ကျွန်တော်တို့
ပတ်ဝန်းကျင်မှာ၊ ကျွန်တော်တို့ အနီးအနားတစ်ဝိုက်မှာ အမြဲလို တွေ့နေတတ်ပေမယ့် အမြဲလို
ဂရုတစိုက် မရှိတတ်တဲ့ ဝန်ထမ်းတစ်မျိုးရှိပါတယ်။ ဂရုသာ မစိုက်မိရှိမယ်၊ သူတို့ဟာ မရှိမဖြစ်တဲ့
ဝန်ထမ်းတွေ ပါ၊ ဒါပေမယ့်လည်း သူတို့ရဲ့ ရှိမှုဟာလည်း ဘယ်တော့မှ ထင်ထင်ရှားရှား မရှိပါဘူး။
ဆိုလိုတာက သူတို့ဟာ တွေ့ရသလောက် ဘာမှ လှုပ်လှုပ်ရှားရှား ပင်ပင်ပန်းပန်း လုပ်နေတာမျိုး
မတွေ့ရတတ်လို့ပါ။ ဘာမှ လုပ်စရာ မလိုပဲနဲ့ အလုပ်လုပ်နေတဲ့သူတွေလို့ ဆိုယင်များ မှန်မလားမသိ။
မှန်ပါတယ်၊
ကျွန်တော် ရည်ညွှန်းတာ အစောင့်တွေကိုပါ၊ ယဉ်ယဉ်ကျေးကျေး စာစကားနဲ့ ပြောရယင် လုံခြုံရေး
ဝန်ထမ်းတွေပေါ့။ အရပ်ခေါ်တော့ တံခါးစောင့်၊ သူတို့ထဲ မှာမှ နဲနဲ စီနီယာကျတဲ့ သူက တံခါးမှူးဖြစ်မလား၊
ထားလိုက်ပါတော့၊ ဘယ်လိုပဲ ခေါ်ခေါ် သူတို့ရဲ့ အဓိက တာဝန်ကတော့ အဆောက်အဦးတစ်ခု၊ ခြံဝင်းတစ်ခု၊
ဘဏ်၊ ဂိုထောင်၊ စက်ရုံ၊ မိသားတစ်စု၊ ဝန်ထမ်းတစ်စု ရဲ့ အသက်အိုးအိမ် စည်းစိမ် လုံခြုံရေးကို
စောင့်ရှောက် ဖို့ပါပဲ။
အစောင့်တွေနဲ့
ပက်သက်ယင် ကျွန်တော့်မှာ မတူညီတဲ့ အတွေ့အကြုံတွေရှိပါတယ်။ ကျွန်တော် ဆယ်တန်း အောင်ပြီးစ တက္ကသိုလ်တက်ဖို့စောင့်နေရတဲ့ ကိုးဆယ်ကျော် ခုနှစ်တွေက
နဝတ အစိုးရ တက်ခါ စ နှစ်တွေလည်း ဖြစ်နေခဲ့တယ်။ ဒီတော့ ဘယ်သွားသွား ဘယ်လာလာ အစောင့်တွေက
ဒင်းကြမ်း၊ စာကြည့်တိုက်ပဲ သွားသွား၊ တက္ကသိုလ်ထဲပဲ ဝင်ဝင်၊ ဘယ်ရုံးအဆောက်အဦး ရောက်ရောက်
ပြလိုက်ရတဲ့ ကဒ်ပြားတွေ၊ ရေးလိုက်ရတဲ့ လူဝင်လူထွက်စာရင်းတွေ၊ ဖြေလိုက်ရတဲ့ မေးခွန်းတွေ၊
တစ်ခါ တစ်ခါ အဟောက် အဟမ်းတောင် ခံရသေး၊
ကျောင်းပြီးလို့
အလုပ်တွေ ရှာတော့လဲ ထိုနည်းလည်းကောင်းပါပဲ။ နိင်ငံတကာ NGO တွေ၊ ကုလသမ္မဂ ရုံးတွေ၊ သံရုံးတွေ၊
ပြန်ကြားရေးရုံးတွေ၊ ရွာရိုးကိုးပေါက် လျှောက်သွားပြီး အလုပ်ခေါ်စာတွေ ဖတ်၊ လျှောက်လွှာတွေတင်၊ ဒီနေရာမှာလဲ အစောင့်တွေနဲ့ တိုးတာပါပဲ။ နိင်ငံတကာ
အဖွဲ့အစည်းတွေရဲ့ အရှိန်နဲ့ ဝင့်ကြွားနေတဲ့ တစ်ချို့ အစောင့်တွေက တယ်ပြီးမောက်မာလှပါတယ်။
ကိုယ်က လည်း ဆေးကျောင်းပြီးစ ဆရာဝန်တစ်ယောက်ဆိုတော့ အတော်လေး အောင့်သက်သက် ဖြစ်မိတယ်။
တစ်ခါ တစ်ခါ စိတ်ထဲမှာ တေးထားမိတယ်။ ငါ သာ ဒီ အဖွဲ့မှာ အလုပ်ရယင်တော့ ဒီ အစောင့်ကို
ကောင်းကောင်း ပညာပေးဦးမယ် ဆိုပြီး။ ဒါပေမယ့်လည်း အဲဒီ အဖွဲ့မှာ အရာရှိတစ်ယောက် ဖြစ်လာတော့လည်း
စောစောက အစောင့်တွေ ပဲ ကိုယ့်ကို အလွန်အကျွန် အရိုအသေ ပေးကြပြန်တာပါပဲ။ ဒီတော့လည်း
စိတ်ထဲမှာ အောက်လက် ငယ်သားကို ဒုက္ခ ပေးချင်တဲ့ စိတ်မျိုး မွေးလို့မရပြန်ပါဘူး။ သည်တော့
အစောင့်တွေအပေါ် ဝင်းအပြင်က မြင်တဲ့ အမြင်နဲ့ ဝင်းအတွင်းက မြင်ရတဲ့ အမြင်က လုံးလုံးခြားနားနေခဲ့ပါတယ်။
ကျွန်တော်တို့
ရုံးမှာ အစောင့် ဆယ်ယောက်ဝန်းကျင်ရှိပါတယ်။ တစ်ဂျူတီကို နှစ်ယောက်၊ နေ့ဂျူတီ ညဂျူတီ
အလှည့်နဲ့ ဆင်းကြရပါတယ်။ မနက် ကျွန်တော် ရုံးတတ်တိုင်း တာဝန်ကျ အစောင့်က မောနင်းဆရာ
လို့ နှုတ် ဆက်တယ်၊ ညနေ ရုံးအဆင်း ဆိုယင်လည်း ဂွတ်နိက်ဆရာလို့ နှုတ်ဆက်တယ်။ သူတို့ဟာ
ကျွန်တော့်အဖို့ အချိန်ရဲ့ အမှတ်အသားသင်္ကေတ တစ်ခုလို ဖြစ်နေတတ်တယ်။ မနက်ဘက်ထွက်လာတဲ့
နေလုံးနဲ့ ညနေဝင် သွားတဲ့ နေလုံးလိုပဲ။ တစ်နေ့တစ်နေ့ ရုံးမှာ အလုပ်တွေနဲ့ ရှုပ်ပြီး
ဘယ်လို အချိန်ကုန်သွားမှန်းတောင်မသိ ရုံးဆင်းလိုက်ရတဲ့အခါမျိုးမှာ ဂွတ်နိက်လို့ နှုပ်ဆက်ယင်
ဒီအစောင့် စောစောကတင် ဂွတ်မောနင်းလို့ နှုပ်ဆက်လိုက် သေးတယ်လို့ စိတ်ထဲမှာထင်မိတတ်တယ်။
တစ်ဆက်တည်းမှာ ဒီ အစောင့် ဟာ မနက်ကနေ ညနေ တစ်ချိန် လုံး ဘာမှ မလုပ်ပဲ ဒီမှာ ဘယ်လိုများနေနေပါလိမ့်လို့
တွေးမိတယ်။ ကျွန်တော်ဆိုလိုတာက တစ်ခုခုကို ကာယဥာဏအား တစ်ခုခု စိုက်ထုပ်ပြီး လုပ်နေရတာမျိုး၊
အခုလို ရုံးကားလာယင် တံခါး ဖွင့်ပေး တာမျိုး၊ ဧည့်သည်လာယင် အထဲကို ဖုန်းဆက်ပြီး လက်မှတ်ထိုးဝင်ခိုင်းတာမျိုးလောက်
မဟုပ်ဘူး။
တစ်ကယ်တော့
ကျွန်တော့်အဖို့ စောင့်ရတဲ့အလုပ်က အတော်ခက်ခဲလှတဲ့အလုပ်၊ မိန်းမ ဈေးသွား ဈေးပြန်
ကားထဲကထိုင်စောင့်ရတာကိုတောင် ကျွန်တော့်မှာ စိတ်မရှည်နိင်။ အဲဒီတော့ တစ်နေကုန် စောင့်နေရသူတွေ
ကို ကျွန်တော် ကိုယ်ချင်းစာမိသပေါ့။
တစ်ခါတစ်ခါ
ကျွန်တော် ပျင်းလို့ ရုံးဝင်းထဲဆင်းလိုက်ယင် သူတို့မှာ ပျင်းလွန်းလို့ စကားလာလာ ပြောကြ
ရှာတယ်။ ရုံးမှာ ယူထား သမျှ သတင်းစာ၊ဂျာနယ်တွေ အကုန်လုံး သူတို့ ယူဖတ်ကြတယ်။ တစ်ချို့က
အိပ်ဆောင်ရေဒီယိုလေး တိုးတိုး ဖွင့်ပြီး အပျင်းဖြေကြတယ်။ သူတို့မှာ လူကသာ ဘယ်မှ မရောက်တယ်၊
သတင်းပလင်း အစုံတော့ ကြားပါ့။ တစ်နေ့တစ်နေ့ သူတို့မှာ နာရီတမော့မော့နဲ့ ကိုယ့်ဂျူတီချိန်ပြီးဖို့
ဘယ်လောက်လိုသေးလဲ ရေတွက်လို့နေကြတယ်။ တစ်ခါတစ်ခါ တွေးမိတယ်။ သူတို့ဟာ အချိန်ကို လာ
ရောင်းချနေကြတာပဲ။ တစ်ရက်ကို ဘယ်နှစ်နာရီ တစ်လကို ဘယ်နှစ်ရက် ပုဒ်ပြတ်နဲ့ ရောင်းချနေတာပဲ
မဟုပ်လား။
ဒီ့အတွက်
ရုံးကအစောင့် တော်တော်များများကတော့ အသက်အရွယ်ကြီးကြီး ပညာအရည်အချင်းနိမ့်နိမ့်။ သူတို့ဟာ
တစ်ခြားအလုပ်တစ်ခုခုကနေ အငြိမ်းစားယူလာတဲ့သူတွေ၊ ဒါမှမဟုပ် ရောဂါတစ်ခုခု ကြောင့် ပင်ပင်
ပန်းပန်း ကာယအလုပ်တွေ မလုပ်နိင်တော့တဲ့သူတွေ။ ဒီ့အတွက် သူတို့အဖို့ ရောင်းစားစရာ အချိန်ပဲရှိတော့
တယ်။ ဒီ့အတွက် ဒီ အလုပ်က သူတို့နဲ့ အကိုက်။ ပြဿနာက သူတို့ထဲမှာ လူငယ်တစ်ယောက်က ရောပါနေခဲ့
တယ်။ သူက ဘွဲ့ရပြီးစ၊ ပြီးတော့ တစ်ခြား certificate တွေလည်း ယူထားတဲ့သူ။ နယ်က တက်လာပြီး
ရရာ အလုပ် လျှောက်ယင်း ဒီမှာ လာလုပ်ဖြစ်နေတယ်။ ကုလသမ္မဂ ရုံးဆိုတော့ လစာက မဆိုး၊ ဒီတော့
သူ့မှာ တစ်ခြားအပြင်အလုပ်တွေ မကူးဖြစ်။ ဒါပေမယ့်လည်း ဒီ အစောင့်အလုပ်ကို တစ်သက်လုံး
လုပ်သွားဖို့တော့ လည်း သူသင်ထားတဲ့ပညာရေးနဲ့ နှမြောစရာ၊ သူကိုယ်တိုင်ကလည်း ဒီဘဝကို
ယာယီသာ သဘောထား ပုံရပါတယ်။ သူ့အရည်အချင်းနဲ့
ကိုက်ညီမယ့် တစ်ခြား ပရောဂျက်တွေမှာ ဝင်လျှောက်ရှာတယ်။ NGO တွေမှာ ကော်လာဖြူ အလုပ်တစ်ခုခု
ဝင်လုပ်ဖို့ ကြိုးပမ်းရှာတယ်။ ဒါပေမယ့် ဘယ်မှာမှ အလုပ်မရ။ သူ့လက်ရှိ အလုပ်က အစောင့်ဆိုတော့
သူ့ အလုပ်အတွေ့အကြုံက တစ်ခြားအလုပ်တွေမှာ ပြန်သုံးမရ။
သည်လိုပြောလို့
အစောင့်တွေကို နှိမ်ချတယ်လို့ မထင်ကြပါနဲ့။ အပေါ်မှာ ပြောခဲ့သလိုပဲ အစောင့်တွေဟာ လုံခြုံရေးအတွက်
မရှိမဖြစ်ပါ၊ သူတို့ရှိနေလို့ ဘာမှ မထူးပေမယ့်၊ မရှိယင်တော့ သူခိုး ဂျပိုးတွေ အတင့်ရဲလာ
ပါလိမ့်မယ်။ ဒီတော့ သူတို့ရဲ့ ရှိနေရုံနဲ့ (physical presence) အလုပ်ဖြစ်နေတဲ့သဘော။
ဒါပေမယ့် လူအတော်များများကတော့ အဲဒီလို သဘောထားကြပုံမရ၊ အစောင့်ကို အားနေလျင် ကားရေဆေးခိုင်း၊
မြတ်ရိတ်ခိုင်း ၊ ပန်းအိုးတွေ ရွှေ့ခိုင်းကြတယ်။ တံမြက်စည်းလှည်းခိုင်းတယ်၊ မီးစက်နှိုးခိုင်းတယ်။
အဲဒီတော့ အစောင့်အလုပ်က သန့်ရှင်း ရေးလိုလို၊ မာလီလိုလို၊ ပြာတာလိုလို၊ ဒါကြောင့်လည်း
အစောင့်အလုပ်က လူကြိုက်များလှတဲ့ အလုပ်တော့ မဟုပ် (လဘက်ရည်ဖိုးရတဲ့ တံခါးပေါက်တွေကလွဲယင်ပေါ့)။
ဒါဖြင့်
အစောင့်အလုပ်ဟာ ဘာအရည်အချင်းမှမလိုဘူးလား။ သည်လိုတော့လည်း မဟုပ်။ NGO တစ်ခုနဲ့ ဖားကန့်ဆိုင်းတောင်မှာ
လုပ်တုန်းက ကြုံခဲ့ရတဲ့အဖြစ်ကို မှတ်မိပါသေးတယ်။ ဒီတုန်းက admin ကိုင်တဲ့သူက ညစောင့်ဝန်ထမ်းအတွက်
အလုပ်ကြေငြာစာထုပ်တယ်။ လာလျှောက်ကြတာက နှစ်ယောက်၊ နှစ်ယောက်ထဲက မှ သူ စိတ်ကြိုက်တွေ့တဲ့
တစ်ယောက်ကို ခန့်လိုက်တယ်။ အလုပ်ဝင်ဝင်ချင်း ညပဲ ရဲတွေ ရောက်လာပြီး အဲဒီ အစောင့်ကို
ဖမ်းခေါ်သွားကြတယ်။ သူတို့ပြောမှပဲ သိရတော့တယ်။ အဲဒီလူက တရားခံပြေး၊ သူ့ နောက်လိုက်နေကြတာ ကြာလှပေါ့။ သူက ဟိုဟိုသည်သည် လျှောက်သွားနေတော့
ဖမ်းလို့မမိ။ အခုလို ဒီမှာ အလုပ်ဝင်မှပဲ သူတို့လည်း သူ့ ကို ခြေရာခံမိ ကြတော့တယ်။ သည့်အတွက်
ကျေးဇူးတင်ပါလို့ ဆိုတယ်။ ကျွန်တော့် admin မျက်နှာမှာ သွေးမရှိတော့၊ သူခိုးမှ လုံခြုံရေး
ခန့်မိလေခြင်းဆိုပြီး။ သည်တော့ အစောင့်တစ်ယောက်ရဲ့ အကြီးမား ဆုံး အရည်အချင်းကတော့ အကျင့်စာရိတ္တကောင်းဖို့
ပါပဲ။ မဟုပ်လို့ စောစောကလို သူခိုး ဓါးပြ ကို လုံခြုံရေး ခန့်မိလျင်တော့ သူခိုးဓါးရိုးကမ်းဆိုတာထက်
ဆိုးပါလိမ့်မယ်။
တကယ်တော့
အစောင့်တစ်ယောက် လိုအပ်တဲ့ အရည်အချင်းက ဒီလောက်မက။ သူတို့ အလုပ်သဘာဝ အရ နေပူပူ မိုးရွာရွာ
သူတို့ခမျာ အပြင်ဘက်မှာ တစ်ချိန်လုံး ရပ်စောင့်နေရတတ်တယ်။ မဟုပ်လျင်လည်း တမေ့တမော့ ငုတ်တုတ်ထိုင်စောင့်နေရပြန်တယ်။ ဒီတော့ကာ
အဆောက်အဦးထဲမှာ မိုးလုံလေလုံ ပန်ကာနှင့် လေအေး ပေးစက်နှင့် နေထိုင် အလုပ်လုပ်ကိုင်နေကြတဲ့
မိသားစုတွေ၊ ဝန်ထမ်းတွေအပေါ် စိတ်ထားမှန်မှန် ထားတတ် ဖို့တော့လိုပါတယ်။ မနာလို မရှုဆိမ့်မဖြစ်ဖို့တော့လိုပါတယ်။
သူတို့ကတော့ အရိပ်အောက်မှာ အေးအေးလူလူ ငါတို့ကတော့ သူတို့လုံခြုံရေးအတွက် နေပူစပ်ခါး
မှာ ငုတ်တုတ်မေ့လို့ ဆိုပြီး မကျေမနပ်ဖြစ်လို့မရ။ အဲဒီလိုပဲ၊ သူတို့အသက်အိုးအိမ်စည်းစိမ်
လုံခြုံရေးအတွက် ငါတို့ ကာကွယ်စောင့်ရှောက်နေရတာ၊ သူတို့ အခုလို အေးအေးလူလူ နေနိင်တာ ငါတို့ကြောင့်ပဲ ဆိုပြီး
အသားလွတ် ဂုဏ်ယူဝံ့ကြွား အမှတ်ယူနေလို့လည်း မရ။ မတူညီတဲ့ အလုပ်သဘာဝကို အသိအမှတ်ပြုဖို့
လိုပါတယ်။ လေအေးပေးစက်အောက်မှာ ထိုင်နေရပင်မယ့် စိတ်ဖိစီးမှုတွေနဲ့ ဇောချွေးပြန်နေရတာလည်း
ရှိတယ် မဟုပ်လား။
လုံခြုံရေးသမားတစ်ယောက်ရဲ့
မာနကတော့ သူရှိနေလို့ လုံခြုံတာလို့ အမြဲ ထင်တတ်ကြတာပဲ။ သူတို့ သဘာဝကိုက မမြင်ရတဲ့
အန္တရယ်တွေကို အမြဲတွေးပူနေတတ်တယ်။ လုံခြုံရေးသာ ပဓာန၊ အဓိက ဦးစားပေး လို့ ယူဆတတ်တယ်။
ဒါလည်း အမှန်ပါပဲ။ ဒါပေမယ့် သည့်အတွက်တော့ လုံခြုံရေးသမားက ရုံးအကြီး အကဲ လုပ်လို့တော့
မရ။ လုံခြုံရေးသမား ပြောသမျှ တစ်ဝင်းလုံး လိုက်နာကြ တော့ လုပ်လို့ မရ။ လုံခြုံမှု ဆိုတာ
မရှိမဖြစ်တဲ့ အခြေခံလိုအပ်ချက်ပေမယ့် သူ့ချည်းပဲတော့လည်း မပြီး။
