် တမင်ဖန်တီးထားတာလည်းမဟုတ်၊ သဘာဝအတိုင်း ရှိနေတာလည်းမဟုတ်၊ မရှိမဖြစ်တဲ့အရာ လည်း မဟုတ်၊ ဘုရားသခင်ရဲ့ ကောင်းမွန်တဲ့ အရင်းအမြစ်တွေကို အလွဲသုံးစားပြု လမ်းမှားလိုက်နေတဲ့ သူသာ ဖြစ်နေခဲ့တယ်၊ မွတ်ဆလင်ဘာသာမှာရော အလားတူပဲ ရှိုက်တန်ဆိုတဲ့ ဗီလိန်ကြီးရှိပါတယ်၊ ဘုရားစကားနားမထောင်ပဲ ကိုယ့်ကိုယ်ကို ဟုတ်လှပြီလို့ မာနကြီးနေတဲ့သူပေါ့ဗျာ၊
                ဒါတွေကို ခြုံပြီးပြောရယင်တော့ ဘာသာရေးတွေမှာလည်း ဗီလိန်တွေဟာ အသွင်အမျိုးမျိုး အမည်အမျိုးမျိုးနဲ့ ရှိနေခဲ့တယ်၊ ကွဲပြားခြားနားတဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်တွေနဲ့ ရှိနေခဲ့တယ်၊ ဒါပေမယ့် တူညီတာက ဘယ်ဘာသာရေးမှာမဆို မယုံကြည်သူ၊ မေးခွန်းထုတ်သူ၊ အထွန့်တတ်သူ၊ အမြင်ကွဲလွဲသူမှန်သမျှကို မကောင်း ဆိုးရွားပူးနေသူ၊ အယူတိမ်းသူ၊ မိစ္ဆာဝါဒီအဖြစ် စွပ်စွဲပြီး ဗီလိန်လုပ်ပစ်ကြတာပါပဲ၊
                အဲဒီတော့ ရုပ်ရှင်တွေ ဝတ္ထုတွေမှာပဲ ကြည့်ကြည့်၊ တကယ့်အပြင်လောကမှာပဲ ကြည့်ကြည့်၊ ပစ္စုပ္ပါန်မှာပဲကြည့်ကြည့် အတိတ်သမိုင်းကိုပဲ ကြည့်ကြည့် ဗီလိန်တွေဟာ အမြဲရှိနေခဲ့တယ်၊ အနောက်တိုင်းပုံပြင်တွေထဲမှာ အမြဲပါနေကျ ကောက်ကျစ်တဲ့ စုန်းမအိုကြီးတွေကနေ ယနေ့ခေတ် Matrix ထဲက Agent Smith အထိ ဗီလိန်တွေဟာ အမျိုးမျိုးဖြစ်ထွန်းပြောင်းလဲလာခဲ့ပေမယ့် သူတို့ရဲ့ အရေးပါမှုကတော့ မှေးမှိန်မသွားခဲ့ပါဘူး၊ ဒီတော့ လာမယ့်အနာဂါတ်မှာရော ဗီလိန်တွေဟာ ဒီလိုပဲ ရှိနေဦးမှာလား၊ ကျွန်တော်တို့ရဲ့ မနက်ဖြန်တွေမှာ ဗီလိန်တွေကို မလွဲမသွေ တွေ့ရဖို့ရှိသလား၊ အဲဒီအချိန်မှာ တွေ့ရမယ့် ဗီလိန်တွေဟာ ဒီနေ့ ဗီလိန်တွေနဲ့ ဘယ်လို ကွာခြားမလဲ၊ ရှုပ်ထွေးလှတဲ့ အဆင့်မြင့်နည်းပညာတွေနဲ့ ဗီလိန်မျိုးတွေလား၊ မသိရင် ဟီးရိုးလို့ မှားယွင်းသတ်မှတ်ရလောက်အောင် ပိရိသေသပ် စမတ်ကျလွန်းတဲ့ ဗီလိန်မျိုးတွေလား၊ ဒါမှမဟုတ် တည်ရှိဆဲ ဗီလိန်ရဲ့ အဓိပ္ပါယ်သတ်မှတ်ချက်ဘောင်တွေကို ကျော်လွန်သွားမယ့် ဗီလိန်မျိုးလားဆိုတာတော့ ပြောဖို့စောပါသေးတယ်၊ ဒါပေမယ့် အသေအချာ ပြောနိုင်တာကတော့ ဗီလိန်တွေရဲ့ အခန်းကဏ္ဍက ဆက်ပြီးရှိနေဦးမယ် ဆိုတာပါပဲ၊
