Sunday, September 8, 2013

နောက်တွဲ




*        အတိတ်ကို ‘ ခွဲ ’ ပြီးမောင်းလာခဲ့
‘ရပ်’ ရပ်နေတဲ့ ရထားကြီး
‘ငြိ’ ငြိနေတဲ့ ရနံ့တွေမှာ
ဖြုတ်သိမ်းမရခဲ့
နေလုံးနီနီကားချပ်တွေ ။
*        အကြိမ်ကြိမ်က
အကြိမ်ကြိမ်ကို မြိုချ
သူ့သီးသန့်သောက်သုံးမှုမှာ
မပြေပျောက်နိုင်တဲ့
အငေးက
ဝေးလွန်းလှချည့် ။
*        အာရုံက
အာရုံမဟုတ်တော့တဲ့အခါ
အရိပ်က
အရိပ်မထင်နိုင်သလိုမျိုး
မွတ်မွတ်သိပ်သိပ်
အတွေးက
တိမ်စွန် လေလျင် ။
*        အရင်ကလို
ယဉ်ကျေးဖွယ်ရာ ညနေခင်း
အချစ်စိမ်း
အမုန်းစိမ်းတွေနဲ့
ထိန်းမနိုင် သိမ်းမရ
ပြန့်ထွက်သွားခဲ့
အသံမဲ့မဲ့
အရောင်ပြင် ။
*        တချက်တချက်
သတိလည်ပါသေးရဲ့
ညှိမရတဲ့အဆုံး
နောက်တွဲကို ဖြုတ်ချန်ခဲ့တယ်
ရာဇဝင်မှာ
မီးခိုးက ရှေ့ကိုမလွင့်ဘူး ။
ဒီနိုဗို

1 comment:

Han Kyi said...

ရာဇ၀င်မှာ မီးခိုးက နောက်ပြန်မလွင့်ဘူး...ကောင်းလိုက်တဲ့ metaphor ...အားပါတယ်...

ကဗျာကောင်းတစ်ပုဒ်ဖတ်လိုက်ရတော့လည်း ရင်ထဲမှာ ကျေနပ်သွားပြန်တာပဲကိုး...