Showing posts with label Short Story. Show all posts
Showing posts with label Short Story. Show all posts

Friday, March 17, 2017

အစီရင်ခံစာ

သူ့မှာ လစဉ် အစီရင်ခံစာတွေ ပေါင်းပြီး သုံးလပတ် အစီရင်ခံစာ ပြင်ရတယ်၊ သုံးလပတ်အစီရင်ခံစာတွေ ပေါင်းပြီး ခြောက်လပတ် အစီရင်ခံစာတွေ ပြင်ရတယ်၊ ခြောက်လပတ် အစီရင်ခံစာတွေ ပေါင်းပြီး နှစ်ပတ်လည်  အစီရင်ခံစာတွေ ပြင်ရတယ်။ လပတ် အစီရင်ခံစာတွေရဲ့ ပြင်ဆင်ချက်ကို သုံးလပတ် အစီရင်ခံစာမှာ ပြင်ရတယ်။ သုံးလပတ် အစီရင်ခံစာတွေရဲ့ ပြင်ဆင်ချက်ကို ခြောက်လပတ် အစီရင်ခံစာမှာ ပြင်ရတယ်၊ ခြောက်လပတ် အစီရင်ခံစာတွေရဲ့ ပြင်ဆင်ချက်ကို နှစ်ပတ်လည် အစီရင်ခံစာမှာ ပြင်ရတယ်။ နှစ်ပတ်လည် အစီရင်ခံစာက နောက်တစ်နှစ်အကြာမှာ ထွက်ရှိတယ်၊ နောက်တစ်နှစ်အကြာမှာ နောက်တစ်နှစ်အတွက် အစီရင်ခံစာကို ပြင်နေတဲ့အတွက် အရင် နှစ်ရဲ့ အစီရင်ခံစာကို မဖတ်နိုင်တော့၊ နောက်တစ်နှစ်အကြာမှာ နောက်တစ်နှစ်အတွက် အစီရင်ခံစာကို ပြင်နေတဲ့အတွက် နောက်နှစ် နောက်နှစ်တွေမှာလည်း အရင်နှစ် တွေလိုပဲ နှစ်ပတ်လည်  အစီရင်ခံစာတွေ ထွက်ရှိနေဦးမှာပဲ။ ဒါပေမယ့် အစီရင်ခံစာတွေက အမြဲ အရင်နှစ်  တွေအတွက်ပဲ ဖြစ်နေဦးမှာပဲ။


ဒီနိုဗို

ဘာသာပြန်

သူ့မှာ အညွန်းပြုနောက်လိုက်ပြီး အညွှန်းခံကို လိုက်လိုက်ရှာရတယ်၊ အညွန်းပြုနဲ့ အညွန်းခံ တွေ့တဲ့အခါ လည်း တွေ့တယ်။ မျက်စိလည်ပြီး မတွေ့တဲ့အခါလည်း မတွေ့ဘူး။ အညွန်းပြုနဲ့ အညွန်းခံဟာ တစ်ယောက် ကို တစ်ယောက် မှတ်မိချင်မှ မှတ်မိတယ်။ အညွန်းပြုက အညွန်းခံတစ်ယောက်ကို တွေ့လို့ နှုတ်ဆက်မယ် လုပ်ရုံရှိသေး နောက်တစ်ယောက်ပြောင်းသွားတယ်၊ အညွန်းပြုလည်း ဇဝေဇဝါ ဖြစ်ဖြစ်သွားတယ်။ အညွန်းပြု မှာ လည်နေတဲ့ပတ်လမ်းထဲမှာ ပါလာတဲ့ အညွှန်းခံတွေကို ရွေးရသလိုပဲ၊ ကိုယ့်အိတ်လို့ ထင်ပြီး ရွေးမိခါမှ  မှားနေတာနဲ့ ပြန်တင်ပေးလိုက်၊ နောက်တစ်အိတ်ပြန်ရွေးလိုက်နဲ့၊ ရွေးလို့ ဆယ်လို့ မဆုံး၊ ချောနေတဲ့လမ်း မှာ သူနဲ့ အညွန်းပြနဲ့ တဘိုင်းဘိုင်းလဲနေခဲ့ကြတယ်။ အညွှန်းခံတွေက ဒီတိုင်း ရပ်ကြည့်နေကြတယ်။ သူတို့ နဲ့ မဆိုင်သလိုပဲ။
ပါတီမှာ အညွန်းပြုတွေကလည်း အများကြီး အညွှန်းခံတွေကလည်း အများကြီး၊ အညွန်းပြုတွေက သူကြိုက်တဲ့ အညွှန်းခံနဲ့ သွားတွဲသလို အညွှန်းခံတွေကလည်း သူကြိုက်တဲ့ အညွှန်းပြုနဲ့ သွားတွဲတယ်။ သူက အတွဲတွေ လိုက်ဖက်အောင် မနည်းပြန်တည့်ပေးရတယ်။ ဒါပေမယ့် အညွှန်းပြုနဲ့ အညွန်းခံနဲ့ အဆင်ပြေသွား တဲ့အခါ တော့သူ့ကို ဘယ်သူမှ လှည့်မကြည့်ကြ တော့။

ဒီနိုဗို 

အချစ်

သူက သူ့ကို မချစ်တဲ့ကောင်မလေးကို ချစ်ပေမယ့် သူ့ကို ချစ်တဲ့ကောင်မလေး ကို မချစ်ဘူး၊ သူ့ကို မချစ်တဲ့ကောင်မလေးက သူ့ကို မချစ်ပေမယ့် ခွေးတွေကို ချစ်တယ်၊ သူ့ကို ချစ်တဲ့ ကောင်မလေးက သူ့ကို ချစ်ပေမယ့် ခွေးတွေကို မချစ်ဘူး၊ သူက ခွေးတွေကိုကော သူ့ကို ချစ်တဲ့ ကောင်မလေးကိုကော မချစ်ဘူး။ သူ့ကို ချစ်တဲ့ကောင်မလေးက သူချစ်တဲ့ကောင်မလေးကို မချစ်ဘူး။ သူ ချစ်တဲ့ကောင်မလေးက သူမချစ်တဲ့ ကောင်မလေးကို ချစ်တယ်။ ဒီ ဇတ်လမ်းမှာ ခွေးတွေသာ မပါခဲ့ရင်ဘယ်လိုများနေမလဲ၊ ခွေးချစ်တဲ့ ကောင်မလေး ဟာ သူ့ကိုများ ပြောင်းချစ်လာမလား၊ သူကကော သူ့ကို ချစ်လာတဲ့ကောင်မလေးကို ထားပြီး ထုံးစံအတိုင်း သူ့ကို  မချစ်တဲ့ ကောင်မလေးတစ်ယောက်ကို ပြောင်းချစ်မှာလား။ သူမချစ်တဲ့ ကောင်မလေး ကကော သူ့ကို ချစ်တဲ့ သူတွေကို ငြင်းဆန်ပြီး သူ့ကို ဆက်ချစ်နေမှာလား။ ဒါမှမဟုပ် သူ့အချစ်ကို မရတဲ့ အတွက် ခွေးတွေကိုပဲ ပြောင်းချစ်သွားမှာလား။ ဒီလိုနဲ့ ဒီ ဇတ်လမ်းမှာ ဒီလိုပဲ ခွေးတွေက ဆက်ပါနေရဦး မှာလား။

ဒီနိုဗို 

ခွေးချစ်တဲ့ကောင်မလေး


သူက ခွေးချစ်တဲ့ကောင်မလေးကို ချစ်ပေမယ့် ခွေးတွေကို မချစ်ဘူး၊ ခွေးချစ်တဲ့ကောင်မလေးက ခွေးတွေကို ချစ်ပေမယ့် သူ့ကို မချစ်ဘူး၊ ခွေးတွေက ခွေးချစ်တဲ့ကောင်မလေးကို ချစ်ပေမယ့် သူ့ကို မချစ်ဘူး။ ဒါမှမဟုပ် သူ့ကို ခွေးတွေက မချစ်ဘူးလို့ သူထင်နေတာလည်း ဖြစ်နိင်တယ်။ ဒါမှမဟုပ် သူ့ကို ခွေးချစ်တဲ့ကောင်မလေး က မချစ်ဘူးလို့ သူ ထင်နေတာလည်း ဖြစ်နိုင်တယ်၊ ဒါမှမဟုပ် ခွေးချစ်တဲ့ကောင်မလေးက သူချစ်နေတာ မသိတာ လည်းဖြစ်နိင်တယ်၊ ဒါမှမဟုပ် ခွေးချစ်တဲ့ ကောင်မလေးက သူ့ကိုချစ်နေတာ သူမသိတာလည်း ဖြစ်နိင်တယ်၊ ဒါမှမဟုပ် သူဟာ ခွေးချစ်တဲ့ကောင်မလေးကို ချစ်နေတဲ့အတွက် ခွေးတွေကို မချစ်တာလည်း ဖြစ်နိင်တယ်၊ ဒါမှမဟုပ် ခွေးချစ်တဲ့ကောင်မလေးဟာ သူ့ကို မချစ်တဲ့အတွက် ခွေးတွေကို ချစ်နေတာလည်း ဖြစ်နိုင်တယ်။ သေချာတာတော့ သူဟာ ခွေးတစ်ကောင်လို ကောင်မလေးရဲ့ ပွတ်သပ်မှုကို အမြဲလိုလား နေခဲ့တာတော့ အမှန်ပဲ။

ဒီနိုဗို 

Sunday, June 12, 2016

အတွေး

“ခင်ဗျား ဘာတွေ တွေးနေလဲ” လို့ ဆရာဝန်က မေးတော့ ကျွန်တော့်မှာ လန့်သွားတယ်
အဲဒီလိုမျိုး တယောက်ယောက်က ဘာတွေ တွေးနေလဲလို့ မေးလိုက်ရင် ကျွန်တော့်မှာ ဘာတွေတွေးနေမိလဲ မသိတော့။ မမေးရင်တော့ ကိုယ့်အတွေးနဲ့ ကိုယ် သိနေသလိုပဲ။ ဘာတွေတွေးနေလဲလို့ ဆန်းစစ်လိုက်တာနဲ့ တွေးနေတဲ့အတွေးတွေက လူမိမှာစိုးတဲ့ အလစ်သုတ်သမားလို လှစ်ခနဲ ရှောင်ထွက်သွားလေ့ရှိတယ်။ ဘယ်လိုမှ အစဖော်မရ။
“ခင်ဗျား တခုခုတော့ တွေးနေတယ် မဟုပ်လား”
ကြည့်၊ ဆရာဝန်ကတော့ ပုလိပ်စစ် စစ်နေခဲ့ပြီ။ သူ့မှာလည်း ဒီလို စစ်ဆေးပိုင်ခွင့် ရှိတယ် မဟုပ်လား။ သူက ဆရာဝန် လေ။ ကိုယ်က လူနာ မဟုပ်လား။ ဆရာဝန်က ရောဂါရှာဖွေဖို့ လူနာကို ဒီလို ပဲ မေးခွန်းတွေ မေးရ တာ ထုံးစံပဲလေ။ ဒါပေမယ့် သူက ရောဂါကို မမေးပဲ ကျွန်တော့် အတွေးတွေကိုပဲ မေးနေခဲ့တယ်။ ရောဂါ မရှာ ပဲ ကျွန်တော့် အတွေးတွေကို လိုက်ရှာနေသလိုပဲ။
“ခင်ဗျား ဘာတွေ တွေးနေလဲ သိမှ ခင်ဗျား စိတ်ကို ကျွန်တော်ခန့်မှန်းလို့ရမှာပေါ့”
ဟော၊ ဒီ ဆရာဝန် ကျွန်တော် ဘာတွေ တွေးနေလဲ သိနေပုံပဲ။ ခက်ပြီ။ ကျွန်တော်ကလည်း အတွေးထဲမှာဆို စည်းမရှိ ကမ်းမရှိ တွေးတတ်တာ၊ စကားနဲ့ ဖွင့်ပြောလို့မကောင်းတဲ့အရာတွေ၊ အပြင်လောကမှာ မဖွယ်မရာလို့ သတ်မှတ်ထားတဲ့အရာတွေ၊ ညစ်တီးညစ်ပတ်တွေ၊ မကြံကောင်း မစည်ရာတွေ အကုန်လုံး ကျွန်တော့်အတွေးထဲမှာ ပါတယ်။ သူတပါးကို မနာလိုဝန်တိုတာမျိုးဆို မကောင်းမှန်း သိပေမယ့် အတွေးထဲက ဘယ်လိုမှ ထုပ်လို့မရ။
“အတွေးဆိုတာတော့ အကောင်းရော အဆိုးရော ပါမှာပေါ့ဗျာ၊ ဘာမှ ရှက်စရာ မလိုပါဘူး၊ ပွင့်ပွင့်လင်းလင်း ထုပ်ပြောလိုက်စမ်းပါ”
ကြည့်၊ ဒီ ဆရာဝန် ကျွန်တော့် အတွေးတွေကို ရိပ်မိနေသလိုပဲ။ ကျွန်တော့် မျက်လုံးကို အသေအချာ စိုက်ကြည့် နေလိုက်တာ။ မျက်တောင် တောင် မခတ်။ ကျွန်တော် သူ့မျက်လုံးကို မကြည့်ရဲလို့ အောက်စိုက်ထားလိုက် တယ်။ မျက်လုံးဆိုတာ စိတ်ရဲ့ ပြတင်းပေါက်လို့ ကြားဖူးတယ်လေ။ သူက ကျွန်တော့် ပြတင်းပေါက်ကနေ ကျွန်တော့် စိတ်ကို ချောင်းမြောင်းနေပုံပဲ။ ဒီလိုတော့ ဘယ်ရမလဲ၊ ကျွန်တော့်မှာ ကိုယ်ပိုင်ဆိုလို့ ဒီ စိတ်နဲ့ ဒီ အတွေးတွေပဲရှိတာ။ ဒါကို တခြားသူ အမြင်ခံလို့ ဖြစ်မလား။
“ခင်ဗျား အခုလို စကားတခွန်းမှ မပြောရင် ပတ်ဝန်းကျင်နဲ့ ကင်းကွာနေမှာပေါ့”
ပြဿနာပဲ၊ ပတ်ဝန်းကျင်နဲ့ ခပ်ကင်းကင်း နေချင်လို့ပဲ စကားမပြောတာလေ။ စကားပြောလိုက်ရင် ကျွန်တော့်
အတွေးတွေ လူသိကုန်မှာပေါ့။ စကားဆိုတာ ပြောခါစသာ စဉ်းစဉ်းစားစား ပြောလို့ရတာ။ ပြောရင်း ပြောရင်း အရှိန်ရလာရင် အလိုအလျောက်ထွက်သွားတတ်တာမျိုး။ ဘယ်လိုပဲ ထိန်းထိန်း လျှာချော်ပြီးထွက်သွားရင် ဘယ်လိုလုပ်မလဲ။ စကား စကား ပြောပါများ၊ စကားထဲက ဇာတိပြ ဆိုတာ အလကား ပေါ်လာတာမှ မဟုပ်တာ။
နောက်တခုက စကားပြောလိုက်ရင် ကျွန်တော့်အတွေးတွေက ရပ်သွားတယ်။ စကားပြောပြီးသွားရင် စိတ်ထဲမှာ တခုခု ဆုံးရှုံးသွားသလိုမျိုး ဟာတာတာနဲ့။ ဦးတည်ရာ မဲ့သွားတတ်တယ်။ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ၊ အဲဒီ အတွက် အတတ်နိုင်ဆုံး စကားမပြောပဲ နေတယ်။ ခက်တာက လူတွေက စကားမပြောပဲ မနေနိင်ဘူး။  လာလာပြောကြတယ်။ ပြန်မပြောပြန်တော့ အထင်လွဲတယ်။ မကောင်းပြောကြတယ်။ ဒီလူ တခုခုတော့မှားနေ ပြီ ဆိုပြီး သတ်မှတ်လာကြတယ်။ နောက်ဆုံး အခုလို ဆရာဝန်ဆီ အပို့ခံရသည်အထိပဲ။
“ခင်ဗျားကို ခေါ်လာတဲ့ လူတွေက ခင်ဗျား လုံးလုံး စကားမပြောတာ တစ်လလောက်ရှိပြီဆို ဟုပ်လား”
တစ်လလား၊ နှစ်လလား ကျွန်တော်လည်း မပြောတတ်၊ ဒါမျိုးကလည်း ပြက္ခဒိန်တွေ ဘာတွေမှာ မှတ်ထားမှသာ သိနိင်တာမျိုး မဟုပ်လား၊ ကျွန်တော့်စိတ်ထဲမှာတော့ အချိန်ကာလဖြတ်သန်းနေတယ်ဆိုတာပဲ ခံစားရတယ်။ ဘယ်လောက်အချိန်ကြာသွားပြီလဲဆိုတာ အမှတ်အသားမရှိ။ အတွေးတွေက ဟိုရောက်သည်ရောက်ဆိုတော့ အချိန်ကာလက ဖဲကြိုးဝါတချောင်းလို တွန့်လိမ်ကောက်ကွေးနေတတ်တယ်။ အတိတ်အဖြစ်အပျက်တွေကို  ပြန်စဉ်းစားကြည့်တဲ့အခါ ဘယ်ဟာက အရင်၊ ဘယ်ဟာက နောက်လဲဆိုတာ မခွဲခြားနိင်။ ပိုဆိုးတာက တချို့ဟာတွေက တကယ်ဖြစ်ခဲ့တာလား၊ ဖြစ်စေချင်ခဲ့တာလား၊ ဖြစ်တယ်လို့ ထင်ခဲ့တာလား၊ မကွဲပြား။
“ထားပါတော့ဗျာ၊ ခင်ဗျား မပြောချင်လဲနေပါ၊ အခု ကျွန်တော် ခင်ဗျားကို ဘောပင်ပေးမယ်။ အဲဒီ ဘောပင်နဲ့ စိတ်ထဲရှိတာ တခုခု ချရေးကြည့်ပါလား”
ဒါမျိုးတော့ လာလုပ်လို့ဘယ်ရမလဲ။ ဒီလောက်တော့ သိပါသေးတယ်။ အတွေးတွေ လေထဲပျံ့ကုန်မှာစိုးလို့ စကားမပြောတာလေ။ စာရွက်ပေါ်ချရေးမှတော့ အထုပ်အထည်နဲ့ မိတော့မှာပေါ့။ ငယ်ငယ်က ရေးဖြစ်ခဲ့တဲ့ ရည်းစားစာတွေဆို တွေ့တာနဲ့ အလျင်အမြန် မီးရှို့ပစ်ရတယ်။ ကိုယ့် ခံစားမှုကို လူမြင်သူမြင်ချပြရတာ အတော် ကသိကအောက် နိင်တဲ့အလုပ်။ အရင်က ဝါသနာပါလို့ ရေးဖြစ်ခဲ့တဲ့ တကိုယ်ရေ အက်ဆေးလေး တွေတောင် သော့အထပ်ထပ် ခတ်ပြီး သိမ်းထားရတယ်။ အဲဒီထဲမှာ ကျွန်တော့် အတွေးတွေ တစွန်းတစ ပါ နေတယ်မဟုပ်လား။ အဲဒီကနေ ခြေရာခံပြီး ကျွန်တော့်အတွေးနယ်ထဲ လိုက်လာရင် ဘယ်လိုလုပ်မလဲ။ ကျွန်တော့်အတွေးတွေကို တွေ့သွားခဲ့ရင် လူတွေကျွန်တော့်ကို အတော်လေး ရွံရှာ စက်ဆုတ်ကြမှာ အမှန်ပဲ။ သူတို့လုံးဝ မထင်မှတ်ထားတဲ့ သူတယောက် ဖြစ်နေတာ သိရပြီး ကျွန်တော့်ကို ရှောင်ခွာသွားကြလိမ့်မယ် ဆိုတာ ကျွန်တော် အတတ်ပြောရဲတယ်။
ကုန်ကုန် ပြောရရင် ကျွန်တော် ပေါင်းနေတဲ့ မိန်းမ တောင် ကျွန်တော့်ကို နားလည်တော့မှာ မဟုပ်ဘူး။ ကျွန်တော်ဟာ သူသိထားတဲ့ သူ့ယောက်ျားမဟုပ်ပါဘူးလို့ အကြောက်အကန်ငြင်းပြီး ကွာရှင်းခွင့်တောင်း
မှာ သေချာတယ်။ ကျွန်တော့် သားလေးနှစ်ယောက်တောင်မှ သူတို့အဖေဟာ လေးစားစရာ ဖခင်တယောက် မဟုပ်မှန်းသိသွားကြပြီး ဒီ အဖြစ်ကို လက်ခံနိင်ကြပါ့မလား မသိ။
ဒီ့အတွက် ကျွန်တော့်မှာ ကိုယ့်အတွေးတွေကို ဘယ်သူမှ မရိပ်မိအောင် သိုသိုသိပ်သိပ်နေရတယ်။ ကိုယ်ဘာ တွေ တွေးနေလဲဆိုတာ မျက်နှာမှာမပေါ်အောင် ကြိုးစား လေ့ကျင့်ရတယ်။ စကားနဲ့ မပြော စာနဲ့ ချမရေး ပေမယ့်လည်း မျက်နှာအမူအယာကလည်း စကားအများကြီး ပြောတယ် မဟုပ်လား။ ဖြစ်နိင်ရင် ကျွန်တော့် မျက်နှာမှာ ခံစားမှု မပေါ်အောင် မျက်နှာသေကြီးနဲ့ နေရတယ်။ မရယ်မပြုံးနဲ့၊ ဝမ်းသာတဲ့ပုံလည်း မပြ၊  ဝမ်းနည်းတဲ့ ပုံလည်း မပြ၊ စိတ်လှုပ်ရှားမှုကင်းတဲ့ မျက်နှာမျိုး ဖြစ်အောင်နေရတယ်။ ကျွန်တော့်ရဲ့ မျက်နှာ သေကြီးကို ကြည့်ပြီး ဆရာဝန်လည်း စိတ်လျှော့လိုက်ပုံရပါတယ်။ ဆေးလိပ်ကိုမီးညှိပြီး ကုလားထိုင်နောက် ကျောကို မှီကာ ဖွာနေခဲ့တယ်။ ပြီးမှ သတိရသွားပုံနဲ့ ကျွန်တော့ကို ဆေးလိပ်ကမ်းတယ်။
“ဆေးလိပ်သောက်တတ်လား၊ သောက်ပါဦး”
ကျွန်တော်လည်း တလိပ်ယူပြီး ဖွာလိုက်တယ်။ ဖြစ်ပုံက ဆရာဝန်နဲ့ လူနာ စားပွဲရဲ့ တဖက်တချက်မှာ ထိုင်ပြီး  ဆေးလိပ်ကိုယ်စီ ထိုင်ဖွာလို့။ သူက ကျွန်တော့်ကို ဘာမှလည်း မမေးတော့၊ ဘာမှလည်း မရေးခိုင်းတော့၊ ဒီတိုင်း ထိုင်ပြီး ကျွန်တော့် အမူအယာကို အကဲခတ်နေခဲ့တယ်။ ကျွန်တော်လည်း သူ့ကို ဘာမှ မမေး၊ သူမေးတာလည်း မဖြေ၊ ဒီတိုင်း ထိုင်ပြီး ဆေးလိပ်ထိုင်ဖွာနေလိုက်တယ်။ မှန်ထဲမှာ ကိုယ့် ပုံရိပ်ကိုယ် ကြည့် ငေးနေကြသလိုမျိုး။
အဲဒီလိုနဲ့ အတော်ကြာသွားတယ်။ ကျွန်တော်လည်း ကိုယ့်အတွေးနဲ့ကိုယ် မျောလို့။ သူလည်း ကျွန်တော့်လိုပဲ ထင်ပါရဲ့။ သတိရလိုက်တဲ့အချိန်ကျတော့ အတော်နောက်ကျနေခဲ့ပြီ။ ကျွန်တော့်အတွေးတော်တော်များများက ကျွန်တော် ဖွာထုပ်လိုက်တဲ့ ဆေးလိပ်မီးခိုးငွေ့တွေကြားမှာ ပျံ့လွင့်လို့။ စကားလုံးလေးတွေက မီးခိုးငွေ့တွေ လို အထက်ကို တရွေ့ရွေ့တက်နေကြတယ်။ လတ်တလော ကျွန်တော် တွေးနေတဲ့အရာတွေအားလုံး ကို စကားလုံးတွေအဖြစ် ကျွန်တော့်မှာ မြင်နေရတယ်။ ဆရာဝန်ကို ကြည့်လိုက်တော့ သူက မီးခိုးငွေ့တွေကို လိုက် ကြည့်ပြီး အဲဒီ စကားလုံးတွေကို ဖတ်ရှုနေပုံပဲ။ ကျွန်တော် အရမ်း တုန်လှုပ်သွားတယ်။ ကျွန်တော် လူမမြင်အောင် အထပ်ထပ် သိမ်းဆည်းထားတဲ့အတွေးတွေဟာ အခုတော့ လေထဲမှာ ပေါ့ပါးပျံ့လွင့်လို့နေခဲ့  ပြီ မဟုပ်လား။ အရပ်ရှစ်မျက်နှာက လူအပေါင်းဟာ မကြာမှီမှာ ကျွန်တော့်အတွေးတွေကို ထုတ်ခြင်းခတ် ဖတ်ရှု နိင်တော့မယ် မဟုပ်လား။ ကျွန်တော် အလန့်တကြား ဆေးလိပ်ကို ထိုးချေလိုက်တယ်။ ဒါဟာ ဆရာဝန်ရဲ့ ဥာဏ်နီဥာဏ်နက်ပဲ။ ကျွန်တော့်အတွေးတွေကို ဒီနည်းနဲ့ မလိမ့်တပတ် သူ ဖတ်ရှုလိုက်တာပဲ။ သတိ လက်လွတ် ဖြစ်သွားမိတဲ့ ကိုယ့်ကိုယ်ကိုပဲ အပြစ်တင် နောင်တ ရလို့မဆုံး။  တော်ပြီ နောက်ဆို ကျွန်တော် ဆေးလိပ်လုံးဝ မသောက်တော့။ သံန္ဒိဌာန် ချလိုက်မိတယ်။
မရတော့။ သိပ်နောက်ကျသွားခဲ့ပြီ။ ကျွန်တော့်အတွေးတွေက ကျွန်တော် ရှူထုပ်လိုက်တဲ့ လေနဲ့အတူ ပတ်ဝန်းကျင် အနှံ့ပျံ့နှံ့လို့နေတယ်။ ဘယ်လိုမှ တားဆီးလို့မရ။ ကျွန်တော် ဘာမှ မတွေးပဲ နေကြည့်တယ်
ခဏပဲ ခံတယ်။ မရ။ အသက်မရှုပဲ အောင့်ထားမိတယ်။ ခဏပဲ ခံတယ် မရ။ ကျွန်တော် သေလောက်အောင် စိတ်ညစ်မိတယ်။ ဆရာဝန်ကို ကြည့်လိုက်တော့ သူက ကျွန်တော့်ကို ပြုံးစစ နဲ့ ကြည့်နေတယ်။ အခုတော့  ကျွန်တော့်အတွေးတွေ အားလုံး သူ မြင်ခွင့်ရခဲ့ပြီ မဟုပ်လား။ ကျွန်တော်လည်း ဒေါသဖြစ်ဖြစ်နဲ့ သူ့ကို ခုန်အုပ် ဖို့ ကြိုးစားလိုက်တယ်။ အချည်းနှီးပါပဲ။ သူက ကျွန်တော့်အတွေးတွေကို သိနေတဲ့သူ မဟုပ်လား၊ အသာ အယာပဲ ရှောင်ပြီး ခလုတ်တချက်နှိပ်လိုက်တယ်။ လုံခြုံရေးနှစ်ယောက် ရောက်လာပြီး ကျွန်တော့်လက်တွေကို  ဝတ်စုံတခုထဲ အတင်းထိုးထည့်ကာ ချုပ်လိုက်ကြတော့တယ်။

ဒီနိုဗို

5 June 2016

Tuesday, January 5, 2016

တံခါးစောင့် တွေရဲ့ ရှိမှုဗေဒ


ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ၊ ကျွန်တော်တို့ အနီးအနားတစ်ဝိုက်မှာ အမြဲလို တွေ့နေတတ်ပေမယ့် အမြဲလို ဂရုတစိုက် မရှိတတ်တဲ့ ဝန်ထမ်းတစ်မျိုးရှိပါတယ်။ ဂရုသာ မစိုက်မိရှိမယ်၊ သူတို့ဟာ မရှိမဖြစ်တဲ့ ဝန်ထမ်းတွေ ပါ၊ ဒါပေမယ့်လည်း သူတို့ရဲ့ ရှိမှုဟာလည်း ဘယ်တော့မှ ထင်ထင်ရှားရှား မရှိပါဘူး။ ဆိုလိုတာက သူတို့ဟာ တွေ့ရသလောက် ဘာမှ လှုပ်လှုပ်ရှားရှား ပင်ပင်ပန်းပန်း လုပ်နေတာမျိုး မတွေ့ရတတ်လို့ပါ။ ဘာမှ လုပ်စရာ မလိုပဲနဲ့ အလုပ်လုပ်နေတဲ့သူတွေလို့ ဆိုယင်များ မှန်မလားမသိ။
မှန်ပါတယ်၊ ကျွန်တော် ရည်ညွှန်းတာ အစောင့်တွေကိုပါ၊ ယဉ်ယဉ်ကျေးကျေး စာစကားနဲ့ ပြောရယင် လုံခြုံရေး ဝန်ထမ်းတွေပေါ့။ အရပ်ခေါ်တော့ တံခါးစောင့်၊ သူတို့ထဲ မှာမှ နဲနဲ စီနီယာကျတဲ့ သူက တံခါးမှူးဖြစ်မလား၊ ထားလိုက်ပါတော့၊ ဘယ်လိုပဲ ခေါ်ခေါ် သူတို့ရဲ့ အဓိက တာဝန်ကတော့ အဆောက်အဦးတစ်ခု၊ ခြံဝင်းတစ်ခု၊ ဘဏ်၊ ဂိုထောင်၊ စက်ရုံ၊ မိသားတစ်စု၊ ဝန်ထမ်းတစ်စု ရဲ့ အသက်အိုးအိမ် စည်းစိမ် လုံခြုံရေးကို စောင့်ရှောက် ဖို့ပါပဲ။
အစောင့်တွေနဲ့ ပက်သက်ယင် ကျွန်တော့်မှာ မတူညီတဲ့ အတွေ့အကြုံတွေရှိပါတယ်။ ကျွန်တော် ဆယ်တန်း အောင်ပြီးစ  တက္ကသိုလ်တက်ဖို့စောင့်နေရတဲ့ ကိုးဆယ်ကျော် ခုနှစ်တွေက နဝတ အစိုးရ တက်ခါ စ နှစ်တွေလည်း ဖြစ်နေခဲ့တယ်။ ဒီတော့ ဘယ်သွားသွား ဘယ်လာလာ အစောင့်တွေက ဒင်းကြမ်း၊ စာကြည့်တိုက်ပဲ သွားသွား၊ တက္ကသိုလ်ထဲပဲ ဝင်ဝင်၊ ဘယ်ရုံးအဆောက်အဦး ရောက်ရောက် ပြလိုက်ရတဲ့ ကဒ်ပြားတွေ၊ ရေးလိုက်ရတဲ့ လူဝင်လူထွက်စာရင်းတွေ၊ ဖြေလိုက်ရတဲ့ မေးခွန်းတွေ၊ တစ်ခါ တစ်ခါ အဟောက် အဟမ်းတောင် ခံရသေး၊
ကျောင်းပြီးလို့ အလုပ်တွေ ရှာတော့လဲ ထိုနည်းလည်းကောင်းပါပဲ။ နိင်ငံတကာ NGO တွေ၊ ကုလသမ္မဂ ရုံးတွေ၊ သံရုံးတွေ၊ ပြန်ကြားရေးရုံးတွေ၊ ရွာရိုးကိုးပေါက် လျှောက်သွားပြီး အလုပ်ခေါ်စာတွေ ဖတ်၊ လျှောက်လွှာတွေတင်၊  ဒီနေရာမှာလဲ အစောင့်တွေနဲ့ တိုးတာပါပဲ။ နိင်ငံတကာ အဖွဲ့အစည်းတွေရဲ့ အရှိန်နဲ့ ဝင့်ကြွားနေတဲ့ တစ်ချို့ အစောင့်တွေက တယ်ပြီးမောက်မာလှပါတယ်။ ကိုယ်က လည်း ဆေးကျောင်းပြီးစ ဆရာဝန်တစ်ယောက်ဆိုတော့ အတော်လေး အောင့်သက်သက် ဖြစ်မိတယ်။ တစ်ခါ တစ်ခါ စိတ်ထဲမှာ တေးထားမိတယ်။ ငါ သာ ဒီ အဖွဲ့မှာ အလုပ်ရယင်တော့ ဒီ အစောင့်ကို ကောင်းကောင်း ပညာပေးဦးမယ် ဆိုပြီး။ ဒါပေမယ့်လည်း အဲဒီ အဖွဲ့မှာ အရာရှိတစ်ယောက် ဖြစ်လာတော့လည်း စောစောက အစောင့်တွေ ပဲ ကိုယ့်ကို အလွန်အကျွန် အရိုအသေ ပေးကြပြန်တာပါပဲ။ ဒီတော့လည်း စိတ်ထဲမှာ အောက်လက် ငယ်သားကို ဒုက္ခ ပေးချင်တဲ့ စိတ်မျိုး မွေးလို့မရပြန်ပါဘူး။ သည်တော့ အစောင့်တွေအပေါ် ဝင်းအပြင်က မြင်တဲ့ အမြင်နဲ့ ဝင်းအတွင်းက မြင်ရတဲ့ အမြင်က လုံးလုံးခြားနားနေခဲ့ပါတယ်။
ကျွန်တော်တို့ ရုံးမှာ အစောင့် ဆယ်ယောက်ဝန်းကျင်ရှိပါတယ်။ တစ်ဂျူတီကို နှစ်ယောက်၊ နေ့ဂျူတီ ညဂျူတီ အလှည့်နဲ့ ဆင်းကြရပါတယ်။ မနက် ကျွန်တော် ရုံးတတ်တိုင်း တာဝန်ကျ အစောင့်က မောနင်းဆရာ လို့ နှုတ် ဆက်တယ်၊ ညနေ ရုံးအဆင်း ဆိုယင်လည်း ဂွတ်နိက်ဆရာလို့ နှုတ်ဆက်တယ်။ သူတို့ဟာ ကျွန်တော့်အဖို့ အချိန်ရဲ့ အမှတ်အသားသင်္ကေတ တစ်ခုလို ဖြစ်နေတတ်တယ်။ မနက်ဘက်ထွက်လာတဲ့ နေလုံးနဲ့ ညနေဝင် သွားတဲ့ နေလုံးလိုပဲ။ တစ်နေ့တစ်နေ့ ရုံးမှာ အလုပ်တွေနဲ့ ရှုပ်ပြီး ဘယ်လို အချိန်ကုန်သွားမှန်းတောင်မသိ ရုံးဆင်းလိုက်ရတဲ့အခါမျိုးမှာ ဂွတ်နိက်လို့ နှုပ်ဆက်ယင် ဒီအစောင့် စောစောကတင် ဂွတ်မောနင်းလို့ နှုပ်ဆက်လိုက် သေးတယ်လို့ စိတ်ထဲမှာထင်မိတတ်တယ်။ တစ်ဆက်တည်းမှာ ဒီ အစောင့် ဟာ မနက်ကနေ ညနေ တစ်ချိန် လုံး ဘာမှ မလုပ်ပဲ ဒီမှာ ဘယ်လိုများနေနေပါလိမ့်လို့ တွေးမိတယ်။ ကျွန်တော်ဆိုလိုတာက တစ်ခုခုကို ကာယဥာဏအား တစ်ခုခု စိုက်ထုပ်ပြီး လုပ်နေရတာမျိုး၊ အခုလို ရုံးကားလာယင် တံခါး ဖွင့်ပေး တာမျိုး၊ ဧည့်သည်လာယင် အထဲကို ဖုန်းဆက်ပြီး လက်မှတ်ထိုးဝင်ခိုင်းတာမျိုးလောက် မဟုပ်ဘူး။
တစ်ကယ်တော့ ကျွန်တော့်အဖို့ စောင့်ရတဲ့အလုပ်က အတော်ခက်ခဲလှတဲ့အလုပ်၊ မိန်းမ ဈေးသွား ဈေးပြန် ကားထဲကထိုင်စောင့်ရတာကိုတောင် ကျွန်တော့်မှာ စိတ်မရှည်နိင်။ အဲဒီတော့ တစ်နေကုန် စောင့်နေရသူတွေ ကို  ကျွန်တော် ကိုယ်ချင်းစာမိသပေါ့။
တစ်ခါတစ်ခါ ကျွန်တော် ပျင်းလို့ ရုံးဝင်းထဲဆင်းလိုက်ယင် သူတို့မှာ ပျင်းလွန်းလို့ စကားလာလာ ပြောကြ ရှာတယ်။ ရုံးမှာ ယူထား သမျှ သတင်းစာ၊ဂျာနယ်တွေ အကုန်လုံး သူတို့ ယူဖတ်ကြတယ်။ တစ်ချို့က အိပ်ဆောင်ရေဒီယိုလေး တိုးတိုး ဖွင့်ပြီး အပျင်းဖြေကြတယ်။ သူတို့မှာ လူကသာ ဘယ်မှ မရောက်တယ်၊ သတင်းပလင်း အစုံတော့ ကြားပါ့။ တစ်နေ့တစ်နေ့ သူတို့မှာ နာရီတမော့မော့နဲ့ ကိုယ့်ဂျူတီချိန်ပြီးဖို့ ဘယ်လောက်လိုသေးလဲ ရေတွက်လို့နေကြတယ်။ တစ်ခါတစ်ခါ တွေးမိတယ်။ သူတို့ဟာ အချိန်ကို လာ ရောင်းချနေကြတာပဲ။ တစ်ရက်ကို ဘယ်နှစ်နာရီ တစ်လကို ဘယ်နှစ်ရက် ပုဒ်ပြတ်နဲ့ ရောင်းချနေတာပဲ မဟုပ်လား။
ဒီ့အတွက် ရုံးကအစောင့် တော်တော်များများကတော့ အသက်အရွယ်ကြီးကြီး ပညာအရည်အချင်းနိမ့်နိမ့်။ သူတို့ဟာ တစ်ခြားအလုပ်တစ်ခုခုကနေ အငြိမ်းစားယူလာတဲ့သူတွေ၊ ဒါမှမဟုပ် ရောဂါတစ်ခုခု ကြောင့် ပင်ပင် ပန်းပန်း ကာယအလုပ်တွေ မလုပ်နိင်တော့တဲ့သူတွေ။ ဒီ့အတွက် သူတို့အဖို့ ရောင်းစားစရာ အချိန်ပဲရှိတော့ တယ်။ ဒီ့အတွက် ဒီ အလုပ်က သူတို့နဲ့ အကိုက်။ ပြဿနာက သူတို့ထဲမှာ လူငယ်တစ်ယောက်က ရောပါနေခဲ့ တယ်။ သူက ဘွဲ့ရပြီးစ၊ ပြီးတော့ တစ်ခြား certificate တွေလည်း ယူထားတဲ့သူ။ နယ်က တက်လာပြီး ရရာ အလုပ် လျှောက်ယင်း ဒီမှာ လာလုပ်ဖြစ်နေတယ်။ ကုလသမ္မဂ ရုံးဆိုတော့ လစာက မဆိုး၊ ဒီတော့ သူ့မှာ တစ်ခြားအပြင်အလုပ်တွေ မကူးဖြစ်။ ဒါပေမယ့်လည်း ဒီ အစောင့်အလုပ်ကို တစ်သက်လုံး လုပ်သွားဖို့တော့ လည်း သူသင်ထားတဲ့ပညာရေးနဲ့ နှမြောစရာ၊ သူကိုယ်တိုင်ကလည်း ဒီဘဝကို ယာယီသာ သဘောထား ပုံရပါတယ်။  သူ့အရည်အချင်းနဲ့ ကိုက်ညီမယ့် တစ်ခြား ပရောဂျက်တွေမှာ ဝင်လျှောက်ရှာတယ်။ NGO တွေမှာ ကော်လာဖြူ အလုပ်တစ်ခုခု ဝင်လုပ်ဖို့ ကြိုးပမ်းရှာတယ်။ ဒါပေမယ့် ဘယ်မှာမှ အလုပ်မရ။ သူ့လက်ရှိ အလုပ်က အစောင့်ဆိုတော့ သူ့ အလုပ်အတွေ့အကြုံက တစ်ခြားအလုပ်တွေမှာ ပြန်သုံးမရ။
သည်လိုပြောလို့ အစောင့်တွေကို နှိမ်ချတယ်လို့ မထင်ကြပါနဲ့။ အပေါ်မှာ ပြောခဲ့သလိုပဲ အစောင့်တွေဟာ လုံခြုံရေးအတွက် မရှိမဖြစ်ပါ၊ သူတို့ရှိနေလို့ ဘာမှ မထူးပေမယ့်၊ မရှိယင်တော့ သူခိုး ဂျပိုးတွေ အတင့်ရဲလာ ပါလိမ့်မယ်။ ဒီတော့ သူတို့ရဲ့ ရှိနေရုံနဲ့ (physical presence) အလုပ်ဖြစ်နေတဲ့သဘော။ ဒါပေမယ့် လူအတော်များများကတော့ အဲဒီလို သဘောထားကြပုံမရ၊ အစောင့်ကို အားနေလျင် ကားရေဆေးခိုင်း၊ မြတ်ရိတ်ခိုင်း ၊ ပန်းအိုးတွေ ရွှေ့ခိုင်းကြတယ်။ တံမြက်စည်းလှည်းခိုင်းတယ်၊ မီးစက်နှိုးခိုင်းတယ်။ အဲဒီတော့ အစောင့်အလုပ်က သန့်ရှင်း ရေးလိုလို၊ မာလီလိုလို၊ ပြာတာလိုလို၊ ဒါကြောင့်လည်း အစောင့်အလုပ်က လူကြိုက်များလှတဲ့ အလုပ်တော့ မဟုပ် (လဘက်ရည်ဖိုးရတဲ့ တံခါးပေါက်တွေကလွဲယင်ပေါ့)။
ဒါဖြင့် အစောင့်အလုပ်ဟာ ဘာအရည်အချင်းမှမလိုဘူးလား။ သည်လိုတော့လည်း မဟုပ်။ NGO တစ်ခုနဲ့ ဖားကန့်ဆိုင်းတောင်မှာ လုပ်တုန်းက ကြုံခဲ့ရတဲ့အဖြစ်ကို မှတ်မိပါသေးတယ်။ ဒီတုန်းက admin ကိုင်တဲ့သူက ညစောင့်ဝန်ထမ်းအတွက် အလုပ်ကြေငြာစာထုပ်တယ်။ လာလျှောက်ကြတာက နှစ်ယောက်၊ နှစ်ယောက်ထဲက မှ သူ စိတ်ကြိုက်တွေ့တဲ့ တစ်ယောက်ကို ခန့်လိုက်တယ်။ အလုပ်ဝင်ဝင်ချင်း ညပဲ ရဲတွေ ရောက်လာပြီး အဲဒီ အစောင့်ကို ဖမ်းခေါ်သွားကြတယ်။ သူတို့ပြောမှပဲ သိရတော့တယ်။ အဲဒီလူက တရားခံပြေး၊ သူ့ နောက်လိုက်နေကြတာ  ကြာလှပေါ့။ သူက ဟိုဟိုသည်သည် လျှောက်သွားနေတော့ ဖမ်းလို့မမိ။ အခုလို ဒီမှာ အလုပ်ဝင်မှပဲ သူတို့လည်း သူ့ ကို ခြေရာခံမိ ကြတော့တယ်။ သည့်အတွက် ကျေးဇူးတင်ပါလို့ ဆိုတယ်။ ကျွန်တော့် admin မျက်နှာမှာ သွေးမရှိတော့၊ သူခိုးမှ လုံခြုံရေး ခန့်မိလေခြင်းဆိုပြီး။ သည်တော့ အစောင့်တစ်ယောက်ရဲ့ အကြီးမား ဆုံး အရည်အချင်းကတော့ အကျင့်စာရိတ္တကောင်းဖို့ ပါပဲ။ မဟုပ်လို့ စောစောကလို သူခိုး ဓါးပြ ကို လုံခြုံရေး ခန့်မိလျင်တော့ သူခိုးဓါးရိုးကမ်းဆိုတာထက် ဆိုးပါလိမ့်မယ်။
တကယ်တော့ အစောင့်တစ်ယောက် လိုအပ်တဲ့ အရည်အချင်းက ဒီလောက်မက။ သူတို့ အလုပ်သဘာဝ အရ နေပူပူ မိုးရွာရွာ သူတို့ခမျာ အပြင်ဘက်မှာ တစ်ချိန်လုံး ရပ်စောင့်နေရတတ်တယ်။ မဟုပ်လျင်လည်း  တမေ့တမော့ ငုတ်တုတ်ထိုင်စောင့်နေရပြန်တယ်။ ဒီတော့ကာ အဆောက်အဦးထဲမှာ မိုးလုံလေလုံ ပန်ကာနှင့် လေအေး ပေးစက်နှင့် နေထိုင် အလုပ်လုပ်ကိုင်နေကြတဲ့ မိသားစုတွေ၊ ဝန်ထမ်းတွေအပေါ် စိတ်ထားမှန်မှန် ထားတတ် ဖို့တော့လိုပါတယ်။ မနာလို မရှုဆိမ့်မဖြစ်ဖို့တော့လိုပါတယ်။ သူတို့ကတော့ အရိပ်အောက်မှာ အေးအေးလူလူ ငါတို့ကတော့ သူတို့လုံခြုံရေးအတွက် နေပူစပ်ခါး မှာ ငုတ်တုတ်မေ့လို့ ဆိုပြီး မကျေမနပ်ဖြစ်လို့မရ။ အဲဒီလိုပဲ၊ သူတို့အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးအတွက် ငါတို့ ကာကွယ်စောင့်ရှောက်နေရတာ၊ သူတို့  အခုလို အေးအေးလူလူ နေနိင်တာ ငါတို့ကြောင့်ပဲ ဆိုပြီး အသားလွတ် ဂုဏ်ယူဝံ့ကြွား အမှတ်ယူနေလို့လည်း မရ။ မတူညီတဲ့ အလုပ်သဘာဝကို အသိအမှတ်ပြုဖို့ လိုပါတယ်။ လေအေးပေးစက်အောက်မှာ ထိုင်နေရပင်မယ့် စိတ်ဖိစီးမှုတွေနဲ့ ဇောချွေးပြန်နေရတာလည်း ရှိတယ် မဟုပ်လား။
လုံခြုံရေးသမားတစ်ယောက်ရဲ့ မာနကတော့ သူရှိနေလို့ လုံခြုံတာလို့ အမြဲ ထင်တတ်ကြတာပဲ။ သူတို့ သဘာဝကိုက မမြင်ရတဲ့ အန္တရယ်တွေကို အမြဲတွေးပူနေတတ်တယ်။ လုံခြုံရေးသာ ပဓာန၊ အဓိက ဦးစားပေး လို့ ယူဆတတ်တယ်။ ဒါလည်း အမှန်ပါပဲ။ ဒါပေမယ့် သည့်အတွက်တော့ လုံခြုံရေးသမားက ရုံးအကြီး အကဲ လုပ်လို့တော့ မရ။ လုံခြုံရေးသမား ပြောသမျှ တစ်ဝင်းလုံး လိုက်နာကြ တော့ လုပ်လို့ မရ။ လုံခြုံမှု ဆိုတာ မရှိမဖြစ်တဲ့ အခြေခံလိုအပ်ချက်ပေမယ့် သူ့ချည်းပဲတော့လည်း မပြီး။
သည်နေရာမှာ လုံခြုံမှုနဲ့ လွပ်လပ်မှုဟာ အင်မတန် သိမ်မွေ့တဲ့ အတွဲအစပ်တစ်ခု အနေနဲ့ ရှိနေခဲ့ပါတယ်။ လူ့အဖွဲ့အစည်း တစ်ခုဟာ လုံခြုံမှု ရှိနေမှသာ လွပ်လွပ်လပ်လပ် နေထိုင်လှုပ်ရှားနိင်ပါလိမ့်မယ်။ ဒါပေမယ့်လည်း လွပ်လပ်မှုကို ထိန်းချုပ်ဖို့အတွက်ရာလည်း လုံခြုံရေးဟာ အကြောင်းပြချက်ကောင်း တစ်ခုလို ဖြစ်နေတတ်ပြန်ပါသေးတယ်။ သည့်အတွက် လုံခြုံရေးဟာ လွပ်လပ်မှုနဲ့ ဝိရောဓိ အသွင်ဆောင်နေသလား မိတ်ဖက်အသွင်ဆောင်နေသလား ဆိုတာ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေရဲ့ စိတ်စေတနာက သာ အဖြေ ပေးနိင်ပါ လိမ့်မယ်။
သည်နေရာမှာ လုံခြုံရေးဆိုတာကို အဓိပါယ် အသေအချာ ဖွင့်ဆို ကြဖို့တော့လိုပါတယ်။ လုံခြုံရေးဆိုတာ ကျရောက်လာနိင်တဲ့ ဘေးအန္တရယ်များကို ကာကွယ်စောင့်ရှောက် ပေးတာလို့ပဲ နားလည်ထားပါတယ်။ အဲဒီ လိုမဟုပ်ပဲ ကိုယ်စောင့်ရှောက်မှုပေးနေတဲ့ သူတွေကို၊ ကိုယ့် နယ်နိမိတ်အတွင်းက လူတွေကို လုံခြုံရေးအကြောင်းပြပြီး ပြန်လည်စောင့်ကြည့် ချုပ်ချယ်မှုတွေ လုပ်လာခဲ့မယ်၊ ဒုက္ခပေးလာခဲ့မယ် ဆိုယင်တော့ ဒါဟာ ကိုယ့်အလုပ်ကိုယ် သစ္စာဖောက်တဲ့ professional misconduct လို့ပဲ သတ်မှတ်ရပါ မယ်။ လုံခြုံရေးဝန်ထမ်းဟာ လုံခြုံရေးကို သာ အာရုံစိုက်ဖို့လိုပါတယ်။ ဒါဆိုယင် သူ့ရဲ့ အသက်မွေးဝမ်းကျောင်း profession ကို လူတိုင်း မလေးစားပဲ မနေပါဘူး။ အဲဒီလို လုံခြုံရေးသမားဟာ လုံခြုံရေးသက်သက်မလုပ်ပဲ ကိုယ့်အလုပ်မဟုပ်တာတွေ အကုန်လုပ်လာခဲ့ယင်တော့ ဘယ်အဖွဲ့အစည်း မဆို ပျက်စီးခြင်း ဆီ ပဲ ဆိုက်ဖို့ရှိပါတယ်။ လူတွေ ရဲ့ လေးစားမှုလည်း ဘယ်တော့မှ ခံရဖို့ မရှိပါဘူး။
အခုတော့ ဗမာပြည်မှာ လုံခြုံရေး ဝန်ဆောင်မှုဆိုပြီး ကုမ်ပဏီတွေတောင် ရှိနေခဲ့ပါပြီ။ လုံခြုံရေးကို professional ဆန်ဆန် လုပ်ကိုင်ဖွဲ့စည်းထားတဲ့ အဲဒီအဖွဲ့တွေ အနေနဲ့ သည်အလုပ်ကို တစ်ခြား ဝန်ဆောင်မှုတစ်ခုလိုပဲ အခကြေးငွေ ယူပြီး လုပ်ကိုင်ဆောင်ရွက်နေကြပါပြီ။ သည့်အတွက် သူတို့ ကို ခေါ်ယူ ငှားရမ်းကြတဲ့ ဘယ် customer မှ ငါတို့အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ် ပေးနေတဲ့ ကျေးဇူးရှင်ကြီးတွေ လို့ မသတ်မှတ်သလို၊ သူတို့အနေနဲ့လည်း ငါ့ကြောင့် သူတို့တွေ အေးအေး ဆေးဆေး နေနိင်တာဆိုပြီး မာန်တက်မနေကြပါ။ လုံခြုံရေး အလုပ်ဆိုတာ တစ်ခြား အလုပ်တွေလိုပဲ အသက်မွေးဝမ်းကျောင်း professional တစ်ခုပါပဲ။ တစ်ခြားအလုပ်တွေထက် မနိမ့်ကျသလို၊ တစ်ခြား အလုပ်တွေထက် ထူးကဲ သာလွန်နေတဲ့ ကိုယ်ကျိုးစွန့် အနစ်နာခံရတဲ့ အလုပ်မျိုးလည်းမဟုပ်ဆိုတာ နိင်ငံတကာမှာတော့ လက်ခံထားကြပါပြီ။  
ဒီတော့ လုံခြုံရေးသမား တစ်ယောက်ရဲ့ ပုံရိပ်ဟာ ဘယ်လိုများ ဖြစ်မလဲ ဆိုတာတော့ သူကိုယ်တိုင်ရဲ့ ခံယူကျင့် သုံးပုံနဲ့ပဲ ဆိုင်ပါလိမ့်မယ်။ သူဟာ လေးစား အားကိုးစရာ ကောင်းတဲ့လူလား၊ အမြင်ကတ်စရာ ဟိတ်ဟန် ပြနေ တဲ့လူလားဆိုတာတော့ သူ့ အပြုအမူပေါ်မှာပဲ မူတည်ပါတော့မယ်။
သည်နေရာမှာ အထိန်းသိမ်းခံရတဲ့ ထိပ်တန်းအရာရှိကြီးတစ်ယောက်ရဲ့ မြေးဖြစ်သူ ရဲ့ အမြင်ပြောင်းလဲမှုနဲ့ပဲ နိဂုံးချုပ်ချင်ပါတယ်။ သူ့အဖိုး လျှမ်းလျှမ်းတောက် နေချိန်မှာ သူတို့အနားမှာ နေနေညည လုံခြုံရေးပေးနေတဲ့ သက်တော်စောင့် အပါးတော်မြဲ ရဲဘော်တွေဟာ သူ့အတွက် တကယ့် ကို ခင်မင်စရာ အားကိုးစရာ ဦးလေး တွေ ဘကြီးတွေပမာ သူ့ရဲ့ ကလေးဘဝမှတ်ဥဏ်မှာ အမြဲ စွဲမှတ်ထားခဲ့တာပါ။ ဒါပေမယ့်လည်း သူ့အဖိုး အထိန်းသိမ်းခံရချိန်မှာတော့ ဘာလုပ်လုပ် စောင့်ကြပ်ကြည့်ရှုခံနေရတဲ့၊ ခွင့်တောင်းနေရတဲ့ ဘဝမှာ အဲဒီ ယူနီဖောင်း ကိုပဲ ဝတ်ဆင်ထားခဲ့တဲ့ ရဲဘော်တွေဟာ သူ့မျက်စိထဲမှာ ကြောက်ရွံ့စရာ၊ ရွုံ့မုန်းစရာ ပုဂ္ဂိုလ်များအဖြစ် နေ့ချင်း ညချင်း ပြောင်းသွားခဲ့ပါတော့တယ် တဲ့။
ကျွန်တော်တို့အနေနဲ့ ဘယ်လုံခြုံရေးဝန်ထမ်းကို မဆို လေးစားချစ်ခင် ချင်ကြပါတယ်။

ဒီနိုဗို





Thursday, July 3, 2014

အမှောင်များနဲ့လင်းပခြင်း


            အမှောင်၊
            မည်းသည်နက်သည်ဟူပင်မခွဲခြားနိုင်တော့သည့်အမှောင်၊
            တစ်ခန်းလုံးမှောင်နေခဲ့သည်။
            အသံတွေအားလုံးမှောင်နေခဲ့သည်။
            အချိန်တွေအားလုံးမှောင်နေခဲ့သည်။
            ထိုပြင်းထန်လွန်းသည့်အမှောင်တွေထဲတွင်သူတို့နှစ်ယောက်၏ဘဝတွေလည်းအလင်းမဲ့နေခဲ့သည်။အသက်မဲ့နေခဲ့သည်။
လှုပ်ရှားမှုဆိုရိုးတိုးရိတ်တိတ်စိတ်ကူးထည်များသာရှိခဲ့ပါသည်။
သူတို့နှစ်ယောက်သည်အခန်းထဲသို့မည်သည့်အချိန်ကစတင်ရောက်ရှိခဲ့မှန်းမသိတော့ပါ။မည်သည့်နေရာမှရောက်လာခဲ့မှန်းလည်းမသိခဲ့ပါ။မည်သည့်အတွက်ရောက်ရှိနေခဲ့မှန်းလည်းမသိခဲ့ပါ။ယခုရောက်ရှိနေသောအခန်းကိုလည်းမည်သည့်နေရာမှန်းမသိခဲ့ပါ။အမှောင်ထဲတွင်ပုံသာန်ပျောက်ဆုံးနေသောသူတို့နှစ်ဦးအဖို့ကွဲပြားချက်ဟူမတူညီသောစိတ်ကူးများသာ။
သူတို့နှစ်ယောက်အနက်တစ်ယောက်ကစိတ်ကူးကိုထွင်းဖေါက်နေခဲ့သည်။တစ်ယောက်ကစိတ်ကူးကိုစောင့်ကြည့်နေခဲ့သည်။တစ်ယောက်ကမျက်လုံးအစုံကိုမှိတ်ထားပါသည်။တစ်ယောက်ကရှေ့တူရှုကိုပြူးပြူးကြီးစိုက်ကြည့်နေပါသည်။အမှောင်ထုသည်
သိပ်သည်းကျစ်လျစ်နေဆဲ၊
အခန်းငယ်သည်အေးစက်နေသောအနက်ရောင်ကျောက်ကျောတုံးတစ်တုံးအသွင်ဆောင်နေခဲ့ပါသည်။
သူတို့နှစ်ဦးသည်အချိန်ကာလတစ်ခုထဲတွင်အတူတကွဖြစ်တည်နေခဲ့ကြသည်လား၊အချိန်ကာလသည်သူတို့၏စိတ်ထဲတွင်သာတည်ရှိသောအရာပေလော၊တကယ်တော့အချိန်ကာလသည်သူတို့၏အပြင်ရောအတွင်းတွင်ပါမရှိခဲ့။ဘာမျှပြတ်ပြတ်သားသားမမြင်ရ
သောအခြေအနေတစ်ရပ်တွင်စိတ်ကူးများသာသေချာနေခဲ့တော့သည်။စိတ်ကူးများသည်သာဖြစ်တည်မှုအစစ်အမှန်ဖြစ်နေခဲ့သည်။
စိတ်ကူးများကိုထွင်းဖောက်ခြင်း
            ကျုပ်စိတ်ထဲမှာအလင်းသဲ့သဲ့လေးဝင်နေခဲ့တယ်။ကျုပ်အလင်းရောင်ကိုမမြင်ဖူးပါဘူး။ဒါပေမယ့်ဟောဒီအမှောင်တွေနဲ့ဆန့်ကျင်ဘက်တည့်တည့်ဟာအလင်းဆိုတာတော့ကျုပ်သိထားတယ်။အဲဒီအသိကိုခိုင်မာနေဖို့ကျုပ်စိတ်ထဲမှာမမြင်ဖူးသေးတဲ့အလင်းကိုအမြဲထွန်းညှိထားတယ်။ကျုပ်ဟာအမှောင်နက်နက်ထဲနစ်မြုပ်နေခဲ့ပေမယ့်ကျုပ်ကိုယ်တိုင်ကတော့ဘယ်တော့မှအမှောင်မဖြစ်စေရဘူး။အဲဒါကျုပ်ခံယူချက်ပဲအကြောင်းရင်းကိုပြောရယင်တော့ကျွန်တော်ဟာအမှောင်ကိုသိပ်မုန်းတဲ့သူဖြစ်နေလို့ပဲ၊ကြည့်လေ၊အလင်းဆိုတာတည်ရှိဖို့တစ်စုံတစ်ရာအားထုတ်မှု၊ရင်းနှီးမှု၊လောင်မြိုက်မှု၊လိုအပ်ပေမယ့်မှောင်နေဖို့အတွက်ကတော့ဘာဆိုဘာမှမလိုအပ်ပါဘူး။ရေသာခို
အချောင်လိုက်မှုတွေ၊မိုက်မဲညံ့ဖျင်းမှုတွေဟာအမှောင်ထုအောက်မှာခိုလှုံစရာကောင်းကောင်းရနေကြတယ်လို့ကျွန်တော်မြင်တယ်။
ဒီမကောင်းမှုမှန်သမျှကိုကာကွယ်ပေးနေတဲ့အမှောင်ထုထဲကိုထွန်းပြဖို့အလင်းရောင်ကောင်းကောင်းလိုတယ်လို့ကျုပ်ယုံကြည်တယ်။ဒီယုံကြည်ချက်ကိုအကောင်အထည်ဖေါ်ဖို့ကျုပ်ကိုယ်ကျုပ်မီးစာလုပ်ဖို့လဲဝန်မလေးဘူး။လောင်ကျွမ်းပစ်ဖို့လည်းဝန်မလေးဘူး။ခက်တာကအလင်းရောင်ဟာဘယ်အရပ်မှာရှိမှန်းကိုမသိခဲ့တာပါပဲ။အလင်းရောင်ဟာဘုရားသခင်ရဲ့ကောင်းကင်ဘုံမှာရှိတာလား၊
မီးခတ်ကျောက်တုံးတစ်တုံးပေါ်မှာရှိခဲ့တာလား၊ကျုပ်ဒွိဟဖြစ်နေခဲ့တယ်။
စိတ်ကူးများကိုစောင့်ကြည့်ခြင်း
တကယ်တော့ကျွန်တော်ဒီအခန်းထဲရောက်နေခဲ့တာအတော်ကြာခဲ့ပါပြီ။ဒါပေမယ့်ပြောင်းလဲမှုဆိုလို့မတွေ့သေးဘူး။ဒါကြောင့်အခုမှရောက်လာတယ်ဆိုလည်းမမှားပါဘူး။ကျွန်တော့်မျက်စိထဲမှာတော့ဘာဆိုဘာမှကိုမမြင်ရတာပါ။တခါတခါတော့ကိုယ့်ကိုယ်ကိုတောင်ရှိသေးရဲ့လားလို့သံသယဝင်မိပါတယ်။ဒါပေမယ့်ကျွန်တော့်အတွေးတွေရှိနေသေးတာတော့သေချာတယ်။ဒါကြောင့်ကျွန်တော်ရှိနေသေးတယ်လို့ကိုယ့်ကိုယ်ကိုအားတင်းထားရပါတယ်။
အမှောင်ထုဟာကျွန်တော့်ရှေ့မှာအနက်ရောင်ပိတ်ကားတစ်ချပ်လိုကာဆီးနေပါတယ်။ပိတ်ကားပေါ်မှာဘာဆိုဘာမှမရှိအောင်ရှင်းနေပါတယ်။ဒါပေမယ့်ကျွန်တော်ကတော့မပျင်းမရိစိုက်ကြည့်နေခဲ့တယ်။မျက်လုံးရဲ့တာဝန်ဟာကြည့်ဖို့ပဲလို့ကျွန်တော်ယူဆတယ်။
ရှေ့ကပိတ်ကားဟာအမှောင်ဖြစ်ချင်ဖြစ်မယ်၊အလင်းဖြစ်ချင်ဖြစ်မယ်။ကျွန်တော်ကတော့မျက်တောင်မခတ်ကြည့်နေရမှာပဲ၊
ကောင်းသည်ဖြစ်စေ၊ဆိုးသည်ဖြစ်စေကျွန်တော့်အလုပ်ကကြည့်နေဖို့ပဲ။
ကြည့်ရင်းကြည့်ရင်းနဲ့ကျွန်တော့်စိတ်ကူးထဲကပုံရိပ်တွေဟာပိတ်ကားနက်နက်ပေါ်မှာရောင်ပြန်ထင်ဟပ်နေတာကိုကျွန်တော်တအံ့တသြတွေ့ရပါတယ်။ကျွန်တော်လည်းကြည့်ကောင်းကောင်းနဲ့ဆက်ကြည့်နေခဲ့ပါတယ်။
စိတ်ကူးများ၏တွေ့ဆုံပွဲ
အသံများအေးခဲနေခဲ့သည်။သူတို့နှစ်ယောက်သည်တခန်းထဲအတူနေပြီးအမှောင်ထုထဲမှာကိုယ့်စိတ်ကူးနဲ့ကိုယ်ရွက်လွှင့်နေကြပါသည်။သူတို့နှစ်ယောက်သည်တစ်ယောက်ကိုတစ်ယောက်ရှိမှန်းပင်သိကြပုံမပေါ်၊ကိုယ့်မီးနဲ့ကိုယ်လင်းနေခဲ့ပါသည်။အချိန်ဆိုတာက
လည်းလိုနေရာမျိုးတွင်မရှိပေရာမြင်ကွင်းသည်ရပ်တန့်နေတဲ့ပန်းချီကားတစ်ချပ်လိုဖြစ်နေခဲ့ပါသည်။
            သို့သော်သူတို့နှစ်ယောက်သည်စိတ်ကူးထဲမှာတော့တခါတရံဆုံတွေ့မိတတ်ကြပါသည်။
            တစ်ယောက်ကပြောသည်။
            “မိတ်ဆွေ၊အလင်းရောင်ကိုသဲ့သဲ့လေးတောင်မတွေ့မိဘူးလား”
            နောက်တစ်ယောက်က
            “ပုံရိပ်တွေတော့အများကြီးတွေ့တယ်၊ဘာတွေမှန်းတော့ကျွန်တော်လည်းမသိဘူး”
            “အဲဒီပုံရိပ်တွေထဲမှာဘုရားသခင်ပါရဲ့လား”
            “ကြွေအံကစားတဲ့သူတစ်ယောက်မှမတွေ့ဘူးဗျို့”
            “ဒါဆိုဘုရားသခင်အိပ်မောကျနေတာဖြစ်လိမ့်မယ်၊တစ်ချက်လောက်နှိုးပေးစမ်းပါ၊အလင်းရောင်ဆိုတာကြည့်ချင်လို့”
            “နှိုးလို့မရဘူးဗျ၊ဘုရားသခင်ထာဝရအိပ်စက်အနားယူသွားပြီထင်တယ်”
            “ဒါဆိုယင်ကျွန်တော်တို့ရဲ့ကောင်းကင်ဘုံဟာမြေပြင်နဲ့အဆက်အသွယ်ပြတ်တောက်သွားပြီပေါ့”
            “ခင်ဗျားကိုယ်တိုင်ဂြိုလ်တုတစ်လုံးနဲ့တက်ကြည့်ပေါ့ဗျာ”
            “နေပါစေဗျာ၊ကျွန်တော်မီးခတ်ကျောက်ပဲရှာတော့မယ်”
သို့ဖြင့်မရှိသောအချိန်ကာလတစ်ခုတွင်မရှိသောအလင်းတို့ဆက်လက်ပျောက်ဆုံးနေခဲ့သည်။သူတို့နှစ်ဦးသည်စိတ်ကူးထဲတွင်ကိုယ်စီထိုင်နေကြပြီးတစ်ဦးကအပြောင်းအလဲကိုမျှော်လင့်လို့၊တစ်ဦးကပစ္စုပ္ပါန်ကိုစောင့်ကြည့်ခံစားလို့နှစ်ဦးစလုံးမပြောင်းမလဲရှိနေခဲ့သည်။
သို့သော်အပြောင်းအလဲဆိုသည်မှာမပြောင်းမလဲပေါ်လာမြဲပင်။ဆန္ဒရှိသည်ဖြစ်စေ၊မရှိသည်ဖြစ်စေ၊လောကသည်အပြောင်းအလဲများကြောင့်ရွေ့လျားနေခဲ့သည်။အပြောင်းအလဲများကြောင့်အသက်ဝင်နေခဲ့သည်။ယခုလည်းကြည့်။
            အလင်းသည်ဗုံးတစ်လုံးလိုပေါက်ကွဲလို့၊အခန်းလေးထဲတွင်ရုတ်တရက်ကြီးလင်းထွက်သွားခဲ့သည်။အမှောင်တွေအားလုံး
လွင့်စင်ကုန်ကြပေါ့၊စိတ်ကူးတွေလည်းဘယ်အရပ်ဆီရောက်ကုန်ပြီမသိ၊သူတို့နှစ်ယောက်စလုံးအလင်းထိန်ထိန်အောက်တွင်စုန်းစုန်းမြုပ်အောင်ကန်းနေကြပါသည်။
            တစ်ယောက်ကသွေးရူးသွေးတမ်းဖြင့်
            “ဘုရားသခင်ရှင်ပြန်ထမြောက်ပြီ”ဟုအော်ဟစ်ဆဲ
အခြားတစ်ယောက်ကတော့အေးအေးသက်သာပင်
“သြော်၊နောက်တကားတောင်ပြောင်းသွားပြီပဲကိုး၊ဒီကားကတော့အလင်းများတဲ့ကားတစ်ကားပါပဲ”
သို့ဖြင့်သူတို့နှစ်ဦးသည်သဲသဲမဲမဲရွာသွန်းဖြိုးနေသောအလင်းမိုးများအောက်ကိုယ်လက်သန့်စင်ပြီးမိမိတို့၏ပကတိရုပ်သွင်ကိုစိတ်လှုပ်ရှားစွာစောင့်ကြည့်နေခဲ့ကြသည်။
တပြိုင်နက်တည်းလိုပင်တချက်ချက်နှင့်နာရီသံများသည်အခန်းလေးထဲသို့တစ်လှမ်းချင်းလျှောက်လှမ်းလာနေခဲ့ပါသည်။
ဒီနိုဗို
June,2001

            စုံနံသာ မဂ္ဂဇင်း အတွဲ(၁) အမှတ် ၆၊ ဇွန် ၂၀၁၄

Sunday, November 10, 2013

အမည်




          နာမည်ကို အတိုကောက်ရေးတာ ကပ်ဖကာက စလိုက်တာများလား၊ ကပ်ဖကာဟာ သူ့ဝတ္ထုထဲက ဇါတ်ကောင် တွေကို ကေလို့ လွယ်လွယ်ကူကူ ပေါ့ပေါ့ပါးပါး ပေးတတ်တယ်မဟုတ်လား၊ ကေ(k)ဟာ မျိုးရိုးနာမည်မရှိတဲ့ လူ တစ်ယောက်၊ ဘယ်အချိန်ဘယ်နေရာမှာ ဘယ်သူဘယ်ဝါတွေကနေ မွေးဖွားဆင်းသက်လာသလဲဆိုတာ မသိတဲ့လူ တစ်ယောက်၊ ကေဟာ မနက်ခင်းတစ်ခုမှာ မွေးဖွားလာခဲ့တယ်၊ အဲဒီမနက်ပဲ သူဟာ သူမသိတဲ့အမှုကို စတင်ရင်ဆိုင် ရတယ်၊ လူဟာ မွေးဖွားလာတာနဲ့ အမှုအခင်းတစ်ခုနဲ့ မလွဲမရှောင်သာ ကြုံရတဲ့သဘောလား၊ ဘာအဓိပ္ပါယ်မှ မယ်မယ်ရရ မရှိတဲ့ အက္ခရာတစ်လုံးဟာ လူတစ်ယောက်ရဲ့နာမည်ဖြစ်သွားတဲ့အခါ အမှုတွဲတစ်ခုမှာ ခေါင်းစည်းစာလုံးဖြစ်သွားခဲ့ရှာ တယ်၊ လူရယ် နာမည်ရယ် အမှုရယ်ဟာ တစ်ခုမရှိယင် တစ်ခုမရပ်တည်နိုင်တဲ့ အရာတွေများလား၊ ဒါမှမဟုတ် လူနဲ့ နာမည်နဲ့ အမှုဟာ တစ်ခုတည်းသော အရာရဲ့အသွင်ကွဲတွေပဲလား၊
          ရုံးရောက်တာနဲ့ ကိုမောင်မောင်ရဲ့အလုပ်က နာမည်တွေကို ကြည့်ရှုစစ်ဆေးရတာပဲ၊ သူ့အလုပ်က မှတ်ပုံတင် အရာရှိဆိုတော့ မှတ်ပုံတင်လာလုပ်တဲ့လူတွေရဲ့ နာမည်တွေ၊ မျိုးရိုးတွေ၊ မိသားစုဖွဲ့စည်းပုံတွေ၊ သူတို့ရဲ့ဇာတိတွေ၊ အမှန်တကယ် မွေးဖွားဖြစ်တည်ခဲ့တဲ့လူတွေဖြစ်ကြောင်း အထောက်အထားတွေ စတဲ့စတဲ့စာရွက်ပေါ်က လူတွေနဲ့အမြဲ ထိတွေ့ဆက်ဆံနေရတဲ့အလုပ်၊ စာရွက်ပေါ်က လူတွေက အနီးအနားမှာရှိတဲ့သူတွေရော၊ ဟိုးအဝေးရောက်နေကြသူ တွေရော၊ အခုလက်ရှိ ဒီလောကမှာ ရှိနေသေးတဲ့သူတွေရော၊ သေလွန်သွားခဲ့ကြသူတွေရော စုံလို့၊ ဒါပေမယ့် သူတို့ အားလုံးက စာရွက်ပေါ်မှာတော့ အားလုံးအတူတူပဲ နာမည်တွေပဲ၊ တစ်ချို့နာမည်တွေက ခဏခဏမြင်နေရတော့ မျက်စိ ထဲမှာ ရင်းနှီးနေတယ်၊ စိတ်ထဲမှာ အကျွမ်းတဝင်ခံစားရတယ်၊ တကယ်တော့ အဲဒီနာမည်ပိုင်ရှင်ကို ဖြူသလား မဲသလား တောင် သူ သိတာမဟုတ်၊ အဲဒီလိုပဲ အပြင်မှာ ကိုယ်နဲ့ကောင်းကောင်းသိနေတဲ့လူတွေကို တခါတရံနာမည် မေ့မေ့နေ တတ်တယ်၊ လူချင်းကောင်းကောင်းရင်းနှီးသွားတော့လည်း တစ်ယောက်ကိုတစ်ယောက်က နာမည်ခေါ်ခေါ်ပြီး စကား ပြောမနေကြတော့ဘူးလေ၊ အလွန်ဆုံးတစ်ယောက်ကိုတစ်ယောက် အဖျားဆွတ်နာမည်တွေ၊ နာမည်ပြောင်တွေလောက် နဲ့ပဲ ဆက်ဆံနေကြတော့ တခါတရံ နာမည်ရင်းကိုတောင် မနည်းစဉ်းစားယူရတယ်။
          ဒီနေ့မနက် ရုံးရောက်လာတော့လည်း ထုံးစံအတိုင်း ပိရိတ်သက်က စည်ကားနေတာပဲ၊ ရုံးအကူ ကောင်လေးက “ဆရာ ဘာသောက်မလဲ״ ဆိုတော့ “ထုံးစံအတိုင်း ပေါ့ဆိမ့်ပေါ့လို့״ ပြောလိုက်တယ်၊ ပြောပြီးမှ သတိရမိတယ်၊ သူ ဘယ်ဆိုင်ကသွားဝယ်မလဲ မသိ၊ ရုံးအောက်က လမ်းကြားလေးမှာ ကပ်ရောင်းနေတဲ့ဆိုင်က ဆိုရင်တော့ သူ့ပေါ့ဆိမ့်က သူများတကာ ချိုပြစ်လောက်ရှိမည်။ ဒါမှမဟုတ် လမ်းထိပ်က စားဖွယ်ရာအစုံရတဲ့ ဆိုင်ကြီးမှာ သွားဝယ်ရင်တော့ သူ့ ပေါ့ဆိမ့်က သူ့လျှာနှင့်ဆို ပေါ့ကျလောက်ဖြစ်မည်။ သူ့အကြိုက် ပေါ့ဆိမ့်က သူတို့ရပ်ကွက်ထဲက ညတိုင်းသောက်နေကျ ဆိုင်က ပေါ့ဆိမ့်မျိုး၊ မတတ်နိုင် သူ့နှုတ်က လက်ဖက်ရည်ဆိုယင် ပေါ့ဆိမ့်ပဲ မှာနေကျနေခဲ့ပြီ၊ နာမည်တွေဟာ ကိန်းဂဏန်းတွေလိုပဲ နေရာလိုက်တန်ဖိုးတွေ ကိုယ်စီရှိမှန်း ကိုမောင်မောင် သိရက်နှင့် အသေမှတ်နေမိသည်။
          စောစောက ပြောခဲ့သည့် ကေလို လူမျိုးဆိုလျှင်တော့ ဒီတသက်မှတ်ပုံတင် ရဖို့မမြင်၊ မျိုးရိုးမသိ၊ ဇစ်မြစ်မသိ၊ မွေးဖွားခဲ့သည့် အထောက်အထားမရှိ၊ လူဆိုတာ နှလုံးခုန်နေသေးတဲ့အတွက် စကား(ဗမာစကားတော့မဟုတ်) ပြောနေ သေးတဲ့အတွက်တော့ လူဖြစ်နေသလို ထင်ရသည်။ တကယ်တော့သူ့ရဲ့ လူ့အဖြစ်က အထောက်အထားမရှိတဲ့လူ၊ ကွန်မြူနစ်တိုင်းပြည်တွေမှာဆို ဘာခွဲတမ်းမှရစရာမရှိတဲ့သူ၊ မှတ်ပုံတင်အရာရှိတစ်ယောက်အနေနှင့် သူ ကေကို သနား နေမိသည်။ သူဟာ မနက်ခင်းတစ်ခုမှာ မွေးဖွားလာသတဲ့လား၊ ဒီလို ပြောယုံနှင့်တော့လူတစ်ယောက်ဖြစ်ကြောင်း သက်သေမပြနိုင်၊ နောက်ဆုံးသူ့နာမည် ကေ ဆိုတာတောင် သူ့စာရေးဆရာက ရွေးချယ်ပေးလိုက်တဲ့နာမည် မဟုတ်လား၊ စာရေးဆရာက သူ့နာမည်အတိုကောက်ကို ဇါတ်ကောင်ကို လူလည်လုပ်ပြီး ပေးထားတဲ့နာမည်မဟုတ်လား၊ သူ့ ဇါတ်ကောင်ရဲ့နာမည်ကို သိပ်ရေးကြီးခွင်ကျယ်လုပ် မစဉ်းစားချင်တာနဲ့ပြီးစလွယ် ပေးလိုက်တဲ့နာမည်မဟုတ်လား၊ သူ့ကို ရေးတဲ့ စာရေးဆရာဟာ Kafka မဟုတ်ပဲ De Novo သာဆို သူ့နာမည်ဟာ ဒီ(D)ဖြစ်နေလောက်ပြီပေါ့။
          ကိုမောင်မောင့်မှာ တစ်မနက်လုံး နာမည်တွေအတော်များများ ဖတှ်ုနေတာနဲ့အတော် နှုံးချိနေခဲ့တယ်၊ စာရေး ကြီးဦးချစ်ခင်က “ဆရာ ထမင်းစားထွက်ရအောင်လေ״ ဆိုမှ နာရီလှမ်းကြည့်မိတယ်၊ ဟုတ်သားပဲ ဆယ့်နှစ်နာရီတောင် ကျော်မှပဲ၊ သူလည်း လုပ်လက်စ ဖိုင်တွဲလေးကို အသာပိတ်လိုက်ပြီး ထမင်းချိုင့်ဆွဲကာ ထွက်လာလိုက်တယ်၊
          လမ်းထိပ်က လက်ဖက်ရည်ဆိုင်ကြီးမှာတော့ ရုံးကအဖွဲ့တွေ အတော်တောင်စည်ကားနေခဲ့ပြီ၊ ဆိုင်နာမည်က IT တဲ့၊ ဒါဟာ အတိုကောက်စာလုံးပဲလား၊ Information Technology ကို အတိုကောက်ရေးထားတာလား၊ ဒါမှမဟုတ် အင်္ဂလိပ်စာလုံး it ဗမာလို လို့ အဓိပ္ပါယ်ရတဲ့စာလုံးကို ပြောချင်တာလား၊ ဒါမှမဟုတ် ဆိုင်ရှင်ရဲ့နာမည်အတိုကောက် လား၊ သူ့မှာ အတော်စိတ်ဝင်စားနေမိတယ်။
          “ဆရာ မစားသေးဘူးလား ဘာတွေ တွေးနေတာလဲ״ ဆိုမှ သူ့မှာ ထမင်းဘူးဖွင့်ဖို့သတိရတယ်၊ ဦးချစ်ခင်ကတော့ ချိုင့်တစ်ဝက်တောင်ကျိုးပြီ၊ မနက်က မိန်းမထည့်ပေးလိုက်တဲ့ချိုင့်ကို ဖွင့်ကြည့်လိုက်တော့ ထုံးစံအတိုင်း ရွှေခေါင်းပြောင်၊ ဘာပဲဖြစ်ဖြစ် တွယ်မယ်လုပ်တော့ မနက်က မိန်းမပြောတာကို ခေါင်းထဲရောက်လာခဲ့တယ်၊ ကြက်ဥတွေတောင်အတု ထွက်နေပြီတဲ့ဆိုတော့ သူ့မှာပါးစပ်ထဲထည့်မယ့် ထမင်းလုပ်တောင်မှ လေထဲမှာတန့်သွားတယ်၊ နောက်မှ နေရာတကာ အထောက်အထားတောင်းနေရင်တော့ ထမင်းတောင်စားရမှာ မဟုတ်ပါဘူးဆိုပြီး ဇွတ်မှိတ်မြိုချလိုက်တော့တယ်။
          ရာသီဥတုက မိုးတွင်းဘက်ဆိုတော့ ပူအိုက်စွတ်စိုပြီး အုံအိုက်ကြီးဖြစ်နေခဲ့တယ်၊ ထွက်ပြီးသားချွေးတွေက တော် တော်နဲ့ မခြောက်သွား၊ သူ့ ခနာကိုယ်နဲ့ ရာသီဥတုရဲ့ ပိပက္ခကြား သူ့မှာ မအီမသာနဲ့ စိတ်ကဘယ်လိုမှ ရွှင်လန်းလို့မရ၊ စိတ်ကို ခနာကိုယ်ကနေဝေးရာ ခဏလွှတ်ထားလိုက်သည်၊ နေ့ခင်းဘက်နွားတွေကို စားကျက်ထဲလွတ်လွတ်လပ်လပ် လွှတ်ထားသလိုမျိုး၊ ဦးချစ်ခင်ပြောနေတာတွေကို ကြားတစ်ချက်မကြားတစ်ချက်၊ သူ့စိတ်ထဲမှာ ဦးချစ်ခင်ရဲ့ နာမည် အတိုကောက်ကို အင်္ဂလိပ်လိုရေးရင် CK ဆိုပြီး ဖြစ်မလား၊ ဒါဆို နိုင်ငံခြားက နာမည်ကြီးဖက်ရှင်ဒီဇိုင်နာ Calvin Klein နဲ့ တူနေတော့မှာပေါ့၊ ဦးချစ်ခင်ရဲ့ဒီဇိုင်းကတော့ ဘယ်ဒီဇိုင်နာနဲ့မှ ပြောင်းလဲလို့ရမည်မဟုတ်၊ နေစားထားသဖြင့် ဖျော့နွမ်း နေသောရှပ်အကျလက်ရှည်နှစ်ထည် သုံးထည်နှင့် မဲပုတ်ပုတ်ချည်ကြမ်းလုံချည် သုံးထည်လောက်ကို ထည်လဲဝတ် နေသော သူ့ပုံစံက Calvin Klein ကို နာမည်ပျက်အောင်လုပ်နေသလိုပင်၊ နာမည်တွေဟာ အတိုကောက်ဖြစ်သွားတဲ့အခါ အတော်လေး abstract ဖြစ်လာသလိုပဲ၊ Calvin Klein နဲ့ ဦးချစ်ခင်ဟာ ရုပ်ကောနာမ်ရော ဘာမှမဆိုင်ပေမယ့် အတိုကောက်စာလုံး CK ချင်းတော့ တူနေခဲ့တယ်၊ နုနုအေး ဆိုတဲ့ အရုပ်ဆိုးဆိုး သဘောကောင်းကောင်း အစ်မ တစ်ယောက်နဲ့ နေနွယ်အောင်ဆိုတဲ့ လှတပတသူငယ်ချင်းတစ်ယောက်ဟာ ဘာမှမဆိုင်လှပေမယ့် အတိုကောက် ရေးရင်တော့ နနအ ပဲဖြစ်ဖြစ် ဘိုဆန်ဆန် nna ပဲဖြစ်ဖြစ် အတူပဲမဟုတ်လား၊ အဲဒီတော့ နာမည်တွေဟာ အသံထွက်တွေ စာလုံးပေါင်းတွေဘယ်လိုပဲ ကွဲပြားပေမယ့် အတိုကောက်စာလုံးတွေအဖြစ် ချုံ့လိုက်တဲ့အခါလူ့အဖြစ်ကို ရုပ်နာမ်နဲ့ ချုံ့လိုက်သလိုမျိုး ဘာမှမဟုတ်တဲ့သူလိုကိုယ်လို စာလုံးတွေပဲဖြစ်နေခဲ့တယ်၊ သူ့နာမည် မောင်မောင်ရဲ့ အတိုကောက် မမ ဆို မြန်မာ့မီးရထားလိုလို၊ လမ်းတံတားတွေမှာ မမ ဆိုတဲ့စာလုံးတွေ့တိုင်း သူ့နာမည်အတိုကောက်များလား ယောင်ပြီး ကြည့်မိတယ်၊ စစ်သတင်းတွေမှာ အမြှောက်ရဲ့ပြောင်းဝ အတိုင်းအတာကို မီလီမီတာနဲ့ပြောတော့လည်း မြန်မာလို မမ လို့သုံးပြန်တယ်၊ ဒီတော့သူငယ်ငယ်က ပိုးပန်းရာမှာ မအောင်မြင်ခဲ့တဲ့ သူ့ထက် ငါးနှစ်လောက်ကြီးတဲ့ မမ ကိုတောင် သတိရမိတယ်၊ သူမရဲ့ မျက်နှာဟာ အမြှောက်ပြောင်းဝကြီးလိုပဲ သူ့ဘက်ကို ဂြိုလ်ကြည့်လှည့်ကြည့်ခဲ့ပုံတွေကို ပြန်မြင် ယောင်ပြီး ပြုံးစိစိဖြစ်လာမိတယ်။
          “ဆရာဘာတွေများ သဘောကျလို့ ပြုံးနေတာလဲ״ ဆိုပြီး ဦးချစ်ခင် မေးမှ“ မဟုတ်ပါဘူး၊ ဘာညာနဲ့״ ရောချရတယ်၊ အဘိုးကြီးမှာ သူ့စကားထဲ ဘာများသဘောကျစရာပါသွားလို့လဲလို့ အတွေးရခက်နေပုံနဲ့၊ သူက “ဦးချစ်ခင် ကို ကြည့်ပြီး Calvin Klein ကို သတိရသွားလို့ပါ״ ဆိုတော့ သူ့မှာ ဘယ်က Calvin Klein လဲ စူးစမ်းတဲ့အကြည့်နဲ့ သူကပဲ သူတို့နှစ်ယောက်ရဲ့ အတိုကောက်စာလုံးတွေ တူတာကို သတိရမိပုံကိုပြောပြလိုက်တယ်၊ “ဆရာကလည်း ကြံကြံဖန်ဖန် တဲ့״ ၊ ကျွန်တော့်သမီးလေးဆို ချစ်ခင်ဝင်းလဲ့ ဆိုပြီးပေးထားတယ်၊ တော်ရုံနာမည်နဲ့တော့ မတူနိုင်တော့ဘူးပေါ့။
          ဟုတ်တယ်၊ နာမည်ဆိုတာ မတူအောင် ပေးရတာမဟုတ်လား၊ နာမည်တွေ အားလုံးက ဆင်နေရင် နာမည် ရဲ့အရေးပါမှုဟာ ဘာမှမဟုတ်၊ သတင်းစာထဲမှာ တွေ့တွေ့နေရတဲ့ ဗီယက်နမ် နာမည်တွေကို သွားသတိရမိတယ်၊ ငုယင်ကိုသက်တို့ ငုယင်ဗင်တိုင်းတို့ ငုယင် ဘာဘာညာညာ နဲ့ဆိုတော့ ကဗျာဆရာ ငုအိမ်ထက်မြက် ကိုတောင်မှ သူ့စိတ်ထဲ မြန်မာပြည်ဖွား ဗီယက်နမ်များလား သံသယဖြစ်မိတယ်၊ သူကတော့ မှတ်ပုံတင်အရာရှိဆိုတော့ နာမည်တွေကို စိတ်ဝင်စားမိတယ်။
          ဒီတော့စာရေးဆရာ Kafka ဟာဘာကြောင့်များ သူ့ဇါတ်ကောင်ကို k လို့ပြီးစလွယ်ပေးလိုက်တာလဲမသိ၊ သူများနဲ့ မတူအောင်လား၊ ဒါလည်းဟုတ်တာပဲ သူတို့ဆီမှာ မျိုးရိုးနာမည်တွေ၊ ရှေ့စာလုံးတွေ အလယ်စာလုံးတွေနဲ့ ရှည်ရှည် ဝေးဝေးပေးနေကြတာတွေကို မျက်စိနောက်လို့ဖြစ်မယ်၊ ဒါမှမဟုတ် ဆွေမျိုးတွေ ညာတိတွေနာမည်ထဲပါနေယင် သဘာဝ ကျအောင် အနည်းဆုံး အမျိုးဆက်ပြနေရမှာ အလုပ်ရှုပ်လို့များလား။
          ရုံးပြန်ရောက်တာ့ ဆံပင်ရှည်ရှည် အရပ်ရှည်ရှည် အသားဖြူဖြူနဲ့ ကောင်လေးတစ်ယောက်က သူ့ ၁၂ နှစ် မှတ်ပုံတင်က နာမည်ကို ၁၈ နှစ် မှတ်ပုံတင်လုပ်တော့ ပြောင်းချင်တယ်ဆိုပြီးတော့ လုပ်လာတယ်၊ လူနဲ့နာမည်ဟာအမှုနဲ့ မကင်းဘူးဆိုတာကို သက်သေပြနေသလိုပဲ၊ လူက နာမည်ကို မကြိုက်ဘူး၊ လူကနာမည်ကို ပြောင်းချင်တယ်၊ အဲဒီအတွက် အမှုကိစ္စတွေ ရှုပ်ထွေးလာတယ်၊ သူ့ခေါင်းထဲမှာ အဲဒီလို စာကြောင်းစီနေမိတယ်၊ သူ့ ၁၂ နှစ်သားနာမည်က ရဲမင်းထိုက်၊ အခု ၁၈ နှစ်သားမှာ ပြောင်းချင်တဲ့နာမည်က အာကာဟိန်းထက်၊ ခြောက်နှစ်အတွင်းမှာ ရဲမင်းထိုက်ဟာ အာကာဟိန်းထက် ဖြစ်သွားတယ်၊ ကပ်ဖကာက အိပ်ယာကနိုးတော့ လူကနေ ပိုးကောင်ကြီးဖြစ်သွားတယ်၊ ညတွင်းချင်းပဲ အသွင်ပြောင်းသွားတယ်၊ ရုပ်ပြောင်းသွားတယ်။ သူကတော့ ခြောက်နှစ်အတွင်း နာမည်ပြောင်းသွားတယ်၊ နာမ်ပြောင်း သွားတယ်ပေါ့။
          “မင်းနာမည် အတိုကောက်က အတော်ရှည်နေမှာပေါ့״ ဆိုတော့ ချာတိတ်ကကြောင်ပြီး “ဗျာ״ တဲ့၊ ပြီးမှ “ဟုတ်ကဲ့״ လို့ပြန်ဖြေတယ်၊ ကိုမောင်မောင့်စိတ်ထဲမှာတော့ မင်းနာမည်ကို ဘယ်လောက်စိတ်ကြိုက် ရွေးထားလဲ အတိုကောက်လုပ် လိုက်ရင် အက္ခရာ သက်သက်ပဲ ဖြစ်သွားမှာပါကွာလို့ ပြောနေမိတယ်။
          ကောင်လေးရဲ့ပုံစံက ခပ်အေးအေးပုံစံလေး၊ သူ့စားပွဲရှေ့မှာ ရိုရိုကျိုးကျိုးလေးရပ်လို့၊ ကိုမောင်မောင်လည်း သူ့ကို နဲနဲသနားသွားတာနဲ့ “ထိုင်ပါဦးကွ၊ ညောင်းနေမှာပေါ့״ ဆိုတော့ သူက ကျေးဇူးတင်တဲ့အပြုံးမျိုးနဲ့ အရှေ့က ခုံမှာ ညင်ညင် သာသာ ထိုင်လိုက်တယ်၊
          “အဲဒီတော့ အာကာဟိန်းထက်က အခုမှ မွေးလာတာလား၊ ရဲဟိန်းထက်က သေဆုံးသွားပြီလား״ ဆိုတော့ သူက ရုတ်တရက် အဖြေရခက်နေသလိုနဲ့ ခေါင်းကုတ်ပြီးပြုံးနေခဲ့တယ်
          “တကယ်ပါ ခေါင်းစားတာ မဟုတ်ပါဘူး၊ စိတ်ဝင်စားလို့ပါ၊ ယောင်္ကျားဘဝကနေ မိန်းမဘဝကို ဖြတ်တောက် ခွဲစိတ်ပြီး လိင်ပြောင်းချင်တဲ့လူတွေဆို ဦးက သိပ်စိတ်ဝင်စားတယ် ကိုယ့်ကိုယ်ကို ယောင်္ကျားလို့ခံယူနေရာကနေ နေ့ချင်း ညချင်း မိန်းမလို့ ဘယ်လိုစိတ်မွေးယူသလဲပေါ့ အခု မင်းအဖြစ်ကလည်း ခပ်ဆင်ဆင်ပဲမဟုတ်လား၊ ကိုယ့်ကိုယ်ကို ရဲမင်းထိုက်လို့ မမြင်တော့ပဲ အာကာဟိန်းထက်လို့ ဘယ်လိုပြောင်းမြင်လို့ရသလဲ၊ ကိုယ့်ကိုယ်ကို ရဲမင်းထိုက်လို့ သိထား ရာကနေ အာကာဟိန်းထက်လို့ ပြန်ပြောင်းပြီး ခံယူတာဟာ အတော်ထူးဆန်းတဲ့အတွေ့အကြုံပဲလို့ထင်တယ်၊ ဦးပြောတာ မဟုတ်ဘူးလား။״
          “ဟုတ်တော့ဟုတ်ပါတယ်၊ ဒါပေမယ့်ကျွန်တော် နာမည်ပြောင်းတဲ့ကိစ္စဟာ ဦးပြောတာတွေနဲ့ ဘယ်လိုပတ်သက် နေမလဲတော့ ကျွန်တော်ဥာဏ်မမှီဘူး၊ ကျွန်တော်သိတာကတော့ ကျွန်တော်ဟာ ဈေးထဲကလက်သုတ်မစားခဲ့ရင် အခုလို နာမည်ပြောင်းဖို့ဖြစ်လာမှာ မဟုတ်ဘူး။״
          “ဘယ်လို ဘယ်လို၊ ဈေးထဲက လက်သုတ်နဲ့ မင်းနာမည်ပြောင်းတာ ဘယ်လိုများဆက်စပ်နေလို့လဲ״ သူ့မှာ ရယ်ချင်စိတ်ကိုထိန်းပြီး မေးရသည်။
          အဲဒီကိစ္စက အတော်ရှင်းပြဖို့တော့ခက်တယ်၊ ဈေးထဲက လက်သုတ်စားပြီး နောက်တစ်ရက် ဝမ်းတွေ အကြီးအကျယ်သွားတော့တာပဲ၊ တစ်ရက် တစ်ရက်ကို အကြိမ်နှစ်ဆယ်လောက်ရှိမယ်၊ ဝမ်းတွေက စိမ်းဖန့်ဖန့်နဲ့၊ လူကို မျော့မျော့ကျန်တော့တယ်၊ အိမ်ကတော့ ကျွန်တော့်ကို ပစ်လိုက်ရပြီလို့ကို တွက်ကြတာ၊ ကျွန်တော်ကိုယ်တိုင်ကလည်း ကိုယ့်ဘာသာကိုယ် သတိရတစ်ချက်မရတစ်ချက်၊ ရုပ်ရှင်တွေမှာ အနီးအဝေးဇွန်းနဲ့ ဆွဲရိုက်သလိုမျိုး ကျွန်တော့် အာရုံတွေက ဝေဝါးလာလိုက် ကြည်လင်လာလိုက်၊ ဝေဝါးသွားတဲ့အခါတော့လဲ လူဟာအကောင်အထည်မဲ့တဲ့ အရိပ် အငွေ့သက်သက်လိုပဲ၊ ကိုယ်ကိုယ်တိုင်က ဘာမှမဟုတ်၊ အကောင်အထည်မဲ့ အထိအတွေ့ အာရုံခံစားမှုမဲ့ ဒါပေမယ့်အာရုံတွေ ပြန်လည်ကြည်လင်လာတော့လည်း စူးရှထက်မြက်လိုက်ပုံက တကယ့်ကို လေတိုးတဲ့ အထိ အတွေ့လေးကိုတောင်မှ အရေပြားမှာ အေးမြနုညက်တဲ့လက်တစ်ဘက်နဲ့ ပွတ်သပ်သွားသလိုပဲ အချိန်နဲ့အမျှ အပူချိန်၊ အလင်းရောင်၊ စိုထိုင်းမှု အပြောင်းအလဲတွေကို ခနာကိုယ်ကအလိုအလျောက် သိရှိနေခဲ့တယ်၊ ခနာကိုယ်က အာရုံခံစက်ကြီးသက်သက်လိုပဲ၊ သိသမျှကို အတွေးထဲမပို့ဆောင်နိုင်ပေမယ့် အာုံခံစက်ကြီးသက်သက်လိုပဲ သိသမျှကို အတွေးထဲမပို့ဆောင်နိုင်ပေမယ့် အာရုံတွေကတော့ လတ်လတ်ဆတ်ဆတ်ကြီး၊ ခနာကိုယ်အနှံအပြားမှာ သိသာထင်ရှားလို့နေတယ်၊ ကျွန်တော့်စိတ်ထဲမှာ အသစ်တဖန်မွေးဖွားလာတဲ့လူတစ်ယောက်လိုပဲ အာုံခံစားမှုက သစ်လွင်လတ်ဆတ်လွန်းတယ် ဒါပေမယ့် ခဏနေပြန်တော့ ကျွန်တော်ဟာ မိခင်ဝမ်းဗိုက်ထဲ ပြန်ရောက်သွားသလို အပြင်လောကတစ်ခုလုံးဟာ ဝါးဖျော့ပျောက်ကွယ်လို့ သွားတော့ပြန်တယ်၊ အေးမြမှု၊ ပူလောင်မှု၊ အထိအတွေ့၊ အလင်း၊ အသံတွေ အားလုံးဟာ မိခင်ရဲ့ဝမ်းဗိုက်က တဆင့်ပဲရောက်လာသလို ကျွန်တော့်ဆီရောက်တဲ့အခါ အားလုံးက အကောင်အထည်မဲ့သွားတယ်၊ အဲဒီလိုနဲ့ ကျွန်တော်ဟာ အပြင်လောကနဲ့ အနီးအဝေးကစားရင်း ဝမ်းတွေကမရပ်တမ်း သွားနေခဲ့တယ်။
          ကျွန်တော့်စိတ်ထဲမှာ ခနာကိုယ်ထဲက အဟောင်းအမြင်း အပုပ်အစပ်မှန်သမျှဟာ ဝမ်းနဲ့အတူ အကုန်ပါသွား သလိုပဲ၊ ဝမ်းတခါသွားပြီးတိုင်း လူဟာ စိတ်ဆန္ဒတွေအကုန် လျော့ပါးသွားတယ်၊ ကိုယ့်ကိုယ်ကို ဘာမှ မဟုတ်တော့တဲ့ အရာတစ်ခုလိုခံစားလာရတယ်၊ တစ်နေ့ကို ဝမ်းအကြိမ်နှစ်ဆယ်လောက်သွားပြီးတဲ့အခါ လူဟာ အခွံသက်သက်သာ ကျန်တော့သလိုပဲ။
          ဒီလိုနဲ့ သုံးလလုံးလုံးဝမ်းသွားနေခဲ့တယ်၊ နေ့စဉ်ရက်ဆက် ဝမ်းကလျော့သွားတယ်လို့မရှိ ပုံမှန်အကြိမ်နှစ်ဆယ် လောက်ကို သွားနေတာပဲ၊ ဘယ်လိုပဲ ဆေးတိုက်တိုက်ထိုးထိုး၊ သက်သာတယ်မရှိ၊ ဒါပေမယ့် ရပ်ချင်တော့လည်း ရုတ်တရက် မုန်တိုင်းစဲသွားသလိုမျိုးတိခနဲပဲ၊ သုံးလတင်းတင်းပြည့်တဲ့နေ့ကနေ စပြီး ဝမ်းက လုံးဝရပ်သွားတယ်၊ လုံးဝမသွားတော့ဘူး၊ ဒါပေမယ့် လူကတော့ မျော့နေဆဲပေါ့။
          နောက်တစ်လလောက်ကြာမှ ကျွန်တော်လည်း လမ်းနဲနဲပါးပါးလျှောက်နိုင်လာတယ်၊ ကိုယ့်ကိုယ်ကိုလည်း လူ အသစ်တစ်ယောက်လို ခံစားလာမိတယ်၊ မွေးပြီးတစ်နှစ်လောက်အကြာမှာ စမ်းတဝါးဝါးလမ်းလျှောက်နေတဲ့ လူအသစ် တစ်ယောက်အတိုင်း ကျွန်တော်လည်းလက်ရမ်းကို ကိုင်ပြီး ခြေတစ်လှမ်းလှမ်းဖို့ မနည်းအားထုတ်နေရတယ်၊ ခြေလှမ်း တိုင်းဟာ မြေကြီးကိုတစ်ခါမှ မထိခဲ့ဘူးတဲ့အတိုင်း စိတ်ချယုံကြည်မှု ကင်းမဲ့လို့၊ ခြေတစ်လှမ်းလှမ်းပြီး နောက်တစ်လှမ်း လှမ်းဖို့ကို အချိန်အတော်ယူပြီးမှ လှမ်းနိုင်တယ်၊ ခြေလှမ်းတင်မကဘူး၊ ခနာကိုယ်ကလည်းဟန်ချက်ကို ထိန်းနိုင်ဖို့ မနည်းကြိုးစားနေရတယ်၊ ခြေလှမ်းတိုင်းဟာ ကျွန်တော့်အတွက် ဘဝသစ်တခုထဲတိုးဝင်နေသလိုပဲ အဲဒီလို ကျွန်တော် ခံစားမိတယ်။
          ဒါဟာ တင်စားပြီးပြောနေတာလို့ ထင်ကောင်းထင်မယ်၊ ဒါပေမယ့်ဒါဟာ အမှန်ဖြစ်နေတာပဲ၊ ရုပ်ခနာတစ်ခုထဲမှာ ဖြစ်နေတာလည်း မဟုတ်ဘူး၊ စိတ်ကူးတွေ ခံစားမှုတွေအားလုံးက အရင်လိုမဟုတ်တော့မှန်းသိနေတယ်၊ အတိတ်ဟာ ဟိုးအဝေးကြီးမှာ ကျန်ရစ်နေသလိုပဲ၊ ကိုယ်နဲ့မဆိုင်သူများ ပြန်ပြောပြလို့သိရတဲ့အဖြစ်မျိုးလို၊ လူတွေကတော့ ကျွန်တော့်ကို အရင်အတိုင်းပဲ ဆက်ဆံနေကြတယ်၊ ကျွန်တော့်ကို ရဲမင်းထိုက်အနေနဲ့ပဲ ဆက်ဆံနေကြတာဟာ ကျွန်တော့် အဖို့အတော် ကသိကအောက်ဖြစ်စေတယ်၊ လူမှားပြီး နှုတ်ဆက်ခံရသလိုပဲ။
          ဒီလိုနဲ့ ဆေးရုံပေါ်ကဆင်းတော့ ကျွန်တော်ကိုယ့်ကိုယ်ကို လူသစ်တစ်ယောက်အနေနဲ့ နာမည်သစ်တခုပေးဖို့ စဉ်းစားမိတယ်၊ တကယ်တော့ ကျွန်တော်ဟာ နာမည်အဟောင်းကို မကြိုက်တော့လို့လည်းမဟုတ်ပါဘူး၊ နာမည်အသစ် လှလှလေးပေးချင်လို့လည်း မဟုတ်ပါဘူး၊ ကျွန်တော်ဟာ ရဲမင်းထိုက် မဟုတ်တော့ဘူးဆိုတာသိနေခဲ့ပြီလေ၊ ဒီတော့ ရဲမင်းထိုက်အနေနဲ့ ဆက်မနေချင်တော့ဘူး၊ ကိုယ့်ကိုယ်ကို အသစ်တစ်ယောက်ဆိုတာ သေချာနေတဲ့အတွက် နာမည် အသစ်တစ်ခုသက်သက်ပေးချင်မိတာပါ။ နာမည်အဟောင်းနဲ့သာ ဆက်နေရရင် ကျွန်တော်ဟာ အရင်အိမ်ရှင်ရဲ့ နာမည် မပြောင်းသေးဘဲ ဆက်သုံးနေတဲ့အိမ်ပြောင်းလာသူလို ဖြစ်နေမှာပေါ့၊ ဒါနဲ့ပဲ အခုလို ဆယ့်ရှစ်နှစ်မှတ်ပုံတင်လုပ်ရင်းနဲ့ တစ်လက်စထဲ နာမည်ပြောင်းဖို့ စီစဉ်မိတာပါ။
          ကောင်လေးမှာ မိနစ်သုံးဆယ်ဆက်တိုက် မနားတမ်းပြောလိုက်ရသဖြင့် အတော်မောပန်းသွားပုံရသည်။ တုတ်တုတ်မှ မလှုပ်တော့၊ ငူတူတူလေး ထိုင်နေခဲ့သည်။ ကောင်လေးကို ကြည့်ရင်း အခွံလဲပြီးခါစပိုးဟပ်တစ်ကောင်လို သူ့စိတ်ထဲ ထင်လာမိတယ်၊
          “ဒါနဲ့ မင်း မိဘတွေကရော״
          “သူတို့ကတော့ ဘယ်လိုထင်ကြမလဲမသိဘူး၊ ကျွန်တော်လည်း ဒီ့ထက်ပိုရှင်းမပြတတ်ဘူး
          အခုနာမည်ပြောင်းဖို့ဆိုတာ ကိစ္စမရှိပါဘူး၊ ကျွန်တော်ပြောထားပြီးသားပါ״
          ကိုမောင်မောင်လည်း စာရွက်စာတမ်းတွေ စုံမစုံ စစ်ဆေးနေခဲ့တယ်၊ စိတ်ထဲကလည်း အာကာဟိန်းထက်ကို နေ့လည်ခင်းတစ်ခုမှာ မှတ်ပုံတင်ရုံးကနေ မွေးဖွားပေးလိုက်သည်လို့ တွေးနေမိတယ်၊ ခဏနေတော့ ကောင်လေးကို နောက်တစ်ပတ်လာခဲ့ဖို့ ချိန်းလိုက်တယ်။
          ရဲမင်းထိုက်နာမည်နဲ့ ၁၂ နှစ်မှတ်ပုံတင်အဟောင်းလေးကတော့ သူ့ဆီမှာကျန်ရစ်တယ်၊ သူလည်း အဲဒီမှတ်ပုံတင် အဟောင်းလေးကို သူ့ဖိုင်လေးထဲတွဲပြီးထည့်ပေးထားလိုက်တယ်၊ ရဲမင်းထိုက်ဟာ ဖိုင်တွဲအဟောင်းထဲကနေ ဘယ်တော့မှ ထွက်မလာနိုင်တော့ဘူး၊ ရဲမင်းထိုက်ဟာ မကြာခင်မှာ မေ့ပျောက်ခံအရာတစ်ခုဖြစ်လာတော့မယ်၊ ရဲမင်းထိုက်ဟာ တရားလိုမရှိတော့တဲ့ သိမ်းဆည်းခံပစ္စည်းလို။
          ညနေရုံးဆင်းတဲ့အထိ သူ့စိတ်ထဲမှာ ဟာတာတာနှင့် တစ်ခုခုလိုနေသလို၊ ဒီကောင်လေးဟာ ဦးနှောက်မှ မှန်သေးရဲ့လားမသိ၊ ဖယ်ရီပေါ်ထိုင်လိုက်လာရင်း လမ်းတစ်လျှောက် သူ တွေးလာခဲ့သည်။ ဘေးဘီက လူများ ပြောနေသောစကားက သူ့နားထဲမရောက်၊ တကယ်လို့ ကေဟာ သုံးလလောက် ဝမ်းလျှောခဲ့ရင် ကေ ဟုတ်ပါ့ဦးမလား၊ ညက ဖတ်ခဲ့သောဝတ္ထုနှင့် နေ့လည်က ကြားခဲ့သောဇါတ်လမ်းဘယ်ဟာက ပိုဖြစ်နိုင်ခြေရှိမလဲ၊ အို ဖြစ်နိုင်ခြေဆိုတာက ဖြစ်နိုင်ခြေပဲ မဟုတ်လား၊ နာမည်တစ်လုံးပြောင်းသွားတာနဲ့ လူက ပြောင်းသွားသတဲ့လား၊ သေချာတာကတော့ နာမည်ပြောင်းသွားလျှင် ဖိုင်တွဲအသစ်ပြောင်းဖို့တော့လိုလိမ့်မည်။
ဒီနိုဗို
Nwe Ne Magazine,
Issue on Memorial of Saffron Revolution