Friday, February 10, 2012

နောက်ဆုံးည



သူသည် တစ်စုံတစ်ရာကို ပြုလုပ်ဖို့ အားထုပ်နေခဲ့၏၊ အချိန်ကာလသည် သူ့ထံမှ ထွက်ပေါ်လာမည့် တစ်စုံတစ်ရာကို စောင့်မျှော်
နေရပုံမျိုးဖြင့် ငြိမ်ဆိတ်နေခဲ့သည်။ သူသည် လက်ထဲတွင် ကိုင်ထားသော စာအုပ်လေးကို ဖွင့်လိုက်ပိတ်လိုက်ဖြင့် ဂဏာမငြိမ် ဖြစ်
နေခဲ့သည်။ တကယ်တော့ ထိုစာအုပ်လေးကို သူ ပန်းဆိုးတန်းမှ တကူးတက ရှာလာရခြင်း ဖြစ်သည်၊ သူသည် တန်ဖိုးထားသော
အရာများအတွက်ဆို မည်မျှ ပင်ပန်းပါစေ အရယူတတ်သူဟု သူ့ကိုယ်သူ ထင်ခဲ့ဖူးသည်၊ (အထင်အမြင်များသည် တခါတရံ သက်
တံတစ်ခုလို လှပနေတတ်ပါသည်) သို့သော် သူ တန်ဖိုးထားခဲ့သော အရာများတွင် နွယ်တစ်ယောက် မပါဝင်ခဲ့သည်ကတော့
အထင်အမြင်တစ်ခု မဟုပ်ခဲ့ပါ။
အသေအချာ လုပ်ယူထားခဲ့သော အရာများတွင် အချစ်ဆိုတာ ပါဝင်ခဲ့ပါသလား၊ မသေချာခဲ့ပေ၊ သူသည် သေချာအောင် ပန်းဆိုးတန်း
အဟောင်းဆိုင် တစ်ဆိုင်တွင် ထိုစာအုပ်လေးကို စရန်သတ်၍ ဝယ်ယူခဲ့ရ၏။ ဤအကြောင်းကို သူငယ်ချင်းဖြစ်သူ ဝင်းမောင်အား
ပြောပြသောအခါ ဟက်ဟက်ပက်ပက်ကို ရယ်မောနေခဲ့၏။ ကျယ်လောင်လှသော ရယ်သံကြောင့် သူ့ခမျာ ပတ်ဝန်းကျင်ကို အားနာနာဖြင့် လှည့်ကြည့်လိုက်သောအခါ ၉၉ ခုနှစ် ပတ်ဝန်းကျင် ဖြစ်နေခဲ့သည်။
သက္ကရစ် နှစ်ထောင်မှာ လပ်ထပ်ကြရအောင်ဟု နွယ်က ပြောသောအခါ သူ မှင်သက်နေမိ၏၊ သူသည် တစ်စုံတစ်ရာကို ပြုလုပ်ဖို့
အားထုပ်နေခဲ့သော်လည်း ထိုတစ်စုံတစ်ရာကို ရွေးချယ်လို့မရ ဖြစ်နေခဲ့သည်၊ သူငယ်ချင်းဖြစ်သူ ဝင်းမောင်ကတော့ နွယ်လို ခေတ်
ပညာတတ် မိန်းမချောတစ်ယောက်ကို ဘယ်ယေက်ျားမဆို မျက်စိမှိတ် ရွေးချယ်မှာပဲ ဖြစ်ကြောင်း ပြောနေခဲ့သည်၊ သူကတော့ မျက်စိ
ဖွင့်၍ ပန်းဆိုးတန်းမှ ဝယ်လာသော စာအုပ်လေးကို ဖတ်ရှုနေခဲ့၏၊ သူတို့နှစ်ဦး တွေ့ဆုံကြသော နေရာမှာ ဆင်ခြေဖုံးလက်ဖက်ရည်
ဆိုင်လေးတစ်ဆိုင်တွင် ဖြစ်ပါသည်။
နွယ်ကတော့ သူတို့နှစ်ဦး တွေ့ဆုံခြင်းသည် ဘုရားသခင်၏ ကူညီစောင်မမှုကြောင့်ဟု အမြဲလိုလို ပြောလေ့ရှိသည်၊ သူ အမြဲလိုနား ထောင်နေခဲ့သည်ကတော့ ကိုစောဦး၏ ပွင့်ဦး သီချင်းသာ၊ သူ၏ နေ့ရက်များ နာမကျန်းဖြစ်ခဲ့သည်မှာ အတော်ကြာပါပြီ၊ ဝင်းမောင်က
သူ့ရောဂါကို အမည်သတ်မှတ်ဖို့ရာ အတော်ခက်ကြောင်း ပြောနေခဲ့သည်၊ နွယ်ကတော့ လက်ထပ်မည့်ရက်ကို သတ်မှတ်ဖို့ နားပူ
နေခဲ့သည်။
သူသည် တစ်စုံတစ်ရာကို တော့ ပြုလုပ်ရပေမည်၊ဤ တစ်စုံတစ်ရာသည် သူ ဖတ်နေသော စာအုပ်ထဲမှ ထွက်ကျလာမည်လား၊ တစ်ချိန်ချိန်တွင် တစ်နေရာရာ၌ သူ့ အလိုအလျောက် ထွက်ပေါ်လာနိင်မည့် တစ်စုံတစ်ရာလား၊ မသေချာမှု များထဲမှ အသေအချာ
ထွက်ပေါ်လာမည့် တစ်စုံတစ်ရာပေပဲလား၊ လောလောဆယ်တွင်တော့ စာရေးဆရာ၏ တစ်စုံတစ်ရာကို ဝထ္ထုတစ်ပုဒ်အနေနှင့် သူ
ဖတ်ရှုနေခဲ့သည်။
မတူညီသော အရာများကို အတူတကွ တွဲစပ်ထားခြင်းကို ဒီဇိုင်းဟု ခေါ်တွင်၏ ၊ သူ့ ဘဝ၏ ဒီဇိုင်းသည် အဘယ်သို့များ ရှိမည်နည်း၊
နွယ်ကတော့ မင်္ဂလာဆောင်တွင် ဝတ်မည့် အင်္ကျီဒီဇိုင်းကို အကြီးအကျယ် စဉ်းစားနေခဲ့သည်၊ သူကတော့ ဖေမြင့် ဘာသာပြန်ဆိုသည့်
အချစ်ဦးကို မှတ်မှတ်ရရ ရှိနေခဲ့သည်။
အချိန်တွေက တစ်ခါတစ်ခါ ကုန်ခဲပြီး တခါတခါ အကုန်မြန်လိုက်တာကွာ သူ ညီးညီး ညူညူ ပြောနေခဲ့သည်
အဲဒါ အိုင်းစတိုင်းရဲ့ ရီလေတီဗတီပဲ ကွ ဝင်းမောင်က ကြီးကြီးကျယ်ကျယ် ပြောသည်
နွယ်ကတော့ မင်္ဂလာဆောင် အခမ်းအနားကို ကြီးကြီးကျယ်ကျယ် ကျင်းပချင်သည်၊ သူ့ထံတွင် ဘဝနှင့် ဆိုင်သော ရည်မှန်းချက်ဟူ
၍ ကြီးကြီးကျယ်ကျယ် မရှိပါ၊ သူက ဘဝကို ရိုးရှင်းစွာ ဖြတ်သန်းသွားချင်သည်၊ မင်္ဂလာဆောင်အတွက် အင်္ကျီ ဒီဇိုင်း ဆန်းဆန်းလေး
ရှာရအောင်ဟု နွယ်ကပြောသည်၊ တစ်စုံတစ်ရာတော့ လုပ်ရမှာပေါ့လို့ သူ ပြန်ပြောလိုက်မိသည်၊ ဝင်းမောင်က မင်းတစ်စုံတစ်ရာက
ဘာလဲလို့ နားမလည်နိင်စွာမေးသည်၊ အေး ငါလည်း အဲဒါပဲ စဉ်းစားနေတာ
သူ့အဖြေကို ကြားပြီး နွယ်လည်း စိတ်ညစ်သွားသည်။
စိတ်ချမ်းသာဖို့ အရေးကြီးပါတယ်ကွာ သူက ဤစကားကို နွယ့်ကို ပြောရမည့်အစား ဝင်းမောင်ကို ပြောနေမိသည်၊ သို့သော်
ဝင်းမောင်က သူ့စကားလုံးများကို ဝထ္ထုထဲက စကားလုံးများနှင့် မှားယွင်းနားလည် သွားခဲ့သည်၊ သူ ရှင်းပြ ပြန်သောအခါ နွယ်က
စိတ်မဝင်စားပဲ မင်္ဂလာဆောင်တွင် ကျဲမည့် ပန်းများအကြောင်း သာ တသွင်သွင် မေးနေခဲ့သည်၊ သူ ပန်းဆိုးတန်းသို့ နောက်တစ်
ခေါက် သွားမေးသော အခါ သူ ဝယ်သွားသော စာအုပ်သည် အတုကြီး ဖြစ်နေကြောင်း သိလာခဲ့သည်။
အချစ်ဆိုတာ အစစ်ရယ် အတုရယ် ရှိမယ် မထင်ပါဘူး ကို ရယ် ၊ အချစ်ဆိုတာ တုလို့ ရတဲ့ အရာမှ မဟုပ်တာ သူမ၏ ပြောစကားများ
ကို သူ ပြန်လည် ကြားယောင်နေမိသည်၊ ထိုအချိန်ကတော့ လေပြေလေညှင်းတို့ တိုက်ခတ်ဆဲ၊ သူတို့နှစ်ဦးကြားတွင် နွယ်ဆိုသော
အမျိုးသမီး မပါဝင်ခဲ့သေး၊ မုန်တိုင်းမကျမှီ ငြိမ်သက်ခြင်းမျိုးကို မရိပ်မိခဲ့သေး၊ တစ်ယောက်ကို တစ်ယောက် ဆုပ်ကိုင်ထားသော လက်
များသည် ထာဝရ မြဲမြံလိမ့်မည်ဟု ထင်မှတ်ယုံကြည်လို့၊ သူတို့ နှစ်ဦး တွေ့ဆုံကြသော နေရာမှာ ဆင်ခြေဖုံးလက်ဖက်ရည်ဆိုင်လေး
တစ်ဆိုင်တွင် ဖြစ်ပါသည်။
မင်းတို့ အဖြစ်ကလည်း မလွမ်းတတ် လွမ်းတတ် အလွမ်းဇတ်ကြီးပါလားကွာ
ဝင်းမောင်က ဇတ်ပို့ သရုပ်ဆောင်လေသံဖြင့် ပြောသည်။
တကယ်ဆိုတော့ အလွမ်းဆိုတာ အချိန်တွေကို သွယ်တန်းထားတဲ့ ဆွဲကြိုး တစ်ကုံး သာ ဖြစ်နေခဲ့သည်၊ သူ ဝထ္ထုထဲက စာသားများ
ကို ပြန်ရွတ်နေမိသည်။
နေဝင်သွားပေပြီ၊ ကျီးပြိုသံများ ကြားနေရ၏၊ သူ၏ ဖတ်လတ်စ စာအုပ်မှာ မပြီးသေး၊ ဝင်းမောင်ကတော့ ပြန်သွားခဲ့ပြီ၊ သူ တစ်စုံတစ်ရာလုပ်ဖို့ စိတ်ပျက်နေခဲ့၏၊ မနက်ဖြန်တွင် နွယ်သည် မင်္ဂလာဆောင်ဖို့ သူ့ကို စောင့်နေပါလိမ့်မည်။ ။
ဒီိနိုဗို ရေးသားသည်။
မှတ်ချက်။ ။ ၂၁ ရာစု အစပိုင်း Idea မဂ္ဂဇင်း တစ်အုပ်တွင် ဖော်ပြခဲ့ဖူးပါသည်။

No comments: