New York ရှိ
ထုတ်ဝေသူ ၁၇ဦးတိတိ ငြင်းပယ်မှုကို ခံရပြီးနောက် The New York
Trilogy ၏ ပထမ အတွဲ
City of Glass ကို
San Francisco ရှိ
Sun and Moon ပုံနှိပ်တိုက်မှ ၁၉၈၅
ခုနှစ်တွင် ထုတ်ဝေခဲ့သည်။ ထို့နောက် ကျန်နှစ်တွဲဖြစ်သည့် Ghosts နှင့် The Locked Room တို့ကို
နောက်တစ်နှစ်အကြာတွင် ဆက်တိုက်ထုတ်ဝေခဲ့သည်။ ထိုအချိန်တွင် အသက် ၃၈နှစ် ရှိခဲ့ပြီဖြစ်သည့် Paul Auster သည် သည့်မတိုင်ခင် ကတည်းက စာပေသုံးသပ်ချက်များ၊ ဘာသာပြန်ဆိုခြင်းများကို အမြဲမပြတ် ရေးသားခဲ့သူဖြစ်သည်။ စကားပြေ ကဗျာ White Spaces ကို ၁၉၈၀ တွင် ထုတ်ဝေခဲ့ဖူးသည်။ သို့သော် ဤသုံးအုပ်တွဲ ဝတ္ထုကျမှပဲ သူ၏ စာပေလမ်းကြောင်းကို အမှန်တကယ်
စတင်နိုင်ခဲ့သည်။
Auster သည်
သူ၏ ပုံနှိပ်မခံရခင်နှစ်ကာလများအကြောင်းကို Hand to Mouth; A
Chronicle of Early Failure (1997) တွင် ရေးသားခဲ့ သည်။ ၆၀ နှစ်ကာလများ နှောင်းပိုင်းတွင် သူသည်
Columbia တက္ကသိုလ်တွင် တက်ရောက်ခဲ့ပြီး Paris တွင် ခြို့ခြို့တဲ့တဲ့ ဘာသာပြန်ဆရာ တစ် ယောက်အဖြစ် ပြောင်းရွှေ့အခြေမချခင် ရေနံတင်သင်္ဘောတစ်စင်းတွင် လအနည်းငယ်ဝင်လုပ်ခဲ့ဖူးသေးသည်။ သူသည် သူ၏ ပထမဇနီး စာရေး ဆရာမ
Lydia Davis နှင့်အတူ Little Hand မဂ္ဂဇင်းကို စတင်ထုတ်ဝေခဲ့ပြီး စာအုပ်ထုတ်ဝေရေးလုပ်ငန်းကိုလည်း ဤအမည်နှင့်ပင် ထူထောင်ခဲ့ သည်။
၁၉၇၂
ခုနှစ်တွင် သူ၏ ပထမဦးဆုံး ဘာသာပြန် ကဗျာပေါင်းချုပ် “A Little Anthology of Surrealist
Poems” ကို ထုတ်ဝေခဲ့သည်။ ၁၉၇၄ တွင် New York သို့ပြန်လာခဲ့ပြီး သူတီထွင်ထားသည့် ဘေ့စ်ဘော ကဒ်ဂိမ်း တစ်ခုကို ရောင်းချသည့်လုပ်ငန်းတစ်ခုကို စွန့်စားလုပ်ကိုင်ကြည့် သည်။ ၁၉၈၂ တွင် သူ၏ ပထမဆုံး စကားပြေစာအုပ် The Invention of
Solitude ကို ထုတ်ဝေခဲ့သည်။ ယင်းစာအုပ်မှာ သူ့ဖခင်ဆုံးပြီး မကြာမီရေး သားခဲ့သော အမှတ်တရများနှင့် ဖခင်ဘဝကို
စေ့ငုခြင်းအကြောင်းများ ဖြစ်သည်။
Auster သည်
သုံးအုပ်တွဲဝတ္ထုကြီးကို ရေးသားပြီးသည့်နောက် တစ်နှစ်တစ်အုပ်မှန်မှန် ထုတ်ဝေနိုင်ခဲ့သည်။ ၁၉၈၇ တွင် In the Country
of Last Things ဝတ္ထုထွက်ပေါ်ခဲ့ပြီး အခြားဝတ္ထုများဖြစ်သည့်
Moon Palace ကို ၁၉၈၉ တွင် ၎င်း၊ The Music of
Chance ကို ၁၉၉၀ တွင် ၎င်း၊ Leviathan ကို ၁၉၉၂ တွင် ၎င်း၊ The Book of
Illusions ကို ၂၀၀၂ တွင် ၎င်း၊ ဆက်တိုက်ထုတ်ဝေနိုင်ခဲ့သည်။ ၁၉၉၁ ခုနှစ်တွင် ပြင်သစ်အစိုးရမှ ချီးမြှင့်သော
စာပေနှင့်အနုပညာသူရဲကောင်းမှူးမတ် အဖြစ်ခန့်အပ်ခံရသည်။ (၁၉၉၇ တွင် အရာရှိအဖြစ် တိုးမြှင့်ခြင်း ခံလိုက်ရသည်)
Auster ၏
အနုပညာ အလုပ်များမှာ မှတ်သားဖွယ်ရာ စုံလင်လှသည်။ ဝတ္ထု ၊ အက်ဆေး၊ ဘာသာပြန်၊ ကဗျာ၊ ပြဇါတ်၊ သီချင်းနှင့် (Sophie Calle နှင့်
Sam Messer အပါအဝင်) ပန်းချီဆရာများနှင့် ပူးပေါင်းအနုပညာလုပ်ဆောင်မှုများလည်း ပါဝင်ခဲ့သည်။ သူသည် Smoke (1995),
Blue in the Face (1995), Lulu on the Bridge (1998) စသည့်
ဇါတ်ညွှန်းသုံးခုကို ကိုယ်တိုင်ရေးသားကာ ရိုက်ကူးခဲ့သည်။ သူ၏
၉ အုပ်မြောက် ဝတ္ထု
‘Oracle Night’ ကို ယခုနှစ်အတွင်း ထုတ်ဝေဖို့ရာရှိနေခဲ့သည်။
အောက်ပါ
တွေ့ဆုံခန်းကို New York City ၊
၉၂ လမ်းရှိ Unterberg ကဗျာဌာနတွင် ပြီးခဲ့သည့် ဆောင်းဦးပေါက်ကတည်းက စတင်ခဲ့ကြ သည်။ အပြီးသတ်ခဲ့သည်ကတော့ ယခုနှစ်နွေ၊
တစ်ခုသော နေ့လည်ခင်း၊ ဇနီးသည် စာရေးဆရာမ Siri Hustvedt နှင့် အတူနေထိုင်လျက်ရှိသော Brooklyn ရှိ သူ၏ နေအိမ်တွင် ဖြစ်သည်။ ဖြစ်ချင်တော့ ဗဟိုလေအေးပေးစနစ်ကို တပ်ဆင်နေကြသော လုပ်သားများဖြင့် ရှုပ်နေသည့်အတွက် ယဉ်ကျေးစွာ
တောင်းပန်ပြီး ၁၉ရာစု အညိုရောင်ကျောက်တုံးများဖြင့် တည်ဆောက်ထားသော သူ၏ အိမ်ကို လှည့်လည်ပြသသည်။ ဧည့်ခန်းကို သူ၏ သူငယ်ချင်းများဖြစ်သော Sam Messer နှင့်
David Reed တို့၏ ပန်းချီကားများဖြင့် အလှဆင်ထားသည်။ အိမ်ရှေ့ခန်းတွင်တော့ မိသားစု ဓါတ်ပုံများ၊ မြေညီထပ်ရုံးခန်း၏ နံရံတစ်လျောက်တွင်တော့ စာအုပ်စင်များ၊ ဟုတ်ကဲ့၊ သူ၏ နာမည်ကျော် လက်နှိပ်စက်ကတော့ စားပွဲခုံပေါ်တွင် အခန့်သား။
မေးသူ။ ။ လုပ်နည်းလုပ်ဟန်နဲ့ပဲ စလိုက်ကြရအောင်လား၊ ခင်ဗျားစာကို
ဘယ်လိုရေးလဲ။
Paul။ ။ ကျွန်တော် လက်နဲ့ပဲ အမြဲရေးတယ်၊ အများစုက ဖောင်တိန်နဲ့ပဲ တခါတရံတော့ ခဲတံသုံးတယ်၊ ပြင်ဆင်ရတဲ့အခါမျိုးမှာပေါ့၊ တကယ်လို့များ လက်နှိပ်စက် ဒါမှမဟုတ် ကွန်ပြူတာပေါ်မှာ တိုက်ရိုက်ရေးနိုင်ယင်တော့ ကျွန်တော်ရေးမှာပါ။ ဒါပေမယ့်
လက်ကွက်တွေက ကျွန်တော့်ကို အမြဲတမ်း တုန်လှုပ်ခြောက်ခြားစေတယ်၊ ကျွန်တော့်လက်တွေကို အဲဒီလိုပုံစံထားပြီး ဘယ်လိုမှ ရှင်းရှင်းလင်းလင်း တွေးလို့မရဘူး။
ဖောင်တိန်တစ်ချောင်းကတော့ ပိုပြီး အခြေခံကျတဲ့ ရှေးကျတဲ့ပစ္စည်းမဟုတ်လား၊ စကား လုံးတွေဟာ ခင်ဗျားရဲ့ ခန္ဓာကိုယ်က စိမ့်ကျလာပြီး စာရွက်ပေါ်မှာ တူးခြစ်နေရာ ချထားလိုက်သလို ခင်ဗျားခံစားရလိမ့်မယ်။ စာရေးခြင်းဟာ အမြဲလိုလို အထိအတွေ့ အရသာတစ်မျိုး ရရှိစေတယ်၊ ဒါဟာ ရုပ်ခံစားမှု တစ်မျိုးပဲ။
မေးသူ။ ။ ပြီးတော့ ခင်ဗျားက မှတ်စုစာအုပ်ထဲမှာပဲ ရေးတယ်၊ Legal Pad တွေ စာရွက်လွတ်တွေနဲ့ ရေးလေ့မရှိဘူးနော်၊
Paul။ ။ ဟုတ်တယ်၊ အမြဲတမ်း မှတ်စုစာအုပ်နဲ့ပဲ၊ နောက်ပြီးကျွန်တော်က လေးတောင့်ပုံဖော် အကွက်လေးတွေနဲ့ စာအုပ်တွေကိုလည်း စိတ်ဝင်စားတယ်။
မေးသူ။ ။ ဒါနဲ့ ခင်ဗျားရဲ့ ကျော်ကြားလှတဲ့ Olympia လက်နှိပ်စက်ကကော၊ ကျွန်တော်တို့
ဒီလက်နှိပ်စက်အကြောင်း အတော်ကြားထား တယ်၊ ပြီးခဲ့တဲ့နှစ်က ခင်ဗျားနဲ့
ပန်းချီဆရာ Sam Messer တို့ ပေါင်းရေးထားတဲ့ The Story of My Typewriter ဆိုတဲ့ အံ့သြ စရာ စာအုပ်တစ်အုပ် ထုတ်ခဲ့သေးတယ်မဟုတ်လား။
Paul။ ။ ဒီလက်နှိပ်စက်ကို ပိုင်ဆိုင်ခဲ့တာ ၁၉၇၄ ခုထဲကဆိုတော့ ကျွန်တော့်အသက် ထက်ဝက်မကတော့ဘူး၊ ကောလိပ်တုန်းက
သူငယ်ချင်းဆီက second-hand ကို
ပြန်ဝယ်တာဆိုတော့ အဲဒီအချိန်တည်းက သူ့သက်တမ်းက ၄၀လောက် ရှိတော့မယ်၊ ဒါဟာ ဟိုဘက်ခေတ်ရဲ့ လက်ကျန်ပစ္စည်းတစ်ခု၊ ဒါပေမယ့်
အခြေအနေ အများကြီးကောင်းသေးတယ်၊ တစ်ခါမှ မပျက်ဖူးဘူး၊ မင်ခံကြိုးကို လဲပေးရုံပဲ၊ ကျွန်တော်စိုးရိမ်မိတာက အဲဒီမှင်ခံကြိုးတွေ ဝယ်လို့မရတော့မှာပဲ၊ အဲဒီအချိန်ကျရင်တော့လည်း ဒစ်ဂျစ် တယ် ခေတ်ကို ကူးပြောင်းပြီး ၂၁ရာစု ထဲဝင်ရတော့မှာပေါ့။
မေးသူ။ ။ နောက်ဆုံး မင်ခံကြိုးကို ထွက်ဝယ်တဲ့နေ့က Paul Auster ရဲ့ ဇါတ်လမ်းကောင်းတစ်ပုဒ်ပေါ့၊
Paul။ ။ ဒီအတွက် ပြင်ဆင်မှုတစ်ချို့လုပ်ထားပါတယ်၊ ကျွန်တော်ရသလောက် လှောင်ထားတယ်၊
ကျွန်တော့်အခန်းထဲမှာ ၆၀-၇၀ လောက်ရှိမယ် ထင်တယ်၊ ကျွန်တော်ကတော့ ဒီလက်နှိပ်စက်ကို စွန့်လွှတ်ဖို့
အကြိမ်ကြိမ် သွေးဆောင်မှုတွေ ရှိနေပေမယ့်လည်း နောက်ဆုံးအချိန်အထိ ကပ်ရပ်ပြီးသုံးသွားမိမယ် ထင်တယ်၊ ကို့ရို့ကားယားနဲ့ သက်တောင့်သက်သာ မရှိလှပေမယ့် ဒီစက် ကလေးက ကျွန်တော့်ကို အပျင်းမထူအောင် လုပ်ပေးနိုင်တယ်။
မေးသူ။ ။ ဘယ်လိုလုပ်ပေးလဲ။
Paul။ ။ အဆုံးသတ်ပြီးပေမယ့် နောက်တစ်ခါ
ဟိုးအစကနေ ပြန်စဖို့ လက်နှိပ်စက်က တွန်းအားပေးတယ်၊ ကွန်ပြူတာပေါ်မှာတော့ ပြင်ဆင်စရာရှိတာ မှန်သားပြင်မှာပြင်ပြီး သန့်စင်ပြီးသားကိုပဲ အချောထုတ်တယ်မဟုတ်လား၊ လက်နှိပ်စက်နဲ့ကတော့ နောက် တစ်ခါ အစကနေ အချောပြန်မရိုက်ပဲ သန့်စင်ပြီးသား မရနိုင်ဘူး၊ ဒါဟာ တကယ့်ကို ငြီးငွေ့ဖွယ်ကောင်းတဲ့အလုပ်၊ ခင်ဗျားဟာ စာအုပ်ကို အပြီးသတ်ခဲ့ပြီးပေမယ့် ရက်သတ္တပတ်ပေါင်းများစွာ ခင်ဗျားရေးခဲ့ပြီးသမျှကို အချောပြန်ကူးရေးရတဲ့ စက်ဆန်ဆန်
အလုပ်မျိုးကို လုပ်နေရတယ်၊ လည်ပင်းတွေ တောင့်တင်း၊ ကျောတွေကိုက်ခဲနဲ့ တစ်နေ့
စာမျက်နှာ ၂၀-၃၀ ရိုက်နိုင်တာတောင် ရိုက်ပြီးသမျှ စာမျက်နှာတွေကို ကြည့်လိုက်ရင် မခံစားနိုင်လောက်အောင် နှေးကွေးလှတာ တွေ့ရပါလိမ့်မယ်၊ အဲဒီလို အချိန်ကျ ရင် ကျွန်တော့်မှာ ကွန်ပြူတာကိုပဲ သုံးချင်လာမိတော့တယ်၊ ဒါပေမယ့် စာအုပ်တစ်အုပ်ရဲ့ အဲဒီ နောက်ဆုံးအဆင့်ကို ရောက် တိုင်းလည်း ကျွန်တော်ဟာ ၎င်းရဲ့ အရေးပါမှုကို အမြဲ သတိပြုမိတယ်၊ လက်နှိပ်စက်ရိုက်ရင်း ကျွန်တော့်စာအုပ်ကို အသစ်
တစ်မျိုး ပြန်ကြုံတွေ့စေတယ်၊ ဇါတ်ကြောင်းပြောထဲကို ခုန်ချပြီး ၎င်းဘယ်လို အလုပ်လုပ်သလဲဆိုတာ ခံစားလို့ရတယ်၊
ဒါကို လက်ချောင်းများနှင့် ဖတ်ရှုခြင်းလို့ ကျွန်တော်က
အမည်ပေးထားတယ်၊ အဲဒီအခါ မျက်စိနဲ့ သတိမပြုမိတဲ့ အမှားအယွင်းတွေကို လက်ချောင်းတွေနဲ့ တွေ့ရှိနိုင်တာကို အံ့အားသင့်စရာတွေ့ရတယ်။ ထပ်တလဲလဲ ပြောနေမိတာတွေ၊ အချိုးမကျ ဖွဲ့စည်းထားတာ တွေ၊ မပြေပြစ်တဲ့ rhythm စတာတွေကို ဘယ်တော့မှ မလွတ်စေရဘူး။ ကျွန်တော်ကတော့ စာအုပ်ကို ရေးပြီးရင် ပြီးပြီလို့ပဲ ထင် ထားတာပဲ၊ ဒါပေမယ့် လက်နှိပ်စက်နဲ့ ပြန်ရိုက်ကြည့်မှ နောက်ထပ်လုပ်စရာလေးတွေ ရှိသေးတယ်ဆိုတာ သဘောပေါက်မိ တယ်။
မေးသူ။ ။ မှတ်စုစာအုပ်တွေ အကြောင်းခဏလောက် ပြန်သွားကြရအောင်လား၊
City of Glass ထဲမှာ Quinn က သူ့ရဲ့တွေ့ရှိမှုတွေကို မှတ်စုစာအုပ်အနီထဲမှာ မှတ်တယ်။ In the Country of Last Things ရဲ့
ဇါတ်ကြောင်းပြောသူ Anna Blume က
သူမရဲ့ စာ တွေကို မှတ်စုစာအုပ်အပြာထဲမှာ ရေးတယ်။ Mr.Vertigo ထဲမှာ Walt က သူ့ရဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိကို အဖုံးမာကျောင်းသုံး စာအုပ် ၁၃အုပ်နဲ့
ရေးတယ်၊ Timbuktu ရဲ့ ခပ်ဂေါက်ဂေါက် သူရဲကောင်း
Willy G.Christmas က သူမသေခင်မှာ တသက်တာ ဖန်တီးခဲ့တဲ့ အလုပ်တွေကို သူ့ရဲ့
အထက်တန်းကျောင်းဆရာကို တထပ်ကြီးပေးခဲ့တယ် မဟုတ်လား၊ ကဗျာတွေ၊ ဝတ္ထုတွေ၊ အက်ဆေးတွေ၊ ဒိုင်ယာရီမှတ်တမ်းတွေ၊
စာပြောင်တွေ၊ တသက်တာ အတွေးအခေါ်တွေ၊ ရေးလက်စ မော်ကွန်း Vagabond Days ရဲ့ ပထမစာကြောင်းအရ ၁၈၀၀ စတာတွေပါတဲ့ စာအုပ်ပေါင်း ၇၄ အုပ်တောင်ရှိတယ်လေ၊ ခင်ဗျားရဲ့
လတ်တလော ထွက်ရှိလာတဲ့ စာအုပ် The Book of Illusions and Oracle Night ထဲမှာလည်း စာအုပ်တွေအကြောင်းပါရှိတယ်။
Paul။ ။ မှတ်စုစာအုပ်တွေဟာ စကားလုံးတွေရဲ့ အိမ်ပဲလို့ ကျွန်တော်ထင်တယ်၊
အတွေးတွေနဲ့ ကိုယ့်ကိုယ်ကို စမ်းစစ်ထားတာတွေ အတွက် လျှို့ဝှက်နေရာတစ်ခုပဲ၊ ကျွန်တော်က
စာရေးခြင်းရဲ့ ရလဒ်တင်မကဘူး၊ စာလုံးတွေကို စာမျက်နှာပေါ်တင်နေတဲ့ စာရေးခြင်းဖြစ်စဉ်ကိုလည်း
စိတ်ဝင်စားတယ်၊ ဘာကြောင့်လဲလို့ မမေးနဲ့၊ ဝတ္ထုရဲ့ သဘာဝနဲ့ပတ်သက်ပြီး ကျွန်တော့်ထဲမှာ
ကနဦးထဲက ရှုပ်ထွေးနေခဲ့တယ်၊ လူငယ်ဘဝထဲက ကိုယ့်ကိုယ်ကို မေးလေ့ရှိတယ်၊ စကားလုံးတွေ