                ပြန်စဉ်းစားကြည့်ရင် အထက်က ကျွန်တော်ဥပမာ ပေးခဲ့တဲ့ ရုပ်ရှင်ကားတွေမှာ ဇါတ်လိုက်မင်းသားမင်းသမီး သရုပ်ဆောင်တွေကို ကျွန်တော်တို့ မမှတ်မိ တော့ပါဘူး။ ဒါပေမယ့် ဗီလိန်တွေကို ကောင်းကောင်းမှတ်မိနေခဲ့တယ်၊ ဒီလိုပဲ ကျွန်တော်တို့ဟာ လူ့သမိုင်းတလျှောက်မှာ ကျွန်တော်တို့ဘဝတွေကို အခုလို သက် တောင့်သက်သာဖြစ်အောင် အမျိုးမျိုးကျေးဇူးပြုခဲ့တဲ့သူတွေကို သိပ်မှတ်မှတ်ရရ မရှိတော့ပါဘူး၊ ဒါပေမယ့် ကျွန်တော်တို့ကို အမျိုးမျိုးနှိပ်စက်ကလူပြုခဲ့တဲ့၊ လူ့သမိုင်းကို အရုပ်ဆိုးအောင် လုပ်ခဲ့ကြတဲ့သူတွေကိုတော့ အလွယ်တကူ မေ့မသွားကြပါဘူး၊ မမေ့နိုင်ကြပါဘူး၊ ဒါဟာ လူ့သဘာဝအရ အဆိုးကိုပဲ ပိုပြီးမြင်တတ်ကြလို့လား၊ ဒါမှ မဟုတ် အလားတူ ကြေကွဲစရာ ဇါတ်နာနာတွေကိုပဲ မကြုံချင်တော့လို့ အမြဲ သင်ခန်းစာယူနေကြတာလား၊ နောက်တမျိုးပြောင်းပြောရယင် လူသားသဘာဝရဲ့ အမှောင် ခြမ်းကို အမြဲစိုးထိတ်နေတဲ့စိတ်ကြောင့်လားဆိုတာတော့ ကွဲကွဲပြားပြားပြောဖို့ ခက်ပါလိမ့်မယ်၊
                ကျွန်တော့်ရဲ့ စာတမ်းအစမှာ မေးခဲ့တဲ့ ဗီလိန်တွေသာမရှိရင် ဘယ်လိုများနေမလဲဆိုတဲ့ မေးခွန်းကတော့ ကျွန်တော်တို့ရဲ့ ဆန္ဒတွေကိုထင်ဟပ်နေတဲ့ မေးခွန်းတစ်ခုပါ၊ ကျွန်တော်ထင်ပါတယ်၊ လူတိုင်းစိတ်ထဲမှာလည်း ဗီလိန်တွေကို မလိုလားမုန်းတီးတဲ့စိတ်တွေ ကိုယ်စီရှိကြမှာပါပဲ၊ ဒါဖြစ်ရင် ဘာကြောင့်များ ဗီလိန်တွေ ဟာ ခေတ်အဆက်ဆက် ရှိနေခဲ့တာလဲ၊ ဘယ်သူတစ်ဦးတစ်ယောက်မျှ မလိုလားတဲ့ အရာတစ်ခုဟာ ကမ္ဘာမြေပေါ်က ဘာကြောင့် ပျောက်ကွယ်မသွားသေးတာလဲ၊ ကျွန်တော်အထက်က ယူဆခဲ့သလို ဗီလိန်တွေကိုယ်၌က တခြားအရာတွေ မဟုတ်၊ လူသားရဲ့ သူ့ပတ်ဝန်းကျင်အပေါ်မှာ အမြဲရှိနေတဲ့ သံသယကို Personified ပုဂ္ဂိုလ် အသွင်ဆောင်ထားတဲ့ အရာတွေဖြစ်နေလို့လား၊ ဒါမှမဟုတ် တာအိုအယူအဆလို လူကောင်းရဲ့ သဘောပေါ်လွင်အောင်ရှိနေတဲ့ လူဆိုးတွေလား၊ အင်ဒီးယန်း ဒဿန တွေလို အတိတ်အကုသိုလ်ကံတွေ့ရဲ့ လူသားအပေါ်အစဉ်မပြတ်သက်ရောက်မှုတွေလား၊ ဘယ်လိုပဲဖြစ်ပစေ၊ဒီဇါတ်လမ်းမှာ လူဆိုးတွေ တယောက်မှ မသေသေးဘူး လား၊ လူကောင်းတွေမှာ ဒုက္ခများလှပါပြီကွယ်လို့ ညီးညူခဲ့တဲ့ ကြည်မောင်သန်းရဲ့ ကဗျာတစ်ပုဒ်*ထဲကလို ဗီလိန်တွေများတဲ့ဇါတ်မှာ ယောင်မှားပြီး ဝင်မကမိဖို့သာ ကျိတ်ပြီး ဆုတောင်းနေမိပါတော့တယ်။
ဒီနိုဗို
၁၂ - မေ - ၂ဝ၁၁
*ကြည်မောင်သန်း၏ ကိုယ့်ဖိနပ်ဟာ ကိုယ့်ခံတပ်ပါပဲ ကဗျာ

No comments: