Tuesday, February 21, 2012

နိဂုံးချုပ်ဖို့ မေ့လျော့နေခဲ့သော ဝထ္ထု



နားထဲ ကန့်လန့်ဖြတ် ဝင်ရောက်လာခဲ့သော ထို တေးသံသည် ကြားဖူးနေကျ နိင်ငံခြား တေးတစ်ပုဒ်နှင့်
ဆင်ဆင်တူသည်ဟု သူတွေးနေမိစဉ်မှာပင် ပြီးဆုံး သွားခဲ့ပါသည်။ သီချင်း တစ်ပုဒ်၏ အဆုံး နိဂုံးသည်
ကတ်ဆတ်ထဲမှာလည်း၊ နားထဲမှာလား ဆိုသော မေးခွန်းသည် အတွဲလိုက် ဝင်လာသော ထောက်လက်
သီး တစ်လုံးလို သူ့ အတွေးတည့်တည့် သို့ ဝေ့ဝဲလာခဲ့သည်။
သူရှောင်တိမ်းရန် ကြိုးစားခဲ့သေးသော်လည်း ကံဆိုးလှစွာပင် အချိန်မမှီခဲ့ပါ၊ ပြင်းထန်သော အရှိန်တစ်ခု
ကြောင့် ယိုင်ရွဲ့သွားသော သူ၏ အတွေးစများထဲတွင် နိဂုံးမရှိသော အချစ်အကြောင်းသည်လည်း လက်ဝါး
ချင်း ရိုက်ထားသလို အခန့်သား ပါဝင်လာခဲ့ပါသည်။
xxxxxxxxxxxxxxxx
ဆည်းလည်းသံလေးများသည် ရင်ပြင်တော်ပေါ်သို့ တစိမ့်စိမ့် ကျဆင်းနေခဲ့သည်၊ ငြိမ်းအေးခြင်းများသည်
လည်း လောက တခွင်တပြင်လုံး ပိုးပိုးပေါက်ပေါက် ရွာသွန်းနေခဲ့သည်၊ လှောင်အိမ်တစ်လုံး၏ အဓိပ့ါယ် သည်
လုံခြုမှုအတွက်သာ ဟူ၍ ကျမ်းကြီး ကျမ်းခိုင်များကို ကိုးကားကာ လိုသလို သတ်မှတ်နိင်ပါသည်။
သို့သော် လှောင်အိမ်စံ ဘဝ၏ နေမထိ ထိုင်မသာ ဖြစ်အင်ကို မည်သည့်စကားလုံးနှင့်မျှ လဲလှယ်ရန် မဖြစ်နိင်
ခဲ့ပါ၊ တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုနေ့က သူနှင့်ပါးချိုင့်လေးသည် လှောင်အိမ်ထဲရှိ တစ်ကောင်တည်းသော
အထီးကျန် စာဘုန်းကြီး ကလေးကို အနှောင်အဖွဲ့မှ လွတ်မြောက်ရန် ပြိုင်တူ ကြိုးစားမိခဲ့ကြသည်။
တိုက်တိုက် ဆိုင်ဆိုင်ပင် ထိုနေ့က သူတို့ နှစ်ဦးသည် လှောင်အိမ်တစ်လုံးထဲသို့ ပြိုင်တူ သက်ဆင်းမိခဲ့ကြပါ
သည်။
xxxxxxxxxxxxxxxx
တိုက်ဆိုင်ခြင်းများနှင့် မတိုက်ဆိုင်ခြင်းများ အကြောင်းကို ရေးသားထားသော ဂိန်းသီအိုရီသည် သူကိုင်ထား
သော စာအုပ်ထဲတွင် ပြားကပ်ညပ်ဝင် နေခဲ့သည်။ အချစ်အကြောင်းကို ဘီလီယံနှင့်ချီ ၍ ပြောတတ်ပြီး နှစ်ပြား
ဖိုးလောက် ချစ်ဖို့ကိုပင် တွန့်တိုနေတတ်ကြသော လူများထဲတွင် သူ မပါဝင်ခဲ့ပါ။
သူသည် သူမကို ပါးချိုင့်လေးကို ချစ်ခြင်းတရားကို ချွင်းချက်ကင်းစွာ ချစ်ခဲ့မိပါသည်၊ ဤအတွက် သူသည်
တလောကလုံးကို မျက်လုံးပေါင်းများစွာကို လက်ညှိုးများ အားလုံးကို ရေကာတာ တစ်ခုလို မို့မောက် ပြန့်ကား
စွာ ကြံ့ကြံ့ခံခဲ့ပါသည်၊ ဆည်တစ်ခုလုံး အချစ်တို့ဖြင့် ပြည့်လျှံ ဖုံးလွှမ်းသွားခဲ့သည် အထိပင်။
ထို အချိန်က ညနေခင်းများသည် တစ်စုံတစ်ယောက်၏ ဆေးကျောတိုက်ချွတ်ခြင်း ခံရသလိုမျိုး ရှင်းသန့်