သည်နေရာမှာ
လုံခြုံမှုနဲ့ လွပ်လပ်မှုဟာ အင်မတန် သိမ်မွေ့တဲ့ အတွဲအစပ်တစ်ခု အနေနဲ့ ရှိနေခဲ့ပါတယ်။
လူ့အဖွဲ့အစည်း တစ်ခုဟာ လုံခြုံမှု ရှိနေမှသာ လွပ်လွပ်လပ်လပ် နေထိုင်လှုပ်ရှားနိင်ပါလိမ့်မယ်။
ဒါပေမယ့်လည်း လွပ်လပ်မှုကို ထိန်းချုပ်ဖို့အတွက်ရာလည်း လုံခြုံရေးဟာ အကြောင်းပြချက်ကောင်း
တစ်ခုလို ဖြစ်နေတတ်ပြန်ပါသေးတယ်။ သည့်အတွက် လုံခြုံရေးဟာ လွပ်လပ်မှုနဲ့ ဝိရောဓိ အသွင်ဆောင်နေသလား
မိတ်ဖက်အသွင်ဆောင်နေသလား ဆိုတာ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေရဲ့ စိတ်စေတနာက သာ အဖြေ ပေးနိင်ပါ
လိမ့်မယ်။
သည်နေရာမှာ
လုံခြုံရေးဆိုတာကို အဓိပါယ် အသေအချာ ဖွင့်ဆို ကြဖို့တော့လိုပါတယ်။ လုံခြုံရေးဆိုတာ
ကျရောက်လာနိင်တဲ့ ဘေးအန္တရယ်များကို ကာကွယ်စောင့်ရှောက် ပေးတာလို့ပဲ နားလည်ထားပါတယ်။
အဲဒီ လိုမဟုပ်ပဲ ကိုယ်စောင့်ရှောက်မှုပေးနေတဲ့ သူတွေကို၊ ကိုယ့် နယ်နိမိတ်အတွင်းက လူတွေကို
လုံခြုံရေးအကြောင်းပြပြီး ပြန်လည်စောင့်ကြည့် ချုပ်ချယ်မှုတွေ လုပ်လာခဲ့မယ်၊ ဒုက္ခပေးလာခဲ့မယ်
ဆိုယင်တော့ ဒါဟာ ကိုယ့်အလုပ်ကိုယ် သစ္စာဖောက်တဲ့ professional misconduct လို့ပဲ သတ်မှတ်ရပါ
မယ်။ လုံခြုံရေးဝန်ထမ်းဟာ လုံခြုံရေးကို သာ အာရုံစိုက်ဖို့လိုပါတယ်။ ဒါဆိုယင် သူ့ရဲ့
အသက်မွေးဝမ်းကျောင်း profession ကို လူတိုင်း မလေးစားပဲ မနေပါဘူး။ အဲဒီလို လုံခြုံရေးသမားဟာ
လုံခြုံရေးသက်သက်မလုပ်ပဲ ကိုယ့်အလုပ်မဟုပ်တာတွေ အကုန်လုပ်လာခဲ့ယင်တော့ ဘယ်အဖွဲ့အစည်း
မဆို ပျက်စီးခြင်း ဆီ ပဲ ဆိုက်ဖို့ရှိပါတယ်။ လူတွေ ရဲ့ လေးစားမှုလည်း ဘယ်တော့မှ ခံရဖို့
မရှိပါဘူး။
အခုတော့
ဗမာပြည်မှာ လုံခြုံရေး ဝန်ဆောင်မှုဆိုပြီး ကုမ်ပဏီတွေတောင် ရှိနေခဲ့ပါပြီ။ လုံခြုံရေးကို
professional ဆန်ဆန် လုပ်ကိုင်ဖွဲ့စည်းထားတဲ့ အဲဒီအဖွဲ့တွေ အနေနဲ့ သည်အလုပ်ကို တစ်ခြား
ဝန်ဆောင်မှုတစ်ခုလိုပဲ အခကြေးငွေ ယူပြီး လုပ်ကိုင်ဆောင်ရွက်နေကြပါပြီ။ သည့်အတွက် သူတို့
ကို ခေါ်ယူ ငှားရမ်းကြတဲ့ ဘယ် customer မှ ငါတို့အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ် ပေးနေတဲ့
ကျေးဇူးရှင်ကြီးတွေ လို့ မသတ်မှတ်သလို၊ သူတို့အနေနဲ့လည်း ငါ့ကြောင့် သူတို့တွေ အေးအေး
ဆေးဆေး နေနိင်တာဆိုပြီး မာန်တက်မနေကြပါ။ လုံခြုံရေး အလုပ်ဆိုတာ တစ်ခြား အလုပ်တွေလိုပဲ
အသက်မွေးဝမ်းကျောင်း professional တစ်ခုပါပဲ။ တစ်ခြားအလုပ်တွေထက် မနိမ့်ကျသလို၊ တစ်ခြား
အလုပ်တွေထက် ထူးကဲ သာလွန်နေတဲ့ ကိုယ်ကျိုးစွန့် အနစ်နာခံရတဲ့ အလုပ်မျိုးလည်းမဟုပ်ဆိုတာ
နိင်ငံတကာမှာတော့ လက်ခံထားကြပါပြီ။
ဒီတော့
လုံခြုံရေးသမား တစ်ယောက်ရဲ့ ပုံရိပ်ဟာ ဘယ်လိုများ ဖြစ်မလဲ ဆိုတာတော့ သူကိုယ်တိုင်ရဲ့
ခံယူကျင့် သုံးပုံနဲ့ပဲ ဆိုင်ပါလိမ့်မယ်။ သူဟာ လေးစား အားကိုးစရာ ကောင်းတဲ့လူလား၊ အမြင်ကတ်စရာ
ဟိတ်ဟန် ပြနေ တဲ့လူလားဆိုတာတော့ သူ့ အပြုအမူပေါ်မှာပဲ မူတည်ပါတော့မယ်။
သည်နေရာမှာ
အထိန်းသိမ်းခံရတဲ့ ထိပ်တန်းအရာရှိကြီးတစ်ယောက်ရဲ့ မြေးဖြစ်သူ ရဲ့ အမြင်ပြောင်းလဲမှုနဲ့ပဲ
နိဂုံးချုပ်ချင်ပါတယ်။ သူ့အဖိုး လျှမ်းလျှမ်းတောက် နေချိန်မှာ သူတို့အနားမှာ နေနေညည
လုံခြုံရေးပေးနေတဲ့ သက်တော်စောင့် အပါးတော်မြဲ ရဲဘော်တွေဟာ သူ့အတွက် တကယ့် ကို ခင်မင်စရာ
အားကိုးစရာ ဦးလေး တွေ ဘကြီးတွေပမာ သူ့ရဲ့ ကလေးဘဝမှတ်ဥဏ်မှာ အမြဲ စွဲမှတ်ထားခဲ့တာပါ။
ဒါပေမယ့်လည်း သူ့အဖိုး အထိန်းသိမ်းခံရချိန်မှာတော့ ဘာလုပ်လုပ် စောင့်ကြပ်ကြည့်ရှုခံနေရတဲ့၊
ခွင့်တောင်းနေရတဲ့ ဘဝမှာ အဲဒီ ယူနီဖောင်း ကိုပဲ ဝတ်ဆင်ထားခဲ့တဲ့ ရဲဘော်တွေဟာ သူ့မျက်စိထဲမှာ
ကြောက်ရွံ့စရာ၊ ရွုံ့မုန်းစရာ ပုဂ္ဂိုလ်များအဖြစ် နေ့ချင်း ညချင်း ပြောင်းသွားခဲ့ပါတော့တယ်
တဲ့။
ကျွန်တော်တို့အနေနဲ့
ဘယ်လုံခြုံရေးဝန်ထမ်းကို မဆို လေးစားချစ်ခင် ချင်ကြပါတယ်။
ဒီနိုဗို
No comments:
Post a Comment