ဘယ်ကလာတာလဲ၊ ဘယ်သူက ဒါတွေ ပြောနေတာလဲ၊ အစဉ်အလာ ဝတ္ထုတွေထဲက တတိယလူရဲ့အသံဟာ တကယ့်ကို
ဆန်းကြယ်လှတဲ့ တန်ဆာ ပလာတစ်မျိုးပဲ၊ ကျွန်တော်တို့တွေဟာ အဲဒါနဲ့ အသားကျနေခဲ့ကြပြီ၊
လက်ခံလိုက်ကြပြီ၊ မေးခွန်းထုပ်တာမျိုးတွေ မရှိတော့ဘူး၊ ဒါပေမယ့် ခင်ဗျား ရပ်ပြီးစဉ်းစားကြည့်လိုက်၊
အဲဒီအသံဟာ အံ့သြထိတ်လန့်ဖွယ်ရာ ဘယ်ကထွက်ပေါ်နေမှန်းမသိတဲ့ အသံပဲ၊ ဘယ်ကမှ လာတဲ့အသံမဟုတ်ဘူးဆိုတာ
သိရတာအတော့်ကို စိတ်အနှောင့်အယှက် ဖြစ်စေတယ်၊ ကျွန်တော်ဟာ သူ့ဘာသာ သူ လာရာလမ်းဆီပြန်လှည့်သွားတဲ့
ဝတ္ထုမျိုးထဲ အမြဲနစ်မြော သွားလေ့ရှိတယ်။ ဆိုလိုတာက စာအုပ်က ကမ္ဘာကြီးထဲ ခင်ဗျားကို ခေါ်သွားပေမယ့်
အဲဒီ ကမ္ဘာဟာ စာအုပ်ထဲက ကမ္ဘာ၊ Wuthering Heights ဟာ အဲဒီလို ဝတ္ထုမျိုး၊
The Scarlet letter ဟာ လည်း အလားတူပဲ၊ ဇါတ်ကျောရိုးကတော့ တကယ့်စိတ်ကူးယဉ်ပါပဲ၊
ဒါပေမယ့် တခြားဝတ္ထုလိုမျိုးမဟုတ်ပဲ အဓိပ္ပါယ်ပြည့်ဝပြီး ယုံကြည်လက်ခံမိစေတယ်၊ အစဉ်အလာ
ဇါတ်ကြောင်းပြောတွေနဲ့ ကွာတာက ဒါဟာ တကယ်မဟုတ်ဘူး၊ ထင်ယောင်ထင်မှား ဆိုတာ အသိပေးတယ်၊
ပြီးအဲဒီ အစစ်အမှန်မဟုတ်မှုကို လက်ခံနိုင်တာနဲ့ တစ်ပြိုင်နက်ပဲ ဆန့်ကျင်ဘက်ရလဒ်အနေနဲ့
ဇါတ်လမ်း ရဲ့ အမှန်တရားကို ပိုမိုအားကောင်းပီပြင် လာစေခဲ့တယ်။ စကားလုံးတွေဟာ မမြင်ရတဲ့
ဘုရားသခင်က ကျောက်တုန်းပေါ်မှာ ရေးထားတာမဟုတ်ဘူး၊ သွေးနဲ့သားနဲ့ လူသားတစ်ယောက်ရဲ့ အားထုပ်မှုကို
ကိုယ်စားပြုတယ်၊ ဒါဟာ အရမ်းဆွဲဆောင်နိုင်တဲ့ အရာ၊ စာဖတ်သူဟာ ဇါတ်လမ်းတစ်ခုကို ဖြည်ချရာမှာ
ကိုယ်တိုင်ပါဝင်နေတဲ့သူတစ်ယောက်၊ လေ့လာသူ သက်သက်မဟုတ်။
မေးသူ။ ။ စာရေးဆရာတစ်ယောက် ဖြစ်ချင်နေတာကို ဘယ်အချိန်လောက်မှာ
စသတိထားမိသလဲ။
Paul။ ။ Major League ဘေ့ဘောကစားသမား
မဖြစ်နိုင်တော့ဘူးဆိုတာ သဘောပေါက်လာပြီးတဲ့ နောက်တစ်နှစ်အကြာ၊ ၁၆ နှစ် သားအထိက ဘေ့စ်ဘောက
ကျွန်တော့်ဘဝမှာ အရေးကြီးဆုံးပဲ။
မေးသူ။ ။ ထူးချွန်ခဲ့လား။
Paul။ ။ ပြောရခက်တယ်၊ တကယ်လို့ ဆက်သာကစားခဲ့မယ်ဆို
low minor leagues လောက်တော့ ဖြစ်နိုင်တယ်၊ ကျွန်တော်က အရှိန်ပြင်းပြင်းနဲ့
အားသုံးပြီး ထိအောင်ပစ်နိုင်ပါတယ်၊ ဒါပေမယ့် ကျွန်တော်က အပြေးမသန်ဘူး၊ တုန့်ပြန်မှုမြန်ပြီး
သန်မာတဲ့ လက်တွေရှိပေမယ့် ကျွန်တော့်ပစ်ချက်တွေက ဖြစ်ကတတ်ဆန်း နိုင်တတ်တယ်။
မေးသူ။ ။ ခင်ဗျားလက်ရာတွေနဲ့ ရင်းနှီးနေတဲ့လူတိုင်းကတော့ ခင်ဗျားဟာ
ဘေ့စ်ဘောဝါသနာအိုး တစ်ယောက်ဆိုတာသိကြပါတယ်၊ ခင်ဗျားရဲ့ စာအုပ်တိုင်းလိုလိုမှာ ဘေ့စ်ဘောနဲ့
ပတ်သက်ပြီး ညွှန်းဆိုထားတာတွေ ပါနေတာကိုး။
Paul။ ။ ကျွန်တော်က ကိုယ်တိုင် ဘေ့စ်ဘောကစားရင် ကစား၊ မဟုတ်ရင်တောင်
ဘေ့စ်ဘောပွဲတွေ ကြည့်ရတာ၊ ဘေ့စ်ဘော အကြောင်း တွေးနေရတာကို ကြိုက်တယ်၊ ဆန်းကြယ်လှစွာပဲ
ဘေ့စ်ဘောဟာ ကျွန်တော့်ကို ကမ္ဘာကြီးနဲ့ဆက်သွယ်ပေးခဲ့တယ်၊ ကိုယ့်ကိုယ်ကို ပြန်ရှာတွေ့စေခဲ့တယ်၊
ကလေးဘဝက ကျွန်တော်က သိပ်ကျန်းမာရေးမကောင်းခဲ့ဘူး၊ ကျွန်တော့်မှာ နာမကျန်းမှု မျိုးစုံ
ကြုံခဲ့ရတယ်၊ အပြင်မှာ သူငယ်ချင်းတွေနဲ့ ပြေးလွှားနေတာထက် ကျွန်တော်ဟာ အမေနဲ့အတူ ဆရာဝန်ရဲ့
ရုံးခန်းမှာ နေရ တဲ့အချိန်က ပိုများခဲ့တယ်။ ၄-၅နှစ်သားလောက်အထိ
ကျွန်တော်ဟာ ကစားနိုင်လောက်အောင် သန်မာမှုမရှိခဲ့ဘူး၊ ဒါကြောင့် ကစားနိုင်လာတာနဲ့ အဲဒီ
အားကစားထဲကို အရူးအမူးနှစ်လိုက်ပြီး ကုန်ဆုံးသွားခဲ့ရတဲ့ကာလတွေအတွက် အတိုးချကစားခဲ့တယ်၊
ဘေ့စ်ဘောကစားခြင်းက ကျွန်တော့်ကို တခြားသူတွေနဲ့ ဘယ်လိုနေရမလဲဆိုတာနဲ့ ကျွန်တော်သာ
စိတ်ဝင်တစားလုပ်ရင် အောင်မြင်မှုတစ်စုံတစ်ရာ ရနိုင်တယ်ဆိုတာကို သင်ကြားပေးခဲ့တယ်။ သို့သော်လည်း
ကျွန်တော့်ရဲ့ ပုဂ္ဂလိက အတွေ့အကြုံ လေးနဲ့ မသိနိုင်တဲ့ ကစားပွဲကိုယ်၌ရဲ့ အလှတရားတွေ ရှိပါသေးတယ်၊ ဒါဟာ မကုန်ခမ်းနိုင်တဲ့ သာယာမှုပါပဲ။
မေးသူ။ ။ ဘေ့စ်ဘောကနေ စာရေးခြင်းကိုကူးပြောင်းလာတာ ကြုံတောင့်ကြုံခဲပဲ၊ စာရေးခြင်းဟာ
တကိုယ်တည်းလုပ်ရတဲ့အလုပ် မဟုတ် လား။
Paul။ ။ ကျွန်တော်က ဘေ့စ်ဘောကို နွေဦးနဲ့ နွေရာသီတွေမှာ ကစားတယ်၊ ဒါပေမယ့် စာဖတ်တာကတော့ တစ်နှစ်ပတ်လုံးပဲ၊ ကျွန်တော့်ရဲ့ငယ်စဉ်ထဲက အစွဲအလန်းဟာကြီးလာတဲ့အခါမှာ ပြင်းထန်လာတဲ့သဘောပဲ။ ကျွန်တော်ကတော့ လူတစ်ယောက် ဟာ ဆယ်ကျော်သက်အရွယ်မှာ စာအုပ်ကို စွဲစွဲလန်းလန်းမဖတ်ပဲ စာရေးဆရာတစ်ယောက် ဖြစ်လာဖို့ဆိုတာ စဉ်းစားလို့ကို မရ ဘူးလို့ထင်တယ်၊ တကယ်စာဖတ်တဲ့သူဟာ စာအုပ်တွေကိုယ်၌က ကမ္ဘာတစ်ခုပဲဆိုတာ သဘောပေါက်တယ်၊ အဲဒီကမ္ဘာဟာ ကျွန်တော်တို့ အရင်က သွားခဲ့ဖူးတဲ့ ခရီးတွေထက်ပိုပြီး ကြွယ်ဝပြီး စိတ်ဝင်စားဖို့ကောင်းတယ်ဆိုတာ သိကြတယ်။ ဒီလို စာအုပ် ထဲမှာ ရှာတွေ့တဲ့ပျော်ရွှင်မှုကြောင့်ပဲ လူငယ်လူရွယ်တွေဟာ စာရေးဆရာလုပ်ဖို့ စိတ်ဝင်စားလာတာပဲ၊ ရေးစရာ တွေ့ကြုံဖြတ် သန်းမှု မယ်မယ်ရရ မရှိသေးတာတောင် ခင်ဗျားဟာစာရေးဖို့ မွေးဖွားလာခဲ့တယ်ဆိုတာ တစ်ချိန်မှာတော့ သိလာတာပဲ။
မေးသူ။ ။ ကနဦး လွှမ်းမိုးမှုတွေ အကြောင်းလုပ်ပါဦး၊ အထက်တန်းကျောင်းတုန်းက ဘယ်စာရေးဆရာတွေကို ဖတ်ခဲ့ဖူးသလဲ၊
Paul။ ။ အများစုက အမေရိကန်စာရေးဆရာတွေပါပဲ၊ ထုံးစံအတိုင်း Fitzgerald, Hemingway, Faulkner, Dos
Passos, Salinger တို့ ပါပဲ၊ ဒါပေမယ့်လည်း ကျွန်တော် အထက်တန်းကျောင်းသားဘဝမှာပဲ ဥရောပစာပေကို စတင်တွေ့ရှိလာတယ်၊ အဓိက ကတော့ ရုရှားနဲ့ပြင်သစ်ပေါ့၊ Tolstoy, Dostoyevsky, Turgenev, Camus,
Gide စသဖြင့်၊ Joice နဲ့ Mann လည်းပါသေးတယ်၊ အထူး သဖြင့် Joyce ပေါ့၊ ကျွန်တော် ၁၈နှစ်သားလောက်မှာ သူဟာ အခြားသူတွေထက် ကျွန်တော့်အပေါ် အရိပ်ထိုးနေခဲ့တယ်။
မေးသူ။ ။ သူဟာ ခင်ဗျားအပေါ် အရိုက်ခတ်နိုင်ဆုံးလား။
Paul။ ။ ခဏတော့ လွှမ်းမိုးနိုင်ခဲ့ပါတယ်၊ ဒါပေမယ့် ကျွန်တော်က အမြဲလို ဖတ်ဖူးသမျှ ဝတ္ထုရေးဆရာတွေ တစ်ယောက်မဟုတ် တစ် ယောက်ကို လိုက်တုပြီးရေးခဲ့တာပါ၊ ငယ်တုန်းမှာတော့ အရာရာတိုင်းက
လွှမ်းမိုးထားခဲ့တယ်၊ အတွေးအခေါ်တွေကလည်း မကြာမကြာ ပြောင်းနေတယ်၊ ဦးထုပ်တစ်လုံးပြီး တစ်လုံးပြောင်းဆောင်းနေသလိုပဲ၊ ကိုယ်ပိုင်စတိုင်လည်း မရှိသေးဘူးလေ၊ အဲဒီ တော့ ကိုယ်ကြိုက်တဲ့စာရေးဆရာတွေကို မသိစိတ်ထဲကနေ တုပနေမိတာပေါ့။
မေးသူ။ ။
Cervantes, Dickens, Kafka, Beckett, Montaigne တို့ဟာ
ခင်ဗျားအပေါ်မှာ လွှမ်းမိုးနိုင်ခဲ့တယ်လို့ နှစ်အတော်ကြာတုန်းက ခင်ဗျားပြောခဲ့ဖူးတယ်။
Paul။ ။ သူတို့ဟာ ကျွန်တော့်အထဲမှာ ရှိကြပါတယ်၊ ကျွန်တော့်အထဲမှာ စာရေးဆရာတွေ ဒါဇင်နဲ့ချီပြီး ရှိပါတယ်၊ ဒါပေမယ့် ကျွန်တော့် ရဲ့ လက်ရာတွေဟာ တစ်ယောက်ယောက်နဲ့ ဆင်လိမ့်မယ်လို့ မထင်ဘူး၊
ကျွန်တော်သူတို့ စာအုပ်တွေကို
ရေးနေတာမဟုတ်ပါ ဘူး၊ ကျွန်တော့်စာအုပ်ကို ကျွန်တော်ရေးနေတာပါ။
မေးသူ။ ။ ခင်ဗျားကြည့်ရတာ ၁၉ရာစု အမေရိကန်စာရေးဆရာတွေကို စိတ်ထဲစွဲနေသလိုပဲ၊ ခင်ဗျားဝတ္ထုတွေမှာ
Poe, Melville, Whitman, Emerson, Thoreau နဲ့ Hawtorne
တို့ကို အံ့သြဖို့ကောင်းလောက်အောင် ထပ်တလဲလဲတွေ့နေရတယ်၊ ဒီထဲမှာ
Hawthorne က အများဆုံးပဲ၊ The Locked Room ထဲက ဇါတ်ကောင်ရဲ့ နာမည် Fznshawe ကလည်း Hawthorne ထဲကပဲ၊ In the country of Last Things ကလည်း
Hawthorne ရဲ့ ရှေးဦးစကားနဲ့ စတယ်၊ Ghost ထဲမှာ Hawthorne ရဲ့ ဝတ္ထု Wakefield က ဝတ္ထုရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ ပါခဲ့တယ်၊ The Book of Illusions ထဲမှာလည်း
Zimmer နဲ့
Alma တို့ဟာ Hawthorne ရဲ့ နောက်ထပ်ဝတ္ထုတစ်ပုဒ်ဖြစ်တဲ့ The Birthmark အကြောင်းကို အကြီးအကျယ်ပြောဆိုနေခဲ့ကြတယ်။ ဒီ့အပြင် ဒီနှစ်နွေမှာ Hawthorne အကြောင်းရေးထားတဲ့ အက်ဆေးရှည်ကြီးတစ်ပုဒ်ဖြစ်တဲ့ the Introduction to ‘Twenty days with Julian &
Little Bunny by Papa’ ကိုထုတ်ဝေခဲ့သေးတယ်မဟုတ်လား။ New York Review
Books ထဲမှာတောင် ထည့်ထား သေးတယ်လေ၊ ခင်ဗျားရဲ့ Hawthorne အပေါ် စွဲမြဲတဲ့စိတ်ဝင်စားမှုကို နဲနဲပြောပြနိုင်မလား။
Paul။ ။ အတိတ်က စာရေးဆရာတွေထဲမှာ သူက ကျွန်တော်နဲ့ အနီးစပ်ဆုံးလို့ ခံစားရတယ်၊
ကျွန်တော့်ကို နက်နက်နဲနဲ ပြောသွားခဲ့တဲ့ သူပေါ့၊ သူ့ရဲ့ စိတ်ကူးတွေးထင်မှုတွေဟာ ကျွန်တော့်စိတ်အပေါ် ပဲ့တင်ထပ်
နေပြီး ကျွန်တော်ဟာ အမြဲတမ်းသူ့ဆီ ပြန်ရောက် ရောက်သွားတယ်၊ သူ့ဆီက အဆက်မပြတ်သင်ယူနေခဲ့တယ်၊ သူဟာ အိုင်ဒီယာတွေကို မကြောက်တဲ့ စာရေးဆရာပဲ၊ ပြီးတော့ တကယ့်စိတ်ပညာဆရာ၊ လူသားစိတ်ဝိဥာဉ်ကို အကြီးအကျယ်
ဖတ်ရှုနိုင်ခဲ့တဲ့သူပဲ။ သူ့ဝတ္ထုတွေဟာ လုံးလုံးလျားလျား တော် လှန်ထားတာတွေပဲ၊ အမေရိကမှာ အရင်ကလုံးဝမတွေ့ဖူးတဲ့ အရေးအသားတွေပဲ၊ Hemingway က
ပြောဖူးတယ်၊ အမေရိကန် စာပေဟာ Huck Finn ကနေ ဆင်းသက်လာတာတွေပဲတဲ့၊ ကျွန်တော် သဘောမတူဘူး၊ The Scarlet
Letter က အစပြုတာပါ၊ သူ့ရဲ့ ဝတ္ထုအတိုအရှည်တွေအပြင် ကျွန်တော်ဟာ သူ့ရဲ့မှတ်စုစာအုပ်တွေကိုလဲ စိတ်ဝင်စားတယ်၊ အဲဒီထဲမှာ သူ့ရဲ့ အပြင်းထန် ဆုံး အထူးခြား အပြောင်မြောက်ဆုံး လက်ရာတွေပါတယ်။
ဒါကြောင့် ကျွန်တော်က Twenty Days ကို သီးသန့် တစ်အုပ်ထုတ် လိုက်တာ၊ The American
Notebooks ထဲမှာပါခဲ့တာ နှစ်အတန်ကြာခဲ့ပါပြီ၊ ဒါပေမယ့် ပညာရှင်တွေဖတ်တဲ့ စာအုပ်ကို ဒေါ်လာ ၉၀ ပေးပြီးဖတ်နိုင်တာ လူအနည်းအကျဉ်းပဲ ရှိလိမ့်မယ်၊
၁၈၅၁ မှာ သူ့ရဲ့ ငါးနှစ်သားအရွယ်သားငယ်ကို သုံးပတ်လောက် ပြုစု စောင့်ရှောက်ခဲ့တဲ့ အကြောင်းရေးထားတဲ့ နေ့စဉ်မှတ်တမ်းဟာ သူ့ဘာသာသူ ပြီးပြည့်စုံတဲ့ လက်ရာတစ်ခုပါ၊ သူ့ဘာသာသူ ရပ် တည်နိုင်ပြီး နှစ်လိုဖွယ်လည်းကောင်း သူ့ရဲ့ အတည်ပေါက်နောက်ချက်တွေကလည်း ရယ်ဖို့ကောင်းလှပါတယ်၊ ဒါဟာ
Hawthorne ရဲ့ ပုံရိပ်လွှာအသစ်တစ်မျိုးကို ကျွန်တော်တို့ကို ပေးပါတယ်၊
သူဟာ အများထင်သလို စိတ်အားငယ်ညိုးနွမ်းနေတဲ့ ညှင်းဆဲခံထားရတဲ့ ရုပ်မျိုးမဟုတ်ပါဘူး၊ ဒါမှမဟုတ်လည်း အဲဒီလိုပုံစံမျိုးကြီးပဲ အမြဲရှိနေတာ မဟုတ်ပါဘူး၊ သူဟာ ချစ်ခင်ကြင် နာတတ်တဲ့၊ ဖခင်တစ်ယောက် ခင်ပွန်းတစ်ယောက်၊ ဆေးပြင်းလိပ်ခဲပြီး ဝီစကီ တစ်ခွက်နှစ်ခွက်လောက်သောက်ပြီး ရွှင်မြူးနေ တတ်တဲ့ ရက်ရောတဲ့ ရင်းနှီးခင်မင်တတ်တဲ့ လူတစ်ယောက်လည်း ဖြစ်ခဲ့ပါတယ်။ အလွန်ရှက်ကြောက်တတ်သည် မှန်သော် လည်း လောကရဲ့ သာမန်သာယာစရာလေးတွေကိုလည်း ခံစားတတ်သူဖြစ်ပါတယ်။
မှတ်ချက်။ ။ ပေါလ်အော်စတာနှင့် စကားပြောခြင်း အပိုင်း ၂ ကို မနက်ဖြန် ဆက်လက်တင်ပေးသွားပါမည်။
မှတ်ချက်။ ။ ပေါလ်အော်စတာနှင့် စကားပြောခြင်း အပိုင်း ၂ ကို မနက်ဖြန် ဆက်လက်တင်ပေးသွားပါမည်။
No comments:
Post a Comment