ဝင့်ထည်နေခဲ့သည်၊ မြို့လေး၏ ရင်ဘတ်ပေါ်တွင် ဖြတ်သန်းသွားခဲ့သော အဝေးပြေး လမ်းမကြီးသည် သူတို့
နှစ်ဦး၏ စည်းချက် ညီအကကို ကြည့်ရှုရန် မိုင်ပေါင်းများစွာ အဝေးမှ အပြေးလာကြပါသည်၊ ထို့နောက် သူတို့
နှစ်ဦး၏ ထုံယီသင်းပျံ့သော ရနံ့ကို ဖြန့်ဖြူးရန် မမြင်နိင်သော အရပ်ဆီသို့ မရပ်မနား သွားကြပြန်သည်။
သူတို့ နှစ်ဦးသည် လောကကို ခရမ်းပြာရောင် ချယ်သရန် ကြိုးစားခဲ့ ကြပါသည်၊ မှတ်မှတ်ရရပင် ထိုအချိန်က
အချစ်ရှိသော အရပ်တွင် မိုးမခေါင် ရေမရှားခဲ့ပါ၊ အမြဲစိမ်း သစ်တောများသာ အပြိုင်းအယိုင်း ဖွဲ့တည် နေခဲ့ကြ
ပါသည်၊ မြင်မြင်ရာတွင် ငြိမ်သက် အေးမြသော အလင်းမျှင်မျှင်လေးများ ဖြင့်သာ ရစ်ဖွဲ့နေခဲ့ပါသည်။
လောကသည် ယိုင်ရွဲ့ရွဲ့ ခုံတစ်လုံးသာ ဖြစ်သည်ဟု ဒဿန ဆရာတစ်ယောက်က ကြွေးကြော်လိုက်ချိန်တွင်
သူတို့နှစ်ဦးသည် ကန်စောင်းရှိ ခုံတန်းလေးပေါ်တွင် အကြိမ်ပေါင်းများစွာ ထိုင်ခဲ့ဖူးလေပြီ၊
နောက်တစ်ကြောင်းရေးလို့ မရသည့် အခါတိုင်း အရင်အကြောင်းကို ပြန်ပြန် ဖတ်ရှုတတ်သည့် စာရေးဆရာ
တို့၏ ဥာဉ်အတိုင်း သူတို့သည် ပြောပြီးသား အကြောင်းအရာများကို ပင် တစ်နေ့တစ်မျိုး မရိုးနိင်လောက်
အောင် ပြောခဲ့ကြလေသည်။
နမ်းပြီးသား အနမ်းသည် ဘယ်တော့မျှ ဆွေးမြေ့သွားသည် မရှိ ဟူ၍ပင် အဆိုတစ်ခုကို နှစ်ဦးပေါင်းချမှတ်ခဲ့
ကြပါသေးသည်၊ ထိုအချိန်က ခုံတန်းလေး အတော့်ကို ခိုင်ခန့်နေခဲ့သည်ကို သံသယ ဝင်ရန် အကြောင်းမရှိ
ခဲ့ပါ။
xxxxxxxxxxxxxxxxxxxx
ဆည်းလည်းသံလေးများသည် ပိုမို၍ အေးစိမ့်လာခဲ့ပါသည်၊ အဝေးတွင် တချက်တချက် ကြားနေရသော ကား
သံများသည် စိုစွတ်သော ဆီးနှင်းခဲကလေးများ၏ အောက်တွင် နစ်မြုပ်ပျောက်ကွယ် သွားကြပါသည်၊ သို့သော်
သူ၏ အတွေးများကတော့ ယခုတိုင် နွေးထွေးနေဆဲပင်၊ ချစ်သူ၏ နှာဖျားမှ ထွက်ကျလာခဲ့သော အငွေ့အသက်
များသည်လည်း ယခုတိုင် မွှေးထုံနေဆဲပင်။
မှတ်မိပါသေးသည်၊ တစ်ခါက သူတို့နှစ်ဦး ရုပ်ရှင် သွားကြည့်ကြသည်၊ ရုပ်ရှင်မပြမှီ အဖြူထည်ဖြစ်နေသော
ပိတ်ကားပေါ်ရှိ ချုပ်ရာဖာရာများ ကို ကြည့်ကာ သူမကို ဘဝ၏ ဒဏ်ရာဒဏ်ချက်များအကြောင်း သူ စိတ်ရှည်
လက်ရှည် ရှင်းပြနေခဲ့ပါသည်၊ သို့သော်လည်း သူမ သည် ပိတ်ကားပေါ်တွင် ပြေးလွှားနေသော ပုံရိပ်များကို
သာ တမေ့တမော ငေးမောယင်း အရာအားလုံးကို မေ့လျော့နေခဲ့ပါသည်။
တခါတရံ မေ့လျော့ခြင်းသည်ပင် အကောင်းဆုံးနေနည်း ဖြစ်နေသလားဟု သူ သံသယ ဖြစ်မိပါသေးသည်၊
သူ့ ဘဝတွင် မေ့ပစ်ချင်သော အရာ များစွာ ရှိပါသည်၊ ထိုအထဲတွင် သူ ကိုယ်တိုင်လည်း ပါဝင်နေခဲ့သည်၊
သူ့ကိုယ်သူ မေ့ပစ်ချင်သည်၊ သူ့ အသိုင်းအဝိုင်း၊ သူ့ ရပ်ဝန်း၊ သူ့ အဖြစ်အပျက်၊ သူ့ အတိတ်ကာလ၊
ဖြစ်နိင်လျင် အားလုံး အားလုံးကို သူ မေ့ပစ်ချင်မိသည်။
သူ့ စိတ်ကူးထဲတွင် ကုန်လွန်ခဲ့သော ကာလတစ်ခုတည်းက တင်ကြို ရိုက်ကူးထားခဲ့သော ရုပ်ရှင် တစ်ကား
ရှိနေခဲ့သည်၊ ထိုရုပ်ရှင် ကားထဲတွင် သရုပ်ဆောင်များ အားလုံးသည် အတိတ်မေ့နေခဲ့သည်၊ ထို့ကြောင့် သူတို့
၏ အမူအရာများ အားလုံးသည် ပေါ့ပါးသွက်လက် နေကြပါသည်၊ သူတို့သည် မှိုင်တွေခြင်း ငေးရီခြင်း မရှိ၊
ပကတိ ရွှင်လန်းတက်ကြွမှုများ နှင့်၊
ကြည့်ရှုနေသော ပိရိသတ်များ ကလည်း အတိတ်မေ့ လူသားများ၊ သူတို့ ထံတွင်လည်း ကြေကွဲစရာ လွမ်း
မောစရာ အတိတ်ကာလများ မရှိ၊ နောက်ကြောင်းပြန်ခြင်း၊ တသသ ဖြစ်ချင်းများ မရှိ၊ ဘယ်လောက်များ အား
ကျဖို့ ကောင်းလိုက်ပါသနည်း၊ သူ့ စိတ်ကူး သူ ပြန်အားကျကာ သူ့ဘဝသူ စိတ်ပျက်သွားခဲ့သည်၊
လူတစ်ယောက် ရှင်သန်နိင်ဖို့ရာ မေ့လျော့ခြင်းများ မလွဲမသွေ လိုအပ်နေခဲ့ပါသည်၊ ဤသည်ကို တွေးမိတိုင်း
သူသည် အမြဲ ရှုရှိုက်နေရသော အောက်စီဂျင်နေရာတွင် ကလိုရိုဖောင်း မေ့ဆေးကို အစားထိုး ရှူရှိုက်ရန် စိတ်ကူးများ ပင် ဖြစ်ပေါ်မိပါသေးသည်။
အချစ်သည် အရာရာကို မေ့လျော့စေနိင်ပါသလား၊ ဒါမှမဟုပ် အချစ်သည် အရာရာကို အမှတ်ရစေ ပါသလား၊
သူသည် ပါးချိုင့်လေး ရရှိခဲ့သော ဘွဲ့ကို မမှတ်မိတော့သော်လည်း ပါးချိုင့်လေး၏ ချိုင့်ဝင်သွားသော အပြုံးခွက်
ခွက် ကလေးများကိုတော့ ယနေ့တိုင် အမှတ်ရမိပါသေးသည်၊ အပြုံးဟူသည် ဘယ်တော့မှ မခြောက်ခမ်းနိင်
သော ရေအိုင်ဖြစ်သည် ဟူ၍ ထိုစဉ်က သူပြောမိခဲ့သော စကားလုံးလေးများကိုပင် အပျက်အစီး မရှိ အကောင်း
ပကတိ တွေ့မြင်နိင်ပါသေးသည်။
တစ်နေ့က ကမ္ဘာပေါ်တွင် အကြီးဆုံး ဆိုသော ကိတ်မုန့်ကြီးကို တီဗွီပေါ် တွင် ကြည့်ပြီး သူ ရယ်ချင်နေမိသည်၊
ကြီးမားခြင်းတွင် အတိုင်းအဆမဲ့ သည်ကို ထိုသူတို့ အမှန်တကယ် မသိခဲ့ကြတာလား၊ မသိနိင်ကြတာလား၊ ဖြစ်
နိင်လျင် ထိုသူတို့ကို ရမ် နှစ်ပက်လောက် တိုက်၍ အချစ်အကြောင်း ပြောပြချင်မိသည်၊ ဒါမှမဟုပ် အချစ်ဆိုတာ
ကို ကိတ်မုန့်ဖုတ်ပြီး ဂင်းနစ်စံချိန် စာအုပ်ထဲ ပို့ချင်မိသည်၊ သူ့ စိတ်ကူးများကတော့ ကမ်းလုံး ပြည့်လျှံနေခဲ့ပေ
ပြီ။
xxxxxxxxxxxxxxxxxxxxx
ကိုယ့်မှာ ဘယ်တော့မှ ပြန်မဆက်နိင်တော့မယ့် အကြွေးတွေ ရှိတယ်၊ ဘယ်တော့မဆို မေ့ထားချင်စရာ ကောင်း
တဲ့ အနာဂတ်တွေရှိတယ်
ပါးချိုင့်လေးသည် သူ့စကားဆုံးအောင်ပင် နားမထောင်ပဲ ဟက်ဟက်ပက်ပက် ရယ်မောနေခဲ့သည်၊
ဒါဆိုလည်း ပစ္စပါန်မှာပဲ နေထိုင်ကြတာပေါ့ ကိုရယ်
သူမ၏ စကားသံများသည် အရောင် အဆင်းကင်းမဲ့ကာ ချိုမြအေးစိမ့် နေခဲ့သည်၊ ဝန်းကျင်၏ တိတ်ဆိတ်မှုထဲ
သူ၏ သက်ပြင်းချသံများသာ လွှမ်းမိုးနေခဲ့သည်။
အို မအုံ့မနွေး ကောင်းကင်ကြီး၊ တစ်စုံတစ်ရာကို သင့်ဆီမှ ဖွင့်အန်ချလိုက်ပါတော့၊ ကျုပ်ရင်ထဲမှာ မရေရာမှု
တွေပဲ ပြည့်နှက်နေခဲ့ပြီ
သူ ကောင်းကင်ကြီးကို တိုင်တည်မိသည်။
တနေ့နေ့ တစ်ချိန်ချိန်တွင် ဝေးရမည်ကို သိလည်း သိနေခဲ့သည်၊ မသိလည်း မသိချင်ခဲ့ပေ။
ဤသို့ဖြင့် မိုးနှင်းတို့ အကြိမ်ကြိမ် သွန်းဖြိုးခဲ့သလို၊ နွေဦးတို့လည်း အကြိမ်ကြိမ် ဖူးသစ်ခဲ့သည်၊ အဝေးပြေး
လမ်းမတွင်တော့ ကားများ ဥဗဟို သွားလာနေကြဆဲ။
သူ့မှာတော့ မသစ်သော အရာများဖြင့်သာ သစ်နေခဲ့သည်၊ အသစ်က ပြန်စဖို့ ကြွေးကြော်နေသော
ကို ဇော်ဝင်းထဋ် ခင်ဗျား၊ ဘဝဆိုတာ ကတ်ဆတ်ခွေ တစ်ခွေလို အစက ပြန်ရစ်ဖို့ ဖြစ်နိင်ပါသလား၊ သူ မေး
စမ်း ချင်သည်၊ ဤသို့သာဆိုလျင် သူသည် ဘဝကို စိတ်တိုင်းမကျ မချင်း အသစ်က ပြန်စမိချင်သေးသည်။
သေချာသည်ကတော့ ပါးချိုင့်လေးသည် အသစ်ကို ခုံမင်မက်မောသော လူတစ်ယောက် ဖြစ်နေခဲ့ခြင်းပင်၊ သူမ
၏ ပတ်ပတ်လည်ရှိ အရာရာတိုင်းသည် အမြဲ သစ်လွင်လန်းဆတ်လို့နေခဲ့သည်၊ အမြဲပင် ပြောင်းလဲလို့ နေခဲ့
သည်၊ တစ်ဘဝလုံး ဟောင်းနွမ်းနေသော သူကကော ဘာမို့လဲ၊ သူ့ အနာဂတ်ကို သူရိပ်စားမိနေခဲ့သည်မှာ
အတော် ကြာခဲ့ပါပြီ။
xxxxxxxxxxxxxxxx
မေ့လျော့ခြင်း ဒီကရီကို အပူချိန်တိုင်းသလို မီတာတံ တစ်ခုနှင့် တိုင်းတာ နိင်ပါသလား၊ အကယ်၍ တိုင်းတာ
နိင်လျင် သူ ထို မီတာတံ မျိုးကို သူ ဈေးကောင်းပေး၍ ဝယ်ထားချင်ပါသည်၊ သို့မှသာ တနေ့တနေ့ မေ့လျော့
သွားသော ဒီဂရီ ပမာဏကို သိရှိနိင်ပေလိမ့်မည်။
သို့သော် မေ့လျော့ခြင်းသည် အချိန်ကာလနှင့်လည်း တိုက်ရိုက်အချိုး ကျမနေခဲ့ပါ၊ ပါးချိုင့်လေးအဖို့ သူ့ကို မေ့လျော့ဖို့ ရှည်လျားသော အချိန်ကာလ တစ်ခု လိုအပ်မည် မဟုပ်သော်လည်း သူ့မှာတော့ သူမကို မေ့ဖို့ စက္ကန့်တံများသည် နှေးလွန်းနေခဲ့သည်။
မင်းကိုယ်တိုင်က အစွဲအလန်း ကြီးလွန်းပါတယ်ကွာ ၊ အချစ်ဦးနဲ့ လွဲတဲ့သူတွေ ကမ္ဘာပေါ်မှာ ရှောင်လို့မလွတ်
နိင်အောင် ရှိပါတယ်ကွာ
သူငယ်ချင်း ပြောလည်း ပြောစရာပင်၊ သူကိုယ်တိုင်ကပင် အစွဲအလန်းကြီးလွန်းနေခဲ့သည်၊ သို့သော် သူ့ဘဝ
တွင် စွဲလန်းစရာ ဆို၍လည်း များများ စားစားရှိလှသည်မဟုပ်၊ ဤအထဲတွင် ရှားရှားပါးပါး ဘဝ၏ နေရောင်
လင်းလက်သော အပိုင်းလေးကို စွဲလန်းနေမိသည်မှာ သူ့အပြစ်ဟု ပင် ဆိုရမည်လား။
ပါးချိုင့်လေးရေ၊ သစ်လွင်ခြင်းဆိုတာ စိတ်ထဲမှာ ရှိတဲ့ အရာတစ်ခုပါ၊ ကိုယ့်အတွက်တော့ မင်းဟာ ထာဝရ
သစ်လွင်နေမယ့် အိပ်မက်လေး တစ်ခုပါပဲ
သူ အားတိုင်း ရင်ပြင်တော်ပေါ် သွားထိုင်နေမိတတ်သည်၊ သူအားတိုင်း ကန်စောင်းရှိ ခုံတန်းလေးကို သွား
ကြည့်နေတတ်သည်၊ ခုံတန်းလေးပေါ်တွင် အသစ် အသစ် ရောက်လာကြသော ချစ်သူ စုံတွဲလေးများကို
မြင်တိုင်း တစ်ပတ်တစ်ခါ ကားသစ် လဲတတ်သည့် ရုပ်ရှင်ရုံကြီးများကို သတိရမိတတ်ပါသည်။
သူ၏ ဆွတ်ပျံ့ဖွယ် ဇတ်လမ်းသည် ဖြုတ်သိမ်းပြီးသော ပိုစတာ တစ်ချပ်ပေါ်တွင် ပါသွားခဲ့လေပြီလား၊ နှစ်နဲ့
ချီ၍ တပင်တပန်း ရိုက်ကူးထားခဲ့သော ဒါရိုက်တာ တစ်ယောက်လို သူ ခံစားလာမိသည်။
တကယ်တော့ ပြသခွင့် ရခဲ့သည်မှာ တစ်ပတ်မျှသာ၊
အိမ်မက်ကောင်းစဉ် မိုးမလင်းချင် ဆိုသော သီချင်းသည် အခေါက်ခေါက် အခါခါ ထွက်ပေါ်နေခဲ့သည်၊ မိုးလင်း
မှသည် မိုးချုပ်အထိ၊ ထို သီချင်းသံကို သူ သတိထားမိသော အခါ ထိုအသံသည် သူ့ပါးစပ်မှ ထွက်ပေါ်နေခဲ့
ကြောင်း အံ့သြစွာ သိရှိခဲ့ရသည်။
ဤသီချင်းကို သူ့ပါးစပ်မှ သီဆိုနေခဲ့သည်လား၊ သူ့ မသိစိတ်မှ ဟစ်ကြွေးနေခဲ့သည်လား၊ သူကိုယ်တိုင်ပင်
သတိ မထားမိနိင်ခဲ့။
xxxxxxxxxxxxxxxxxx
ဘဝဆိုတာ မှောက်ထားတဲ့ ပန်းကန်ပြား တစ်ချပ်ပါပဲ၊ သူ လှန်ကြည့်လိုက်တဲ့ အခါ ဘာဆိုဘာမျှ မရှိ၊ အရာ
အားလုံး နတ္တိ၊ တစ်စုံတစ်ရာ ရှိလိမ့်မည်ဟု တစ်ချိန်တစ်ခါက သူ အသေအချာ ယုံကြည်ခဲ့ခြင်းများသည်....။
အာရုံကြိုငှက်တစ်ချို့ ပျံသန်းသွားကြသည်၊ ဘာပဲဖြစ်ဖြစ် လွတ်လွတ်လပ်လပ် ပျံသန်းနိင်ခြင်းဖြင့်ပင် အားလုံး
ပြည့်စုံသွားခဲ့သည်၊ သူ့မှာတော့ အဆွေးများနှင့် တုပ်နှောင်လျက်။
ပစ္စုပ့ါန် တွင်သာ နေထိုင်တတ်သော ပါးချိုင့်လေး၊ အတိတ်ဝေးဝေးမှ သူ့ကို မေ့နေလောက်ပေပြီ။
အချစ်ဆိုတာ ဘာလဲ၊ အလကားနေရင်း ရယ်နေတတ်သော ပါးချိုင့်လေး၏ ရယ်သံ လွင်လွင်လေးတွေလား၊
ပါးပြင်ပေါ် အစဉ်လိမ်းကျံထားသော မိတ်ကပ် နှင့် တွဲပါလာခဲ့သည့် ရနံ့တစ်မျိုးလား၊ တောင်စဉ်ရေမရ စကား
လုံးတွေလား၊ ပုံမှန် မဟုပ်သော စိတ်ကူးထည်များလား၊ ကြည့်ပြီးသား ရုပ်ရှင်လတ်မှတ် နှစ်စောင်လား၊ အားလုံး
ဖြစ်နိင်ပါသည်၊ သို့သော် တစ်ခုမျှ မဟုပ်ခဲ့ပါ၊ အချစ်သည် ထင်ယောင်မှားမှု တစ်ခုသာ ဖြစ်ခဲ့ပါသည်။
သီချင်းတစ်ပုဒ်၏ အဆုံးနိဂုံး သည် ကတ်ဆတ်ထဲမှာလား၊ နားထဲမှာလား၊ ဘာပဲ ဖြစ်ဖြစ် လေထဲတွင် လွင့်ပါး
ပျောက်ကွယ် သွားခဲ့သည်မှာတော့ အမှန်ပင်၊
သို့သော် လေထုထဲတွင် မျောပါ ပျောက်ကွယ် မသွားနိင်ခဲ့သော အရာအချို့သည် သူ့ထံတွင် အနည်ကျ ဖွဲ့
တည်နေခဲ့ပါသည်၊ တစ်ချို့က ဤအရာကို အနည်ကျ ကျောက်ဟု ခေါ်ကြသည်၊ တစ်ချို့က ဤ အရာကို
မီးသင့်ကျောက်ဟု ခေါ်ကြသည်၊
သူကတော့ အချိန်ရလျင် ကျောက်ဖြစ်ရုပ်ကြွင်း တစ်ခု အကြောင်း ကို သာ ပြောပြချင်မိပါတော့သည်။
--------------------------x------------------------------
ဒီနိုဗို
မိုးဂျာနယ်
ဇူလိုင် ၂၀၀၀

Friday, February 10, 2012

နောက်ဆုံးည



သူသည် တစ်စုံတစ်ရာကို ပြုလုပ်ဖို့ အားထုပ်နေခဲ့၏၊ အချိန်ကာလသည် သူ့ထံမှ ထွက်ပေါ်လာမည့် တစ်စုံတစ်ရာကို စောင့်မျှော်
နေရပုံမျိုးဖြင့် ငြိမ်ဆိတ်နေခဲ့သည်။ သူသည် လက်ထဲတွင် ကိုင်ထားသော စာအုပ်လေးကို ဖွင့်လိုက်ပိတ်လိုက်ဖြင့် ဂဏာမငြိမ် ဖြစ်
နေခဲ့သည်။ တကယ်တော့ ထိုစာအုပ်လေးကို သူ ပန်းဆိုးတန်းမှ တကူးတက ရှာလာရခြင်း ဖြစ်သည်၊ သူသည် တန်ဖိုးထားသော
အရာများအတွက်ဆို မည်မျှ ပင်ပန်းပါစေ အရယူတတ်သူဟု သူ့ကိုယ်သူ ထင်ခဲ့ဖူးသည်၊ (အထင်အမြင်များသည် တခါတရံ သက်
တံတစ်ခုလို လှပနေတတ်ပါသည်) သို့သော် သူ တန်ဖိုးထားခဲ့သော အရာများတွင် နွယ်တစ်ယောက် မပါဝင်ခဲ့သည်ကတော့
အထင်အမြင်တစ်ခု မဟုပ်ခဲ့ပါ။
အသေအချာ လုပ်ယူထားခဲ့သော အရာများတွင် အချစ်ဆိုတာ ပါဝင်ခဲ့ပါသလား၊ မသေချာခဲ့ပေ၊ သူသည် သေချာအောင် ပန်းဆိုးတန်း
အဟောင်းဆိုင် တစ်ဆိုင်တွင် ထိုစာအုပ်လေးကို စရန်သတ်၍ ဝယ်ယူခဲ့ရ၏။ ဤအကြောင်းကို သူငယ်ချင်းဖြစ်သူ ဝင်းမောင်အား
ပြောပြသောအခါ ဟက်ဟက်ပက်ပက်ကို ရယ်မောနေခဲ့၏။ ကျယ်လောင်လှသော ရယ်သံကြောင့် သူ့ခမျာ ပတ်ဝန်းကျင်ကို အားနာနာဖြင့် လှည့်ကြည့်လိုက်သောအခါ ၉၉ ခုနှစ် ပတ်ဝန်းကျင် ဖြစ်နေခဲ့သည်။
သက္ကရစ် နှစ်ထောင်မှာ လပ်ထပ်ကြရအောင်ဟု နွယ်က ပြောသောအခါ သူ မှင်သက်နေမိ၏၊ သူသည် တစ်စုံတစ်ရာကို ပြုလုပ်ဖို့
အားထုပ်နေခဲ့သော်လည်း ထိုတစ်စုံတစ်ရာကို ရွေးချယ်လို့မရ ဖြစ်နေခဲ့သည်၊ သူငယ်ချင်းဖြစ်သူ ဝင်းမောင်ကတော့ နွယ်လို ခေတ်
ပညာတတ် မိန်းမချောတစ်ယောက်ကို ဘယ်ယေက်ျားမဆို မျက်စိမှိတ် ရွေးချယ်မှာပဲ ဖြစ်ကြောင်း ပြောနေခဲ့သည်၊ သူကတော့ မျက်စိ
ဖွင့်၍ ပန်းဆိုးတန်းမှ ဝယ်လာသော စာအုပ်လေးကို ဖတ်ရှုနေခဲ့၏၊ သူတို့နှစ်ဦး တွေ့ဆုံကြသော နေရာမှာ ဆင်ခြေဖုံးလက်ဖက်ရည်
ဆိုင်လေးတစ်ဆိုင်တွင် ဖြစ်ပါသည်။
နွယ်ကတော့ သူတို့နှစ်ဦး တွေ့ဆုံခြင်းသည် ဘုရားသခင်၏ ကူညီစောင်မမှုကြောင့်ဟု အမြဲလိုလို ပြောလေ့ရှိသည်၊ သူ အမြဲလိုနား ထောင်နေခဲ့သည်ကတော့ ကိုစောဦး၏ ပွင့်ဦး သီချင်းသာ၊ သူ၏ နေ့ရက်များ နာမကျန်းဖြစ်ခဲ့သည်မှာ အတော်ကြာပါပြီ၊ ဝင်းမောင်က
သူ့ရောဂါကို အမည်သတ်မှတ်ဖို့ရာ အတော်ခက်ကြောင်း ပြောနေခဲ့သည်၊ နွယ်ကတော့ လက်ထပ်မည့်ရက်ကို သတ်မှတ်ဖို့ နားပူ
နေခဲ့သည်။
သူသည် တစ်စုံတစ်ရာကို တော့ ပြုလုပ်ရပေမည်၊ဤ တစ်စုံတစ်ရာသည် သူ ဖတ်နေသော စာအုပ်ထဲမှ ထွက်ကျလာမည်လား၊ တစ်ချိန်ချိန်တွင် တစ်နေရာရာ၌ သူ့ အလိုအလျောက် ထွက်ပေါ်လာနိင်မည့် တစ်စုံတစ်ရာလား၊ မသေချာမှု များထဲမှ အသေအချာ
ထွက်ပေါ်လာမည့် တစ်စုံတစ်ရာပေပဲလား၊ လောလောဆယ်တွင်တော့ စာရေးဆရာ၏ တစ်စုံတစ်ရာကို ဝထ္ထုတစ်ပုဒ်အနေနှင့် သူ
ဖတ်ရှုနေခဲ့သည်။
မတူညီသော အရာများကို အတူတကွ တွဲစပ်ထားခြင်းကို ဒီဇိုင်းဟု ခေါ်တွင်၏ ၊ သူ့ ဘဝ၏ ဒီဇိုင်းသည် အဘယ်သို့များ ရှိမည်နည်း၊
နွယ်ကတော့ မင်္ဂလာဆောင်တွင် ဝတ်မည့် အင်္ကျီဒီဇိုင်းကို အကြီးအကျယ် စဉ်းစားနေခဲ့သည်၊ သူကတော့ ဖေမြင့် ဘာသာပြန်ဆိုသည့်
အချစ်ဦးကို မှတ်မှတ်ရရ ရှိနေခဲ့သည်။
အချိန်တွေက တစ်ခါတစ်ခါ ကုန်ခဲပြီး တခါတခါ အကုန်မြန်လိုက်တာကွာ သူ ညီးညီး ညူညူ ပြောနေခဲ့သည်
အဲဒါ အိုင်းစတိုင်းရဲ့ ရီလေတီဗတီပဲ ကွ ဝင်းမောင်က ကြီးကြီးကျယ်ကျယ် ပြောသည်
နွယ်ကတော့ မင်္ဂလာဆောင် အခမ်းအနားကို ကြီးကြီးကျယ်ကျယ် ကျင်းပချင်သည်၊ သူ့ထံတွင် ဘဝနှင့် ဆိုင်သော ရည်မှန်းချက်ဟူ
၍ ကြီးကြီးကျယ်ကျယ် မရှိပါ၊ သူက ဘဝကို ရိုးရှင်းစွာ ဖြတ်သန်းသွားချင်သည်၊ မင်္ဂလာဆောင်အတွက် အင်္ကျီ ဒီဇိုင်း ဆန်းဆန်းလေး
ရှာရအောင်ဟု နွယ်ကပြောသည်၊ တစ်စုံတစ်ရာတော့ လုပ်ရမှာပေါ့လို့ သူ ပြန်ပြောလိုက်မိသည်၊ ဝင်းမောင်က မင်းတစ်စုံတစ်ရာက
ဘာလဲလို့ နားမလည်နိင်စွာမေးသည်၊ အေး ငါလည်း အဲဒါပဲ စဉ်းစားနေတာ
သူ့အဖြေကို ကြားပြီး နွယ်လည်း စိတ်ညစ်သွားသည်။
စိတ်ချမ်းသာဖို့ အရေးကြီးပါတယ်ကွာ သူက ဤစကားကို နွယ့်ကို ပြောရမည့်အစား ဝင်းမောင်ကို ပြောနေမိသည်၊ သို့သော်
ဝင်းမောင်က သူ့စကားလုံးများကို ဝထ္ထုထဲက စကားလုံးများနှင့် မှားယွင်းနားလည် သွားခဲ့သည်၊ သူ ရှင်းပြ ပြန်သောအခါ နွယ်က
စိတ်မဝင်စားပဲ မင်္ဂလာဆောင်တွင် ကျဲမည့် ပန်းများအကြောင်း သာ တသွင်သွင် မေးနေခဲ့သည်၊ သူ ပန်းဆိုးတန်းသို့ နောက်တစ်
ခေါက် သွားမေးသော အခါ သူ ဝယ်သွားသော စာအုပ်သည် အတုကြီး ဖြစ်နေကြောင်း သိလာခဲ့သည်။
အချစ်ဆိုတာ အစစ်ရယ် အတုရယ် ရှိမယ် မထင်ပါဘူး ကို ရယ် ၊ အချစ်ဆိုတာ တုလို့ ရတဲ့ အရာမှ မဟုပ်တာ သူမ၏ ပြောစကားများ
ကို သူ ပြန်လည် ကြားယောင်နေမိသည်၊ ထိုအချိန်ကတော့ လေပြေလေညှင်းတို့ တိုက်ခတ်ဆဲ၊ သူတို့နှစ်ဦးကြားတွင် နွယ်ဆိုသော
အမျိုးသမီး မပါဝင်ခဲ့သေး၊ မုန်တိုင်းမကျမှီ ငြိမ်သက်ခြင်းမျိုးကို မရိပ်မိခဲ့သေး၊ တစ်ယောက်ကို တစ်ယောက် ဆုပ်ကိုင်ထားသော လက်
များသည် ထာဝရ မြဲမြံလိမ့်မည်ဟု ထင်မှတ်ယုံကြည်လို့၊ သူတို့ နှစ်ဦး တွေ့ဆုံကြသော နေရာမှာ ဆင်ခြေဖုံးလက်ဖက်ရည်ဆိုင်လေး
တစ်ဆိုင်တွင် ဖြစ်ပါသည်။
မင်းတို့ အဖြစ်ကလည်း မလွမ်းတတ် လွမ်းတတ် အလွမ်းဇတ်ကြီးပါလားကွာ
ဝင်းမောင်က ဇတ်ပို့ သရုပ်ဆောင်လေသံဖြင့် ပြောသည်။
တကယ်ဆိုတော့ အလွမ်းဆိုတာ အချိန်တွေကို သွယ်တန်းထားတဲ့ ဆွဲကြိုး တစ်ကုံး သာ ဖြစ်နေခဲ့သည်၊ သူ ဝထ္ထုထဲက စာသားများ
ကို ပြန်ရွတ်နေမိသည်။
နေဝင်သွားပေပြီ၊ ကျီးပြိုသံများ ကြားနေရ၏၊ သူ၏ ဖတ်လတ်စ စာအုပ်မှာ မပြီးသေး၊ ဝင်းမောင်ကတော့ ပြန်သွားခဲ့ပြီ၊ သူ တစ်စုံတစ်ရာလုပ်ဖို့ စိတ်ပျက်နေခဲ့၏၊ မနက်ဖြန်တွင် နွယ်သည် မင်္ဂလာဆောင်ဖို့ သူ့ကို စောင့်နေပါလိမ့်မည်။ ။
ဒီိနိုဗို ရေးသားသည်။
မှတ်ချက်။ ။ ၂၁ ရာစု အစပိုင်း Idea မဂ္ဂဇင်း တစ်အုပ်တွင် ဖော်ပြခဲ့ဖူးပါသည်။

Thursday, February 2, 2012

လမ်း

လမ်း
ကျွန်တော် ကိုယ့်လမ်းကိုယ် လျှောက်နေခဲ့တာပါ၊ ဘယ်သူ့ကိုမှ နှောင့်ယှက်ဖို့ ပိတ်ပင်တားဆီးဖို့ မရည်ရွယ်ပါဘူး၊ ကျွန်တော်
လျှောက်တဲ့လမ်းဟာ အခြားသူတွေနဲ့ ကြတ်ခြေခတ်ဖြစ်နေမလားတော့ မဆိုနိင်ပါဘူး။
ငယ်ငယ်တုန်းကတော ပထဝီ ဆရာမက ကျွန်တော်တို့ကို ကျောင်းကနေ အိမ်ပြန်တဲ့လမ်းကို ဆွဲခိုင်းခဲ့ဖူးပါတယ်၊ မှတ်မှတ်ရရပါပဲ၊
နောက်တစ်နေ့ အတန်းထဲမှာ ကျွန်တော် ကောင်းကောင်း အဟား ခံခဲ့ရပါတယ်၊ ဘာ့ကြောင့်ဆို ကျွန်တော်က ကျောင်းကနေ
အိမ်ကို မျဉ်းဖြောင့် တစ်ကြောင်းနဲ့ လမ်းဖောက်ခဲ့လို့ပေါ့၊ လောကရဲ့ လမ်းတွေ ဘယ်လောက် ကွေ့ ကောက်တယ်ဆိုတာ အဲဒီ
တုန်းကတော့ ဘယ်သိခဲ့မလည်းဗျာ။
သတင်းစာထဲမှာ ဖတ်လိုက်ရတော့ တော်တော် အံ့သြမိတယ်၊ ဒီလောက်ကျယ်တဲ့ ကောင်းကင်ကြီးမှာ လေယာဉ် နှစ်စီး တိုက်မိ
တယ်ဆိုတော့ တိုက်ဆိုင်လိုက်တာပေါ့၊ နောက်မှ တဖြေးဖြေး ချင်း သဘောပေါက်လာခဲ့တယ်၊ လမ်းတွေဟာ မြေပြင်ပေါ်မှာတင်
မကဘူး၊ ကောင်းကင်ပေါ်မှာပါ ဘယ်လောက်တောင် ရှုပ်ထွေးနေပြီလဲ မသိဘူးနော်။
တစ်နေ့ က မြို့လယ်ကောင်မှာ ယာဉ်ကြောမှားဝင်လို့ ဒဏ်ရိုက်ခံရတယ်၊ အမှားတကာ့ အမှားထဲမှာ လမ်းမှားတာ တော့ အဆိုးဆုံး
ပဲ ဗျာ။
မဂ္ဂ ဆိုတာ လမ်းလို့ မှတ်သားဖူးပါတယ်၊ ဘာပဲ ဖြစ်ဖြစ် မဂ္ဂင် ရှစ်ပါးကို မသိတာတောင် လမ်းဆုံလမ်းခွတွေမှာ ဦးစားပေး လမ်းတွေ
ကို သိထားဖို့တော့ ဘဝအတွက် အနည်းဆုံး လိုအပ်နေခဲ့ပါတယ်။ ။
ဒီနိုဗို ရေးသားသည်
မဟေသီ မဂ္ဂဇင်း
သြဂုတ် ၂၀၀၀